ပိုင်ရှောင်ချန်း နောက်သို့ ဆုတ်လိုက်ချိန်တွင် သူ၏ ထာဝရအသက်ရှည်နည်း ပညာရပ်သည် လှုပ်ရှား အသက်ဝင်လာကာ သွေးရောင်သော့မှ သွေးချီများကို စုပ်ယူပြီး သူ့ခန္ဓာကိုယ်ထဲတွင် မိုးခြိမ်းသံကဲ့သို့ ပြင်းထန်သော မြည်ဟည်းသံများ ဖြစ်ပေါ်လာလေသည်။
ထိုအချိန်တွင် သူ့နောက်မှ ဝိညာဥ်ရိုင်းကိုးကောင်မှာ ဟိန်းဟောက်လျက်ရှိနေပြီး ဆယ်ကောင်မြောက် ဝိညာဥ်ရိုင်းသည် ပုံပေါ်စပြုလာကာ ပိုင်ရှောင်ချန်း၏ အပြင်အားကို တဟုန်ထိုး မြင့်တက်သွားစေသည်။
သွေးမြေရိုင်းထဲတွင် ရှိရမည့် သော့ခုနစ်ချောင်းတွင် ခြောက်ချောင်းကို ပိုင်ရှောင်ချန်းက စုပ်ယူသွားခဲ့သည်။ ယခုအချိန်တွင် ပိုင်ရှောင်ချန်းသည် ခပ်လှမ်းလှမ်း ပထမသော့မှ ထုတ်လွှတ်နေသော အငွေ့အသက်များကို သိသာစွာ ခံစားနေရပြီ ဖြစ်သည်။
တစ်ခုလုံးပေါ်လာရန်မှာ သော့ခုနစ်ချောင်းလုံး လိုအပ်ပုံပေါ်သည်။
သို့သော်လည်း ပိုင်ရှောင်ချန်းသည် နောက်သို့ အမြန်ဆုတ်နေရသဖြင့် ကြာကြာမတွေးအားပေ။
စုန့်ကျိမ်း၏ ဒေါသမှာ ဖော်ပြ၍ မရနိုင်သည့် အခြေအနေထိ ရောက်ရှိသွားပေပြီ။ သူသည် လုံးဝခက်ထန်ကြမ်းကြုတ်သည့် မျက်နှာအမူအရာဖြင့် အော်ဟစ်ကာ ပိုင်ရှောင်ချန်းဆီသို့ အလင်းတန်းအသွင်ဖြင့် ဝင်သွားလေ၏။ တချိန်တည်းမှာပင် သူသည် ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခုကို ဖော်ကာ သွေးရောင်မဟာဓါးကို ဆင့်ခေါ်ကာ အနီးသို့တိုးကပ်၍ ခုတ်ရန် ဟန်ပြင်လိုက်သည်။
ထို့နောက် သူသည် အခြေခိုင်မာခြင်းအဆင့် မဟာစက်ဝိုင်း၏ ကျင့်ကြံခြင်းအခြေခံစွမ်းအား အပြည့်အဝထုတ်ကာ ဓါးကို ခုတ်ချလိုက်သည်။ ဓါးသည် လေထုကို ပိုင်းဖြတ်သွားစဥ် လျင်မြန်စွာ ကြီးမားလာပြီး မီတာ၃၀အထိ ရှည်လျားသွားလေသည်။ ဓါးသည် ပိုင်ရှောင်ချန်းကို ပိုင်းဖြတ်လိုက်ချိန်တွင် လေထုမှာ တွန့်ကွေးသွားပြီး ကောင်းကင်ယံတွင် မြည်ဟည်းသံများ ပြည့်နှက်သွားလေသည်။
ပိုင်ရှောင်ချန်း၏ ဦးရေပြားမှာ ကျဥ်ခဲလာပြီး ပေါက်ကွဲထွက်တော့မည်ဟု ခံစားနေရသည်။ အခြေအနေကို စဥ်းစားသုံးသပ်ရန် အချိန်မရှိပေ။ သူသည် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်ကာ သူ၏ အပြင်အား၊ ကျင့်ကြံခြင်း အခြေခံစွမ်းအားနှင့် ပုံဆောင်ခဲအသွင်စိတ်စွမ်းအင်ပင်လယ်၃စင်းကို ခေါ်ယူလိုက်သည်။ အလွန်ကြီးမားလှသော လှိုင်းဂယက်များ ပေါ်ထွက်လာပြီး ထာဝရအသက်ရှည်နည်း ပညာရပ်သည် လှုပ်ရှားလာကာ စစ်မှန်သော ထာဝရသွေးသည် လှည့်ပတ်လျက် ပွင့်ထွက်လာခဲ့သည်။
ထိုထာဝရသွေးမှာ ချက်ချင်းပင် ကြီးမားလှသော ဓါးတစ်ချောင်းအသွင်သို့ ကျယ်ပြန့်သွားပြီး ပိုင်ရှောင်ချန်းသည် လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် စုန့်ကျိမ်း၏ ဓါးကို ခုခံရန် ကိုင်မြှောက်လိုက်လေသည်။
ဘုန်း…
ပိုင်ရှောင်ချန်းသည် နောက်သို့ ယိုင်သွားကာ ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။ စုန့်ကျိမ်းသည်လည်း ယိမ်းယိုင်သွားပြီး သူ၏ ချီနှင့် သွေးများသည် ခန္ဓာကိုယ်ထဲတွင် တုန်ခါနေတော့သည်။ သူသည် နောက်တစ်ကြိမ်ထပ်တိုက်ရန် ပြင်လိုက်စဥ်မှာပင် ပိုင်ရှောင်ချန်းသည် နှုတ်ခမ်းမှ သွေးများကို သုတ်၍ ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်ကာ ညာဘက်လက်ကို စုန့်ကျိမ်းဆီသို့ ဝှေ့ယမ်းလိုက်သည်။
လူသားထိန်းချုပ်နည်း မဟာမှော်ပညာရပ်…
ယခုကဲသို့ အသက်ဘေးနီးနေချိန်၌ပင် ပိုင်ရှောင်ချန်းသည် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ မှော်ပညာရပ်များကို တစ်ခုမှ ထုတ်မသုံးခဲ့ပေ။ သူသည် လူသားထိန်းချုပ်နည်း မဟာမှော်ပညာရပ်ကို သူကိုယ်တိုင် တီထွင်ခဲ့သည့်အပြင် မပြည့်စုံသေးသော်လည်း အဖက်ဖက်တွင် တမူထူးခြားဆဲပင်ဖြစ်သည်။ သူသည် ထိုနည်းကို ထုတ်သုံးလိုက်ချိန်တွင် စုန့်ကျိမ်းသည် တကျွိကျွိမြည်သံကြားတွင် ရပ်တန့်သွားလေသည်။ သူသည် စဥ်းစားမနေတော့ဘဲ သူ၏ ကျင့်ကြံခြင်းအခြေခံကို အပြည့်အဝထုတ်သုံးလိုက်ရာ သူ၏ အဝတ်အားလုံး အပိုင်းပိုင်းပြတ်သွားတော့သည်။
သူ့ခန္ဓာကိုယ်ကို ဖုံးကွယ်ထားသော အဝတ်အားလုံးမှာ ပျက်စီးသွားပြီး လေကတဟူးဟူး ထိတွေ့တိုက်ခတ်နေလေသည်။
စုန့်ကျိမ်းသည် ပါးစပ်အဟောင်းသားဖြစ်သွားပြီး မျက်လုံးများ ပြူးထွက်လာသည်။ သူ့ကိုယ်သူ ငုံ့ကြည့်လျက်မှ ရုတ်တရက် စူးစူးဝါးဝါးအော်ဟစ်လိုက်ရာ သွေးမြေရိုင်းတစ်ခုလုံး ပျံ့နှံ့သွားလေသည်။
“ညမုဆိုး…ငါမင်းကို ရအောင် သတ်မယ်ကွ။” ဒေါသကြောင့် တဆတ်ဆတ်တုန်နေလျက် အဝတ်တစ်စုံကို ထုတ်ဝတ်ပြီး ထပ်မံတိုက်ခိုက်ရန် ပြင်ဆက်လိုက်သည်။ သို့သော် ဖြစ်ပျက်သွားသည့် ခဏတာတွင် ပိုင်ရှောင်ချန်းသည် ပေါက်ကွဲသည့်အလား အရှိန်မြှင့်လိုက်ရာ အတန်ငယ်ဝေးသော နေရာသို့ ရောက်သွားသည်။ ပိုင်ရှောင်ချန်းသည် စိတ်ပူပန်နေပုံပေါက်ကာ သနားစဖွယ်ကောင်းနေပေသည်။ အကြောင်းကြောင်းကြောင့် ဤသွေးသခင်နတ်မီးလျှံစမ်းသပ်ပွဲမှာ ပုံမှန်နတ်မီးလျှံစမ်းသပ်ပွဲပုံစံ မပေါက်တော့ပေ။ အားလုံးက ပိုင်ရှောင်ချန်းကို သတ်ရန် ထွက်လာသည့်ပွဲတစ်ခုအလား ဖြစ်သည်။
“နောက်ထပ်၂နာရီပဲ။ ငါနောက်ထပ်၂နာရီပဲ တောင့်ခံနိုင်ရင် ရပြီ။” အံကို ကြိတ်ကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ ထိုအချိန်မှာပင် ပထမသွေးရောင်သော့သည် အမှန်ပင် သူနှင့် နီးကပ်လာနေသည်ကို သိလိုက်ရသည်။
“အိုး…မလုပ်ပါနဲ့။ မဖြစ်ဘူး…” ဟု တွေးလိုက်မိကာ ဦးရေများ ကျဥ်တက်သွားသည်။ ထိုသော့နောက်သို့ လိုက်ရန် အားလုံးကို အာရုံလွှဲခဲ့ရသည်မှာ မလွယ်ကူပေ။ စုန့်ကျိမ်းမှာ သူ့နောက်သို့ လိုက်နေသော်လည်း ကျန်လူအားလုံးမှာ ထိုသော့တစ်ချောင်းအတွက် သတ်ချင်ဖြတ်ချင်စိတ်အပြည့်ဖြင့် တ်ုက်ခိုက်လျက်ရှိသည်။
“ဝေးဝေးကို သွားစမ်းပါ။ ငါ့နားကို မလာပါနဲ့…” မျက်လုံးထဲတွင် မျက်ရည်များ ပြည့်တက်လာသည်။ ထိုသော့ကို စုပ်ယူ၍ သူ၏ ထာဝရကောင်းကင်ဘုရင်ကို အဆင့်မြှင့်နိုင်လျှင်တောင်မှ အားလုံးက သူ့ကို သတ်ရန် ကြိုးစားကြမည်ဟု တွေးကြည့်လိုက်လျှင် သူ၏ အသက်ကို စတေးပစ်ရန် ဆန္ဒမရှိပေ။ တုန်လှုပ်စွာဖြင့် ဦးတည်ချက်ပြောင်းကာ သော့နှင့် ဝေးရာသို့ ထွက်ပြေးလိုက်သည်။သို့သော်လည်း ထိုအချိန်မှာပင် သော့သည် မယုံကြည်စရာကောင်းလောက်အောင် ရုတ်တရက် အရှိန်မြှင့်လာရာ ပိုင်ရှောင်ချန်းမှာ လေကိုဖြတ်သန်းလာသော တဝီဝီမြည်သံကိုပင် ကြားနေရလေသည်။
” ငါ့နားကိုမလာပါနဲ့…”
သူသည် အရှိန်ထပ်မြှင့်ကာ ရှေ့သို့ တဟုန်ထိုး ပြေးသွားသည်။ သူသည် သွေးမြေရိုင်းကို ဖြတ်သန်းရာ အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းစာမျှကြာချိန်တွင် စုန့်ကျိမ်းသည် မီလုမီခင် ဖြစ်လာလေသည်။ ထို့နောက် ရှေ့တွင် သွေးရောင်အလင်းတိုင် ပေါ်ထွက်လာပြီး သူ့ဆီသို့ တည့်တည့်ကြီး ဦးတည်လာတော့သည်။ ထိုအရာမှာ အခြားမဟုတ်။ သွေးရောင်သော့ပင် ဖြစ်ပေသည်။
“မလုပ်ပါနဲ့…”
သူသည် ငိုသံပါကြီးဖြင့် အော်ဟစ်လိုက်သည်။ ထိုသော့သည် အစောဆုံးပေါ်လာသော သော့ဖြစ်ပြီး နောက်မှ ဒါဇင်နှင့် ချီသည့် ဓမ္မစောင့်ရှောက်သူများသည် အမြန်ဆုံးအရှိန်ဖြင့် လိုက်ပါလာကြသည်။ သော့ကို မူလက ရွှယ်မေ့၏ ဓမ္မစောင့်ရှောက်သူများထဲမှ တစ်ယောက်က ရထားခြင်းဖြစ်သည်။ သို့သော်လည်း ပိုင်ရှောင်ချန်း စီစဥ်လိုက်သည့်အတိုင်း နတ်မီးလျှံစမ်းသပ်ပွဲမှ ကျန်လူအားလုံးသည် ထိုသော့အတွက် တိုက်ခိုက်နေကြရာ ထိုအချိန်ကတည်းက လက်ပေါင်းများစွာ ပြောင်းခဲ့ပြီ ဖြစ်သည်။ နတ်မီးလျှံစမ်းသပ်ပွဲ ပြီးဆုံးခါနီးတွင် စုန့်ချွဲရသွားခြင်းဖြစ်သည်။ သို့တိုင်အောင် ထူးဆန်းသော အကြောင်းတစ်ခုကြောင့် သူဆုပ်ကိုင်ပြီးချိန်မှာပင် သော့သည် စွမ်းအားများ မြင့်တက်လာပြီး လက်ထဲမှ ပျံထွက်ကာ အဝေးသို့ ပြေးသွားလေသည်။ အခြားသော ဓမ္မစောင့်ရှောက်သူများမှာ အံ့ဩသွားကြသော်လည်း တွေးနေရန် အချိန်မရှိပေ။ သူတို့အချင်းချင်း တိုက်ခိုက်နေသည်များကို ရပ်တန့်လိုက်ကြကာ သော့နောက်သို့ လိုက်လာကြသည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းနောက်သို့ ဒေါသတကြီး လိုက်နေသော စုန့်ကျိမ်းကို တွေ့လိုက်ရသည်။ သော့သည် အရှိန်မြှင့်ကာ ပိုင်ရှောင်ချန်းဆီသို့ ဦးတည်နေပြီး မျက်စိတစ်မှိတ်အတွင်း သူမည်သို့မျှ မတတ်နိုင်မီမှာပင် သော့သည် နဖူးထဲသို့ တိုးဝင်သွားလေသည်။
“ညမုဆိုး…. ”
စုန့်ချွဲသည် မျက်လုံးများ နီရဲကာ အော်ဟစ်လိုက်သည်။
“ညမုဆိုး မလုပ်နဲ့…”
“သေစမ်း ညမုဆိုး မ-မ-မင်း…”
ရွှယ်မေ့၏ အဖွဲ့၊ စုန့်ကျင်းဝမ်၏ အဖွဲ့ ၂ခုလုံးမှ ဓမ္မစောင့်ရှောက်သူအားလုံးမှာ ရူးတော့မတတ်ဖြစ်နေကြသည်။ မကြာသေးမီက အချင်းချင်း တိုက်ခိုက်နေကြသော်လည်း ယခုမူ ပိုင်ရှောင်ချန်းကြောင့် လူသတ်တော့မည့် အငွေ့အသက်များ ထွက်ပေါ်လာပြီး မျက်လုံးများလည်း နီရဲနေကြသည်။ ပိုင်ရှောင်ချန်းသည် တုန်လှုပ်ကာ မျက်ရည်များ ကျတော့မတတ်ဖြစ်နေသည်။
နတ်မီးလျှံစမ်းသပ်ပွဲဆိုသည်မှာ ဤသို့ ဤပုံ ဖြစ်ရမည် မဟုတ်ပေ။ စုန့်ကျင်းဝမ်နှင့် ရွှယ်မေ့သည်လည်း အလားတူပင် ခံစားနေရသည်။ နှစ်ယောက်လုံးမှာ လေထဲတွင် တိုက်ခိုက်နေဆဲဖြစ်သော်လည်း ကို့ရိုးကားရား အခြေအနေကြောင့် အံ့အားသင့်နေကြပြီဖြစ်သည်။ ပိုင်ရှောင်ချန်းသည် နောက်ဆုံးသော့ကို စုပ်ယူလိုက်ပြီဖြစ်ရာ သူတို့သည် ယခုအချိန်တွင် မည်ကဲ့သို့ ဆက်လုပ်ရမည် မသိတော့ပေ။ ခဏအကြာတွင် သူတို့သည် တိုက်ခိုက်ခြင်းကို ရပ်လိုက်ကာ ပိုင်ရှောင်ချန်းဆီသို့ လှည့်၍ အရှိန်မြှင့်ကာသွားကြလေသည်။
” ဒါက သွေးသခင်အတွက် နတ်မီးလျှံစမ်းသပ်ပွဲမဟုတ်ဘူး။ ငါ့ကို သတ်ဖို့အတွက် နတ်မီးလျှံစမ်းသပ်ပွဲပဲ..” အံကို ကြိတ်ကာ ချက်ချင်းပင် ထွက်ပြေးတော့သည်။ သွေးမြေရိုင်းထဲမှ အားလုံးအတွက် မျှော်လင့်ချက် ရောင်ခြည်လေးကိုယခုလေးတင် ပိုင်ရှောင်ချန်းက စုပ်ယူလိုက်ပြီဖြစ်သည်။ ယခုချိန်တွင် သော့တစ်ချောင်းမှ မကျန်ရှိတော့ပေ။
ဤကမ္ဘာ၏ နိယာမများအရဆိုလျှင် ဓမ္မစောင့်ရှောက်သူ၁ယောက်မှ ရှေးဟောင်းသွေးလမ်းပေါ်သို့ ခြေချခွင့် ရမည်မဟုတ်ပေ။ သို့သော်လည်း ကြောက်စရာအကောင်းဆုံးအချက်မှာ ၂ဖွဲ့လုံးကို အရှုံးဟုသတ်မှတ်လိုက်ခြင်းဖြစ်သည်။ ထိုသို့ဆိုပါက ၁၄နာရီကုန်ဆုံးသွားပြီးလျှင် အားလုံး အသတ်ခံရနိုင်ခြေရှိပေသည်။ ဤကပ်ဘေးဆိုးကြီးကို ဖြစ်ပေါ်စေခဲ့သည့် တရားခံမှာ ပိုင်ရှောင်ချန်းပင် ဖြစ်သည်။ နှစ်ဖက်စလုံး၏ ပိုင်ရှောင်ချန်းအပေါ် အမုန်းတရားမှာ ဖော်ပြ၍ မရနိုင်အောင်ဖြစ်ကာ အများစုသည် ဒေါသထွက်လွန်းလှသဖြင့် ဤကမ္ဘာ၏ အဆုံးသတ်ခြင်းကို မခံစားရမီ လုပ်ချင်သည့် တစ်ခုတည်းသောအရာမှာ ပိုင်ရှောင်ချန်းကို သတ်ရန်သာဖြစ်သည်။
ထိုအခိုက်တွင် အခြား မည်သည့်အရာမှ အရေးမပါတော့ပေ။ ဂိုဏ်းအကြောင်း၊ အနာဂတ်အကြောင်းသာမက ကြုံတွေ့ဖွယ်ရှိသည့် အပြစ်ဒဏ်များထိ ဘာတစ်ခုမျှ အရေးမပါတော့ပေ။ သူတို့သည် ထိုအချက်များကို မေ့ထားလိုက်ပြီး ပိုင်ရှောင်ချန်းကို သတ်ရန်သာ အာရုံစိုက်လိုက်ကြသည်။
ကျင့်ကြံသူသုံးယောက်သည် ချက်ချင်းပင်အစွမ်းထက်မှော်ရတနာများကို ထုတ်သုံးလိုက်ရာ တုန်ခါမြည်ဟည်းသံများ ထွက်ပေါ်လာလေသည်။ မှော်ပညာရပ်များမှ ရောင်စုံအလင်းရောင်များ ပေါ်ထွက်လာပြီး နတ်ဘုရားစွမ်းရည်များကို ထုတ်လွှတ်လိုက်ကြရာ ပေါက်ကွဲသံများလည်း ထွက်ပေါ်လာသည်။ အမျက်ဒေါသကို ပုံစံအမျိုးမျိုးဖြင့် ပိုင်ရှောင်ချန်းဆီသို့ ပုံချလိုက်ကြသည်။
ပိုင်ရှောင်ချန်းသည် အမြီးတက်နင်းခံလိုက်ရသော ယုန်ကဲ့သို့ တန်းနေအောင် ထွက်ပြေးတော့သည်။ သူပြေးနေစဥ်တွင် တချို့မှာ ညမုဆိုးသည် ယခုကဲ့သို့ ထွက်ပြေးခြင်းမျိုးနှင့် ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်မည်ဟု ထူးထူးဆန်းဆန်း ခံစားနေမိသည်။ သူလှုပ်ရှားသမျှသည် နတ်ဘုရားစွမ်းရည်များနှင့် မှော်ပညာရပ်များကို ရှောင်ရှားရန် ဖြစ်သည့်အပြင် အမှန်တွင် သူသည် မြန်သထက်မြန်အောင် ပြေးနေတော့သည်။
ပိုင်ရှောင်ချန်းသည် ဖြစ်ပျက်နေသည်များနှင့် ရင်းနှီးနေရခြင်းမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ရှိစဥ်က သူဖန်တီးခဲ့မိသော ကပ်ဆိုးကြီးများကြောင့် ယခုကဲ့သို့ အခြေအနေများကြုံတွေ့ခဲ့ရခြင်းကြောင့် ဖြစ်သည်။ ယခုအချိန်တွင် သူသည် နောက်မှ အလိုက်ခံရခြင်းကို အတော်ရင်းနှီးနေပြီဖြစ်ကာ အမှန်တွင် သူသည် အလိုအလျောက်ပင် တုံ့ပြန်ပြီးသားဖြစ်သည်။
သူပြေးနေစဥ်မှာပင် ခန္ဓါကိုယ်ထဲမှ မြည်ဟည်းသံများ ထွက်ပေါ်လာကာ ထာဝရ အသက်ရှည်နည်းပညာရပ်သည် ဆက်လက် လှုပ်ရှားနေခဲ့သည်။ သော့များမှ သွေးချီသည် ဝိညာဥ်ရိုင်းဆယ်ကောင်ကို ပေါ်ထွက်လာစေပြီး သူတို့သည် လျင်မြန်စွာပင် ပေါင်းစည်းသွားကြသည်။
ဝိညာဥ်ရိုင်းများ ပေါင်းစပ် ကြီးထွားလာချိန်တွင် သူ၏ အငွေ့အသက်မှာလည်း ပို၍ စွမ်းအားကြီးမားလာခဲ့သည်။ အမွှေးတိုင်တစ်ဝက်လောင်ကျွမ်းစာ ကြာပြီးနောက် သူ့ထဲမှ ပြင်းထန်သော မြည်ဟည်းသံကြီး ထွက်ပေါ်လာရာ နေရာတွင် ရုတ်တရက် ရပ်တန့်လိုက်ရသည်။
ထိုအခိုက်အတန့်တွင် ဝိညာဥ်ရိုင်း၁၀ကောင်သည် လုံးဝပေါင်းစည်းကာ တစ်သားတည်း ဖြစ်သွားပြီး ကျယ်လောင်သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာလေသည်။
“ဒါက ဝိညာဥ်ဆယ်ကောင် ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်ပဲ ”
သူရေရွတ်လိုက်စဥ် မျက်လုံးသည် ထူးဆန်းသော အလင်းရောင်ဖြင့် တောက်ပသွားကာ သူ့ကိုယ်ထဲမှ ကောင်းကင်နှင့် ကမ္ဘာမြေကို လှုပ်ခတ်သွားစေသည့် စွမ်းအင်များပေါက်ကွဲထွက်ပေါ်လာခဲ့သည်။