ဟင်္သာပြဒါးဂြိုဟ်၏ အဝေးတွင် လျိုမေက လေဟာနယ်ထဲ၌ ပျံသန်းလျက် ရှိနေသည်။ သူမက အောက်၌ ရွှေရောင် အလင်းတန်းတစ်ခု ရှိလို့နေသည်။ သူမအသွင်က အလွန် ရုပ်ဆိုးလို့နေ၏။
“ဝမ်လင်း …” လျိုမေက သူ့အောက်နှုတ်ခမ်းကို ကိုက်လိုက်၍ သူမက လေဟာနယ်ထဲ၌ အလင်းတန်း တစ်ခုကဲ့သို့ ရှေ့လျားလို့နေသည်။
“ဆရာကသာ ငါ့ကို လေးခုမြောက် စိတ်ဝိညာဉ်က လျှို့ဝှက် ပေးခဲ့တာကြောင့် မဟုတ်ရင် ဒီမူလစိတ်ဝိညာဉ် လေးခုကို ယှဉ်ပြီး အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး …” ရွှေရောင်အလင်းတန်း တစ်ခုက လျိုမေ၏ နဖူးပေါ်၌ ထွက်ပေါ်လာသည်။ သေးငယ်သော အပ်ပုံရိပ်လေး တစ်ခုက သူမနဖူးထက်၌ တဖျတ်ဖျတ် လင်းလက်လို့နေသည်။
“ငါတို့ ထပ်တွေ့ကျရင် ငါက ခုလို သနားစရာကောင်းတဲ့ အခြေအနေ ဆက်ဖြစ်တော့မှာ မဟုတ်ဘူး။ ဝမ်လင်း နင်က ငါ စိတ်ကူးတစ်ထောင် ပုံရိပ်ယောင် နယ်ပယ်ကနေ စိတ်ကူးတစ်သောင်း ပုံရိပ်ယောင်နယ်ပယ် ရောက်သွားခဲ့ရင် နင် ငါ့ကို မှတ်မိနိုင်မှာ မဟုတ်တော့ဘူး …” လျိုမေမျက်လုံးက အေးစက်လာပြီး သူမပုံရိပ်က ကြယ်များကြားတွင် ပျောက်ကွယ်လို့ သွားတော့သည်။
လျိုမေက ဟင်္သာပြဒါး ဂြိုဟ်ကနေ ထွက်သွားသည့် တစ်ဦးတည်းသော သူမဟုတ်ချေ။ ခုချိန်၌ နောက်ထပ်အမျိုးသမီး တစ်ယောက်သည်လည်း လေဟာနယ်ကြားတွင် လျင်မြန်စွာ ပျံသန်းလျက် ရှိနေသည်။ သူမက ခရမ်းရောင် ဇာပဝါကို တပ်ဆင်ထား၏။ သူမကတော့ ဇီရှင်းပင်။
ဟင်္သာပြဒါးဂြိုဟ် … ချူနိုင်ငံ … တိမ်ကောင်းကင် ကလန်။
ခုချိန်၌ လီမူဝမ် အချိန်အတန်ကြာ နေထိုင်ခဲ့သည့် တောင်ကြားတွင် လူတစ်ယောက်ထိုင်လျက် ရှိနေ၏။
သည်လူက အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။ သူက သာမန်ဟုသာ ထင်ရသော်လည်း သူ့ထံကနေ အံ့ဖွယ်အော်ရာကို ပေးစွမ်းနေပြီး သူ့နှင့်ပတ်သက်၍ လူများက မေ့ဖျောက်ရန် ခက်ခဲပေလိမ့်မည်။
သူ့မျက်လုံးများက တည်ငြိမ် ရှင်းလင်းနေ၏။ သို့သော် အလွန်လည်း လေးနက်နေ၏။
သည်အချိန်၌ သူ့အသွင်က တည်ငြိမ်စွာ ထိုင်နေ၍ အခန်းပြတင်းပေါက် အပြင် အကွာအဝေး တစ်ခုသို့ ငေးကြည့်လို့နေ၏။
အပြင်ဘက်၌ ကျားတစ်ကောင်က ပျင်းရိလေးတွဲစွာ နေပူစာလှုံလျက် ရှိနေ၏။
ကျားကြီး၏ ဘေးတွင် အမျိုးသမီး တစ်ယောက်က ကြာပွင့် သဏ္ဌာန်ထိုင်နေ၏။ သည်အမျိုးသမီးက အလွန် သန့်စင်သည့် အသွင်အပြင် ရှိလေသည်။ သူမက ဆွဲဆောင်မှုလည်း ရှိ၏။ သူမက ထိုင်၍ ကျင့်ကြံနေပြီး အဖြူရောင် အခိုးငွေ့ အမျှင်တန်းနှစ်ခုက သူမ နှာခေါင်းပေါက်ကနေ ထွက်ပေါ်ကာ ဦးခေါင်းထက်၌ မျောလွင့်လို့နေသည်။
ထိုတောင်ကြားထဲရှိ ဝတ်စုံဖြူနှင့်လူက ဝမ်လင်းပင် ဖြစ်ချေ၏။
သူက ဟင်္သာပြဒါး အုတ်ဂူကနေ လွန်ခဲ့သော တစ်နှစ်က ထွက်လာပြီးနောက် ချူနိုင်ငံသို့ ပြန်လာခဲ့ပေသည်။ သူက ပြန်ရောက် လာလာချင်း တစ်နှစ်ကြာ တံခါးပိတ် ကျင့်ကြံခဲ့၏။
တစ်နှစ်အတွင်း သူက ဟင်္သာပြဒါး အုတ်ဂူတွင် ရရှိခဲ့သော ဒဏ်ရာများကို ကုစားပြီးဖြစ်သလို သူ့ကျင့်ကြံမှု အဆင့်ကလည်း အနည်းငယ် တိုးတက်လာခဲ့လေ၏။ သူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အလယ်အဆင့်သို့ မရောက်သေးသော်လည်း အစောပိုင်း အဆင့်၌ ပို၍ ခိုင်မာနေခဲ့ပြီ ဖြစ်၏။
လွန်ခဲ့သော ခုနစ်ရက်က ဟင်္သာပြဒါး ကျိုးဝုထိုင်က သူ့ကို ပွဲတစ်ခုအတွက် ဖိတ်ကြားခဲ့ပေသည်။ သို့သော် ဝမ်လင်းက ငြင်းဆိုခဲ့လေ၏။
ကျိုးဝုထိုင်က ဝမ်လင်း မလာချင်မှန်းကို နားလည်ပေ၏။ ထို့ကြောင့် သူက အတင်းအကျပ် မတောင်းဆိုတော့ချေ။ ကျိုးဝုထိုင်က သူအသက်ရှူ နေသေးသ၍ ဝမ်လင်း၏ သူငယ်ချင်းများကို အေးအေးချမ်းချမ်း ဖြစ်စေရမည်ဟု သူ့ကိုယ်သူ ကတိပေး ထားလေသည်။
ဝမ်လင်းက ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်ပြီးနောက် သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်၏။ သူက သိုလှောင်အိတ် ထဲကနေ ကောင်းကင်ဘုံဓားကို ထုတ်ယူလိုက်၏။ ယင်းဓားက သူ့ရှေ့၌ မျောလွင့်လို့နေ၏။
ကောင်းကင်ဘုံဓားက သူ့ရှေ့တွင်ပေါ်လာသည့် အခိုက်တွင် လခြမ်းကွေး ဓားသွားကလည်း သူ့ဟာသူ ထွက်ပေါ်လာခဲ့၏။ သည်ဓားသွားက ကောင်းကင်ဘုံဓားကို လှည့်ပတ်နေပြီး ၎င်းက ပျော်ရွှင်နေဟန် ရ၏။
“အရှင် … နံပါတ်လေးက ငါနဲ့ မိတ်ဖွဲ့ခဲ့ပြီး သူက အလွန့်ကို နာခံနေတယ်။ နံပါတ်လေး လာပြီး အရှင်ကို နှုတ်ဆက်ချေ …” ရှုလီကော အသံက ကောင်းကင်ဘုံ ဓားကနေ ထွက်ပေါ်လာ၏။ သည့်နောက် သည်ဓားထံကနေ အနက်ရောင် အခိုးငွေ့များ ထွက်ပေါ်လာပြီး သူ့အသွင် ဖြစ်ပေါ်သည်။ သူက အလွန် မော်ကြွားဟန် ပေါက်နေ၏။
လခြမ်းကွေး ဓားသွားက တုန်ခါသွားပြီးနောက် အပြာရင့်ရောင် အခိုးငွေ့က ၎င်းထံကနေ ထွက်ပေါ်လာပြီး ကောင်လေး တစ်ယောက်အသွင်သို့ ပြောင်းလဲသွားသည်။ ကောင်လေးပုံရိပ်က မထင်မရှားသာ ရှိနေသည်။ သူက ပေါ်လာပြီးနောက် ဝမ်လင်းထံသို့ ဦးညွှတ်၍ နတ်ဘုရားအာရုံဖြင့် သတင်းပို့သည်။ “နှုတ်ဆက်ပါတယ် …”
သည်ဓားကို မြင်ပြီးနောက် ဝမ်လင်းက ရှုလီကောကို မလေးစားဘဲ မနေနိုင် ဖြစ်ရသည်။
လွန်ခဲ့သော တစ်နှစ်က သူ ရှုလီကောကို တွေ့ခဲ့တုန်းက ရှုလီကောက မည်သို့ လုပ်လိုက်သည်မှန်း မသိဘဲ သည်လခြမ်းကွေး ဓားသွားနှင့် အလွန် ဆက်ဆံရေး ကောင်းမွန်နေခဲ့သည်။
လခြမ်းကွေး ဓားသွားက ရှုလီကောက် ထွက်သွားသည့်အချိန်၌ သူက နောက်ကနေ လျင်မြန်စွာ လိုက်လာခဲ့သည်။ သည်အရာအားလုံးက ဝမ်လင်း မျှော်လင့်ထားသည့်ထက် ပိုနေခဲ့၏။ ဝမ်လင်းက ၎င်းဓားသွားကို ထိန်းချုပ်နိုင်ခြင်း သို့မဟုတ် သူ့နတ်ဘုရား အာရုံကို ၎င်းပေါ်သို့ ထွင်းမှတ်ထားခြင်း ပြုနိုင်သေးသော်လည်း ရှုလီကော အန္တရာယ်နှင့် ကြုံသည်နှင့် သည်လခြမ်းကွေး ဓားသွားက ထွက်လာ၍ ကူညီပေးမည်ကို သိနေ၏။
သည့်အတွက်ကြောင့် ရှုလီကော၏ မော်ကြွားမှုက ထိုးတက်လာခဲ့သည်။ သူက ဝမ်လင်းကို ကြောက်ရွံ့ခြင်းနှင့် ဝမ်လင်းက သူ့ဘဝကို ချုပ်ကိုင် ထားခြင်းကြောင့်သာ မဟုတ်လျှင် ရှုလီကောက ပုန်ကန်နေလောက်ပြီး ဖြစ်၏။
ဝမ်လင်းက သူသည် သည်လခြမ်းကွေး ဓားသွား၏ ပြိုင်ဘက် မဟုတ်ကြောင်း သိလေသည်။ သူက ၎င်းကို စတင် တိုက်ခိုက်သည်နှင့် ဆိုးရွားသော အခြေအနေသို့ ကျရောက် သွားပေလိမ့်မည်။ သို့ရာတွင် အချို့ အကြောင်းများကြောင့် လခြမ်းကွေး ဓားသွားက ရှုလီကောကို အလွန် နှစ်သက်နေသဖြင့် သူက ရှုလီကောကို အသုံးပြု၍ ၎င်းကို ထိန်းချုပ်နိုင်ပေသည်။
သည်နှစ်အတွင်း ဝမ်လင်းက သည်လခြမ်းကွေး ဓားသွားနှင့် ပတ်သက်၍ ကြိုးစား လေ့လာခဲ့၏။ မည်သို့သော စိတ်ဝိညာဉ်က သည်လောက် အားကောင်းသည့် ဓားသွားကို ဖြစ်တည်စေခဲ့ သနည်း။
သို့သော် ခုချိန်ထိ သူက မည်မျှပင် ကြိုးစားပါစေ ၎င်းဓားသွား စိတ်ဝိညာဉ် အကြောင်းကို မသိသေးချေ။ အချိန်ကုန်လာ သည်နှင့်အမျှ ဝမ်လင်းက သည်ကိစ္စအတွက် ဆက်ပြီး အချိန်ကို အသုံးမပြုတော့ချေ။
“အရှင် … ငါက နံပါတ်လေးနဲ့ အေးအေးလူလူ ပတ်သွားဖို့ သူ့ကို ခေါ်ခဲ့တယ် …” ဝမ်လင်းက ခေါင်းညိတ် လိုက်သည့်အခါ သူက ချက်ခြင်ပင် ပြတင်းပေါက် အပြင်သို့ ထွက်သွားတော့၏။
လခြမ်းကွေး ဓားသွားကလည်း သူ့နောက်ကနေ အလျင်အမြန် လိုက်ပါသွားပြီး ဓားသွား တေးသံများကို ဖြစ်ပေါ်စေခဲ့လေသည်။
သည်ဓားနှင့် ဓားသွားတို့က ကောင်းကင်ထက်၌ ပျောက်ကွယ်လို့ သွားကြ၏။
ဝမ်လင်းက သိုလှောင်အိတ်ကို ထိလိုက်သည်။ သူက မထွက်သွားခင် လုပ်ရမည့် အရာများစွာ ရှိလို့နေသေး၏။ သူ့သိုလှောင်အိတ်ထဲရှိ ရတနာများက ပြန်လည် သန့်စင်ရန် လိုအပ်နေ၏။ တကယ်တော့ ထျန်ယွမ်ဂြိုဟ်သို့ သွားမည့် သူ့ခရီးစဉ်က မြူထုကြား၌ ပိတ်ဖုံးနေသည့် အရာတစ်ခုသာ ဖြစ်သည်။ သူ့တွင် ထိုနေရာသို့ ရောက်သည့်အချိန်တွင် မည်သို့လုပ်ရမည်ကို အကြံဉာဏ် မရှိချေ။
သူက ထိုသို့တွေးနေစဉ်မှာပင် မောက်မာလှသည့် အသံတစ်ခုက ဟင်းလင်းပြင် ထဲကနေ ထွက်ပေါ်လာပြီး ဝမ်လင်းနားထဲသို့ ဝင်ရောက်လာ၏။
“ဝမ်လင်း … မင်းငါ့ကို စုံစမ်းထားခိုင်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး လာကြည့်ချေ။ ငါ့ဖီးနစ်မြို့ရဲ့ အပြင်ဘက် ပိုးစာပင်လို့ခေါ်တဲ့ ရွာတစ်ခုမှာ ရှိနေတယ်။ နောက်ကျရင် ဒီလိုကိစ္စ သေးသေးလေးနဲ့ ပတ်သက်ပြီး ငါ့ကို လာမနှောင့်ယှက်ပါနဲ့။ ငါက ငါ့ဘဝကို ဘုရင်တစ်ပါးလို ပျော်နေတယ်။ ဒါ့ကြောင့် မင်းအတွက် အချိန်မရှိဘူး …”
“မှန်တာပေါ့ … မင်းထွက်သွားတော့မယ့် အချိန်ကျရင် ငါ့ကို ပြောလိုက်ပါ … ငါတို့ အတူ ထွက်သွားကြမယ် …”
စစ်ထူနန်အသံက ပျော်ရွှင်မှုတို့နှင့် ပြည့်နေပြီးနောက် ပျောက်ကွယ်လို့ သွားတော့၏။
ဝမ်လင်းက ပြုံးလိုက်၏။ သူက ဟင်္သာပြဒါး အုတ်ဂူထဲကနေ ထွက်လာပြီးနောက် စစ်ထူနန်နှင့် တွေ့ခဲ့သည့်အချိန်တွင် သူတို့က အတူ ချူနိုင်ငံသို့ ပြန်လာခဲ့ကြသည်။ သို့ရာတွင် လမ်းတစ်ဝက်၌ စစ်ထူနန်က သေမျိုးနန်းတော် တစ်ခုကို တွေ့မြင်ခဲ့ပြီး ထိုနေရာ၌ ဘုရင်တစ်ပါး လုပ်ချင်စိတ် အသည်းအသန် ဖြစ်လာခဲ့၏။ မည်သို့ပင် ဖြစ်စေကာမူ သူက ဝမ်လင်းနှင့်အတူ ချူနိုင်ငံသို့ ဆက်မလိုက်တော့ဘဲ ထိုနန်းတော်သို့ သွားရောက်ခဲ့လေ၏။ ဝမ်လင်းက စစ်ထူမည်သည့် နည်းလမ်း အသုံးပြုလိုက်သည်ကို မသိသော်လည်း နောက်တစ်နေ့တွင် ထိုသေမျိုး နန်းတော်၏ ဘုရင်က သူ့ကို သူနှင့်အဆင့်တူသည့် ဘုရင်တစ်ပါး ဖြစ်စေခဲ့လေသည်။
ထိုအချိန်ကစ၍ သူက ဘဝကို လွတ်လပ် အပူကင်းစွာ ပျော်ပါးနေခဲ့တော့သည်။ သို့ရာတွင်သူက ဟင်္သာပြဒါး ဂြိုဟ်ကနေ ထွက်သွားဖို့ကိုတော့ မမေ့ချေ။ သည့်ကြောင့် သူက ဝမ်လင်းကို သူထွက်ခွာသွားရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း ပြောခဲ့ခြင်း ဖြစ်၏။
ဝမ်လင်းက အသက်ဝဝ ရှူသွင်းက မတ်တတ်ထရပ်၍ အခန်းတံခါးဖွင့်ကာ လမ်းလျှောက် ထွက်လာခဲ့၏။
သူထွက်လာသည့် အခါတွင် အရိပ်ဘေးရှိ မိန်းကလေးက သူမ၏ လှပသော မျက်လုံးများကို ဖွင့်လာခဲ့၏။ ဝမ်လင်းက တွေ့လိုက်သည့်အခါ သူမက ပြုံး၍ သူမ ကျင့်ကြံခြင်းကို အပြီးသတ်၍ ပျော်ရွှင်စွာ ပြောလိုက်သည်။ “ဦးလေး … ယုအာရဲ့ ကျင့်ကြံမှုအဆင့် တိုးတက်နှုန်းကို ဘယ်လိုထင်လဲ။ ယုအာက ချီစုဆောင်းမှု ဒုတိယအလွှာကို ရောက်နေပြီ …”
သည်မိန်းကလေးကတော့ ကျိုးယုပင် ဖြစ်ချေ၏။
လွန်ခဲ့သော တစ်နှစက် ဝမ်လင်း ချူနိုင်ငံသို့ ရောက်လာပြီးနောက် သူက စေတီကို ထုတ်လိုက်ရာ ကျိုးယုလေးနှင့် အဖြူကောင်လေးကို ခေါ်ထုတ်လိုက်၏။
ဝမ်လင်းက သည်စေတီထဲ၌ ကျိုးယုလေးအတွက် အစားအသောက်များစွာ ချန်ထားပေးခဲ့ပေသည်။
ကျိုးယုလေးက ထွက်လာပြီးနောက် သူ့ကို ကျင့်ကြခြင်း နည်းလမ်းကို သင်ပေးရန် တောင်းဆိုခဲ့သည်။ ဝမ်လင်းက သူမကို ငြင်းဆန်ခြင်း မပြုဘဲ ချီစုဆောင်းမှု အဆင့်အတွက် မန္တန်ကို သင်ပေးခဲ့လေသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ကျိုးယုလေးက အရွယ်ရောက်လာခဲ့ပြီ ဖြစ်၏။ ဝမ်လင်းက ကျိုးယုလေးကို ကြည့်နေရင်း လီမူဝမ်အကြောင်း မတွေးမိဘဲ မနေနိုင် ဖြစ်ရသည်။
“ဦးလေး … ဘာ ဖြစ်လို့လဲ …” ကျိုးယုလေးက လှမ်းလျှောက်လာပြီး ဝမ်လင်းကို ထူးထူးဆန်းဆန်း ကြည့်၏။
ကျိုးယုလေး၏ မှတ်ဉာဏ်ထဲ၌ ဝမ်လင်းက လီမူဝမ်နှင့် ပတ်သက်သည့် အရာများကို ဖယ်ရှားပစ်ခဲ့ပြီး ဖြစ်သဖြင့် သူမက လီမူဝမ်နှင့် ပတ်သက်၍ ဘာမျှ မသိချေ။ အဖြူကောင်လေ းကလည်း သူမကို သည်အကြောင်းနှင့်ပ တ်သက်၍ ပြောဆိုလိမ့်မည် မဟုတ်ချေ။
ကျိုးယုလေး၏ ဆံပင်ကို ထိတွေ့လိုက်ပြီးနောက် ဝမ်လင်းက ညင်သာစွာ ကြည့်လိုက်၏။ သည်လို အကြည့်မျိုးက ဝမ်လင်းထံ၌ ဖြစ်တောင့်ဖြစ်ခဲပင်။ သူက ကျိုးယုလေးနှင့် အသက်ရွယ်တူဟု ထင်ရသော်လည်း သူ့နူးညံ့သော အကြည့်က အလွန်ပင် သဘာဝ ကျလှသည်။
ဝမ်လင်းက နူးညံ့စွာ ပြောလိုက်သည်။ “ဦးလေးက အသက်ကြီးပြီလေ။ ကျိုးယုကို မြင်လိုက်တော့ ဦးလေးသိတဲ့ လူတစ်ယောက်အကြောင်း တွေးမိသွားလို့ပါ …”
ကျိုးယုက ရယ်မောလိုက်၏။ သူမအသံက လေပြင်တွင် မြည်သည့် ခေါင်းလောင်း အသံလေးများ အလားထင်မှတ်ရ၏။ သူမက ရယ်မောကာ ပြောလိုက်သည်။ “ဦးလေး … ဦးလေးက အသက် မကြီးသေးပါဘူး။ ဂျူနီယာမောင်လေး အသစ်က မနေ့က ငါ့ကို မေးတယ်။ ဦးလေးက ငါ့အစ်ကိုကြီးလားတဲ့ …”
ဝမ်လင်းက ပြုံးလိုက်မိ၏။ သည်ကလေးက မနေ့က တစ်နေ့လုံး ကျင့်ကြံနေခဲ့သည် မဟုတ်လား။ သည့်အတွက်ကြောင့် မည်သည့် ဂျူနီယာမောင်လေးကမှ သူမကို နှောင့်ယှက်လိမ့်မည် မဟုတ်ချေ။ သူမက ဝမ်လင်း စိတ်ကျေနပ်အောင် ပြောနေခြင်းသာ ဖြစ်၏။
“ဦးလေးက နှစ်ခြောက်ရာလောက် ကျင့်ကြံခဲ့တာ … ဘယ်လိုလုပ် အသက်မကြီးဘဲ နေပါ့မလဲ …” ဝမ်လင်းက သက်ပြင်းချမိ၏။ သူ့မျက်လုံးထဲ၌ အချိန်ပုံရိပ်များက တဖျပ်ဖျပ် ပေါ်လာခဲ့သည်။
သူက နှစ်ခြောက်ရာကျော် ကျင့်ကြံခဲ့ပြီး ဖြစ်သည်။ မည်သူ့မှမသိသည့် သေမျိုး တစ်ယောက်ကနေ သူက ယနေ့လိုထိ ရောက်လာအောင် တစ်ဆင့်ပြီးတစ်ဆင့် ကျင့်ကြံခဲ့သူ ဖြစ်သည်။ ခုချိန်တွင် သူက ဟင်္သာပြဒါး ခေါင်းစီးအတွက်ပင် ဆုံးဖြတ်ပေးနိုင်သည့် လူဖြစ်လာခဲ့ပေသည်။ ဝမ်လင်းက သည်အတိတ်ကြောင်းများကို ပြန်ပြောင်းတွေးရင်း အိပ်မက်တစ်ခုကဲ့သို့ ခံစားမိနေသည်။
“ယုအာ … နင်က နင့်ရဲ့မိဘတွေကို မှတ်မိသေးလား …” ဝမ်လင်းက ကျိုးယုကို ကြည့်၏။
ကျိုးယု ခန္ဓာကိုယ်က တုန်ခါသွားပြီး သူမက စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်သွား၏။ သိပ်မကြာခင်တွင် သူမက ခေါင်းငုံ့ကာ ပြောလိုက်သည်။ “ဝိုးတဝါး မှတ်မိပါတယ် …”
ဝမ်လင်းက တောင်းပန်သည့် အကြည့်ဖြင့် ကြည့်သည်။ သူ့ကြောင့်သာ မဟုတ်လျှင် သူမက မိဘများနှင့်အတူ နွေးထွေးသော ကလေးဘဝကို ရရှိနေလိမ့်မည် ဖြစ်သည်။ ခုလိုမျိုး ကျားတစ်ကောင်ကို(အဖြူကောင်လေး)ကို သူငယ်ချင်း လုပ်နေရလိမ့်မည် မဟုတ်ချေ။
“ယုအာ … ဦးလေးက နင့်ကို ယုအာရဲ့အိမ်ကို ခေါ်သွားပေးမယ် …” ဝမ်လင်းက ညင်သာစွာ ပြောလိုက်၏။ သူက အင်္ကျီစကို လှုပ်ယမ်းလိုက်သည်နှင့် သူတို့အောက်၌ တိမ်ထုတစ်ခု ပေါ်လာခဲ့သည်။ သည့်နောက် ကျူးယုက ၎င်းတိမ်ပေါ်သို့ တက်လိုက်၏။
အဖြူကောင်လေးကလည်း လျင်မြန်စွာဖြင် နေပူစာ လှုံရာကနေ ထလာခဲ့သည်။ သူက ဟိန်းသံပြု၍ ကောင်းကင်ထက်သို့ တက်ကာ ဝမ်လင်းတို့ နှစ်ယောက်နောက်သို့ လိုက်ပါလေ၏။
တိမ်ထုပေါ်တွင် ကျိုးယုက သူမအောက်နှုတ်ခမ်းကို ကိုက်ထားပြီး ညင်သာစွာ မေးလိုက်သည်။ “ဦးလေး … ဦးလေးက ငါ့ မိဘတွေကို ရှာတွေ့ခဲ့တာလား …”
“ငါ သူတို့ကို ရှာတွေ့ခဲ့ပါတယ် … ကျိုးယု … နင်က နင့်မိဘတွေကို တွေ့တာနဲ့ သူတို့အပေါ်မှာ တာဝန်ကျေ ချစ်ခင် ရမယ်ဆိုတာ မှတ်ထားပါ။ သည်လို သားသမီးတာဝန်နဲ့ ချစ်ခြင်မေတ္တာက လူတွေအရင်းဆုံး ဖြစ်တည်တဲ့ ချစ်ခြင်းပဲ။ နင်က ဒီတာဝန်ကို ပျက်ကွက်ခဲ့ရင် လူတစ်ယောက်လို့ မသတ်မှတ်နိုင်ဘူး …” ဝမ်လင်းက ထိုသို့ပြောလိုက်၏။ သူ့မိဘနှစ်ပါး၏ ပုံရိပ်က သူမမျက်လုံးထဲ၌ ပေါ်လာခဲ့တော့သည်။
ကျိုးယုက ခေါင်းညိတ်လိုက်၏။ ထို့နောက် သူမက ဝမ်လင်းကို ကြည့်၍ တုံ့ဆိုင်းဆိုင်း ပြောလိုက်သည်။ “ဦးလေး … ဦးလေးက ဟင်္သာပြဒါး ဂြိုဟ်ကနေ ထွက်သွားတဲ့အခါ ငါ့ကို ခေါ်သွားမယ်လို့ မပြောသေးဘူးနော် …”
ဝမ်လင်းက ကျိုးယုလေးကို ကြည့်၍ သက်ပြင်းချသည်။ “ယုအာ … ငါတို့ ကံတရားက ဒီမှာ အဆုံးသတ်ပြီ …”
“ဦးလေး …” ကျိုးယုခန္ဓာကိုယက် စတင် တုန်ယင်လာ၏။ သူမအသွင်က ကြီးစွာ ပြောင်းလဲသွားပြီး မျက်လုံးများက နီရဲလာကာ မျက်ရည်များ ကျဆင်းလာတော့သည်။
“ဘာမှ ထပ်မပြောပါတော့နဲ့ …” ဝမ်လင်းက လေးတွဲသောအသံဖြင့် ပြောလိုက်၏။ သည့်နောက် ခြေတစ်လှမ်းဖြင့်ပင် သူတို့အောက်ရှိ တိမ်ထုက ပို၍မြန်ဆန်စွာ ပျံသန်း သွားလေတော့၏။
သူတို့နောက်ရှိ အဖြူကောင်လေးက ဟိန်းသံပြု၍ ဆက်လက် ပျံသန်းလိုက်သည်။ သူက စိတ်ထဲ၌ တွေးနေမိ၏။ “ဒီကျားရဲ့ အဘိုးကတောင် သင့်လောက် မြန်မှာ မဟုတ်ပေမဲ့ … သင်က ငါကို လွယ်လွယ်ကူကူ နောက်ကောက် ချနိုင်ခဲ့မယ် ထင်နေတယ်ပေါ့။ ငါက သွေးအန်တဲ့အထိ သင့်ကို အမီလိုက်ပြမယ် …”
***