စာလိပ်ထဲကနေ မီးခိုးရောင် အခိုးအငွေ့များနှင့်အတူ ကျယ်လောင်သော တုန်ခါသံများ ထွက်ပေါ်လာလေ၏။ ၎င်းအခိုးအငွေ့က ရုတ်တရက် နဂါးအသွင်သို့ ပြောင်းကာ လျိုမေ၏ဥဒေါင်းကို ဝါးမျိုပစ်ရန် ပါးစပ်ဟလာသည်။
ဥဒေါင်းက အော်သံတစ်ချက် ပြုသည်။ သည်အော်သံ အလွန်ပင် စူးရှကာ ကောင်းကင်ကိုပင် တုန်လှုပ်စေနိုင်သည်ဟု ထင်မှတ်ရသည်။ သည့်နောက် ၎င်း၏ ဦးခေါင်းကိုပင့်၍ လှပသောအမြီးကို ဖြန့်ကားလိုက်သည်။ ခုနစ်ရောင်စုံ ငှက်မွေးတောင်များက နတ်ဆိုး အလင်းတောက်ပမှုကို ပေးစွမ်းနေပြီး ရက်စက်မှု နယ်ပယ်က ပျံသန်း ထွက်ပေါ်လာ၏။
သည်အခိုက်တွင် သေခြင်းရှင်ခြင်း စာလိပ်အောက်၌ အေးစက်မှုတစ်ခု ဖြစ်ပေါ်လာ၏။ သည်ရက်စက် အေးစက်မှုက ရေခဲကိုပင် ပို၍ ခဲသွားအောင် ပြုလုပ်နိုင်စွမ်း ရှိနေ၏။
ဝမ်လင်းက တောင်ကြားထဲ၌ သည်အေးစက်မှုကို ခံစားမိသည်။ သည်အေးစက်မှုက သဘာဝတရား၏ အအေးဓာတ်နှင့် မတူညီလှချေ။ သည်အခိုက်တွင် ဥဒေါင်းက ပုံရိပ်ယောင်တစ်ခုသာ ရှိတော့သည်။
လျိုမေ၏ မျက်လုံးထဲ၌လည်း ရက်စက်မှု၊ အေးစက်မှုတို့သာ ရှိလို့နေ၏။ သူမက အနီရောင်လိပ်ပြာနှင့် အသွင်တူသော်လည်း အနီရောင်လိပ်ပြာက ခံစားချက်များကို ဖြတ်တောက်ခြင်း ဖြစ်ပြီး လျိုမေကတော့ ခံစားချက်ကင်းမဲ့ခြင်း မည်သည်။
ကောင်းကင်ဘုံက သဘာဝအားဖြင့် ခံစားချက်ကင်းမဲ့၏။ ပထမဆုံးအနေဖြင့် ခံစားချက်မရှိသဖြင့် သည်အဆင့်က ခံစားချက် ဖြတ်တောက်ခြင်းထက် ပို၍ မြင့်သည့်အဆင့်တစ်ခု ဖြစ်လေ၏။
နဂါးက ဆင်းသက်လာပြီး ၎င်း၏ ဧရာမပါးစပ်ကြီးက ဥဒေါင်းဘေးနားသို့ ရောက်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း နဂါးက နှစ်ခြမ်းကွဲသွားကာ ဥဒေါင်းအား မီးခိုးရောင် အခိုးအငွေ့များနှင့် လွှမ်းခြုံ သွားတော့သည်။
ဝမ်လင်းက သက်ပြင်းချမိသည်။ “ဒီကမ္ဘာထဲမှာ ရှိတဲ့ အရာအားလုံးက သေခြင်းရှင်ခြင်းကနေ မလွတ်မြောက်နိုင်ဘူး …။ တည်ရှိတဲ့အရာက ဆက်တည်ရှိနေဦးမှာပဲ … ပျောက်ကွယ်သွားတဲ့ အရာကလည်း ဆက်ပျောက်ကွယ် နေဦးမှာပဲ …”
သူက လီမူဝမ်အကြောင်း တွေးနေမိ၏။
ဥဒေါင်းက နောက်ထပ် အော်သံတစ်ချက် ပြုလိုက်ရာ ၎င်းအမြီးရှိ ရောင်စဉ်ခုနစ်ခုက သက်တံ့ရောင်အဖြစ်သို့ ပေါင်းစပ်သွားကြသည်။ သည်သက်တံက ဥဒေါင်းထံကနေ ထိုးထွက်ကာ ကောင်းကင်ထက်သို့ ထွင်းဖောက်၍ ကောင်းကင်ထက်ရှိ စာလိပ်နှင့်ပေါင်းစပ်သွားသည်။
သက်တံက စာလိပ်ထဲသို့ ဝင်ရောက်သွားပြီးနောက် စာလိပ်ထဲရှိ အဖြူအနက်ပန်းချီကားက အဖြူအနက် သီးသန့်မဟုတ်တော့ပဲ အရောင်အနည်းငယ် ရောစပ်လာ၏။ ဥဒေါင်းပတ်လည်၌ ဝန်းရံနေသော မီးခိုးရောင် အခိုးငွေ့များသည်လည်း အခြားအရောင်များနှင့် ရောစပ်သွားကြသည်။
“(၉၉၉)ပုံရိပ်ယောင်များ …။ ငါက တစ်ထောင်ပြည့်ဖို့ ပုံရိပ်ယောင်တစ်ခုပဲ လိုတော့တယ်။ ဝမ်လင်း နင့်ရဲ့ နောက်ဆုံးပုံရိပ်ယောင်က ဘယ်မှာလဲ …။ နင့်မှာ ဒီလိုခွန်အားမရှိရင် … နင့်မှာ စိတ်ဝိညာဉ်ဆယ်သန်း အလံမရှိဘဲနဲ့ ငါ့ကို ရင်မဆိုင်နိုင်ရင် … ငါက နင့်ကို စိတ်ပျက်ရလိမ့်မယ်..။ ငါက နင့်ကို စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်မှာ ပထမဆုံးတွေ့ကတည်းက တိုက်ခိုက်နိုင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက နင်က အရမ်း အားနည်းလွန်းခဲ့တယ်။ နင့်နယ်ပယ်ကလည်း ပြည့်စုံတဲ့အဆင့်ကို မရောက်သေးဘူး …။ အဲဒါကြောင့် ငါက ခုချိန်ထိ နင့်ကိုစောင့်ခဲ့တာ …”
“နင့်နယ်ပယ်က စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ခုချိန်မှာ ရောက်ရှိပြီး အထည်ဒြပ်ရှိလာပြီ ဖြစ်တယ်။ ဒါပေမဲ့ ခုထိ နင်က အားနည်းလွန်းနေ သေးတယ်။ ဒါက နင့်မှာရှိတဲ့ အစွမ်းကုန်ဆိုရင် နင်က ငါ့နောက်ဆုံး ပုံရိပ်ယောင်ကို ဖြည့်စွမ်းပေးနိုင်မှာ မဟုတ်တော့ဘူး … ”
ဝမ်လင်းအသွင်က တည်ငြိမ်နေဆဲပင်။ သူက ခေါင်းမော့၍ သေခြင်းရှင်ခြင်း စာလိပ်ကို ကြည့်၍ စဉ်းစားလို့နေ၏။
စာလိပ်ထဲရှိ ပန်းချီကားထဲ၌ အရောင်ခုနစ်ခုက ပို၍ သိပ်သည်းလာနေ၏။ ပန်းချီကားသည်လည်း ထပ်မံပြီး အဖြူနှင့်အနက် မရှိတော့ချေ။ တောင်များနှင့် ပင်လယ်များ ပေါ်တွင်လည်း အရောင်များ ရှိလာသည်သာမက သစ်ပင်များ ပေါ်တွင်လည်း အစိမ်းရောင် အရိပ်အမြွက်များ ရှိလာခဲ့၏။
“နင်က ပျောက်ကွယ်သွားတဲ့ အရာတွေက ပျောက်ကွယ်ပြီး တည်ရှိတဲ့ အရာတွေက ဆက်တည်ရှိမယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ နင့်နှလုံးသားက တကယ်ကော အဲဒီလိုတွေးရဲ့လား …။ ဝမ်လင်း … နင့်နယ်ပယ်က ခုလို ကြီးမားတဲ့ အားနည်းချက် ရှိလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မတွေးခဲ့ဖူးဖူး …။ နင်က နင့်နယ်ပယ်နဲ့ မတိုက်ခိုက်ချင်တာ အံ့ဩစရာ မရှိတော့ဘူးပဲ …။ ဒီတော့ ဒါက ဒီလိုပေါ့ …” လျိုမေအသံက အလွန် စိတ်ပျက်မှုများနှင့် ပြည့်နေခဲ့၏။
ဝမ်လင်း မျက်လုံးက အေးစက်လာသည်။ သူက လက်ဝှေ့ယမ်းလိုက်ရာ ပန်းရောင် အခိုးငွေ့အမျှင်တန်းတစ်ခုက သူ့လက်ထဲကနေ တစ်ဆင့် သေခြင်းရှင်ခြင်း စာလိပ်ထဲသို့ ဝင်ရောက်သွားလေသည်။
ဝမ်လင်းက အေးစက်စွာ ပြောသည်။ “ပျောက်ကွယ်ခြင်းက သဘာဝအတိုင်း ပျောက်ကွယ်သင့်တယ် …။ ဒါပေမဲ့ တည်ရှိပြီးသား အရာတစ်ခုက ပျောက်ကွယ်သွားရင် ငါကတော့ သဘောတူမှာ မဟုတ်ဘူး …။ လျိုမေ … ဒါက နင့်ကို ငါပေးတဲ့ နင့်ရဲ့ နောက်ဆုံးပုံရိပ်ယောင်ပဲ …”
သည်အခိုက်တွင် သေခြင်းရှင်ခြင်း စာလိပ်ပေါ်၌ ပန်းရောင်အစက်တစ်ခု ပေါ်လာခဲ့ပြီး အလွန် စွဲမက်ဖွယ်ပုံရိပ်တစ်ခုသို့ ပြောင်းသွား၏။ သည်ပုံရိပ်က လီမူဝမ်မဟုတ်ဘဲ ရှုလီကော ပြောပြောနေသည့် ညီမလှလှလေးခေါ် စွန့်ပစ်ခံမသေမျိုး ကလန်ဘိုးဘေးသုံး ကျင့်ကြံသူအဖြစ် အသွင်ပြောင်းတုန်းက ရရှိခဲ့သည့်နယ်ပယ်၏ စိတ်ဝိညာဉ် အပိုင်းအစဖြစ်သည့် မိုင်ချီပင် ဖြစ်သည်။
ဘိုးဘေးသုံးက ကျင့်ကြံသူ အဖြစ်ကနေ စွန့်ပစ်ခံ မသေမျိုးကလန်သို့ ပြန်ရောက်သည့်အခါ သူမ၏ ကျင့်ကြံခြင်းကို စွန့်လွှတ်သည့်အနေဖြင့် သူမ မူလစိတ်ဝိညာဉ်ကို အစိတ်စိတ် ကွဲစေခဲ့သည်။ သို့ရာတွင် သူမနယ်ပယ်က အလွန်ပင် ခေါင်းမာလှသဖြင့် မပျောက်ကွယ်သွားခဲ့ချေ။
ဝမ်လင်းက သည်နယ်ပယ် စိတ်ဝိညာဉ်ကို ရသည့်အခါ သူ့သိုလှောင်အိတ်ထဲ၌ သိမ်းဆည်းထားခဲ့သည်။ သည်အရာက သူ လျိုမေနှင့်ရင်ဆိုင်ရန် အတွက် အစစ်အမှန် ဝှက်ဖဲတစ်ချပ် ဖြစ်လို့နေခဲ့၏။
တကယ်တော့ ကျောက်ဝူထိုင် သူ့ရှိလာပြီး လျိုမေအကြောင်း မပြောပြခင် ကတည်းက သည်အစီအစဉ်ကို တွေးထားခဲ့ပြီး ဖြစ်သည်။ သည်နည်းလမ်းက အလွန် ရက်စက်လှသော်လည်း လျှိုမေက သူ့ကို လက်လျှော့ခြင်း မရှိလျှင် ဝမ်လင်းကလည်း ၎င်းနည်းလမ်းကို တုံ့ဆိုင်ခြင်းမရှိ အသုံးပြုမည်သာ ဖြစ်၏။
မည်သည့် စိတ်ခံစားချက်မှ မရှိခြင်းကို အခြေခံထားသော ရက်စက်သည့် စိတ်ကူးတစ်ထောင် ပုံရိပ်ယောင်နယ်ပယ်ကို ချိုးဖျက်ရန်က လူတစ်ယောက်က စိတ်ခံစားချက် တစ်ခုကို ဖန်တီးရန် ဆွဲဆောင်မှုတစ်ခု ပြုလုပ်ရမည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် မကောင်းဆိုးဝါး ဆန်သော ရယ်သံတစ်ခုက စာလိပ်ထဲကနေ ထွက်ပေါ်လာ၏။
မိုင်ဂျီ၏ စွဲမက်ဖွယ်ပုံရိပ်က စာလိပ်ထဲ၌ ပေါ်လာခဲ့သည်။သူမက ငြူတူတူအသံက သံစဉ်တစ်ခုအလားပင်။ “ငါ့ကို အချိန်အကြာကြီး ပိတ်လှောင်ထားပြီးမှ ခုမှ ပြန်လွှတ်တော့လည်း ချက်ချင်း အသုံးပြုခဲ့တယ်။ ဝမ်လင်းက နင့်နှလုံးသားက ကျောက်တုံးနဲ့ လုပ်ထားတာလား …။ ဒါပေမဲ့ ဒီကောင်မလေးက ဒီလိုမျိုးခန္ဓာကိုယ်ကို သဘောကျတယ် …”
ထိုသို့ပြောပြီးသည်နှင့် သူမက စွဲမက်ဖွယ် ရယ်မောလိုက်သည်။ သည်ရယ်သံက ဝမ်လင်းကိုပင် တုန်လှုပ်သွားစေသည်။ သူက ပုံမှန်ပြန်ဖြစ်ရန် အချိန်ခဏတာ လိုအပ်သွားခဲ့ရ၏။
အနက်ရောင် အခိုးငွေ့များက ကောင်းကင်ဘုံ ဓားထဲကနေ ထွက်ပေါ်လာပြီး ရှုလီကောက မိုချီကို စူးစိုက်ကြည့်၏။ သူ့မျက်လုံးထဲ၌ လိုချင်ဆန္ဒများနှင့် ပြည့်နေသည်။
“ဒါက …” လျိုမေ၏ ချီတုံချတုံအသံက ဥဒေါင်းအတွင်းကနေ ထွက်ပေါ်လာ၏။
ဝမ်လင်းမျက်လုံးထဲ၌ မည်သည့် သနားညှာတာမှုမှ ရှိမနေခဲ့ချေ။ “သေခြင်းရှင်ခြင်း နယ်ပယ် … ပြန်လည်မွေးဖွားခြင်း စက်ဝိုင်း …”
ကောင်းကင်ထက်ရှိ စာလိပ်က ပေါက်ကွဲသံတစ်ချက်နှင့် အတူ ရုတ်တရက် ပြန်ပိတ်သွားလေ၏။
၎င်းပိတ်သွားသည့် အခိုက်တွင် သက်တံရောင်များက ပြန့်ကျဲသွားပြီး အရောင်များက စာလိပ်ထဲကနေ အားဖြင့် တွန်းထုတ်ခြင်း ခံလိုက်ရသည်။
သို့ရာတွင် စာလိပ်က တစ်ဖန်တုန်ခါလာပြီး ပြန်လှစ်ဟ လာပြန်သည်။ သို့သော် သည်တစ်ကြိမ်၌ မည်သည့်တောင်၊ ပင်လယ်မှ ရှိမနေတော့ပဲ အမျိုးသမီး တစ်ယောက်၏ ပုံရိပ်သာ ရှိလို့နေသည်။
သည်အမျိုးသမီးက အလွန်ပင်လှ၏။ သူမ၏ မျက်လုံးများက ဆွဲငင်မှုနှင့်ပြည့်နေပြီး သူမက ရယ်မောလိုက်သည်။ သူမက စာလိပ်ထဲက ခုန်ဆင်းလာပြီးနောက် ပန်းရောင်မြူ အဖြစ်သို့ ပြောင်းကာ လျင်မြန်စွာဖြင့် လျိုမေအထက်ရှိ ဧရာမဥဒေါင်းကြီးထံသို့ ဆင်းသက်လာသည်။
ဥဒေါင်းမျက်လုံးထဲ၌ တုံ့ဆိုင်းမှုများ ရှိလို့နေသည်။ သည်တုံ့ဆိုင်းမှုက လျိုမေနှလုံးသားထဲ ကနေ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သည်လိုတုံ့ဆိုင်းမှုမျိုးက သူမထံကနေ ထွက်ပေါ် ခဲလွန်းလှ၏။
ဝမ်လင်းက တည်ငြိမ်စွာ မေးလိုက်သည်။ “လျိုမေ … နင်က နောက်ဆုံး ပုံရိပ်ယောင်တစ်ခု လိုချင်ခဲ့တာမလား …”
လျိုမေအသံက ဥဒေါင်းထဲကနေ ထွက်ပေါ်လာ၏။ “ဝမ်လင်း … နင်က တကယ့်ကို စက်ဆုပ်ဖွယ်ကောင်းတယ် …”
ဝမ်လင်းအသွင်က မပြောင်းလဲချေ။ သည် မိုင်ချီတစ်ဖြစ် ပန်းရောင်မြက ကောင်းကင်ထက်ကနေ ကြယ်ပျံတစ်စင်းအလား ဆင်းသက်လာနေ၏။ သည်ပန်းရောင်မြူက ဥဒေါင်းအထက်တွင် အလင်းတန်းနှစ်ခု အဖြစ်သို့ ကွဲထွက်သွားပြီး ၎င်းဥဒေါင်း၏ မျက်လုံးထဲသို့ ဝင်ရောက်သွားသည်။
ဥဒေါင်းက ပန်းရောင်အခိုးငွေ့များကို စတင် ထုတ်လွှတ်လာသည်။ သည့်နောက် ၎င်း၏ခန္ဓာကိုယ်က တုန်ခါသွားပြီးနောက် အလင်းစက်များအဖြစ် ပြန့်ကျဲသွားကာ ပလ္လင်ပေါ်၌ ထိုင်နေသည့် လျိုမေ၏အသွင် ပေါ်လာခဲ့သည်။
သည်အခိုက်တွင် နှင်းဆီနီရောင်က သူမ၏ ပါးနှစ်ဖက်၌ ယှက်သန်းသွားသည်။ သူ့အရာက သူမကို ပို၍ပင် ဆွဲဆောင်မှုရှိသွားကာ လှပေစေလေ၏။
သို့ရာတွင် ဝမ်လင်းမျက်လုံးများက အေးစက်နေတုန်းပင်။ သူက မိုချီက လျိုမေကို လွှမ်းမိုးနိုင်မလား … သို့မဟုတ် လျိုမေက မိုင်ချီကို လွှမ်းမိုးပြီး သူမ၏ နောက်ဆုံးပုံရိပ်ယောင်ကို ဖြည့်ဆည်းနိုင်မလား နှင့်ပတ်သက်၍ ဂရုမစိုက်ချေ။
ဝမ်လင်းနှင့် လျိုမေကြားတွင် ရန်ငြိုးနှင့် နက်ရှိုင်းသော အမုန်းတရားလည်း ရှိမနေချေ။ သူတို့နှစ်ယောက်၏ ပတ်သက်မှုက ရှုပ်ထွေးလှ၏။ လျိုမေကသာ ဝမ်လင်းကို လိုက်ရှာပြီး စိတ်အနှောင့်အယှက် ပေးနေခြင်းကြောင့်သာ မဟုတ်လျှင် သူက မိုင်ချီကို အသုံးပြုမည် မဟုတ်ပေ။
ဝမ်လင်းက ရှေ့သို့ ဆက်လျှောက်သွားလေသည်။
သူက ဟင်္သာပြဒါးအုတ်ဂူ အတွင်းဘက်သို့ ဝင်ရောက်ရန် ပလ္လင်ထံသို့ ဝင်ရောက်ရန် လိုပေသည်။ သူ့ပထမဆုံး ဦးတည်ရာက ပထမမျိုးဆက် ဟင်္သာပြဒါး၏အုတ်ဂူကို ရှာဖွေရန် ဖြစ်သည်။ သူက ထိုနေရာကနေ သူ့စိတ်ဝိညာဉ် အပိုင်းအစကို ပြန်ရယူနိုင်လျှင်တော့ သူ့အတွက် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ မယူနိုင်လျှင်တော့ သူက သက်ရှိပုံစံများ၏ ဘုရင်ကိုရှာ၍ သူ့စိတ်ဝိညာဉ် အပိုင်းအစကို ပြန်ရယူရမည် ဖြစ်သည်။
သူ့စိတ်ဝိညာဉ် အပိုင်းအစကို ပြန်ရယူပြီးလျှင် သူက သည်ဟင်္သာပြဒါး ဂြိုဟ်ပေါ်ရှိ မည်သည့်ကိစ္စကိုမှ ဂရုမစိုက်တော့မည် မဟုတ်ချေ။ သူက ၎င်းအရှုပ်ထုပ်များကို ထား၍ သည်ဂြိုဟ်ကနေ ထွက်သွားမည်သာ ဖြစ်၏။
သည်နှစ်များတွင် ဝမ်လင်းတွင် ရှေးဟောင်း နတ်ဘုရားနယ်မြေမှ တာ့ဆန်က မကြာခင်တွင် လွတ်မြောက်လာတော့ ဆိုသည့် ခံစားချက် ရှိနေသည်။ သူက တာ့ဆန်ကို ခုချိန်၌ လုံးဝယှဉ်နိုင်ရန် အခွင့်ရေးရှိမည် မဟုတ်မှန်း ယုံကြည်ထားပေ၏။
သည်အချိန်မှာပင် ဟင်္သာပြဒါးကုန်းမြေ၏ အရှေ့ဘက်ခြမ်းရှိ ဧရိယာတစ်ခုတွင် အနက်ရောင် မြူများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ စွန့်ပစ်ခံ မသေမျိုးကလန်၏ ဘိုးဘေးတစ်၊ ယွမ်ချွဲဇီနှင့် ဘိုးဘေးသုံးနှင့် သစ်ရွက်ဆယ်ရွက် ဘိုးဘေးစိတ်ဝိညာဉ်တို့က ထိုနေရာ၌ ထိုင်နေကြ၏။
သူတို့၏နဖူးထက်၌ အပင်များက တဖျတ်ဖျတ် တောက်ပနေပြီး သူတို့ကြားတွင် ဦးခေါင်းခွံတစ်ခု ရှိလို့နေသည်။
သည်ဦးခေါင်းခွံပေါ်၌ တက်တူးအမှတ်အသား တစ်ခုသာ ရှိလို့နေသည်။ သည်တက်တူး အမှတ်အသားက ဝမ်လင်းရရှိခဲ့သော ဦးခေါင်းခွံပေါ်ရှိ တက်တူး အမှတ်အသားများထက် ပိုမို ရှုပ်ထွေးပေ၏။ နှိုင်းယှဉ်၍ပင် မရချေ။
သည်ဦးခေါင်းခွံထက်၌ အားကောင်းသော အော်ရာတစ်ခုက စုဝေးလျက် ရှိနေ၏။
ယွမ်ချွဲဇီက သည်ဦးခေါင်းခွံကို လေးစားစွာ ကြည့်နေရင်း အလေးအနက် ပြောလိုက်၏။ “ငါတို့ကလန်ရဲ့ မူလ ဘူတစိတ်ဝိညာဉ်ကနေ ဉာဏ်အလင်းရရှိခဲ့တဲ့ ဘိုးဘေးက သစ်ရွက်ဆယ့်တစ်ရွက် အဆင့်ကို ကျော်ဖြတ်ပြီး ကလန်သမိုင်းမှာ သုံးယောက်မြောက် သစ်ရွက်ဆယ့်နှစ်ရွက် နတ်ဆရာ ဖြစ်လာခဲ့တယ်။ ဒီတက်တူးဦးခေါင်းခွံက စွမ်းအားအချို့ ရှိနေမှာပဲ။ ဒါကြောင့် ငါတို့အားလုံး အတူပူးပေါင်း လုပ်ဆောင်မယ်ဆိုရင် ငါတို့က ဒီဦးခေါင်းခွံအစွမ်းကို အသုံးပြုပြီး ငါတို့သုံးယောက်ထဲက တစ်ယောက် ဒီအုတ်ဂူထဲကို ဝင်နိုင်လိမ့်မယ် …”
ဘိုးဘေးတစ်က ဖြည်းညင်းစွာ မေးလိုက်၏။ “အဲဒီတော့ ဘယ်သူက သွားမှာလဲ …”
ဘိုးဘေးသုံး (လှပဆွဲဆောင်မှုရှိသော အမျိုးသမီး)က ရယ်မောရန်ပင် ဆန္ဒမရှိတော့ချေ။ သူမက သက်ပြင်းချကာ ပြောလိုက်၏။ “ဒါက ဘိုးဘေးတစ် သွားသင့်တယ် …။ ဒါပေမဲ့ သင့်ရဲ့ ခန္ဓာကိုယ်က မသေမျိုးသင်္ချိုင်းထဲမှာ နက်ရှိုင်းစွာ နစ်မြုပ်နေတယ်။ သင်က သင့်တက်တူး စိတ်ဝိညာဉ်နဲ့ သွားမယ်ဆိုရင် ဟင်္သာပြဒါးအုတ်ဂူက သင့်အပေါ်မှာ သက်ရောက်မှု ရှိလားမရှိလား မသိနိုင်ဘူး …။ ဒီလိုဆိုတော့ …” သူမက ထိုသို့ပြောပြီးနောက် သူမက မတ်တတ်ထရပ်ကာ ဟင်္သာပြဒါးတောင် ရှိရာသို့ လှမ်းကြည့်လိုက်၏။ သူမအသွင်က ထူးဆန်းလို့သွား၏။
“အတိတ်တုန်းက ငါ့နယ်ပယ်ရဲ့ အမျှင်တန်းတစ်ခုကို ခန္ဓာကိုယ်တစ်ခုက ပိုင်ဆိုင်ဖို့ ကြိုးစားနေတယ် …။ ဟက် … ငါက သူမကို ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ …”
***