Switch Mode

အပိုင်း(၄၉၃)

ပုံတူကူးလို့မရသည့် အလှ

စိတ်ဝိညာဉ် အစိတ်အပိုင်းများကနေ ဖြစ်တည်လာသည့် သက်ရှိပုံစံများသည် အမှန်ပင် သတ်ရန် ခက်ခဲလှ၏။ သူတို့က အသတ်ခံရလျှင်ပင် အသတ်ခံရသည့် သားကောင်များက စိတ်ဝိညာဉ် အပိုင်းအစများ၏ ပိုင်ရှင်များသာ ဖြစ်ကာ သက်ရှိပုံစံများကတော့ သေဆုံးခြင်းမရှိချေ။

ဝမ်လင်းက ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုမည်ဆိုပါက သူက သည်အရာကို သတ်နိုင်၏။ သို့ရာတွင် ပိုများသော စိတ်ဝိညာဉ် အပိုင်းအစများက ထပ်မံရောက်လာကြပြီး သက်ရှိပုံစံထပ်ကာ ဖြစ်တည်လိမ့်မည် ဖြစ်၏။ သည်နည်းလမ်းဖြင့် သည်သက်ရှိပုံစံများက မသေဆုံးနိုင်သလို ဖြစ်နေရသည်။

သို့ရာတွင် ကျင့်ကြံခြင်း သလင်းကျောက် ကွဲကြေသွားသည့် အခါတွင်တော့ သည်စိတ်ဝိညာဉ် အပိုင်းအစများ အားလုံးကလည်း ပျက်စီး ကုန်ကြမည်သာ ဖြစ်၏။

မည်သူကမျှ သူတို့၏ချစ်ခင်သူများ၏ စိတ်ဝိညာဉ် အပိုင်းအစများကို သိနိုင်ခြင်း မရှိကြချေ။ ၎င်းက သင့်ရဲ့ ကိုယ်ပိုင်စိတ်ဝိညာဉ် အပိုင်းအစ ဖြစ်နေလျှင်တော့ သူတို့က လွယ်ကူစွာ သိနိုင်ပေမည်။ အကြောင်းကတော့ သင်က သင့်ကိုယ်ပိုင် စိတ်ဝိညာဉ် အပိုင်းအစနှင့် ထူးဆန်းသော ဆက်နွှယ်မှု ရှိနေသောကြောင့်ပင်။

တကယ်တော့ ဟင်္သာပြဒါးအုတ်ဂူထဲ၌ နှလုံးသားကင်းမဲ့သည့် လူများလည်း ရှိနေသေးသည်။ သည်လူအနည်းငယ်က သည်လျှို့ဝှက်ချက်ကို ရှာတွေ့သွားပြီးနောက် မည်သူမည်ဝါ၏ စိတ်ဝိညာဉ်ဖြစ်သည်ကို ရွေးချယ်မနေတော့ပဲ သတ်ဖြတ်သူ တစ်ယောက် ဖြစ်လာကြသည်။ သူတို့က စိတ်ဝိညာဉ်အပိုင်းအစ တစ်ခုပြီးတစ်ခုကို ဖျက်ဆီး၍ နောက်ထပ် သက်ရှိပုံစံ ဖြစ်တည်လာမည့် ပိုများသော စိတ်ဝိညာဉ် အပိုင်းအစများကို စောင့်စားကြသည်။ သူတို့က သည်ရူးမိုက်သော နည်းလမ်းဖြင့် သူတို့၏ ကိုယ်ပိုင်စိတ်ဝိညာဉ်ကို ရှာတွေ့ရန် မျှော်လင့်ချက်ဖြင့် ကြိုးစား သတ်ဖြတ်လာကြသည်။

ချန်းဖန်ကလည်း သူတို့ထဲက တစ်ယောက်ပင် ဖြစ်၏။

ခုချိန်၌ ချန်းဖန်က အုတ်ဂူ၏ အတွင်းပိုင်းရှိ တောင်တန်းတစ်ခု၌ ရှိလို့နေသည်။ သူက လိုဏ်ဂူတစ်ခု၏ အပြင်ဘက်တွင် သုန်မှုန်စွာ ထိုင်လျက်ရှိနေ၏။

သူက အုတ်ဂူထဲသို့ ပထမဆုံး ဝင်ရောက်ခဲ့သည့်သူ ဖြစ်သဖြင့် သူက စိတ်ဝိညာဉ် အပိုင်းအစများကနေ ဖြစ်ပေါ်လာသည့် သက်ရှိပုံစံများစွာကို တွေ့ကြုံပြီးဖြစ်သည်။ သည်သက်ရှိပုံစံများက သတ်ဖြတ်နိုင်ခြင်း မရှိသဖြင့် ၎င်းတို့က အဆုံးမသတ်နိုင်အောင် ဖြစ်ရသည်။ ကျင့်ကြံသူများနှင့် စွန့်ပစ်ခံမသေမျိုး ကလန်အဖွဲ့ဝင်များပါ မုရုံယွမ်ကဲ့သို့ သက်ရှိပုံစံများနှင့် တွေ့ကြပြီး တောင်ထိပ်သို့ အလျင်အမြန် ရောက်လာခဲ့ကြသည်။

အချို့ကတော့ သည်ပလ္လင်၏ လှည့်ကွက်ထဲသို့ ကျရောက်သွားခဲ့ကြ၏။ သို့သော် ချန်းဖန်ကတော့ သည်ထောင်ချောက်ကနေ လွတ်မြောက်ခဲ့ပေသည်။ သူက အချိန်များစွာသုံး၍ အားစိုက်ကာ အစစ်အမှန်ပလ္လင်ကို နောက်ဆုံးတွေ့ ရှာတွေ့ခဲ့ပြီး ဟင်္သာပြဒါးအုတ်ဂူ၏ အတွင်းပိုင်းခြမ်းသို့ ဝင်ရောက်လာနိုင်ခဲ့သည်။

အုတ်ဂူ၏ အတွင်းခြမ်းက အပြင်ဘက်ထက် သေးငယ်သော်လည်း အလွန် ကြီးမားနေဆဲသာ ဖြစ်၏။ သည်နေရာ၌ ပိုများပြားသော သက်ရှိပုံစံများလည်း ရှိလို့နေသည်။ အချို့ကတော့ အလွန်ပင် စွမ်းအားကောင်းလှ၏။ ချန်းဖန်က သူတို့ကိုမနိုင်လျှင် အတင်း ပြန်ဆုတ်နိုင်ခဲ့သည်။

အတွင်းပိုင်းခြမ်း၏ သည်နေ့ရက်များ အတွင်း သူက ဟင်္သာပြဒါး ပထမမျိုးဆက်၏ အုတ်ဂူကို မရှာတွေ့နိုင်သေးပဲ ဖြစ်နေ၏။ အချိန်ကုန်လာသည့်နှင့် အမျှ ပိုများသော ကျင့်ကြံသူများနှင့် စွန့်ပစ်ခံမသေမျိုး ကလန်အဖွဲ့ဝင်များကလည်း သည်အတွင်းပိုင်းခြမ်းသို့ ဝင်ရောက် လာခဲ့ကြသည်။

ချန်းဖန်က သူနှင့် မျက်မှန်းတန်းမိသော စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် စွန့်ပစ်ခံ မသေမျိုးကလန်အဖွဲ့ဝင် အချို့လည်း သည်သက်ရှိ ပုံစံများထဲက တစ်ကောင်ကြောင့် သေဆုံးသွားခဲ့သည်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ရသည်။

သည်မြင်ကွင်းက သည်နားပတ်လည်ရှိ လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။

ဟင်္သာပြဒါး အုတ်ဂူထဲသို့ ဝင်လာသည့်လူတိုင်းက အလွန်တော်ကြ၏။ ထို့ကြောင့် သူတို့က သည်အရာ၏ နောက်ကွယ်ရှိ အဓိပ္ပာယ်ကို နားလည်ခဲ့ကြသည်။ ရလဒ်အနေဖြင့် သည်သက်ရှိ ပုံစံများကို တိုက်ခိုက်သည့် တိုက်ပွဲတွင် အချို့က စတင်၍ နောက်ဆုတ် လာခဲ့ကြသည်။ သို့သော် ပိုများသော လူများကတော့ ဆက်၍ ကြိုးစား တိုက်ခိုက်နေသော်လည်း အနိုင်ရရန် ခက်ခဲလာကြ၏။ သည်အရာက သေခြင်းတရားကို စောင့်နေရသည်နှင့် တူနေ၏။

ချန်းဖန်က လိုဏ်ဂူအပြင်ဘက်၌ ထိုင်နေသည်မှာ လဝက်ခန့် ရှိနေပြီ ဖြစ်သည်။ သူ့နှလုံးသားထဲ၌လည်း စိုးရိမ်ပူပန်နေပြီး အလွန်မသက်မသာ ခံစားနေရ၏။ သူက ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက် လုံးဝမပျက်စီးသွားခင် အချိန်မည်မျှ ရမည်ကိုလည်း မသိချေ။ သူက သူ့စိတ်ဝိညာဉ် အပိုင်းအစကို ပြန်မထုတ်ယူနိုင်ရင် သူ့အတွက် သေဆုံးရန် တစ်လမ်းသာ ရှိပေတော့မည်။

“ကျူးချွဲဇီ … အရိုးအိုကြီး …။ သင့်ဘာသာ သေချင်တယ် ဆိုရင်လည်း သေလိုက်ပေါ့။ ဘာလို့ အခြားလူတွေကိုပါ လိုက်သေခိုင်းရတာလဲ …” ချန်းဖန်က အံတင်းတင်းကြိတ်ကာ မြေပြင်သို့ လက်သီးဖြင့် ထိုးချလိုက်သည်။

သူက အသက်ဝဝ ရှူသွင်းလိုက်၏။ သူ့မျက်လုံးက တောက်ပလာခဲ့ပြီး သူ့ရှေ့ရှိ ဂူကို ကြည့်သည်။ သည့်နောက် သူက တိတ်တဆိတ် တွက်ချက်နေပြီးနောက် အနက်ရောင် ဘူးသီးခြောက်တစ်ခုကို ထုတ်ယူလိုက်သည်။

သူက ညာဘက်လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက် ပြီးနောက် ဘူးသီးခြောက်ထံသို့ ညွှန်လိုက်သည်။ “အနီရောင်လိပ်ပြာ … ထွက်လာခဲ့ …” သူက ပြောလိုက်၏။

ဘူးသီးခြောက်ထဲကနေ ရွှေရောင်အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီးနောက် အနီရောင်လိပ်ပြာက ချန်းဖန်ရှေ့၌ ပေါ်ထွက်လာခဲ့သည်။ သူမက အနီရောင်ဝတ်စုံဖြင့် လှ၍နေတုန်းပင်။ သူမမျက်လုံးများကတော့ အသက်ဓာတ် ကင်းမဲ့လို့နေ၏။

သည်အခိုက်တွင် တစ်ချိန်တုန်းက သူမ၏ အေးစက် မောက်မာမှုတို့က ရှိမနေခဲ့တော့ချေ။

သည်ဘူးသီးခြောက်က ချန်းဖန်မိသားစု၏ ဘိုးဘေးတစ်ယောက် ချန်ထားခဲ့သော မိသားစုရတနာတစ်ခု ဖြစ်သည်။ ၎င်းက လျှို့ဝှက်ချက်များ ရှိသည့်အပြင် သက်ရှိများကိုပို ထိန်းသိမ်း ထားနိုင်စွမ်း ရှိလေ၏။

ချန်းဖန်က ပြောလိုက်သည်။ “အချိန်ကြပြီ …။ ဒီတော့ ဒါက ပြန်ကောင်းမွန်သင့်ပြီ။ သင်က ဒါကို သွားပြီးတော့ ဆွဲဆောင်ပါ …”

အနီရောင်လိပ်ပြာက စကားတစ်ခွန်းမှ မဆိုဘဲ လိုဏ်ဂူထဲသို့ လှမ်းလျှောက်ကာ ဝင်သွားတော့သည်။

ချန်းဖန်က အသက်ဝဝ ရှူသွင်းလိုက်ပြီးနောက် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင်များကို အသက်သွင်းလိုက်သည်။ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များက သူ့လက်ချောင်းထိပ်၌ လာရောက် စုဝေးနေကြပြီး သေးငယ်သော ရွှေရောင်အလုံး တစ်လုံး ဖြစ်လာသည်။

ချန်းဖန်မျက်နှာက သုန်မှုန်နေပြီး သူက လိုဏ်ဂူ၏ အနက်ပိုင်းသို့ စူးစိုက်ကြည့်နေသည်။

သိပ်မကြာခင်တွင် ဂူအနက်ပိုင်းကနေ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး မြေပြင်က စတင်တုန်ခါလာ၏။ အနီရောင်လိပ်ပြာက ဂူထဲကနေ ပြေးထွက်လာခဲ့ပြီး ချန်းဖန်ဘေးနား၌ လာရပ်၏။

တစ်ချိန်တည်းမှာပင် လိုဏ်ဂူထဲကနေ ရှည်လျားသည့်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ သည်အရာ ပေတစ်ရာခန့်ရှိသည့် ဘီလူးတစ်ကောင်ပင် ဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်ကနေ အနက်ရောင် အခိုးငွေ့များကို ထုတ်လွှတ်လို့နေ၏။ ၎င်းက ခြေတစ်လှမ်း လှမ်းလိုက်တိုင်း မြေပြင်က တုန်ခါသွားလေသည်။

သည်ဘီလူးကြီးက ဂူထဲကနေ ထွက်လာနေစဉ်တွင် ချန်းဖန်မျက်လုံးက အေးစက်သွားပြီး သူက ဘီလူးကြီးထံသို့ လက်ညွှန်လိုက်သည်။ သူ့လက်ချောင်းထိပ်ရှိ ရွှေရောင်အလုံးငယ်က ၎င်းထံသို့ တိုးဝင်သွားလေ၏။

ဘီလူးကြီးထံကနေ ဒေါသတကြီး အော်သံတစ်ခု ထွက်ပေါ်လာပြီးနောက် ၎င်း၏ခန္ဓာကိုယ်က မရေမတွက်နိုင်သော အနက်ရောင်အခိုးအငွေ့ အမျှင်တန်းများ အဖြစ်သို့ ပြောင်းလဲသွားကာ သည်ရွှေရောင် အလင်းလုံးကို ရှောင်လိုက်၏။

ချန်းဖန်က အော်ပြောလိုက်သည်။ “ပေါက်ကွဲစမ်း …”

စကားတစ်ခွန်းဖြင့်ပင် သည်အလင်းလုံးက ရုတ်တရက် ပေါက်ကွဲလို့သွားကာ အရပ်မျက်နှာအနှံ့ ပြင်းထန်သော ပေါက်ကွဲမှုကို ဖြစ်ပေါ်သွားစေ၏။

သည်တောင်တစ်ခုလုံးက တုန်ခါနေပြီးနောက် ကျောက်တုံးများပင် ကွဲအက်ကာ အောက်သို့ ပြုတ်ကျကုန်သည်။ အနက်ရောင် အခိုးငွေ့ အမျှင်တန်းအားလုံး သည်လည်း ဖျက်ဆီးခြင်း ခံလိုက်ရပေသည်။

“ဒါက (၆၉)ခုမြောက်ကောင်ပဲ..။ ငါက ခုထိ ငါ့စိတ်ဝိညာဉ် အပိုင်းအစကို ရှာမတွေ့သေးဘူး …” ချန်းဖန်က မျက်မှောင်ကြုတ်နေသည်။ သူက သည်နည်းလမ်းသည် အကောင်းဆုံးနည်း မဟုတ်ကြောင်း သိပေ၏။ သို့ရာတွင် သည်ဟင်္သာပြဒါး အုတ်ဂူက ကြီးမားလွန်းလှသဖြင့် သူက နေရာ တော်တော်များများသို့ သွားရောက်ရန် စွမ်းအား မလုံလောက်ချေ။ ထို့ကြောင့် သူက သည်သောက်သုံးမကျသည့် နည်းလမ်းကိုသာ အသုံးပြု၍ သူ့စိတ်ဝိညာဉ် အပိုင်းအစကို တွေ့ရန် မျှော်လင့်နေရ၏။

အုတ်ဂူအပြင်ပိုင်းခြမ်းရှိ ပလ္လင်ရှိနေသာ တောင်တန်း၌ ဝမ်လင်းက သက်ရှိပုံစံကို ချိပ်ပိတ်ထားသည့် အတားအဆီးအလုံးကို ကိုင်ဆောင်ထားပြီး ခုန်ဆင်းလာ၏။

ရုပ်ဆိုးဆိုး အမျိုးသမီးကိုတော့ ဝမ်လင်းက လျစ်လျူရှုထားလေသည်။

ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “ငါ … မင်းကို မသတ်ဘူး …။ ဒါပေမဲ့ ငါမင်းကို ချိပ်ပိတ်ထားနိုင်တယ်။ ဒီချိပ်ပိတ်မှု အမျိုးအစားက အလွန်ပဲ ခိုင်မြဲတယ်။ စိတ်ဝိညာဉ် အပိုင်းအစများရဲ့ ပိုင်ရှင် တစ်ယောက်ပြီးတစ်ယောက်က သက်တမ်းကုန်လို့ သေဆုံးသွားတိုင်း မင်းလည်းပဲ အမှန်တကယ် သေရလိမ့်မယ် …”

ဟင်္သာပြဒါးအုတ်ဂူကို ရက်များစွာ ဖြတ်သန်းလာပြီးနောက် ဝမ်လင်းက သည်သက်ရှိပုံစံများကို ရင်ဆိုင်ရမည့် နည်းလမ်းအား တွေးနေခဲ့ပေသည်။ သူက အချိန်အတန်ကြာ စဉ်းစားပြီးနောက် သည်နည်းလမ်းကို တွေးမိလိုက်ခြင်းပင်။

အတားအဆီးများစွာကို အသုံးပြု၍ စိတ်ဝိညာဉ် အပိုင်းအစများကို ချိပ်ပိတ်ခြင်းက ချိပ်ပိတ်ခြင်း သက်ရောက်မှု အမျိုးအစားတစ်ခု ဖြစ်သည်။ သည်နည်းလမ်းဖြင့် သူက သက်ရှိပုံစံပြန်လည် ဖြစ်ပေါ်ခြင်းကို တားဆီးနိုင်မည် ဖြစ်၏။

သူက သက်ရှိပုံစံထဲရှိ စိတ်ဝိညာဉ် အပိုင်းအစများ၏ ပိုင်ရှင်များ သေဆုံးသွားသည်ကို စောင့်နေရုံဖြင့် သည်သက်ရှိပုံစံ သည်လည်း အလိုလို သေဆုံးသွားလိမ့်မည် ဖြစ်လေ၏။

ဝမ်လင်းက သည်နည်းလမ်းကို စမ်းသပ်ကြည့်ရန် အချိန်မရှိပေ။ ထို့ကြောင့် သူက မုရုံယွမ်ကို ခြမ်းခြောက်နေခြင်းပင်။ သူ့စကားများက မုရုံယွမ်ကို မိုးကြိုးပစ်ချခံရသည့် အလား တုန်လှုပ်သွားစေခဲ့၏။

“ငါက မသေနိုင်ဘူး။ ငါက စိတ်ဝိညာဉ် အပိုင်းအစတွေနဲ့ ဖြစ်တည်လာတာ … ငါက ငါ့ကိုယ်ငါ စိတ်ဝိညာဉ် အပိုင်းအစတွေကို ထပ်စုစည်းပြီး ပြန်ဖြစ်ပေါ်နိုင်တယ် …” မုရုံယွမ်အသံက ချိပ်ပိတ်ထားသော အတားအဆီး အလုံးထဲကနေ ထွက်ပေါ်လာနေ၏။

ဝမ်လင်းက အေးစက်စွာနှာခေါင်းရှုံ့၍ တောင်ခြေသို့ ခြေချလိုက်သည်။ သူက မြေပြင်သို့ လက်ညွှန်လိုက်ရာ ပေပေါင်းများစွာနက်သည့် တွင်းပေါက်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။

ဝမ်လင်းက တွင်းထဲသို့ ခုန်ချသွားပြီး သည်အတားအဆီးအလုံးကို ၎င်းအထဲသို့ နေရာချသည်။ ၎င်း၏ အနီးအနားတွင်လည်း အတားအဆီးများ ချမှတ် ထားလိုက်သေး၏။

မုရုံယွမ်က ဝမ်လင်း မည်သို့ပြုလုပ်နေသည်ကို သတိပြုမိပြီး လျင်မြန်စွာ ပြောလိုက်၏။ “မင်း … ဘာတွေ လုပ်နေတာလဲ …”

“ငါက မင်းကို ဒီနေရာမှာ ပိတ်လှောင်ထားမလို့ …။ ငါက နောက်ထပ် နှစ်တစ်ရာကြာရင် ဒီနည်းလမ်းက အသုံးဝင်လား မဝင်လား လာကြည့်ရမယ် …” ဝမ်လင်းက ပြောနေရင်းဖြင့် အတားအဆီးများကို ထပ်မံ၍ ပြုလုပ်နေပေသည်။

မုရုံယွမ်က အသက်ရှူစာ အနည်းငယ်လောက် တွေးတောနေပြီးမှ သူက အော်ဟစ်လိုက်၏။ “မင်း … မင်းဘာလိုချင်တာလဲ …”

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက တည်ငြိမ်စွာ ပြောလိုက်သည်။ “ငါက ငါ့စိတ်ဝိညာဉ် အပိုင်းအစကို ယူချင်တာ …”

မုရုံယွမ်က လျင်မြန်စွာ ပြောလိုက်၏။ “ဒါက မဖြစ်နိုင်ဘူး …။ ငါတို့က ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်ကနေ ဖန်တီးထားပြီး စိတ်ဝိညာဉ် အပိုင်းအစတွေနဲ့ ပြုလုပ်ဖြစ်လာတဲ့ ဟာတွေပဲ။ ဒါပေမဲ့ ငါတို့က ငါတို့လိုချင်တဲ့ စိတ်ဝိညာဉ် အပိုင်းအစကို ရွေးချယ်ခွင့် မရှိဘူး။ အဲဒါအပြင် ငါက မင်းလိုမျိုး ကျင့်ကြံသူတစ်ယောက်ရဲ့ စိတ်ဝိညာဉ် အပိုင်းအစမျိုးကို စုဆောင်းနိုင်ဖို့ အားနည်းလွန်းသေးတယ်။ အတွင်းပိုင်းခြမ်းမှာ ရှိတဲ့ အားကောင်းတဲ့ သက်ရှိပုံစံတွေကတော့ ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်ရဲ့ ကျင့်ကြံသူ စိတ်ဝိညာဉ် အပိုင်းအစတွေကို စုစည်းပြီး သက်ရှိပုံစံ ဖြစ်တည်လာကြတာပဲ …”

ဝမ်လင်းမျက်လုံးက အေးစက်လာ၏။ သူက ခေါင်းယမ်းကာ နောက်ဆုံး အတားအဆီးတစ်ခုကို နေရာချပြီးနောက် တွင်းနက်ထဲကနေ ပျံသန်းထွက်လာ၏။

တွင်းပေါက်အောက်ခြေ၌ အတားအဆီး အလင်းလုံးတစ်ခုသာ ရှိနေပြီး ယင်းကိုလည်း တလက်လက် ဖြစ်နေသည့် အတားအဆီးများကို ဝန်းရံထားလေသည်။

“ငါ … ငါက အတွင်းပိုင်းခြမ်းကို ဝင်ဖို့ နည်းလမ်းတစ်ခု သိပါတယ် …” မုရုံယွမ်က အလောင်းအစား မပြုလုပ်ရဲချေ။ သူသာ ရှုံးနိမ့်သွားပါက အမှန်တကယ် သေဆုံးသွားလိမ့်မည် မဟုတ်လား။

ဝမ်လင်းက အကွာအဝေးတစ်ခုရှိ တောင်တန်းတစ်ခုကို ကြည့်ကာ ပြောလိုက်သည်။ “ငါလည်းပဲ သိတယ် …” ထို့နောက် သူက မြေပြင်ထက်သို့ လက်ညွှန်လိုက်ရာ အပေါက်က တဖြည်းဖြည်း ပြန်ပိတ်လာခဲ့၏။ ၎င်းက လုံးဝ ပြန်ချိပ်ပိတ်သွားခါနီး၌ မုရုံယွမ်အသံက တွင်းနက်ထဲကနေ ထွက်ပေါ်လာ၏။

“ငါတို့မှာ အုတ်ဂူရဲ့ အတွင်းခြမ်းပိုင်းမှာ ဘုရင်တစ်ယောက် ရှိတယ်။ သူတစ်ယောက်တည်းကသာ ကျင့်ကြံခြင်းဂြိုဟ်က စိတ်ဝိညာဉ် အပိုင်းအစတွေကို ထုတ်ယူနိုင်တယ် …။ ဒါက အမှန်တရားပါ …”

“ငါက ဒါကို ဘယ်လိုရှာရမှာလဲ …” ဝမ်လင်းက မြေပြင်သို့ လက်ညွှန်လိုက်ရာ ပြန်ပိတ်နေသော တွင်းပေါက်က ရပ်တန့်သွား၏။

မုရုံယွမ်က လျင်မြန်စွာ ပြန်ပြောလိုက်သည်။ သင်က အတွင်းပိုင်းခြမ်းကို ရောက်သွားတာနဲ့ အရှေ့ဘက်ကို သွားပါ …။ အဲဒီနေရာမှာ ဧရာမလျှိုမြောင်ကြီး တစ်ခု ဖြစ်ပေါ်နေတဲ့ တောင်ကိုးလုံးရှိတယ်။ အဲဒီနေရာမှာ အနက်ရောင် အခိုးငွေ့တွေအစား အဖြူရောင် အခိုးငွေ့တွေပဲ ရှိနေတော့ ရှာရတာ လွယ်မှာပါ။ ဘုရင်က အဲဒီလျှိုမြောင်ရဲ့ အောက်ခြေမှာ ရှိနေတာ …”

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သည့်နောက် သူက လက်မြှောက်လိုက်၍ သည်နေရာကနေ ထွက်ခွာသွားတော့သည်။ မြေပြင်ကလည်း နောက်တစ်ကြိမ် ပြန်ပိတ်လာခဲ့သည်။

“မင်း …” မုရုံယွမ်အသံက မြေပြင်ပိတ်သွားသည့်အခါ ပြတ်တောက် သွားတော့သည်။ ထိုတွင်းပေါက်နေရာ၌ အက်ကွဲကြောင်း တစ်ခုပင် ကျန်မနေခဲ့တော့ချေ။

ဝမ်လင်းက ပြန်ပေါ်လာသည့် အချိန်တွင် တောင်တန်းများ၏ အနက်ပိုင်းရှိ တောင်ကြားတစ်ခုသို့ ရောက်နေ၏။ သူက သည်နေရကို အစောပိုင်းတုန်းက ဖြတ်ကျော်သွားချိန်၌ နတ်ဘုရားအာရုံကို ဖြန့်ကြက်ထားသဖြင့် သည်တောင်ကြားကို သတိပြုမိခဲ့ခြင်း ဖြစ်သည်။

သည်တောင်ကြား အတွင်း၌ ပလ္လင်တစ်ခု ရှိလို့နေသည်။ သည်ပလ္လင်က တောင်ထိပ်ပေါ်တွင် ရှိနှင့်ခဲ့သည့် ပလ္လင်နှင့် တစ်ပုံစံတည်းပင်။ သို့ရာတွင် သူက တောင်ကြားသို့ ဝင်လာသည့်အချိန်တွင် ရုတ်တရက် ရပ်တန့်၍ ရှေ့သို့ ကြည့်လိုက်သည်။ သူမြင်လိုက်ရသည့် အရာကြောင့် သူ့မျက်လုံးက အေးစက် သွားလေတော့သည်။

ဖော်ပြ၍ပင် မရအောင်လှပသည့် အမျိုးသမီးတစ်ဦးက ပလ္လင်ဘေး၌ ထိုင်လျက်ရှိနေသည်။ သူမက သူမ၏ လှပသော မျက်လုံးများဖြင့် ဝမ်လင်းကို ကြည့်နေ၏။

“လျိုမေ …”

***

Comment

Leave a Reply

Options

not work with dark mode
Reset