Switch Mode

အပိုင်း(၄၉၁)

မုရုံယွမ်

ခပ်ဖျော့ဖျော့ အော်သံတစ်ခုက ဝမ်လင်းနောက်ကနေ ထွက်ပေါ်လာ၏။ သည့်နောက် သည်အသံနောက်၌ ပျော်ရွှင်နေသော ရယ်မောသံတစ်ခုကပါ လိုက်ပါလာ၏။ ဝမ်လင်းက သည်ရယ်သံထဲရှိ တစ်ခွန်းကို ကြားလိုက်ရသည်။

“ငါနဲ့ကစားဖို့ တစ်ယောက်ယောက် ရှိနေပြီ …”

ဝမ်လင်းအသွင်က နက်မှောင်နေ၏။ သူက လက်ထဲရှိ ဖုန်မှုန်ကို နတ်ဘုရားအာရုံဖြင့် ကြိုးစား စစ်ကြည့်နေသည်။ သို့သော် သူက အားတစ်ခုက သူ့ကို တားဆီးထားသည်ကို တွေ့လိုက်ရ၏။ ဝမ်လင်း မျက်မှောင်ကြုတ်သွားသည်။ သည့်နောက် သူက ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်အချို့ကို အသက်သွင်းပြီး နတ်ဘုရားအာရုံထဲသို့ ပေါင်းထည့်လိုက်၏။ သူ့နတ်ဘုရားအာရုံက တစ်ဖန် ပျံ့နှံ့သွားပြီး ထိုတားဆီးထားသော အားကို ချိုးဖျက်၍ ဖုန်မှုန့်ထဲသို့ ဝင်ရောက်သွားလေ၏။

သူ့နတ်ဘုရားအာရုံက ဖုန်မှုန့်ထဲသို့ ဝင်သွားသည့်အခါတွင် သူက ကြေးမှုံ တစ်ချပ်အက်ကွဲသံကို ကြားလိုက်ရ၏။ သည်ဖန်မှုန့်က အက်သွားပြီး သူ့လက်ထဲ၌ အပြာရောင် မီးတောက်တစ်ခု ဖြစ်ပေါ်လာသည်။

သူက သည်မီးတောက်ကို မြင်လိုက်သည့်အခါတွင် သူ့ခန္ဓာကိုယ်က တုန်ခါသွား၏။

“စိတ်ဝိညာဉ် အပိုင်းအစ …”

သည်အရာက သေမျိုးတစ်ယောက်၏ စိတ်ဝိညာဉ်အပိုင်းအစ ဖြစ်သည်။ ၎င်းအထဲ၌ မီးဒြပ်စင် အငွေ့အသက်တချို့ ပါနေသည်။ သည်စိတ်ဝိညာဉ်၏ ပိုင်ရှင်က လုံးဝကျင့်ကြံခဲ့ခြင်း မရှိသည့် သေမျိုးတစ်ယောက် ဖြစ်နေသည်။

“ဒီမီးကျွမ်းမြေက ဒီလိုမျိုးဖုန်မှုန့်တွေနဲ့ ပြုလုပ်ထားတာပဲ။ ဖုန်မှုန်တိုင်းက စိတ်ဝိညာဉ်အပိုင်းအစ တစ်ခုပေါ့ …။ ဒီဟာတွေအားလုံးက ကျင့်ကြံခြင်းမရှိတဲ့ သေမျိုးတွေရဲ့ စိတ်ဝိညာဉ် အပိုင်းအစတွေပဲ …။ အဲဒါဆို စောနက ကလေးက ဒီစိတ်ဝိညာဉ် အပိုင်းအစတွေပေါင်းစပ် ဖြစ်ပေါ်နေတဲ့ စိတ်ဝိညာဉ် ခန္ဓာကိုယ် အမျိုးအစားတစ်ခုပေါ့။ ကောင်းကင်ဘုံဓားက ဒါကို မဖျက်ဆီးနိုင်တာ အံ့ဩစရာတော့ မရှိတော့ဘူးပဲ …”

ဝမ်လင်းအသွင်က ပို၍ သုန်မှုန်သွား၏။ သူက မီးတောက်ကို တစ်ခါ ထပ်ကြည့်လိုက်ပြီးနောက် ဖုန်မှုန့်ထဲသို့ ပြန်ထည့်သွင်း လိုက်သည်။ သည်အပြာရောင် မီးတောက်က အထဲသို့ ပြန်ရောက်သွားသည့် အခါတွင် ဖုန်မှုန်အပေါ်ရှိ အက်ကြောင်းက သူ့ဟာသူ ပြန်ချိပ်ပိတ်လို့သွားသည်။

သူက လက်ဝှေ့ယမ်းလိုက်ရာ သည်ဖုန်မှုန်က မီးကျွမ်းမြေရှိရာသို့ ပျံသန်းသွားလေ၏။

“စစ်ထူနန် ပြောတာက စိတ်ဝိညာဉ် အပိုင်းအစတွေက ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်ထဲ မှာတဲ့။ ဒါဆို ငါက ခုဝင်ပေါက်မှာတင် ဘာလို့ စိတ်ဝိညာဉ် အပိုင်းအစတွေကို ရှာတွေ့ခဲ့ရတာလဲ … ငါ့စိတ်ဝိညာဉ်ကလည်း ဒီလိုသက်ရှိ အသွင်မျိုးထဲမှာ ရှိနေနိုင်မလား…”

ဝမ်လင်းက မျက်မှောင်ကြုတ်ကာ ရှေ့သို့ ဆက်၍ ပျံသန်းသွားတော့သည်။

ဟင်္သာပြဒါးအုတ်ဂူက ကြီးမားလွန်းသည်။ သူက မီးကျွမ်းမြေကို နောက်၌ ချန်ထားခဲ့ပြီးနောက် ဝမ်လင်းက ဦးတည်ရာတစ်ခုကို သတ်မှတ်၍ ထိုအတိုင်း ပျံသန်းနေသည်။

ဟင်္သာပြဒါး အုတ်ဂူထဲရှိ ကုန်းမြေမြင်ကွင်းများက အပြင်လောကနှင့် ခြားနားခြင်း မရှိချေ။ သည်နေရာ၌ တောင်များ၊ မြစ်များနှင့် စိတ်ဝိညာဉ် စွမ်းအင်များပင် သိပ်သည်းစွာ ရှိလို့နေသည်။ သည်စိတ်ဝိညာဉ် စွမ်းအင်များက အပြင်ဘက်ထက် အဆများစွာ ပိုမို သိပ်သည်းပေသည်။

သုံးရက်ကြာပြီးနောက် ဝမ်လင်းက ကြယ်ပျံတစ်စင်းကဲ့သို့ အုတ်ဂူ အတွင်းပိုင်းထံသို့ ပျံသန်းနေသည်။

သို့ရာတွင် သုံးရက်ကြာပြီးနောက် ဝမ်လင်းက အတွင်းပိုင်း အစပ်ကိုပင် မတွေ့ရသေးချေ။ ခုချိန်၌ သူက ကွင်းပြင်ကြီး တစ်ခုအပေါ်တွင် ပျံသန်းလျက် ရှိနေ၏။ သည်ကွင်းပြင်ကြီး၏ မြက်ခင်းစိမ်းများက ထာဝရ တည်ရှိသည့်အလား ထင်မှတ်ရသည်။

ပြီးခဲ့သော သုံးရက်အတွင်း သူက ကျင့်ကြံသူ တစ်ယောက်ကိုပင် တွေ့ရှိခဲ့ခြင်း မရှိချေ။

သူက ပျံသန်းနေရင်းဖြင့် သူ့အသွင်က ပြောင်းလဲသွားပြီး ရုတ်တရက် လှည့်ကြည့်လိုက်၏။ သူက အကွာအဝေး တစ်ခုကနေ ကောင်းကင်ကို ဖြတ်၍ ပျံသန်းနေကြသော ကျင့်ကြံသူ နှစ်ယောက်ကို လှမ်းမြင်လိုက်၏။ တစ်ယောက် ယောက်ျားဖြစ်ပြီး နောက်တစ်ယောက်က အမျိုးသမီးတစ်ယောက် ဖြစ်နေ၏။ သည်နှစ်ယောက်က ဝမ်လင်းကို မြင်သည့်အခါတွင် မှင်တက်သွားကြသည်။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက သူ့ကျင့်ကြံမှု အဆင့်ကို စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့်သို့ လျှော့ချပစ်လိုက်သည်။

နတ်ဘုရား အာရုံနှစ်ခုက သူ့ကို ဖြတ်ကျော် သွားကြသည်။ ခဏအကြာတွင် သည်နှစ်ယောက်က စိတ်သက်သာရာ ရသွားဟန်ဖြင့် သူ့ထံသို့ ပျံသန်းလာကြ၏။

သူတို့နှစ်ယောက်က ဝမ်လင်းနှင့် ပေရာချီအကွာတွင် ရပ်တန့်လိုက်ကြသည်။ သူတို့နှစ်ယောက်လုံးက အသက်ကြီးရင့်ခြင်း မရှိကြသေးချေ။ ယောက်ျားလေးက အစိမ်းရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက် ဖြစ်သည်။ သည်ဝတ်စုံက အလွန်ရှုပ်ထွေးပြီး အပေါက်များ၊ သွေးအမှတ်အသားများက ဝတ်စုံပေါ်၌ ရှိနေ၏။ သည့်အင်္ကျီ လက်အိုးတွင်လည်း ထူးဆန်းသော သင်္ကေတ တစ်ခု ရှိနေသည်။ ကလန်တစ်ခု၏ အမှတ်အသားတစ်ခု ဖြစ်ကြောင်း ရှင်းလင်းနေသည်။

အမျိုးသမီးကတော့ အနည်းငယ် ရုပ်ဆိုးလေ၏။ သူမမျက်မှာပေါ်၌ ကျောက်ပေါက်မာများ ရှိနေသည်။

သူမမျက်နှာက လှပခြင်းမရှိသော်လည်း ခန္ဓာကိုယ်ကတော့ မိန်းမတအားဆန်ကာ ဆွဲဆောင်မှု ရှိလှ၏။ သင်းကသာ သူမမျက်နှာကို လျစ်လျူရှုထားလျှင် သူမက ကျိန်းသေပေါက် ဆွဲဆောင်မှု ရှိနေမည် ဖြစ်သည်။

သူတို့နှစ်ယောက်လုံးက ပေရာချီအကွာကနေ လှမ်း၍ အော်ပြောလိုက်၏။ ငါ့နာမည်က “မုရုံယွမ်ပါ … သင့်နာမည်ကရော …”

ဝမ်လင်းက တည်ငြိမ်စွာ ပြုံး၍ ဖြေလိုက်၏။ “ငါက ချင်မူ …” ချင်မူဆိုသည့် နာမည်က သူ စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်ကို ဝင်ရောက်တုန်းက အသုံးပြုခဲ့သော နာမည်ပင် ဖြစ်သည်။

ဝမ်လင်းက သူတို့နှစ်ယောက်၏ ကျင့်ကြံမှုအဆင့်ကို တစ်ချက်ကြည့်လိုက်ရုံနှင့် ထွင်းဖော်မြင်လိုက်၏။ လူငယ်က စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အလယ်အဆင့်နှင့် အမျိုးသမီးက အစောပိုင်းအဆင့်တွင် ရှိနေကြသည်။ ဟင်္သာပြဒါးအုတ်ဂူ အပြင်ဘက်၌ သူတို့နှစ်ယောက်က သန်မာသည်ဟု ယူဆလို့ရသော်လည်း သည်လို လူများစွာ သေဆုံးနေရသည့် နေရာမျိုးတွင်တော့ အားနည်းလှပေသည်။

မုရုံယွမ်က ဝမ်လင်းကို ဂရုတစိုက် စူးစမ်းပြီးနောက် ပြောလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူက ခုမှ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့်ကို ရောက်တာလား …”

အမျိုးသမီးက ဝမ်လင်းကို အေးတိအေးစက် ကြည့်လိုက်၏။

ဝမ်လင်းက ဖျော့တော့စွာ ပြုံး၍ ဖြေသည်။ “မှန်တယ် … ငါက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကို ရောက်တာ သိပ်မကြာသေးဘူး …”

မုရုံယွမ်က ဝမ်လင်းကို သေချာ လေ့လာနေ၏။ သူက ဝမ်လင်းသည် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အစောပိုင်း အဆင့်တွင်သာ ရှိသေးကြောင်း သတ်မှတ် လိုက်ပြီးနောက် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။ သူက ပြောလိုက်၏။ “ရောင်းရင်း ကျင့်ကြံသူ … ဒီနေရာက တကယ့်ကို အန္တရာယ်များတယ်။ ငါတို့ အုပ်စုဖွဲ့ရင်ကော ဘယ်လိုလဲ…။ ငါတို့မှာ လူပိုများလေလေ ပိုလုံခြုံလေ ဖြစ်လိမ့်မယ်။ အဲဒီကျရင် ငါတို့က ဆိုင်ရာ စိတ်ဝိညာဉ် အပိုင်းအစတွေကို ပြန်ထုတ်ယူနိုင်ဖို့ ပိုကောင်းတဲ့ အခွင့်ရေးရလိမ့်မယ် …”

ဝမ်လင်းက အနည်းငယ် စဉ်းစားကာ ပြောလိုက်သည်။ “ရောင်းရင်းစကားကို ကြားရတာ … သင်က သင့်စိတ်ဝိညာဉ် အပိုင်းအစကို ပြန်ထုတ်ယူနိုင်ဖို့ ယုံကြည်ချက် ရှိနေတဲ့ပုံပဲ …” ဝမ်လင်းက ထိုသို့ပြောလိုက်ရင်း သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သည်အဖြစ်ကို မည်သူမျှ သတိမပြုမိ လိုက်ကြချေ။

မုရုံရွမ်က ရယ်မောကာ ပြောလိုက်သည်။ “ရောင်းရင်းချင် … မင်းမသိပါဘူး …။ ဒါပေမဲ့ ငါက အုတ်ဂူထဲကို ဝင်တဲ့ ပထမဆုံးအသုတ်ထဲမှာ ပါခဲ့တယ်။ ငါက လူကိုယ်တိုင် ချန်းဖန်နဲ့ စွန့်ပစ်ခံ မသေမျိုးကလန်ရဲ့ သစ်ရွက်ရှစ်ရွက် နတ်ဆရာတွေက အတွင်းပိုင်းကို ဘယ်လို ဝင်ခဲ့လဲ မြင်ခဲ့ရတယ်။ ငါ့ကျင့်ကြံမှုအဆင်က လုံလောက်အောင် မသန်မာတဲ့ အတွက်ကြောင့်သာ မဟုတ်ရင် ငါက အတွင်းပိုင်းထဲကို ဝင်ရောက်နေလောက်ပြီ …”

“အို …” ဝမ်လင်းက ပြုံးကာ ပြောလိုက်၏။ “ချန်းဖန်နဲ့ သူတို့က အထဲကို ဘယ်လို ဝင်ခဲ့တာလဲ …”

မုရုံယွမ်က ထူးဆန်းစွာ ပြုံး၍ ပြောလိုက်သည်။ “ငါက အကိုချင်မူကို ပြောပြနိုင်ပါတယ်။ ဒီဝင်ပေါက်က ပလ္လင်တစ်ခုပဲ …။ သူတို့က အချိန်အတန်ကြာ ရှာဖွေပြီးတဲ့နောက်မှာ ဒီပလ္လင်ထဲကို ဝင်သွားခဲ့တာ…။ ဒါပေမဲ့ ပလ္လင်ရဲ့ တည်နေရာက ဝေးလံပြီး အရမ်းလည်း အန္တရာယ်များတယ် …။ ငါတို့က အဲဒီနေရာကို မသွားခင် လူပိုများတဲ့အထိ စောင့်ဖို့လိုတယ်။ အဲလိုလုပ်ပြီးမှ သွားရင် ငါတို့အတွက် ပိုကောင်းနိုင်တယ် …”

ဝမ်လင်းမျက်လုံးများက တည်ငြိမ်နေ၏။ သူက သည်လူ့ကို ကြည့်ကာ ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

သူတို့နှစ်ယောက် စကားပြောနေစဉ်မှာပင် မုရုံယွမ်ဘေးရှိ အမျိုးသမီးက ဝင်ပြောလိုက်၏။ “ပေါက်တတ်ကရတွေ ထပ်ပြောစရာ မလိုတော့ဘူး …” ထိုသို့ပြောပြီးသည်နှင့် သူမက ပျံသန်းသွားတော့သည်။

အမျိုးသမီး နောက်ကျောကို ကြည့်၍ မုရုံယွမ်က သက်ပြင်းချကာ ပြောလိုက်သည်။ “သူမက အတိတ်တုန်းက အရမ်းလှခဲ့တယ် …။ သနားစရာ ကောင်းလိုက်တာ …”

ထိုသို့ပြောပြီးသည်နှင့် သူက ဝမ်လင်းကို လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်၍ သူမနောက်သို့ လိုက်သွားတော့သည်။

ဝမ်လင်းက သူ့မေးစေ့ကိုပွတ်ကာ စဉ်းစားပြီးနောက် သူတို့နှစ်ယောက် နောက်သို့ လိုက်သွားတော့သည်။ သူက မုရုံယွမ်ကို ကြည့်လို့နေသည်။ မုရုံယွမ်၏ အင်္ကျီလက်အိုးပေါ်ရှိ အမှတ်အသားနှင့် သူ့အဝတ်အစားပေါ်ရှိ သွေးနက် အမှတ်အသားများက သူ့ကို တွေးတောစေခဲ့သည်။

သူတို့က ပျံသန်းနေရင်း ဝမ်လင်းက တည်ငြိမ်စွာ မေးလိုက်သည်။ “ရောင်းရင်း မုရုံ … ဒီပလ္လင်နေရာမှာ ဘယ်လို အန္တရာယ်တွေ ရှိလို့လဲ …”

မုရုံယွမ်မျက်လုံးထဲ၌ ကြောက်လန့်မှု အငွေ့အသက်တို့ ဖြစ်ပေါ်သွားပြီး သူက အသက်ဝဝ ရှူသွင်းကာ ပြောလိုက်သည်။ “ငါက ဒါကို အကွာအဝေး တစ်ခုကနေ လှမ်းမြင်ခဲ့တာ …။ သစ်ရွက်ရှစ်ရွက် နတ်ဆရာသုံးယောက်နဲ့ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် မွန်းစတာအိုနှစ်ယောက် အဲဒီနေရာမှာ သေဆုံးသွားခဲ့တယ်။ သူတို့က သေသွားတာတောင်မှ ရန်သူက ဘယ်လိုအရာမှန်း မသိလိုက်ကြဘူး …”

ဝမ်လင်းက လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။ “ရောင်းရင်း မုရုံရဲ့ကံက အတော်လေး ကောင်းတာပဲ …”

မုရုံယွမ်က ဝမ်လင်းစကားကို ကြားလိုက်သည့်အခါ မှင်တက်သွားမိ၏။ သူက မချင့်ပြုံးပြုံးကာ ပြောလိုက်သည်။ “ငါက တကယ့်ကို အဝေးမှာ ရှိနေခဲ့ပြီး လွတ်မြောက်ခဲ့တာပါ …။ ဒါကြောင့် ငါက တိုက်ပွဲကို မမြင်တွေ့ခဲ့ရဖူး …။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ အဲဒီဝင်ပေါက်မှာ စွမ်းအားကောင်းတဲ့ တည်ရှိမှုတစ်ခု ရှိနေတယ်။ ဒါက အန္တရာယ် အရမ်းများလွန်းတယ်။ ငါတို့က လူပိုများများရှိမှ အထဲကိုဝင်ဖို့ အခွင့်အရေးတစ်ခု ရနိုင်လိမ့်မယ် …”

ဝမ်လင်းက မုရုံယွမ်ကို ထူးဆန်းစွာပြုံး၍ ကြည့်သည်။ သူက မည်သည့်စကားမျှ ဆက်မဆိုတော့ပေ။

မုရုံယွမ်က ဝမ်လင်းကို ကောင်းမွန်စွာ ကြည့်လိုက်ပြီးနောက် ပြန်လှည့်ကာ ဆက်သွားလိုက်သည်။

သူတို့သုံးယောက်က ကွင်းပြင်ကြီးကို ဖြတ်သန်းကာ ပျံသန်းနေကြသည်။ ရှေ့ဆုံး၌ အမျိုးသမီးက ဦးဆောင်နေသည်။ ဒုတိယမြောက်နေ့ နေ့လယ်ခင်း၌ အမျိုးသမီးက ရပ်တန့်လိုက်သည်။ သူက အကွာအဝေးတစ်ခုသို့ ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။ “တစ်ယောက်ယောက် လာနေတယ် …”

သူမက ထိုသို့ ပြောလိုက်ပြီးသည်နှင့် လေထဲကို ထွင်းဖောက်လာနေသော ဓားတစ်လက်က သူတို့ထံသို့ လာနေ၏။ သည်ကြမ်းကြုတ်သော ဓားစွမ်းအင်က နီးကပ်လာနေပြီး သည်ဧရိယာက အေးစက်မှု အော်ရာတစ်ခုဖြင့် ဝန်းရံလာခဲ့သည်။

အဖြူရောင် ဓားပျံတစ်လက်က လျင်မြန်စွာ နီးကပ်လာနေ၏။ သည်ဓားပေါ်တွင် မီးခိုးရောင် ဝတ်စုံနှင့် အဘိုးအိုတစ်ယောက် ရှိနေသည်။ သူ့အသွင်က သုန်မှုန်နေပြီး သူ့နောက်သို့ လှည့်ကာ ကြည့်ကြည့်နေ၏။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက အကြည့်တစ်ချက်ဖြင့်ပင် တစ်ခုခုမှားနေကြောင်း ပြောနိုင်သည်။ အလင်းတန်းတစ်ခုက အဘိုးအိုနောက်၌ လိုက်ပါလို့နေ၏။ သည်အလင်းတန်းက အသက်ရှိနေသည့်အလား သူ့နောက်ကနေ နီးကပ်စွာ လိုက်နေသည်။

အဘိုးအိုက ထွက်ပြေးနေရင်း နတ်ဘုရားအာရုံဖြင့် သူတို့သုံးယောက်ကို စစ်ကြည့်လိုက်သည်။ သူ့အကြည့်က ဝမ်လင်းပေါ်သို့ ကျရောက်သွားသည့်အခါ သူက အံ့အားသင့်မိသွားသည်။

ဝမ်လင်းက သည်အဘိုးအိုကို အစောပိုင်းတုန်းက တွေ့မြင့်ခဲ့ဖူးပေသည်။ သူက ဟင်္သာပြဒါး အုတ်ဂူအပြင်ဘက်၌ စောင့်နေကြသော ကျင့်ကြံသူ ဆယ့်ခြောက်ယောက်ထဲက တစ်ယောက် ဖြစ်နေခဲ့သည်။ သူ့ကျင့်ကြံမှုအဆင့်က စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အစောပိုင်း အဆင့်တွင် ရှိနေ၏။

သူက ရပ်တန့်ခြင်းမရှိဘဲ လျင်မြန်စွာ ပြောလိုက်သည်။ “ရောင်းရင်း ကျင့်ကြံသူတို့ မြန်မြန်ဆုတ်ကြ …။ ဒီအလင်းတန်းက အလွန်ထူးဆန်းတယ် …”

သည်အခိုက်မှာပင် မုရုံယွမ်က အဘိုးအိုနောက်သို့ လိုက်နေသော အလင်းတန်းကို ကြည့်နေ၏။ သူ့အကြည့်က ပုံမှန်အတိုင်းရှိနေ၏။ သို့သော် သည်အလင်းတန်းက ချက်ချင်း ရပ်တန့်သွားပြီး မကျေမနပ်အသံပြု၍ ပြန်လှည့်ကာ ထွက်ခွာသွားတော့သည်။

သည်အရာအားလုံးက လျင်မြန်စွာ ဖြစ်ပျက်သွားခြင်းပင်။ ဝမ်လင်းက မုရုံယွမ်ပေါ်၌ အာရုံစိုက်ထားခြင်းသာ မရှိလျှင် သူက မည်သို့ ဖြစ်ပျက်ခဲ့သည်ကို သိလိုက်မည် မဟုတ်ချေ။

အလင်းတန်းက လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ ဓားပျံပေါ်ရှိ အဘိုးအိုက မှင်တက်သွား၏။ သူက ရပ်တန့်ကာ သူ့နောက်ကို ကြည့်လိုက်ရာ မျက်ခုံးအနည်းငယ်ပင် ကြုတ်သွားခဲ့သည်။

မုရုံယွမ်က ရှေ့သို့ အနည်းငယ် တိုးလိုက်သည်။ သူက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။ “ဂျူနီယာမုရုံယင်က စီနီယာကို နှုတ်ဆက်ပါတယ် …”

အဘိုးအိုက မုရုံယွမ်ကို အေးစက်စွာကြည့်၍ လျစ်လျူရှုထားသည်။ သူ့အကြည့်က ဝမ်လင်းပေါ်သို့ ရောက်နေပြီး သူက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။ “ကျေးဇူး အများကြီးတင်ပါတယ် … ရောင်းရင်းစန် …”

ခဏတာတွေးပြီးနောက် အဘိုးအိုက သည်အလင်းတန်းက ဘာကြောင့် ပြန်လှည့်သွားသည်ကို မတွေးတတ်ဖြစ်နေသည်။ နောက်ဆုံး၌ သူက သည်အရာက စန်နူး တစ်ခုခု ပြုလုပ် လိုက်သောကြောင့်သာ တွေးထင်လိုက်၏။ တကယ်တော့ စန်နူးက အလွန်ကျော်ကြားသည့်သူ မဟုတ်လား။ သည့်အတွက်ကြောင့် သူက အချို့သော အားကောင်းသည့် မန္တန်များ ရှိနေနိုင်ပေသည်။

သူက “ရောင်းရင်းစန်” ဟု ပြောလိုက်သည့် အခိုက်တွင် ရုပ်ဆိုးအမျိုးသမီးက ရုတ်တရက်လှည့်လာပြီး ဝမ်လင်းကို သေချာကြည့်သည်။

ဝမ်လင်းက ဖျော့တော့စွာ ပြုံး၍ ခေါင်းယမ်းသည်။ “ဒါက ငါမဟုတ်ဘူး …”

အဘိုးအိုက မျက်လုံးအနည်းငယ် ကျဉ်းမြောင်း သွားပြီးနောက် သူက ပြောလိုက်၏။ “ဒီအကြောင်းကို မပြောတော့ဘူး…ငါက မုယွမ်ဟိုင်ပါ …။ ရောင်းရင်းစန်မှာ အုတ်ဂူ အတွင်းပိုင်းကို ဝင်ဖို့ သဲလွန်စ တစ်ခုခုများ မရှိဘူးလား …”

***

Comment

Leave a Reply

Options

not work with dark mode
Reset