Switch Mode

အပိုင်း (၅၁၀)

ဟင်္သာပြဒါး အမွေအနှစ်

ဝမ်လင်း ရည်ရွယ်ချက်က ၎င်းကို အဝေးသို့ လွင့်သွားစေရန် ဖြစ်သည်။ သည်သလင်းကျောက်က အလွန်ပင် ထူးဆန်းလှသည့် အတွက် သူက ၎င်းကို ထိတွေ့လိုခြင်း မရှိပေ။

သို့သော် ဖျတ်ခနဲ တောက်ပမှုနှင့်အတူ သည်သလင်းကျောက်က လေပြင်းကို ဖြတ်၍ မျက်စိတစ်မှိတ် အတွင်း ဝမ်လင်းနှင့်ပို နီးကပ်လာခဲ့၏။

ဝမ်လင်းက အံကြိတ်၍ သလင်းကျောက်ကို လှမ်းဖမ်းယူသည်။ သူက ၎င်းကို အဝေးသို့ လွှင့်ပစ်ရန် ကြံရွယ်ခြင်း ဖြစ်သည်။ သို့ရာတွင် သူက ၎င်းကို ထိမိလိုက်သည့် အချိန်တွင် သူက မည်သည့်ဆိုးကျိုး သက်ရောက်မှုကိုမှ မခံစားရသည်ကို တွေ့လိုက်ရသည်။

သူက ခဏတာမှင်တက် သွားမိပြီး သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားကာ တုံ့ဆိုင်းခြင်း မရှိ ထပ်မံ၍ ပြေးထွက်လေသည်။

သို့သော် ထိုအခိုက်မှာပင် သလင်းကျောက်ထဲက အံ့ဖွယ်စွမ်းအား တစ်ခုက ဝမ်လင်း လက်မောင်းထဲသို့ စီးဝင်လာ၏။ သည်စွမ်းအင်က သူ့ခန္ဓာကိုယ်ကို ဖြတ်၍ သူ့ဦးနှောက်ထဲသို့ စီးဝင်ကာ သတင်း အချက်အလက်များ အဖြစ် ပွင့်ထွက်သွားသည်။

ထူးဆန်းသော သင်္ကေတ တစ်ခုပြီး တစ်ခုက ဝမ်လင်းစိတ်ထဲ၌ ပေါ်လာခဲ့သည်။

သည်သင်္ကေတများက တဖျတ်ဖျတ် တောက်ပနေပြီး သူ့ဦးနောက်ထဲ၌ အလင်းတန်းအလား လှုပ်ရှားလို့နေသည်။ ဝမ်လင်းက သည်အခြင်းအရာကို အံ့အားသင့်မိခြင်း မရှိပေ။ အကြောင်းကတော့ သူက အရင်တုန်းကလည်း သည်လိုအဖြစ်မျိုး ကြုံဖူးသောကြောင့် ဖြစ်၏။ သူက ထူစီ၏ အသိဉာဏ် အမွေအနှစ်ကို စုပ်ယူခဲ့စဉ် တုန်းကလည်း သည်လိုတူညီသော အဖြစ်အပျက်မျိုး ကြုံခဲ့ရဖူးသည် မဟုတ်လား။

သည်သင်္ကေတများက သူ့ခေါင်းထဲ၌ တဖျပ်ဖျပ် ဖြစ်လို့နေသည်။ ဝမ်လင်းစိတ်ထဲ၌ အမျိုးမျိုးသော မြင်ကွင်းများက ပဲ့တင်ထပ်လို့ နေသည်။

သည်မြင်ကွင်း တစ်ခုက ဝင့်ထည်ကာ မာနကြီးသည့် လူတစ်ယောက်က ဧရာမကြယ်သံလိုက် အိမ်မြှောင်ထိပ်၌ မတ်တတ်ရပ်လျက် ရှိနေသည်ကို ပြသလေ၏။ သည်ကြယ်သံလိုက် အိမ်မြှောင်က လုံးဝ နက်မှောင်နေပြီး ၎င်းကို ခရမ်းရောင် အလင်းတန်း တစ်ခုက ဖြတ်သန်း သွယ်ယှက်လို့ နေသည်။ သည်ကြယ်သံလိုက် အိမ်မြှောင်က မည်သည့်နေရာသို့ သွားသည် ဖြစ်စေ ကြယ်လောင်သော တုန်ခါသံများကို ဖြစ်ပေါ်နေစေ၏။

သည်ဝင့်ထည်သည့် လူရှေ့တွင် ဟင်းလင်းပြင်ထဲ၌ မျောလွင့်နေသည့် စေတီတစ်ခု ရှိလို့နေကာ စကားသုံးလုံးက ယင်းစေတီပေါ်၌ ရှင်းလင်းစွာ ရေးထွင်းထားသည်ကို တွေ့ရ၏။

“ကောင်းကင်ဘုံ ချိပ်ပိတ်ခြင်း စေတီ …”

ထိုလူက လျှင်မြန်စွာဖြင့် သည်စေတီထဲသို့ ဝင်ရောက်သွား၏။

“ရပ်စမ်း …” စေတီထဲကနေ အသံတစ်ခု ထွက်ပေါ်လာ၏။ သည်အသံက ဝင့်ထည် ခန့်ညားမှုနှင့် ပြည့်နေပြီး လူတိုင်း၏ နှလုံးကို တုန်ခါမှုအား ပေးစွမ်းနေသည်။

သို့သော် ထိုသက်လတ်ပိုင်း လူကြီးအသွင် ကတော့ မပြောင်းမလဲ ရှိနေပြီး သူက ဦးညွှတ်ကာ ပြောလိုက်သည်။ “ဟင်္သာပြဒါးနိုင်ငံရဲ့ ဂျူနီယာ ရီဝူယောင်က အဆင့်ခြောက် နိုင်ငံအဖြစ် ရောက်ခဲ့ပါပြီ။ ဂျူနီယာက ကျင့်ကြံခြင်း မဟာမိတ် အဖွဲ့အစည်းကြီးရဲ့ အမိန့်အရ ဟင်္သာပြဒါး ချိပ်ပိတ်ခြင်းကို ရယူဖို့ ဒီနေရာကို ရောက်လာခဲ့ရတာပါ …”

သူ့စိတ်ထဲရှိ အထက်ပါ မြင်ကွင်းကို တွေ့လိုက်ပြီးနောက် ဝမ်လင်း ခန္ဓာကိုယ်က တုန်ယင်လို့ သွားသည်။ သူ့စိတ်တစ်ခုလုံးက သည်မှတ်ဉာဏ်ကို စုပ်ယူခဲ့ပြီး ဖြစ်၏။ သို့ရာတွင် အစစ်အမှန် လောကတွင်တော့ သူ့ခြေလှမ်းက ရပ်တန့်ခြင်း မရှိသည့်အပြင် ပိုမိုထူးဆန်းသော တစ်စုံတစ်ရာပါ ဖြစ်ပျက်ခဲ့လေသည်။

သူ့ခြေထောက် အောက်ကနေ အနီရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ပြင်းထန်သော အားတစ်ခုက ဝမ်လင်းထံကနေ ထွက်ပေါ်လာ၏။ သို့ရာတွင် သည်အားက သူ့ထံကနေ တိုက်ရိုက်လာခြင်း မဟုတ်ဘဲ သူ့ခြေထောက်အောက်ရှိ အနီရောင် အလင်းကနေ ထွက်ပေါ်လာခြင်းသာ ဖြစ်၏။

အနီရောင် အလင်းတန်း ဖျတ်ခနဲ ဖြစ်သွားသည်နှင့် အတူ ဝမ်လင်း အမြန်နှုန်းက အံ့မခန်းအဆင့်သို့ ရောက်ရှိသွားတော့သည်။ သည်အမြန်နှုန်းဖြင့် ဝမ်လင်းက စင်္ကြံလမ်း၏ ထွက်ပေါက်သို့ ရောက်လာခဲ့တော့သည်။

သူ့နောက်ကို လိုက်လံလာသည့် ယွမ်ချွဲဇီက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ့အသွင်က လုံးဝ ရုပ်ဆိုးနေကာ သူက သူ့တွေ့မြင်နေရသည့် အရာကို မယုံကြည်နိုင်ဟန် ဖြစ်နေသည်။

“ဟင်္သာပြဒါး ချိပ်ပိတ်ခြင်း … ဒီစန်နူးက ဘယ်လိုလုပ် ဟင်္သာပြဒါး ချိပ်ပိတ်ခြင်း အော်ရာကို ပေးစွမ်းနိုင် နေရတာလဲ …”

ဝမ်လင်းစိတ်ထဲရှိ စောနက မြင်ကွင်း၌ လူကြီးက စေတီထဲသို့ လှမ်းလျှောက်ဝင် သွားခဲ့ခြင်းကို ပြသခဲ့ခြင်း ဖြစ်သည်။ သည်စေတီက အထပ်များစွာ ရှိသည်ဟု ထင်မှတ်ရ၏။ သည်လူက တတိယအလွှာသို့ ဝင်သွား၍ ရပ်တန့်ခဲ့သည်။

“ဟင်္သာပြဒါး ချိပ်ပိတ်ခြင်းက အဆင့်နိမ့် နည်းစနစ် တစ်ခုဖြစ်တဲ့ အမွေအနှစ် နည်းစနစ်တစ်ခုပဲ။ ခေါင်းစီး ကျင့်ကြံသူကသာ ဒီနည်းစနစ်ကို အသုံးပြုနိုင်မယ် …”

လေဟာနယ် ထဲကနေ အသံတစ်သံ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် အနီရောင် ချိပ်တံဆိပ်တစ်ခုက လေထဲ၌ ပေါ်လာခဲ့၏။ သည်ချိပ်တံဆိပ်က အလွန် ရှုပ်ထွေးလှကာ သူက သည်ချိပ်တံဆိပ်သည် စွန့်ပစ်ခံ မသေမျိုးကလန် အဖွဲ့ဝင်များ၏ ဦးခေါင်းခွံများ ပေါ်ရှိ တက်တူးများနှင့် ဆင်တူသည်ဟု ခံစားလိုက်ရသည်။

သို့သော် ၎င်းကို အနီးကပ် ကြည့်လိုက်ပြီးသည့် အခါတွင်တော့ တက်တူး အမှတ်အသားများနှင့် လုံးဝ ခြားနားနေကြောင်း တွေ့လိုက်ရသည်။ သည်ခံစားချက်က အလွန်ပင် ထူးဆန်းလှ၏။

သည်အခိုက်မှာပင် ချိပ်တံဆိပ်က သက်လတ်ပိုင်း လူကြီးထံသို့ မျောလွင့်လာပြီး သူ့နဖူးထက်၌ စွဲထင်သွားစေ၏။ ဝမ်လင်းက ရုတ်တရက် နာကျင်မှုကို ခံစားလိုက်ရသည်။ သည်လို နာကျင်မှုမျိုးကို ဝမ်လင်းက တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။ သည်အရာက တစ်စုံတစ်ခုကို သူ့စိတ်ဝိညာဉ်ထဲ၌ ထွင်းထုလိုက်သည့် အလားပင်။

သည်အခိုက်တွင် သူက သူ့ကိုယ်သူ ဆုံးရှုံးသွားရသလို ထင်မှတ်လိုက်ရပြီး ထိုသက်လတ်ပိုင်း လူကြီးဖြစ်လာသည်ဟု ခံစားလိုက်ရသည်။ ဝမ်လင်း ခန္ဓာကိုယ်ထဲသို့ နာကျင်မှုများက ဆက်တိုက်ဝင်ရောက် လာနေသည်။ ဝမ်လင်းက ၎င်းကို ဆက်၍ တောင့်မခံနိုင်တော့ပဲ အော်ဟစ်လိုက်ရ၏။

သူ့ခန္ဓာကိုယ်ကလည်း ပို၍မြန်ဆန် လာနေပြီး ခုချိန်တွင် အနီရောင်အလင်းက မျက်စိကျိန်းလောက်အောင် တောက်ပလို့နေသည်။

ဝမ်လင်းနောက်သို့ လိုက်ဖမ်းနေသော ယွမ်ချွဲဇီ မျက်လုံးထဲရှိ မယုံကြည်နိုင်မှုက သာ၍ပင် အားကောင်းလာခဲ့သည်။ သူက မှင်တက် ကြောင်ရီစွာဖြင့် ဝမ်လင်းကို စူးစိုက်ကြည့်နေမိ၏။ သူက သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ဒါ … ဒါက ဟင်္သာပြဒါး အမွေအနှစ်။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျင့်ကြံခြင်းဂြိုဟ် နှလုံးသားနဲ့ ပေါင်းစပ်ထားခြင်း မရှိဘဲ ဒီကောင်လေးက ဘယ်လိုလုပ် ဟင်္သာပြဒါး အမွေအနှစ်ကို ရသွားနိုင်ရတာလဲ …”

မျောက်လေးကတော့ ဝမ်လင်းကို အနီရောင်တောက်တောက် မျက်လုံးများဖြင့် စူးစိုက်ကြည့်နေ၏။ သူ့အသွင်က နက်မှောင်လာခဲ့သည်။

ဝမ်လင်း အော်ဟစ်သံက စင်္ကြံလမ်းတစ်လျှောက် ပဲ့တင်ထပ်လို့ နေသည်။ သူက အလင်းတန်းအလား လှုပ်ရှားနေပြီး နောက်ဆုံးတွင် နန်းတော် ထွက်ပေါက်သို့ ရောက်လာခဲ့ပြီး ပင်လယ်ထဲ၌ ပြန်ပေါ် လာခဲ့တော့သည်။

သူက ရပ်တန့်ခြင်းမရှိဘဲ ပင်လယ် ရေမျက်နှာပြင်သို့ ဆက်၍ တစ်ဟုန်ထိုး ဆက်သွားလေသည်။

သူက အနီရောင် အလင်းများနှင့် လုံးဝ ဝန်းရံထားခြင်း ခံရပြီး ဟင်္သာပြဒါး အော်ရာကလည်း စတင် ပျံ့နှံ့လာခဲ့၏။

သူ့မျက်လုံးများ ကလည်း ကြည်လင်ခြင်း မရှိတော့ဘဲ ကဗြောင်းကဗြန် ရုန်းကန် နေရမှုတို့နှင့် ပြည့်လို့နေ၏။

သူ့စိတ်ထဲတွင် နာကျင်ပြီးရင်း နာကျင်လို့နေသည်။ သည်နာကျင်မှုက သူဆက်ပြီး တောင့်မခံနိုင်သည့် အမှတ်တစ်ခုသို့ ရောက်လုနီးပါး ဖြစ်လာလေ၏။ သူ့နဖူးပေါ်ရှိ သွေးကြောများက ဖောင်းကြွနေပြီး မျက်လုံးများကလည်း နီရဲတွတ်နေ၏။

သူ စောနပိုင်းတုန်းက ဖိနှိပ်ထားခဲ့သည့် ဒဏ်ရာများသည်လည်း ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့၏။ သို့သော် ၎င်းဒဏ်ရာများက အနီရောင်အလင်း၏ တိုက်စားခြင်းကို ခံလိုက်ရပေသည်။

ဝမ်လင်း စိတ်ထဲ၌ ဝင့်ထည်မှုများ ပြည့်နေသည့် ခမ်းနားလှသည့် အသံတစ်ခုက ပဲ့တင်ထပ်လို့နေတော့၏။

“မင်းက ဟင်္သာပြဒါး ခေါင်းစီး ဖြစ်လာဖို့ ဆန္ဒရှိလား။ ဟင်္သာပြဒါးဂြိုဟ်ကို မင်း သေဆုံးတဲ့ အထိ ကာကွယ်ပေးနိုင်မလား …”

သည်အသံက သူ့ဦးနှောက်ထဲသို့ ရိုက်ခတ်လာပြီး သူ့စိတ်ထဲ၌ ပဲ့တင်ထပ်စေသည်။ ဝမ်လင်းမျက်လုံးများက ပြန်လည် ကြည်လင်လာခဲ့၏။ သည်အခိုက်တွင် သူက သည်စကားကို သဘောတူခဲ့လျှင် ခုချက်ချင်း ဟင်္သာပြဒါး ချိပ်ပိတ်ခြင်း နည်းစနစ်ကို သင်ကြားလို့ ရမည်ဟု ခံစားနေရ၏။ သူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အစောပိုင်း အဆင့်တွင်သာ ရှိသေးသော်လည်း ဟင်္သာပြဒါး ချိပ်ပိတ်ခြင်းနှင့် ဆိုလျှင် သူက အာဏာ တက်ခြင်းအဆင့် ကျင့်ကြံသူများကိုပင် တိုက်ခိုက်နိုင်လိမ့်မည် ဖြစ်၏။

ဝမ်လင်းက စိတ်ထဲ၌ ပြန်ဖြေနေမိသည်။ “ငါ … ဟင်္သာပြဒါး ခေါင်းစီး ဖြစ်လာဖို့ ဆန္ဒမရှိဘူး …”

ဝမ်လင်းပန်းတိုင်က သည်နေရာတွင် နေ၍ နောက်ထပ်ဖြစ်လာမည့် ဟင်္သာပြဒါး ခေါင်းစီးတစ်ယောက် ဖြစ်လိုခြင်း မဟုတ်ပေ။

သူက ထိုသို့ ဖြေလိုက်ပြီးပြီးချင်း သူ့စိတ်ထဲ၌ သက်ပြင်းချသံ တစ်ခုကို ကြားလိုက်၏။ အနီရောင် အလင်းတန်းကလည်း သူ့ခန္ဓာကိုယ်ကနေ ဖယ်ရှားသွားပြီး သူ့ညာလက်ထဲရှိ သလင်းကျောက်ပေါ်၌ စုဝေးလာခဲ့၏။

အနီရောင် အလင်းနှင့်အတူ စောနတုန်းက သင်္ကေတ များသည်လည်း သူ့စိတ်ထဲ၊ မှတ်ဉာဏ်ထဲကနေ ပြန်ထွက်ခွာ သွားကြ၏။ သည်လိုမျိုး လုံးဝမဖြစ်ခဲ့ဖူးသည့် အလားပင်။

သည်အချိန်အတွင်း ဝမ်လင်းက သူ့နှလုံးသားထဲ၌ အလျင်အမြန် အော်လိုက်၏။ “စိတ်ဝိညာဉ် အပိုင်းအစ …”

“အသက်တစ်ခု အတွက် အသက်တစ်သက် …” လေဟာနယ်ထဲ ကနေ အသံက ထပ်မံထွက်ပေါ် လာပြန်သည်။ သို့ရာတွင် သည်တစ်ကြိမ်၌ ထူးဆန်းသော သင်္ကေတတစ်ခုက သူ့စိတ်ထဲ၌ ပေါ်လာခဲ့ပြန်၏။ ၎င်းသင်္ကေတက ထူးဆန်းသော အလင်းကို ထုတ်လွှတ်လို့နေသည်။

သူက သည်သင်္ကေတကို ခံစားမိသည့်အချိန်တွင် နားလည်သွားခဲ့၏။

ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက် ထဲကနေ သင့်ရဲ့ စိတ်ဝိညာဉ် အပိုင်းအစတစ်ခုကို ထုတ်ယူရန် အခြား အသက်တစ်ခုနှင့် လဲလှယ်ရမည် ဖြစ်သည်။ အခြားနည်းလမ်း တစ်ခုကတော့ သင့်ရဲ့စိတ်ဝိညာဉ် အပိုင်းအစကို သက်ရှိပုံစံ တစ်မျိုးမျိုး၏ စုပ်ယူခြင်း ခံရသည့်အထိ စောင့်၍ ၎င်းစိတ်ဝိညာဉ် အတွက် ထိုသက်ရှိနှင့် တိုက်ခိုက်ရန် ဖြစ်သည်။ သို့ရာတွင် ဟင်္သာပြဒါး အုတ်ဂူထဲရှိ မရေမတွက်နိုင်သော စိတ်ဝိညာဉ် အပိုင်းအစများ ကြားထဲ၌ သင့်ကိုယ်ပိုင် စိတ်ဝိညာဉ်ကို ရှာတွေ့ရန်က အတင်းလုပ်၍ မရဘဲ ကံအလွန် ကောင်းမှသာ ရမည်ဖြစ်၏။

သည်အချိန်မှာပင် ဝမ်လင်း ခန္ဓာကိုယ်က ပင်လယ်ထဲကနေ ထွက်ပေါ်လာ၏။ ယွမ်ချွဲဇီက သူ့နောက်ကနေ ကပ်၍ လိုက်ပါလာလေ၏။ တာ့ဆန်ခန္ဓာ သိမ်းပိုက်ထားသည့် မျောက်လေးကတော့ သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်နေသည်။

ဝမ်လင်းက ပင်လယ်ထဲကနေ ထွက်လာသည့်အခါတွင် သူ့ကိုယ်သူ ပြန်ထိန်းချုပ်နိုင် သွား၏။ ခုချိန်၌ နန်ဒူက သူ့ကို လိမ်ခဲ့ကြောင်း သိခဲ့ပြီ ဖြစ်၏။

သည်အချိန်တွင် ဝမ်လင်းက မည်သည့် နောင်တရမှုမှ မရှိတော့ပဲ သလင်းကျောက်ကို လွှတ်ပစ်၍ အော်ပြောလိုက်သည်။ “ဒါက ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက်ပဲ …”

သူက ၎င်းကို ကြုံရာလူထံသို့ ပစ်ထည့်လိုက်ခြင်း မဟုတ်ဘဲ လျိုမေနှင့်ချန်းဖန်တို့ ရှိနေသော နေရာသို့ ပစ်လိုက်ခြင်းဖြစ်သည်။

သူတို့နှစ်ယောက်လုံးက ပင်လယ် ရေမျက်နှာပြင်ထက်၌ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။ သူတို့က ဝမ်လင်းနှင့် ယွမ်ချွဲဇီတို့ ပေါ်လာသည်ကို တွေ့မြင်လိုက်သည့် အခါ ချန်းဖန်က ကျူးချွဲဇီသူ့ကို ပေးခဲ့သော ရတနာကို အသုံးပြုရန် ဟန်ပြင်လိုက်သေး၏။ သို့သော် ဝမ်လင်းက အဖြူရောင် သလင်းကျောက် တစ်ခုကို သူတို့ဘက်သို့ ပစ်ထည့်လိုက်သည်ကို တွေ့မြင်လိုက်ရ၏။

သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး ၎င်းကို သူက ချက်ချင်း မဖမ်းလိုက်ပေ။ သို့ရာတွင် ယွမ်ချွဲဇီက ဝမ်လင်းကို ကျော်၍ သလင်းကျောက်ထံသို့ လှမ်းလာသည်ကို မြင်သည့်အခါ သူက နောင်တ ရသွားတော့သည်။

ချန်းဖန်က အံကြိတ်လိုက်၏။ စကားတစ်ခွန်းမှ မဆိုတော့ဘဲ သူက သိုလှောင်အိတ် ထဲကနေ ကြေးရုပ်တစ်ခုကို ထုတ်ယူလိုက်၏။ သည်ကြေးရုပ်ပေါ်၌ အနက်ရောင် အပေါက်များစွာ ရှိနေပြီး အပေါက် တစ်ခုချင်းစီကလည်း အနက်ရောင် အလင်းကို ထုတ်လွှတ်လို့နေ၏။

သည်ရတာနာကို ထုတ်ယူပြီးနောက် ချန်းဖန်က ချက်ချင်းပင် ချိပ်တံဆိပ် တစ်ခုကို ဖန်တီးလိုက်သည်။ သူ့မျက်နှာက ရုတ်တရက် နီရဲလာပြီး သွေးတစ်လုတ်ကို ၎င်းကြေးရုပ်ပေါ်သို့ အန်ထုတ်လိုက်သည်။

သည်ကြေးရုပ်က သူ့သွေးများ အားလုံးကို စုပ်ယူလို့သွား၏။ သည့်နောက် ၎င်းကြေးရုပ်က အနီအနက် အလင်းတစ်ခုကို ထုတ်လွှတ် လာပြီးနောက် ခရမ်းရောင် စက်ဝန်းတစ်ခုက ၎င်းခေါင်းထက်၌ ဖြစ်ပေါ်လာ၏။

ယွမ်ချွဲဇီက ရုတ်တရက် ရပ်တန့်သွားသည်။ ထို့နောက် သူက သုန်မှုန်စွာဖြင့် ကြေးရုပ်ကို စူးစိုက်ကြည့်နေသည်။

ယွမ်ချွဲဇီက လေးနက်စွာ ပြောလိုက်၏။ “ကျူးချွဲဇီ …”

သူက သည်စကားကို ပြောဆိုလိုက်သည့် အခိုက်တွင် ချန်းဖန်ခန္ဓာကိုယ်က စတင် တုန်ခါလာပြီး သူ့ဒွာရပေါက်များကနေ အဖြူရောင် အလင်းအမျှင်တန်းများက သူ့ထိန်းချုပ်ခြင်း မရှိပါဘဲနှင့် ထွက်ပေါ်လာကြသည်။ သည်အလင်းက ကြေးရုပ်၏ စုပ်ယူခြင်းကို ခံလိုက်ရပေသည်။

ချန်းဖန်မျက်လုံးထဲ၌ ကြောက်ရွံ့မှုနှင့် ပြည့်နေသည်။ သူက ရုတ်တရက် လက်မြှောက်၍ ကျောက်စိမ်းပြား တစ်ခုကို ကိုင်ကာ ခြေမွှလိုက်၏။ ကျောက်စိမ်းပြားထဲရှိ ထူးဆန်းသော စွမ်းအားတစ်ခုက သူ့အား လွင့်ထွက်သွားစေ၏။ အဖြူရောင် အလင်းအမျှင်တန်း များကလည်း ချက်ချင်း ပြန့်ကျဲလို့သွားသည်။ သူတို့ထဲက အစိတ်အပိုင်း တစ်ခုသည် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက် သွားတော့၏။

ကြေးရုပ်က အဖြူရောင် အလင်းအမျှင်တန်း ပမာဏအများကြီးကို စုပ်ယူပြီးနောက် ကြေးရည်ကန် အဖြစ်သို့ ပျောက်ကြသွားလေ၏။ သို့ရာတွင် သည်ကြေးများက ဆူပွက်နေသည့်ဟု ထင်မှတ်ရပြီး ၎င်းကြေးရည် ကန်ထဲကနေ အနီရောင် အခိုးငွေ့ အမျှင်တန်းများက ထွက်ပေါ်လာ၍ ကျူးချွဲဇီ၏အသွင် ဖြစ်ပေါ်လာခဲ့သည်။

ခုလက်ရှိ ကျူးချွဲဇီက အသက်ဓာတ် ပိုပြည့်ဝနေသည့်ပုံ ပေါ်နေ၏။

“ဂျူနီယာညီလေး … ဒီကစားပွဲက ခု အထွတ်အထိပ်ကို ရောက်လာပြီ။ ဒီအဘိုးအိုက ချန်းဖန်ရဲ့ သက်တမ်းကို အသုံးပြုပြီးတော့ ဒီနေရာကို ရောက်လာနိုင်တာပဲ။ ဒီတော့ ငါတို့က ပြန်လည် စုံတွေ့ရတာပေါ့လေ …” သူက ထိုသို့ ပြောလိုက်ပြီးနောက် သူ့ညာလက်ကို မြှောက်လိုက်ရာ အဖြူရောင် သလင်းကျောက်က သူ့လက်ထဲသို့ အလင်းတန်းအလား ပျံသန်းလာတော့သည်။

ကျူးချွဲဇီက ရုတ်တရက် သူ့နဖူးကို သည်သလင်းကျောက်နှင့် ဖိချကာ သူ့ခန္ဓာကိုယ်နှင့် ပေါင်းစည်းစေလိုက်၏။

ယွမ်ချွဲဇီအသွင်က နက်မှောင်သွားပြီး သူက နှာခေါင်းရှုံ့ကာ လက်ဝှေ့ယမ်းသည်။ တက်တူး အမှတ်အသား တစ်ခုပြီးတစ်ခုက ထွက်ပေါ်လာပြီး တုန်လှုပ်ဖွယ် အော်ရာကို ပေးစွမ်းနေတော့၏။

ကျူးချွဲဇီက ရယ်မောလိုက်တော့သည်။ သည့်နောက် သူက လှုပ်ရှားလိုက်ရာ သူ့ခန္ဓာကိုယ်က‌နေ အနီရောင်မြူထု တစ်ခု ထုတ်လွှတ်လာ၏။ သည်မြူထုက ပြင်းထန်စွာ ရွေ့လျား၍ ယွမ်ချွဲဇီအား ဝန်းရံသွားသလို ငါးကီလိုမီတာ အတွင်းရှိ အရာအားလုံးကိုပါ လွှမ်းခြုံလို့သွားသည်။

သည်မြူထုထဲ၌ မန္တန်များ၏ တုန်ခါလှိုင်းများကို ခံစားမိနိုင်ပေသည်။ ကျူးချွဲဇီနှင့် ယွမ်ချွဲဇီတို့၏ တိုက်ပွဲက ခု စတင်လေပြီ။

သို့ရာတွင် မည်သူကမျှ သူတို့ နှစ်ယောက်ကြားရှိ တိုက်ပွဲကို ရှင်းလင်းစွာ မမြင်ရချေ။ အကြောင်းကတော့ အနီရောင်မြူများ လွှမ်းခြုံထားသောကြောင့် ဖြစ်လေ၏။

ကျုးချွဲဇီက အနီရောင်မြူများ ပျံ့နှံ့နေသည်ကို သတိပြုမိခြင်း မရှိချေ။ မျောက်လေးက ၎င်းမြူထဲသို့ ဝင်ရောက်သွားခဲ့ပြီး သဲလွန်စမရှိ ပျောက်ကွယ်သွားပြန်၏။

သည်အချိန်တွင် အနီရောင်မြူ အပြင်ဘက်၌ လူငါးယောက်က သည်တိုက်ပွဲကို ကြည့်လို့နေကြသည်။

သည်ငါးယောက် ကတော့ ချန်းဖန်၊ ကျိုးဝုထိုင်၊ ဇီရှင်းနှင့် ဝမ်လင်းတို့ ဖြစ်ကြလေ၏။

ဝမ်လင်း မျက်လုံးထဲ၌ သတ်ဖြတ်လိုမှု ဆန္ဒများနှင့် ပြည့်လို့နေ၏။ သူလက လက်ဆန့်တန်း လိုက်ရာ စိတ်ဝိညာဉ် ဆယ်သန်းအလံက သူ့လက်ထဲ‌ ပေါ်လာခဲ့သည်။ သူက ချန်းဖန်နှင့် လျိုမေကို စူးစိုက်ကြည့်၍ ဖြည်းညင်းစွာ ပြောလိုက်သည်။ “မင်းတို့ရဲ့ သေခြင်းတရားကို လက်ခံလိုက်စမ်း …”

***

Comment

  1. kyawthiha1499 says:

    သင်္ချာတော်လှချည်လား နောက်ဆုံးအပုဒ်မှာ

Leave a Reply

Options

not work with dark mode
Reset