Switch Mode

အပိုင်း ( ၄၉၇)

ဝမ်အာ၏ စိတ်ဝိညာဉ်အပိုင်းအစ

အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူများအားလုံးက အောင်မြင်နိုင်ခြင်း မရှိချေ။ အောင်မြင်နိုင်သည့်နှုန်းက ငါးဆယ်ရာခိုင်နှုန်းသာ ရှိ၏။

အာဏာတက်ခြင်း အဆင့်အထက်သို့ ရောက်ရှိပြီး သို့မဟုတ် အဆင့်ငါးနိုင်ငံ တစ်ခုက အဆင့်ခြောက်နိုင်ငံ တစ်ခုသို့ မြှင့်တက်နိုင်လျှင် လူတစ်ယောက်၏ စိတ်ဝိညာဉ် အပိုင်းအစက လုံခြုံစွာ ပြန်ထုတ်ယူနိုင်ပြီး ဖြစ်ပေလိမ့်မည်။

ယွမ်ချွဲဇီက သူ့စိတ်ဝိညာဉ် အပိုင်းအစကို ပြန်ထုတ်ယူနိုင်ခြင်း မရှိသေးချေ။ တကယ်တော့ ဟင်္သာပြဒါးနိုင်ငံ ရောက်ရှိလာကတည်းက မည်သူကမျှ သူတို့၏ စိတ်ဝိညာဉ် အပိုင်းအစကို ပြန်ထုတ်ယူနိုင်ခြင်း မရှိသေးချေ။ သည်အရာက စစ်ထူနန်၏ ချိပ်ပိတ်မှုနှင့်များစွာ သက်ဆိုင်နေ၏။

ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်ပေါ်ရှိ ချိပ်တံဆိပ်က နောက်မျိုးဆက် ဟင်္သာပြဒါးများက ဂြိုဟ်ကို ထိန်းချုပ်ခြင်းအား ကာကွယ်ထားသည့်အပြင် သူတို့က အာဏာတက်ခြင်း အဆင့်သို့ ရောက်ရှိခဲ့သော်လည်း သူတို့စိတ်ဝိညာဉ် အပိုင်းအစများကိုပါ ထုတ်ယူနိုင်ခြင်း မရှိအောင် ချိပ်ပိတ်ထားခြင်း ဖြစ်၏။

အချို့ ပိုစွမ်းအားကောင်းသည့် အဆင့်ခုနစ် သို့မဟုတ် အဆင့်ရှစ် ကျင့်ကြံခြင်းဂြိုဟ်များတွင် အဆင့်ခြောက် ကျင့်ကြံခြင်းဂြိုဟ်နှင့် ယှဉ်နိုင်သည့်အထိ စွမ်းအားကောင်းသည့် ကလန်များ ရှိလေသည်။ သည်ကလန်များက ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်ကို ရှောင်ဖယ်နိုင်သည့် နည်းလမ်းများကို ရှာတွေ့နိုင်ခဲ့ကြ၏။

သည်ကိစ္စကြောင့်သာ မဟုတ်လျှင် ကျင့်ကြံခြင်း မဟာမိတ် အဖွဲ့အစည်းကြီးအတွင်း၌ မည်သည့်ပဋိပက္ခမှ ရှိတော့မည် မဟုတ်ချေ။

သည်အချိန်မှာပင် ကြီးမားသော ဂြိုဟ်ကြီးတစ်ခုပေါ်ရှိ ဟင်းလင်းပြင်ထဲ၌ ဓားစွမ်းအင် အလင်းတန်းများစွာက ကောင်းကင်ထက်၌ ဖြတ်၍ ပျံသန်းလျက် ရှိနေ၏။ သည်လူများက တိုက်ခိုက်ရန် မဟုတ်ဘဲ နေရာအချို့သို့ အလျင်စလို သွားနေသည့်ပုံပင်။

သည်ဂြိုဟ်က အလွန်ကြီးမားလှ၏။ ဟင်္သာပြဒါးဂြိုဟ်ထက် ဆယ်ဆခန့်ပင် ကြီးမားပေသည်။ သည်လိုကြီးမားလှသည့် ဂြိုဟ်က နဂိုအားဖြင့် ပိုများသော သေမျိုးများလည်း ရှိနေမည်မှာ သဘာဝပင်။

သည်ဂြိုဟ်ကို သေးငယ်သော ဂြိုဟ်ငါးခုက လှည့်ပတ်လျက် ရှိနေ၏။ သည်ဂြိုဟ်သေးငါးခု ပေါ်တွင်လည်း မရေမတွက်နိုင်သော ကျင့်ကြံသူများ နေထိုင်လျက် ရှိကြ၏။

သည်ဂြိုဟ်သေး ငါးခုကိုပင် အားကောင်းသော အစီအရင်များဖြင့် ကာကွယ်လို့ထား၏။

အလယ်ရှိ ကြီးမားသော ဂြိုဟ်ကတော့ ထျန်ယွမ်ဂြိုဟ်ပင် ဖြစ်သည်။

သည်ဂြိုဟ်သေးငါးခုက အဆင့်ခုနစ် ထျန်ယွမ်ဂြိုဟ်၏ ထိန်းချုပ်မှုအောက်တွင် ရှိလေသည်။ ဂြိုဟ်သေးများ၌ပင် စွမ်းအားကောင်းသော ကျင့်ကြံသူများ ရှိလို့နေ၏။

ဟင်္သာပြဒါးဂြိုဟ်က သည်ထျန်ယွမ်ဂြိုဟ်နှင့် နှိုင်းယှဉ်လျှင် အလွန်သေးလွန်းလှ၏။

ထျန်ယွမ်ဂြိုဟ်ပေါ်တွင် ကလန်များစွာလည်း ရှိနေသည်။ သို့သော် အလွှမ်းမိုးနိုင်စွမ်းသော ကလန်ကနော့ ကောင်းကင် ကံကြမ္မာကလန်ပင် ဖြစ်ချေ၏။

ကောင်းကင်ကံကြမ္မာ ကလန်၏ ဆိုရိုးတစ်ခုက ဘဝထဲရှိ အရာရာတိုင်းသည် ကံကြမ္မာပေါ် မူတည်ခြင်းဆိုသည့် စကား ဖြစ်၏။ အရာအားလုံးက နဂိုကတည်းက အထိုင်ကျပြီး၊ သတ်မှတ်ပြီးသား ဖြစ်သောကြောင့် လူတစ်ယောက်က ၎င်းကံကြမ္မာကို အတင်းအကျပ် ပြောင်းလဲ၍ မရသလို လွတ်မြောက်အောင်လည်း မလုပ်နိုင်ချေ။ သည်ဆိုရိုးအမိန့်က လူအများကို သဘာဝအလွန် ခံစားချက်အား ပေးစွမ်းနေခဲ့၏။

သည်ဆိုရိုးအမိန့်ကို ချမှတ်ခဲ့သည့်သူက ထျန်ယွမ်ဂြိုဟ်၏ အကျော်ကြားဆုံး လူတစ်ယောက်ဖြစ်သည့် ရှေ့ဖြစ်ဟောသူပင် ဖြစ်ချေသည်။

သည်အချိန်မှာပင် ရှေ့ဖြစ်ဟောသူက တံခါးပိတ် ကျင့်ကြံနေရာကနေ မျက်လုံးဖွင့်လာခဲ့သည်။ သူ့မျက်နှာက ညင်သာသည့်ဟန် ရှိနေ၏။ သူက ဆံပင်များ ဖြူဖွေးနေသော်လည်း အိုမင်းသည်ဟု မထင်ရပဲ သဘာဝလွန် ခံစားချက်ကို သူ့ထံကနေ ရရှိစေ၏။ သူ့ထက်ရှသော မျက်လုံးများက လူငယ်များ၏ မျက်လုံးထက်ပင် စွမ်းအင်ပြည့်ဝလို့ နေသေးသည်။

သူ့ထံမှလည်း မည်သည့်သေဆုံးခြင်း အငွေ့အသက်တို့ကိုမှ ရရှိခြင်းမရှိပေ။

သူက ခုလက်ရှိတွင် ကောင်းကင်ကံကြမ္မာ ကလန်၏ ကောင်းကင်ကြမ္မာ စေတီ၌ ရှိနေခဲ့သည်။ သူက မျက်လုံးဖွင့်လာသည်နှင့် အံ့ဖွယ်အလင်းတန်းကို ထုတ်ဖော်ကာ သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်သည်။

ငါက ငါ့သူငယ်ချင်းဟောင်းဆီကို အလည်သွားခဲ့တုန်းက ငါက တစ်ဝက်ပျက်စီးနေတဲ့ ကျင့်ကြံခြင်း ဂြိုဟ်တစ်ခုအပေါ်ကို ဖြတ်သန်းခဲ့စဉ်မှာ ကောင်လေး တစ်ယောက်ကို တွေ့ခဲ့တယ် …။ ဒီကောင်လေးက ပြန်လည်မေွးဖွားခြင်း စက်ဝိုင်းရဲ့ သေခြင်းရှင်ခြင်း နယ်ပယ်ကို နားလည်နိုင်စွမ်း ရှိခဲ့ပြီး စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့်ကို ရောက်ရှိဖို့ ကြိုးစားနေတုန်းပဲ …။

ဒီလိုလုပ်နိုင်တဲ့ လူက အများကြီး မရှိဘူး …။ ဒါကြောင့် ငါက သူ့ကို မြင်ခဲ့တုန်းက နှစ်တစ်ရာအတွင်း ဂုဏ်ယူရတဲ့ တပည့်အဖြစ် လက်ခံမယ်လို့ ပြောခဲ့တယ်။ ဒီနေ့ ငါက ရုတ်တရက် ခံစားချက် တစ်ခု ရနေတယ် … ငါက ဒီကောင်လေးက သိပ်မကြာခင်မှာ ရောက်လာလိမ့်မယ်လို့ ထင်နေတယ် …။ ငါက ခုလက်ရှိ သူ့ကျင့်ကြံမှုအဆင့်က ဘယ်လောက်မှန်း မသိပေမဲ့ သူသာ ဒီကို ရောက်အောင် လာနိုင်ခဲ့မယ်ဆိုရင် သူ့ကျင့်ကြံမှုအဆင့်က အနည်းဆုံးတော့ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့်တောင် ရှိမနေဘူးဆိုရင်တော့ ငါက စိတ်ပျက်မိလိမ့်မယ် …”

ရှေ့ဖြစ်ဟောသူက အနည်းငယ် စဉ်းစားပြီးနောက် သူ့ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ကာ မျက်လုံး ပြန်မှိတ်လိုက်သည်။

ဟင်္သာပြဒါး အုတ်ဂူထဲတွင်တော့ ဝမ်လင်းက အရှိန်သတ်၍ အရင်ကထက် သူ့နတ်ဘုရားအာရုံ ဖြန့်ကြက်မှု အကျယ်အဝန်းကိုလျှော့ချထားလိုက်သည်။ သည်နေရာ ပတ်လည်၌ သက်ရှိပုံစံများစွာ ရှိလို့နေသည်။ အချို့သက်ရှိပုံစံများက ဝမ်လင်းအတွက် သူသာ စိတ်ဝိညာဉ် ဆယ်သန်းအလံကို အသုံးမပြုလျှင် ခက်ခဲမှု ဖြစ်စေပေလိမ့်မည်။

သူက အလွန်ဂရုတစိုက် လှုပ်ရှားနေ၏။ သူက အန္တရာယ် အငွေ့အသက်ကို ထောက်လှမ်းမိသည်နှင့် ချက်ချင်းပင် ဦးတည်ရာပြောင်း၍ ၎င်းအန္တရာယ်ကို ပတ်၍ သွားလေသည်။ သည်လိုပြုလုပ်ခြင်းက သူ့ခရီးစဉ်ကို အတော်လေး နှေးကွေးစေပေသည်။

သည်နေ့တွင် ဝမ်လင်းရှေ့၌ မိုးထိမြင့်သည့် တောင်နှစ်ခု ပေါ်လာခဲ့သည်။ သည်တောင်နှစ်ခုကြား၌ အဆုံသပ်ကို မျက်လုံးဖြင့်ပင် မမြင်ရသည့် လမ်းကြောင်းတစ်ခု ရှိလို့နေသည်။ သည်လမ်းကြောင်းက တောင်အနက် အတွင်းပိုင်းသို့ ဦးဆောင်သွားသည့်လမ်း ဖြစ်ပေမည်။

သည်တောင်နှစ်ခုက မျက်စိပသာဒဖြစ်သည့် တောအုပ်တစ်ခုက ဝန်းပတ်ထားသည်။

ဝမ်လင်းက တောင်နှစ်ခုအခြေတွင် ရပ်နေပြီး သူက အနည်းငယ် စဉ်းစားနေကာ သူ့မျက်လုံးများက တလက်လက် တောက်ပနေ၏။

သူက အုတ်ဂူ အတွင်းပိုင်းခြမ်းသို့ လွန်ခဲ့သော ရက်အနည်းငယ် ကတည်းက ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူ့ထင်မြင်တွက်ဆချက်အရ ဆိုရင် သည်နေရာရှိ အလယ်က လမ်းတစ်ခု ဖြစ်ပေလိမ့်မည်။

သို့သော် လမ်းတစ်လျှောက်တွင် ဝမ်လင်းက အလယ်သို့ ပိုရောက်လာလေလေ သက်ရှိပုံစံများစွာ ပိုရှိလာလေလေကို ခံစားမိနေသည်။ အချို့စွမ်းအားကောင်းသော သက်ရှိပုံစံများက ဝမ်လင်း ရင်ဆိုင်နိုင်သည့် အရာများ မဟုတ်ပေ။

အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက တောင်နှစ်ခုကြားရှိ လမ်းကြောင်းထံသို့ လျှောက်လှမ်းသွား၏။ သူက ခြေတစ်လှမ်းတိုင်းတွင် သတိကြီးစွာ ကပ်ထားပြီးနောက် ပတ်ဝန်းကျင်ကို မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့သည်။

သည်သက်ရှိပုံစံများက အသွင်မျိုးစုံ ယူနိုင်ပေသည်။ သည့်အတွက်ကြောင့် တစ်ယောက်ယောက်က ခဏတာ ဂရုမစိုက်ပဲ နေမိမည်ဆိုလျှင်ပင် ချောင်းမြောင်း တိုက်ခိုက်ခြင်း ခံရနိုင်ပေသည်။

လမ်းတစ်လျှောက်တွင် ဝမ်လင်းက လမ်းကျဉ်း ဘေးနှစ်ဖက်ရှိ တောင်နှစ်ခု၏ မျက်နှာပြင်များကို ကြည့်လို့သွား၏။ အချို့တောင်၏ မျက်နှာပြင်များက ချောမွတ်ပြီး တစ်ချက်တစ်ချက် တောင်ဘေးခြမ်းကနေ ရေစက်ရေပေါက်များ စီးကျလျက် ရှိနေ၏။

ဆယ့်နှစ်မီတာ ကျော်လောက် လှမ်းလျှောက် လာပြီးနောက် ဝမ်လင်းအသွင်က ပြောင်းလဲသွား၏။သူက တစ်ခုခုမှားနေသည်ကို သဘောပေါက်လိုက်သည်။

သူက တောင်နံရံကို သေချာကြည့်ရှုနေရင်း မျက်လုံး လက်ခနဲ ဖြစ်သွား၏။

“ဒီနေရာက တစ်နှစ်ပတ်လုံး စိုစွတ်နေမယ်ဆိုရင် ရေညှိတွေ ရှိနေသင့်တယ် …။ တကယ်တော့ ဒီနေရာက ဂြိုဟ်တစ်ခုရဲ့ အပြင်နဲ့တောင် အလားတူနေသေးတယ် …။ ဒါပေမဲ့ ဒီနောက စိုစွတ်နေတာ သိပ်မကြာလောက်သေးဘူး …”

ဝမ်လင်းက ညာလက်ဖြင့် တောင်နှစ်ခုထဲက တစ်ခု၏ မျက်နှာပြင်သို့ လက်ညွှန်လိုက်၏။ သည့်နောက် တောင်နံရံ၌ တစ်လက်မခန့် အပေါက်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။

သည်အပေါက်၏ အပြင်ပိုင်း လက်မဝက်က စိုစွတ်နေပြီး အတွင်းလက်မဝက်လောက် ကတော့ ခြောက်သွေ့လို့နေ၏။

တုံ့ဆိုင်းခြင်းမရှိ ဝမ်လင်းက နောက်သို့ အလျင်အမြန် ဆုတ်လိုက်သည်။ မျက်စိတစ်မှိတ် အတွင်း သူက လမ်း၏အပြင်သို့ ပြန်ရောက်သွားခဲ့လေ၏။ သူနောက်ဆုတ် လိုက်စဉ်မှာပင် တောင်နံရံပေါ်ရှိ ရေများက စတင် လှုပ်ရှားလာကြသည်။ သည်ရေများက တောင်နံရံကနေ စိမ့်ထွက်လာခြင်း ဖြစ်ပြီး လမ်းအပေါ်ဘက်၌ စတင် မျောလွင့်နေကြတော့သည်။

မရေမတွက်နိုင်သော ရေစက်ရေပေါက်များ ရှိလို့နေ၏။ သည်ရေစက် တစ်ခုချင်းစီက စိတ်ဝိညာဉ်အပိုင်းအစ တစ်ခုကို ကိုယ်စားပြုပေသည်။

သည်ရေစက်များက လူသားပုံစံသို့ သိပ်သည်းလာခဲ့၏။ သည်ရေများက နောက်ဆုံးတွင် အမျိုးသမီးတစ်ယောက်၏ အသွင် ဖြစ်ပေါ်လာခဲ့သည်။

သည်အမျိုးသမီးက သာမန်ဟု ထင်မှတ်ရသော်လည်း ထူးဆန်းသော အော်ရာကို ပေးစွမ်းနေ၏။ သူမက ထွက်ပေါ်လာသည်နှင့် ဝမ်လင်းကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။ “နင် အထဲကို ဝင်လို့မရဘူး …”

ဝမ်လင်းက တဖြည်းဖြည်းချင်း‌ နောက်သို့ ပြန်ဆုတ်၏။ သည်လိုရေစက်ကနေ ဖြစ်ပေါ်လာသည့် သက်ရှိပုံစံက ရင်ဆိုင်ရန် ခက်ခဲလှ၏။ သူ့ရှေ့ရှိ တစ်ယောက်က စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့်လောက်သာ သန်မာသော်လည်း သူ့အတွက် ရင်ဆိုင်ရန် ခက်ခဲနေဆဲပင်။

ရေက စုစည်းပြန့်ကျဲနိုင်သည့် အရာဝတ္ထုတစ်ခု ဖြစ်သည်။ သူက ၎င်းကို ချိပ်ပိတ် ထားနိုင်လျှင်တောင် အကုန်လုံးကို ထိုသို့ပြုလုပ်နိုင်ရန် အလွန်ခက်ခဲပေလိမ့်မည်။ လွန်ခဲ့သော ရက်အနည်းငယ်က ဝမ်လင်းက ရေအခြေခံ သက်ရှိပုံစံတစ်ခုနှင့် ကြုံခဲ့ရသေးသည်။ နောက်ဆုံးမှာတော့ သူက ၎င်းကို လက်လျှော့၍ ကွေ့ပတ်ကာ သွားခဲ့ရသည်။

ထို့ကြောင့်လည်း သူက သည်နေရာတွင် ရေအခြေခံ သက်ရှိပုံစံတစ်ခု ရှိနေနိုင်သည်ကို တွက်မည်သည်နှင့် တုံ့ဆိုင်းခြင်းမရှိ နောက်သို့ ပြန်ဆုတ်ခဲ့ခြင်းပင်။

သူက နောက်သို့ ဆုတ်ပြီးပြီးချင်း သူ့နတ်ဘုရားအာရုံဖြင့် သည်လမ်း၏ အကွာအဝေးကို စစ်ကြည့်လိုက်သည်။ အစတုန်းကတော့ သူ့နတ်ဘုရားအာရုံကို မလိုအပ်သော ပြသနာများစွာကို ‌ရှောင်ရှားနိုင်ရန် အတွက် များစွာဖြန့်ကြက်ထားခြင်း မရှိချေ။ သို့သော် ရေသက်ရှိပုံစံက သူကိုယ်တိုင် သူ့ကိုယ်သူ ပြသလာပြီ ဖြစ်သည့်အတွက် သူက ချက်ချင်းပင် နတ်ဘုရားအာရုံကို ဖြန့်ထုတ်လိုက်ခြင်း ဖြစ်သည်။ သည့်နောက် ဝမ်လင်းက တုန်လှုပ် မိသွားတော့သည်။

တောင်အတွင်းနက်ပိုင်းတွင် သူက တစ်စုံတစ်ယောက်ကို လှမ်းတွေ့လိုက်ရသည်။ သည်လူက သူသိသောသူပင်။ သည်လူက ခုလက်ရှိတွင် ရေသက်ရှိပုံစံနှင့် တိုက်ခိုက်လို့နေ၏။

သူက သည်လူနှင့် တိုက်ခိုက်နေသော သက်ရှိပုံစံကို တွေ့မြင်လိုက်သည့် အချိန်တွင် ၎င်းသက်ရှိပုံစံနှင့် ပတ်သက်၍ ရင်းနှီးသလို ခံစားချက်ကို ရလိုက်သည်။ သည်ခံစားချက်က အားကောင်းခြင်း မရှိသော်လည်း ခံစားမိနေဆဲပင်။

ဝမ်လင်းက နောက်သို့ ဆုတ်နေရင်း သူ့နှလုံးက ခုန်ပေါက်နေ၏။ ရေစက်များဖြင့် ပြုလုပ်ထားသည့် အမျိုးသမီးက ဝမ်လင်းနောက်သို့ ဆုတ်သွားသည်ကို မြင်လျှင် သူမက တောင်အတွင်းပိုင်းသို့ အလျင်အမြန် လှုပ်ရှား သွားလာလိုက်သည်။

ဝမ်လင်းက တောင်အပြင်၌ မတ်တတ်ရပ်နေပြီး တွေးတောလို့နေသည်။

“တစ်ခုခုတော့ မှားနေပြီ …။ ဒီရေသက်ရှိပုံစံက ဘာကြောင့် ငါ့ကို ဒီလိုခံစားချက် ပေးတာလဲ …။ ငါ့မှာ ရေစိတ်ဝိညာဉ်ရင်းမြစ် မရှိတဲ့အတွက် ငါ့စိတ်ဝိညာဉ် အပိုင်းအစကလည်း ရေသက်ရှိပုံစံ ရှိနိုင်မှာ မဟုတ်ဘူးလေ …။ ဒါက ထူးဆန်းနေတယ် …”

ဝမ်လင်းက အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ သူက ခဏတာ ကြည့်ပြီးနောက် ထွက်ခွာရန် ဟန်ပြင်လိုက်စဉ် သူ့အသွင်က ရုတ်တရက် ပြောင်းလဲသွားပြီး နောက်သို့ လှည့်ကြည့်လိုက်၏။

သူက ရုတ်တရက် သူ့နှလုံးသားထဲ၌ နာကျင်မှုကို ခံစားလိုက်ရသည်။ သည်နေရာရှိ စိတ်ဝိညာဉ်အပိုင်းအစ တစ်ခုက သူ့အား အားနည်စွာဖြင့် အကူအညီ တောင်းခံနေပေသည်။

“ဝမ်အာ …”ဝမ်လင်းက မှင်တက်သွားပြီးနောက် နားလည် သွားခဲ့တော့သည်။

ဝမ်အာက ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ထဲ၌ ရှိနေပေသည်။ ကောင်းကင်ဘုံဆန့်ကျင့်ခြင်း ပုတီးစေ့ကတော့ ဝမ်လင်း၏ စိတ်ဝိညာဉ်ထဲ၌ တည်ရှိလို့နေသည်။ သဘာဝအားဖြင့် သည်ပုတီးစေ့က သူ့ကို ဝမ်အာ၏ စိတ်ဝိညာဉ်အပိုင်းအစကို သိရှိစေလိုက်ခြင်း ဖြစ်သည်။

ဝမ်လင်းမျက်လုံးများက အေးစက်လာ၏။ သည်အချိန်၌ သူက တုံ့ဆိုင်းခြင်း မရှိဘဲ တောင်နှစ်လုံးကြားရှိ အနက်ပိုင်းသို့ ပျံသန်း တိုးဝင်သွားတော့သည်။

သူက လမ်းထဲသို့ ဝင်လိုက်သည့်ခိုက်တွင် စောနက ရေသက်ရှိပုံစံ အမျိုးသမီးက သူ့အား လာရောက် တားဆီးပေသည်။ သူမက ညာလက်ကို မြှောက်၍ ဝှေ့ယမ်းလိုက်သည်။ သိပ်မကြာခင်တွင် များပြားသည့် ရေစက်ရေပေါက်များက သည်လမ်းတစ်ခုလုံး၌ ပြည့်နှက်လို့သွားသည်။

ဝမ်လင်း မျက်လုံးများက အေးစက်လို့လာ၏။ သူက စကားတစ်ခွန်းမှမဆို၊ အရှိန်လျှော့ခြင်း မပြုဘဲ ကောင်းကင်ဘုံဓားကို ထုတ်၍ ရှေ့သို့ ပစ်လွှတ်လိုက်သည်။ ထိုသို့ ပြုလုပ်ပြီးနောက် သူက ဘယ်လက်ဖြင့် သူ့မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်၏။

ဝမ်လင်းခန္ဓာကိုယ်က ခဏတာ တုန်ယင်သွား၏။ သူ့မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာသည်။ သူ့မူလစိတ်တိဉာဉ်က ပေတစ်ရာကျော်ထိ ရှည်လျားလာခဲ့သည်။ ၎င်းက ကောင်းကင်ဘုံဓားကို ချက်ချင်းဖမ်းယူ၍ ရှေ့သို့ ဆက်တိုးဝင်သွားသည်။

မျက်စိတစ်မှိတ်အတွင်း ဝမ်လင်း မူလစိတ်ဝိညာဉ်က အမျိုးသမီးခန္ဓာကိုယ်ကို တစ်ဟုန်ထိုး ဖြတ်ကျော်လို့သွားသည်။ အလားတူပင် ကောင်းကင်ဘုံဓား သည်လည်း သူမ၏ ခန္ဓာကိုယ်အား ထွင်းဖောက်သွားတော့၏။

အမျိုးသမီးက အထိတ်တလန့် ညည်းတွားလိုက်ပြီး သူ့စိတ်ဝိညာဉ် အပိုင်းအစများကလည်း ပြိုကျ၍ ပြန့်ကျဲသွားတော့၏။ သို့သော် ဝမ်လင်း၏ မူလစိတ်ဝိညာဉ်က သူမခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားပြီး ဖြစ်သည်။ သူ့မူလစိတ်ဝိညာဉ်က တစ်ခုကနေနှစ်ခု … နှစ်ခုကနေ လေးခု … လေးခုကနေ ရှစ်ခု အစရှိသဖြင့် မရေမတွက်နိုင်သော စိတ်ဝိညာဉ်အပိုင်းအစများ အဖြစ်သို့ ကွဲထွက်သွားပြီး သည်စိတ်ဝိညာဉ် အပိုင်းအစ တစ်ခုချင်းစီထံသို့ ဝင်ရောက် သွားတော့သည်။

တစ်ချိန်တည်းမှာ ဝမ်လင်းမူလစိတ်ဝိညာဉ် ထံကနေ အော်သံတစ်ခု ထွက်ပေါ်လာ၏။

“ချိပ်ပိတ်ခြင်း …”

မျက်စိတစ်မှိတ်အတွင်း ဝမ်လင်း မူလစိတ်ဝိညာဉ်ထံကနေ မရေမတွက်နိုင်သော အတားအဆီးများ ဖြစ်ပေါ်လာပြီး စိတ်ဝိညာဉ် အပိုင်းအစ တစ်ခုချင်းစီအား ချိပ်ပိတ်ပစ်လိုက်သည်။ သည့်နောက် သူ့မူလစိတ်ဝိညာဉ်က ပြန်လည် ဖြစ်တည်သွားပြီး သူ့ခန္ဓာကိုယ်သို့ ပျံသန်းလာခဲ့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset