ဟင်္သာပြဒါးဂြိုဟ် ချူနိုင်ငံရှိ ဖီးနစ်မြို့၏ အပြင်ဘက်တွင် သေမျိုးရွာတစ်ရွာ ရှိလေသည်။
နွေဦးရာသီ မနက်ခင်းတစ်ခု။ ရွာထဲရှိ အိမ်များကနေ မီးခိုးတလူလူနှင့် ကလေးများကလည်း ဆော့ကစားလျက် ရှိနေသည်။ ခွေးဟောင်းသံများကိုလည်း ကြားနေရ၏။
ရွာအရှေ့ပိုင်းရှိ ငါးအိမ်မြောက်သည် သာမန် အိမ်လေးတစ်အိမ် ဖြစ်လေ၏။ အသက်အနည်းငယ် ကြီးရင့်နေပြီး ဖြစ်သည့် အမျိုးသမီး တစ်ယောက်က မီးဖိုချောင်ထဲ၌ အလုပ်ရှုပ်နေပြီး ချက်ပြုတ်ရန် ပြင်ဆင်နေ၏။
သစ်သား ထင်းမီးကနေ မီးခိုးငွေ့များ ထွက်လာသဖြင့် သူမက ချောင်းဆိုးလိုက်ရ၏။ သည့်အတွက်ကြောင့် သူမက ဝါးယပ်တောင် တစ်ခုကို အလျင်အမြန်ကောက်၍ မီးခိုးငွေ့များအား ခပ်ထုတ်လိုက်၏။ အနည်းငယ် ယပ်ခပ်ပြီးနောက် မီးခိုးငွေ့များက ပြန့်ကျဲလို့ သွားလေ၏။
“ယုအာ အမေ …” မီးခိုးချောင်ဘေးရှိ အခန်းတစ်ခုကနေ ခေါ်သံတစ်ခု ကြားလိုက်ရ၏။
အမျိုးသမီးက ယပ်တောင်ကိုချ သူမလက်ကို အင်္ကျီစကို သုတ်ကာ မီးဖိုချောင်ထဲကနေ အလျင်အမြန် ထွက်လာခဲ့၏။ သည့်နောက် အသံထွက်ပေါ်လာရာ အခန်းသို့ ရောက်လို့သွားသည်။
သူမက အခန်းတံခါးကိုဖွင့် အထဲသို့ ဝင်လိုက်ရာ အိပ်ရာပေါ်တွင် လှဲလျောင်းနေသည့် အဘိုးအို တစ်ယောက်ကို တွေ့လိုက်ရ၏။ အဘိုးအိုက မျက်တွင်း မျက်ချောင်ကျနေပြီး မျက်နှာပေါ်၌လည်း အရေးအကြောင်းများ ပြည့်လို့နေ၏။
သူ့ခန္ဓာကိုယ်ကလည်း အရိုးပေါ် အရေတင်သာ ရှိနေတော့၏။
အမျိုးသမီးက အိပ်ရာဘေးသို့ ရောက်လာသည့်အခါ သူမမျက်လုံးကနေ မျက်ရည်များ ကျဆင်း လာလေတော့၏။
“ယောက်ျား … နင်ဘာစားချင်လို့လဲ …”
အဘိုးအိုက လက်မြှောက်လိုက်ရာ အမျိုးသမီးက အမြန်တွဲထူပေး လိုက်၏။
“ယုအာအမေ … ငါ မနေ့ညက အိပ်မက် တစ်ခုမက်တယ်။ ငါတို့ သမီးအိမ်ပြန်လာပြီတဲ့ …” အဘိုးအို၏ မှိန်ဖျော့ဖျော့ မျက်လုံးထဲ၌ ဖျတ်ခနဲ တစ်ချက် လင်းလက်သွား၏။
“ငါတို့ သမီးလေးက မကြာခင်ပြန်လာတော့မယ် …”
အမျိုးသမီးက အသည်းအသန် ငိုကြွေး၍ ပြောလိုက်၏။ “ဟုတ်ပါတယ် … သူမက မကြာခင် အိမ်ပြန်လာတော့မှာပါ …” အမျိုးသမီးက ငိုနေရင်း ထိုသို့ ပြောလိုက်၏။
“အတိတ်တုန်းက ငါချခဲ့တဲ့ ဆုံးဖြတ်တာနဲ့ ပတ်သက်ပြီး နောင်တ ရနေခဲ့တယ်။ ငါက တာအိုပညာရှင် ငါ့သမီးလေးကို ခေါ်သွားတာ ခွင့်မပြုခဲ့သင့်ဘူး။ မျက်စိတစ်မှိတ် အတွင်းမှာ နှစ် နှစ်ဆယ် ကုန်ဆုံးသွားခဲ့ပြီ … သူမ ဘယ်လိုတွေ ဖြစ်နေလဲ ငါမသိရဘူး …” အဘိုးအိုက ပို၍ အိုစာသွားပုံ ပေါ်လေ၏။
အမျိုးသမီးက သူမမျက်ရည်များကို သုတ်ကာ ခပ်တိုးတိုး ပြောလိုက်၏။ “စိတ်မပူပါနဲ့ … ငါတို့သမီးက ကံကောင်းမှာပါ … သူမက လုံလုံခြုံခြုံ ရှိနေလိမ့်မယ် …”
သည်နှစ်ယောက်က ကျိုးယု၏ မိဘများပင်။ စွန့်ပစ်ခံ မသေမျိုး ကလန်နှင့် စစ်ပွဲတုန်းက သူတို့က စစ်ကြောင့် အဝေးသို့ ရွှေ့ပြောင်းခဲ့ ရပေသည်။
သို့ရာတွင် သည်အသက်ကြီးကြီး နှစ်ယောက်က ကျိုးယုအကြောင်း ခုထိ တွေးမိနေကြတုန်းပင်။
ကျိုးယုကို တာအိုပညာရှင် တစ်ယောက်က ခေါ်ဆောင်သွားခဲ့သည့် အတွက် သူတို့နှလုံးသားထဲ၌ စူးတစ်ချောင်း စိုက်ဝင်နေခဲ့၏။ အချိန်ကြာလှ သည်နှင့်အမျှ စူးက ပိုမိုအားကောင်း လာခဲ့ပြီး သူတို့ကို ပိုမို နာကျင်စေလေသည်။
ကျိုးယုအဖေက သည်အဖြစ်အတွက် နောင်တရလို့ မဆုံးဖြစ်နေသည်။ သည်စိတ်ဖြင့် သူက ဖျားနာ သွားပြီးနောက် ပြန်ကောင်းမွန် မလာတော့ဘဲ တစ်နေ့ပြီးတစ်နေ့ ပိုမို ပိန်ပါး လာခဲ့လေသည်။
ကျိုးယုအမေကသာ ဝန်ထုပ်ဝန်ပိုး အားလုံးကို ထမ်းထား လိုက်ရတော့သည်။ ဇနီးတစ်ယောက် အနေဖြင့် သူမကမိသားစု တစ်ခုလုံးကို ထောက်ပံ့နေရသည်။ သို့ရာတွင် သူမက အိပ်မက်ထဲ၌ အမြဲ မျက်ရည်ကျရပြီး ကျိုးယုလေးနာမည်ကို ခဏခဏ ခေါ်နေမိဆဲပင်။
“ငါတို့ သမီးလေး ပြန်လာတော့မှာပါ။ ယောက်ျား နင် မနေ့က သူမ ပြန်လာတယ်လို့ အိပ်မက် မက်တယ်မလား။ နင့်အိပ်မက်က တကယ် ဖြစ်လာလိမ့်မယ် …”
“ အာ …” ကျိုးယုအဖေက သက်ပြင်းချမိ၏။ သူက တစ်ခုခု ပြောရန် ဟန်ပြင်လိုက်ပြီးမှ သူ့အကြည့်က တံခါးပေါက်သို့ ရောက်သွားသည်။ ထိုအခါ သူ့တစ်ကိုယ်လုံးက အေးခဲသွားပြီး ကြွက်သွား တစ်ခုတလေတောင် လှုပ်ရှားနိုင်ခြင်း ကင်းမဲ့သွားလေ၏။
အမျိုးသမီးကလည်း သူမယောက်ျား ကြည့်နေသော နေရာကို လှည့်ကြည့်၍ မှင်တက် သွားတော့၏။ သူမ အကြည့်က တံခါးဝသို့ ကျရောက်သွားပြီး တစ်ကိုယ်လုံး တုန်ယင်နေတော့သည်။
သူမက မိန်းမပျိုလေး တစ်ယောက် တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရလေ၏။ သည်မိန်းကလေးက အလွန်ဆွဲဆောင်မှုပြီး သူမ ဆံနွယ် အနက်များက ကျောဘက်၌ လွင့်လိုနေသည်။ သူမအသွင်က သည်လင်မယား၏ မထင်မရှား မှတ်ဉာဏ်ထဲရှိ ကျိုးယုလေးနှင့် ဆင်တူလို့နေသည် မဟုတ်လား။
အမျိုးသမီးက ချီတုံချတုံ ပြောလိုက်သည်။ “နင် …”
“အမေ …” မိန်းကလေး၏ မျက်လုံးကနေ မျက်ရည်များ စီးကျလာပြီး သူမက အမျိုးသမီးဘေးနားသို့ ရောက်လာကာ စတင် ငိုကြွေးတော့သည်။
“ယုအာ။ တကယ် ယုအာလား။ သူမ တကယ် ပြန်လာတယ်ပေါ့ …” အမျိုးသမီးက အလွန် စိတ်လှုပ်ရှားနေပြီး သူမပါးပြင်သို့ မျက်ရည်များ ကျဆင်းလာ၏။ အမျိုးသမီးက သည်မိန်းကလေးကို ထွေးပွေ့၍ ငိုလေတော့သည်။
ကျိုးယုအဖေက ရုတ်တရက် မခန့်မှန်းနိုင်သည့် အင်အားများ ပြည့်လာပြီး သူကိုယ်တိုင် အိပ်ရာထဲကနေ ထလာနိုင်ခဲ့သည်။ သူက ကျိုးယုကို ကြည့်၍ မျက်ရည်များ ကျဆင်းလာပြီး ပြောလိုက်သည်။ “မိုးနတ်မင်းက ငါတို့ကို သနား ကြင်နာတာပဲ။ ငါ့ သမီးလေး အိမ်ပြန်လာပြီ …”
အိမ်အပြင်ဘက်၌ ဝမ်လင်းက သက်ပြင်းချမိ၏။ သူက သည်နှစ်ယောက်ကို ကြည့်နေရင်း နောင်တများ ရနေခဲ့သည်။ သူက ညာလက်ဖြင့် လက်ညွှန်လိုက်ရာ စိတ်ဝိညာဉ် စွမ်းအင်က ကျိုးယု မိဘနှစ်ပါးထံသို့ တိတ်တဆိတ် ဝင်ရောက်သွားတော့၏။
ကျိုးယုအဖေ၏ ခန္ဓာကိုယ်က လုံးဝပြန်ကောင်းမွန် သွားပြီး တက်ကြွမှုများနှင့် ပြည့်လို့သွားသည်။ ကျိုးယုအမေလည်း ထို့အတူသာ။
“ယုအာ … ဦးလေး ထွက်သွားတော့မယ် …” အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက ထွက်ခွာသွား၏။ သူပုံစံက အလွန် စိတ်ထိခိုက်၍ အထီးကျန်နေဟန် ထွက်ပေါ်လာသည်။
အိမ်ထဲတွင် ကျိုးယုက တစ်စုံတစ်ခုကို ခံစားမိလိုက်သည်။ သည့်နောက် သူမက ပြတင်းပေါက်ကနေ ကြည့်လိုက်ရာ အထီးကျန် ပုံရိပ်တစ်ခုကို လှမ်းမြင်လိုက်ရသည်။
“ဦးလေး … ယုအာက ဦးလေးကို ဒီဘဝမှာ ထပ်တွေ့ဖို့ အခွင့် ရှိဦးမလား …” ကျိုးယုက တွေးနေမိသည်။ သူမ စိတ်နှလုံးထဲ၌ ဝမ်းနည်းမှုများ နက်ရှိုင်းစွာ ဖြစ်တည်လာသည်။
သူမ စိတ်နှလုံးထဲ၌ ဝမ်လင်းက သူမ မိဘများထက်ပင် ပို အရေးကြီးလို့ နေသည်။ တကယ်တော့ သူမက ကလေးပေါက်စ ဘဝထဲက ဝမ်လင်းနှင့်သာ အတူ ရှိနေခဲ့ခြင်း မဟုတ်လား။
“ဦးလေး … ငါ ဟင်္သာပြဒါး ဂြိုဟ်ကနေ ထွက်သွားနိုင်တဲ့ အချိန်ထိ ဆက်ပြီး ကျင့်ကြံမယ်။ ငါ ထွက်လာနိုင်ရင် ငါ … ငါ ဦးလေးကို လာရှာမယ်။ ခုတော့ ယုအာက နင့်ကို ဆက် မဆွဲထားတော့ပါဘူး …”
ဝမ်လင်း ထွက်ခွာသွားလေ၏။
အဖြူကောင်လေးက ကျိုးယုအိမ် အပြင်ဘက်၌ အနည်းငယ် ညည်းတွားလိုက်သည်။ သူ့ကြီးမားသည့် မျက်လုံးကြီးများဖြင့် ကျိုးယုအိမ်လေးကို ဝမ်းနည်းစွာ ကြည့်နေသည်။ သိပ်မကြာခင်တွင် သူက ကျယ်လောင်စွာ ဟိန်းဟောက်၍ ကောင်းကင်ထက်သို့ ခုန်တက်သွားပြီး အလင်းတန်းတစ်ခု အဖြစ်သို့ ပျောက်ကွယ် သွားလေတော့သည်။
သည်ဟိန်းသံက ရွာထဲရှိ ရွာသူရွာသားများကို တုန်လှုပ် သွားစေခဲ့သည်။ သို့သော် သူတို့ထွက်လာသည့် အခါတွင် မည်သည့်အရာမျှ ရှိမနေတော့ချေ။
ချူနိုင်ငံ။
ဝမ်လင်းက ချူနိုင်ငံ တိမ်ကောင်းကင် ကလန်၌ ပြန်ပေါ်လာခဲ့သည်။
“ထိုင်ယန် … ထွက်လာပြီး ငါ့ကို လာတွေ့ချေ …” ဝမ်လင်းအသံက တိမ်ကောင်းကင် ကလန်တစ်ခုလုံး၌ ပဲ့တင်ထပ်လို့ သွားသည်။
တိမ်ကောင်းကင် ကလန်ထဲကနေ အလင်းတန်းတစ်ခုက လျင်မြန်စွာ ထွက်လို့လာ၏။ သည်အလင်းတန်းက ဝမ်လင်းရှေ့ ဆယ်ပေအကွာတွင် ရပ်တန့်လိုက်ရာ အဘိုးအိုတစ်ယောက် အသွင်ပေါ်လာသည်။ သည်လူကတော့ ထိုင်ယန်ပင် ဖြစ်လေ၏။
ထိုင်ယန်က စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ ရောက်နေပြီး ချူနိုင်ငံက အဆင့်လေးနိုင်ငံ တစ်ခု ဖြစ်လာခဲ့ပေသည်။
“ထိုင်ယန် ရောက်ပါပြီ …” ထိုင်ယန်က လက်သီးစုပ်၍ နှုတ်ဆက်၍ လေးစားစွာ မတ်တတ်ရပ်နေသည်။ သူ့နှလုံးသားထဲ၌ ဝမ်လင်းအပေါ် လေးစားမှုများ ပြည့်နေသည်။ ဟင်္သာပြဒါး ဂြိုဟ်ပေါ်တွင် ဝမ်လင်းနာမည်က ဒဏ္ဍာရီတစ်ခုပင်။
စန်နူးလို့ ကျော်ကြားသည့် ဝမ်လင်းက အနီရောင်လိပ်ပြာ၏ လက်တစ်ဖက်ကို ဖြတ်နိုင်ခဲ့သူ။ ချန်းဖန်ကိုသတ် လျိုမေကို အံအားသင့်စေခဲ့သူ၊ ဇီရှင်ကို နောက်ဆုတ်စေခဲ့သူ၊ သူ့စကားတစ်ခွန်းဖြင့် ကျိုးဝုထိုင်ကို ဆယ့်ငါးယောက်မြောက် ဟင်္သာပြဒါး ဖြစ်စေခဲ့သူပင် ဖြစ်လေ၏။
သည်အရာများ အားလုံးက ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူတိုင်း ကြား၌ ပျံ့နှံ့လျက် ရှိသည်။
ထိုင်ယန် စိတ်နှလုံးထဲ၌ ဝမ်လင်းက ကောင်းကင်ဘုံပင် ဖြစ်ပြီး သူ့စကားများက ကောင်းကင်ဘုံ ဥပဒေသဟု ခံယူထားပေသည်။
ဝမ်လင်းက လက်ဝှေ့ယမ်းလိုက်ရာ သိုလှောင်အိတ် တစ်ခုက ထိုင်ယန်လက်ထဲသို့ ပျံသန်းကျရောက် သွား၏။
“ကျိုးယုက သူမကိုယ်တိုင် စဦးစိတ်ဝိညာဉ် အဆင့်ကို ရောက်အောင် ကျင့်ကြံနိုင်ခဲ့ရင် ဒီသိုလှောင်အိတ် သူမကို ပေးလိုက်ပါ။ သူမ မလုပ်နိုင်ခဲ့ရင်တော့ ဒါကို မေ့လိုက်တော့။ ဒီသိုလှောင်အိတ်ပေါ်မှာ ငါ့ချိပ်ပိတ်မှု ရှိတယ်။ ဒီချိပ်ပိတ်မှုက ရိုးရှင်းတော့ မင်း သေချာလေ့လာမယ် ဆိုရင် တစ်နေ့မှာ ဒါကို လေ့လာပြီး ချိုးဖျက်နိုင်လိမ့်မယ် …”
ဝမ်လင်းအသံက ရှင်းလင်းနေ၏။
ထိုင်ယန်က မှင်တက်သွားပြီး သူက အလျင်အမြန် ပြောလိုက်သည်။ “ထိုင်ယန် မဝံ့ရဲပါဘူး။ ဒါက ကျိုးယုအတွက် သင့်ရဲ့ လက်ဆောင်လေ။ ငါ သေရမယ် ဆိုရင်တောင် ဒါကို မဖွင့်ရဲဘူး …”
ဝမ်လင်းက ထိုင်ယန်ကို ကြည့်၍ ခေါင်းညိတ်သည်။ “မင်း ဒါကို မတပ်မက်တာ ပိုကောင်းတယ် … မဟုတ်ရင် မင်းက ရလဒ်ကို ခံစားရလိမ့်မယ်။ ဒါကို ကောင်းကောင်းမှတ်ထားပါ …”
ထိုင်ယန်နှလုံးက တုန်ခါသွားပြီး သူ့စိတ်ထဲ၌ သည်အရာကို မှတ်သားထား လိုက်ပေသည်။ သူက ဝမ်လင်းစကားများကို မငြင်းဆန်ဝံ့ချေ။
ဝမ်လင်းက သူ့ပတ်လည်ကို ကြည့်လိုက်ပြီးနောက် သက်ပြင်းချသည်။ သည့်နောက် သူ့ခန္ဓာကိုယ်က အစိမ်းရောင် အခိုးငွေ့အဖြစ်သို့ ပြောင်း၍ လေနှင့်အတူ ပြန့်ကျဲ သွားလေတော့သည်။
ထိုင်ယန်က ချွေးများဖြင့် ရွှဲနစ်နေသည်။ သူက သိုလှောင်အိတ်ကို ဂရုတစိုက်သိမ်း၍ တိမ်ကောင်းကင် ကလန်ရှိရာသို့ ပြန်ဝင်သွားသည်။
ဟင်္သာပြဒါးဂြိုဟ်၏ မြောက်ဘက် အစွန်းပိုင်းတွင် ရွှမ်ယွဲ့နိုင်ငံ တည်ရှိခဲ့ဖူးသည်။ သည်နေရာက လေအေးများက အရိုးသို့တိုင်စိမ်း၍ အေးစက်မှုကို ပေးစွမ်းလေသည်။
မည်သူကမျှ သည်နေရာတွင် နှင်းဆီ စိုက်ခင်းတစ်ခု ရှိနေသည်ကို မသိကြချေ။ သို့သော် သည်နှင်းဆီများက အနီရောင်မဟုတ်ဘဲ အဖြူရောင် ဖြစ်နေ၏။
အဖြူရောင် နှင်းဆီစိုက်ခင်းက သည်အေးစက်သော နေရာတွင် ကြီးထွားလာခဲ့ပြီး နှင်းဆီပန်းရနံ့များက သည်ဧရိယာတွင် ပြည့်နေခဲ့သည်။
သည်ဧရိယာ၏ အရှေ့ဘက်ခြမ်းတွင် ရေခဲနေသည့် တောင်ကြားတစ်ခု ရှိနေသည်။ သည်တောင်ကြားထဲ အပြာရောင် နှင်းဆီပန်းတစ်ပွင့် ပေါက်လို့နေ၏။
သည်နေ့တွင် လူတစ်ယောက်က ထိုတောင်ကြားထဲသို့ ဝင်လာခဲ့၏။
သည်လူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ဝမ်လင်းပင် ဖြစ်လေ၏။ သူက ဝငလာပြီးပြီးချင်း အပြာရောင် နှင်းဆီပန်းကို သတိပြုမိလိုက်သည်။ သည်တောင်ကြားက အပြာရောင် နှင်းဆီ၏ မွှေးရနံ့များနှင့် ပြည့်နေခဲ့၏။
သူက အပြာရောင် နှင်းဆီနောက်တွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်လို့ နေ၏။ သူက သူ့ရှေ့ရှိ နှင်းဆီပွင့်ဖတ်များက လေနှင့်အတူ ယိမ်းနွဲ့နေသည်ကို အချိန်အတန်ကြာ ကြည့်၍ ၎င်းနှင်းဆီကို ညင်သာစွာ ခူးဆွတ်လိုက်၏။ သည့်နောက်သူက ပြန်လှည့်၍ ပျောက်ကွယ် သွားလေတော့သည်။
ဝမ်လင်းထွက်သွားသည်နှင့် သည်အဖြူရောင် နှင်းဆီများက စတင်၍ ခြောက်သွေ့ကာ သေဆုံး သွားကြတော့သည်။ အကြောင်းကတော့ သည်နှင်းဆီဖြူများက အပြာရောင် နှင်းဆီကို မှီ၍ ပေါက်လာခဲ့ခြင်းပင်။ အခု အပြာရောင်နှင်းဆီက ယူဆောင်သွားခြင်း ခံလိုက်ရသည့် အချိန်တွင် ၎င်းနှင်းဆီဖြူပင်တို့၏ အသက်ဓာတ်သည်လည်း ဆုံးရှုံး သွားခဲ့ရခြင်းပင်။
ကျောက်နိုင်ငံ ဟုန်ယွီတောင်ခြေတွင် ဝမ်မိသားစု၏ ဘိုးဘေးအိမ်တစ်ခု ရှိ၏။
သည်နေ့တွင် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် ဘိုးဘေးအိမ်၌ ဘုရားကျောင်းဆောင်ထဲ၌ ပေါ်လာခဲ့သည်။ သူက ကမ္ပည်း ကျောက်ပြားများကို တိတ်ဆိတ်စွာ ကြည့်နေပြီးနောက် သူ့အကြည်က အပေါ်ရှိ နှစ်ခုပေါ်သို့ ကျရောက်လို့နေသည်။
သည်လူငယ်က သည်ကျောက်ပြား နှစ်ခုကို အချိန်အတန်ကြာ ကြည့်နေပြီး တစ်စက်ကလေးပင် လှုပ်ရှားခြင်း မရှိချေ။
သည်လို ရပ်၍ ကြည့်နေမှုက တစ်နေ့နှင့်တစ်ည တိုင်ခဲ့လေ၏။
နောက်တစ်နေ့ မနက်ခင်းတွင် အစေခံ တစ်ယောက်က အခန်းထဲသို့ ဝင်လာခဲ့၏။ အစေခံက အဖြူရောင်ဝတ်စုံနှင့် လူငယ်ကို တွေ့လိုက်သည့်အခါ သူမက အော်ဟစ် အကူအညီတောင်းရန် ပြင်လိုက်သည်။ သို့သော် သူမခန္ဓာကိုယ်က ရုတ်တရက် အိကျသွားပြီး ကြမ်းပြင်ပေါ်သို့ ကျသွားလေ၏။
လူငယ်က သည်ကျောက်ပြားများကို ကြည့်၍ သူ့မျက်လုံးထဲ၌ သတိရမှုများနှင့် ပြည့်လို့နေခဲ့သည်။
သူက သည်နေရာတွင် သုံးရက် သုံးညတိုင်တိုင် မတ်တတ်ရပ် နေခဲ့သည်။ တစ်နေ့ကြာတွင် သူ့မျက်လုံးထဲရှိ သတိရမှုက ပိုနက်ရှိုင်း လာခဲ့ပြီး မျက်ရည်စီးကြောင်း နှစ်ခုက သူ့ပါးပေါ်သို့ ကျရောက် လာလေတော့၏။
သုံးရက်ကြာပြီးနောက် လူငယ်က နောက်ဆုံးတွင် လှုပ်ရှား လာတော့တော့သည်။ သူက ကြမ်းပြင်ပေါ်သို့ ဒူးထောက်ချ၍ ဂါဝရပြုလိုက်သည်။
“အဖေ … အမေ … သင်တို့ရဲ့သားက ထွက်သွားတော့မယ် …” လူငယ်က ထိုသို့ တိုးညင်းစွာ ရေရွတ်ပြီးနောက် မတ်တတ်ထရပ်ကာ ကျောင်းဆောင်ထဲကနေ ထွက်လာခဲ့တော့သည်။
ခုချိန်၌ သည်ဘိုးဘေးအိမ်ရှိ ကျောင်းဆောင် အပြင်ဘက်၌ လူအများကြီး မတ်တတ်ရပ်လျက် ရှိနေကြသည်။
ယောက်ျား၊ မိန်းမ၊ လူငယ်များ အစသဖြင့် အရွယ်စုံကြ၏။ သူတို့အားလုံးက တန်ဖိုးကြီး အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး ကောင်းချီပေးခံထားရ သလား ထင်မှတ်ရ၏။ သူတို့ထဲ၌ ကျင့်ကြံသူ အချို့ပင် ပါနေသည်။ သူတို့ကျင့်ကြံမှု အဆင့်ကတော့ မြင့်မားခြင်း မရှိကြသော်လည်း အလွန်သူရဲကောင်း ဆန်လှ၏။
ရှေ့ဆုံးတွင် ရှိနေသည့်သူကတော့ ဝမ်ကျောက်ပင်။
လွန်ခဲ့သော တစ်နေ့က ဝမ်ကျောက်က သူ့ကို တစ်စုံတစ်ရာက သည်နေရာသို့ ခေါ်နေသည်ဟု ခံစားရသည့် အတွက် ရောက်လာခဲ့ခြင်းပင်။ သူကျောင်းဆောင်သို့ ရောက်လာသည့် အခါတွင် ဝမ်လင်း၏ တည်ရှိမှုကို ခံစားမိ၏။
သူက ဝမ်လင်းသည် သူ့တည်ရှိမှုကို မဖုံးကွယ်ထားမှန်း သိလိုက်ပြီး သည်နေရာသို့ ခေါ်လိုက်သူမှာလည်း ဝမ်လင်းပင် ဖြစ်ရပေမည်။
သည့်အတွက်ကြောင့်လည်း သူက ဝမ်မိသားစုဝင်များကို ခေါ်၍ သည်နေရာသို့ ရောက်လာခဲ့ခြင်းပင်။ ဝမ်မိသားစုဝင်များက ဘာလုပ်နေသည် ဖြစ်စေ သူက လုပ်လက်စများကို ရပ်ခိုင်း၍ သည်နေရာသို့ ခေါ်လာခဲ့ခြင်းပင်။ ဝမ်မိသားစု ကျင့်ကြံသူများပင် သည်နေရာသို့ ခေါ်ယူခြင်း ခံရလေ၏။
***