Switch Mode

အပိုင်း (၅၀၁)

အနီရောင်လိပ်ပြာ

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက နောက်သို့ ဆုတ်နေရင်းဖြင့် ကောင်းကင်ဘုံဓားကို မြှောက်ကာ သူ့ရှေ့၌ ကာဆီးထားလိုက်သည်။

ဓားသွားစွမ်းအင်က နီးကပ်လာခဲ့ပြီး ပေါက်ကွဲသံ တစ်ချက်နှင့် အတူ ဝမ်လင်းက နောက်သို့ လွင့်စဉ်လို့သွားသည်။ သည်လွင့်စဉ်အားကို အသုံးပြု၍ ဝမ်လင်းက နောက်သို့ထပ်ဆုတ်၏။ ဓားသွားစွမ်းအင်၏ အင်အားက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့် တစ်ယောက်၏ အင်ပြည့်အားပြည့် တိုက်ခိုက်မှုနှင့် ညီမျှပေသည်။ စိတ်ဝိညာဉ် ဆယ်သန်းအလံ အသုံးမပြုဘဲနှင့် ဝမ်လင်းက ၎င်းကို ယှဉ်နိုင်ရန်နည်းလမ်း ရှိမည် မဟုတ်ချေ။

ဝမ်လင်းက နောက်သို့ လျင်မြန်စွာ ဆုတ်နေ၏။ သူက သူလာခဲ့သော နေရာသို့ ပြန်ဆုတ်နေခြင်း မဟုတ်ဘဲ ဆန့်ကျင်ဘက်အရပ်သို့ ဆုတ်ခွာနေခြင်းပင်။ သူက အုတ်ဂူအတွင်းပိုင်းသို့ ပိုရောက်သွားလေ၏။

ဓားသွားထံကနေ နတ်ဘုရားအာရုံ သတင်းပို့လွှတ်မှုလှိုင်းများ ထွက်ပေါ်လျက် ရှိသည်။ ၎င်းက ရတနာဓားများကို ဝမ်လင်းနောက်သို့ လိုက်လံရန် အမိန့်ပေးနေခြင်းပင်။

ဝမ်လင်းက ချိုင့်ဝှမ်း တစ်ခုပြီးတစ်ခုကို လျင်မြန်စွာ ဖြတ်ကျော်လို့ သွားနေ၏။ မရေမတွက်နိုင်သော ရတနာဓားများက သူ့နောက်က‌နေ လခြမ်းကွေးဓားသွားနှင့် အတူ လိုက်ပါလို့နေ၏။

ကောင်းကင်ဘုံဓားကို ဝမ်လင်းက ပြန်သိမ်းဆည်းထားခဲ့ပြီး ဖြစ်သည့်အတွက် သူက သူ့ခွန်အားကို အသုံးပြု၍သာ ပျံသန်းနေခြင်း ဖြစ်၏။

သူ့ရှေ့ရှိ ချိုင့်ဝှမ်းများမှ ရတနာဓားများက ပျံသန်း ထွက်လာနေပြီး သူနှင့် နီးကပ်လာခဲ့သည်။ ဝမ်လင်းပတ်လည်၌ ဓားများနှင့် ဝန်းရံလာ၏။ ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားပြီးနောက် စိတ်ဝိညာဉ် ဆယ်သန်းအလံကို ထုတ်ယူ ဆွဲကိုင်လိုက်သည်။ စိတ်ဝိညာဉ်အလံက အနက်ရောင် အခိုးငွေ့များအဖြစ်သို့ ပြောင်း၍ ဝမ်လင်းအား လွှမ်းခြုံစေပြီး သူ့အမြန်နှုန်းကို တစ်ဟုန်ထိုး ထိုးတက်သွားစေသည်။

သူ့ထံသို့ လာနေသော ရတနာဓားများက လွဲချော်ကုန်ကြလေသည်။ သို့သော် ၎င်းတို့က အမြန်ပြန်လှည့်၍ သူ့နောက်သို့ ဆက်လိုက်လာခဲ့ကြသည်။ သည်အချိန်တွင် ဝမ်လင်းနောက်၌ အဆုံးမဲသော ရတနာဓားပင်လယ်ကြီး တစ်ခု ရှိလို့နေတော့သည်။ ၎င်းဓားများက ကောင်းကင်ဘုံကို ပျက်စီးစေနိုင်သည့်အလား ထင်မှတ်ရသော ဓားတေးသံတစ်ခုကို ဖန်တီးလိုက်၏။ ၎င်းဓားများ ဖန်တီးထားသော အေးစက်သည့် အော်ရာကြောင့် ပတ်ဝန်းကျင်အပူချိန်ပင် လျော့ကျသွားခဲ့ရသည်။

သည်အချင်းအရာက ဓားတေးသံများကသာ သည်ကမ္ဘာ၌ ကျန်ရှိနေတော့သည့် အလား ခံစားထင်မှတ်စေ၏။ ဓားတေးသံများက ကောင်းကင်နှင့် မြေကြီးကိုပင် တုန်ခါစေ၏။

သည်အသံက အလွန် ကျယ်လောင်လွန်းသဖြင့် ကီလိုမီတာ ထောင်ချီဝေးသော နေရာတွင် ရှိနေသည့် ကျင့်ကြံသူများပင် သည်အသံကို ကြားနေရ၏။ ကျင့်ကြံသူများက သည်အသံကြားရသည့် နေရာထံသို့ မည်သို့ ဖြစ်ပျက်နေသည်ကို သိရှိရန် ပျံသန်းလာကြ၏။

ဓားတစ်လက်ချင်းစီက ဓားတေးသံနှင့် အေးစက်သောအော်ရာကို ထုတ်လွှတ်လို့နေ၏။ သည်ဓားများ ပေါင်းစပ်သည့်အချိန်၌ ၎င်းဓားတို့က ရှေးဟောင်း အင်မော်တယ် ဓားတစ်လက်ကို ဖြစ်ပေါ်စေခဲ့သည့် အလား ထင်မှတ်စေသည်။

စိတ်ဝိညာဉ်အလံကို ဝန်းရံထားသည့် ဝမ်လင်းက အခိုးအငွေ့တိမ်ထုကဲ့သို့ လှုပ်ရှားလို့နေသည်။ ဓားတေးသံများက သူ့ထံသို့ ကျရောက် လာကြသော်လည်း စိတ်ဝိညာဉ်အလံက ယင်းအသံများကို တားဆီးပေးလေ၏။

လခြမ်းကွေးဓားသွားကနေ ထွက်ပေါ်လာသည့် ဓားစွမ်းအင်တစ်ခုက သာလျှင် ဝမ်လင်းနားသို့ ရောက်လာခဲ့သဖြင့် သူက ကောင်းကင်ဘုံဓားကို ထုတ်၍ ယင်းဓားစွမ်းအင်ကို တားဆီး လိုက်ရသေးသည်။

သည်အခြေအနေ တစ်ခုလုံးက ဝမ်လင်းအတွက် အလွန်စိတ်လှုပ်ရှားစရာ ကောင်းလို့နေသည်။ သည်အရာက အတိတ်တုန်းက သူကျင့်ကြံမှု အဆင့်နိမ့်စဉ် အခြားလူများ သူ့နောက်သို့ လိုက်လံ ဖမ်းဆီးခဲ့ကြသည့် အတိတ်နေ့ရက်များကိုပင် ပြန်အမှတ်ရစေခဲ့သည်။

သည်အခိုက်မှာပင် အလင်းတန်းနှစ်ခုက ဝမ်လင်းရှိရာသို့ ပျံသန်းလာနေ၏။ သူတို့က သူနှင့် ကီလိုမီတာ ငါးထောင်အကွာတွင် ရပ်တန့်လိုက်ကြ၏။ သို့သော် သူတို့က မည်သို့ ဖြစ်ပျက်နေသည်ကို သတိပြုမိပြီးနောက် ချက်ချင်းပင် ပြန်လှည့်ကာ ထွက်ပြေးကြတော့၏။

ဝမ်လင်းက ရယ်မောကာ နောက်သို့ လှည့်၍ သူ့နောက်ရှိ မရေမတွက်နိုင်သော ရတနာဓားများနှင့် လခြမ်းကွေးဓားကို ကြည့်လိုက်သည်။ ထို့နောက် သူက တည်နေရာ ရွှေ့ပြောင်းလိုက်ပြီးနောက် ကီလိုမီတာ ငါးထောင်အကွာတွင် ပြန်ပေါ်လာခဲ့တော့သည်။

သို့ရာတွင် သူ ပြန်ပေါ်လာချင်းချင်းမှာ သူ့ကို လိုက်ဖမ်းနေသော သည်ရတနာဓားများက အလင်းတစ်ချက် တောက်ပသွားပြီး ချက်ချင်းပင် သူ့အကွာအဝေးသို့ နီးကပ်လာခဲ့လေ၏။

မိုးခြိမ်းသံ တုန်ခါမှုတစ်ခုက အုတ်ဂူထဲ၌ ပဲ့တင်ထပ်လာခဲ့၏။ အုတ်ဂူပြိုကျမှု ထပ်မံ ဖြစ်ပေါ်လာတော့မည် အလား ထင်မှတ်ရသည့် အချိန်တွင် အပျက်အစီး အော်ရာတစ်ခုကလည်း ထွက်ပေါ်လာခဲ့သည်။

လျင်မြန်စွာ ထွက်ပြေးနေသော အလင်းတန်းနှစ်ခုကို ကြည့်လိုက်ပြီး ဝမ်လင်းက သည်လူနှစ်ယောက်က မည်သူမည်ဝါမှန်း ချက်ချင်းသိလိုက်၏။ သည်နှစ်ယောက်က ယောက်ျားတစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်တို့ ဖြစ်ကြသည်။ ယောက်ျား၏ နားရွက်ကိုကြည့်၍ ဝမ်လင်းက သူ့ကို ကျိုးဝုထိုင်မှန်း ချက်ချင်း သိလိုက်သည်။ အမျိုးသမီးကတော့ ခရမ်းရောင်ဇာပုဝါကို မျက်နှာပေါ်၌ တပ်ဆင်ထားပေသည်။ ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သည်အမျိုးသမီးကိုလည်း မည်သူမှန်း သိလိုက်ပေ၏။

ဝမ်လင်းက ရတနာဓားများ၏ နောက်ကနေ လိုက်လံခြင်း ခံနေရသော်လည်း သူ့အသွင်က တည်ငြိမ်လို့နေ၏။ သူက ရယ်မောကာ ပြောလိုက်သည်။ “ထွက်မသွားပါနဲ့ … အစ်ကိုကျိုး …။ ငါ့ကို ခဏလောက် စောင့်ပါဦး …”

ကျိုးဝုထိုင် အသွင်က ရုပ်ဆိုးလို့ သွားပြီးနောက် သူက ခပ်တိုးတိုး ပြောလိုက်သည်။ “ကံမကောင်းလိုက်တာ …” သူက ဝမ်လင်းစကားကို နားမထောင်တော့ပဲ ပို၍ပင် မြန်ဆန်စွာ ပျံသန်းသွားလေ၏။

အမျိုးသမီးကတော့ ဝမ်လင်းကို မြင်လိုက်သည့် အခိုက်တွင် သူမမျက်နှာပေါ်၌ ကြောက်ရွံ့မှုတို့ ပြည့်သွားပြီး အလျင်အမြန်ပင် ထွက်ပြေးတော့သည်။

သည်လိုနှင့် သူတို့နှစ်ယောက်က ရှေ့ကနေ ပျံသန်း၊ ဝမ်လင်းက သူတို့နောက်ကနေ လိုက်၍ မရေမတွက်နိုင်သော ရတနာဓားများကတော့ သူတို့သုံးယောက် နောက်ကနေ လိုက်ပါ ပျံသန်းလာကြသည်။ လခြမ်းကွေးဓားသွား ကတော့ ရံဖန်ရန်ခါ ပေါ်လာခဲ့ပြီး ဓားသွား စွမ်းအင်လှိုင်းများ ထုတ်လွှတ်လေ၏။

သည်ဓားစွမ်းအင်က ဝမ်လင်းစိုးရိမ်သော တစ်ခုတည်းသော အရာပင် ဖြစ်သည်။ သည်ဓားစွမ်းအင်က သူ့ထံသို့ ရောက်လာတိုင်း သူက အလျင်အမြန် ရှောင်တိမ်းနေရ၏။

လခြမ်းကွေးဓားသွားက အလွန်ထူးဆန်းလှ၏။ ဝမ်လင်း၏ နတ်ဘုရားအာရုံကြောင့် သူက ဓားသွားက အမြန်နှုန်းတစ်ခုကို ရောက်သည်နှင့် ထူးဆန်းသောအားက ၎င်းကို အရှိန်ပြန်သတ် ပစ်လိုက်သည်ကို သတိပြုမိခဲ့ပေသည်။ မဟုတ်လျှင် ၎င်းက ဝမ်လင်းကို အလွယ်တကူပင် ဖမ်းမိနေပြီ ဖြစ်၏။

သူတို့သုံးယောက်လုံးက အမြန်ဆုံးနှုန်းဖြင့် ပျံသန်းလို့နေ၏။ အမွှေးတိုင် သုံးတိုင်ထွန်းချိန်ခန့် ကြာသွားပြီးနောက် ချိုင့်ဝှမ်း၏ အစွန်းပိုင်းက သူတို့မြင်ကွင်းထဲ၌ ပေါ်လာခဲ့၏။ ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက ချက်ချင်းပင် တည်နေရာ ရွှေ့ပြောင်းလိုက်၏။ သူက သည်ချိုင့်ဝှမ်းဧရိယာ၏ အစွန်းပိုင်း၌ ပြန်ပေါ်လာခဲ့သည်။ သူက ပြန်ပေါ်လာချင်းချင်း တစ်စက်ကလေးပင် ရပ်တန့်ခြင်းမရှိဘဲ ချက်ချင်း တစ်ဟုန်ထိုး ထွက်သွားတော့၏။

ကျိုးဝုထိုင်က အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ ဝမ်လင်းနောက်သို့ လိုက်ပါသွား၏။ အမျိုးသမီးကတော့ အနည်းငယ် ချီတုံချတုံဖြစ်ပြီး ကျိုးဝုထိုင်နှင့် လမ်းခွဲပြီး နောက်ထပ်ဦးတည်ရာ တစ်ခုကို ရွေးချယ်လိုက်သည်။

ရတနာဓားများ အားလုံးက သည်ချိုင့်ဝှမ်းအစွန်းတွင် ရပ်တန့်သွားကြသည်။ လခြမ်းကွေးဓားသွား တစ်ခုတည်းကသာလျှင် ရပ်တန်ခြင်းမရှိဘဲ ချိုင့်ဝှမ်းဧရိယာကနေ တစ်ဟုန်ထိုး လိုက်လံ ထွက်လာခဲ့သည်။

လခြမ်းကွေးဓားသွားက ချိုင့်ဝှမ်းကနေ ထွက်ခွာလာပြီးနောက် ၎င်း၏အမြန်နှုန်းက ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။ ၎င်းအရှိန်ကို လျော့နည်းသွားသည့် ထူးဆန်းသော အားကလည်း အားပျော့သွားသည့်အလား ထင်မှတ်ရသည်။ သည့်အတွက်ကြောင့် ၎င်းဓားသွား၏ အမြန်နှုန်းက အံ့မခန်းအဆင့်သို့ ရောက်ရှိသွားတော့၏။

မျက်စိတစ်မှိတ် အတွင်းမှာပင် လခြမ်းကွေးဓားက ကျိုးဝုထိုင်ကို ဖြတ်ကျော်သွားပြီး ဝမ်လင်းထံသို့ ဦးတည်သွားတော့၏။

ကျိုးဝုထိုင်နဖူးထက်၌ ချွေးများဖြင့် အေးစက်လို့သွားသည်။ သူ့ကို ဓားသွား ဖြတ်ကျော်သွားချိန်၌ သူက လုံးဝ သတိပြုမိလိုက်ခြင်း မရှိချေ။ သူက အားကောင်းသော လေပြင်းတစ်ချက် ရိုက်ခတ်သွားသည်ဟုသာ ခံစားလိုက်ရပြီး အနက်ရောင် အစက်အပြောက်တစ်ခုက သူ့ကို ဖြတ်ကျော် ပျောက်ကွယ်သွားသည်ဟုသာ တွေ့မြင်လိုက်ရသည်။

“ဒါက ဘယ်လိုကြီးလဲ …။ မြန်လိုက်တာ …။ ဒီဓားသွားက အစကထက် အနည်းဆုံး ဆယ်စလောက် ပိုမြန်လာတာပဲ …” ကျိုးဝုထိုင်နှလုံးသားက တုန်လှုပ်သွားပြီးနောက် သူက ဝမ်လင်းနှင့် ဓားသွားနောက်သို့ ဆက်လက် လိုက်ပါသွားလေ၏။

ဝမ်လင်းက ချိုင့်ဝှမ်းဧရိယာကနေ ထွက်လာပြီးနောက် သူပျံသန်းသည့် အရှိန်ကို လျှော့ချလိုက်ရသည်။ အကြောင်းကတော့ အက်ကွဲကြောင်းများက ပိုပိုထွက်ပေါ် လာသောကြောင့်ပင်။ သူက အက်ကွဲကြောင်းများကို ရှောင်ရှားပြီးနောက် တောင်ထိပ်တစ်ခုပေါ်၌ ရပ်တန့်၍ ရွေးချယ်လိုက်သည်။

သူက အကွာအဝေးတစ်ခုသို့ ကြည့်နေရင်းနှင့် သက်တံ့ရောင် ပေးစွမ်းနေသည့် တောင်တစ်လုံးကို လှမ်းတွေ့လိုက်ရသည်။ သည်တောင်က စစ်ထူနန် ပြောပြခဲ့သည့် စိတ်ဝိညာဉ်တောင်နှင့် ချွတ်စွတ်ဆင်တူနေ၏။

သူက ရပ်တန့်လိုက်ရုံရှိသေး မိုးခြိမ်းသံတစ်ခုက အကွာအဝေးတစ်ခုကနေ တိုးဝင် ပျံသန်းလာလေ၏။ ဝမ်လင်းက ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သဖြင့် ပေတစ်သောင်းအကွာသို့ တည်နေရာ ရွှေ့ပြောင်းလိုက်သည်။ ပေါက်ကွဲသံတစ်ချက်နှင့် အတူ သူရှိနေခဲ့သော တောင်က ပြိုကျသွားတော့၏။ အပြာရောင်အလင်းတန်း တစ်ချက်ဖျတ်ခနဲ ဖြစ်သွားပြီး လခြမ်းကွေးဓားသွား ကလည်း တောင်အပျက်အစီးပုံ ကနေ ပျံသန်း ထွက်လာခဲ့တော့သည်။

တစ်ချိန်တည်းမှာပင် ၎င်းဓားသွားထံကနေ နတ်ဘုရားအာရုံ သတင်းပို့ချက်တစ်ခု ထွက်ပေါ်လာ၏။

“သူ့ကို ဒီနေရာမှာ … ထားခဲ့ …”

ဝမ်လင်းခန္ဓာကိုယ်က ထပ်မံ ပျောက်ကွယ်သွားပြန်၏။ သို့သော် သည်တစ်ကြိမ်၌ သူ့ဘယ်ဘက်လက်ကနေ နာကျင်မှုကို ခံစားလိုက်ရ၏။ သူက ပေတစ်သောင်းအကွာ၌ ထပ်မံပေါ်လာပြီး သူ့ဘယ်လက် အင်္ကျီလက်အိုးကို ဝှေ့ခါလိုက်ရာ ဒဏ်ရာတစ်ခု ပေါ်လာခဲ့၏။

“မြန်လိုက်တာ …” ဝမ်လင်း ပြန်ပေါ်လာပြီးနောက် သူက ထပ်မံ၍ တည်နေရာ ရွှေ့ပြောင်းပြန်၏။ သူက အလွန်ဝေးသော နေရာသို့ တည်နေရာ ရွှေ့ပြောင်းခြင်း မပြုဝံ့ချေ။ အကြောင်းကတော့ သူက အက်ကွဲကြောင်း တစ်ခုနားသို့ ကျရောက်သွားမည် ဆိုးသောကြောင့်ပင်။ သည်လိုဖြစ်သွားလျှင် သူ့အတွက် အလွန်အန္တရာယ် များသွားပေလိမ့်မည်။

ဝမ်လင်း တည်နေရာ ရွှေ့ပြောင်းသွားတိုင်း ဝမ်လင်းရှိနှင့်ခဲ့သော နေရာက အပြာရောင်တစ်ချက် တောက်ပသွားပြီး ပြိုကျ သွားခဲ့လေတော့သည်။

သည်လခြမ်းကွေး ဓားသွားက ဝမ်လင်းနောက်သို့ ရူးသွပ်စွာ လိုက်လံနေသည့်အလား ထင်မှတ်ရလေ၏။

ဖျတ်ခနဲတောက်ပမှုနှင့် အတူ ဝမ်လင်းက ပေတစ်သောင်းအကွာသို့ တည်နေရာ ရွှေ့ပြောင်းပြီးပြီးချင်း ဘေးတစ်ဖက်သို့ ရွှေ့လျားလိုက်၏။ သည့်နောက် သူရှိခဲ့သောနေရာတွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့တော့၏။

ဝမ်လင်း တည်နေရာ ရွှေ့ပြောင်းပြီးပြီးချင်း အပြာရောင် အလင်းတန်းက သူရှိနှင့်ခဲ့သောနေရာသို့ ချက်ချင်း ရောက်ရှိလာခဲ့၏။ အပြာရောင် အလင်းတန်းက သူ့လမ်းကြောင်းရှိ တောင်များ၊ မြေပြင်များနှင့် အက်ကွဲကြောင်းများ အပါအဝင် အရာအားလုံးကို ဖျက်ဆီးသွားခဲ့လေ၏။

သည်မြင်ကွင်းက ဝမ်လင်းဦးခေါင်းကို အလွန်ပင် တင်းကျပ်သွားစေသည်။ သူက တုံ့ဆိုင်းခြင်းမရှိဘဲ ထပ်မံ၍ တည်နေရာ ပြောင်းပြန်သည်။ သည်တစ်ကြိမ်၌ သူ့ညာဘက် ခြေထောက်က နာကျင်မှုကို ခံစားလိုက်ရပြီး သွေးများ ပန်းထွက်လို့သွား၏။

ငါးကီလိုမီတာ အကွာတွင် ပြန်ပေါ်လာပြီးနောက် ဝမ်လင်းက သူ့ညာလက်ဖြင့် ဒဏ်ရာကို ပွတ်သပ်လိုက်ရာ သွေးတိတ်ကာ ပျောက်လို့သွား၏။

“ဒီဓားသွားက ဘယ်လိုရတနာမျိုးလဲ …” ဝမ်လင်းမျက်လုံးထဲ၌ လောဘအရိပ်အယောင်များ ထွက်ပေါ်လာ၏။ သူက သည်လိုအမြန်နှုန်းရှိသည့် အရာမျိုးကို အရင်က တစ်ခုသာ မြင်ခဲ့ဖူးလေသည်။ သည်တစ်ခုကတော့ စိတ်ဝိညာဉ် ဆယ်သန်းအလံ၏ လေးခုမြောက် မူလစိတ်ဝိညာဉ်ပင် ဖြစ်ချေ၏။

သည်နှစ်ခုကို နှိုင်းယှဉ်လျှင် သူတို့၏အမြန်နှုန်းက တူညီလုနီးပါး ရှိလေ၏။ ဓားသွား၏ခွန်အားက အနည်းငယ်ပင် ပိုသန်မာလောက်ပေသည်။ တကယ်တော့ လေးခုမြောက် စိတ်ဝိညာဉ်ဖြစ်သည့် အပ်က ထွင်းဖောက်ခြင်း ခံရလျှင် နာကျင်မှုကို ခံစားရသော်လည်း သည်ဓားသွားဖြင့် ထိခိုက်မိလျှင်တော့ သင့်ဦးခေါင်းကိုပင် မြေပေါ်သို့ ပြုတ်ကျသွားနိုင်ပေသည်။

“ဒီဓားသွားက စိတ်ဝိညာဉ်အပိုင်းအစ တစ်ခုတည်းနဲ့ ပြုလုပ်ထားတာပဲ … ဒီစိတ်ဝိညာဉ် အပိုင်းအစမှာ ဒီလောက်အားကောင်းတဲ့ သတ္တုဒြပ်စင် စွမ်းအားကို ဘယ်သူကများ ပါဝင်စေခဲ့တာလဲ …။ ဒီဓားသွားက တကယ့်ရတနာတစ်ခုပဲ …”

ဝမ်လင်း ခန္ဓာကိုယ်က ထပ်မံ၍ ပျောက်ကွယ်သွားပြန်၏။ သူရှိနှင့်ခဲ့သော နေရာတိုင်းသည်လည်း ပျက်စီးသွားခဲ့ရသည်သာ ဖြစ်လေသည်။

ဓားသွားက ပို၍ပင် မြန်ဆန်လာခဲ့သည်။ ဝမ်လင်းက သိပ်မကြာခင်တွင် မတည်မငြိမ် ဖြစ်လာခဲ့၏။ သူက အနည်းငယ်လောက် သတိလွတ်သွားသည်နှင့် သူက ဒဏ်ရာရသွား ပေလိမ့်မည်။ ခုချိန်၌ သူက ကျူးချွဲဇီ ဘာကြောင့် လေးခုမြောက် စိတ်ဝိညာဉ်အပ်ကို ကြောက်လန့်သည်ကို နားလည်သွားတော့သည်။

“ဒီဓားသွားကို ငါပိုင်အောင် လုပ်ရမယ် …” ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး ကောင်းကင်ဘုံဓားကို ထုတ်ယူလိုက်သည်။ ဖျတ်ခနဲဖြင့် ရှုလီကောက သူ့ကြောင့် ကောင်းကင်ဘုံဓားထဲ ကနေ အတင်းထွက်လာခဲ့ရသည်။

“ရှုလီကော … မင်း ဘီလူးနတ်ဆိုးကလန် ဘိုးဘေးကို လုပ်သလိုမျိုး ထပ်ပြီးတော့ ခဏတာ ဟန်ဆောင်ပါ …။ ငါ့စိတ်ဝိညာဉ် အပိုင်းအစ ပြန်ရလာတာနဲ့ ငါမင်းကို လာကယ်တင်မယ် …” ထိုသို့ပြောပြီးသည်နှင့် ဝမ်လင်းက လက်ဝှေ့ယမ်းလိုက်ရာ ရှုလီကောက လေထဲသို့ ပျံတက်သွားတော့၏။

ရှုလီကောက ငိုငြီး၍ ထွက်ပြေးရန် ကြံလိုက်စဉ်မှာပင် လခြမ်းကွေးဓားသွားက သူ့ကို ဖမ်းမိသွားပြီး ဓားသွားနှင့် ရှုလီကောတို့က ပျောက်ကွယ် သွားကြတော့သည်။

ရှုလီကောက အကွာအဝေး တစ်ခုကနေ ရှုလီကော၏ ငိုကြွေးသံ ထွက်ပေါ်လာခဲ့သည်။

“အရှင် … သင် ငါ့ကိုကယ်ဖို့ မမေ့ပါနဲ့ …”

ဝမ်လင်းက ကောင်းကင်ဘုံဓားကို ကိုင်ဆောင်ထားရင်း သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားလေ၏။ သူနှင့်ရှုလီကောတို့က ချိတ်ဆက်မှု ရှိလေသည်။ ထို့ကြောင့် သူက ရှုလီကော မည်သည့်နေရာတွင် ရှိသည်ကို ခံစားနိုင်စွမ်း ရှိ၏။ သည့်အပြင် ဓားသွားက ရှုလီကောကို နာကျင်စေလိမ့်မည် မဟုတ်ပေ။ အကြောင်းကတော့ ၎င်းဓားသွားတွင် အခြားရည်ရွယ်ချက်များ ရှိနှင့်နေသောကြောင့် ဖြစ်၏။

ရှုလီကောက မကောင်းဆိုးဝါး တစ်ကောင် ဖြစ်သဖြင့် လွယ်လွယ်နှင့် ပျက်စီးမသွားနိုင်ချေ။ ခုချိန်၌ ဝမ်လင်းက အလျင်လိုနေသဖြင့် ဓားသွား၌ ရင်ဆိုင်ရန် အချိန်မရှိချေ။ ရှုလီကောကို တည်ကြက်အဖြစ် ထားထားသည့်အတွက် အနာဂတ်၌ သူ့တွင် ဓားသွားကိုရရှိရန် အချိန်များစွာ ရရှိမည် ဖြစ်သည်။

ဝမ်လင်းက ကောင်းကင်ဘုံဓားကို ပြန်သိမ်းဆည်း လိုက်ပြီးနောက် အကွာအဝေးတစ်ခုရှိ သက်တံရောင်တောင်ကို ကြည့်နေသည်။ သူက ထိုနေရာသို့ ပျံသန်းသွားရန် ဟန်ပြင်လိုက်၏။ သို့ရာတွင် သည်အခိုက်၌ သူ့အသွင်က ပြောင်းလဲသွားပြီး အနီးအနားရှိ တောင်တစ်လုံးထံသို့ လှည့်ကြည့်လိုက်၏။ ထိုနေရာ၌ အနီရောင်ပုံရိပ်တစ်ခု ရှိလို့နေသည်။ သည်ပုံရိပ်က အထီးကျန်မှုများနှင့် ပြည့်လို့နေသည်။

သူမက ထိုနေရာကနေ အနီရောင်လိပ်ပြာ တစ်ကောင်ကဲ့သို့ လေနှင့်အတူ ထွက်သွားလိုသော်လည်း အတင်းအကျပ် မတ်တတ်ရပ်နေရသည့် ပုံပင်။

“အနီရောင်လိပ်ပြာ …”

***

Comment

Leave a Reply

Options

not work with dark mode
Reset