Switch Mode

အပိုင်း (၅၀၇)

သတ်ဖြတ်လိုမှု စိတ်ဆန္ဒ

ဝမ်လင်း မျက်လုံးများက လက်ခနဲ ဖြစ်သွားလေ၏။ သူက ရွှေရောင်ချပ်ဝတ်နှင့် ဗလတောင့်တောင့် လူကြီး၏ တိုက်ခိုက်မှုကို အာဏာ တက်ခြင်းအဆင့် စိတ်ဝိညာဉ်ကို မထုတ်ဖော်လျှင် ခုလက်ရှိ သူ့ကျင့်ကြံမှု အဆင့် ခုခံနိုင်မည် မဟုတ်မှန်း သိလေ၏။

သည်အချိန်၌ ချန်းဖန်နှင့် လျိုမေတို့သည်လည်း မျက်မှောင်ကြုတ်မိ နေသည်။ ရှင်းလင်းစွာပင် သူတို့နှစ်ယောက်လည်း သည်အခြင်းအရာကို မြင်နိုင်စွမ်း ရှိကြပေ၏။

ချန်းဖန်မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက ရုတ်တရက် ပြောလိုက်သည်။ “စန်နူး … ငါတို့သုံးယောက် ပေါင်းပြီး ဒီဓားစွမ်းအင်ကို ခုခံမယ်ဆိုရင်ကော …”

ဝမ်လင်း မျက်လုံးထဲ၌ အေးစက်မှု အရိပ်အငွေ့တို့ ဖြတ်သန်းသွားပြီး သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကောင်းပြီ …”

ချန်းဖန် ဝမ်လင်းအား အကူအညီ တောင်းရခြင်းက သူ့တွင် ရွေးချယ်စရာ မရှိသောကြောင့် ဖြစ်သည်။ သူနှင့် လျိုမေတို့နှစ်ယောက် ပူးပေါင်းလျှင်ပင် သူလူကြီး၏ တိုက်ခိုက်မှုကို ခုခံနိုင်ရန် ယုံကြည်ချက် မရှိသောကြောင့် ဖြစ်လေ၏။ သူတို့က သည်တိုက်ခိုက်မှုကို မခုခံနိုင်လျှင် နန်းတော်ကို ရှာနိုင်စွမ်း ရှိတော့မည် မဟုတ်ချေ။ ယွမ်ချွဲဇီနှင့် အဘိုးအိုတို့က ရှေ့က ဦးဆောင်သွားနှင့်ပြီ ဖြစ်သည်။ သူတို့က ဆက်၍ နှေးကွေးနေလျှင် အတော်လေး နောက်ကျ သွားပေတော့မည်။

ဝမ်လင်းက သူတို့ဘက်တွင် ပူးပေါင်းလျှင်တော့ အောင်မြင်နိုင်သည့် နှုန်းက ပို၍ မြင့်သွားပေလိမ့်သာ ဖြစ်၏။

ချန်းဖန်က ဝမ်လင်းသည် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် အစောပိုင်းတွင်သာ ရှိသေးသော်လည်း သူ့ကို လျှော့တွက်ခြင်း မရှိချေ။ တကယ်တော့ သူစိတ်ထဲ၌ ဝမ်လင်းသည် သူနှင့်ယှဉ် တိုက်နိုင်သည် လူတစ်ယောက်မှန်း ယုံကြည်ထားပြီး ဖြစ်သည်။ သူက ဝမ်လင်း ပိုင်ဆိုင်ထားသည့် စိတ်ဝိညာဉ် ဆယ်သန်းအလံက သူ့ကို သတ်ပစ်နိုင်စွမ်း ရှိသည်ကိုလည်း သိပေ၏။ ထို့ကြောင့် သူက ဝမ်လင်းကို ကြောက်လန့်နေမိခြင်း ဖြစ်သည်။

ထို့ကြောင့်လည်း သူက အနီရောင် လိပ်ပြာအား ဝမ်လင်းကို အချိန်ဆွဲစေခဲ့ခြင်း ဖြစ်သည်။ သို့မှသာ သူက ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက်ကို ဝမ်လင်းနှင့် ရင်ဆိုင်ရန် မလိုဘဲ ရယူနိုင်မည် ဖြစ်သည်။ သို့ရာတွင် သူက စိတ်ဝိညာဉ်တောင်သို့ ရောက်သွားသည့် အချိန်တွင်တော့ သည်သလင်းကျောက်ကို ရရှိရန် သူ့ရှေ့တွင် အတားအဆီးများစွာ ရှိနေကြောင်း သဘောပေါက် သွားခဲ့လေ၏။

သူက ဝမ်လင်းကို သူနှင့်ပထမဆုံး တွေ့ဆုံချိန်က တုန်းကလို အားနည်းသည့် လူတစ်ယောက်ဟု မယူဆတော့ချေ။ ခုချိန်၌ ချန်းဖန်က ဝမ်လင်းသည် သူနှင့်အဆင့်တူသူ တစ်ယောက်ဖြစ်မှန်း မြင်လာခဲ့ပြီ ဖြစ်သည်။ သို့သော်ချန်းဖန် စိတ်ထဲတွင်တော့ ဝင့်ကြွားမှုကတော့ ရှိလို့နေဆဲပင်။

သူ့အမြင်အရ ဝမ်လင်းတွင် စိတ်ဝိညာဉ် ဆယ်သန်းအလံသာ မရှိလျှင် ဝမ်လင်းက သူနှင့်ယှဉ်နိုင်မည် မဟုတ်ဟု ထင်မှတ်ထားလေ၏။

ဝမ်လင်း တုံ့ပြန်မှုကို ကြားပြီးနောက် ချန်းဖန်က အနည်းငယ် စဉ်းစား၍ ပြောလိုက်သည်။ “ရောင်းရင်းစန်နူး … ငါတို့နှစ်ယောက် အရင်ဆုံး သွားမယ်။ အဲဒီနောက်မှာ ငါ့ ဂျူနီယာညီမကို လိုက်ခိုင်းမယ်။ သင် ဘယ်လိုထင်လဲ …”

ဝမ်လင်းမျက်လုံးများက ချန်းဖန်နှင့် လျိုမေကို ကြည့်နေရင်း တည်ငြိမ်လို့နေ၏။ သည်အခိုက်တွင် လျိုမေက သူ့ဘက်သို့ လှည့်လာ၍ ပြုံး၍ စကားပြောဟန် ပြင်လိုက်စဉ်မှာပင် ဝမ်လင်းက ဖြတ်၍ ပြောလိုက်သည်။ “ရှုပ်ထွေးစရာ မလိုဘူး … ငါ အရင်ဆုံးသွားမယ်။ မင်းတို့ နှစ်ယောက် နောက်ကနေ လိုက်ခဲ့ …”

ချန်းဖန်က မှင်တက်လို့သွား၏။ သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားတော့သည်။ အရင်ဆုံး သွားခြင်းက တိုက်ခိုက်မှု၏ စွမ်းအားကို အပြည့်အဝ အရင် ရင်ဆိုင်ခြင်းကို ဆိုလိုနေသည် မဟုတ်လား။ သည်အရာက အလွန်အန္တရာယ် များလေ၏။ ချန်းဖန်က သူတို့နှစ်ယောက် ပေါင်း၍ အတူသွားရခြင်း အကြောင်းက ဝမ်လင်းက နောက်သို့ ပြန်ဆုတ်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်လေသည်။

သူတို့နှစ်ယောက် အတူသွားလျှင် ဝမ်လင်းက တိတ်တဆိတ် တိုက်ခိုက်မည် ဆိုလျှင်ပင် သူက စိုးရိမ်စရာ မလိုတော့ချေ။

သူက ဝမ်လင်း အရင်သွားမည် ဆိုသည့် စကားကို ကြားလိုက်ချင်းချင်း အနည်းငယ် သံသယဝင်သွား၏။ သို့ရာတွင် သည်အချိန်က အများကြီး စဉ်းစားနေရမည့် အချိန်မဟုတ်ပေ။ ထို့ကြောင့် သူကပြောလိုက်သည်။ “ဒီလိုဆိုတော့လည်း … ရောင်းရင်းစန် အပေါ် မူတည်နေပြီပေါ့ …”

လျိုမေက အနည်းငယ် မျက်မှောင်ကြုတ် သွားသည်။ သူမက တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားမိနေသည်။ သူမက အနည်းငယ် တွေးတော၍ ဝမ်လင်းထံသို့ ကြည့်လိုက်သည်။

တမ်လင်းက သူမကို ကြည့်ပင်မကြည့်ဘဲ ရွှေရောင်ချပ်ဝတ်နှင့် လူကြီးထံသို့ ဦးတည်ပျံသန်း သွားတော့သည်။ ချန်းဖန်နှင့် လျိုမေတို့က သူမနောက်ကနေ လိုက်ပါသွားကြသည်။ သူတို့သုံးယောက် အစီအရင်တစ်ခု အသွင်ဖြစ်ပေါ်၍ ရှေ့သို့ ပျံသန်းသွားတော့သည်။

သူတို့သုံးယောက် နီးကပ်လာသည့် အခိုက်တွင် ရွှေရောင်ချပ်ဝတ်နှင့် ဗလတောင့်တောင့် လူကြီးမျက်လုံးက အလေးအနက် ဖြစ်လာပြီး သူ့လက်ကို မြှောက်လိုက်သည်။ တောက်ပသော အလင်းများက သူ့လက်ထဲရှိ ရွှေရောင်ဓားပေါ်၌ စုဝေးလာကြသည်။

သည့်နောက် သူက ဓားကို ကြမ်းကြုတ်စွာ လွှဲခုတ်ချ လိုက်တော့သည်။

ပေတစ်ရာခန့် ရှိသည့် ဓားစွမ်းအင်လှိုင်းက ချက်ချင်းပင် နီးကပ်လာခဲ့ပြီး သည်ဓားချက် နောက်၌ လေထု ပေါက်ကွဲသံများပင် လိုက်ပါလာခဲ့သည်။

၎င်းဓားစွမ်းအင် လှိုင်းက လျင်မြန်စွာ ရွေ့လျားလာပြီး ချက်ချင်း သက်ဆင်းလာတော့၏။

ဝမ်လင်းက သည်ဓားစွမ်းအင်လှိုင်း ယွမ်ချွဲဇီနှင့် အဘိုးအိုတို့ထံသို့ ဆင်းသက် လာစဉ်တုန်းက သူက အပြင်ကနေသာ ခံစားမိပြီး ကိုယ်တိုင် ပါဝင်နေရခြင်း မရှိခဲ့ပေ။ ခုချိန်တွင်တော့ သူကိုယ်တိုင် သည်ဓားစွမ်းအင်ကို ရင်ဆိုင်နေရပေပြီ။ သူက သည်ဓားစွမ်းအင်ထဲရှိ အဖျက်အဆီး စွမ်းအင်ကို ကောင်းစွာ ခံစားမိနေသည်။

သည်အဖျက်အဆီး စွမ်းအင်ကို ရင်ဆိုင်ရသည့်အချိန်၌ သူ့မူလ စိတ်ဝိညာဉ်ပင် တုန်ယင်လာခဲ့ပြီး မတည်မငြိမ် ဖြစ်လာခဲ့သည်။ သည်လိုသာမက သူ့ခန္ဓာကိုယ်ရှိ အစိတ်အပိုင်း တိုင်းသည်လည်း ဧရာမတောင်ကြီး ဖိနှိပ်လာသကဲ့သို့ ခံစားမိနေသည်။

သူက သည်လို ခံစားချက်မျိုးနှင့် ရင်းနှီးခဲ့ဖူးပြီးသား ဖြစ်လေ၏။ သည်ခံစားချက်က သူ့စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်အောက်ရှိ စိတ်ဝိညာဉ် သွေးကြေးများထံက ဖိအားကို ခံစားခဲ့ရစဉ် တုန်းကနှင့် ဆင်တူလို့နေ၏။ သို့သော် အခုခံစားချက်က အဆများစွာ ပို၍ သန်မာနေလေသည်။

ဓားစွမ်းအင်က သူနှင့် ထိပ်တိုက် မတွေ့ဆုံခင် သူ့နှုတ်ခမ်းထောင့်ကနေ သွေးများ ယိုစီးကျ လာခဲ့လေသည်။ သို့သော် သူ့မျက်လုံးထဲ၌ မည်သည့်လက်လျှော့ အရှုံးပေးဟန်မှ ရှိမနေခဲ့ချေ။

ဝမ်လင်း၏ ခုလက်ရှိ အခြေအနေကို သတိပြုမိလိုက်သည့် အခါတွင် ချန်းဖန်က ခဏတာ တုံ့ဆိုင်းလို့သွားကာ စဉ်းစားသွား၏။ သူက စန်နူးကို သည်အချိန်တွင် သတ်ပြီး စိတ်ဝိညာဉ်ဆယ်သန်း အလံကို ယူဆောင်မလား … သို့မဟုတ် ဓားစွမ်းအင်ကို ကူညီခုခံပေးမလား တွေးနေမိ၏။

သည်အကြံဉာဏ်က သူ့စိတ်ထဲပ ဖျတ်ခနဲ ပေါ်လာခဲ့ပြီး သူက ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်၏။ သူက ဝမ်လင်းကို သတ်၍ စိတ်ဝိညာဉ် အလံကို ယူဆောင်ပေမည်။ စိတ်ဝိညာဉ်အလံနှင့် ဆိုလျှင် သူက သည်ဓားစွမ်းအင်ကို ခုခံရန် လုံလောက်သော စွမ်းအင်ရလာမည် မဟုတ်လား။

သည်အတွေးများ အားလုံးက သူ့စိတ်ထဲ၌ လျင်မြန်စွာ ဖြစ်ပျက်သွားခြင်းပင်။ သူ့စိတ်ကို ပြင်ဆင်ပြီးနောက် ချန်းဖန်က ပြောလိုက်၏။ “မကြောက်ပါနဲ့ ရောင်းရင်းစန် … ငါလာကူနေပြီ …”

သည်တိုက်ခိုက်မှုက အမှန်အကန် အောင်မြင်ရန် ချန်းဖန်က အလျင်လိုခြင်း မရှိချေ။ သူက ဝမ်လင်းအနားသို့ ကပ်သွားပြီးမှသာ တိုက်ခိုက်မည် ဖြစ်၏။ ချန်းဖန်က သူ့တွင် တစ်ချက်တည်း ပွဲသိမ်းတိုက်ခိုက် ရမည်ကို သိထားပေ၏။ မဟုတ်လျှင် ဝမ်လင်းတွင် သူ့စိတ်ဝိညာဉ် ဆယ်သန်းအလံကို ဆင့်ခေါ်ရန် အချိန်ရသွား ပေလိမ့်မည်။ ထိုသို့သာဖြစ်လျှင် အရာအားလုံးက ကောင်းကောင်း အဆုံးသတ်တော့မည် မဟုတ်ချေ။

လျိုမေကလည်း တော်သည့်လူ ဖြစ်သဖြင့် သူမက ချန်းဖန်၏ ရည်ရွယ်ချက်ကို ချက်ချင်း ဖြတ်မြင်နိုင်စွမ်း ရှိလိုက်၏။ ထို့နောက် သူမမျက်လုံးများက ရုတ်တရက် အေးစက်လို့လာ၏။ သူမက ချန်းဖန်နောက်သို့ လိုက်သွားခြင်း မရှိဘဲ ထိုနေရာ၌ ရပ်လို့နေခဲ့သည်။

သူမက အကြင်နာမဲ့သည့် လူတစ်ယောက်သာ ဖြစ်သည်။ ထို့ကြောင့် သည်ကိစ္စက သူမနှင့် မဆိုင်ပေ။ ချန်းဖန်က ဝမ်လင်းကို သတ်နိုင်ခဲ့လျှင်တောင် ဝမ်လင်းအော်ရာက သူမ၏ နောက်ဆုံး ပုံရိပ်ယောင် နယ်ပယ်၌ ဖယ်ရှားသွားဦးမည် ဖြစ်လေ၏။ သည်အရာက သူမကို အနာဂတ်တွင် ပို၍ လွယ်ကူစေဦးမည် ဖြစ်၏။

သည်အချိန်မှာပင် ဓားစွမ်းအင်က ဝမ်လင်းခေါင်းပေါ်တွင် ရောက်ရှိလာ၏။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက နှာခေါင်းရှုံ့လိုက်သည်။ သူက ပထမဆုံး သွားမည်ဟု သဘောတူလိုက် ကတည်းက ချန်းဖန်၏ စိတ်နှလုံး ပြောင်းလဲမှုကို မည်သို့ ထည့်မတွက်ပဲ နေပါ့မည်နည်း။

သည်အရာအားလုံးက သူ့အစီအစဉ်၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်သည်။

ဓားစွမ်းအင် ထွက်ပေါ်လာသည်နှင့် ချန်းဖန်ကလည်း စတင် ပျံသန်းလာစဉ်တွင် ဝမ်လင်းက ချန်းဖန်၏ အမြန်နှုန်းကို တိတ်တဆိတ် တွက်ချက် ထားခဲ့ပေသည်။ ချန်းဖန်က ဝမ်လင်းနှင့် ပေတစ်ရာ အကွာသို့ ရောက်လာသည့် အခါတွင် ဝမ်လင်း ရယ်မော၍ သိုလှောင်အိတ်ကို ပုတ်လိုက်၏။ ထိုအခါ သူ့သိုလှောင်အိတ် ထဲကနေ စေတီတစ်ခုက ပျံသန်း၍ သူ့ရှေ့တွင် ထွက်ပေါ်လာတော့သည်။

စီနီယာ ကျောက်ရီ၏ အာဏာတက်ခြင်း အစောပိုင်းအဆင့် နတ်ဘုရားအာရုံက စေတီကနေ ပျံ့နှံ့လို့လာ၏။ ဓားစွမ်းအင်က သည်နတ်ဘုရား အာရုံနှင့် ထိတွေ့သွားသည့်အခါ ခဏတာ တုံ့ဆိုင်းသွားလေသည်။ သည် ခဏတာတုံ့ဆိုင်းမှုကို အသုံးပြု၍ ဝမ်လင်းက ရယ်မောလိုက်ပြီး စေတီကို ပြန်ခေါ်၍ ပင်လယ်ထဲသို့ တစ်ဟုန်ထိုး တိုးဝင်သွားလေသည်။ သို့ရာတွင် သူက သူ့အမြန်နှုန်းကို ချန်းဖန်နှင့် ပေတစ်ရာ အကွာအတွင်း ထိန်းလို့ထား၏။

ရွှေရောင်ချပ်ဝတ်နှင့် လူကြီး၏ မျက်လုံးက အလေးအနက် ဖြစ်လာခဲ့သည်။ သို့သော် သူက ဝမ်လင်းကို တိုက်ခိုက်ခြင်း မပြုဘဲ ချန်းဖန်ထံသို့ ကြည့်သည်။ ခုချိန်၌ အာဏာတက်ခြင်း အဆင့် နတ်ဘုရားအာရုံက ဓားစွမ်းအင်ကို ဟန့်တားထားခြင်း မရှိတော့ချေ။ သည့်အတွက်ကြောင့် သည်စွမ်းအင်က ချန်းဖန် ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာတော့သည်။

ချန်းဖန်အသွင်က အကြီးအကျယ် ပြောင်းလို့သွားသည်။ သူက ဓားစွမ်းအင်သည် ဝမ်လင်းကို မတိုက်ခိုက်ဘဲ သူ့ထံသို့ ဘာကြောင့် ရောက်လာသနည်းကို တွေးနေရန်ပင် အချိန်မရှိတော့ချေ။ သည်အခိုက်တွင် သူက မာန်သွင်း၍ သိုလှောင်အိတ်ထဲက အနီရောင်စူးကို ထုတ်ယူလိုက်သည်။ တောက်ပသော အနီရောင်အလင်းက ထိုစူးကနေ ထွက်ပေါ်လာပြီး ဓားစွမ်းအင်ထံသို့ တိုးဝင်သွားတော့သည်။

ဝမ်လင်း မျက်နှာထက်၌ လှောင်ပြောင်ဟန်များ ထုတ်လှစ်လာသည်။ အဘိုးအိုနှင့် မျောက်တို့က သည်ဓားစွမ်းအင်ကို ခုခံသည့်အချိန်တွင် ဝမ်လင်းက တစ်စုံတစ်ခု မှားနေသည်ဟု ခံစားမိခဲ့သည်။ သူက ရွှေရောင်ချပ်ဝပ်နှင့် လူကြီးသည် နှစ်ယောက်က တစ်ခုတည်း၊ တစ်စုံတည်းအဖြစ် ပေါင်းစည်းလျှင် ဓားစွမ်းအင် တိုက်ခိုက်မှု တစ်ခုဖြင့်သာ တိုက်ခိုက်ကြောင်း ကောက်ချက် ချခဲ့ပေသည်။

ဝမ်လင်းက အဘိုးအိုနှင့် မျောက်တို့၏ အကွာအဝေးသည် ပေတစ်ရာ အတွင်းသာ ရှိကြောင်း တွက်ချက်ခဲ့ပေသည်။ ထို့ကြောင့် ချန်းဖန်က သူနှင့်ပေတစ်ရာ အတွင်း နီးကပ်လာသည်နှင့် ရွှေရောင်ချပ်ဝတ်နှင့် လူကြီးကလည်း သူတို့နှစ်ယောက်ကို တစ်ပေါင်းတည်းဟု ယူဆပေလိမ့်မည်ဟု တွေးထားခဲ့ပြီးသား ဖြစ်သည်။

သူတို့ နှစ်ယောက်လုံးက သည်အကွာအဝေး အတွင်း ရှိနေလျှင် ဓားစွမ်းအင်က ပို၍ နီးသည့်လူထံသို့ ကျရောက်လာမည်သာ ဖြစ်သည်။

သည့်အတွက်ကြောင့်လည်း ချန်းဖန်နှင့် သူက ရှေ့က သွား၍ လျိုမေက နောက်က လိုက်လာမည့် အစီအစဉ်ကို သဘောမတူခဲ့ခြင်းပင်။ သည်လိုသာဆိုလျှင် သူက ချန်းဖန်နှင့် နီးကပ်သလို ချန်းဖန်သည်လည်း သူနှင့် နီးကပ်နေမည် မဟုတ်လား။ သူက ပုံမှန်မဟုတ်သည့် လှုပ်ရှားမှု တစ်ခုကို ပြုလုပ်လိုက်လျှင် ချန်းဖန်က သတိပြုမိသွားပြီး သတိထား သွားပေလိမ့်မည်။

ထို့အတွက်ကြောင့်လည်း သူက အရင်ဆုံးသွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။ ချန်းဖန်က သံသယ ရှိနေသော်လည်း သူက ဝမ်လင်း၏ ထောင်ချောက်ထဲ၌ ကျရောက်နေဆဲသာ ဖြစ်လေသည်။

ဝမ်လင်း၏ အစီအစဉ်၌ စေတီမှ ထွက်ပေါ်လာသည့် ကျောက်ရီ၏ နတ်ဘုရားအာရုံက အရေးပါလှသည်။ သည်နတ်ဘုရား အာရုံက ဓားစွမ်းအင်ကို ဟန့်တားကာ ဝမ်လင်းကို ရှောင်ချိန်ရစေပြီး ချန်းဖန်က ဓားစွမ်းအင်နှင့် အနီးဆုံးလူ ဖြစ်သွားအောင် ပြုလုပ် ပေးခဲ့ပေသည်။

သည်အရာများက ရှင်းပြရသည်မှာ အချိန်ကြာလှသော်လည်း မျက်စိတစ်မှိတ် အတွင်း ဖြစ်ပျက် သွားခဲ့ခြင်းပင်။ ဓားစွမ်းအင်က ချန်းဖန်ထံသို့ သိမ်းကြုံးဝင်လာသည့် အခါတွင် ဝမ်လင်းက ရပ်တန့်လိုက်၏။ သူက ဆက်၍ ပျံသန်းခြင်း မပြုဘဲ အကွာအဝေး တစ်ခုရှိ လျိုမေထံသို အေးစက်စွာ ကြည့်လို့နေသည်။

လျိုမေက အခြေအနေ ပြောင်းလဲသွားသည်ကို တွေ့မြင်လိုက်သည့် အခါ အနည်းငယ် မှင်တက်သွားမိ၏။ သူမက တစ်စုံတစ်ခုကို သဘောပေါက်လိုက်ပြီး ဝမ်လင်းနောက်သို့ လျင်မြန်စွာ လိုက်လေသည်။

လျိုမေနီးကပ် လာသည်ကို တွေ့မြင်လိုက်သည့်အခါ ဝမ်လင်းမျက်လုံးများက အေးစက် လာပြီးနောက် သူက တစ်ဟုန်ထိုး ထွက်သွားတော့သည်။ သည်တစ်ကြိမ်၌ သူက ချန်းဖန်နှင့် ပေတစ်ရာကျော် ဝေးသည့်အကွာသို့ လှုပ်ရှားလိုက်ခြင်း ဖြစ်သည်။

ဝမ်လင်းက ချန်းဖန်နှင့် ပေတစ်ရာကျော် ဝေးသွားသည့် အခါတွင် ရွှေရောင်ချပ်ဝတ်နှင့် လူကြီး၏ မျက်လုံးက အလေးအနက် ဖြစ်လာပြန်ကာ သူက ဒုတိယတစ်ကြိမ် ဓားအား လွှဲခုတ်ချ လိုက်ပြန်သည်။ ဓားစွမ်းအင်လှိုင်းက ဝမ်လင်းနှင့် လျိုမေထံသို့ ထပ်မံ တိုးဝင်လာလေ၏။

ဝမ်လင်း မျက်လုံးထဲ၌ သတ်ဖြတ်လိုမှု စိတ်ဆန္ဒများ ပြည့်နေသည်။ သူက ပင်လယ်ထံသို့ ပျံသန်းနေသည်ကို ရပ်တန့်လိုက်ပြီး လျိုမေနှင့် ပေတစ်ရာ အတွင်းသို့ တည်နေရာ ရွှေ့ပြောင်းလိုက်သည်။ သည်အခိုက်တွင် ဓားစွမ်းအင်သည်လည်း နီးကပ်လို့ လာတော့၏။

လျိုမေအသွင်က ပြောင်းလဲသွားသည်။ သူမက တစ်စုံတစ်ခုကို နားလည်လိုက်၏။ သူမက မသေချာလှသော်လည်း ဝမ်လင်း လုပ်ဆောင်မှုများ၏ အခြေအနေကို ခန့်မှန်းမိပြီး ဖြစ်နေသည်။ သူမက ဝမ်လင်းသည် သူမအထက်တွင် ရှိနေရာကနေ တည်နေရာ ရွှေ့ပြောင်းရန် ဟန်ပြင်လိုက်၍ ဓားစွမ်းအင်ကို ဝမ်လင်း တစ်ယောက်တည်း ရင်ဆိုင်ရန် ပြုလုပ်လိုက်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset