Switch Mode

အပိုင်း (၅၀၄)

စုဝေးကြခြင်း

ဝမ်လင်းက အနီရောင် လိပ်ပြာ၏ ခန္ဓာကိုယ်ကို ပျက်စီးသွားသည်ကို ကြည့်နေ၏။ သည့်နောက် သူက သက်ပြင်း ချလိုက်ပြီး မြေပြင်ပေါ် ဆင်းလိုက်၏။ ထို့နောက် သူ့ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ပုဆိန်သည် သူ့လက်ထဲ ပြန်လည်ရောက်ရှိ လာပြီး သူက သိုလှောင်အိတ်ထဲသို့ သိမ်းဆည်းလိုက်၏။

သည်နောက် သူက လက်ဆန့်တန်းပြီး ကောင်းကင်ပေါ်ရှိ စိတ်ဝိညာဉ် ကျာပွတ်ကို ဖမ်းယူလိုက်သည်။ သေချာကြည့်ရှုပြီး သိုလှောင်အိတ် အတွင်း ထည့်လိုက်ပြန်သည်။

သည်စိတ်ဝိညာဉ် ကျာပွတ်​ပေါ်၌ ဝမ်လင်းခုချိန်တွင် မဖယ်ရှားနိုင်​သေးသည် နတ်ဘုရားအာရုံ အမျှင်တန်း တစ်ခု ရှိလို့​နေသည်။ သို့​သော် ယင်းကျာပွတ်က သူ့လက်ထဲတွင် ရှိနေသ၍ သည်အရာက အဆင်​ပြေ သွားလိမ့်မည်ဟု ယုံကြည်​ပေသည်။ သူက ၎င်းကျာပွတ်​ပေါ်ရှိ နတ်ဘုရားအာရုံ အမှတ်အသားကို စိတ်ဝိညာဉ် ဆယ်သန်း အလံအား အသားပြု၍ ချိုးဖျက်နိုင်ပြီး သည်ကျာပွတ်ကို သူက အမှန်အကန် ပိုင်ဆိုင်နိုင်​ပေ လိမ့်မည်။

အားလုံး ပြုလုပ်ပြီးနောက် ဝမ်လင်းက အနီရောင်လိပ်ပြာ ပျောက်ကွယ်သွားသော နေရာကို ထပ်မံ ကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။ သည့်နောက် သူကခြေတစ်လှမ်း လှမ်းလိုက်၍ ပျောက်ကွယ်သွား၏။ သူသည် အကွာအဝေး တစ်ခုရှိ စိတ်ဝိညာဉ်တောင် ရှိရာသို့ တစ်ဟုန်ထိုး ထွက်သွားတော့သည်။

သည်အခိုက် အတန့်တွင် အနီရောင် တိမ်ထဲရှိ ယွမ်ချွဲဇီသည် စိတ်ဝိညာဉ် တောင်ကို ဖြတ်ကျော်၍ တောင်ထိပ်သို့ ရောက်ရှိသွားသည်။ ထိုနေရာ ရောက်သည်နှင့် အနီရောင်တိမ်သည် မုန်တိုင်းအသွင် ပြောင်းပြီး တောင်ထိပ်ပေါ်မှ ဆင်းလာသည်။ ယွမ်ချွဲဇီသည် အနီရောင် မုန်တိုင်းထဲကနေ လှမ်းထွက်လာ၏။ ကျိုးဝုထိုင်သည် သူ့နောက်တွင် လိုက်ပါလာ၏။

ယွမ်ချွဲဇီသည် တောင်ထိပ်တွင် ထိုင်နေသော ပခုံးပေါ်တွင် မျောက်ကလေးနှင့် အဘိုးအိုကို မြင်သည်။ သူက အနည်းငယ် မျက်မှောင်ကြုတ် လိုက်သည်။ သို့သော် အနီးကပ် မြင်တွေ့ချိန်တွင် သူ၏အမူအရာ ပြောင်းလဲသွား၏။

ယွမ်ချွဲဇီက အဘိုးအိုကို စိုက်ကြည့်ပြီး ပြောလိုက်သည်။ “ရောင်းရင်း ကျင့်ကြံသူ ဘာလို့ ခန္ဓာဖြစ်စဉ် ပြောင်းလာတာလဲ ငါသိချင်တယ်။ ဘာလို့ မင်းရဲ့ ခန္ဓာကိုယ် အစစ်နဲ့ မလာတာလဲ …”

အဘိုးအိုက မျက်လုံးများကို ဖွင့်လိုက်၏။ သူသည် ယွမ်ချွဲဇီကို အသာကြည့်လိုက်ပြီး ပြောလိုက်သည်။ “မင်းနဲ့ ငါနဲ့ တစ်ယောက်ကိုယ် တစ်ယောက် မသိကြဘူး။ ငါ ဒီကိုလာတာ ခန္ဓာကိုယ် အစစ်ဖြစ်ခြင်း မဖြစ်ခြင်းက အရေးကြီးလို့လား။ ဒါမှမဟုတ်ရင် မင်းက ဒီအဘိုးအိုကို သိနိုင်တယ်လို့ ထင်နေတာလား …”

မျောက်လေးသည် ယွမ်ချွဲဇီကို စူးစူးဝါးဝါး အော်လိုက်ပြီး ၎င်း၏ မျက်လုံးများ နီလာသည်။

ယွမ်ချွဲဇီက မျောက်ကို ကြည့်လိုက်စဉ် သူ၏ မျက်လုံးများ တည်ငြိမ်နေ၏။ ထို့နောက် ပြုံးလိုက်ကာ ” ဒီတော့ မင်းက ထိန်းချုပ် ခံထားရတဲ့ ရုပ်သေးရုပ်ပေါ့”

အဘိုးအိုက ယွမ်ချွဲဇီကို စိုက်ကြည့်နေစဉ် မျက်လုံးများ နီလာ၏။ သည်အချိန်တွင် အဘိုးအို ပခုံးပေါ်ရှိ မျောက်သည် စူးစူးဝါးဝါး အော်နေသည်။ အဘိုးအို မျက်လုံးတွင် အနီရောင်များ ပျောက်ကွယ်သွားပြီး သူကပြောလိုက်သည်။ “ငါက မိုလီဟိုင် …”

ထိုသို့ ပြောပြီးနောက် သူ၏မျက်လုံးများ အတွင်း ရက်စက်သော အကြည့်တစ်ခု ဖျတ်ခနဲ ဖြစ်သွားသည်။ ထို့နောက် အဘိုးအိုက မျက်လုံးပိတ်ကာ သူ၏ ကျင့်ကြံခြင်းကို ပြန်လည်ပြုလုပ်၏။

“ဒီလူက စိတ်ဝိညာဉ် ကူးပြောင်းခြင်း နောက်ဆုံးအဆင့် ရောက်နေပုံ ပေါ်ပေမဲ့ သူနဲ့ပတ်သက်ပြီး ထူးဆန်းတဲ့ ခံစားချက်ရှိတယ်။ သာမန် လူတွေကတော့ ဒါကို သတိမပြုမိနိုင်ဘူး။ အာဏာတက်ခြင်း အဆင့် ရောက်နေတဲ့ လူတွေပဲ ဒါကို အသေအချာ သိနိုင်တယ်။ ဒီလူက ဟင်္သာပြဒါး ဂြိုဟ်က မဟုတ်ဘူး …” ယွမ်ချွဲဇီက အဘိုးအို နောက်တစ်ကြိမ် ထပ်မံကြည့်ကာ အကြည့်လွှဲလိုက်သည်။ ထို့နောက် သူသည် တံခါးကို ကြည့်လိုက်ပြီး တွေးလိုက်သည်။

ဟင်္သာပြဒါး အုတ်ဂူနှင့် ပတ်သက်၍ သူ့နားလည် ထားမှုနှင့်ပင် သူက သည်နေရာသို့ ရောက်လာသည့် တစ်ချိန်လုံး တုန်လှုပ်စွာ ခံစားမိနေ၏။ သည်အရာသည် ပြီးခဲ့သော ဟင်္သာပြဒါးများ ပြောပြထားသည့် အရာနှင့် လုံးဝ ကွဲလွဲနေသည် မဟုတ်လား။

ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက်သည် သည်သက်ရှိ ပုံစံများကို ဖြစ်ပေါ်စေသည်။ သည်သက်ရှိ ပုံစံများသည် ဟင်္သာပြဒါး အုတ်ဂူ၏ အတွင်းပိုင်းတွင်သာ ဖြစ်ပေါ်သည်ဟု ရှေးဟင်္သာ ပြဒါးများက သူကိုပြောခဲ့သည်။

သို့ရာတွင် စိတ်ဝိညာဉ် တောင်သည် အတူတူပင် ဖြစ်နေ၏။ တံခါးသည် ပထမဆုံး ဟင်္သာပြဒါး၏ အုတ်ဂူအတွင်းသို့ ဝင်ရောက်နိုင်သည့် တစ်ခုတည်းသော ဝင်ပေါက်ပင် ဖြစ်၏။ ကျင့်ကြံခြင်းဂြိုဟ် သလင်း​ကျောက်က ပထမ ဟင်္သာပြဒါး အုတ်ဂူ၏ အတွင်း၌ ရှိနေ၏။

သို့ရာတွင် သည်တံခါးကို ကျင့်ကြံခြင်းဂြိုဟ် နှလုံးသားမပါဘဲ ဝင်ရန်မဖြစ်နိုင်ပေ။

အတွင်းကို ဝင်ရောက်ချင်ပါက အတိုင်းအတာ တစ်ခု ကွဲကြေသည့် တိုင်အောင် စောင့်ရမည်။

ယွမ်ချွဲဇီသည် တံခါးကို စစ်ဆေးနေစဉ်တွင် သူ၏အသွင်သည် အနည်းငယ် ပြောင်းလဲသွားသည်။ သူသည် စိတ်ဝိညာဉ် တောင်ခြေကို ကြည့်နေရင်း အကြည့်လွှဲလိုက်သည်။

ယွမ်ချွဲဇီအကြည့်လွှဲပြီး မကြာမီ ချန်းဖန်၏ ပုံရိပ်သည် စိတ်ဝိညာဉ် တောင်ခြေမှ တောင်ပေါ်သို့ လျင်မြန်စွာ ရွေ့လျားလာ၏။ သူသည် တောင်ပေါ် ရောက်သောအခါ ယွမ်ချွဲဇီကို သတိထား ကြည့်လိုက်သည်။ ထို့နောက် သူသည် ဘေးဘက်သို့ လျှောက်သွားပြီး ထောင့်တစ်ခုတွင် ထိုင်လိုက်သည်။

မကြာခင် အချိန်အတွင်း လူများစွာ ရောက်လာ၏။ ထိုလူများထဲမှ နှစ်ယောက်သည် သစ်ရွက်ရှစ်ရွက် နတ်ဆရာများ ဖြစ်သည်။ သူတို့သည် ယွမ်ချွဲဇီကို မြင်သောအခါ ပျော်ရွှင်သွားကြ၏။ သူတို့သည် ယွမ်ချွဲဇီဆီ သွားကာ လေးစားသော အကြည့်များဖြင့် သူ၏ဘေးတွင် ရပ်လိုက်ကြသည်။

ကျင့်ကြံသူ တစ်ယောက်လည်း ရောက်ရှိလာသည်။ သူသည် အပြာရောင်ဝတ်ရုံ ဝတ်ဆင်ကာ သူ၏မျက်နှာတွင် မျက်နှာဖုံး တပ်ထားသည်။ မျက်နှာဖုံးသည် နတ်ဘုရားအာရုံကို ကာကွယ်ထားသော အပြာရောင် အော်ရာကို ပေးစွမ်းနေ၏။ သူသည် တောင်ထိပ်သို့ ရောက်ပြီးနောက် လှည့်ပတ်ကြည့်ရှုပြီး ဘေးဘက်တွင် တိတ်တဆိတ် ထိုင်နေသည်။

တစ်နာရီ ကြာပြီးနောက် အလင်းတန်း သုံးခုသည် သည်နေရာသို့ ကောင်းကင်ကို ဖြတ်သန်းကာ ပြေးလာသည်။ သို့သော် အလင်းတန်းသုံးခု ပိုနီးလာချိန်တွင် စိတ်ဝိညာဉ် တောင်တစ်ခုလုံး တုန်ခါလာသည်။ တံခါးသည်လည်း ပြင်းပြင်းထန်ထန် တုန်ခါပြီး အက်ကွဲကြောင်း များစွာ တံခါးပေါ်တွင် ပေါ်လာသည်။

သည်အချိန်တွင် စိတ်ဝိညာဉ် တောင်သာမက ဟင်္သာပြဒါး အုတ်ဂူ တစ်ခုလုံးလည်း တုန်ခါလာ၏။

ပထမဖြစ်ရပ် ကဲ့သို့ပင် မြေကြီးများသည် ပြိုကျကာ အက်ကွဲကြောင်း အများအပြားသည် နေရာတိုင်းတွင် ပေါ်လာသည်။

ကောင်းကင်သည်လည်း နေရာတိုင်းတွင် ပြိုကွဲမှုများ ဖြစ်ပေါ်နေသည်။

အလင်းတန်း သုံးခုသည် သည်အရာကို ပြုလုပ်ခြင်း မဟုတ်ပေ။ သူတို့အားလုံးသည် သူတို့အနီးတွင် ပေါ်လာသော အက်​ကွဲကြောင်းဖြင့် သေဆုံးကုန်သောကြောင့် ဖြစ်၏။

သည်အကြိမ် တုန်ခါမှုသည် ယခင် ဖြစ်ရပ်ထက် ပိုကြာသည်။ တုန်ခါမှုသည် အသက်၃၀ ရှူချိန်ကြာပြီနောက် ရပ်တန့်သွားသည်။ သည်အချိန် အတွင်းတွင် အပြင်ဘက်ပိုင်း တစ်ခုလုံးသည် အန္တရာယ် အက်ကွဲကြောင်းများ ​ပြည့်နေသည့် လေဟာနယ်ထဲသို့ ပြိုကျသွားသည်။

ဟင်္သာပြဒါး တောင်​ခြေတွင် ဟင်္သာပြဒါး အုတ်ဂူအတွင်း ဝင်ရောက်ရန် ကြိုးစားနေသည့် ကျင့်ကြံသူများ ရှိနေသေး၏။ သို့သော် ဝင်ရောက်သူတိုင်း အက်ကွဲကြောင်းများဖြင့် ချက်ချင်း သေဆုံးကုန်သည်။

တဖြည်းဖြည်းဖြင့် လူအများအပြား ဝင်ရောက်လာသည်။ ကြည့်ရသည်မှာ ဟင်္သာပြဒါး ဂူသည် လူများ ဝင်ရောက်ခြင်းကို ကာကွယ်ထားသော ကန့်သတ်ချက်သည် ဆုံးရှုံးနေပုံပေါ်သည်။ မကြာမီ အချိန်အတွင်း ကျင့်ကြံသူများသည် တစ်ခုခုမှားယွင်း နေသည်ဟု ရိပ်မိလာကြသည်။ နောက်ဆုံးတွင် အလွန် ထူးဆန်းလာပြီး မည်သူမျှ ထပ်မံ ဖြတ်သန်း ဝင်ရောက်ခြင်း မပြုဝံ့တော့ပေ။

သူတိုအသိတွင် သည်ဖြတ်သန်း ဝင်ရောက်သည့်လမ်းက ကျင့်ကြံသူများကို ဝါးမျိုသည့် နတ်ဆိုးသားရဲ တစ်ကောင် ဖြစ်လာသည်။ အတွင်းသို့ ဝင်ရောက်လျှင် သေဆုံးရမည်။

အက်ကွဲကြောင်း များစွာသည် ဟင်္သာပြဒါး အုတ်ဂူ၏ အလယ်ဖြစ်သော စိတ်ဝိညာဉ် တောင်ပေါ်ရှိ တံခါးတွင် ပေါ်ထွက်လာပြီး အက်ကွဲကြောင်း အချို့သည် ချိတ်ဆက်လျက် ရှိသည်။

တုန်ခါမှုပြီးနောက် ယွမ်ချွဲဇီ၏ မျက်လုံးများ လက်ခနဲဖြစ်သွားပြီး သူက တံခါးကိုကြည့်လိုက်၏။ ထို့နောက် သူက ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်ကို အသက်သွင်းကာ သူ့ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ကြီးမားလှသည့် လက်တစ်ခု ရုတ်တရက် ပေါ်လာပြီး တံခါးကို တွန်းလိုက်သည်။

တစ်ချက် တွန်းလိုက်သည့်နှင့် တံခါးသည် တုန်ခါသွားသည်။ သို့သော် တံခါးပေါ်ရှိ အက်ကွဲကြောင်းများကို မသက်ရောက်သလို သူ့လက်ဝါးရာသည် ပျောက်ကွယ်သွား၏။

ယွမ်ချွဲဇီသည် မျက်မှောင်ကြုတ်လိုက်ပြီး နောက်တစ်ကြိမ် ပြိုကွဲမှုကို သုန်မှုန်စွာဖြင့် စောင့်ဆိုင်းနေသည်။ သို့ရာတွင် သူသည် တစ်စုံတစ်ခုကို စောင့်နေသောကြောင့် သူသည် တောင်ခြေကို ရံဖန်ရံခါ ကြည့်နေသည်။

သည်အချိန်တွင် ခရမ်းရောင်ပုံရိပ် တစ်ခုသည် တောင်ခြေမှ တက်လာသည်။ သည်လူသည် ခရမ်းရောင်ဇာ ဝတ်ထားသည့် အမျိုးသမီး တစ်ဦးပင်ဖြစ်၏။

သူမ တစ်ဦးတည်းပင် မဟုတ်ပေ။ နဖူးတွင် တောက်ပသည့် တက်တူး အမှတ်အသားများနှင့် အဘိုးအို လေးဦးသည် သူမနောက်တွင် လိုက်ပါလာ၏။ အဘိုးအို တစ်ဦးစီသည် စိတ်ဝိညာဉ် ကူးပြောင်းခြင်း နောက်ဆုံးအဆင့် ဖြစ်သည်။ သူတို့၏ ခန္ဓကိုယ်တွင် ဒဏ်ရာများစွာရှိသည်။

သည်အမျိုးသမီးသည် ဇီရှင်းဖြစ်၏။ သူမနှင့် ကျိုးဝုထိုင်သည် သည်နေရာကို ရောက်ရှိ လာနိုင်ခြင်းမှာ သူတို့နှစ်ဦးတွင် တက်တူး အမှတ်အသား ရုပ်သေးရုပ်များစွာ ရှိသောကြောင့် ဖြစ်သည်။

ယွမ်ချွဲဇီသည် အကာအကွယ် ဖြစ်စေရန် သည်တက်တူး အမှတ်အသား ရုပ်သေးရုပ်များကို သူတို့အား ပေးထားသည်။

ဇီရှင်းကို တွေ့သောအခါ ယွမ်ချွဲဇီသည် ခေါင်းညိတ်ပြီး သူမကို အချက်ပြလိုက်သည်။ ဇီရှင်းသည် ထောင့်တစ်နေရာရှိ ချန်းဖန်ကို ကြည့်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် အမုန်းတရားများ ရှိနေ၏။ ထို့နောက် သူသည် ယွမ်ချွဲဇီဆီသို့ သွားလိုက်၏။

ဇီရှင်းရောက်ရှိ လာပြီးနောက် ချန်းဖန်၏ မျက်လုံးများသည် သူမကို မလွတ်တမ်း ကြည့်နေသည်။ သူ၏ အသွင်သည် ရုပ်ဆိုးပြီး အားကောင်းသော သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများ ပေါ်နေသည်။ သူသည် ဇီရှင်းကို ကြည့်နေစဉ် တွင် သူ၏မျက်လုံး အတွင်း၌ နာကျင်သော ရုန်းကန်မှုတစ်ခု ဖျတ်ခနဲ ဖြစ်သွား၏။

ချန်းဖန်သည် ဇီရှင်းကို စိုက်ကြည့်နေရင်း ပြောလိုက်၏။ “ခွေးမ ဇီရှင်း”

ဇီရှင်းသည် ချန်းဖန်ကို ကြည့်လိုက်ပြီး စကားတစ်ခွန်းမျှ မဆိုပေ။ သို့သော် သူမ၏ မျက်လုံးအတွင်းရှိ အမုန်းတရားသည် အမြင့်ဆုံး ရောက်နေသည်။

ချန်းဖန်၏ အသက်ရှူသံသည် ပြင်းလာ၏။ သူသည် ယွမ်ချွဲဇီကို ကြည့်ပြီးနောက် သူ့ကိုယ်သူ စိတ်တည်ငြိမ်စေရန် ကြိုးစားလိုက်၏။ ထို့နောက် သူသည် ဇီရှင်းကို သုန်မှုန်စွာ ကြည့်ပြီးနောက် လှောင်ရယ်လိုက်ပြီး သူ၏မျက်လုံးများကို မှိတ်လိုက်သည်။

သည်အချိန်တွင် တခြားပုံရိပ် တစ်ခုသည် တောင်ခြေမှ တော်ပေါ်သို့ တက်လာသည်။ တောင်ပေါ်သို့ ရောက်ချိန်တွင် တော်ထိပ်ရှိ လူအများစုက သူ့ကို ကြည့်လိုက်၏။

ချန်းဖန်က သူ၏မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်ပြီး အေးစက်ခြင်း အရိပ်အယောင် တစ်ခု မျက်လုံးများတွင် ဖျတ်ခနဲ ပေါ်လာသည်။

ဇီရှင်းက ချက်ချင်း ခေါင်းငုံ့လိုက်၏။ သူမသည် ခြေလှမ်း အနည်းငယ် နောက်ဆုတ်ပြီး ယွမ်ချွဲဇီ နောက်တွင် ရပ်လိုက်သည်။

ယွမ်ချွဲဇီ၏ မျက်လုံးသည် လက်ခနဲ ဖြစ်သွားပြီး လျှို့ဝှက် အပြုံးတစ်ခု ပေါ်လာသည်။

ကျိုးဝုထိုင်က သက်ပြင်းချလိုက်၏။ သူသည် ဝမ်လင်းကို လိုက်ရှာနေခြင်း ဖြစ်သည်။ သို့ရာတွင် မမျှော်လင့်ဘဲ ယွမ်ချွဲဇီကို တွေ့လိုက်ရ၏။

တောင်ထိပ်ကို ရောက်ရှိလာသူမှာ ဝမ်လင်းဖြစ်သည်။

ဝမ်လင်း ရောက်လာပြီးနောက် မျောက်နှင့် အဘိုးအို၏ မျက်လုံးသည် ခဏတာမျှ အနီရောင် ဖြစ်သွားသည်။ သူသည် ဝမ်လင်းကို စိုက်ကြည့်ပြီး ကြက်သီးထစဖွယ် ပြုံးလိုက်သည်။

သူ့ပခုံးပေါ်ရှိ မျောက်သည် ဝမ်လင်းကို ရန်လိုသော အကြည့်ဖြင့် ကြည့်လိုက်၏။

မျက်နှာဖုံး ဝတ်ထားသာ လူသည် ဝမ်လင်းကို လှည့်ကြည့်လိုက်၏။ သူ့မျက်လုံးများသည် ရှုပ်ထွေးမှုများ ပြည့်နေပြီးနောက် ပြန်လည်တည်ငြိမ် သွား၏။ သူက ဝမ်လင်းကို ခေါင်းညိတ်ပြပြီး စကားတစ်ခွန်းမျှ မဆိုပေ။

ဝမ်လင်းသည် ညစ်ပတ်နေ၏။ သူ့အဝတ်အစား များသည် အလွန်အမင်း စုတ်ပြဲနေသည်။ အစောပိုင်းက သူတောင်ပေါ်ကို တက်လာချိန်တွင် ဒုတိယအကြိမ် ပြိုကွဲမှု ဖြစ်သည်။ သူသည် အက်ကွဲကြောင်းများ ပေါ်လာချိန်တွင် ဒုက္ခရောက်ခဲ့ ရသည်။ နောက်ဆုံးတွင် သူသည် တောင်နံရံရှိ အပေါက်တစ်ခုတွင် ဝင်နေခဲ့ရသည်။ ပြိုကွဲမှု ပြီးဆုံးမှသာလျှင် ထွက်လာဝံ့သည်။

အပြင်မှာ ရှိနေခဲ့လျှင် သူသေဆုံး သွားလိမ့်မည်။

“အစ်ကို ဝမ် …”

“စန်နူး …”

“ဝမ်လင်း …”

တောင်ထိပ်ရှိ လူများဆီမှ ခေါ်သံသုံးခု ထွက်ပေါ်လာသည်။

အစ်ကိုဝမ်ဟု ခေါ်လိုက်သူမှာ ကျိုးဝုထိုင်ဖြစ်၏။

စန်နူးဟု ပြောလိုက်သည်မှာ ချန်းဖန်ဖြစ်၍ နောက်ဆုံး အသံပိုင်ရှင်သည် ယွမ်ချွဲဇီဖြစ်၏။

ဝမ်လင်းသည် လူတိုင်းကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် ယွမ်ချွဲဇီတွင် ရပ်တန့်သွားသည်။ သည်အချိန်သည် သူနှင့် ယွမ်ချွဲဇီ နောက်ဆုံးအကြိမ် ခွဲခွာပြီးနောက် ပထမဆုံး တွေ့ဆုံမှုဖြစ်သည်။

ဝမ်လင်းနှင့် ယွမ်ချွဲဇီသည် တစ်ဦးကိုတစ်ဦး ကြည့်နေကြသည်။ နှစ်ဦးစလုံး တိတ်ဆိတ်လျက်ရှိသည်။

မကြာမီ ဝမ်လင်းက ခါးခါးသီးသီး ပြုံး၍ ပြောလိုက်၏။ “စီနီယာကို နှုတ်ဆက်ပါတယ်”

ယွမ်ချွဲဇီက သက်ပြင်းချလိုက်၏။ သူသည် ခေါင်းကို ယမ်းလိုက်ပြီး ပြောလိုက်၏။ “မင်းလည်း ဒီနေရာကို လာတာ …”

ဝမ်လင်းက သူ့သိုလှောင်အိတ်ကို ပုတ်လိုက်၏။ အနက်ရောင် အလင်းတန်းများသည် သိုလှောင်အိတ် အပြင်ဘက်ကို ထွက်လာကြ၏။ သူ့အမိန့်သံဖြင့် အလင်းတန်းများသည် ယွမ်ချွဲဇီဆီ ပျံသန်းသွားကြပြီး ယွမ်ချွဲဇီအနီး ရောက်သောအခါ သစ်သား ပန်းပုများအသွင် ပြောင်းသွားကြလေ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset