သည်အမျိုးသမီးကတော့ လျိုမေပင် ဖြစ်၏။ သူမက အပြာရောင် လိပ်ပြာလေးများကို ဝတ်စုံအနားစွန်း၌ ပန်းထိုးလာသည့် ပန်းရောင်ဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင် ထားလေသည်။ သူမ၏ ဝတ်စုံလေးက လေနှင့်အတူ ညင်သာစွာ လွင့်မျောလို့နေသည်။ သူမ၏ နက်မှောင် ပျော့ပျောင်းသော ဆံပင်က ပခုံးကနေ ခါးထိ ကျဆင်းနေလေ၏။ သူမက အလွန်ပင် ဆွဲဆောင်မှုရှိစွာ လှလို့နေသည်။
လျိုမေက ပြုံး၍ ခပ်တိုးတိုး ပြောလိုက်သည်။ “ဝမ်လင်း …”
ဝမ်လင်းအသွင်က အေးစက်သွား၏။ သူက လျိုမေဘေးရှိ ပလ္လင်ကို ကြည့်ကာ ပွင့်လင်းစွာ ပြောလိုက်သည်။ “ဘေးဖယ်ပေးပါ …”
လျိုမေမျက်ဝန်းထဲ၌ အားနည်းဟန် အငွေ့အသက်လေးများ ဖြစ်ပေါ်သွားပြီး ညင်သာစွာ မေးလိုက်၏။ “နင်က ငါ့ကို မုန်းနေတာလား … ဝမ်လင်း …”
ဝမ်လင်းက အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သည့်နောက် သူက လျိုမေကို အေးစက်စွာကြည့်၍ လေးလေးနက်နက် ပြောလိုက်၏။ “ဘေးဖယ်ပေး …”
သည်အခိုက်တွင် တောင်ပေါ်ကနေ လေပြည်တစ်ချက် တိုက်ခတ်သွားပြီး လျိုမေ၏ နူးညံ့သော ဆံပင်ကို ပင့်တင်သွားလေ၏။ သည်ကြော့ရှင်းသည့် မြင်ကွင်းက အလှများနှင့် ပြည့်လို့နေတော့သည်။
လျိုမေပုံရိပ်က အလွန်လှပလို့နေသည်။ သူမက လေနှင့်အတူ ပင့်တင်သွားသည့် ဆံနွယ်စများကို နားနောက်သို့ ပြန်သပ်တင်လိုက်သည်။ သည့်နောက် သူမက ဝမ်လင်းကို မကျေမချမ်းဟန်ဖြင့် ကြည့်ကာ မတ်တတ်ထရပ် လိုက်သည်။
“ဝမ်လင်း … နင်က တကယ့်ကို အေးစက်စက် နှလုံးသားပိုင်ရှင်ပဲ …။ လီမူဝမ်အပြင် နင်က အခြားတစ်ယောက်ကို နင့်နှလုံးသားထဲမှာ ခွင့်မပြုနိုင်ဘူးလား …”
ဝမ်လင်းမျက်လုံးများက အေးစက်လာသည်။ သူက လျိုမေကို အေးစက်စွာ ကြည့်၍ သူ့သိုလှောင်အိတ်ကို ထိလိုက်သည်။ ကောင်းကင်ဘုံဓားက သူ့လက်ထဲသို့ ရောက်ရှိလာတော့၏။ သူက တုံ့ဆိုင်းခြင်းမရှိဘဲ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များကို အသက်သွင်း၍ ဓားဖြင့် လွှဲခုတ်ပိုင်းလိုက်သည်။
သည်ဓားချက်တစ်ခုက ကောင်းကင်ကိုပင် ကြေမွသွားမလား မှတ်ရ၏။
လျိုမေ၏ အသွင်က တည်ငြိမ်နေတုန်းပင်။ သူမက လေထဲသို့ လက်ညွှန်လိုက်ရာ ဥဒေါင်းပုံရိပ်တစ်ခုက သူ့ရှေ့၌ ပေါ်လာခဲ့၏။ သည်အခိုက်တွင် ဓားစွမ်းအင်က ရောက်ရှိလာတော့၏။
ဥဒေါင်းမျက်လုံးများက အစိမ်းရောင် စတင်တောက်ပ လာပြီးနောက် ၎င်း၏ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ရာ ငှက်မွေးတောင်များက ခန္ဓာကိုယ်ကနေ ကျွတ်ထွက်သွားပြီး ဒိုင်းတစ်ခုကို ဖန်တီးလိုက်၏။
ဘုန်း …။
ဓားစွမ်းအင်နှင့် ငှက်မွေးတောင်တို့ ထိတိုက်မိသည့်အခါ တုန်ခါမှုလှိုင်းများ ဖြစ်ပေါ်သွားစေပြီး လျိုမေနှင့်ဝမ်လင်းတို့၏ အဝတ်အစားများက လေထဲ၌ လွင့်လို့သွားသည်။
လျိုမေက ဝမ်လင်းကို ကြည်နေရင်း သူမမျက်လုံးက တလက်လက် ဖြစ်နေ၏။ သူမက ပြောလိုက်သည်။ “နင်က တကယ့်ကို စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် အစောပိုင်းအဆင့်မှာပဲ ရှိသေးတယ်။ ဝမ်လင်း … နင့်ရဲ့ ကျင့်ကြံမှုအဆင့်က အမှန်ပဲ မြန်လွန်းလှတယ် …”
ဝမ်လင်းမျက်လုံးများက အေးစက်လာသည်။ သူက လက်ထဲရှိ ကောင်းကင်ဘုံဓားကို ကြည့်လိုက်သည်။ သည့်နောက် သူက လေးလေးနက်နက် အသံဖြင့် ပြောလိုက်သည်။ “လျိုမေ … ဒါ ငါနောက်ဆုံးအကြိမ် ပြောတာ …။ ဖယ်ပေးပါ …။ မဟုတ်ရင် ငါက နင့်ကို စွမ်းအားပြည့် တိုက်ခတ် ရတော့မယ် …”
လျိုမေက သူမအောက်နှုတ်ခမ်းကို ကိုက်လိုက်ကာ ခေါင်းယမ်း၍ ခပ်တိုးတိုး ပြောလိုက်သည်။ “ငါနင့်ကို ခွင့်မပြုနိုင်ဘူး။ နင်က အထဲမှာ ရှင်သန်နိုင်ဖို့ အခွင့်ရေးမရှိဘူး …။ နင်က နင့်နယ်ပယ် ငါ့ကို ပေးမယ်ဆိုရင်ရော …။ ငါက နင့်အတွက် နင့်ရဲ့ စိတ်ဝိညာဉ်အပိုင်းအစ ပြန်ပေးမယ်လေ …”
ဝမ်လင်းက လျိုမေကို ကြည့်ကာ စတင်ရယ်မောလေ၏။ “စိတ်ကူးတစ်ထောင် နယ်ပယ် … လျိုမေ … နင်က ငါ နင့်ကို ခုထိ ဖြတ်မမြင် နိုင်သေးဘူးလို့ ထင်နေတာလား …”
လျိုမေအသွင်က တည်ငြိမ်နေပြီး သူမက ပြုံး၍ ပြောလိုက်၏။ “မဟုတ်ပါဘူး …။ ငါက နားရွက်ကြီးကြီး ကျင့်ကြံသူ ကျိုးဝုထိုင် ငါနဲ့ လာတိုက်ခိုက် ကတည်းက နင့်အတွက် ဆိုတာ ယုံကြည်နေခဲ့တယ် …”
“မှန်တယ် …။ ငါ့နယ်ပယ်က စိတ်ကူးတစ်ထောင် နယ်ပယ် ဖြစ်တယ်။ နင့်ရဲ့ သေခြင်းရှင်ခြင်း နယ်ပယ်ကလည်း ကောင်းကင်ဘုံအောက်မှ အရက်စက်ဆုံး နယ်ပယ်တွေထဲက တစ်ခုပဲ။ ကောင်းကင်ဘုံက အကြင်နာမဲ့ရတယ်။ မဟုတ်ရင် တာအိုဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး။ ဝမ်လင်း အခြေခံအားဖြင့်တော့ နင်နဲ့ငါက တူတူပဲ …”
“ငါက ငါ့စိတ်ခံစားချက်တွေကို ငါ့ရက်စက်မှု တာအိုအတွက် ကျင့်ကြံဖို့ ကိုယ်ပွားတစ်ထောင်ခွဲပြီး အတွေ့အကြုံယူခဲ့တယ်။ နင်ကလည်း နင့်ရဲ့ သေခြင်းတရား အတွေ့အကြုံရဲ့ ခံစားချက်တွေကို အသုံးပြုပြီး ပြန်လည်မွေးဖွားခြင်း သေခြင်းရှင်ခြင်း အကြောင်းကို နားလည်ခဲ့တယ်။ နင်က သေခြင်းရှင်ခြင်း နယ်ပယ်ကို နားလည်ထားတဲ့နင်က ရက်စက်တဲ့ တာအို ရှိနေလိမ့်မယ်လို့ ငါယုံကြည်တယ် …”
“နင်နဲ့ငါက တူတူပါပဲ …”
ဝမ်လင်းက လျိုမေကို စူးစိုက်ကြည့်လိုက်ပြီး သူ့သိုလှောင်အိတ်ထဲကနေ အတားအဆီးအလံကို ထုတ်ယူလိုက်၏။
သူက ခုချိန်တွင် စိတ်ဝိညာဉ်အလံကို အသုံးမပြု လိုချင်သေးပေ။ စိတ်ဝိညာဉ်အလံက သူ စိတ်ဝိညာဉ် အပိုင်းအစများကို ကြိုစားယူဆောင်သည် ဖြစ်စေ သည်စိတ်ဝိညာဉ် အပိုင်းအစများကို တိုက်ခိုက်ရာ၌ ဖြစ်စေ သူ့အတွက် အလွန်အသုံးဝင်နေ သေးသောကြောင့် ဖြစ်၏။
သူက အတားအဆီးအလံကို လှုပ်ယမ်းလိုက်သည်။ အတားအဆီးများက ပျံသန်း ထွက်လာကြ၏။ အတားအဆီး အခိုးအငွေ့ အမျှင်တန်းများက ပျံ့နှံ့လာပြီး တောင်ကြားပတ်လည်၌ ဝန်းရံသွားလေ၏။
ဝမ်လင်းက အော်ပြောလိုက်သည်။ လျိုမေ … ကျူးချွဲဇီက သေတော့မှာ။ ငါတို့တိုက်ပွဲက အဓိပ္ပာယ်မရှိတော့ဘူး …။ တကယ်တော့ လျိုမေက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အလယ်အဆင့်တွင် ရှိနေပေသည်။ ထို့ကြောင့် သူက စိတ်ဝိညာဉ်အလံကို အသုံးမပြုလျှင် လျင်လျင်မြန်မြန် အနိုင်ရမည် မဟုတ်ချေ။ သူက သည်နေရာတွင် အချိန်ကြာသွားလျှင် သူ့စိတ်ဝိညာဉ် အပိုင်းအစကို ပြန်ယူနိုင်ရန် ကျရှုံးသွားနိုင်၏။ ထိုသို့သာ ဖြစ်လာလျှင် သူ့အတွက် အလွန်ဆိုးရွား သွားပေလိမ့်မည်။
လျိုမေက ပြုံး၍ ကောင်းကက်ထက်ကို ကြည့်နေ၏။ သူမမျက်လုံးထဲရှိ နူးညံ့မှုကလည်း ပျောက်ကွယ်သွားပြီး အေးစက်ရက်စက်သည့် အကြည့်က အစားထိုးလာခဲ့၏။
“ဝမ်လင်း … ငါ့ဆရာက အမိန့်ပေးတာ မဟုတ်ရင်တောင် ငါက နင်နဲ့ တိုက်ခိုက်ရဦးမှာပါ။ ဘာလို့လဲဆိုတော့ ငါက ငါ့စိတ်ကူး တစ်ထောင်နယ်ပယ် အပြည့်အဝ ဖြစ်စေဖို့ နင့်ရဲ့နယ်ပယ်ကို လိုနေလို့ပဲ။ ဝမ်လင်း … နင်တိုက်ခိုက်နိုင်ပြီ …”
ဝမ်လင်းအကြည့်က ခုချိန်၌ လုံးဝအေးစက်လို့ နေသည်။ သူ့လက်က ချိပ်တံဆိပ်တစ်ခုကို ပြုလုပ်၍ သူမထံသို့ ညွှန်၏။ “အတားအဆီး …”
အတားအဆီး အလံထဲက အတားအဆီးများက ရုတ်တရက် စတင် စုရုံးလာကြသည်။ ၎င်းအတားအဆီးများ အားလုံးက တောက်ပလို့နေ၏။
ဝမ်လင်းရှေ့တွင် စုစည်းလာသည့် သည်အလင်းက အနက်ရောင် လှံရှည်တစ်ခုအသွင် ဖြစ်ပေါ်သည်။ ခရမ်းရောင် အလင်းများက လှံရှည်တစ်လျှောက် လှုပ်ရှားလို့နေပြီး လေထု ပေါက်ကွဲသံများကို ဖြစ်ပေါ်စေသည်။
ဝမ်လင်းက ရှေ့သို့ ရွေ့လျားလိုက်၍ လှံရှည်ကို ဖမ်းဆုပ်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များက လှံရှည်ထံသို့ စီးဆင်းသွားပြီး ခရမ်းရွှေရောင်ကို တောက်ပစေသည်။ ထိုအခါ လှံရှည်ထံကနေ ရှေးဦးအော်ရာတစ်ခုကို ထုတ်လွှတ်လာသည်။
“ထွက်သွားစမ်း …” ဝမ်လင်းက မာန်သွင်းကာ လေထဲသို့ ခုန်တက်၍ လျိုမေထံသို့ လှံဖြင့်ထိုးစိုက်သည်။ သူက ပင်လယ်ထဲသို့ ဒိုင်ဗင်ပစ်ဝင်သည့် နဂါးတစ်ကောင်အလား ထင်မှတ်ရ၏။
လှံရှည်က ကောင်းကင်ကို ထွင်းဖောက်၍ လေထု ပေါက်ကွဲသံများကို ဖြစ်ပေါ်စေသည်။
လျိုမေမျက်လုံးက အေးစက်နေပြီး ထူးဆန်းသော အလင်းကို ထုတ်ဖော်လျက် ရှိသည်။ သူမက ပြောလိုက်၏။ “နင်က ရတနာတွေ တော်တော်များများ ရှိနေပေမဲ့လည်း နင်အသုံးပြုနိုင်တဲ့ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်က စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် အစောပိုင်းအဆင့်ပဲ ရှိတဲ့အတွက် နည်းလွန်းသေးတယ် …”
ထိုသို့ပြောပြီးသည်နှင့် သူမ၏နူးညံ့သော လက်လေးကို ရှေ့သို့ ညွှန်လိုက်သည်။ အစိမ်းရောင်တစ်ချက် တောက်ပသွားမှုနှင့်အတူ ဥဒေါင်းပုံရိပ်က သူမရှေ့၌ နောက်တစ်ကြိမ် ပေါ်လာခဲ့ပြန်သည်။ သည်ဥဒေါင်းမျက်လုံးများက နတ်ဆိုးအလင်းကို ထုတ်လွှတ်နေပြီး လျိုမေအထက်၌ မျောလွင့်နေပြီး သူမထံသို့ တိုးဝင်လာသော ဝမ်လင်းကို စူးစိုက်ကြည့်နေသည်။
ဝမ်လင်းလှံရှည်က နီးကပ်လာသည့်အခိုက်တွင် လျိုမေက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ဖွင့်လှစ်ခြင်း …”
စကားတစ်ခွန်းနှင့်ပင် ဥဒေါး၏ ငှက်မွေးတောင်များက ရုတ်တရက် ပွင့်ဟလာသည်။
လှပသောဥဒေါင်းက ၎င်း၏ အမြီးများကို ဖြန့်ကြက်လိုက်၏။ ၎င်းက ရုတ်တရက် အလွန်တောက်ပလာပြီး ပတ်ဝန်းကျင်ဧရိယာရှိ အလင်းအားလုံးက ဥဒေါင်းနားသို့ စုဝေးလာကြသည်။
တစ်ချိန်တည်းမှာပင် ဥဒေါင်းထံကနေ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များက ရုံးကြွလာပြီး ပတ်ဝန်းကျင်ကို ဝန်းရံသွားသည်။
သည်အချိန်မှာပင် ဝမ်လင်၏ လှံရှည်ကလည်း အလွန် နီးကပ်လာတော့သည်။
ဘုန်း …။
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ဖြစ်ပေါ်သွားပြီး ဥဒေါင်းအမြီးရှိ အမွေးတောင်များနှင့် ပွင့်ဟလာရာမှ ထွက်ပေါ်လာသည့် ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များက ဝမ်လင်းကို ခဏတာ တုံ့ဆိုင်းသွားစေ၏။
ဝမ်လင်းအသွင်က သုန်မှုန်နေသည်။ သူ့ခန္ဓာကိုယ်က ခန္ဓာတုံ့သွားသော်လည်း သူ့အတားအဆီးများ ကတော့ အလွန်မြန်ဆန်လှသည်။ သူက ညာလက်ကောက်ဝတ်ကို ဆက်ခနဲ လှုပ်လိုက်ရာ လှံရှည်က ဥဒေါင်းထံသို့ ပိုမြန်ဆန်စွာ တိုးဝင်သွားတော့သည်။
ဘုန်း …။
မြေပြင် ပေါက်ကွဲသွားသံများ ဖြစ်ပေါ်သွား၏။ လှံရှည်က ကြမ်းကြုတ်သည့် နဂါးတစ်ကောင်အသွင်သို့ ပြောင်း၍ ဥဒေါင်းထံသို့ တိုးဝင်ရိုက်ချသည်။ လှံရှည်ပေါ်ရှိ ခရမ်းရွှေရောင် အလင်းကလည်း ပျောက်ကွယ်သွားပြီး အတားအဆီး အခိုးအငွေ့များအဖြစ်သို့ ပြန့်ကျဲ၍ မှိန်ဖျော့ သွားတော့သည်။
ဥဒေါင်းက ခုထိ လှပနေဆဲ ဖြစ်သော်လည်း ၎င်းအရောင်ကတော့ မှိန်ဖျော့သွားခဲ့လေသည်။ လျိုမေမျက်နှာကလည်း အနည်းငယ် ဖြူရော်သွားပြီး သူမက ခပ်တိုးတိုး ပြောလိုက်သည်။ “ဒီရတနာက တစ်ဝက်တစ်ပျက် ကောင်းကင်ဘုံရတနာ ဒါမှမဟုတ် ကောင်းကင်ဘုံရတနာ အစစ်အမှန် မဟုတ်လား …။ ဒါက တော်တော် ထူးဆန်းတာပဲ …”
ဝမ်လင်းက လှံရှည်ကို အဝေးသို့ ပစ်လွှတ်လိုက် ပြီးနောက် သူက နောက်သို့ လျင်မြန်စွာ ပြန်ဆုတ်သွားသည်။ သည့်နောက် သူ့လက်ကို ဆန့်တန်းလိုက်ရာ ပေသုံးဆယ်ခန့်ရှည်သည့် အလံတစ်ခုက သူ့လက်ထဲ၌ ပေါ်လာခဲ့သည်။
သည်အလံ ပေါ်လာသည်နှင့် လျိုမေမျက်လုံးက နက်ရှိုင်းစွာ အေးစက်သွားသည်။ သူမက စိတ်ဝိညာဉ်အလံကို ကြည့်၍ ရေရွတ်လိုက်သည်။ “စီနီယာသွန်းထျန်က နင့်ကို စိတ်ဝိညာဉ်အလံ ပေးခဲ့လိမ့်မယ်လို့ ငါတကယ် မထင်ထားမိဘူး …။ ဒါပေမဲ့ … ဝမ်လင်း ငါက နင့်မှာ ဒီအလံရှိတာကို သိပြီးသားပါ …။ မဟုတ်ရင် ငါက နင့်ကို ဒီပလ္လင်နားမှာ စောင့်နေဖို့ ရွေးချယ်မှာ မဟုတ်ဘူး …”
“ငါက ဒီအုတ်ဂူထဲကို ဝင်လာတဲ့ ဒုတိယမြောက်လူ ဖြစ်တယ်။ ဒါကြောင့် ငါက ငါတို့နှစ်ယောက် အတွက် ဒီနေရာကို တိုက်ပွဲနေရာအဖြစ် ရွေးထားခဲ့တာ။ နင်က စိတ်ဝိညာဉ်အလံကို အသုံးပြုမယ်ဆိုရင် ငါက ဒီပလ္လင်ကို ဖျက်ဆီးပစ်မယ်။ ဒီပလ္လင်က ပြန်ဖြစ်ပေါ်လာဖို့ ရက်အနည်းငယ် ကြာလိမ့်မယ် …။ ဒါကြောင့် နင့်အတွက်လည်း ရက်အနည်းအငယ် အချိန်ပုပ်သွားလိမ့်မယ် …”
ဝမ်လင်း မျက်လုံးများက အေးစက်နေပြီး သူက လျိုမေကို ကြည့်သည်။ စစ်ထူနန်က သည်အကြောင်းကို သူ့အား ရှင်းပြထားခဲ့ပြီး ဖြစ်သည်။ သည်ပလ္လင်က ပထမမျိုးဆက် ဟင်္သာပြဒါး ရီဝုယောင်က တည်နေရာ ရွှေ့ပြောင်းရန် ရည်ရွယ်ချက်ဖြင့် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက် ပွင့်သွားလျှင် ၎င်းက ထူးဆန်းသော အားတစ်ခုနှင့် ဝန်းရံလာပြီး အချို့စွမ်းအင်အပိုများ ရရှိလာခြင်း ဖြစ်၏။
၎င်းက ဖျက်ဆီးခံရလျှင်ပင် ပြန်လည်ဖြစ်ပေါ်ရန် ရက်အနည်းငယ်သာ လိုလေ၏။
ဝမ်လင်းက အလေးအနက် မေးလိုက်သည်။ “နင့်ရည်ရွယ်ချက်က ဘာလဲ …”
လျိုမေက ဝမ်လင်းကို ကြည့်၍ ပြုံးသည်။ “ငါ့မှာ တခြားရည်ရွယ်ချက် မရှိပါဘူး …။ ငါက နင့်နဲ့ နယ်ပယ်ချင်း တိုက်ခိုက်ချင်ရုံပဲ …”
ဝမ်လင်းက လျိုမေကို စူးစိုက်ကြည့်နေရင်း သူ့ညာလက်ကို တင်းကျပ်စွာ စုပ်သည်။ စိတ်ဝိညာဉ်ဆယ်သန်း အလံကလည်း ပျောက်ကွယ်သွားတော့၏။ သူ့လက်က ချိပ်တံဆိပ်တစ်ခုကို ပြုလုပ်၍ မျက်ခုံးနှစ်ခုကြားသို့ ထိလိုက်သည်။ ကောင်းကင်က နက်မှောင်သွားပြီး မမြင်ရသည့် လက်ကြီးနှစ်ဖက်က ဆွဲဖြဲလိုက်သကဲ့သို့ လေဟာနယ် အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။
သည်အက်ကြောင်းထဲ ကနေ မီးခိုးရောင် အခိုးငွေ့များ ထွက်ပေါ်လာ၏။ ပိုများသော မီးခိုးရောင်အခိုးငွေ့များ ထွက်ပေါ် လာနေပြီးနောက် ဧရာမစာလိပ်ကြီး တစ်ခုက ကောင်းကင်ကို ဖုံးလွှမ်း လာတော့သည်။
သည်စာလိပ်ပေါ်လာသည့် အခိုက်တွင် ၎င်းက ထူးဆန်းသော အားတစ်ခုကို ထုတ်လွှတ်၍ သည်ဧရိယာကို လွှမ်းခြုံလာသည်။
လျိုမေမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူမက အသက်ဝဝရှူသွင်း၍ ပလ္လင်ပေါ်၌ ခြေချိတ်၍ထိုင်ကာ မျက်လုံးမှိတ်၏။ သူမ မျက်လုံးမှိတ်လိုက်သည့် အခိုက်တွင် သူမရှေ့ရှိ ဥဒေါင်းက စူးစူးရှရှ အော်ဟစ်ကာ လွင့်မျောလာသည်။ ခုချိန်၌ ၎င်းက လျိုမေ၏ ဦးခေါင်း အပေါ်တည့်တည့်၌ ရှိလို့နေ၏။ ၎င်း၏ ခန္ဓာကိုယ်က ရုတ်တရက် ချဲ့ထွင်လာပြီး ပေတစ်ရာခန့် ရှည်သည့် ဥဒေါင်းအဖြစ်သို့ ပြောင်းသွားသည်။
၎င်း၏ အမြီးများက ပိုမိုကြီးမားလာခဲ့ပြီး သည်တောင် တစ်ခုလုံးအား ဖုံးလွှမ်းလုနီးပါး ဖြစ်လာခဲ့သည်။
“ငါ့နယ်ပယ်က စိတ်ကူးတစ်ထောင် ပုံရိပ်ယောင် နယ်ပယ် ဖြစ်တယ် …။ ဒီဥဒေါင်းရဲ့ ငှက်မွေးတောင်တိုင်းမှာ ပုံရိပ်ယောင်တစ်ခု ရှိနေတယ်။ အမှန်တော့ ငါ့နယ်ပယ်က ခုထိ ပုံရိပ်ယောင် တစ်ထောင်ကို မရောက်သေးဘူး …။ ငါ့မှာ (၉၉၉)ခုပဲ ရှိသေးတယ်။ ငါက နောက်ဆုံး ပုံရိပ်ယောင်ကို ရတာနဲ့ ငါ့နယ်ပယ်ကလည်း ပြည့်စုံသွားပြီး စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်ကို ရောက်သွားမှာ။ ဝမ်လင်း … ငါ့ကို နောက်ဆုံး ပုံရိပ်ယောင်တစ်ခု ပေးပါ … အဆင်ပြေလား …”
ဝမ်လင်းမျက်လုံးများက အေးစက်နေပြီး သူက လက်မြှောက်၍ ကောင်းကင်ထက်သို့ ညွှန်၏။ ကောင်းကင်ပင် ကွဲအက်သွားစေနိုင်သည့် ပေါက်ကွဲသံတစ်ခုက စာလိပ်ထဲကနေ ထွက်ပေါ်လာသည်။ တောင်များနှင့် မြစ်များက သည်စာလိပ် အတွင်း၌ ဖြစ်ပေါ်လာ၏။ သည်စာလိပ်အတွင်းရှိ အဖြူအနက် ပန်းချီကားတစ်ချပ်ကနေ မီးခိုးရောင် အခိုးအငွေ့တန်းများ ထွက်ပေါ်လာကြသည်။
“ငါက နင်ဆန္ဒရှိသလို နင့်အတွက် နောက်ဆုံး ပုံရိပ်ယောင်တစ်ခု ပေးမယ် …။ဒါက နင်တစ်သက်လုံး မေ့တော့မှာ မဟုတ်ဘူး …”
ဝမ်လင်းအသံက အေးစက်နေပြီး သူက လျိုမေထံသို့ လက်ညွှန် လိုက်တော့သည်။
***