Switch Mode

အပိုင်း (၅၀၀)

ထူးဆန်းသောရတနာ

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် အကွာအဝေးသို့ ပျံသန်းသွားတော့၏။ သူက နတ်ဘုရားအာရုံကို ဖြန့်ကြက်၍ အလွန်ဂရုတစိုက် လှုပ်ရှားနေသည်။ သူ့ပတ်လည်ရှိ အက်ကွဲကြောင်းများက သူ့ကို ခေါင်းကိုက်စေ၏။ သူ့တွင် ရွေးချယ်စရာမရှိဘဲ ခပ်နှေးနှေးသာ လှုပ်ရှားသွားလာ နေရတော့သည်။

လွန်ခဲ့သောနှစ်ရက်က ဝမ်လင်းသည် အက်ကွဲကြောင်းများကြောင့် ပျက်စီးသည့် နေရာများကို ကျော်လို့သွားခဲ့သည်။ သူက အကွာအဝေးတစ်ခုတွင် ကောင်းကင်ထက်တိုင် ထွင်းဖောက်နေသည့် ဓားအော်ရာများ ရှိနေသည့် ချိုင့်ဝှမ်းတစ်ခုကို တွေ့မြင်ခဲ့ရသည်။

သူက နတ်ဘုရားအာရုံဖြင့် သည်ဧရိယာကို စစ်ကြည့်လိုက်ရာ ချိုင့်ဝှမ်း တစ်သောင်းကျော်လောက် ရှိနေသည်ကို တွေ့မြင်လိုက်ရသည်။ သည်ချိုင့်ဝှမ်းများက သည်ဧရိယာ တစ်ခုလုံးကို လွှမ်းခြုံထားပြီး အဆုံးသတ်ကိုပင် မမြင်ရချေ။

ချိုင့်ဝှမ်းတိုင်း၌ ဓားရှည်တစ်လက်က ထိုးစိုက်လို့နေသည်။ ဓားတစ်ဝက်က မြေကြီးထဲတွင် နစ်မြုပ်နေသော်လည်း ဝမ်လင်းက ဓားစွမ်းအင်ဆန္ဒကို ရှင်းလင်းစွာ ခံစားနိုင်ပေသည်။

“သတ္တုစိတ်ဝိညာဉ် အပိုင်းအစတွေ …” ဝမ်လင်းက စဉ်းစားကြည့်နေ၏။

သူက ဟင်္သာပြဒါး အုတ်ဂူထဲတွင် အချိန်တစ်ခုကြာ ရှိနှင့်နေခဲ့ပြီးနောက် သည်နေရာရှိ အရာအားလုံးက စစ်ထူနန် သူ့ကို ပြောခဲ့သည်နှင့် တူညီခြင်း မရှိသည်ကို တွေ့ခဲ့ရတော့သည်။ ဝမ်လင်းက မှင်တက်သွားမိခြင်း မရှိချေ။ သူက ဘာကြောင့် သည်နေရာက ခုလိုဖြစ်ပျက်သွားသည်ကို ကိုယ်ပိုင် ကောက်ချက်ချထား နိုင်ခဲ့သောကြောင့်ပင်။

“ဟင်္သာပြဒါးအုတ်ဂူက ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက် ကိုယ်တိုင် ဖြစ်နေမှာကိုပဲ ငါ စိုးရိမ်မိတယ် …။ ငါက အုတ်ဂူထဲကို ဝင်လိုက်တာက သလင်းကျောက်ထဲကိုပါ ဝင်လိုက်သလိုမျိုးများ ဖြစ်နေမလား …”

“ဘာကြောင့်လဲဆိုတော့ ဒီထူးဆန်းတဲ့ သက်ရှိပုံစံများက အုတ်ဂူထဲ၌ မွေးဖွားရတဲ့ အတွက်ကြောင့်ပဲ …။ ကျင့်ကြံခြင်း သလင်းကျောက်က စတင်အက်ကွဲလာတဲ့ အချိန်မှာလည်း ဒီထူးဆန်းတဲ့ အက်ကွဲကြောင်းတွေပါ ဖြစ်ပေါ်လာခဲ့တယ် …။ ဒီအက်ကွဲကြောင်းတွေက ကျင့်ကြံခြင်း သလင်းကျောက် ပြိုကျမှုတွေ ဖြစ်လိမ့်မယ် …” ဝမ်လင်းအသွင်က သူ့ရှေ့ရှိ ချိုင့်ဝှမ်းများကို ကြည့်နေရင်း နက်မှောင်လို့နေ၏။ သို့ရာတွင် သူ့ထင်မြင်ချက်ကို ခိုင်မာစေရန် သူက သည်အုတ်ဂူ၏ ဗဟိုသို့ သွားရောက်ရန် လိုပေသည်။ တောင်တစ်လုံးသာ ထိုနေရာတွင် ရှိနေပါက သူ့ထင်မြင်ချက်က မှားယွင်းပေမည်။ သို့သော် မရှိလျှင်တော့ သူ့ထင်မြင်ချက်က မှန်ပေလိမ့်မည်။

ဝမ်လင်းက ထိုသို့စဉ်းစားပြီးနောက် သူ့နတ်ဘုရားအာရုံကို ဖြန့်ကြက်လိုက်ရာ သူ့နှလုံးသားက တုန်ယင်လို့သွား၏။

သည်ဧရိယာ၏ ဗဟိုတွင် ကြီးမားသည့် ချိုင့်ဝှမ်းကြီးတစ်ခု ရှိနေပြီး ၎င်းအား အပြာရင့်ရောင် ရေခဲလွှာတစ်ခုက ဖုံးလွှမ်းလို့ထား၏။ ထို့ကြောင့် လူတစ်ယောက်က ၎င်းအထဲသို့ ထွင်းဖောက်မြင်ရခြင်း မရှိပေ။

သို့ရာတွင် ထိုနေရာရှိ ဓားဆန္ဒက အသန်မာဆုံး ဖြစ်နေပြီး ၎င်းက ကောင်းကင်ထက်သို့ ထွင်းဖောက်နေဟန် ရပြီး မောက်မာသော အော်ရာတစ်ခုကို ပေးစွမ်းလို့နေ၏။

သည်လိုအော်ရာမျိုးက သာမန်ဓားတစ်လက်တွင် ရှိနိုင်သည့်အရာ မဟုတ်ချေ။ ဝမ်လင်းက ကောင်းကင်ဘုံနယ်မြေ၌ သည်လို အော်ရာမျိုးကို ရင်းနှီးခဲ့ဖူးသည်။

“ဒီနေရာမှာ ဒီလိုမျိုးအရာ တစ်ခုခုရှိနေတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …” ဝမ်လင်းက သူ့ရှေ့ရှိ ချိုင့်ဝှမ်းများကို ကြည့်နေသည်။ သည်ချိုင့်ဝှမ်းများက အလွန်ကြီးမားလို့နေ၏။ ထို့ကြောင့် သူက ၎င်းတို့ကို ပတ်၍သွားရန် အချိန်အတော်ယူရမည် ဖြစ်သည်။ မည်သည့်လမ်းကို သွားသွား အခြားသက်ရှိ ပုံစံများကတော့ ရှိနေနိုင်၏။ သည့်အတွက်ကြောင့် အန္တရာယ်ပမာဏက သိပ်တော့ ကွာခြားမည် မဟုတ်ပေ။

သည့်အပြင် သည်ဧရိယာအလယ်ရှိ ချိုင့်ဝှမ်းက သူ့ကို ရင်းနှီးသော ခံစားချက်အား ပေးစွမ်းလိုနေ၏။

အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက ချိုင့်ဝှမ်းဧရိယာသို့ လှမ်းလျှောက်၍ သွားတော့၏။ သို့ရာတွင် ပေတစ်ရာခန့် သွားပြီးနောက် ချိုင့်ဝှမ်းတစ်ခုက အေးစက်သော အငွေ့အသက်တစ်ခုအား ထုတ်လွှတ်လာ၏။ သည်ချိုင့်ဝှမ်းထဲရှိ ဓားကလည်း မြေပြင်ကနေ ထွက်ပေါ်လာပြီး ဝမ်လင်းထံသို့ ပျံသန်းလာတော့သည်။

သည်ဓားထိပ်က ဝမ်လင်းထံသို့ ညွှန်နေပြီး ၎င်းထံကနေ ဓားတေးသံများ လှိုင်းများကို ထုတ်လွှတ်နေ၏။

“ထွက်သွားစမ်း …”

နတ်ဘုရားအာရုံ တစ်ခုက ဓားထံကနေ ထွက်ပေါ်လာ၏။ သည်နတ်ဘုရား အာရုံက အလွန်ပင် နိုင်လိုမင်းထက်ရှိလှပြီး မောက်မာမှုများနှင့် ပြည့်နေ၏။

“သတ္တုစိတ်ဝိညာဉ်တွေကနေ ဖြစ်ပေါ်လာတဲ့ သက်ရှိပုံစံတွေက ဓားစိတ်ဝိညာဉ်နဲ့ အလားသဏ္ဌာန် တူနေပါလား …” ဝမ်လင်းက ဓားထဲရှိ နတ်ဘုရားအာရုံကို ခံစားမိလိုက်သည့်အခါ သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက တစ်စုံတစ်ခုကို တွေးမိလိုက်၏။

အလယ်ရှိ အကြီးမားဆုံး ချိုင့်ဝှမ်းကနေ ထွက်ပေါ်လာနေသည့် ဓားဆန္ဒက ကောင်းကင်ဘုံဓားများထံ ကနေ ရသည့် ဓားဆန္ဒနှင့် အလွန်တူညီနေ၏။

သူက သိုလှောင်အိတ်ထဲကနေ ကောင်းကင်ဘုံဓားကို ထုတ်ယူလိုက်၏။ ကောင်းကင်ဘုံဓား ပေါ်လာသည့် အခိုက်တွင် စောနက ထွက်ပေါ်နေသည် ဓားစိတ်ဆန္ဒက ဖျော့တော့သွားတော့၏။

ဝမ်လင်းက အော်လိုက်သည်။ “ရှုလီကော …”

ရှုလီကောက ကောင်းကင်ဘုံဓားထဲကနေ ထွက်ပေါ်လာ၏။ သူက သူ့ရှေ့ရှိဓားကို ကြည့်၍ လှောင်ပြောင် ရယ်မောပစ်၏။ “မြေးလေး … မင်းဘိုးဘိုးရှုလီကောက ဓားစိတ်ဝိညာဉ်တစ်ဝက် ဖြစ်နေပြီ … မင်းကတော့ …”

သူ့စကား အဆုံးမသတ်သေးခင်မှာပင် မောက်မာသည့်ဓားက တုန်ခါသွားပြီး လျင်မြန်စွာ ထွက်ပြေးလေ၏။

သည်မြင်ကွင်းက ရှုလီကောကို မှင်တက်သွားစေသည်။ သို့သော် သူက ချက်ချင်းပင် မောက်မာသည့်အသွင် ပြန်ဖြစ်သွား၏။ “ပြေးစမ်း … မင်းဘိုးဘိုးရှုလီကောက မင်းကို ထွက်ပြေးခွင့် ပေးမယ်ထင်နေလား …” ထိုသို့ပြောပြီးနောက် သူက ကောင်းကင်ဘုံဓားကို သယ်ဆောင်၍ ၎င်းဓားနောက်သို့ လိုက်လေတော့သည်။

“ဓားစိတ်ဝိညာဉ်တစ်ခုက သဘာဝအားဖြင့် အခြား ဓားစိတ်ဝိညာဉ်တစ်ခုကို ဖိနှိပ်နိုင်တာပဲ …” ဝမ်လင်းက ရှေ့သို့ ဆက်သွားလိုက်၏။

ရှုလီကောက ဝမ်လင်းအတွက် လမ်းကြောင်း ရှင်းပေးနေ၏။ သည်ရတနာဓားအားလုံးက ရှုလီကောကို မြင်သည်နှင့် ထွက်ပြေးကုန်ကြလေသည်။

သည်မြင်ကွင်းက အလွန်ပင်ထူးဆန်းလှ၏။ သည်ရတနာဓား အားလုံးက ရှုလီကောကို ကြောက်လန့်နေသည့်ပုံပင်။ ဝမ်လင်းက သည်မြင်ကွင်းကို တည်ငြိမ်စွာ ကြည့်နေရင်း သူ့မျက်လုံးက တလက်လက် ဖြစ်လို့နေ၏။ သည့်နောက် သူက ရှေ့သို့ ဆက်၍သွားနေလိုက်၏။

ရှုလီကောက အလွန်ပင် စိတ်လှုပ်ရှားနေပြီး သူက ဟိန်းသံများ ပြုလိုက်၏။ သူက သည်နေရာတွင် ကောင်းကင်ဘုံဓားနှင့်အတူ ပျံသန်းရင်း စိတ်လှုပ်ရှားစွာ ဟိန်းသံပြုနေတော့၏။

ချိုင့်ဝှမ်းထဲကနေ တစ်လက်ပြီးတစ်လက် ထွက်ပေါ်လာသည့် ဓားများက အလယ်ချိုင့်ဝှမ်းတွင် စုစည်းလို့သွားကြ၏။ ထိုနေရာတွင်တွင်တော့ ၎င်းဓားများက ဆက်လက် ထွက်ပြေးခြင်း မပြုတော့ပဲ ထိုချိုင့်ဝှမ်းအပေါ်တွင် မြောလွင့်နေကြ၏။ သည့်နောက် အားကောင်းသော ဓားဆန္ဒနှင့် အေးစက်သည့် အော်ရာကို ထုတ်လွှတ်နေကြ၏။

ဝမ်လင်းကလည်း ရှုလီကောရှေ့က သွားသည့်နောက်သို့ အလျင်အမြန် ပျံသန်းလိုက်လာနေ၏။

သည်နေရာတွင်တော့ အက်ကွဲကြောင်းများစွာ ရှိမနေချေ။ ဝမ်လင်းက လမ်းတစ်လျှောက်တွင် အက်ကွဲကြောင်း သုံးခုကိုသာ ကြုံတွေ့ခဲ့ရ၏။ သည်နေရာက အစောပိုင်းတုန်းက ပြိုကျခဲ့သည့် ဖြစ်စဉ်ကြောင့် သက်ရောက်ခြင်းသိပ်မခံလိုက်ရသည့် နေရာအနည်းငယ်ထဲက တစ်ခုဖြစ်လေ၏။

သူက သည်ဧရိယာထဲသို့ ပိုဝင်သွားမိလေ ပိုနည်းသော အက်ကွဲကြောင်းများ ကိုသာ တွေ့ရလေဖြစ်၏။ နောက်ဆုံးတွင်တော့ သူက အမြန်နှုန်းအပြည့်ဖြင့် လှုပ်ရှားလိုက်ပြီး ဗဟိုချိုင့်ဝှမ်းရှိရာသို့ တိုးဝင်သွားတော့သည်။

နာရီများစွာ ကြာပြီးနောက် အလယ်ရှိ ကြီးမားသည့် ချိုင့်ဝှမ်းကြီးက မြင်ကွင်း၌ ပေါ်လာခဲ့၏။ ၎င်းချိုင့်ဝှမ်းအထက်တွင် ဓားရာချီက မျောလွင့်နေကြပြီး ၎င်းတို့၏ ဓားဆန္ဒများကို ထုတ်လွှတ်နေကြ၏။ ဝမ်လင်းက သည်နေရာရှိ ဓားဆန္ဒကို ခံစားနိုင်ပေသည်။

ရှုလီကောက ရပ်တန့်သွားပြီး ရှေ့သို့ ဆက်မသွားဝံ့တော့ချေ။ သူက ဝမ်လင်းကို ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။ “အရှင် … ငါက လမ်းတစ်လျှောက်မှ တစ်ချက်မှတောင် ခုတ်ပိုင်းခြင်းမရှိဘဲနဲ့ ဒီနေရာထိသင် ရောက်လာအောင် ခေါ်ဆောင်လာနိုင်တာကို တွေ့တယ်မလား …။ ခုငါ့အတွက် လုပ်စရာမရှိတော့ဘူး … ငါက အရှင် ဒီဓားစိတ်ဝိညာဉ် အားလုံးကို ရှင်းထုတ်ပြီးတဲ့အထိ ကောင်းကင်ဘုံဓားထဲကို ပြန်ဝင်နေရင် ဘယ်လိုလဲ …” ထိုသို့ပြောပြီးသည်နှင့် ရှုလီကောက ကောင်းကင်ဘုံဓားထဲသို့ လျင်မြန်စွာ ပြန်ဝင်ရောက်လိုက်၏။

သို့ရာတွင် သူ့ခန္ဓာကိုယ်က ဓားထဲသို့ တစ်ဝက်ပဲ ဝင်ရောက်ရသေးချိန်၌ ဝမ်လင်းက ဓားကို ဆွဲကိုင်ကာ ရှုလီကောနှင့်အတူ ရတနာဓားများ ရှိရာသို့ ပစ်လွှတ်လိုက်တော့သည်။

ရှုလီကောက အထိတ်တလန့် အော်ဟစ်၍ ကောင်းကင်ဘုံဓားထဲ ကနေ အလျင်အမြန် ပြန်ထွက်လာပြီး ၎င်းဓားကို ထိန်းချုပ်၍ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။

“မင်းက ငါ့အတွက် ဒီနေရာကို ဖျက်ဆီးမပစ်နိုင်ရင် မင်းကို ထိန်းသိမ်း ပေးထားရတာက အလကား ဖြစ်သွားလိမ့်မယ် …”

ဝမ်လင်း၏ အေးစက်စက်အသံက ရှုလီကောနားထဲ၌ ပဲ့တင်ထပ်လို့နေ၏။ သူက စိတ်ထဲ၌ အထွန့်တက်ကာ ဝမ်လင်းကို ကျိန်ဆဲလို့နေ၏။ သို့ရာတွင် သူက ထပ်မံထွက်ပြေးရန် မလုပ်ဆောင်ဝံ့တော့ချေ။ သူက ကောင်းကင်ဘုံဓားကို ထိန်းချုပ်ကာ ဓားရတနာများ သိပ်သည်းစွာ ရှိနေသောနေရာသို့ တိုးဝင်သွားတော့သည်။

သူ့ဟစ်ကြွေးသံက ကောင်းကင်ဘုံဓားကို ဖြတ်သန်းကာ ထွက်ပေါ်လာပြီး ကောင်းကင်ကိုပင် တုန်ခါစေသည့် ဓားတေးသံများကို ဖြစ်ပေါ်စေ၏။

သည်ဓားတေးသံများက ကောင်းကင်ထက်သို့ ထွင်းဖောက်သွားပြီး ရတနာဓားများ အားလုံးကို လမ်းကြောင်းတစ်ခုအား ရှင်းလင်းပေးစေ၏။ သည်အခိုက်တွင် သည်ချိုင့်ဝှမ်းကို ဖုံးလွှမ်းနေသည့် အပြာရောင်မြူများက စတင် လှည့်ပတ်လာပြီးနောက် လခြမ်းကွေးဓားသွား တစ်လက်က မျောလွင့်ထွက်ပေါ်လာ၏။

ဝမ်လင်းက စိတ်ပျက်လို့သွား၏။ သူက သည်ဓားသွား အော်ရာက ကောင်းကင်ဘုံဓားနှင့် ဆင်တူကြောင်း ခံစားမိလိုက်သည့် အခါတွင် ပထမဆုံး သူတွေးမိသည့်အရာက ချမ်းသာခြင်းဓား အကြောင်းပင်။

ကံမကောင်းစွာနှင့် သူ့ရှေ့တွင် ရှိနေသော ဓားက ချမ်းသာခြင်းဓား မဟုတ်ဘဲ လခြမ်းကွေး ဓားသွားတစ်လက် ဖြစ်နေ၏။ ရှေးဟောင်းအချိန်တွေ ကတည်းက ဓားများနှင့် ဓားသွားများက တူညီစွာ ကျော်ကြားကြပေသည်။ သို့သော် ဓားများက ဂုဏ်ယူခြင်းရှိရင် ဓားသွားများကတော့ သူတို့ကိုယ်ပိုင် ရူးသွပ်မှုများ ပိုင်ဆိုင်ထားကြသည်။

သည့်အပြင် ခုလခြမ်းကွေးဓားသွားက မရေမတွက်နိုင်သော ဓားများက သူ့ကို ဦးညွတ်လာစေသော ဓားသွားဖြစ်သဖြင့် ယင်းဓားသွားက ရိုးရှင်းလိမ့်မည် မဟုတ်ချေ။

သို့သော် သူက သည်ဓားသွားကို သူနှင့်အတူ ယူဆောင်သွားရန် မဖြစ်နိုင်ချေ။ သူက ၎င်းကို ထိန်းချုပ်နိုင်ပြီး ယူသွားနိုင်မည် ဆိုလျှင်ပင် ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက် အပြင်ကို ထွက်လိုက်သည်နှင့် ၎င်းဓားသွားက မရေမတွက်နိုင်သော စိတ်ဝိညာဉ် အပိုင်းအစများ အဖြစ်သို့ ပြောင်းသွားပြီး သူတို့ပိုင်ရှင်များထံသို့ ပြန်သွားကြမည်သာ ဖြစ်သည်။ အကြောင်းကတော့ အခုဓားသွားက မရေမတွက်နိုင်သော စိတ်ဝိညာဉ် အပိုင်းအစများနှင့် ဖွဲ့တည် ထားသောကြောင့် ဖြစ်လေ၏။

ဝမ်လင်းက ကျိတ်၍ သက်ပြင်းချမိသည်။ သူက လက်မြှောက်၍ ကောင်းကင်ဘုံဓားကို ပြန်ဆင့်ခေါ်ရန် ဟန်ပြင်လိုက်၏။ သို့သော် သူက အံ့ဖွယ်ဓားသွားကို စူးစိုက်ကြည့်လိုက်သည့် အခါတွင် သူ့နေရာကနေ တစ်ဟုန်ထိုး ထိုးတက်သွားလေ၏။

“ဒါက မမှန်ဘူး … ဒီဓားသွားစိတ်ဝိညာဉ်က မရေမတွက်နိုင်သော စိတ်ဝိညာဉ် အပိုင်းအစတွေနဲ့ ပြုလုပ်ထားတာ မဟုတ်ဘူး …” ဝမ်လင်းက အသက်ဝဝ ရှူသွင်းလိုက်မိသည်။

သူက သည်နေရာသို့ ရောက်လာကတည်းက စိတ်ဝိညာဉ် အပိုင်းအစများနှင့် ပြုလုပ်ထားသည့် အမျိုးမျိုးသော သက်ရှိပုံစံများကို တွေ့မြင်ဖူးခဲ့ပြီး ဖြစ်သည်။ သူတို့အားလုံးက သည်ဓားသွား စိတ်ဝိညာဉ်လို စိတ်ဝိညာဉ် တစ်ခုတည်း ရှိမနေခဲ့ကြချေ။

လခြမ်းကွေးဓားသွားက ချိုင့်ဝှမ်းထဲကနေ ပျံထွက်လာသည့် အချိန်တွင် ပတ်ဝန်းကျင်ရှိ ဓားများအားလုံးက ဓားတေးသံများကို ထုတ်လွှတ်လာပြီး သူတို့အရှင် လခြမ်းကွေးဓားသွားအား လေးစားမှု ပြသကြသည်။

ရှုလီကောက ကောင်းကင်ဘုံဓားထဲကနေ သည်လခြမ်းကွေးဓားကို တွေ့မြင်လိုက်ရသည့် အခါ သူက စိတ်ပူပန်လာခဲ့၏။ သူက သည်ဓား အစုအဝေးကြီးကို တွေ့မြင်လိုက် ကတည်းက နောက်သို့ ပြန်ဆုတ်လိုခဲ့၏။ သို့သော် သူက ဝမ်လင်းကို ကြောက်လန့်သော ကြောင့်သာ ပြန်မဆုတ်ဝံ့ပဲ ရှိနေခြင်းပင်။

သူ့တုန်လှုပ်မှုက ကောင်းကင်ဘုံဓားကို ပျံ့နှံ့သွားသည့်အတွက် ကောင်းကင်ဘုံဓားပင် အနည်းငယ် တုန်ခါလို့သွားသည်။

လခြမ်းကွေးဓားသွားက ကောင်းကင်ဘုံဓား ဘေးနား၌ အံ့ဖွယ်နည်းလမ်း အချို့ကို အသုံးပြုကာ ပေါ်ထွက်လာခဲ့သည်။ ဒင်ခနဲ မြည်သံနှင့်အတူ ကောင်းကင်ဘုံဓားက နောက်သို့ လွင့်သွားခဲ့၏။ သို့သော် ၎င်းဓားပေါ်၌ ခြစ်ရာတစ်ခုပင် မထင်ကျန်ခဲ့ချေ။

ရှုလီကောက အထိတ်တလန့် အော်ဟစ် ဝမ်လင်းထံသို့ တုံ့ဆိုင်းခြင်း မရှိ ပြန်ပြေးလာခဲ့၏။

ဝမ်လင်းက မျက်မှောင်ကြုတ်သွားသည်။ သူက ရှုလီကောက အမြဲတမ်း ကြောက်တတ်သည့် ကြောင်တစ်ကောင်လို ပြုမူကြောင်း သိပြီးဖြစ်သည်။ သို့သော် သူက ရှုလီကောသည် လုံးဝတစ်ချက်ပင် မတိုက်ခိုက်ပဲ ပြန်ပြေး လာလိမ့်မည်လို့တော့ မထင်ထားမိချေ။

ဝမ်လင်းက လက်ဆန့်တန်း၍ ကောင်းကင်ဘုံဓားကို ဆွဲယူလိုက်သည်။ ထိုအခိုက်မှာပင် လခြမ်းကွေးဓားသွားက လျင်မြန်စွာ နီးကပ်လို့လာ၏။

ဝမ်လင်းက နောက်သို့ အလျင်အမြန် ဆုတ်လိုက်ပြီးနောက် တစ်ချိန်တည်းမှာပင် ဓားကို ဝှေ့ယမ်းလိုက်ကာ ဓားစွမ်းအင်များကို ဖြစ်ပေါ်စေ၏။ သည်ဓားစွမ်းအင်များက လခြမ်းကွေးဓားသွားနှင့် ထိတိုက်မိကြ၏။

ဓားစွမ်းအင်က လခြမ်းကွေးဓားသွားနှင့် ထိတိုက်မိသည့်အခါတွင် ပေါက်ကွဲသံတစ်ချက် ဖြစ်ပေါ်သွား၏။ သို့သော် လခြမ်းကွေးဓားသွားက မည်သို့မျှ ပျက်စီးသွားခြင်း မရှိချေ။ ထိုအစား ၎င်းက ပို၍ပင် တောက်ပ အေးစက်လာခဲ့ပြီး နတ်ဘုရားအာရုံဖြင့် သတင်းတစ်ခု ပို့လွှတ်လိုက်၏။

“ထားခဲ့ … သူ့စိတ်ဝိညာဉ် … သင် … ထွက်သွား …”

နတ်ဘုရားအာရုံ သတင်းပို့လွှတ်ပြီးနောက် လခြမ်းကွေးဓားသွားက ရုတ်တရက် ပေတစ်ရာခန့်ထိ ရှည်လျားလာခဲ့ပြီး ကောင်းကင်ပင် နှစ်ခြမ်းကွဲသွားမလား ထင်မှတ်ရသည့် ဓားသွား စွမ်းအင်လှိုင်းများကို ထုတ်လွှတ်လာ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset