ချန်းဖန်က ထိုသို့ပြောပြီးနောက် သူက ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။ ရှေးဦးဆန်သည့် အော်ရာက သည်ဓားကနေ ထွက်ပေါ်လို့လာ၏။ သည်အော်ရာက ရှေးဦးစိတ်ဝိညာဉ် တစ်ခုကနေ ထွက်ပေါ်လာသည့် အလား ထင်မှတ်ရသည်။
သည်သံဓား ထွက်ပေါ်လာသည့်အခိုက်တွင် အကွာအဝေး တစ်ခုတွင် တိုက်ခိုက်နေကြသော ကျူးချွဲဇီနှင့် ယွမ်ချွဲဇီတို့ပင် မှင်တက်လို့သွားကြ၏။
ဝမ်လင်း မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူက ဓားပေါ်ရှိ သံချေးများကို စူးစိုက်ကာ ကြည့်နေသည်။
“ဒီဓားပေါ်မှာ ရှိတဲ့ သွေးစက်တွေက အလွန် ရင်းနှီးတဲ့ အော်ရာကို ပေးစွမ်းနေတယ်။ ဒါက ရှေးဟောင်း နတ်ဘုရားရဲ့ သွေးပဲ။ ဒါက အစစ်အမှန် ရှေးဟောင်း နတ်ဘုရားရဲ့ သွေးပဲ။ ဒီသွေးအော်ရာက ဘီလူးနတ်ဆိုး ကလန်တည်ထောင်သူ ဘိုးဘေးရဲ့ သွေးထက် များစွာသာလွန်တဲ့ အော်ရာကို ပေးစွမ်းနေတာပဲ …” ဝမ်လင်းက သံချေး အစက်အပြောက်များကို စူးစိုက်ကြည့် နေရင်း သူ့မျက်လုံးက တလက်လက် ဖြစ်လို့နေ၏။
“မဟုတ်သေးဘူး … ရှေးဟောင်း နတ်ဘုရားတစ်ယောက်က ဘယ်လိုလုပ် လွယ်လွယ် ဒဏ်ရာရပါ့မလဲ။ ဒီဓားက တကယ့်ကို သာမန်မဟုတ်ဘူးပဲ …” ဝမ်လင်း မျက်လုံးများက လေးနက်လို့သွားပြီး သည်တစ်ကြိမ်၌ သူက ဓားကို သေချာ ကြည့်လိုက်သည်။
သည်သံဓား ပေါ်လာသည့်အခိုက်တွင် ပင်လယ်ထဲကနေ လူတစ်ယောက် လှမ်းလျှောက်၍ ထွက်လာ၏။ သည်လူ့ကို မည်သူကမျှ သတိပြုမိခြင်း မရှိကြချေ။
သည်လူက မျက်နှာဖုံးကို တပ်ဆင်လို့ထား၏။ သူ့မျက်လုံးများက ထူးဆန်းသော အလင်းကို ထုတ်လွှတ်နေပြီး သူက သံဓားကို စူးစိုက်ကြည့်၍ သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်သည်။ “ဒါက …”
ချန်းဖန်က သည်ဓားကို အတင်း အသုံးပြုနေသည်။ သည်ဓားက သူ့မိသာစု၏ အကြီးမားဆုံး လျှို့ဝှက်ချက် တစ်ခုပင် ဖြစ်သည်။ ၎င်းက ပြီးခဲ့သော ဟင်္သာပြဒါး ရှာတွေ့ခဲ့သည့် ဓားပင် ဖြစ်သည်။ သူက သည်ဓားကို ချန်းမိသားစု၌ သိမ်းဆည်းလို့ ထားခဲ့သည်။
ပြီးခဲ့သော ဟင်္သာပြဒါးက သည်ဓားကို ချန်ထားခဲ့စဉ်၌ စကားများ ပြောဆိုခဲ့သည်။ “ငါက ဒီဓားကို ငါ့ခုလက်ရှိ ကျင့်ကြံမှု အဆင့်နဲ့တောင် ဖြတ်မမြင်နိုင်ဘူး။ နောက်မျိုးဆက်တွေ ကျရင် မိသားစုကို ပျက်စီးနိုင်တဲ့ ဘေးဒုက္ခ မဟုတ်ရင် မင်းတို့က ဒါကို အသုံးမပြုရဘူး …”
ချန်းဖန်က ကျူးချွဲဇီ၏ တပည့် ဖြစ်လာပြီးနောက် သူက စွန့်ပစ်ခံ မသေမျိုး ကလန်နှင့် စစ်ပွဲမစခင်တွင် သည်သံဓား ဝှက်ထားသည့် နေရာသို့ တိတ်တဆိတ်သွား၍ ယူလိုက်သည်။
သူက ဝမ်လင်းကို သတ်ချင်သော်လည်း ကျူးချွဲဇီ သူ့ကို ပေးခဲ့သည့် ရတနာနှင့် ပတ်သက်၍ အယုံအကြည် မရှိချေ။ ထို့ကြောင့် သူက သည်ဓားကို ထုတ်ယူလိုက်ခြင်း ဖြစ်၏။ သည်အရာက စိတ်ဝိညာဉ်ဆယ်သန်း အလံကို တိုက်ခိုက်ရန် သူ့အတွက် ဝှက်ဖဲအမှန်ပင် ဖြစ်သည်။
သည်အခိုက်မှာပင် ကျူးချွဲဇီနှင့် ယွမ်ချွဲဇီတို့ တိုက်ခိုက်နေသည့် အနီရောင်မြူများ ထဲကနေ ရယ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ သိပ်မကြာခင်တွင် အရိပ်တစ်ခုက ဝမ်လင်းနှင့် ချန်းဖန်တို့ ရှိနေသော နေရာသို့ ဝင်ရောက်လာလေ၏။
မျက်စိတစ်မှိတ် အတွင်းမှာပင် သည်အရိပ်က စိတ်ဝိညာဉ် အပိုင်းအစများ ဝန်းရံထားမှုကို ထွင်းဖောက်လာ၏။ သည်အရိပ် ဖြတ်သန်းသွားသည့် လမ်းကြောင်းရှိ စိတ်ဝိညာဉ် အပိုင်းအစများက အထိတ်တလန့် အော်ဟစ်၍ ပျောက်ကွယ် သွားကြလေသည်။
သည်ပုံရိပ်က စိတ်ဝိညာဉ် အစိတ်အပိုင်းများကို ထွင်းဖောက် လာစဉ်တွင် သူ့နောက်၌ အပေါက်ကျယ်ကြီး တစ်ခုကို ချန်ခဲ့လေ၏။
ဝမ်လင်းက သည်ပုံရိပ်ကို မြင်လိုက်သည့် အခါတွင် သူ့အသွင်က ပြောင်းလဲသွားပြီး နောက်သို့ ဆုတ်လိုက်၏။ သို့ရာတွင် သည်အခိုက်၌ ကျောချမ်းဖွယ် ရယ်မောသံတစ်ခုက ပုံရိပ်ထဲကနေ ထွက်ပေါ်လာပြီးနောက် အနီရောင်ပုံရိပ် တစ်ခုကပါ ထွက်ပေါ်လို့ လာခဲ့တော့သည်။
သူက ထွက်ပေါ်လာသည့်အခါတွင် ဝမ်လင်းထံသို့ လက်ဝှေ့ယမ်းလိုက်သည်။ ဝမ်လင်းက သွေးများစွာ အန်ထုတ်လိုက်ရပြီး သူ့ခန္ဓာကိုယ်က နောက်သို့ လွင့်စဉ် ထွက်သွားတော့သည်။ သူ့ခန္ဓာကိုယ်က ပေတစ်သောင်းလောက် ရောက်သည့် အချိန်ထိပင် ရပ်တန့်ခြင်း မရှိသေးပေ။ သူက နောက်ထပ် သွေးတစ်လုတ် အန်ထုတ် လိုက်ရပြန်၏။ သည်တစ်ကြိမ်၌ သူ့သွေးထဲ၌ အတွင်းအင်္ဂါ အစိတ်အပိုင်း ငယ်များပင် ပါလာခဲ့လေသည်။
သည်အနီရောင် ပုံရိပ်က အနီရောင်ဆံပင်နှင့် လူကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်က ဝိုးတဝါးဖြစ်နေ၏။ သူ့ခန္ဓာကိုယ်ထဲ၌ မျောက်လေး တစ်ကောင်ပါ ရှိလို့နေသည်။
အနီရောင် အလင်းတန်းများက မျောက်လေးထံကနေ ထွက်ပေါ်လာပြီးနောက် သည်ပုံရိပ်အသွင် ဖြစ်ပေါ်လာသည်။
ဝမ်လင်း နှလုံးသားထဲ၌ ခါးသက်စွာ ခံစားလိုက်ရပြီး သူက ပြောလိုက်သည်။ “တာ့ဆန် …”
သည်ပုံရိပ်က နောက်တစ်ကြိမ် လှုပ်ရှားသွားလိုက်ရာ ချန်းဖန်အနားသို့ ရောက်ရှိသွားတော့၏။ သူက လက်ဆန့်တန်း လိုက်ရာ ချန်းဖန်ပတ်လည်၌ ဟင်္သာပြဒါး အစီအရင်သည် အသက်ဝင် လာခဲ့သည်။
သို့ရာတွင် သူ့လက်ဆန့်တန်း လိုက်သည့်အခါတွင် သည်အစီအရင် ထံကနေ အက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာ၏။ တိုက်ချက် တစ်ခုတည်းဖြင့် ၎င်းက ပျက်စီး သွားလေတော့သည်။
ချန်းဖန်မျက်နှာက ရုတ်တရက် အလွန်အမင်း ဖြူရော််လို့သွား၏။ သည်ဟင်္သာပြဒါး အစီအရင် ပျက်စီးသွားခြင်းက ခုသူရနေသော ဒဏ်မျာများကို များစွာ ပိုဆိုးသွားစေ၏။
ချန်းဖန်ကို ဘေးသို့ တွန်းထုတ် လိုက်ပြီးနောက် သည်ပုံရိပ်က သံဓားကို ဆွဲယူလိုက်၏။
သူက သည်ဓားကို သေချာ ကြည့်ရှုပြီးနောက် ရူးသွပ်စွာ ရယ်မောလေ၏။ သူက ပြောလိုက်သည်။ “ဒါက ဒီလို ပြောင်းလာခဲ့တာပေါ့။ ဒီဓားပေါ်မှာ ရှိတဲ့ သွေးက ငါ့ကလန်ရဲ့ ကြယ်ကိုးလုံး အဖွဲ့ဝင်ရဲ့ သွေးပဲ။ ကောင်းတယ်။ ဒီဓားရယ်၊ ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက်ရယ်နဲ့ ဆိုရင် ငါက လွတ်မြောက်နိုင်ဖို့ (၁၀၀) ရာခိုင်နှုန်း ယုံကြည်ချက် ရှိနေပြီ …”
ဝမ်လင်းက အသက်ဝဝ ရှူသွင်းကာ သူ့ညာလက်ကို ဆန့်တန်းလိုက်သည်။ စိတ်ဝိညာဉ် ဆယ်သန်းအလံက သူ့လက်ထဲ၌ ပေါ်လာခဲ့၏။ သည့်နောက် သူက တစ်ချက် လှုပ်ယမ်းလိုက်ရာ စိတ်ဝိညာဉ် အပိုင်းအစများ အားလုံးက အလံထံသို့ ပြန်လည် စုဝေးလာကြသည်။ ပုဆိန်နှင့် ဓားအိမ်များသည်လည်း သူ့အမိန့်အော်တွင် သူ့ထံသို့ ပြန်ရောက်လာကြ၏။
ပုံရိပ်က ဝမ်လင်းကို ကြည့်၍ ကျောချမ်းဖွယ်ပြုံးကာ ပြောလိုက်သည်။ “ကောင်လေး … ငါ ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက်ကို ရတဲ့အချိန်ထိ စောင့်ဦး။ အဲဒါပြီးရင် ငါက မင်းနဲ့လာပြီး စာရင်းရှင်းမယ် …”
ထိုသို့ပြောပြီးနောက် သူက ဓားကိုလက်ဖြင့် သပ်လိုက်၏။ ဓားပေါ်ရှိ သံချေးများက စတင်လှုပ်ရှားလာပြီး အသက်ဝင်လာသည့် အလား ထင်မှတ်ရသည်။ နောက်ဆုံးတွင် သည်သံချေးများက သွေးနီတစ်စက် အဖြစ်သို့ ဖြစ်ပေါ်သွား၏။
သည်ပုံရိပ်က ပျော်ရွှင်ဟန် ရသွားပြီး သည်သွေးစက်ကို မျိုချလိုက်၏။ သည့်နောက် သည်ဓားကို ကိုင်ထားရင်း သူက ပျောက်ကွယ်သွားလေ၏။ သူ ပြန်ပေါ်လာသည့် အခါတွင် သူက ကျူးချွဲဇီနှင့် ယွမ်ချွဲဇီတို့ တိုက်ခိုက်နေကြသည့် အနီရောင်မြူထဲသို့ ရောက်နှင့်နေခဲ့ပြီ ဖြစ်သည်။
ကျူးချွဲဇီ၏ အံ့အားသင့်မှုနှင့် ယွမ်ချွဲဇီ၏ ဒေါသသံတို့က မန္တန်သံများနှင့် အတူ အနီရောင် မြူထုထဲကနေ ထွက်ပေါ်လို့လာ၏။
ချန်းဖန်က ဘေးသို့ လွှင့်ပစ်ခံ ရပြီးနောက် သူ့ဒဏ်ရာများက ပိုဆိုးလာခဲ့သည်။ သို့သော် သူက သူ့ကိုယ်သူ တည်ငြိမ်အောင်ထိန်း၍ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွာ၏။ သူက လက်ထဲရှိ စိတ်ဝိညာဉ် အလံကို လှုပ်ယမ်း၍ သူ့ကို ဝန်းရံစေကာ ချန်းဖန်ထံသို့ တိုးဝင်သွားတော့သည်။
ဝမ်လင်းက တွေးနေ၏။ “ငါက ချန်းဖန်ရဲ့အသက်ကို ငါ့စိတ်ဝိညာဉ် အပိုင်းအစအတွက် လဲလှယ်ပြီးရင် ဒီဟင်္သာပြဒါး အုတ်ဂူကနေ အမြန်ဆုံး ထွက်သွားရမယ် …” ဝမ်လင်း အမြန်နှုန်းက အကန့်အသတ်သို့တိုင် ရောက်လာခဲ့ပြီး ချန်းဖန်ထံသို့ တစ်ဟုန်ထိုး လာနေ၏။ ချန်းဖန်က မရေမတွက်နိုင်သော စိတ်ဝိညာဉ် အပိုင်းအစများ၏ ဖမ်းယူခြင်းကို ခံလိုက်ရပြီး ဝမ်လင်းက သူ့ရှေ့သို့ ရောက်လာခဲ့တော့သည်။ သည့်နောက် ဝမ်လင်းက ချန်းဖန်မျက်ခုံး နှစ်ခုကြားသို့ လက်ညွှန်လိုက်လေ၏။
ချန်းဖန်မျက်နှာက ဖြူရော်နေပြီး သူ့မျက်လုံးများက ရူးသွပ်သည့်ပုံ ဖြစ်နေသည်။ သူ့ဟင်္သာပြဒါး အစီအရင်ကလည်း ပျက်စီးသွားသည်။ သူ့သံဓားကလည်း ယူဆောင်သွားခြင်း ခံရပြီး ဖြစ်၏။ သူ့ရတနာများကလည်း ပျက်စီးသွားခဲ့သလို သူ့အသက်ဓာတ် ကလည်း ခိုးယူခြင်း ခံခဲ့ရပြီး ဖြစ်နေသည်။ ခုချိန်၌ သူက ဒဏ်ရာ ပြင်းထန်စွာ ရနေပြီး အလွန်အမင်း အားနည်းနေခဲ့ပြီ ဖြစ်သည်။ သူက ဝမ်လင်း၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်နှင့် သူ့အတွက် သေဆုံးရန်သာ ရှိတော့သည်။
“ငါ သေရမယ် ဆိုရင်တောင် ငါက မင်းကို အပါခေါ်သွားမယ် …”ချန်းဖန်မျက်လုံးများက ရူးသွပ်မှုတို့နှင့် ပြည့်လို့နေခဲ့သည်။ သူက သူ့ကိုယ်သူ ပေါက်ခွဲပစ်ရန် ဟန်ပြင်လိုက်၏။
ဝမ်လင်း မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူက ပြောလိုက်သည်။ “စိတ်ဝိညာဉ် အပိုင်းအစ …”
သူ့စိတ်ထဲရှိ ခရမ်းရောင် သင်္ကေတာက ချက်ချင်း တောက်ပလာပြီး သူနှင့် ချန်းဖန်ကြားတွင် ပေါ်လာခဲ့သည်။
လူတစ်ယောက်က ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက်ထဲကနေ သူ့စိတ်ဝိညာဉ် အပိုင်းအစကို ထုတ်ယူရန် အခြားတစ်ခုနဲ့ လဲလှယ်ရပေမည်။
ချန်းဖန်က ပေါက်ခွဲပစ်ရန် အခိုက်တွင် သူက အထိတ်တလန့် အော်ဟစ်၍ သူ့မျက်လုံးများက မှိန်ဖျော့လို့ သွားတော့သည်။ သည်ခရမ်းရောင် သင်္ကေတက နတ်ဆိုးအလင်းကို ပေးစွမ်းနေပြီး စိတ်ဝိညာဉ် အပိုင်းအစနှစ်ခုက ၎င်းပေါ်၌ ပေါ်လာခဲ့၏။
သည်စိတ်ဝိညာဉ် အပိုင်းအစ နှစ်ခုတွင် တစ်ခုက ဝမ်လင်းပိုင်ဆိုင်ပြီး အခြား တစ်ခုကတော့ ချန်းဖန်ဟာ ဖြစ်လေ၏။
ချန်းဖန် စိတ်ဝိညာဉ် အပိုင်းအစက တဖြည်းဖြည်း ပြန့်ကျဲ လာခဲ့ပြီးနောက် ဝမ်လင်းစ စိတ်ဝိညာဉ် အပိုင်းအစကလည်း အလင်းမှုန်များ အဖြစ်သို့ ဖြည်းညင်းစွာ ပြောင်းလဲလာပြီး ဝမ်လင်း နဖူးထဲသို့ ဝင်ရောက်လာခဲ့သည်။
ဝမ်လင်း ခန္ဓာကိုယ်က စတင် တုန်ယင်လို့နေ၏။ သူက သူ့ခန္ဓာကိုယ်ထဲ၌ အပိုတစ်ခုခု ရောက်လာသည်ဟု ခံစားမိနေသည်။
နောက်ဆုံးတွင် ချန်းဖန်မျက်လုံးများက လုံးဝမှိန်ဖျော့ သွားတော့သည်။ သည့်နောက် သူက ပေါက်ကွဲ၍ သေဆုံးသွားတော့သည်။ သူ့နဖူးထက်ကနေ အလင်းတန်း လေးခုက ထိုးတက် လာပြီးနောက် ပျောက်ကွယ်လို့သွား၏။
သည်အလင်းတန်း လေးခုက ချန်းဖန် အနီရောင် လိပ်ပြာထံကနေ ဝါးမျိုခဲ့သည့် ဒြပ်စင်စိတ်ဝိညာဉ် လေးခုပင် ဖြစ်လေ၏။
ဝမ်လင်း မျက်လုံးများက အေးစက်လာ၏။ သူက လက်ဝှေ့ယမ်းလိုက်ရာ အခြားသုံးခု ပျောက်ကွယ်သွားစဉ်၌ ဒြပ်စင်စိတ်ဝိညာဉ် တစ်ခုကို ဖမ်းယူလိုက်၏။
ချန်းဖန် ခန္ဓာကိုယ်ကတော့ ကောင်းကင်ထက် ကနေ ပင်လယ်ထဲသို့ ပြုတ်ကျ သွားတော့သည်။ ချန်းဖန်၏ သိုလှောင်အိတ်ကိုတော့ ဝမ်လင်းက ဖမ်းယူလိုက်လေ၏။
ကျိုးဝုထိုင်နှင့် ဇီရှင်းတို့က သည်မြင်ကွင်းကို အကွာအဝေး တစ်ခုကနေ ကြည့်လို့နေ၏။ သူတို့က တစ်ယောက်နှင့် တစ်ယောက် ကြည့်မိလိုက်ကြသည်။ သည့်နောက် ကျိုးဝုထိုင်က သက်ပြင်းချလိုက်၏။
ဇီရှင်မျက်လုံးထဲရှိ အမုန်းတရားသည်လည်း ပျောက်ကွယ်လို့ သွားတော့သည်။ သူမက ချန်းဖန်၏ နစ်မြုပ်နေသော ခန္ဓာကိုယ်ကို ကြည့်၍ စတင် ရယ်မောလေ၏။ သည်ရယ်သံထဲ၌ အမုန်းတရားတို့က ပြည့်လို့နေခဲ့သည်။
“ချန်းဖန် …” ဇီရှင်းအသံက အေးစက်နေ၏။ သည့်နောက် သူမက အလျင်အမြန် ထိုင်ချ၍ ထူးဆန်းသော ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေသည်။ တစ်ပြိုင်နက် တည်းမှာပင် သူမမျက်ခုံး နှစ်ခုကြားကနေ အလင်းတန်းများ တဖျတ်ဖျတ် ထွက်ပေါ်လာပြီးနောက် ရုပ်သေး ကျင့်ကြံသူများက သူမကို ကာကွယ်ပေးရန် ထွက်ပေါ် လာကြလေသည်။
“ကျင့်ကြံခြင်း မီးပြင်းဖို … အဆုံးသတ်တော့ ဘယ်သူက ဘယ်သူ့ရဲ့ ကျင့်ကြံခြင်း မီးပြင်းဖိုလဲ။ ဝမ်လင်း အဆုံးသတ်ချိန်ထိ မင်းက ဒါကို ဖြတ်မမြင်နိုင်ခဲ့ပါဘူး။ မင်း ချန်းဖန်ကို သတ်လိုက်တာက ဇီရှင်းဆန္ဒကို ဖြည့်ဆည်းပေးလိုက် သလိုပဲ … အာ … ကံမကောင်းစွာနဲ့ ငါက ယွမ်ချွဲဇီ အသုံးပြုခဲ့တဲ့ မန္တန်ကို မသိခဲ့ဘူး။ ဒီမန္တန်က အရမ်း ထူးဆန်းပြီး ကြားတောင် မကြားဖူးဘူး။ အစိမ်းရောင် နဂါးရဲ့ အမွေအနှစ်က ငါ့ စိတ်ထဲမှာ နိုးထ လာတောင်တောင်မှ ငါ့မှာ ဒီမန္တန်နဲ့ ပတ်သက်လို့ မှတ်ဉာဏ် ရှိမနေခဲ့ဘူး …” ကျိုးဝုထိုင်က ဇီရှင်းကို စိတ်ရှုပ်ထွေးစွာ ကြည့်လို့နေလေ၏။
ဇီရှင်းက ခုလက်ရှိတွင် သက်တံရောင်စုံ အလင်းတစ်ခုကို ထုတ်လွှတ်နေပြီး အားကောင်းသော အော်ရာ သူမခန္ဓာကိုယ်ထဲ၌ ပြည့်လို့နေသည်။ သည်အော်ရာက ချန်းဖန်အော်ရာနှင့် အလွန်ဆင်တူလှ၏။
စိတ်ဝိညာဉ်အလံ လွှမ်းခြုံထားသည့် ဝမ်လင်းက သည်ရွှေရောင် ပင်လယ်ကနေ ထွက်သွားရန် ပြင်လိုက်၏။
သို့သော် သည်အခိုက်တွင် ကောင်းကင်ဘုံ ကွဲအက် သွားစေနိုင်သည့် အသံတစ်ခုက ကျူးချွဲဇီ ထုတ်လွှတ်ထားသည့် အနီရောင် တိမ်ထုကြားကနေ ထွက်ပေါ်လာခဲ့သည်။ သည်အသံ ထွက်ပေါ်လာပြီး တစ်စက္ကန့်အကြာတွင် ယွမ်ချွဲဇီက သည်တိမ်ထု ထဲကနေ လွင့်ထွက်လာခဲ့သည်။ သူ့ပါးစပ်၌ သွေးများ ယိုစီးကျနေပြီး သူမျက်လုံးများ ကလည်း မှုန်ဝါးလို့နေသည်။ သူက အောက်သို့ ကျရောက်လာပြီးနောက် ပြိုကျလုမတတ် ဖြစ်လို့နေသည်။
တစ်ချိန်တည်းမျာပင် ကျူးချွဲဇီသည်လည်း အပြင်သို့ လွင့်ကျလာခဲ့၏။ သူ့အသွင်က ရုပ်ဆိုးလို့နေသည်။ မူလတုန်းက သူ့ တက်ကြွမှုကလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ခုချိန်၌ သူက သေဆုံးခြင်း အော်ရာနှင့် ဖုံးလွှမ်းနေပြီး သူ့ပါးစပ်ကနေ သွေးများ ယိုစီးကျနေ၏။
အနီရောင် တိမ်ထုထဲကနေ ရူးသွပ်သော ရယ်သံတစ်ခုက ထွက်ပေါ်လာသည်။ သိပ်မကြာခင်တွင် အနီရောင် တိမ်ထုက ပျောက်ကွယ်လို့သွားကာ အဖြူရောင် သလင်းကျောက်ကို ကိုင်ဆောင်ထားသည့် တာ့ဆန်၏ အနီရောင်ပုံရိပ် ဖြစ်ပေါ်လာသည်။ သူ့မျက်လုံးများကလည်း အနီရောင် တောက်ပမှုကို ထုတ်လွှတ်နေ၏။
“ငါ လွတ်လာတာနဲ့ ငါက မင်းတို့နှစ်ယောက်ကို ငါ့ရဲ့အစစ်အမှန် ခွန်အားကို တွေ့ကြုံစေပေးမယ် …” တာ့ဆန်က ရယ်မောနေ၏။ သူ့ခန္ဓာကိုယ်က အလင်းတန်း အဖြစ်သို့ ပြောင်း၍ ဝမ်လင်းထံသို့ ဦးတည်သွားတော့သည်။
“ဝမ်လင်း … ခုမင်းအလှည့် …” တာ့ဆန်အသံက အေးစက်မှုတို့နှင့် ပြည့်နေသည်။ သည်အသံက ဝမ်လင်းနားထဲသို့ ဝင်လာသည့်အခိုက်တွင် သူ့ကို ကြောင်ငေးသွားစေ၏။ ဝမ်လင်းက စိတ်ဝိညာဉ် အလံကို လွှမ်းခြုံထားဆဲ ဖြစ်ပြီး သူက မြန်ဆန်စွာ ပျံသန်းလိုက်သည်။
သို့ရာတွင် တာ့ဆန်က ပို၍ မြန်နေ၏။
မျက်စိတစ်မှိတ် အတွင်း သူက ဝမ်လင်းကို မီလာခဲ့သည်။ သူ့အေးစက်နေသည့် အသံက ဝမ်လင်းနားထဲသို့ ဝင်ရောက်လာပြန်သည်။
“မင်း မလွတ်နိုင်ပါဘူး … ဝမ်လင်း။ ငါက မင်းရဲ့ အသိဉာဏ် အမွေအနှစ်ကို ဝါးမျိုဖို့ အချိန်အကြာကြီး စောင့်နေခဲ့ရတာ …”
ဝမ်လင်း မျက်နှာကလည်း သုန်မှုန်လို့နေသည်။ သူက လက်ဝှေ့ယမ်းလိုက်ရာ သူ့လက်ထဲ၌ ပုဆိန်ပေါ်လာသည်။ သူက ရုတ်တရက်လှည့်၍ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များကို အာရုံစိုက်၍ ပုဆိန်ထံသို့ ပို့လွှတ်ကာ ကြမ်းကြုတ်စွာ ခုတ်ပိုင်းချလိုက်၏။
ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များ ပြည့်နေသည့် ပုဆိန် စွမ်းအင်တန်းက ထိုးထွက် လာတော့သည်။ သည်ပုဆိန် စွမ်းအင်တန်းက ကောင်းကင်ကိုပင် နှစ်ခြမ်းခွဲနိုင်သည်ဟု ထင်မှတ်ရလေ၏။
သို့ရာတွင် တာ့ဆန် မျက်လုံးထဲရှိ အနီရောင်က ပိုမို တောက်ပလာခဲ့ပြီး သူက လက်မြှောက်၍ ပုဆိန် စွမ်းအင်တန်းထံသို့ ညင်သာစွာ ညွှန်လိုက်သည်။ ၎င်းက ချက်ချင်း ပျက်စီးသွားတော့၏။
ဝမ်လင်းက နောက်သို့ လျင်မြန်စွာ ဆုတ်သည်။ သူ့မျက်နှာက လုံးဝ ဖြူရော်နေပြီး သူက ပုဆိန်ကို ပြန်သိမ်းလိုက်၏။ သည့်နောက် သူက စိတ်ဝိညာဉ်အလံကို ထုတ်၍ လှုပ်ယမ်းလိုက်ပြီး ပြောသည်။ “ပေါင်းစည်းခြင်း …”
စကား တစ်ခွန်းဖြင့်ပင် လျိုမေနောက်သို့ လိုက်နေသော စိတ်ဝိညာဉ် အပိုင်းအစများ အားလုံးက ရူးသွပ်ဖွယ် ပေါင်းစပ်သွားကြသည်။ သည်ပေါင်းစပ်မှုနှုန်းက အလွန် မြန်ဆန်လှပြီး တစ်ခဏသာ ကြာမြင့်လေ၏။
***