စိတ်ဝိညာဉ် အပိုင်းအစများ ကနေ ဖြစ်ပေါ်လာသည့် သက်ရှိပုံစံများက သည်ပြိုကျမှုနှင့် အတူ ပျောက်ကွယ် သွားကြလေ၏။
သက်ရှိပုံစံများက သေဆုံးခြင်းက ချိတ်ဆက် သေဆုံးမှုများကို ဖြစ်ပေါ်စေလေသည်။ ခုချိန်၌ ဟင်္သာပြဒါး ဂြိုဟ်ပေါ်ရှိ သားရဲများ၊ အချို့သေမျိုးများ၊ ကျင့်ကြံသူများပင် စတင် သေဆုံးနေကြပြီ ဖြစ်သည်။
သည်သေဆုံးခြင်းများက တိတ်တဆိတ် ဖြစ်ပေါ်နေခြင်းပင်။ ရှောင်လွှဲလို့လည်း မရချေ။ ကပ်ဘေးတစ်ခု အဖြစ် မှတ်ယူနိုင်လေ၏။
ကံကောင်းစွာနှင့် သေဆုံးသည့် လူများက များပြားခြင်း မရှိသေးချေ။ သို့သော် ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက် ပြိုကျသွားသည်နှင့် ဂြိုဟ်တစ်ခုလုံးက သေဆုံးသွားရမည် ဖြစ်သည်။
ကျူးချွဲဇီ၏ ရူးသွပ်သော ရယ်သံက ဟင်္သာပြဒါး တောင်အတွင်း၌ ပဲ့တင်ထပ်လို့ နေသည်။ သူက ခုလက်ရှိ၌ ဟင်္သာပြဒါး တောင်အတွင်း၌ ထိုင်နေ၍ သူ့မျက်လုံးထဲ၌လည်း ရူးသွပ်မှုများနှင့် ပြည့်လို့နေသည်။ သူက ရက်စက်စွာပြုံး၍ သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်သည်။ “ငါ့ဂျူနီယာညီက ကစားပွဲမှာ ပျော်နေလောက်ပြီ။ ဒီကစားပွဲက ခုမှစရုံပဲ ရှိသေးတယ်။ ဒါက အထွတ်အထိပ်ကို မရောက်သေးဘူး။ ငါ့တပည့် ချန်းဖန် … ငါ မင်းကို ပေးခဲ့တဲ့ ရတနာကို အသုံးပြုဖို့ ငါ မျှော်လင့်မိပါတယ်။ မင်း ဒီရတနာကို အသုံးပြုလိုက်တာနဲ့ ဒီကစားပွဲရဲ့ အထွတ်အထိပ်က စပြီပဲ …”
ဟင်္သာပြဒါး အုတ်ဂူ အတွင်းပိုင်းခြမ်းရှိ စိတ်ဝိညာဉ်တောင်၌ ပြိုကျမှုက အသက်ရှူစာ ခြောက်ဆယ်ခန့် ကြမြင့်လေသည်။ တံခါး၌လည်း အက်ကွဲကြောင်းများ ပို၍ ဖြစ်ပေါ်လာခဲ့ပြီး တံခါးတစ်ခုလုံး နီးပါးအား ဖုံးလွှမ်းထားသည့် အလား ထင်မှတ်ရ၏။
သည်အခိုက်တွင် ယွမ်ချွဲဇီက ရုတ်တရက် လှုပ်ရှားလိုက်ရာ ဧရာမ တံခါးကြီးနား၌ ပေါ်လာခဲ့တော့သည်။ သည့်နောက် သူ့လက်ထဲ၌ ကောက်ရိုးဦးထုပ် တစ်လုံး ပေါ်လာခဲ့သည်။ သူက ၎င်းကောက်ရိုး ဦးထုပ်ကို ရိုက်ချလိုက်ရာ ချက်ချင်းပင် ၎င်းက ပြန့်ကျဲ၍ မရေမတွက်နိုင်သော တက်တူး အမှတ်အသားများ အဖြစ်သို့ ပြောင်းသွားလေတော့သည်။ သည်တက်တူး အမှတ်အသားများက တောက်ပလို့နေပြီး ၎င်းတို့က တံခါးထံသို့ တိုးဝင် ရိုက်ခတ်ကြသည်။
တံခါးထံကနေ တုန်ခါသံများ ဆက်တိုက် ထွက်ပေါ်လာပြီး အက်ကွဲကြောင်းများ ကလည်း မြန်မြန်ဆန်ဆန် တိုးလာခဲ့သည်။
ယွမ်ချွဲဇီက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ “တိုက်ခိုက်ခြင်း …”
စွန့်ပစ်ခံ မသေမျိုးကလန်မှ နှစ်ယောက်က လေထဲသို့ အလျင်အမြန် ပျံသန်း တက်လာပြီးနောက် တံခါးအား တိုက်ခိုက်လေ၏။
သည်အခိုက်တွင် အဘိုးအို၏ မျက်လုံးများက စတင် နီရဲလာခဲ့ပြီး အထင်သေးဟန်ဖြင့် နှာခေါင်းရှုံ့လေသည်။ သူက လေထဲသို့ လက်ညွှန်လိုက်၍ ပြောလိုက်၏။ လောဘကြီးမှု … မသိမှု …”
သည်စကားနှစ်ခွန်း ထွက်လာသည့် အခိုက်တွင် တိုက်ခိုက်နေကြသော စွန့်ပစ်ခံ မသေမျိုးကလန် အဖွဲ့ဝင်နှစ်ယောက်သည် စတင် တုန်ယင်သွားကြသည်။ သူတို့မျက်လုံး ထဲ၌လည်း နတ်ဆိုးဆန်သော တောက်ပမှုတစ်ခုကို ထုတ်လွှတ်လာပြီး ခရမ်းရောင် အော်ရာက သူတို့ခန္ဓာကိုယ် ကနေ မြင့်တက်လာခဲ့၏။
အဘိုးအိုက ပြောလိုက်သည်။ “ပေါက်ကွဲလိုက်စမ်း …”
ပေါက်ကွဲသံ နှစ်ခုနှင့်အတူ စွန့်ပစ်ခံ မသေမျိုးကလန် အဖွဲ့ဝင်နှစ်ယောက်က ပေါက်ကွဲသွားပြီး တုန်ခါလှိုင်းများက တံခါးနှင့် ထိစောင့်မိ ကြတော့သည်။
ဝမ်လင်းက သည်မန္တန်ကို မြင်လိုက်သည့် အခိုက်တွင် သူက လိုအင်ခြောက်မျိုး နတ်ဆိုးသခင်၏ မန္တန်မှန်း သိလိုက်လေ၏။
စွန့်ပစ်ခံ မသေမျိုးကလန် အဖွဲ့ဝင်နှစ်ယောက်က ပေါက်ကွဲသွားပြီးနောက် တံခါးက ပြင်းထန်စွာ တုန်ခါသွားကာ ပိုများသော အက်ကွဲကြောင်းများက ၎င်းပေါ်တွင် ပေါ်လာခဲ့သည်။
ယွမ်ချွဲဇီက ရုတ်တရက် နောက်သို့လှည့်၍ အဘိုးအိုအား ကြည့်လိုက်သည်။ သူက နှာခေါင်းရှုံ့ကာ မာန်သွင်း၍ တံခါးအာ ဖိချလိုက်သည်။
ဘန်း။
ဟင်္သာပြဒါး အုတ်ဂူထဲ၌ ကောင်းကင်ကိုပင် တုန်ခါသွားနိုင်သည့် ပေါက်ကွဲမှုတစ်ခုက ပဲ့တင်ထပ်လို့ သွားတော့သည်။ တံခါး၏ ဘယ်ဘက်ခြမ်း၏ သေးငယ်သော အစိတ်အပိုင်းက ပြုတ်ကျလာခဲ့ပြီး ရွှေရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းက ကောင်းကင်ထက် သို့တိုင် ထိုးတက်သွား၍ ယင်းနေရာ၌ ကျန်ရှိနေတော့၏။
ယွမ်ချွဲဇီက ရွှေရောင် အလင်းတန်း ရှိသည့် တွင်းပေါက်ရှိရာသို့ ပျံသန်းသွားတော့သည်။ သည့်နောက် အဘိုးအိုက လျင်မြန်စွာဖြင့်ပင် သူ့နောက်ကနေ လိုက်ပါသွား၏။
သည့်နောက် စိတ်ဝိညာဉ်တောင်၌ ကျန်နေသေးသော လူများကလည်း သူတို့၏ အမျိုးမျိုးသော မန္တန်များကို အသက်သွင်း၍ အထဲသို့ တစ်ဟုန်ထိုး တိုးဝင်လေသည်။
ဝမ်လင်းက ထိုအပေါက်ထဲသို့ ဝင်ရောက်သည့် လေးယောက်မြောက် လူပင် ဖြစ်လေသည်။ သူက အထဲသို့ ခြေတစ်လှမ်း ချလိုက်သည့်အခါတွင် သူက တိမ်အခိုး အငွေ့များကို ဖန်တီးကာ ၎င်းအထဲ၌ ပျောက်ကွယ်သွားလေ၏။
သည်တံခါးအတွင်း၌ ရွှေရောင် ပင်လယ်ကြီးတစ်ခု ရှိလို့နေသည်။ သည်ပင်လယ်ကြီးက အလွန်ကြီးမားပြီး အဆုံးထိပင် မမြင်ရပေ။
မိုးကုပ်စက်ဝိုင်း တစ်လျှောက်တွင် ရွှေရောင်ကျွန်း တစ်ခုလည်း ရှိလို့နေသည်။ သည်ကျွန်းပေါ်၌ အဆောက်အဦ တစ်ခုလည်း ရှိလေ၏။ ၎င်းအဆောင်အဦက ရွှေရောင် အလင်းတန်းကို ထုတ်လွှတ်နေသော နန်းတော် တစ်ခုကဲ့သို့ တည်ရှိ၏။
ယွမ်ချွဲဇီက တံခါးကို ဖြတ်ကျော်ပြီးနောက် သူ့မျက်လုံးများက ထူးဆန်းသော အလင်းက ထုတ်လွှတ်လာသည်။ သူက သည်ကျွန်းရှိရာသို့ လျင်မြန်စွာ ဦးတည်ပျံသန်း သွားတော့သည်။
အဘိုးအိုကလည်း နောက်ကနေ ခပ်မြန်မြန် လိုက်ပါသွားသည်။ သူက ယွမ်ချွဲဇီနောက် ပေသုံးရာ အကွာတွင် လိုက်ပါလာသည်။ သူ့ပခုံးပေါ်ရှိ မျောက်လေး၏ မျက်လုံးများက တောက်ပလာပြီး စိတ်လှုပ်ရှားသည့် အသွင်ကို ဖော်ပြလို့နေ၏။
ချန်းဖန်နှင့် လျိုမေတို့ အပါအဝင် လူတိုင်းကလည်း သည်ကျွန်းရှိရာသို့ အမြင့်ဆုံးနှုန်းဖြင့် ပျံသန်းနေတော့သည်။
ကျိုးဝုထိုင်နှင့် ဇီရှင်တို့က အနည်းငယ် တုံ့ဆိုင်းနေကြ၏။ သူတို့က အရှိန်လျော့၍ ရှေ့သို့ အလောတကြီး သွားကြခြင်း မရှိချေ။
မျက်နှာဖုံးနှင့် လူက သည်ကျွန်းကို ကြည့်ပင်မကြည့်ဘဲ ထိုအစား သူ့အောက်ရှိ ပင်လယ်ကို ကြည့်၍ စတင် စဉ်းစားလို့နေသည်။
ဝမ်လင်းအသွင်က အလင်းတန်း တစ်ခုအလား လှုပ်ရှား၍ နန်းတော်ရှိရာသို့ သွားနေသည်။
မျက်စိတစ်မှိတ် အတွင်း ကောင်းကင်ထက်၌ ဖြတ်သန်း ပျံသန်းနေသော ယွမ်ချွဲဇီက ကျွန်းပေါ်ရှိ နန်းတော်အထက်သို့ ရောက်လာခဲ့၏။ သူက ချက်ချင်းပင် အထဲသို့ ဝင်ရောက်လိုက်သည်။
သည်အချိန်၌ အဘိုးအို မျက်လုံးက အနီရောင် တောက်သွားပြီး မျောက်လေးကို လှမ်းဆွဲ၍ မာန်သွင်း၏။ သည့်နောက်သူက မျောက်ကို ခက်ခက်ခဲခဲ ပစ်၍ သည်ပစ်အားကို အသုံးပြုကာ မျောက်က ခုန်လိုက်၏။ သူ့ခန္ဓာကိုယ်က လုံးဝ ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာသည့် အခါတွင် ယွမ်ချွဲဇီထက်ပင် အနည်းငယ် မြန်ဆန် နေသေးတော့၏။
ယွမ်ချွဲဇီအသွင်က နက်မှောင်သွား၏။ သူက နှာခေါင်းရှုံ့ကာ နန်းတော်ရှိရာသို့ အလျင်အမြန် တစ်ဟုန်ထိုး တိုးဝင်သွားသည်။
သို့ရာတွင် သည်အခိုက်၌ နန်းတော်က ရုတ်တရက် တုန်ခါသွားပြီး ၎င်းထံကနေ မျက်စိ ကျိန်းစပ်လောက်သည့် အလင်းတန်းများ ထိုးထွက်လာကြသည်။ ယွမ်ချွဲဇီက နန်းတော်ကနေ အတင်းတွန်းထုတ်ခြင်း ခံလိုက်ရ၏။ သူ့အသွင်က ရုပ်ဆိုး၍ တုန်လှုပ်နေမိသည်။
မျောက်လေးကလည်း တကွိကွီအော်၍ နောက်သို့ ဆုတ်လိုက်ရသည်။ ၎င်းမျက်လုံးထဲရှိ အနီရောင် အလင်းတန်းက တစ်လက်မခန့်ပင် ရှေ့သို့ ဆန့်ထွက်လာခဲ့၏။ ၎င်းက အလွန် တုန်လှုပ်နေသည့်ပုံပင်။ မျောက်က အဘိုးအိုထံသို့ ပြန်သွားခြင်း မရှိဘဲ ထိုနေရာတွင် ထိုင်ချကာ နန်းတော်အား ကြမ်းကြုတ်စွာ ကြည့်လို့နေ၏။
တစ်ချိန်တည်းမှာပင် နန်းတော်ထဲကနေ တုန်ခါလှိုင်းများ ထွက်ပေါ်လာပြီး ရွှေရောင်ချပ်ဝတ်နှင့် ဗလတောင့်တောင့် လူကြီးတစ်ယောက်က လှမ်းလျှောက်၍ ထွက်လာတော့သည်။
သည်ဗလတောင့်တောင့် လူကြီးက အလွန်ခန့်ညား ထည်ဝါလှကာ သူ့လက်ထဲ၌လည်း ရွှေရောင်ဓားကြီး တစ်လက်ကို ကိုင်ဆောင်ထားလေ၏။
သူက တစ်ချက် ခုန်လိုက်သည်နှင့် နန်းတော်အထက်သို့ ရောက်ရှိသွားတော့၏။ သူက လူတိုင်းကို အေးစက်စွာကြည့်၍ ဓားဖြင့် ဝှေ့ယမ်းလိုက်သည်။ သည်ရွှေရောင် ပင်လယ်တစ်ခုလုံးက တုန်ခါ သွားပြီးနောက် ကြီးမားသည့် လှိုင်းကြီးက ကျွန်းရှိရာသို့ ရိုက်ခတ်လာကြသည်။
မျက်စိတစ်မှိတ် အတွင်း ကျွန်းက ရွှေရောင် ပင်လယ်အောက်တွင် နစ်မြုပ် ပျောက်ကွယ်သွားတော့သည်။
ယွမ်ချွဲဇီ အသွင်က ရုပ်ဆိုးနေ၏။ သူက ဗလတောင့်တောင့် လူကြီး ဓားဖြင့် လွှဲရိုက်လိုက်ချိန်တွင် ရွှေရောင်ပင်လယ်၌ နစ်မြုပ်လုနီးပါး ဖြစ်သွားရသည်။ ဓားစွမ်းအင်၏ ပေတစ်ရာခန့် ရှည်လျားသော လှိုင်းတစ်ခုက ကျူးချွဲဇီရှိရာသို့ ရိုက်ခတ်လာလေ၏။
ယွမ်ချွဲဇီက မာန်သွင်းလိုက်၏။ သူ့ဆံပင်က လေမတိုက်ပါပဲနှင့် လှုပ်ရှားလို့နေသည်။ သူက လေထဲသို့ လက်ညွှန်လိုက်၏။ အနီရောင် အလင်းတန်းက သူလက်ညွှန်လိုက်သော နေရာတွင် ပေါ်လာခဲ့ပြီး ဓားစွမ်းအင်လှိုင်းနှင့် ထိပ်တိုက် တွေ့ဆုံကြသည်။
ပေါက်ကွဲသံ တစ်ချက်နှင့်အတူ ယွမ်ချွဲဇီ ခန္ဓာကိုယ်က ပင်လယ်ထဲသို့ တိုးဝင်ပျောက်ကွယ် သွားတော့သည်။
ဗလတောင့်တောင့် လူကြီးက သူ့နောက်သို့ လိုက်လံခြင်း မရှိပေ။ သူ့အကြည့်က မျောက်လေးထံသို့ ရောက်ရှိသွားတော့၏။ သူ့ရွှေရောင်ဓားပေါ်၌ ဓားစွမ်းအင်များက စုဝေးလာပြန်သည်။ သည့်နောက် သူက ယင်းဓားကို လွှဲယမ်းလိုက်ပြန်၏။
မျောက်လေး မျက်လုံးက ပို၍ပင် နီရဲလာခဲ့သည်။ သည်အနီရောင် အလင်းတန်းက ခုချိန်၌ သုံးလက်မခန့် ရှိနေပြီး ဖြစ်ကာ အလွန်အမင်း ကြမ်းကြုတ်မှုကို ပေးစွမ်းနေ၏။
ဗလတောင့်တောင့် လူကြီးက မှင်တက်သွားပြီး ဓားခုတ်ပိုင်းချက်ကို ရပ်တန့်လိုက်သည်။
မျောက်လေးက ပြုံး၍ အဘိုးအို ဘေးနားသို့ ရွေ့လျားသွားတော့သည်။ သူတို့က ပင်လယ်ထဲသို့ တိုးဝင်ရန် ဟန်ပြင်လိုက်၏။
ဗလတောင့်တောင့် လူကြီးက အဘိုးအိုကို ကြည့်လိုက်သည့် အခါတွင် သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး စောနက ရပ်တန့်သွားသည့် ဓားစွမ်းအင်က နောက်တစ်ကြိမ် လှုပ်ရှား သွားပြန်လေသည်။ ပေတစ်ရာခန့် ရှည်သည့် ဓားစွမ်းအင်လှိုင်းက အဘိုးအိုထံသို့ တိုးဝင်သွား၏။ သည်စွမ်းအင်က သူနှင့် မနီးကပ်လာခင် သူ့အော်ရှိ ပင်လယ်က နှစ်ခြမ်းကွဲ သွားလေ၏။
အဘိုးအိုက မာန်သွင်း၍ သူ့မျက်လုံးကလည်း နီရဲတောက်ပ လာနေသည်။ ဓားစွမ်းအင်က သူနှင့် နီးကပ်လာချင်းချင်း အနီရောင် ပုံရိပ်ယောင်တစ်ခုက သူ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာလေ၏။
သည်ပုံရိပ်ယောင်က ဝိုးတဝါးသာ မြင်ရလေသည်။ ယင်းပုံရိပ်က လူတစ်ယောက် ပုံစံမှန်း ရှင်းလင်းသော်လည်း ယောက်ျားလား၊ မိန်းမလား မခွဲခြားနိုင်ပေ။ ပုံရိပ်က သူ့လက်ကို မြှောက်၍ ဓားစွမ်းအင်ကို ရပ်တန့်လိုက်၏။
သည့်နောက် ၎င်းက လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားစွမ်းအင်က ဘေးသို့ ချော်၍ ပင်လယ်ထဲသို့ ကျရောက်သွားတော့သည်။
ဗလတောင့်တောင့် လူကြီးက အဘိုးအိုကို ကြည့်၍ ခေါင်းညိတ်ပြသည်။ သည့်နောက် သူက အဘိုးအိုကို ထပ်မံ ကြည့်ရှုခြင်း မရှိတော့ချေ။
ပုံရိပ်ယောင်က အဘိုးအိုထံသို့ ပြန်ဝင်ရောက်သွား၏။ အဘိုးအို ခန္ဓာကိုယ်က တစ်ချက် တုန်ခါသွားပြီး သူက ပင်လယ်ထဲသို့ တိုးဝင်သွား၏။ မျောက်လေးကလည်း သူ့နောက်ကနေ လိုက်ပါသွားလေ၏။
ဝမ်လင်းက သည်မြင်ကွင်းကို သေချာ စောင့်ကြည့်လို့နေသည်။ သူက သည်ဗလတောင့်တောင့် လူကြီးသည် အန္တရာယ်ပေးလိုခြင်း မရှိကြောင်း ပြောနိုင်ပေသည်။
သို့ရာတွင် ပင်လယ်ထဲသို့ ဝင်၍ နန်းတော်ကို ရှာဖွေရန် လူတစ်ယောက်က သူ့ထံကနေ ရိုက်ချက်တစ်ချက်ကို ခုခံ၍ အရည်အချင်းရှိကြောင်း သက်သေပြရမည် ဖြစ်သည်။
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားပြီးနောက် သူက အချို့ လျှို့ဝှက်ချက်များကို ထွင်းဖောက်မြင် သွား၏။ သည်အဘိုးအိုနှင့် မျောက်တို့က ခွဲခြားထားလျှင် ဗလတောင့်တောင့် လူကြီးက သူတို့နှစ်ယောက်လုံးအား ရင်ဆိုင်မည် ဖြစ်သည်။
သို့သော် သူတို့နှစ်ယောက်က ပေါင်းစပ်ထားလျှင် ဗလတောင့်တောင့် လူကြီးက တစ်ချက်သာ တိုက်ခိုက်ပေမည်။
သည်အခိုက်တွင် ဗလတောင့်တောင့် လူကြီး၏ မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူ့က ဓားဖြင့်လွှဲခုတ် လိုက်ပြန်သည်။ ဓားစွမ်းအင်တန်း တစ်ခုက ပင်လယ်ထဲသို့ ကျရောက်လာပြီး တုန်ခါလှိုင်းများက ရေထဲ၌ ပျံ့နှံ့လို့သွားသည်။ ပင်လယ်ထဲကနေ ကြီးမားသည့်လှိုင်းက ကျိုးဝုထိုင်နှင့် ဇီရှင်းတို့အား လေထဲသို့ ခုန်တက် လာစေလေ၏။ သူတိုက ပင်လယ်ထက် ပေတစ်ထောင် အကွာတွင် ရပ်တန့်လိုက်သည်။ ကျိုးဝုထိုင်မျက်နှာက ဖြူရော််လို့နေပြီး သူက သွေးတစ်လုတ် အန်လိုက်ရသည်။
ဇီရှင် မျက်နှာပေါ်၌လည်း တုန်လှုပ်မှုတို့ ပြည့်နေ၏။
သူတို့နှစ်ယောက်လုံးက ပင်လယ်ထဲ၌ ပုန်းနေပြီး ရှေ့သို့ တိတ်တဆိတ် လှုပ်ရှားနေခြင်းပင်။ သူတို့က သည်လူကြီးက သူတို့အား ရပ်တန့်လာမည်ဟု မမျှော်လင့်မိကြချေ။ သူတို့က ဓားစွမ်းအင် ရောက်လာသည့်အခါတွင် နောက်သို့ အတင်းဆုတ်သော်လည်း သူတို့က လုံလောက်အောင် လျင်မြန်ခြင်း မရှိသဖြင့် ဒဏ်ရာ ရသွားခဲ့ရသည်။
ဗလတောင့်တောင့် လူကြီးက လိုက်လံခြင်းမရှိဘဲ သူ့အကြည့်ကို ဝမ်လင်းထံသို့ ပို့လွှတ်လိုက်၏။
ဝမ်လင်းမျက်လုံးက အေးစက်လာသည်။ သည်ဓားစွမ်းအင်က အာဏာတက်ခြင်း ကျင့်ကြံသူ တစ်ယောက်၏ တိုက်ခိုက်မှု တစ်ခုလောက်ကို စွမ်းအား ရှိပေ၏။ ထို့ကြောင့်လည်း အဘိုးအိုက သူ့စိတ်ဝိညာဉ်ကို ထုတ်ဖော်၍ ၎င်းကို ခုခံခဲ့ခြင်း ဖြစ်သည်။
ယွမ်ချွဲဇီကသာ သည်တိုက်ခိုက်မှုကို တားဆီးနိုင်စွမ်း ရှိပြီး ၎င်းအားကို ငှား၍ ပင်လယ်ထဲသို့ တိုးဝင်သွားခြင်း ဖြစ်သည်။
သို့ရာတွင် သည်ဗလတောင့်တောင့် လူကြီးက မည်သည့် ရည်ရွယ်ချက်မှ မရှိဘဲ တိုက်ခိုက်မှု တစ်ခုသာ ပြု၍ စမ်းသပ်ခြင်း ဖြစ်သည်။ မဟုတ်လျှင် ကျိုးဝုထိုင်နှင့် ဇီရှင်တို့က ခုချိန်၌ အသက်ရှင်ရန် နည်းလမ်း ရှိတော့မည် မဟုတ်ပေ။
***