ယွမ်ချွဲဇီအသွင်က နက်မှောင်နေပြီး သူက နှာခေါင်းရှုံ့၍ ဝမ်လင်းကို မေးလိုက်သည်။ “မင်းက ငါ့ကို ဘယ်လိုလုပ် ဖြတ်မြင်နိုင်ခဲ့တာလဲ …”
ယွမ်ချွဲဇီကို ကြည့်၍ ဝမ်လင်းက အလေးအနက် ပြန်ဖြေလိုက်သည်။ “ဒါက ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက် မဟုတ်ဘူး။ ဒါ့အပြင် သင့်မှာက တည်နေရာ ရွှေ့ပြောင်းနိုင်တဲ့ အစွမ်းလည်း ရှိနေသေးတယ်။ သင် ပြောခဲ့သလို ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားရင် ဒီလိုလုပ်နိုင်မှာ မဟုတ်ဘူး …”
ယွမ်ချွဲဇီက ရယ်မောလိုက်၏။ သူ့မျက်လုံးထဲ၌ အသိအမှန် ပြုဟန်များ ဖြစ်ပေါ်သွားပြီး သူက ပြောလိုက်သည်။ “မင်းက ငါရွေးချယ်ခဲ့တဲ့ လေးယောက်မြောက်လူ ဖြစ်လာဖို့ ထိုက်တန်တာပဲ။ ဒါမှန်တယ်။ ဒါက ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက် မဟုတ်ဘူး။ ဒါက အရိပ်တစ်ခု သာသာပဲ။ တစ်စုံတစ်ယောက်က ဒါကို ထိလိုက်ရင်တော့ သူတို့ရဲ့ စိတ်ဝိညာဉ် အပိုင်းအစကို ပြန်ရနိုင်လိမ့်မယ် …”
ဝမ်လင်း မျက်လုံးများက တည်ငြိမ်လို့နေသည်။ သူက မည်သည့် စကားမျှဆိုခြင်း မပြုဘဲ ယွမ်ချွဲဇီကို စူးစိုက်ကြည့်နေ၏။ ဝမ်လင်းက လက်ထဲတွင်တော့ စိတ်ဝိညာဉ် ဆယ်သန်းအလံကို တင်းကျပ်စွာ ဆုပ်ကိုင်လို့ ထားသည်။
“ဒီအဘိုးအိုက မင်းကို မလိမ်ပါဘူး။ ဒီအရိပ်ကို ဖြတ်ပြီး မင်းရဲ့စိတ်ဝိညာဉ် အပိုင်းကို ပြန်ယူဖို့က တန်ဖိုးကြီးကြီးမား တစ်ခုပေးဖို့တော့ လိုတာပေါ့။ ဒါ့ကြောင့်လည်း ငါက မင်းကို ငါ့အတွက် ရယူပေးဖို့ မေးခဲ့တာပဲ။ မင်းက ဒီလိုလုပ်ပေးမယ် ဆိုရင် ငါက မင်းကို အားကောင်းတဲ့ ရတနာတစ်ခုကို ဆုအဖြစ် ချီးမြှင့်မယ်။ မသေမျိုး သင်္ချိုင်းရဲ့ အနက်ရှိုင်းဆုံး ပိုင်းမှာ ရှေးဟောင်းပလ္လင် တစ်ခု ရှိတယ်။ ဒီပလ္လင်က ငါ့ကလန်ရဲ့ ဘိုးဘေးကို သစ်ရွက်ဆယ့်နှစ်ရွက် အဆင့်ကို ရောက်အောင် လုပ်ပေးခဲ့တဲ့ စွမ်းအားကို ပိုင်ဆိုင်စေခဲ့တယ် …”
“ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက်ကို ငါ့အတွက် မင်းကူညီယူပေးတာနဲ့ ငါက မင်းကို အဲဒီနေရာ ခေါ်သွားပြီး မင်းကျင့်ကြံမှု အဆင့် တစ်ဆင့် တိုးတက်အောင် လုပ်ပေးမယ် …” ယွမ်ချွဲဇီက အလေးအနက် ဆို၏။
ဝမ်လင်းက စဉ်းစားနေသည့် အသွင် ဖြစ်ပေါ်သွား၏။
ယွမ်ချွဲဇီက အနည်းငယ် စိတ်ပူသွားဟန် ရပြီး သူက အလျင်အမြန် ဆိုလိုက်သည်။ “ဝမ်လင်း ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်ကို အမြန် ယူပေးပါ … .။ ငါ့ကို အတင်းအကျပ် လုပ်ရအောင် မလုပ်နဲ့။ ငါ မင်းကို မသတ်ချင်တာ မင်းသိပါတယ် …”
ဝမ်လင်းက ယွမ်ချွဲဇီကို ကြည့်၍ ပြောလိုက်သည်။ “သင်က ကတိ ဖောက်ဖျက်ရင်ကော။ ငါ့ကို အရင်ဆုံး ကောက်ရိုးဦးထုပ် ဘယ်လို အသုံးပြုရမလဲဆိုတဲ့ နည်းကို ပေးပါ …”
ဝမ်လင်းတွင် ယွမ်ချွဲဇီ သူ့ကို ပေးခဲ့သော ကောက်ရိုးဦးထုပ် ရှိလို့နေသေး၏။ သို့ရာတွင် သည်ကောက်ရိုး ဦးထုပ်တွင် အတားအဆီးများစွာ ရှိလို့နေ၏။ သူက သင့်တော်သည့် နည်းလမ်း မရှိဘဲနှင့် ၎င်းစွမ်းအားကို အပြည့်အဝ အသုံးပြုနိုင်လိမ့်မည် မဟုတ်ချေ။
ယွမ်ချွဲဇီမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူ့အမြင်အရ ဝမ်လင်း ထွက်သွားနိုင်ရန် နည်းလမ်းမရှိပေ။ ထို့ကြောင့် ဝမ်လင်းက သူပြောသည့်အတိုင်း လိုက်ကို လုပ်ရမည်သာ ဖြစ်သည်။ သည့်အတွက်ကြောင့် သူက ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူ၍ အချက်အလက် တချို့ ထည့်သွားကာ ဝမ်လင်းထံသို့ ပစ်ပေးလိုက်လေသည်။ ဝမ်လင်းက အလျင်လိုခြင်း မရှိဘဲ ကျောက်စိမ်းပြားကို အေးဆေးဖမ်းယူကာ စစ်ကြည့်လိုက်သည်။ သည်ကျောက်စိမ်းပြားက အစစ်အမှန် ဖြစ်နေသည်ကို သိလိုက်ပြီးမှ သူက ၎င်းကို သိမ်းဆည်းလိုက်သည်။ သည့်နောက် သူ့ပတ်လည်တွင် စိတ်ဝိညာဉ်ဆယ်သန်း အလံကို ဝန်းရံ၍ အလယ်ရှိ မျှော်စင်ထံသို့ ပျံသန်းသွားတော့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် သူက ပထမမျိုးဆက် ဟင်္သာပြဒါးနားသို့ ရောက်လာခဲ့သည်။ သူက သည်ဟင်္သာပြဒါး၏ ဘေးရှိ အရိပ်ကိုသာ အထူးအာရုံစိုက် ထားလေသည်။ သည့်နောက် သူ့အကြည့်က ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက်ပေါ်သို့ ကျရောက်သွားသည်။
သူက ခရမ်းရောင် အလင်းလုံး သလင်းကျောက် ဘေးနား၌ မတ်တတ် ရပ်လျက် ရှိနေ၏။ သို့သော် ထူးဆန်းစွာဖြင့် သူ့အလင်းလုံးကြောင့် သူ့အရိပ်က လုံးဝထင်ဟပ် နေခြင်း မရှိပေ။
ယွမ်ချွဲဇီမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက အလျင်အမြန် ပြောလိုက်သည်။ “မင်းရဲ့လက်ကို ဒီသလင်းကျောက်ပေါ် တင်လိုက်ပြီး ငါ့နာမည်ကို ခေါ်လိုက်။ မင်းက သောက်တလွဲ လုပ်တာနဲ့ ငါမင်းကို သတ်ပစ်မယ်လို့ ကတိပေးတယ် …”
ဝမ်လင်းက အသက်ဝဝ ရှူသွင်း၍ ခေါင်းငုံ့ကာ ယွမ်ချွဲဇီထံသို့ ကြည့်၍ အလေးအနက် အသံဖြင့် ပြောလိုက်သည်။ “ငါက စီနီယာကို ငါ့အတွက် အကျိုးဖြစ်စေခဲ့တဲ့ လူလို့ တွေးထင်ခဲ့ဖူးတယ်။ ငါက သင်ဟာ စွန့်ပစ်ခံ မသေမျိုးကလန်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်နေတာဆိုတာ သိခဲ့တဲ့ အချိန်မှာတော့ သင့်ကို ဆန့်ကျင်လိုခြင်း မရှိခဲ့ဘူး။ ငါက ဒီဟင်္သာပြဒါး ဂြိုဟ်ကနေ ထွက်သွားပြီး ငါ့ကိုယ်ပိုင် တာအိုအတွက် ရှာဖွေဖို့လောက်ပဲ ဆန္ဒရှိခဲ့တယ် …”
“စီနီယာ … သင်က ငါ့ကို ဒီနေ့မှာ တကယ့်ကို စိတ်ပျက်စေခဲ့တယ်။ ဒီအရိပ်က သင့်ပြောသလို ဟုတ်လား မဟုတ်ဘူးလား ငါမသိဘူး။ ဒါပေမဲ့ ငါက သင်ပြောသလို လုပ်လိုက်တာနဲ့ ချက်ချင်း သေဆုံး သွားရမှာကိုတော့ သိနေခဲ့တယ် …”
ဝမ်လင်း၏ ထိုစကားလုံးများ ထွက်ပေါ်လာသည့် အခိုက်တွင် ယွမ်ချွဲဇီအသွင်က ပြောင်းလဲသွားပြီး သူက ရှေ့သို့ တိုးဝင်လာရန် ဟန်ပြင်လိုက်သည်။
သို့သော် ဝမ်လင်းက စိတ်ဝိညာဉ်ဆယ်သန်း အလံကို လှုပ်ခါလိုက်ရာ ပတ်ဝန်းကျင်တွင် စိတ်ဝိညာဉ် အပိုင်းအစများ ချက်ချင်း ပြည့်လို့လာခဲ့၏။ တစ်ချိန်တည်းမှာပင် ဝမ်လင်းက မာန်သွင်း၍ နောက်သို့ ဆုတ်သည်။ စိတ်ဝိညာဉ်အလံက စိတ်ဝိညာဉ်များ အားလုံးက ပထမမျိုးဆက် ဟင်္သာပြဒါး၏ အရိပ်ပေါ်သို့ တစ်ဟုန်ထိုး တိုးဝင်သွားတော့သည်။
သည်အခိုက်မှာပင် ပထမမျိုးဆက် ဟင်္သာပြဒါးထိုင်နေသော နေရာကနေ အက်ကွဲသံများ ဆက်တိုက် ထွက်ပေါ် လာခဲ့တော့သည်။ တစ်ပြိုင်နက်တည်းမှာပင် သည်အရိပ်အတွင်းမှ ရယ်မောသံ တစ်ခုပါ ထွက်ပေါ်လာ၏။ သည့်နောက် သည်အရိပ်ထဲကနေ အနီရောင် အလင်းများက ရူးသွပ်ဖွယ် တဖျတ်ဖျတ် တောက်ပလာခဲ့သည်။ သည်အရိပ်က ချက်ချင်း ပြန့်ကျဲဿွား၍ အဘိုးအိုက လျင်မြန်စွာ လှမ်းလျှောက်၍ ထွက်လာတော့၏။ သူ့ပခုံးပေါ်ရှိ မျောက်လည်း ပို၍ပင် မြန်ဆန်ပြီး ယွမ်ချွဲဇီထံသို့ တစ်ဟုန်ထိုး တိုးဝင်သွားလေသည်။
ယွမ်ချွဲဇီ အသွင်က သုန်မှုန်သွားပြီး သူက ရပ်တန့်သည်။ သူ့လက်ကို လှုပ်ရှားလိုက်ရာ လေဟာနယ်ထဲကနေ ရွှေရောင် တက်တူးများက တစ်ခုပြီးပြီး ထွက်ပေါ်လာပြီး သူ့အား လှည့်ပတ်လာလေ၏။
“ကောင်လေး … မင်းရဲ့ ချိပ်ပိတ်မှုက တော်တော်လေး ကောင်းမွန်တယ်။ ဒီလူသေရဲ့ အော်ရာကို အသုံးပြုပြီး မင်းရဲ့ကျင့်ကြံမှု အဆင့်နဲ့ ပေါင်းစည်းလို့ ငါ့ကို အရိပ် ချိပ်ပိတ်မှုတစ်ခု ပြုလုပ်ခဲ့တာပဲ …”
“ဒီလိုအရိပ် ချိပ်ပိတ်မှုက အလွန် ရှားပါးလှတယ်။ ရှေးဟောင်း အချိန်တွေမှာ တုန်းကတောင် ရှားပါးတယ်လို့ ပြောလို့ရတယ်။ မင်းက ဒီချိပ်တံဆိပ်ကို လွယ်လွယ်နဲ့တော့ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး …”
“အရှင်ရဲ့ မူလခန္ဓာကိုယ်သာ ဒီမှာ ရှိနေရင် ဒီချိပ်ပိတ်မှုက တစ်ချက်တည်းနဲ့ ပျက်စီးသွားရလိမ့်မယ်။ ဒါပေမဲ့ ငါက အရှင်ရဲ့ နတ်ဘုရားအာရုံ အမျှင်တန်း တစ်ခုကိုပဲ ပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်ဖြစ်နေတော့ မင်းက ငါ့ကို အချိန်ခဏကာ ပိတ်လှောင်နိုင်စွမ်း ရှိခဲ့တာပဲ။ ဒီလိုလုပ်နိုင်စွမ်း ရှိဖို့ မင်းရဲ့အသက် စွမ်းအားက အရမ်းကောင်းမွန် ရလိမ့်မယ် …” အဘိုးအို မျက်လုံးများက စတင်နီရဲ တောက်ပလာတော့သည်။
ယွမ်ချွဲဇီက နှာခေါင်းရှုံ့လိုက်သည်။ သူ့ပတ်လည်ရှိ တက်တူးများကလည်း ပျံသန်းသွားတော့၏။ သူ့ဦးတည်ချက်က အဘိုးအိုထံသို့ မဟုတ်ဘဲ မျောက်ထံသို့သာ ဖြစ်လေ၏။
ယွမ်ချွဲဇီက အော်ပြောလိုက်သည်။ “ရုပ်သေး သာသာလေးကများ။ မင်းရဲ့ ဖုံးကွယ်ထားတဲ့ နတ်ဘုရားအာရုံ အမျှင်တန်းကို ငါဖျက်ဆီးနိုင် လိုက်တာနဲ့ မင်းအစစ်အမှန် ခန္ဓာကိုယ်က ဘယ်လောက်ပဲ သန်မာပါစေ … မင်းက ဒီနေရာမှာ ကျင့််ကြံခြင်းဂြိုဟ် သလင်းကျောက်ကို ရနိုင်မှာ မဟုတ်တော့ဘူး …”
ဝမ်လင်းနတ်ဘုရား အာရုံက ဖြန့်ကြက်လိုက်စဉ်က သူက ပထမမျိုးဆက် ဟင်္သာပြဒါး ရီဝူယောင်၏ နောက်ရှိ အရိပ်ကို သတိပြုမိခဲ့ပြီး ဖြစ်သည်။ သူက သူ့ကိုယ်တိုင် ခရမ်းရောင် အလင်းလုံးနားသို့ ရောက်လာသည့်အခါတွင် သူ့အရိပ်ကို မတွေ့မြင်ရသည့် အတွက် ထူးဆန်းသည်ဟု ခံစားခဲ့ရသည်။ ထို့ကြောင့် သူက စွန့်စားကြည့်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သူသာ ထိုအရိပ်ကို စိတ်ဝိညာဉ် အပိုင်းအစများနှင့် တိုက်ခိုက်ရာ၌ မအောင်မြင်ခဲ့လျှင်ပင် ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲသို့ ချက်ချင်း ဝင်ရောက်ပစ်မည် ဖြစ်သည်။
သူက ယွမ်ချွဲဇီသည် ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက်၏ အရိပ် သက်ရောက်မှုနှင့် ပတ်သက်၍ လိမ်ညာလိမ့်မည် မဟုတ်ဟု ယုံကြည်ထားပေ၏။ သို့သော် ၎င်းအရိပ်ကို ဖြတ်၍ လူတစ်ယောက်၏ စိတ်ဝိညာဉ် အပိုင်းအစကို ထုတ်ရန်က တန်ဖိုးတစ်ခု ပြန်ပေးရမည်သာ ဖြစ်ပေလိမ့်မည် မဟုတ်လား။
မဟုတ်လျှင် ယွမ်ချွဲဇီက ခုလို စောင့်နေစရာမလိုဘဲ သူကိုယ်တိုင် ၎င်းသလင်းကျောက်ကို ယူပြီးနေလောက်ပြီ ဖြစ်၏။ သည်နေရာသို့ တတိယမြောက် ရောက်လာသည့်လူက ဝမ်လင်း မဟုတ်လျှင်ပင် သူက စိတ်ဝိညာဉ် အပိုင်းအစကို ထိုရောက်လာသည့် လူအား အတင်းအကျပ် ယူခိုင်းဦးမည်သာ ဖြစ်လေ၏။
အဘိုးအို ထွက်ပေါ်လာသည့် အခိုက်တွင် ဝမ်လင်းက စိတ်ဝိညာဉ်အလံကို လှုပ်ယမ်းလိုက်၏။ စိတ်ဝိညာဉ် အပိုင်းအစများ အားလုံးက သူ့အား ဝန်းရံလို့သွားကာ သူက နောက်သို့ အလျင်အမြန် ဆုတ်လေသည်။
တာ့ဆန် ထိန်းချုပ်နေသည့် အဘိုးအိုဖြစ်စေ၊ ယွမ်ချွဲဇီဖြစ်စေ သည်လူ နှစ်ယောက်လုံးကို ခုချိန်၌ ဝမ်လင်းက ပတ်သက်ရန် ဆန္ဒမရှိပေ။ သူက သည်နေရာတွင် ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက် မရှိဘဲ အရိပ်သာ ရှိကြောင်းသိပြီးနောက် သူ့အတွက် အလျင်အမြန် သည်နေရာကနေ ထွက်သွားရန်သာ ရှိတော့သည် မဟုတ်လား။
သို့သော် သည်အခိုက်တွင် နန်းတော်က တုန်ခါလာ၏။ သည်တုန်ခါမှုက အလွန်အမင်း ပြင်းထန်လှသည်။ သည်အခါ၌ အက်ကွဲကြောင်းများက မျှော်စင်ပေါ်၌ ဖြစ်ပေါ်လာခဲ့လေ၏။
နောက်ထပ် ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက်က ထပ်မံ၍ စတင်ပြိုကျ လာပြန်လေပြီ။
မျှော်စင်၏ အောက်ခြေကနေ စ၍ အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး ယင်းအက်ကွဲမှုက နဂါးတစ်ကောင်ကဲ့သို့ တန်းတန်းမတ်မတ် လှုပ်ရှားလာ၏။
နောက်ဆုံးတွင် သည်အက်ကွဲကြောင်းက မျှော်စင်ထိပ်သို့တိုင် ဆန့်ထွက်လာ၍ ပထမမျိုးဆက် ဟင်္သာပြဒါး၏ ပလ္လင်ထိ ရောက်လာခဲ့တော့သည်။
သည်အချိန်မှာပင် အက်ကွဲသံ တစ်ခုနှင့်အတူ ရီဝူယောင် ထိုင်နေသည့် ပလ္လင်က ရုတ်တရက် ပြိုကျလို့သွား၏။ ရီဝူယောင်၏ ခန္ဓာကိုယ်ကတော့ အက်ကွဲ တုန်ခါမှုများနှင့်အတူ ဖုန်မှုန့်အဖြစ်သို့ ပြောင်း၍ ပျောက်ကွယ် သွားလေတော့သည်။
ဝမ်လင်း မျက်လုံးသူငယ်အိမ် ရုတ်တရက် ကျုံ့မိသွား၏။
သည်အချိန်တွင် သူသာမက ယွမ်ချွဲဇီ၊ အဘိုးအိုနှင့် မျောက်လေးတို့်သည် တိုက်ခိုက်နေရာမှ ရပ်တန့်သွားကြပြီး ရီဝူယောင် ဖုန်မှုန့်အဖြစ်သို့ ပြောင်းသွားသော နေရာသို့ စူးစိုက်ကြည့်လို့ နေလေ၏။
ထိုဖုန်မှုန့် ထဲကနေ လက်သီး တစ်ဝက်ခန့် အရွယ်ရှိ အဖြူရောင် သလင်းကျောက်က မျောလွင့်လို့လာသည်။
ဝမ်လင်းက သည်အဖြူရောင် သလင်းကျောက်ကို မြင်လိုက်သည့် အချိန်တွင် သူက သူ့စိတ်ဝိညာဉ်နှင့် ချိတ်ဆက်မှု တစ်ခုကို ခံစားမိလိုက်တော့၏။
“ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက် …” ယွမ်ချွဲဇီက အသက်ဝဝ ရှူသွင်း၍ တစ်ဟုန်ထိုး ထိုးတက်သွားလေ၏။ သို့သော် အဘိုးအိုနှင့်အတူ မျောက်လေးက သူ့ထက်ပင် မြန်လို့နေသေး၏။
သည်အချိန်တွင် ဝမ်လင်းက လုံလောက်အောင် နီးကပ်နေခြင်း မရှိသည့်အပြင် သူက သူတို့ နှစ်ယောက်ထက်လည်း ပိုမမြန်ဆန်ပေ။ ထို့ကြောင့် သူက အံတင်းတင်းကြိတ်၍ သူ့ကိုယ်သူ စိတ်ဝိညာဉ် အလံနှင့် ဝန်းရံကာ စင်္ကြံအနီးသို့ တစ်ဟုန်ထိုး ပျံသန်းသွားတော့သည်။
ဝမ်လင်းက သူ့ခုလက်ရှိ ခွန်အားနှင့် ယွမ်ချွဲဇီကော တာ့ဆန် ထိန်းချုပ်ထားသည့် အဘိုးအိုကိုပါ ယှဉ်နိုင်စွမ်း မရှိသည်ကို သိပေသည်။ တကယ်တော့ သူက သည်သလင်းကျောက်ကို ရအောင် လုပ်နိုင်ခဲ့မည် ဆိုလျှင်ပင် သူ့ စိတ်ဝိညာဉ် အပိုင်းအစကို ထုတ်ယူရန် အချိန်ရှိမည် မဟုတ်ဘဲ သူ့အပေါ်သို့ ဘေးကပ်ဆိုး တစ်ခု ဖိတ်ခေါ်လိုက်သလိုသာ ဖြစ်သွားပေလိမ့်မည်။
သက်ပြင်းချ၍ ဝမ်လင်းက စင်္ကြံရှိရာသို့ လျင်မြန်စွာ ပျံသန်းလာတော့သည်။
အဘိုးအိုက ပို၍ နီးကပ်လာသည်။ ဖျတ်ခနဲ သူက သလင်းကျောက်ကို ဆွဲယူကာ ရယ်မောလိုက်သည်။ “ ဒီအရှင်က မကြာခင် လွတ်မြောက် လာနိုင်တော့မယ် …”
သို့ရာတွင် သူက သည်သလင်းကျောက်ကို ဖမ်းကိုင်လိုက်မိသည့် အခိုက်တွင် သူ့အသွင်က ရုတ်တရက် ပြောင်းလဲသွားပြီး ရယ်မော နေရာကနေ ရပ်တန့်လို့သွား၏။ သူ့အသွင်က မယုံကြည်နိုင်ဟန် ဖြစ်ပေါ်လို့နေသည်။ သူက သလင်းကျောက်ကို ထုတ်ယူရန် ပြင်လိုက်စဉ်မှာပင် သူ့ခန္ဓာကိုယ်က တုန်ခါသွား၍ အခိုးအငွေ့ အဖြစ်သို့ ပြောင်းက အဖြူရောင် သလင်းကျောက်ထဲသို့ ဝင်ရောက် သွားလေတော့သည်။
သည်အရာများ အားလုံးက အလွန် လျင်မြန်စွာ ဖြစ်ပျက် သွားခဲ့ခြင်းပင်။ မျက်စိတစ်မှိတ် အတွင်း အဘိုးအိုက ပျောက်ကွယ်လို့ သွားလေတော့သည်။ ကျန်ခဲ့သည့် အရာဆို၍ အနီရောင် အလင်းတန်း တစ်ခုသာ ရှိ၍ ၎င်းအလင်းတန်းက မျောက်လေးနှင့် သွားရောက် ပေါင်းစပ်လေတော့သည်။
မျောက်လေးက ရယ်မောလိုက်သည်။ သူ့ခွန်အားက ရုတ်တရက် တိုးလာခဲ့သည် မဟုတ်လား။ သူ့ခွန်းအားက ခုဆိုလျှင် ယွမ်ချွဲဇီနှင့် အတူတူ ဖြစ်နေပေပြီ။ သူက အာဏာတက်ခြင်း နောက်ဆုံးအဆင့် တစ်ယောက်၏ စွမ်းအားကို ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်သည်။
မျောက်လေးက သလင်းကျောက်နှင့် အလွန် နီးကပ်နေသော်လည်း ၎င်းက အနည်းငယ် တုံ့ဆိုင်းကာ လှမ်းဖမ်းယူခြင်း မပြုပေ။
ထိုအချိန်မှာပင် ယွမ်ချွဲဇီက ရောက်ရှိလာပြီး ဆန့်တန်းလိုက်၏။ သို့သော် သူက နာကျင်စွာ ညည်းညူ လိုက်ရပြီး သူ့ခန္ဓာကိုယ်ကနေ အဖြူရောင် အခိုးငွေ့တစ်ခု ထွက်ပေါ်လာခဲ့လေသည်။ သူက သလင်းကျောက်ကို အကြောက်အလန့် လွှတ်ချလိုက်၏။ ကံကောင်းစွာဖြင့် သူက ၎င်းကို တိုက်ရိုက် မထိမိသေးခြင်းပင်။ မဟုတ်လျှင် သူက ကြောက်မက်ဖွယ် ကံကြမ္မာကနေ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
သည်ပြောင်းလဲမှုကြောင့် ယွမ်ချွဲဇီနှင့် မျောက်လေးတို့က ခက်ခဲသော အခြေအနေ၌ ကျရောက်သွားသည်။
သည်အခိုက်တွင် အဖြူရောင် သလင်းကျောက်က ရုတ်တရက် တေးသံတစ်ခု ထုတ်လွှတ်လာပြီး ယွမ်ချွဲဇီထံသို့ တိုးဝင်လာသည်။ ယွမ်ချွဲဇီအသွင်က ကြီးစွာ ပြောင်းလဲသွားပြီး ၎င်းကို ရှောင်၏။ ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက်က ယွမ်ချွဲဇီကို ဖြတ်ကျော်ကာ ဝမ်လင်းထံသို့ ဆက်၍ တိုးဝင်လာသည်။
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်လို့သွားသည်။ သူက အဘိုးအိုသည် မည်သို့ဖြစ်ပျက် သွားခဲ့သည်ကို မြင်တွေ့ခဲ့ပြီး ဖြစ်၏။ ထို့ကြောင့် သူက မြန်သထက်မြန်အောင် စင်္ကြံလမ်းသို့ ပျံသန်းတော့သည်။ သူ့ပတ်လည်၌ စိတ်ဝိညာဉ်အလံ ဝန်းရံထားမှုကြောင့် သူ့အမြန်နှုန်းက ပုံမှန်ထက် အဆများစွာ ပိုမြန်လာခဲ့သည်။
စင်္ကြံလမ်းက ဖြောင့်ဖြောင့်တန်းတန်း မဟုတ်ဘဲ ကွေ့ကောက်မှု အချို့ ရှိနေသည်။ သို့သော် သည်သလင်းကျောက်က ကိုယ်ပိုင်အသက် ရှိသည့်အလား ထင်မှတ်ရပြီး ဝမ်လင်းနောက်သို့ အလျှော့မပေးဘဲ လိုက်လံ ဖမ်းဆီးလေသည်။
ယွမ်ချွဲဇီ မျက်နှာက သုန်မှုန်လို့ သွားသည်။ သူက ၎င်းနောက်သို အလျင်အမြန် လိုက်၏။
မျောက်လေးကလည်း ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက်နောက်သို့ လိုက်ပါသွားတော့သည်။
မျက်စိတစ်မှိတ် အတွင်း မျှော်စင်ပတ်လည်၌ မည်သူ့မျှ မရှိတော့ချေ။ သည်အခိုက်အတန့် လေးမှာပင် မျှော်စင်ထက်၌ ခရမ်းရောင် အလင်းတစ်ခုက စုဝေးလာပြီး အပြင်ဘက်မှာ မျက်နှာဖုံး စွပ်ထားသည့် လူ၏ အသွင်သို့ ပြောင်းလဲသွားတော့သည်။
သူက စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်နေ၏။ သို့သော် သူ့မျက်လုံးများက ချက်ချင်းပင် ပြန်ရှင်းလင်း သွားတော့သည်။ “ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက်က ပြိုကျပျက်စီး လာနေပြီ။ ဒီကျူးချွဲဇီက တကယ့်ကို ရဲတင်းတာပဲ …”
ဝမ်လင်းက ပျံသန်းလာနေရင်း အဖြူရောင် သလင်းကျောက်က သူ့နောက်ကနေ ကပ်၍ လိုက်ပါလာနေသည်။
သလင်းကျောက်က မြန်သထက် မြန်လာခဲ့သည်။ ၎င်းက နီးကပ်လို့လာ၏။ သူနှင့် ပေသုံးဆယ် အတွင်းသို့ ရောက်သည့်အခါ ဝမ်လင်းက ရုတ်တရက် နောက်သို့ ပြန်လှည့်လိုက်၏။ သည့်နောက်သူက ချိပ်တံဆိပ် တစ်ခုကို ထုတ်ဖော်၍ သူ့ခန္ဓာကိုယ်ထဲသို ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များ ဖြည့်တင်း၍ လေပြင်းတစ်ခုကို သလင်းကျောက်ထံသို့ ပို့လွှတ် လိုက်လေတော့သည်။
***