Switch Mode

အပိုင်း (၄၉၈)

စိတ်ဝိညာဉ်ခိုးယူခြင်း

ဝမ်လင်း၏ မူလစိတ်ဝိညာဉ်သည် သူ၏ ခန္ဓာကိုယ်အတွင်း ပြန်လည် ဝင်ရောက်လာသောအခါ သူ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။ သူ့လက်ကို ဆန့်ထုတ်လိုက်၏။ ကောင်းကင်ဘုံဓားသည် သူ၏ လက်အတွင်း ပြန်လည် ပျံသန်းလာသည်။ ကောင်းကင်ဘုံဓားကို ကိုင်ဆောင်လျက် ဝမ်လင်းသည် တောင်အနက် အတွင်းပိုင်းသို့ တစ်ဟုန်ထိုး ပြေးသွား၏။

ဝမ်လင်း ထွက်သွားပြီး မကြာမီ သူချိပ်ပိတ်ထားသော ရေစက်များ အားလုံးသည် လှုပ်ရှားလာကြသည်။ ထို့နောက် ရေစက်များသည် အငွေ့အသွင် ပြောင်းလဲ၍ ပေါင်းစည်းကာ သက်ရှိပုံစံ အမျိုးသမီးအသွင် ​ပြောင်းလဲသွားသည်။

ရေသက်ရှိပုံစံ တစ်ခုကို ခဏတာမျှ သာ ချိပ်ပိတ်ထားနိုင်၏။ သူတို့ကို အမြဲချိပ်ပိတ်ထားရန် မဖြစ်နိုင်ပေ။

သည်အမျိုးသမီးသည် တောင်အနက် အတွင်းပိုင်းသို့ ကြည့်နေရင်း သူမ၏ မျက်လုံးများသည် ခက်ထန်လာ၏။ သူမ၏ ခန္ဓာကိုယ်သည် ရေအသွင် နောက်တစ်ကြိမ် ပြောင်းလဲကာ ဝမ်လင်း၏ နောက်သို့ တစ်ဟုန်ထိုး ပြေးသွား၏။

ဝမ်လင်းသည် လျင်မြန်စွာ သွားနေ၏။ ထိုကြောင့် သူသည် ခဏတာအတွင်း တောင်အတွင်းပိုင်းသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် ဆုတ်ပြဲနေသော အဝတ်အစားတစ်ဝက် ဝတ်ထားသည့် ခါးကုန်းအဘိုးအိုရှိ၏။ သည်အဘိုးအို၏ ခန္ဓာကိုယ်တွင် တောက်ပနေသည့် တက်တူး အမှတ်အသားများ ရှိသည်။ အလယ်တွင်ရေများကို ချိပ်ပိတ်ထားသည့် တက်တူး အမှတ်အသားများသည် အဘိုးအိုရှေ့တွင် မျောလွင့်နေ၏။ သည်ရေများသည် ဆူပွတ်နေပုံပေါ်၏။

အဘိုးအို၏ နဖူးတွင် သစ်ရွက်ရှစ်ရွက်ပါသည့် အပင်တစ်ပင်ရှိသည်။ သူက အားကောင်းသော တက်တူးအမှတ်အသား စွမ်းအင်များကို ထုတ်လွှတ်နေ၏။

ခါးကုန်းအဘိုးအိုက ပြောလိုက်၏။ “ငါမင်းကို မသတ်နိုင်ဘူး။ ဒါပေမဲ့ မင်းကို ပုံစံလုပ်ဆောင်ဖို့ ခွင့်ပြုထားတဲ့ ဒီဝိညာဉ်အပိုင်းအစ အားလုံးကို သန့်စင်နိုင်တယ်။ မင်းအသစ်ဖြစ်ဖို့ ခဏတော့ ကြာလိမ့်မယ်။ ဒါကြောင့် မင်းငါ့နောက်ကို နောက်ထပ်လိုက်လာနိုင်မှာ မဟုတ်ဘူး…”

သည်အဘိုးအိုသည် မသေမျိုးသင်္ချိုင်း၌ လေဟာနယ် အက်ကွဲကြောင်းများ ကြားတွင် ဝမ်လင်းကို လိုက်ရှာနေသူပင် ဖြစ်သည်။

နောက်ဆုံးတွင် သူက သည်လေဟာနယ်ထဲတွင် ဝမ်လင်းကြောင့် ပိတ်မိနေခဲ့ပြီး သူ့ကို ကယ်တင်ရန်အတွက် ကလန်ဆီသို့ ဆက်သွယ်ခဲ့ရပေသည်။ ထို့ကြောင့် ဝမ်လင်းအပေါ်ရှိ သူ၏ အမုန်းတရားသည် အဆုံးအစွန် ရောက်ရှိနေ၏။ သူ၏ အမုန်းတရားသည် သူ့ကို သည်စစ်ပွဲ၌ အသတ်အဖြတ် စိတ်ဆန္ဒကို ဖြစ်စေ၏။ သစ်ရွက်ရှစ်ရွက်ရှိသည့် နတ်ဆရာများ ကြားထဲတွင် သူက ကျင့်ကြံသူအများစုကို သတ်ခဲ့သူဖြစ်၏။

ဝမ်လင်း၏ အမူအရာသည် အဘိုးအိုကို တုန်လှုပ်သွားစေသည်။ အဘိုးအိုက ရေသက်ရှိပုံစံများတွင် သူ၏ အာရုံစိုက်မှုအားလုံးကို ထားရှိသည်။ ထိုသို့ မပြုလုပ်ပါက သူ သေဆုံးရလိမ့်မည်။ ထို့ကြောင့် သူသည် ဝမ်လင်း ချဉ်းကပ်လာသည်ကို သတိမပြုပေ။ ဝမ်လင်း၏ ကျင့်ကြံခြင်းအဆင့်သည် ယခင်ကထက် ပိုမြင့်လာသောကြောင့်လည်း ဖြစ်သည်။

ထို့ကြောင့် အဘိုးအိုက ဝမ်လင်းကို သတိမပြုမိခြင်းဖြစ်၏။

“မင်းပဲ…” အဘိုးအိုက ဝမ်လင်းကို မြင်လိုက်သောအခါ သူ့မျက်လုံးများ ချက်ချင်း အေးစက်လာသည်။ ထို့နောက် သူရယ်လိုက်၏။ သူက သူရှေ့ရှိ တက်တူးအမှတ်အသား တစ်ခုကိုညွှန်လိုက်၏။ ထိုတက်တူး အမှတ်အသားသည် ဝမ်လင်းဆီသို့ တစ်ဟုန်ထိုးပြေးသွားသည်။

ဝမ်လင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူသည် လုံးဝ ရပ်နားခြင်းမပြုဘဲ သည်နေရာကို ရောက်ရှိလာ၏။ အဘိုးအိုက သူ့ကို သတိပြုမိချိန်သည့် တစ်ချိန်တည်းတွင် သူက ရေသက်ရှိပုံစံကို ပိတ်လှောင်ထားသော တက်တူးအမှတ်အသားများ ဘေးသို့ နေရာရွှေ့ပြောင်းလိုက်ပြီး ကောင်းကင်ဘုံဓားကို လွှဲယမ်းလိုက်သည်။

ကျယ်လောင်သော မြည်သံနှင့်အတူ မရေတွက်နိုင်သည့် အက်ကွဲကြောင်းများသည် ရေသက်ရှိပုံစံများကို ချိပ်ပိတ်ထားသည့် တက်တူး အမှတ်အသားများပေါ်တွင် ပေါ်ထွက်လာသည်။ ထို့​နောက် တက်တူး အမှတ်အသားများ တစ်ခုပြီးတစ်ခု ကွဲကြေသွားသည်။

ခါးကုန်းအဘိုးအိုသည် အော်ဟစ်ကာ ဝမ်လင်းဆီ တစ်ဟုန်ထိုး တိုးဝင်လာသည်။ သူ၏လက်များသည် ဝမ်လင်းဆီ ဆန့်တန်းထားပြီး သူ့လက်ဖဝါး အလယ်တွင် အလွန်ရှေးကျသော တက်တူး အမှတ်အသားတစ်ခု ရှိလို့နေသည်။

ဝမ်လင်း၏ မျက်လုံးများ လက်ခနဲဖြစ်သွား၏။ သူက စကားတစ်ခွန်းမျှ မဆိုဘဲ လက်ဆန့်ထုတ်လိုက်ရာ စိတ်ဝိညာဉ် ဆယ်သန်းအလံ ပေါ်ထွက်လာသည်။ တိုက်ခိုက်ခြင်း မပြုလျှင်ပင် စိတ်ဝိညာဉ်ဆယ်သန်း အလံသည် ရန်သူများကို ထိတ်လန့် သွားစေနိုင်သည်။

ခါးကုန်းအဘိုးအိုက ခဏတာပင် မရပ်တန့်ပေ။

“ဒါဟာ…” သူ့နှလုံးသား တုန်ယင်သွားသည်။ သူသည် အလံကို မည်သည့်အလံမှန်း သိရှိထားသဖြင့် ထိတ်လန့် ကြောက်ရွံ့ခြင်းကို ခံစားလိုက်ရ၏။

ဝမ်လင်းက စိတ်ဝိညာဉ် ဆယ်သန်းအလံကို လှုပ်ခါလိုက်သည်။ စိတ်ဝိညာဉ် အပိုင်းအစများ တစ်ဟုန်ထိုး​ ထွက်ပေါ်လာကာ တစ္ဆေညည်းသံများ အဆက်မပြတ် ဖြစ်ပေါ်လာ၏။ ခရမ်းရောင် ချီလင်သားရဲထံကနေ ထွက်ပေါ်လာသည့် အသံက ကောင်းကင်ထက်တိုင် ထွင်းဖောက်လို့ သွားသည်။ ချီလင်သားရဲ ပေါ်လာပြီး ချက်ချင်းပင် ၄င်း၏ ကြောက်မက်ဖွယ် ပါးစပ်ကို ဖွင့်ကာ အဘိုးအိုကို ဝါးမျိုရန် ကြိုးစားသည်။

ချီလင်သားရဲနောက်တွင် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း မူလစိတ်ဝိညာဉ်များ ဆယ်ခုမက ရှိသည်။

ချောက်နက်တစ်ခုလုံးကို စိတ်ဝိညာဉ် အပိုင်းအစများက ဝန်းရံထားသည်။ ထို့နောက် စိတ်ဝိညာဉ်အပိုင်းအစ အားလုံးသည် အဘိုးအိုဆီသို့ တစ်ဟုန်ထိုး ပြေးသွားသည်။

ခါးကုန်းအဘိုးအိုသည် တိတ်တဆိတ် ကျိန်ဆဲ၍ တုံ့ဆိုင်းခြင်းမရှိဘဲ နောက်သို့ ဆုတ်လိုက်သည်။ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း စိတ်ဝိညာဉ်အပိုင်းအစ အနည်းငယ်သာ ရှိလျှင် သူသည် စိုးရိမ်မှုရှိနေမည် မဟုတ်ပေ။ တကယ်တော့ စိတ်ဝိညာဉ်အပိုင်းအစ တစ်ခုသည် အစစ်အမှန် ကျင့်ကြံသူတစ်ဦးကို မယှဉ်နိုင်ပေ။

စိတ်ဝိညာဉ်အပိုင်းအစ သုံး၊ လေးခု ရှိလျှင်တောင် သူသည် ရှောင်တိမ်းရန် သို့မဟုတ် နေရာတွင်ရပ်၍ တိုက်ခိုက်ရန် အနည်းငယ် လုပ်နိုင်သေးသည်။

သို့သော် စိတ်ဝိညာဉ်အပိုင်းအစ အများအပြားသည် ခုလက်ရှိ သူ့ကျင့်ကြံမှု အဆင့်ဖြင့် ကိုင်တွယ်နိုင်သည့် အရာ မဟုတ်ချေ။ သည်ခရမ်းရောင် ချီလင်သားရဲသည် အထူးသဖြင့် ကြောက်ရွံ့ဖွယ်ဖြစ်နေ၏။ သည်ချီလင်သားရဲကို ကြည့်ရုံမျှပင် အဘိုးအို၏ နှလုံးကို တုန်ယင်စေသည်။

သည့်အပြင် မရေတွက်နိုင်သော အားနည်းသည့် စိတ်ဝိညာဉ် အပိုင်းအစများလည်း ရှိသည်။ သည်အရာများ အားလုံးသည် တစ်ခုတည်း ပေါင်းစပ်နေသောကြောင့် သူသည် တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူက လျင်မြန်စွာ ရှောင်တိမ်းလိုက်၏။

သူသည် လွန်ခဲ့သည့် နှစ်၁၀၀က အလွယ်တကူ သတ်နိုင်သော ကောင်လေးသည် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့်ကို ရောက်ရှိ၍ စွန့်ပစ်ခံ မသေမျိုးကလန်တို့ ကြောက်လန့်သည့် စိတ်ဝိညာဉ် ဆယ်သန်းအလံကို ပိုင်ဆိုင်နေမည်ဟု ထင်မှတ်မထားပေ။

ခါးကုန်းအဘိုးအိုက သည်စိတ်ဝိညာဉ် အပိုင်းအစ အများအပြားသည် သူ့စွန့်ပစ်ခံ မသေမျိုးကလန်၏ အော်ရာ ရှိနေသည်ဟုပင် ခံစားနေရ၏။ သည်အရာများတွင် စစ်ပွဲအတွင်းတွင် ဖမ်းဆီး၍ မွမ်းမံထားသော သူ၏ ကလန်အဖွဲ့ဝင်များ ရှိနေသည်။

အဘိုးအိုက ရှောင်တိမ်းရန် ကြိုးစားနေချိန်တွင် ဝမ်လင်းနောက်သို့ တစ်ဟုန်ထိုး လိုက်လာသော အမျိုးသမီးသည် ရောက်ရှိလာ၏။ ချောက်အတွင်းရှိ အဖြစ်အပျက်ကို သူမမြင်တွေ့ရချိန်တွင် သူမ၏ မျက်လုံးများ လက်ခနဲဖြစ်သွားသည်။

ဝမ်လင်းသည် အဘိုးအိုနှင့် တိုက်ခိုက်ရန် အချိန်မရှိတော့ပေ။ သူက တက်တူး အမှတ်အသားများ ပိတ်လှောင်ထားသည့် နေရာပေါ်သို့ ကောင်းကင်ဘုံဓားကို ထပ်မံလွှဲယမ်းလိုက်၏။ တက်တူး အမှတ်အသားများ ဆက်ကာဆက်ကာ ကွဲကြေ၍ တဝုန်းဝုန်း မြည်သံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။

တက်တူးအမှတ်အသားများ အတွင်း၌ ပိတ်လှောင်ထားသော ရေသက်ရှိပုံစံများသည် အမျိုးသမီးတစ်ဦး အသွင် ပြောင်းလဲသွားသည်။ ဝမ်လင်း သူမကို မြင်တွေ့ရချိန်တွင် သူနှလုံးသားသည် တုန်ခါနေ၏။

သည်အမျိုးသမီးသည် လီမူဝမ်နှင့် တူနေသည် မဟုတ်လား။

ကောင်းကင်ဘုံဓား၏ နောက်ဆုံး လွှဲယမ်းချက်နှင့်အတူ ဝမ်လင်းသည် တက်တူး အမှတ်အသားများဖြင့် ပိတ်လှောင်ထားမှုကို လုံးဝ ​ကွဲကြေသွားစေသည်။ အမျိုးသမီးသည် ပိတ်လှောင် ခံထားရာကနေ လွတ်မြောက်လာကာ ပျော်ရွှင်ကြည်နူးစွာ ရယ်လိုက်သည်။

ဝမ်လင်းက သည်လိုဖြစ်လာမယ်ဟု မျှော်လင့်ထားပြီ ဖြစ်သည်။ ထို့ကြောင့် သူက သူမလွတ်မြောက်ရန် လုပ်ဆောင်ခြင်းဖြစ်၏။ သည်အမျိုးသမီးသည် သူ့ကိုရပ်တန့်ရန် ကြိုးစားသော အမျိုးသမီးထက်ပင် သန်မာနေသည်။ သူမသည် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အလယ်အဆင့် ကျင့်ကြံသူတစ်ဦးကဲ့သို့ စွမ်းအားပြည့်ဝသည်။ သည့်အပြင် သူမ၏ မသေမျိုး ခန္ဓာကိုယ်ကြောင့် သူမသည် ရင်ဆိုင်ရန် ခဲယဉ်းလှသည်။ အဘိုးအိုသည်ပင် သူမကို မသတ်နိုင်ပေ။ သူက သူမကို ခဏတာမျှသာ ပိတ်လှောင်ထားနိုင်သည်။

လီမူဝမ်နှင့်တူသည့် အမျိုးသမီးက လွတ်မြောက်ရန် ကြိုးပမ်းသည်နှင့် တစ်ပြိုင်နက် ဝမ်လင်းသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး အတွေးတစ်ခုဖြင့် စိတ်ဝိညာဉ်အပိုင်းအစ အားလုံးကို ပိုက်ကွန်သဖွယ် ပြုလုပ်လိုက်သည်။ အဘိုးအိုနောက် တစ်ဟုန်ထိုး လိုက်နေသည့် မူလစိတ်ဝိညာဉ် အနည်းငယ်မှအပ ကျန်စိတ်ဝိညာဉ် အားလုံးသည် စုစည်းနေသည်။

အားကောင်းသော အော်ရာတစ်ခုသည် ပိုက်ကွန်မှ ထွက်ပေါ်နေသည်။ အမျိုးသမီးသည် တည်ငြိမ်စွာ လှည့်ကြည့်ကာ ဝမ်လင်းကို စူးစိုက်ကြည့်လိုက်သည်။ ထို့နောက် သူမက ရယ်ပြီးမေးလိုက်၏။ “မင်းက ငါ့ကို ကယ်တင်တယ်။ အခု ငါ့ကို လှောင်ပိတ်နေတယ်။ ဘာဖြစ်ချင်တာလဲ…”

ဝမ်လင်းက အေးစက်စွာ မေးလိုက်သည်။ “မင်း အသတ်ခံမလား အသက်ရှင်မလား…”

သူမက ပြုံးကာ ရယ်မောလိုက်၏။ “ဒီနေရာမှာ ငါ့ကို ဘယ်သူမှ မသတ်နိုင်ဘူး။ မင်း ငါ့ကို ပိတ်လှောင် ထားရင်တောင် ငါလွတ်မြောက်ဖို့ အချိန်နည်းနည်းပဲ လိုတယ်…”

ဝမ်လင်း၏ မျက်လုံးများ အေးစက်လာသည်။ ထို့နောက် သူက အော်ပြောလိုက်သည်။ “စိတ်ဝိညာဉ်အလံ၊ ပေါင်းစပ်လိုက်…”

ထိုသို့ပြောပြီးနောက် စိတ်ဝိညာဉ်အပိုင်းအစ အားလုံးသည် မူလစိတ်ဝိညာဉ်များနှင့် လျင်မြန်စွာ ပေါင်းစပ် သွားကြသည်။ မျက်စိတစ်မှိတ်နီးပါး အတွင်း စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူ၏ စွမ်းအားထက် ကျော်လွန်သော စွမ်းအားရှိသည့် မူလစိတ်ဝိညာဉ် ခြောက်ခုသာလျှင် ကျန်ရှိ၍ စိတ်ဝိညာဉ် အပိုင်းအစများအားလုံး ပျောက်ကွယ်သွား၏။ သို့သော် မူလစိတ်ဝိညာဉ် ခြောက်ခုသည် အာဏာတက်ခြင်း ကျင့်ကြံသူ တစ်ဦးလောက်တော့ စွမ်းအားမပြည့်ဝပေ။

သည်မူလစိတ်ဝိညာဉ် ခြောက်ခုသည် အမျိုးသမီးကို ဝန်းရံကာ သူမကို အေးစက်စွာ စိုက်ကြည့်နေသည်။

“တိုက်ခိုက်ကြ…” ဝမ်လင်းက ​အော်ပြောလိုက်သည်။

ဝမ်လင်း ပြောလိုက်နှင့် မူလစိတ်ဝိညာဉ် ခြောက်ခုသည် လှုပ်ရှားလာပြီး မန္တန်မျိုးစုံ နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်ကြသည်။ အမျိုးသမီးသည် ရယ်မောကာ သူမခန္ဓာကိုယ်ကို အစိတ်စိတ်အမြွှာမြွှာ ခွဲလိုက်၏။ ထို့နောက် အပိုင်းအစများသည် နေရာအနှံ့ ပျံသန်းသွားသည်။

ဝမ်လင်းသည် သည်အခိုက်အတန့်ကို စောင့်နေခြင်းဖြစ်သည်။ အမျိုးသမီး၏ ခန္ဓာကိုယ်က ရေစက်များအဖြစ် ပြောင်းလဲသွားချိန်တွင်သာ သူသည် လီမူဝမ်၏ စိတ်ဝိညာဉ် အပိုင်းအစကို ရှာတွေ့နိုင်မည် ဖြစ်၏။

သို့ရာတွင် ဝမ်လင်းနှင့် မူလစိတ်ဝိညာဉ် ခြောက်ခု လှုပ်ရှားနေချိန်တွင် ချောက်နက်တစ်ခုလုံး တုန်ခါလာသည်။ ​​မြေပြင်သည်လည်း တုန်ခါလို့နေ၏။

ထို့ပြင် ဟင်္သာပြဒါး အုတ်ဂူတစ်လုံးလည်း တုန်ခါနေ၏။

တုန်ခါမှုများ​ ဖြစ်ပေါ်နေစဉ် ကောင်းကင်မှ မြည်သံများကို ကြားရသည်။ ထိုအသံများသည် ကြီးမားသည့် လက်များက ကောင်းကင်ကို ဖြဲဆုတ်ရာမှ ထွက်ပေါ်လာသည့် အသံများအလား ထင်မှတ်ရပေသည်။

မရေတွက်နိုင်သော လေဟာနယ် အက်ကွဲကြောင်း ကောင်းကင်တွင် ပေါ်လာသည်။ သည်လေဟာနယ် အက်ကွဲကြောင်းများမှ ထွက်လာသည့် လေအေးသည် လူတစ်ယောက်ကို အေးခဲသွားစေနိုင်၏။ သည်လေဟာနယ်အက်ကွဲကြောင်းများသည် အပြင်ဘက်ရှိ အက်ကွဲကြောင်းများနှင့် မတူညီပေ။ ကျင့်ကြံခြင်း အဆင့်တစ်ခု ရောက်ရှိနေပါက သည်အက်ကွဲကြောင်း အတွင်း ဘေးမသီရန်မခ ဝင်ရောက်နိုင်ပေမည်။

ထိုနေရာသည် ကွဲပြားခြားနား၏။ သည်နေရာရှိ လေဟာနယ် အက်ကွဲကြောင်းများသည် လေဟာနယ် အက်​ကွဲကြောင်းအစစ်များ မဟုတ်ပေ။ သူတို့သည် အစစ်ပုံပေါ်နေခြင်း ဖြစ်သည်။ ဟင်္သာပြဒါး အုတ်ဂူတွင် ဒိုင်းမင်းရှင်း အက်ကွဲကြောင်းများ ရှိသည်။ ကျင့်ကြံခြင်းဂြိုဟ်သလင်း​ကျောက်၏ အထူးစွမ်းအင်သည် ထိုအက်ကွဲကြောင်းများကို ထုတ်လွှတ်ထားခြင်း ဖြစ်၏။

စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ကျင်ကြံသူတစ်ဦး ဝင်ရောက်လာလျှင်ပင် ထိုသူ၏ စိတ်ဝိညာဉ်သည် ခြွင်းချက်မရှိ ချက်ချင်း သေဆုံးသွားစေနိုင်သည်။

ကျင့်ကြံခြင်း ဂြိုဟ်နှလုံးသားသည် အဆက်မပြတ် ကွဲကြေနေသောကြောင့် ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်သည် နောက်ဆုံးတွင် စတင်ပြိုကွဲလာသည်။

ဟင်္သာပြဒါးအုတ်ဂူ၏ မြေကြီးသည် စတင်အက်ကွဲလာသည်။ ပြဒါးအုတ်ဂူအတွင်း ဝင်ရောက်နေသည့် ကျင့်ကြံနေသူများသည် ထိုသဘာဝ ဘေးကပ်ဆိုးကြောင့် သေဆုံးကုန်၏။ ပုံမှန်အားဖြင့် မသေဆုံးနိုင်သော သက်ရှိပုံစံ အများအပြားသည်လည်း သေဆုံးကုန်သည်။

သေဆုံးမှု အော်ရာစွမ်းအားသည် ဟင်္သာပြဒါး အုတ်ဂူတစ်ခုလုံးကို ဝန်းရံသွားတော့သည်။

ဝမ်လင်းရှိသော ချောက်သည်လည်း အလားတူပင်ဖြစ်၏။ မြေကြီးများ အက်ကွဲလာ၍ ဒိုင်းမင်းရှင်း အက်ကွဲကြောင်း များစွာသည် အရာရာတိုင်းကို ဝါးမျိုရန် ထွက်ပေါ်လာသည်။

ဝမ်လင်းက စိတ်ဝိညာဉ်အလံကို စိတ်ဝိညာဉ် အပိုင်းအစများ ပြန်လည်ခေါ်ယူရန် အလျင်အမြန် အသုံးပြုလိုက်၏။ ယခုအချိန်သည် ဝမ်လင်းသည် အဘိုးအိုကို ပူပန်ရန် အချိန်မရှိပေ။ သူက လီမူဝမ်နှင့်တူသည့် အမျိုးသမီးကို မလွတ်တမ်း စူးစိုက်ကြည့်နေ၏။

ယခုအခါတွင် အမျိုးသမီးသည် ထိတ်လန့်နေ၏။ သူမသည် တစ်ခါမျှ မဖြစ်ဖူးသော ကြောက်ရွံ့ခြင်း အမူအရာ ဖြစ်နေသည်။ သူမခန္ဓာကိုယ်သည် ​တဖြည်းဖြည်း ပြိုကွဲနေ၏။ ထို့နောက် ပေါက်ကွဲသံနှင့်အတူ သူမခန္ဓာကိုယ်သည် မရေတွက်နိုင်သော ရေစက်များအသွင် ပြောင်းလဲသွားသည်။ သည်မရေတွက်နိုင်သော ရေစက်များသည်လည်း ပြိုကွဲသွား၏။ သည်အရာသည် သူမအတွက် အမှန်တကယ် သေဆုံးမှုပင် ဖြစ်၏။

ဝမ်လင်းသည် ဒိုင်းမင်းရှင်း အက်ကွဲကြောင်းများကို ရှောင်တိမ်းရင်း အလင်းတန်းကဲ့သို့ ​လှုပ်ရှားနေ၏။ ထို့နောက် ရေစက်များရှေ့သို့ ရောက်လာသည်။ သူ့ညာလက်ကို ဆန့်ထုတ်ကာ ရေစက်တစ်ခုကို ဆုပ်ကိုင်လိုက်၏။ ရေစက်ကို ထိမိချိန်တွင် သူသည် လီဝမ်မူကို ထိတွေ့ရသကဲ့သို့ ခံစားလိုက်ရသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset