Switch Mode

အပိုင်း (၄၉၀)

မီးကျွမ်းမြေစိတ်ဝိညာဉ်

ဟင်္သာပြဒါး အုတ်ဂူဝင်ပေါက်ရှိသည့် နေရာက ဟင်္သာပြဒါး တောင်ခြေ၌ ဖြစ်သော်လည်း ယင်းအုတ်ဂူ ကိုယ်တိုင်က အခြားကမ္ဘာတစ်ခုပင် ဖြစ်နေသည်။

သည်အုတ်ဂူက ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်၏ ထူးဆန်းသော အားများဖြင့် ဝန်းရံထားခြင်း ခံရ၏။ ဟင်္သာပြဒါး ဝင်ပေါက်ကလွဲ၍ ၎င်းအထဲသို့ ဝင်ရောက်ရန် ပြန်ထွက်ရန် အခြားနည်းလမ်း မရှိချေ။

ပထမမျိုးဆက် ဟင်္သာပြဒါးက ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက်ကို နေရာချထားခဲ့တုန်းက သည်နေရာသည် ကြီးမားလှခြင်း မရှိချေ။ သို့ရာတွင် အချိန်များ ဖြတ်သန်းလာသည်နှင့် အမျှ စိတ်ဝိညာဉ် အပိုင်းအစများကလည်း ပိုမို ပေါင်းဝင်လာကြပြီး သည်နေရာက တဖြည်းဖြည်း ကြီးမားလာခဲ့ခြင်း ဖြစ်၏။

၎င်းက ဂြိုဟ်အတွင်း၌ တည်ရှိနေပြီး တဖြည်းဖြည်း ကြီးထွားမှု ရှိနေသည်။ ခုချိန်၌ ၎င်းကိုယ်ပိုင်တောင်များ၊ မြစ်များနှင့် ကိုယ်ပိုင်ကောင်းကင်နှင့် မြေကြီးတို့ပင် ရှိနေသည်။ သည်နေရာသို့ ပထမဆုံးအကြိမ် ဝင်သွားသည် မည်သူမဆို တုန်လှုပ်မိမည်သာ ဖြစ်၏။

ဝမ်လင်းက ဟင်္သာပြဒါးအုတ်ဂူ၏ အစွန်းပိုင်း တစ်နေရာတွင် ပြန်ပေါ်လာခဲ့၏။ သည်နေရာရှိ မြေကြီးက မီးကျွမ်းနေပြီး အနက်ရောင် အခိုးငွေ့ အမျှင်တန်းများကလည်း သည်မြေကြီးထဲကနေ ထွက်ပေါ်လို့နေသည်။ သည်နေရာရှိ ကောင်းကင်က အပြာရောင်မဟုတ်ဘဲ သက်တံရောင်စုံ လင်းလက်နေသည်။ ကြီးမားသော လေဟာနယ် အက်ကွဲကြောင်းများ ကလည်း လေထဲ၌ ပွင့်ဟလျက်ရှိနေ၏။

သည်အားကောင်းသာ အလင်းတုံ့ပြန့်လှိုင်း များကြောင့် အောက်ဘက်ရှိ မြေပြင်က လင်းလိုက်မှောင်လိုက် ဖြစ်နေ၏။

ဝမ်လင်းက မီးကျွမ်းမြေပေါ်တွင် ပေါ်လာခဲ့ပြီး ထိုနေရာ၌ အနက်ရောင် အခိုးငွေ့အမျှင်တန်းများ မြေပြင်ပေါ်ကနေ မြင့်တက်လျက် ရှိလေ၏။

သိပ်မကြာခင်တွင် ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက အကွာအဝေး တစ်ခုသို့ လှမ်းကြည့်၏။

“စစ်ထူနန်က ဟင်္သာပြဒါးအုတ်ဂူက သိပ်မကြီးဘဲ အတွင်းအပြင်နှစ်ပိုင်း ခွဲထားတယ် ပြောခဲ့တယ်။ ပထမမျိုးဆက် ဟင်္သာပြဒါးရဲ့ အုတ်ဂူတည်ရှိတဲ့ အတွင်းပိုင်း ဗဟိုမှာ ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက် တည်ရှိတယ်တဲ့ …”

“ဒါပေမဲ့ ဒီနေရာက စစ်ထူနန်ပြောပြခဲ့တာနဲ့ လုံးဝ ခြားနားနေခဲ့ပြီ။ ငါ့နတ်ဘုရား အာရုံနဲ့တောင် အပြင်ပိုင်း တစ်ခုလုံးကို မဖုံးလွှမ်းနိုင်ဘူး …” ဝမ်လင်းက ထိုင်ချ၍ မီးကျွမ်းမြေပြင်ကို လက်ဖြင့် ထိကြည့်လိုက်ရာ သူက အပူဓာတ်ကို ခံစားလိုက်ရ၏။ သူက မျက်မှောင်ကြုတ် သွားမိသည်။

“ဒါက မြေကြီးထဲမှာ ရှိတဲ့ မီးဒြပ်စင်ပဲ …။ ဒါက တိုက်ပွဲတွေ၊ မန္တန်တွေရဲ့ သက်ရောက်မှုကြောင့် မဖြစ်နိုင်ပဲ … သဘာဝမီးဒြပ်စင် စိတ်ဝိညာဉ်ကြောင့်ပဲ ဖြစ်ပေါ်နိုင်တယ် …” ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက အဝေးသို့ ပျံသန်းသွားတော့၏။

“ငါနဲ့ ကီလိုမီတာ ငါးထောင်အတွင်း ဘယ်သူမှလည်း ရှိမနေဘူး …။ ကြည့်ရတာ ဒီအုတ်ဂူထဲ ဝင်ရောက်လာတဲ့ လူတွေက အနှံ့ပြန့်ကျဲနေတဲ့ပုံပဲ …” ဝမ်လင်းစိတ်ထဲ၌ အတွေးမျိုးစုံ ဖြစ်ပေါ်နေပြီး သူက အကွာအဝေးတစ်ခုသို့ ပျံသန်းလိုက်၏။

သူက ထွက်ခွာသွားစဉ်မှာပင် မြေကြီးထဲကနေ အစိမ်းရောင်မျက်လုံး တစ်စုံ ပေါ်လာခဲ့၏။ သည်မျက်လုံးတစ်စုံက ထူးဆန်းသော အလင်းတန်းတစ်ခုကို ထုတ်လွှတ်နေပြီး ဝမ်လင်း ပျောက်ကွယ်သွားသည့် အထိ ကြည့်နေပြီးမှ မြေကြီးထဲသို့ ပြန်ဝင်သွားတော့၏။

ဝမ်လင်းက မီးကျွမ်းမြေအဆုံးသတ်သို့ လျင်မြန်စွာ ပျံသန်းနေ၏။သို့သော် သူက ရုတ်တရက် ရပ်တန့်ကာ နောက်သို့ ပြန်ဆုတ်လိုက်သည်။

ဘုန်း …။

သူနောက်ဆုတ်လိုက်သည့် အခိုက်မှာပင် အပြာရောင် မီးတောက်တိုင်လုံး တစ်ခုက ဝမ်လင်း ရပ်ခဲ့သောနေရာ၌ လျှပ်တပြက် ပေါ်ထွက်လာခဲ့သည်။ သည်အပြာရောင် မီးနောက်များက လူတစ်ယောက် ဖက်စာလောက် ထူထဲပြီး ၎င်းက သည်ဧရိယာ တစ်ခုလုံး၏ အပူချိန်ကို ချက်ချင်း တိုးမြင့်လာစေခဲ့သည်။ သည်အပူလှိုင်းမျးက မြေပြင်ကနေ ထွက်ပေါ်နေသည့် အခိုးအငွေ့များ အားလုံးကို အဝေးသို့ လွင့်ပြယ်သွားစေသည်။

သို့ရာတွင် သည်အနက်ရောင် အခိုးငွေ့များက တစ္ဆေတစ်ကောင် အလား … လွင့်စဉ်သွားသည်နှင့် ဦးတည်ရာ ပြောင်း၍ အဝေးသို့ လွင့်စဉ်သွားရမည့်အစား အပြာရောင် မီးတောက်ထံသို့ တိုးဝင်လာကြ၏။

သည်အခိုက်တွင် ဝမ်လင်းရှေ့၌ အလွန်ထူးဆန်းသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ကီလိုမီတာ ငါးထောင်အတွင်းရှိ အနက်ရောင် အခိုးငွေ့များက အပြာရောင် မီးတောက်ထံသို့ ပျံသန်းလာကြသည်။

ကြီးမားသည့် အနက်ရောင် အခိုးအငွေ့ထုကြီးက အပြာရောင် မီးတောက်အတွင်းသို့ စုဝေးလာကြ၏။ သည့်နောက် ၎င်းက အပြာရောင် မီးတောက်ထဲကနေ ထွက်၍ လက်တန့်များအသွင် ဖြစ်ပေါ်သည်။

ဝမ်လင်းက နောက်သို့ ဆုတ်နေရင်းဖြင့် သူ့မျက်လုံးက အေးစက်လာကာ သိုလှောင်အိတ်ထဲက ကောင်းကင်ဘုံဓားကို ထုတ်၍ တုံ့ဆိုင်းခြင်းမရှိ ပိုင်းခုတ်ချလိုက်သည်။

လခြမ်းကွေးအသွင် ဓားစွမ်းအင်ပုံစံဖြစ်ပေါ်၍ အပြာရောင် မီးတောက်ထံသို့ ကြမ်းကြုတ်သည့် မုန်တိုင်းတစ်ခုအလား တိုးဝင်သွား၏။

သည်အခိုက်တွင် အနက်ရောင် အခိုးအငွေ့များက ဒိုင်းပုံစံစုဝေး၍ အပြာရောင် မီးတောက်ကို ကာကွယ်ပေးလေသည်။

ဘုန်း …။

ကမ္ဘာမြေပြင်ပင် ကွဲအက်သွားမလား ထင်မှတ်ရသည့်အသံက ဒိုင်းထံကနေ ထွက်ပေါ်လာပြီး ယင်းဒိုင်းက ပြိုကျသွားတော့သည်။ ဓားစွမ်းအင်သည်လည်း အနည်းငယ် လျော့နည်းသွားပြီး ဒိုင်းကို ဖြတ်၍ အပြာရောင် မီးတောက်ပေါ်သို့ ကျရောက်သွား၏။

အပြာရောင် မီးတောက်ပေါ်၌ လက်မောင်းလုံးခန့် ထူထဲသည့် အက်ကြောင်းတစ်ခု ပေါ်လာခဲ့ပြီး ယင်းအက်ကြောင်းထဲကနေ အနက်ရောင် အခိုးငွေ့များ ထွက်ပေါ်လာ၏။

အပြာရောင် မီးတောက်က လှုပ်ရှားသွားပြီး အနက်ရောင် အခိုးငွေ့များကို သူ့ပတ်လည်၌ ဝန်းရံစေကာ အက်ကြောင်းကို ချိပ်ပိတ်ပစ်သည်။ အနက်ရောင် အခိုးငွေ့များ ပိုမိုစုစည်းမိလေ အပြာရောင် မီးတောက်က လူသားအသွင် သဏ္ဌာန်သို့ တဖြည်းဖြည်း ပြောင်းလဲ လာခဲ့တော့သည်။

၎င်းက ကိုးနှစ်၊ ရှစ်နှစ် အသက်အရွယ်ရှိ ကလေးတစ်ယောက်နှင့် ဆင်တူနေသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးက အနက်ရောင် အခိုးငွေ့များကို ထုတ်လွှတ်နေကာ လုံးဝနက်မှောင်နေ၏။ ၎င်းက ဝမ်လင်းကိုကြည့်၍ ပျော်ရွှင်စွာ ပြုံးပြသည်။

“ထွက်မသွားပါနဲ့ … ငါနဲ့ ကစားပေးပါ …”

ဝမ်လင်းက သည်ကလေးကို အေးစက်စွာကြည့်သည်။ သူက အကြည့်တစ်ချက်ဖြင့်ပင် ၎င်းက နတ်ဆိုးသားရဲတစ်ကောင် မဟုတ်ဘဲ မီးစိတ်ဝိညာဉ်က ဖန်တီးထားသော အပူဓာတ်မှန်း ချက်ချင်း သိလိုက်၏။

ဝမ်လင်းက အေးစက်စွာ ပြောလိုက်သည်။ “ထွက်သွားစမ်း …” သူက သည်မီးတောက် ကလေးငယ်ကို ဖြတ်ကျော်၍ ထွက်ခွာရန် ပြင်လိုက်သည်။

“ထွက်မသွားနဲ့ …” ကလေးငယ်က သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ဝမ်လင်းရှေ့ရှိ မြေပြင်က စတင်တုန်ခါလာ၏။ မြေပြင်က မြင့်တက်လာပြီး ပေတစ်ထောင်ခန့် မြင့်သည် မြေနံရံတစ်ခုက ဝမ်လင်းကို ပိတ်ဆို့သွားသည်။

ဝမ်လင်းက မျက်မှောင်ကြုတ်သည်။ သူ့ခန္ဓာကိုယ်က ရုတ်တရက် ပျောက်ကွယ်သွားပြီး သည်မီးကျွမ်းမြေကနေ ကီလိုမီတာ ထောင်ပေါင်းများစွာ အကွာတွင် ပြန်ပေါ်လာခဲ့သည်။

ကလေးငယ်က မီးကျွမ်းမြေ အဆုံးစွန်နားထိ မျောလွင့်လာပြီး ဝမ်လင်းကို ကြည့်နေ၏။ သို့ရာတွင် သူက အပြင်ဘက်သို့ ခြေတစ်လှမ်းပင် မချချေ။ ကြည့်ရသည်မှာ သည်အစွန်းက မီးကျွမ်းမြေအတွင်း သူလှုပ်ရှားနိုင်သည့် အကန့်အသတ်ဖြစ်ကောင်း ရှင်းလင်းနေ၏။

ကလေးငယ်က နက်မှောင်သော မျက်လုံးများဖြင့် ဝမ်လင်းကို စူးစိုက်ကြည့်နေ၏။ သည်နက်မှောင်သော မျက်လုံးအကြည့်များက ကျောချမ်းဖွယ် ခံစားချက်ကို ပေးစွမ်းနေ၏။ ၎င်းက ရုတ်တရက် အော်သံပြု၍ လေထဲသို့ ခုန်တက်ပြီး လက်နှစ်ဖက်ကို ဖွင့်ဟ၏။ ကြီးမားသော အနက်ရောင် အခိုးငွေ့များက ၎င်း၏ ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာသည်။ သည်အနက်ရောင် အခိုးငွေ့က နဂါးအုပ်စုများနှင့် ဆင်တူလှ၏။ ၎င်းက ပျံသန်း ထွက်သွားပြီးနောက် မီးကျွမ်းမြေထဲသို့ ဝင်ရောက်သွားလေ၏။

မီးကျွမ်းမြေ၏ ကီလိုမီတာ ငါးထောင်အတွင်း တုန်ခါသံများ ထွက်ပေါ်လာပြီး သည်မြေပြင်က ရှေ့သို့ တဖြည်းဖြည်းချင်း ရွေ့လျားလာခဲ့၏။

ဝမ်လင်းက သည်ကလေးကို အေးစက်စွာ ကြည့်၍ မျက်မှောင်ကြုတ်သည်။ စကားတစ်ခွန်းမှ မဆိုတော့ပဲ သူက နောက်လှည့်၍ ပျံသန်းထွက်ခွာသွား၏။

ကလေးငယ်က ဝမ်လင်း ထွက်ခွာသွားသည်ကို စိုးရိမ် ကြောက်လန့်တကြီး ကြည့်နေပြီး သည်မီးကျွမ်းမြေကို ပို၍ မြန်ဆန်အောင် ရွေ့လျားစေလိုက်၏။

သို့ရာတွင် သည်အမြန်နှုန်းက ဝမ်လင်း၏အမြန်နှုန်းကို ယှဉ်နိုင်ခြင်း မရှိချေ။ ဝမ်လင်းပုံရိပ်က အကွာအဝေးတစ်ခုသို့ တဖြည်းဖြည်းချင်း ပျောက်ကွယ် သွားသည်ကို ကြည့်နေရင်း ကလေးမျက်နှာက ရန်လိုစိတ်နှင့် ပြည့်လာ၏။ သူက ကောင်းကင်ထက်သို့ မော့ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ထို့နောက် ၎င်း၏ခန္ဓာကိုယ်က ပြိုကျသွားပြီး အပြာရောင်မီးတောက် အဖြစ်သို့ ပြောင်းကာ မီးကျွမ်းမြေထဲသို့ ပြန်ဝင်ရောက် သွားတော့သည်။

မီးကျွမ်းမြေက ပြင်းထန်စွာ စတင်တုန်ခါပြီးနောက် တစ်ဖန် ချဲ့ထွင်လာပြန်၏။ ၎င်းမြေက သည်တစ်ကြိမ်၌ ရွေ့လျားခြင်း မရှိဘဲ ၎င်းကိုယ်တိုင် ကြောက်မက်ဖွယ်နှုန်းဖြင့် ဆန့်ထွက်နေသည့် အလား ထင်မှတ်ရ၏။

ဝမ်လင်းက ပျံသန်းနေရင်း သူ့မျက်လုံးက အေးစက်သွာသည်။ သူက နောက်သို့ လှည့်ကြည့်လိုက်ရာ မျဉ်းလိုင်းတစ်ခုက သူ့နောက်သို့ နဂါးတစ်ကောင်ကဲ့သို့ လိုက်ပါနေသည်ကို တွေ့မြင်လိုက်ရ၏။ သည်မျဉ်းလိုင်းက ရှေ့၌ အပြာရောင် မီးတောက်လုံး တစ်လုံးရှိနေသည်။ သည်မီးတောက်လုံးထဲ၌ ကလေးငယ်၏ ထူးဆန်းသော မျက်လုံးတစ်စုံ ပါဝင်နေသည်။

“မင်းက သေချင်နေတာပဲ …” တမ်လင်းက အစောပိုင်းတုန်းကလို သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုခြင်း မရှိတော့ချေ။ သူက ကောင်းကင်ဘုံ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူ၍ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များကို ၎င်းကျောက်စိမ်းပြားထဲ ကနေ စုပ်ယူလိုက်၏။ သည့်နောက် သူ့မျက်လုံးက ရွှေရောင် တောက်ပလာပြီး သူက ကောင်းကင်ဘုံဓားကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။ ကောင်းကင်ဘုံဓားက ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များနှင့် ပြည့်နေလာသဖြင့် ရွှေရောင် တောက်ပလာ၏။ သည့်နောက် ဝမ်လင်းက ၎င်းဓားဖြင့် လွှဲယမ်း ခုတ်ချလိုက်တော့သည်။

ကောင်းကင်ဘုံ ဓားခုတ်ပိုင်းချက်တစ်ခုက နတ်ဘုရား ပြစ်ဒဏ်အလား ထင်မှတ်ရလေ၏။ ၎င်း၏စွမ်းအားက အရင်ထက် အဆများစွာ အားကောင်းသွားခဲ့သည်။ ဓားစွမ်းအင်က အသံထက် မြန်သည့်နှုန်းဖြင့် သူ့နောက်က လိုက်လာသော မီးကျွမ်းမြေထံသို့ လျင်မြန်စွာ ကျရောက် သွားတော့သည်။

ဘုန်း …။

မြေပြင်က တုန်ခါသွားပြီး ဓားစွမ်းအင် ကျရောက်သွားသည့် အချိန်တွင် မီးကျွမ်းမြေပေါ်၌ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာ၏။ သည်အက်ကွဲကြောင်းများက လျင်မြန်စွာ ပျံ့နှံ့သွားပြီး မျက်စိတစ်မှိတ် အတွင်း မီးကျွမ်းမြေက အက်ကြောင်းများနှင့် ဖုံးလွှမ်းသွားတော့သည်။

ဝမ်လင်းက ခပ်တိုးတိုး ပြောလိုက်သည်။ “ကွဲကြေလိုက်စမ်း …”

ပေါက်ကွဲသံတစ်ခုနှင့် အတူ မီးကျွမ်းနယ်မြောက အစိတ်စိတ် ပြန့်ကျဲသွားပြီး ဖုန်မှုန်များက နေရာအနှံ့သို့ ပြန့်ကျဲကုန်၏။ သည်အခိုက်တွင် ထူးဆန်းသော အားတစ်ခုက သည်မီးကျွမ်းမြေ၏ ဖုန်မှုန်တိုင်းကနေ ထွက်ပေါ်လာသည်။

ဝမ်လင်းအသွင်က ထူးဆန်းသွားပြီး သူက ဖုန်မှုန့်အနည်းငယ်ကို လက်ဆန့်ထုတ်ကာ ဖမ်းယူလိုက်၏။ သူက ၎င်းတို့ကို စစ်ကြည့်ပြီးနောက် လှည့်၍ လျင်မြန်စွာ ထွက်ခွာသွားတော့၏။

သူထွက်သွားပြီး သိပ်မကြာခင်တွင် သည်အမှုန်များအားလုံးက တစ်ဖန် စုဝေးလာကြသည်။ သိပ်မကြာသော အချိန်မှာပင် ၎င်းက မီးကျွမ်းမြေပုံစံအတိုင်း ပြန်ဖြစ်သွားလေ၏။ ဝမ်လင်းပျောက်ကွယ်သွားသော နေရာသို့ ကလေးငယ်က ကြည့်နေပြီး သူ့အသွင်က မကျေမချမ်းဖြစ်လို့ နေသည်။

“ထွက်မသွားနဲ့ …”

ကလေးငယ်က ရုတ်တရက် နောက်လှည့်လိုက်ရာ အလင်းတန်းတစ်ခုက သူ့ထံသို့ ပျံသန်းနေသည်ကို တွေ့လိုက်ရတော့သည်။ ထိုအခါ ကလေးငယ်၏ မျက်လုံးထဲ၌ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက် သွားတော့သည်။

မီးကျွမ်းမြေကို သူ့နောက် ခပ်ဝေးဝေးမှာ ချန်ထားခဲ့ပြီးနောက် ဝမ်လင်းအသွင်က အလွန်သုန်မှုန်နေသည်။ သူက ခုချိန်၌ သည်ကလေးငယ်က မီးတောက်များနှင့် ပြုလုပ်ထားခြင်းသာ ဖြစ်ပြီး မီးစိတ်ဝိညာဉ် မဟုတ်မှန်း သေချာသိလိုက်သည်။

၎င်းက မီးစိတ်ဝိညာဉ်သာ ဖြစ်လျှင် ဓားချက်တစ်ခုနှင့်ပင် ၎င်းက ပျက်စီး သွားသင့်ပေသည်။ သို့သော် ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များ ပါဝင်သော ဓားချက်က ၎င်းကို ပြိုကျသွားရဲ့သာ လုပ်နိုင်ပြီး မည်သည့်ဒဏ်ရာမှ မရရှိစေခဲ့ပေ။

“မီးကျွမ်းမြေက မပျက်စီး သွားရင်တောင် ကောင်းကင်ဘုံ ဓားချက်ကြောင့် ပြိုကျသွားခဲ့တယ် …။ ဒီမီးကျွမ်းမြေက ဘယ်လိုပဲဖြစ်ဖြစ် ဒီပြိုကျပြန့်ကျဲသွားတဲ့ အမှုန်တွေကနေ ပြန်စုဝေးသွားမှာပဲ …”

“ဒီနေရာက အရမ်း ထူးဆန်းလွန်းတယ် …။ မီးကျွမ်းမြေ အစိတ်စိတ် ပြန့်ကျဲသွားချင်းချင်း ဖြစ်ပေါ်သွားသည့် အမှုန်အမွှား တစ်ခုချင်းစီက စိတ်ဝိညာဉ်တစ်ခုလို့ ငါခံစားမိနေတယ်။ ဒါတွေက စိတ်ဝိညာဉ် အပိုင်းအစတွေများ ဖြစ်နေမလား …”

ဝမ်လင်းက ရုတ်တရက် ရပ်တန့်ကာ သူ့နောက်သို့ ပြန်လှည့်ကြည့်လိုက်၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset