ယွမ်ချွဲဇီက မှင်တက်စွာ ပြောသည်။ “ဒါဟာ မင်းရဲ့ ညှိုငင်ခြင်း နယ်ပယ်လား…”
ဘိုးဘေးသုံးက ခေါင်းညိတ်ပြီး ပြန်ပြောလိုက်သည်။ “ဒါက ငါ့ရဲ့ညှို့ငင်မှုနယ်ပယ်ပဲ။ သူမသာ ခန္ဓာဖြစ်စဉ်ကို အောင်မြင်သွားရင် သူမက ငါရဲ့ စွမ်းအားတွေကို အတိအကျ ရသွားလိမ့်မယ်။ သူမကိုအောင်မြင်ဖို့ ငါက ဘာလို့ ခွင့်ပြုရမှာလဲ…”
“ဒီငါ့နယ်ပယ်က ငါနဲ့ ကင်းကွာနေတဲ့ အချိန်မှာ ကျင့်ကြံသူတစ်ယောက်က တွေ့ခဲ့တာ…။ အဲဒီကျင့်ကြံသူက အခုဆို ဟင်္သာပြဒါးအုတ်ဂူထဲမှာ ရှိတယ်ဆိုတာ ငါသိတယ်။ နယ်ပယ်ကို မဖျက်ဆီးနိုင်ပေမဲ့ ပြောင်းလဲမှု နည်းနည်းလောက် လုပ်နိုင်တယ်။ ပုံမှန်ဆို ဒီလိုအနည်းငယ် ပြောင်းလဲမှုက ကိစ္စမရှိဘူး။ ဒါပေမဲ့ ခန္ဓာဖြစ်စဉ်အတွင်းမှာ လုပ်ရင်တော့ သူမရဲ့ ခန္ဓာဖြစ်စဉ်ကို ကျရှုံးစေလိမ့်မယ်…”
ဘိုးဘေးသုံးက စကားပြောပြီးနောက် သူမ၏နဖူးကို ထောက်လိုက်သည်။ သူမနဖူးပေါ်က အပင်သည် ထူးဆန်းသော အမူအရာတွေဖြင့် စတင်လှုပ်ရှားလာ၏။ တက်တူးအမှတ်အသားများသည် အပင်မှ ထွက်ပေါ်လာကာ လေထဲတွင် ပျောက်ကွယ် သွားကြသည်။
ဝမ်လင်းသည် ဟင်္သာပြဒါးအုတ်ဂူထဲရှိ ပလ္လင်ထံသို့ လမ်းလျှောက်ပြီး ပလ္လင်ကို အသက်သွင်းလိုက်သည်။ ပလ္လင်၏တည်နေရာ ရွှေ့ပြောင်းခြင်းကို ဝမ်လင်းက ခံစားလိုက်ရ ပြီးနောက် ပျောက်ကွယ် သွားလုနီးပါး ဖြစ်သွား၏။
သို့သော် ထိုအခိုက်အတန့်၌ ပန်းရောင်အခိုးအငွေ့ အများအပြားသည် လျိုမေ၏နဖူးမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအခိုးအငွေ့များသည် မိုင်ချီ၏ အသံဖြင့် ကပ်လျက် လိုက်ပါသွားသည်။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါခန္ဓာဖြစ်စဉ်လိုမျိုး တူညီတဲ့ စွမ်းအားရှိနေတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…” မိုင်ချီ ကို မွေးဖွားလိုက်သောအခါ သူမသည် မူလပိုင်ရှင်နှင့် ပတ်သက်သော မှတ်ဉာဏ်များ ပျောက်ကွယ်သွား၏။ ထို့ကြောင့် သူမအနေဖြင့် ထိုအချင်းအရာသည် သူမတို့၏ ပထမအကြိမ် တွေ့ဆုံမှု ဖြစ်နေ၏။
သူမသည် လျိုမေ၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်ပြီးနောက် လျိုမေ၏ နယ်ပယ်သည် ပျက်စီးသွား၏။ သူမသည် သူမ၏ စိတ်ဝိညာဉ်အတွင်းမှ နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။ ထိုနာကျင်မှုသည် သူမ၏ စွမ်းအားကို ဆုံးရှုံးမှု ဖြစ်စေ၍ သူမကို အလွန်အားနည်းစေသည်။
ရလဒ်အားဖြင့် လျိုမေ၏ နယ်ပယ် ပျက်စီးသွား၍ သူမကို လွင့်ထွက်သွားစေ၏။
မိုင်ချီသည် လျိုမေကြောင့် လွင့်ထွက်သွားချိန်တွင် လျိုမေ၏ မျက်လုံးများပွင့်လာပြီး “နင်ဟာနောက်ဆုံး ပုံရိပ်ယောင်ပဲ။ နင်လွတ်မြောက်နိုင်မှာ မဟုတ်ဘူး…” ဟု ပြောခဲ့သည်။
လျိုမေသည် စကားပြောပြီးနောက် ပန်းရောင်မြူအခိုးအငွေ့ အများအပြားကို သူမခန္ဓာကိုယ်အတွင်း ပြန်လည် စုပ်ယူလိုက်သည်။
မိုင်ချီသည် အော်ဟစ်ခဲ့၏။ သူမသည် အလုံးစုံ အားနည်းနေဆဲပင်ဖြစ်၏။ သူမသည် မျှော်လင့်ချက် ကင်းမဲ့နေခဲ့သည်။ ထို့နောက် အားတင်းပြီး ပြောလိုက်သည်။ “ငါ နင့်ကို မပိုင်ဆိုင်နိုင်ရင်တောင် ပေါင်းစပ်ပစ်မယ်…”
ထိုသို့ပြောပြီးနောက် မိုင်ချီသည် သူမ၏ ခန္ဓာကိုယ်ကို ပျက်စီးစေနိုင်သော အမည်မသိ နည်းလမ်းများ အသုံးပြုလိုက်သည်။ ထို့နောက် သူမ၏ စိတ်ဝိညာဉ်သည် ပျက်စီးသွားသည်။ သူမ၏ စွမ်းအားပြည့်ဝသော ညှို့ငင်ခြင်း နယ်ပယ်သည်လည်း ပျက်စီးသွား၏။ ထို့နောက် အရာအားလုံးသည် လျိုမေခန္ဓာကိုယ်အတွင်း ဝင်ရောက်သွား၏။
သည်အရာအားလုံးသည် အလွန်လျင်မြန်စွာ ဖြစ်ပွားသွားခဲ့၏။ ဝမ်လင်းသည် လျိုမေကို လှည့်ကြည့် လိုက်ချိန်တွင် မိုင်ချီသည် ပျက်စီးသွားသည်။
ထိုအခိုက်အတန့်တွင် များပြားလှသော ပန်းရောင် မြူအခိုးအငွေ့များသည် လျိုမေ၏ ခန္ဓာကိုယ် နေရာအနှံ့မှ ထွက်လာသည်။ လျိုမေ၏ ကိုယ်ပေါ်ရှိ အဝတ်များသည် အမှုန်အမွှားအဖြစ် ပြောင်းလဲ၍ ပျောက်ကွယ်သွားကြ၏။ ယောက်ျားအားလုံး နီးပါးအား ဆွဲဆောင်မှုရှိသော လျိုမေ၏ အလွန်တရာ လှပသော ခန္ဓာကိုယ်သည် ဝမ်လင်းရှေ့တွင် ပေါ်ထွက်လာသည်။
ပန်းရောင်မြူများ နေရာအနှံ့သို့ ပျံ့နှံ့လာချိန်တွင် ဝမ်လင်းသည် အဝေးသို့ ရှောင်တိမ်းရန် အချိန်မရှိတော့ပေ။ သူသည် အလျင်အမြန် နောက်ဆုတ်ရန်သာ တတ်နိုင်ခဲ့သည်။ ထို့နောက် ဝမ်လင်းသည် သူ့ကိုယ်သူ ကာကွယ်ရန် မိုးကောင်းကင် စိတ်ဝိညာဉ်စွမ်းအင်ဖြင့် လေပြင်းတစ်ခုကို ပြုလုပ်လိုက်၏။
သို့ရာတွင် ဝမ်လင်းသည် အလွန်လျင်မြန်စွာ နောက်ဆုတ်ခဲ့၍ ကာကွယ်ခဲ့သော်လည်း လေပြင်းသည် ပန်းရောင်မြူများကို သက်ရောက်မှုမရှိခဲ့ပေ။ ထို့ကြောင့် မြူများသည် နေရာအနှံ့ မြန်မြန်ဆန်ဆန် ရောက်ရှိသွားတော့သည်။
မြူများ အလျင်အမြန် ပျံ့နှံ့နေ၏။ ဝမ်လင်း အလျင်အမြန် နောက်ဆုတ်သည်ကိုပင် ပန်းရောင်မြူအချို့သည် သူ၏ ခန္ဓာကိုယ်အတွင်း ဝင်လာ၏။
သို့သော်လည်း ဝမ်လင်း၏ ခန္ဓာကိုယ်အတွင်း ဝင်သော ပန်းရောင်မြူ ပမာဏသည် မများလှပေ။ ထို့ကြောင့် သူသည် ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်ကို အသက်ဝင်အောင် ပြုလုပ်၍ မြူများကို ခန္ဓာကိုယ် အပြင်ဘက်သို့ ဆွဲထုတ်ခဲ့၏။ ဝမ်လင်းသည် ပန်းရောင်မြူများကို ရှောင်တိမ်းကာ နောက်သို့ ဆက်၍ဆုတ်နေစဉ် သူ၏အသွင်မှာ သုန်မှုန်လျက်ရှိ၏။
“ဒီပန်းရောင်မြူတွေဟာ မန္တန်မဟုတ်ဘူး။ နယ်ပယ်ကနေ ဖြစ်လာတာ။ ဒါကြောင့် လေပြင်းက အကျိုးသက်ရောက်မှု မရှိတာ…” တောင်ကြားကို ဖုံးလွှမ်းနေသော ပန်းရောင်မြူများကို ကြည့်နေစဉ် ဝမ်လင်း၏ အသွင်မှာ နက်မှောင်နေ၏။
အလွန်ညှို့ငင်မှုရှိသော ပုံရိပ်တစ်ခုသည် ပန်းရောင်မြူကြားမှာ တဖြည်းဖြည်း ပေါ်လာသည်။
လျိုမေ၏ မူလက ဖြူဖွေး၍ ကြည်လင်သော အသားအရေသည် ယခုအခါတွင် ပန်းရောင်သမ်းသော အသွင် ဖြစ်ပေါ်လာသည်။ အခြားအချိန်များတွင် ညှို့ငင်သော အကြည့် ဖြစ်ပေါ်နေသော သူမ၏ မျက်လုံးများသည် ယခုအချိန်၌ ရက်စက်တတ်သော အကြည့်ပေါ်နေ၏။
သူမအသွင်သည် နာကျင်စွာ ခံစားနေရပုံ ပေါ်နေသည်။
ထိုအချိန်တွင် လျိုမေ၏ မျက်လုံးအတွင်းရှိ ရက်စက်မှုများသည် ပျောက်ကွယ်၍ ညှို့ငင်မှုများဖြင့် ပြည့်နှက်လာ၏။ သူမသည် အလွန်လှပစွာ ပြုံးလိုက်ပြီး သူမ၏လက်ကို မြှောက်ကာ ညွှန်လိုက်၏။ အနီးရှိ ပန်းရောင်မြူများသည် မမှန်းဆနိုင်သော အရှိန်ဖြင့် နေရာအနှံ့သို့ တစ်ဟုန်ထိုး ထွက်သွား၏။
ပန်းရောင်မြူများသည် မယုံနိုင်လောက်သော အားတစ်ခုကို သယ်ဆောင်ကာ လှိုင်းလုံးကဲ့သို့ ဖြစ်ပေါ်လာ၏။ ထို့နောက် ပြန့်ကျဲသွားသည်။
ပန်းရောင်မြူများကို ပျံ့နှံ့စေသော အရှိန်သည် ဝမ်လင်း၏ လှုပ်ရှားမှုထက် မြန်ဆန်နေ၏။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ကီလိုမီတာ ထောင်ပေါင်းများစွာသည် ပန်းရောင်ကမ္ဘာ အဖြစ် ပြောင်းလဲသွားသည်။ တောင်တန်းများ သည်လည်း ပန်းရောင်မြူများဖြင့် ဖုံးလွှမ်းနေသည်။ အရာအားလုံးသည် အိပ်မက်ပမာ ပုံရိပ်ယောင်များ အသွင်အဖြစ် ပေးစွမ်းနေ၏။
ဝမ်လင်း သည် လျိုမေအနီးတွင် ရှိနေသည်။ သူတို့သည် ပန်းရောင်မြူများ၏ အလယ်တွင်ဖြစ်သည်။ ပုံမှန်အားဖြင့် ဝမ်လင်းသည် စိတ်အားထက်သန်၍ တည်ငြိမ်သူဖြစ်သည်။ သူသည် အသက်တစ်ချက် ရှိုက်သွင်းကာ သူ၏ နယ်ပယ်ကို အသက်သွင်းလိုက်သည်။
သို့သော် ဝမ်လင်းက နောက်သို့ ဆုတ်လိုက်စဉ်တွင် ပန်းရောင်မြူ အနည်းငယ်သည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသည်။ ပုံမှန်ဆိုလျှင် သူသည် ထိုမြူများကို ခန္ဓာကိုယ်အပြင်သို့ ထုတ်ရန် အမွှေးတိုင် တစ်တိုင်စာကြာချိန် ကျင့်ကြံရန်သာ လိုအပ်သည်။ သို့သော် သူ့တွင် အခု ထိုအချိန်လောက်မျှပင် မရှိတော့ချေ။
ပန်းရောင်မြူများသည် သူ့ကိုဝန်းရံလျက်ရှိပြီး သူ၏ ချိတ်တံဆိပ်ကို ချိုးဖျက်ကာ ခန္ဓာကိုယ်အတွင်း ဝင်ရောက်နေကြသည်။ သူ့ခန္ဓာကိုယ်၏ အတွင်းအပြင်ရှိ ပန်းရောင် မြူခိုးများကြောင့် ဝမ်လင်းသည်ပထမအကြိမ် ထိန်းချုပ်နိုင်စွမ်းကင်းမဲ့လာခဲ့သည်။
စိတ်ကူးတစ်ထောင် ပုံရိပ်ယောင် နယ်ပယ်သည် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း၏ အလယ်အဆင့်တွင် ရှိသည်။ အမှန်တော့ သည်ပုံရိပ်ယောင် နယ်ပယ် (၉၉၉)ခုက လျိုမေနေထိုင်ခဲ့သည့် ဘဝတစ်ခုချင်းစီကို ကိုယ်စားပြုနေပေသည်။
ရွှမ်တောက် ကလန်က လျိုမေသည် ကိုယ်ပွားတစ်ခုသာလျှင် ဖြစ်သည်။
မတူညီသော ပုံရိပ်ယောင်နယ်ပယ် အတွေ့အကြုံ (၉၉၉ခု)ရှိသောကြောင့် လျိုမေတွင် ကိုယ်ပွား ၉၉၉ခုရှိသည်။ သူမသည် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း နယ်ပယ်၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိရန်အတွက် ပုံရိပ်ယောင် နယ်ပယ်တစ်ခုသာ လိုတော့သည်။ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း နယ်ပယ်၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိပြီးနောက် သူမသည် အာဏာတက်ခြင်း အဆင့် ရောက်ရှိရန် သေခြင်းရှင်ခြင်း စမ်းသပ်မှု မလုပ်ဆောင်ခင်တွင် ကောင်းကင်ဘုံ ကျောက်စိမ်းပြားသာ လိုအပ်တော့သည်။ ခြေတစ်လှမ်းက သေဆုံးနိုင်သွားသလို သည်ခြေတစ်လှမ်းဖြင့် အာဏာတက်ခြင်း အဆင့်ကို ရောက်ရှိသွားနိုင်ပေ၏။
မိုင်ချီ၏ အသွင်အပြင်သည် လျိုမေအတွက် ကြီးမားသော စမ်းသပ်ချက်ပင် ဖြစ်သည်။ ဘိုးဘေးသုံး၏ နှောင့်ယှက်မှု မရှိလျှင် လျိုမေသည် နောက်ဆုံးလိုနေသော သူမ၏ ပုံရိပ်ယောင် နယ်ပယ်ကို ပိုင်ဆိုင်နိုင်မည် ဖြစ်၏။
ထို့ကြောင့် သူမ၏မျက်လုံးထဲတွင် ဝမ်လင်းက စက်ဆုပ်ဖွယ် ကောင်းလို့နေ၏။
ဘိုးဘေးသုံး၏ မရည်ရွယ်သော အကူအညီသည် လျိုမေက မိုင်ချီနှင့် ပေါင်းစပ်နေမှုကို ဖျက်ဆီးသလို ဖြစ်သွားစေ၏။ သည့်အတွက်ကြောင့် လျိုမေ၏ တစ်ထောင်ခုမြောက် ပုံရိပ်ယောင် ဖြစ်လာရန်က ပြိုလဲသွားခဲ့ရ၏။
ခုလက်ရှိတွင် လျိုမေ၏ နယ်ပယ်သည် ဝမ်လင်း၏ သေခြင်းရှင်ခြင်း နယ်ပယ်အဆင့်၏ အပေါ်တွင် ရှိသည်။ ဝမ်လင်း၏ အဆင့်သည် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အစောပိုင်းအဆင့်သာ ရှိသေး၏။ ထို့ကြောင့် သိသိသာသာပင် သူက ပန်းရောင်မြူများကို ခုခံနိုင်စွမ်း မရှိပေ။
ကီလိုထောင်ပေါင်းများစွာ အတွင်းရှိ အရာအားလုံးကို ဖုံးလွှမ်းထားသော ပန်းရောင်မြူများသည် ယခုအခါတွင် တောင်ကြားအတွင်းသို့ တဖြည်းဖြည်း ပြန်လည်စုရုံးလာသည်။
ထိုဖြစ်စဉ်သည် နှစ်ရက်တာ ကြာမြင့်လေ၏။ တောင်ကြား အပြင်ဘက်တွင် ရှိနေသော ပန်းရောင် မြူအားလုံးသည် တောင်ကြားဆီသို့ ပြန်လည် ရောက်ရှိလာခဲ့၏။ သို့သော် တောင်ကြားသည် ပန်းရောင်မြူများ ဖုံးလွှမ်းဆဲပင် ဖြစ်သည်။ မြူများအတွင်းမှ အမျိုးသမီး တစ်ယောက်၏ နာကျင်စွာငိုရှိုက်သံကို ကြားရ၏။ သို့သော် ထိုအသံသည် ကျေနပ်မှုနဲ့ ပြည့်နှက်နေသည်။ ထိုအသံသည် လူအများ၏ နှလုံးခုန်သံကို မြန်စေ၍ သွေးများကို ဆူပွတ်စေသော သာယာနာပျော်ဖွယ် အသံအလား ထင်မှတ်ရ၏။
အချိန်မည်မျှ ကုန်ဆုံးသွားမှန်း မသိပြီးနောက် ပန်းရောင်မြူများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ပလ္လင်ဘေးတွင် လဲနေသော အမျိုးသမီးတစ်ဦးကို တွေ့မြင်ရ၏။ သူမ၏ မျက်လုံးများသည် ဖြည်းညင်းစွာ ပွင့်လာလေသည်။
စွမ်းအင်လှိုင်းများသည် ပလ္လင်မှ ထွက်ပေါ်လျက်ရှိသည်။ ထိုသို့ ဖြစ်ပေါ်နေခြင်းက တစ်စုံတစ်ယောက်သည် တည်နေရာ ရွှေ့ပြောင်းသွားခြင်းကို ဆိုလိုသည်။
မကြာမီ အချိန်အတွင်း ပန်းရောင်မြူများ ပျောက်ကွယ်သွားပြီး တောင်ကြားသည် မူလအခြေအနေသို့ ပြန်လည် ရောက်ရှိသွားသည်။ အမျိုးသမီးသည် မျက်မှောင်ကြုတ်လျက် ထိုင်နေသည်။ ထို့နောက် သူမသည် သိုလှောင်အိတ်ကို ဖွင့်လိုက်၏။
အဖြူရောင်အလင်းတန်းနှင့် အတူ အမျိုးသမီး၏ အဝတ်မဲ့ ခန္ဓာကိုယ်သည် အဖြူရောင် ဝတ်ရုံဖြင့် လွှမ်းခြုံသွားသည်။
သူမ မတ်တတ်လိုက်သည်။ ထို့နောက် ပလ္လင်ပေါ်ရှိ အနီစက်များ ကြည့်ကာ တွေးတောလိုက်သည်။
“စိတ်ကူးတစ်ထောင် ပုံရိပ်ယောင် နယ်ပယ်ရဲ့ နောက်ဆုံး ပုံရိပ်ယောင်ဟာ ဒါဖြစ်တယ်ဆိုတာ ငါမယုံနိုင်ဘူး။ ဒီပုံရိပ်ယောင် ပေါ်လာတဲ့အချိန်မှာ စိတ်ကူးတစ်ထောင် ပုံရိပ်ယောင်အဖြစ် ပြောင်းသွားတယ်။ ဒါတွေအားလုံးဟာ ပုံရိပ်ဖြစ်ပေမဲ့ တကယ့်အစစ်လိုပဲ။ ငါ့စိတ်ကူးတစ်ထောင် ပုံရိပ်ယောင် နယ်ပယ်ရဲ့ နောက်ဆုံး ပုံရိပ်ယောင်က ဒီလိုမျိုးဖြစ်လာမယ်လို့ ငါမထင်ထားဘူး။ ဆရာက ဝမ်လင်းရဲ့ တာအိုနှလုံးသားမှာ ငါရဲ့ အမှတ်အသား ရှိစေချင်တာ… ဒါပေမဲ့ ငါရဲ့ နောက်ဆုံး ပုံရိပ်ယောင်နယ်ပယ်မှာ သူ့အော်ရာ ပါဝင်နေလိမ့်မယ်လို့ ဘယ်လိုမှ မထင်ထားလောက်ဘူး…” လျိုမေက တစ်နေရာကို ကြည့်နေရင်း မျက်မှောင်ကြုတ်မိလာ၏။ နောက်ဆုံးတွင် သူမက သက်ပြင်းချလိုက်၏။ သူမ၏စိတ်ထဲတွင် အလွန်ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်လာသည်။ ထိုအခိုက်အတန့်၌ သူမသည် ဆုံးရှုံးမှုကို ရုတ်တရက် ခံစားလိုက်ရ၏။ ဖြစ်ပျက်ခဲ့သော အရာအားလုံးသည် သူမမျှော်လင့်ချက်နှင့် လုံးဝ ကွဲလွဲနေ၏။
ဝမ်လင်း၏ ခန္ဓာကိုယ်သည် ဟင်္သာပြဒါးအုတ်ဂူ၏ အတွင်းရှိ မြေကွက်လပ် တစ်ခုတွင် ပေါ်လာသည်။ သူပေါ်လာပြီးနောက် ဝမ်လင်းသည် အလွန်ရှုပ်ထွေးနေသော မျက်နှာအမူအရာဖြင့် ကောင်းကင်ကို ကြည့်နေသည်။
ပန်းရောင်မြူများ ဖုံးလွှမ်းနေစဉ်တွင် သူသည် အိပ်မက်မက်သကဲ့သို့ ခံစားနေရသည်။ ပန်းရောင်မြူများ ပျောက်ကွယ်သောအခါ သူ့အောက်တွင် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ ထိုအခိုက်တွင် သူ့နှလုံးသားထဲက နာကျင်မှုကို ခံစားလိုက်ရသည်။
“ငါ့မှာ အခုချက်ချင်း လုပ်စရာရှိသေးတယ် … ဒါကြောင့် လျိုမေကိစ္စကို ဘေးဖယ်ထားရမယ် … လျိုမေနဲ့ပတ်သက်ပြီး တွေးနေလဲ ဘာမှမထူးဘူး … ဟင်း…” ဝမ်လင်းသည် သူ၏ မျက်ခုံးနှစ်ခုခြား နေရာကိုထိ၍ သက်ပြင်းချလိုက်၏။ ထိုအရာသည် ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီး တည်ရှိသောနေရာ ဖြစ်သည်။
လီမူဝမ်၏ စဦးစိတ်ဝိညာဉ်က ကောင်းကင်ဘုံ ဆန့်ကျင်ခြင်းပုတီး၏ အတွင်း၌ တဖြည်းဖြည်း ကောင်းမွန်လာသည်။ ထို့နောက် တစ်နေ့၌ သူမ ပြန်နိုးထလာနိုင်မည် ဖြစ်၏။
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ပျောက်ကွယ်သွားပြီး အကွာအဝေး တစ်ခုထံသို့ လျင်မြန်စွာ ပျံသန်း သွားတော့သည်။
ဟင်္သာပြဒါးအုတ်ဂူ၏ အတွင်းပိုင်းခြမ်းသည် စစ်ထူနန်ပြောသည့် အချက်နှင့် ကွဲလွဲနေသည်။ စစ်ထူနန်က ဟင်္သာပြဒါး အုတ်ဂူအတွင်းပိုင်းသည် ကြီးမားခြင်း မရှိကြောင်း ပြောခဲ့ပေသည်။ အုတ်ဂူအလယ်တွင် တောင်တစ်လုံး ရှိသည်လို့လည်း ပြောခဲ့၏။
ဟင်္သာပြဒါး ပထမမျိုးဆက်သည် ဟင်္သာပြဒါး ချိပ်အမှတ်အသား၏ တာအိုကို တောင်အတွင်း၌ ထားခဲ့သည်။ ထိုနေရာသည် သူ၏ ရုပ်အလောင်းရှိသော နေရာလည်းဖြစ်သည်။
ဟင်္သာပြဒါးတိုင်းသည် ဟင်္သာပြဒါး ချိပ်အမှတ်အသား၏ အမွေကို ရရှိရန် သည်နေရာတွင် လပေါင်းများစွာ ကျင့်ကြံကြသည်။
ဝမ်လင်း၏ နတ်ဘုရားအာရုံကို ဖြန့်ကြက်ကာ သည်ဧရိယာကို လွှမ်းခြုံလိုက်သည်။ သည်နေရာသည် သူ့နတ်ဘုရားအာရုံဖြင့် လွှမ်းခြုံရန် အတွက် အလွန်ကျယ်ပြန့်လှ၏။ သို့သော် သူသည် အားကောင်းလှသော တည်ရှိမှုများစွာကို သတိပြုမိသည်။ ထိုတည်ရှိမှုများသည် ဝမ်လင်းကို သတိပြုမိချိန်တွင် သူတို့၏ အားကောင်းသော အော်ရာများကို ထုတ်လွှတ်လာ၏။ သူတို့သည် ဝမ်လင်းကို မကျေမနပ် တုံ့ပြန်လာကြ၏။
ဝမ်လင်း၏ စိတ်ထဲတွင် တုန်လှုပ်မိသွား၏။ ထိုတည်ရှိမှု အားလုံးသည် စိတ်ဝိညာဉ် အပိုင်းအစများ၏ သက်ရှိပုံစံများပင် ဖြစ်သည်။ အတွင်းဘက်ခြမ်းတွင် သက်ရှိပုံစံများစွာ ပိုရှိရုံသာမက အပြင်ဘက်ခြမ်းရှိ သက်ရှိပုံစံများထက် ပိုမိုအားကောင်းသည်။
ဝမ်လင်း၏ မျက်လုံးများ ဝင်းလက်သွားသည်။ ထို့နောက် သူသည် လမ်းကြောင်းတစ်ခု ရွေးချယ်ပြီး ထိုလမ်းကြောင်းအတိုင်း အလျင်အမြန် ပျံသန်းသွား၏။ သူ၏ ပထမဦးတည်ချက်သည် သည်နေရာ၏ အလယ်ဖြစ်သည်ဟု ယူဆထားသော တောင်ကို ရှာဖွေရန် ဖြစ်သည်။
သူ့တွင် အချိန်မလုံလောက်သည်ကို ဝမ်လင်းသိ၏။ ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက် အစိတ်စိတ်အမြွှာအမြွှာ ကွဲသွားလျှင် သူသည် စစ်ထူနန် ပြောခဲ့သော နည်းလမ်းကို အသုံးပြုရမည်။ သည်ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်က အလွန်ရက်စက်လှ၏။ ၎င်းသလင်းကျောက်က ကျင့်ကြံခြင်း မဟာမိတ် အဖွဲ့အစည်းကြီးက အဆင့်ခြောက်နိုင်ငံများသို့ ပေးအပ်ထားသည့် အကြွင်းမဲ့ စွမ်းအားလည်း မည်ပေ၏။
ကျင့်ကြံသူများသည် အာဏာတက်ခြင်း အဆင့်ကို ရောက်ရှိပြီးနောက် သူတို့၏ ကိုယ်ပိုင်တာအိုကို ရှာဖွေရန် ကြိုးစားကြရ၏။ သူတို့သည် ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်မှ သူတို့၏ စိတ်ဝိညာဉ် အပိုင်းအစများ ပြန်လည်ရရှိရန် အခွင့်အရေးရှိသည်။
သို့ရာတွင် ဟင်္သာပြဒါးများ ခေါင်းစီးများသည် သူတို့၏ စိတ်ဝိညာဉ် အပိုင်းအစများကို တစ်ဦးတစ်ယောက်မျှ ပြန်လည်ရယူနိုင်ခြင်း မရှိသေးပေ။ ထိုသို့ ပြန်လည်ရယူရန် ကြိုးစားလျှင် သူတို့သည် ဟင်္သာပြဒါးချိပ် တံဆိပ်ကို အသုံးပြုနိုင်သော စွမ်းရည်ကို ဆုံးရှုံးရမည်။ တစ်နည်းအားဖြင့် သူတို့၏ ဟင်္သာပြဒါး ခေါင်းစီးနေရာကို ဆုံးရှုံးရမည်ဖြစ်သည်။
***