ဖီးနစ်မီးတောက်က ဟိန်းသံပြု၍ ထိုသစ်ရွက်နှင့် ဘိုးဘေးတစ်တို့ကို ဖြတ်ကျော်၍ သူ့တို့နောက်ရှိ ဘိုးဘေးငါးထံသို့ တိုးဝင်သွားသည်။
၎င်းက မြန်လွန်းလှသည်။ သည့်အတွက်ကြောင့် ဖီးနစ်မီးတောက်က ဘိုးဘေးငါးထံသို့ မျက်စိတစ်မှိတ် အတွင်း ရောက်ရှိသွားတော့၏။
ဘုန်း …
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဖီးနစ်က ပျောက်ကွယ်သွားပြီး ဘိုးဘေးငါးကလည်း ထိတ်လန့်စွာ အော်ဟစ်၍ စတင်လောင်ကျွမ်း ခံရသည်။ အသက်သုံးကြိမ်ရှူစာ ကြာပြီးနောက် ဘိုးဘေးငါးက သေဆုံးသွားတော့သည်။
ကျူးချွဲဇီ မျက်နှာက ဖြူရော်နေပြီး သေဆုံးခြင်းအော်ရာက သူ့ပတ်လည်၌ ဝန်းရံလာသည်။ ဟင်္သာပြဒါး ချိပ်ပိတ်ခြင်း နည်းစနစ်ကို အသက်သွင်းလိုက်သည့် အချိန်တွင် သူ့သက်တမ်းအား အသုံးပြုခဲ့ရသည်။ သူ့လက်ရှိ သက်တမ်းနှင့်ဆိုလျှင် သူက ၎င်းချိပ်ပိတ်ခြင်းကို နှစ်ကြိမ်သာ အသုံးပြုနိုင်စွမ်း ရှိလေ၏။ နောက်ထပ်တစ်ကြိမ် အသုံးပြုပြီးလျှင် သူက သေဆုံးသွားရမည် ဖြစ်သည်။
အသုံးပြုသူ၏ နတ်ဘုရားအာရုံဖြင့် ပစ်မှတ်တစ်ခုကို သတ်မှတ် ထားပြီးနောက် သည်ဟင်္သာပြဒါး ချိပ်ပိတ်ခြင်းကို ပြောင်း၍ မရတော့ချေ။ ၎င်းက ဘိုးဘေးတစ်ကို အန္တရာယ် မဖြစ်စေခဲ့သော်လည်း ဘိုးဘေးငါးကိုတော့ ချက်ချင်း သတ်ပစ်နိုင်ခဲ့ပေသည်။
ဘိုးဘေးတစ် သို့မဟုတ် ယွမ်ချွဲဇီတို့ ပေါ်၌ ပစ်မှတ်ထားလျှင် ၎င်းချိပ်ပိတ်ခြင်း နည်းစနစ်က သူတို့ကို တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်မည် မဟုတ်ဘဲ ဒဏ်ရာ ပြင်းထန်စွာသာ ရရှိစေမည် ဖြစ်၏။ သည့်အတွက်ကြောင့် ကျူးချွဲဇီက သူတို့နှစ်ယောက်ကို ပစ်မှတ်ထားခြင်း မရှိဘဲ အားနည်းသော ဘိုးဘေးငါးထံသို့ ပစ်မှတ်ထားကာ မမျှော်လင့်သော သတ်ဖြတ်မှုကို ပြုလုပ်ခဲ့ခြင်းပင်။
ဘိုးဘေးတစ်က ကျူးချွဲဇီကို ကြည့်၍ စကားတစ်လုံးချင်း ပြောလိုက်သည်။ “ကျူး ချွဲ ဇီ …”
ဘိုးဘေးငါး၏ သေဆုံးမှုက သည်လူများအတွက် ပြဿနာ ကြီးကြီးမားမား မရှိသည့်အလား ထင်မှတ်ရပြီး မည်သူကမျှ ဒေါသတကြီး ဖြစ်သွားခြင်း မရှိကြချေ။
ယွမ်ချွဲဇီက တည်ငြိမ်စွာ ပြောလိုက်၏။ “စီနီယာအစ်ကို … သင်က နောက်တစ်ကြိမ်ပဲ အသုံးပြုလို့ ရတော့မယ်။ ဒါပေမဲ့ သင် နောက်တစ်ကြိမ် အသုံးပြုပြီးသွားရင် သက်တမ်းကလည်း လျော့ကျသွားတော့မှာ။ ငါက မင်းကို သုံးလအချိန် ပေးခဲ့တယ်။ ဒါ့ကြောင့် သင်က အကြောင်းအရာတွေကို ရှင်းရှင်းလင်းလင်း တွေးပြီးလောက်ပြီလို့ ယူဆတယ်။ သင်က သင့်အသက်ကို စတေးပြီး စွန့်ပစ်ခံ မသေမျိုး ကလန်ကို ရှင်းထုတ်ချင်ရင် ရှင်းထုတ် …မဟုတ်ရင် ငါ့အကြံဉာဏ်ကို နားထောင်ပြီး ဂြိုဟ်ကို တစ်ဝက် ခွဲယူကြမယ်။ ငါ မင်း ဖြေတာ ကြားချင်တယ် …”
ကျူးချွဲဇီ မျက်လုံးထဲ၌ ရူးသွပ်မှုတို့ ရှိနေပြီး သူက ရယ်မောလိုက်၏။ “ငါ့ရဲ့ ချစ်လှစွာ ဂျူနီယာညီလေး …မင်းက ငါ့အပေါ်မှာ နားလည်မှုကို အခြေခံပြီးတော့ ငါ ဘယ်လို တွေးနေလဲ မင်းပြောပါဦး။ ငါတို့ ကစားပွဲတစ်ခု လုပ်ရင်ကော။ မင်း နိုင်ရင် ဒီဂြိုဟ်ကို ငါက မင်းကို ပေးမယ်။ မင်း ရှုံးရင်တော့ မင်းရဲ့ စွန့်ပစ်ခံ မသေမျိုးကလန် အဖွဲ့ဝင်တွေက ဒီဂြိုဟ်ပေါ်က ကျင့်ကြံသူတွေနဲ့ အတူ သေဆုံးရမယ် …”
ယွမ်ချွဲဇီ မျက်လုံးများက တည်ငြိမ်နေဆဲပင်။ သူက ပြောလိုက်၏။ “အို … ငါ့ကို ပြောပါဦး …”
ကျူးချွဲဇီက ရူးသွပ်စွာ ရယ်မောလိုက်၏။ “သူ့မျက်လုံးက အေးစက်နေပြီး ပြောလိုက်သည်။ ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်က ဟင်္သာပြဒါး အုတ်ဂူထဲမှာ ရှိတယ်။ ဘယ်စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ကျင့်ကြံသူမဆို အဲ့နေရာကို ဆန္ဒရှိသလို သွားနိုင်တယ်။ မင်းတို့ကောင်တွေက အချိန်တစ်ခု အတွင်းမှာ ဒါကို ရှာမတွေ့နိုင်ရင် ငါကကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်ကို ပေါက်ခွဲပစ်လိုက်မယ်။ အဲ့ကျရင် ဒီဂြိုဟ်မှာ မွေးဖွားခဲ့တဲ့ လူတိုင်းက ဟင်္သာပြဒါးနိုင်ငံ အတူ သေဆုံးသွားရလိမ့်မယ်။ အဲ့ကျရင် ကျင့်ကြံခြင်း မဟာမိတ် အဖွဲ့အစည်းကြီးက လာပြီးစုံစမ်းရင် မင်းတို့ စွန့်ပစ်ခံ မသေမျိုးကလန်ကလည်း အမြစ်ဖြတ်ခံရမှာပဲ …”
ယွမ်ချွဲဇီက ပြုံး၍ ပြောလိုက်သည်။ “ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်က ဒီဂြိုဟ်ပေါ်မှာ ရှိတဲ့ ကျင့်ကြံသူတိုင်းရဲ့ စိတ်ဝိညာဉ် အပိုင်းအစတွေ ပါဝင်တယ်။ သင်က ဒါကို ဖျက်ဆီးလိုက်ရင် မင်းရဲ့ တပည့်တွေလည်း သေဆုံးသွားရမှာပဲ …” ထိုသို့ ပြောပြီးသည်နှင့် သူက ချန်းဖန်နှင့် လျိုမေတို့ကို ကြည့်လိုက်၏။
ချန်းဖန်က သည်စကားကို ကြားသည့်အခါ သူ့မျက်လုံးထဲ၌ ထူးဆန်းသော အလင်းတစ်ခု ဖြစ်ပေါ်သွားသည်။ သူက လျိုမေကို ကြည့်လိုက်ရာ သူမ၏မျက်ခုံးများ ထိစပ်သည့်အထိ ကျုံ့သွားသည်ကို သတိပြုမိလိုက်၏။
“ဒီအဘိုးကြီးက လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတာပဲ။ ငါက ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်ကို ဒီလိုသုံးရမယ် ဆိုတာ မသိခဲ့ဘူး …” ချန်းဖန် မျက်လုံးများက အေးစက်လာ၏။
သေခြင်းရှင်ခြင်း ဆိုတာက ကံကြမ္မာပဲလေ။ ချန်းဖန်နဲ့ လျိုမေ … ဒီအဘိုးအိုက မင်းတို့နှစ်ယောက်ကို ဒီသလင်းကျောက်ထဲက မင်းတို့ စိတ်ဝိညာဉ် အပိုင်းအစတွေကို ထုတ်ယူဖို့ အခွင့်ရေးတစ်ခု ပေးလိုက်မယ်။ မင်းတို့က ထုတ်ယူနိုင်ရင် မင်းတို့ အသက်ရှင်နိုင်မယ်။ မထုတ်ယူ နိုင်ရင်တော့ သေဆုံးရမှာပဲ။ ငါ့ကို အပြစ်မတင်ပါနဲ့ …”
ကျူးချွဲဇီက ထိုသို့ ပြောဆိုပြီးနောက် လက်ဝှေ့ယမ်းလိုက်၏။ သည့်နောက် သူက တစ်စုံတစ်ခုကို ရွတ်ဆိုလိုက်ပြီး သွေးတစ်လုတ် အန်ထုတ်လိုက်၏။ သိပ်မကြာခင်တွင် အနီရောင် အလင်းတန်းတစ်ခုက သူ့ခန္ဓာကိုယ်ကနေ ပျံသန်းထွက်လာပြီး အနီရောင် နှလုံးအသွင် သလင်းကျောက်ပုံစံသို့ ပြောင်းသွား၏။
ကျူးချွဲဇီ မျက်လုံးထဲရှိ ရူးသွပ်မှုက ပိုမိုအားကောင်းလာပြီး သူက အော်ဟစ်လိုက်၏။ “ချိုးဖျက်ခြင်း …”
အနီရောင် သလင်းကျောက်က စတင်အက်ကွဲလာ၏။ ပိုမိုများပြားသော အက်ရာများက ၎င်းပေါ်၌ ခဏလေးအတွင်း ပေါ်လာခဲ့သည်။
သည်အခိုက်တွင် ဟင်္သာပြဒါး ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူတိုင်းက မည်သည့်နေရာတွင် ရှိနေသည်ဖြစ်စေ … ဂြိုဟ်ပေါ်ကနေ ထွက်သွားသည့် လူများပါမကျန် … အာဏာတက်ခြင်း အဆင့်ကို မချိုးဖျက်နိုင်သေးသည့် သူအားလုံး၏ နှလုံးက တုန်ယင်သွားကြသည်။
အဆင့်ခြောက် နိုင်ငံမှသည် အဆင့်တစ်နိုင်ငံထိ လူတိုင်းနှင့် သေမျိုးများပါမကျန် သူတို့၏ နှလုံးသားများထဲက နာကျင်မှုကို ခံစားလိုက်ရသည်။
သည်နာကျင်မှုက သူတို့ စိတ်ဝိညာဉ်ကနေ ထွက်ပေါ်လာခြင်း ဖြစ်၏။ မည်သူ့မျှ တောင့်ခံနိုင်သည့် အရာမျိုး မဟုတ်ချေ။ စိတ်ဝိညာဉ် အထူးပြုကျင့်ကြံသည့် ကျင့်ကြံသူများပင် နာကျင်မှုကို အနည်းငယ်သက်သာရုံသာ လုပ်နိုင်စွမ်း ရှိ၏။
ထွက်ပြေးသွားကြသော ကျင့်ကြံသူများ၊ ဒဏ်ရာပြန်ကုစားနေသော ကျင့်ကြံသူများ၊ အားလုံးသော ကျင့်ကြံသူများက သူတို့ စိတ်ဝိညာဉ်မှ နာကျင်မှုကို ခံစားလိုက်ရ၏။
သေမျိုးများ ကြားထဲ၌လည်း ဘုရင်မှသည် ကျေးကျွန်များထိ ဟင်္သာပြဒါး ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူတိုင်းက တုန်ယင်နေကြသည်။
သည်နာကျင်မှုက သေမျိုး၊ ကျင့်ကြံသူဟူ၍ ရွေးမနေချေ။ ဟင်္သာပြဒါး နိုင်ငံတွင် မွေးဖွားခဲ့သော လူတစ်ယောက် ဖြစ်နေရုံဖြင့် ၎င်းနာကျင်မှု ဒဏ်ကို ခံစားရသည်သာ ဖြစ်၏။
အပင်များအားလုံး၊ တိရစ္ဆာန်များနှင့် သားရဲများပင် ကမ္ဘာကြီး ပြိုကျတော့မလို့ ခံစားနေရ၏။
ဟင်္သာပြဒါး ကုန်းမြေပေါ်ရှိ ဟင်္သာပြဒါး တောင်ပေါ်သို့ တစ်ဟုန်ထိုး လာနေကြသော စွန့်ပစ်ခံ မသေမျိုးကလန် အဖွဲ့ဝင်များပင် သည်နာကျင်မှုကို ခံစားရသည်။ သူတို့က သည်နာကျင်မှုကို အားပျော့စွာသာ ခံစားရသော်လည်း သူတို့၏ အသက်များက အခြားလူတစ်ယောက်၏ လက်ထဲမှာ ရှိနေသကဲ့သို့ ခံစားလိုက်ကြရ၏။
ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်က လူတိုင်း မျှော်လင့်ထားသည် ထက်ပို၍ အစွမ်းထက် နေခဲ့သည်။ ကျူးချွဲဇီပင် သေဆုံးတော့မလို ခံစားလိုက်ရ၏။ သည်အခိုက်တွင် သူက တစ်စုံတစ်ခုကို နားလည်သွား၏။ သည်အခိုက်တွင် ဂြိုဟ်တစ်ခုလုံးပေါ်ရှိ အရာအားလုံးက ရပ်တန့်သွားသည့် အလား ထင်မှတ်ရ၏။ လေထဲ၌လည်း လေးလံ ကြောက်ရွံ့မှုတို့နှင့် ပြည့်နှက်နေ၏။
ယွမ်ချွဲဇီသည်လည်း နာကျင်မှုကို ခံစားလိုက်ရသည်။ သူ့အသွင်က အနည်းငယ် ပြောင်းလဲသွား၏။ သူက သည်အရာနှင့် ပတ်သက်၍ တွေးမိထားခဲ့သော်လည်း သူ့နှလုံးသားထဲ၌ တုန်လှုပ်နေမိဆဲ ဖြစ်နေ၏။
ဘိုးဘေးသုံး အသွင်က ပို၍ ပြောင်းလဲသွား၏။ သူမ၏ မျက်နှာက အလွန်အမင်း သုန်မှုန်နေပြီး အံကြိတ်လျက် ရှိနေ၏။
ဘိုးဘေးတစ်၏ အသွင်က တည်ငြိမ်နေသော်လည်း သူ့စိတ်ထဲတွင်တော့ အနည်းငယ် ခါးသက်မှုကို ခံစားနေရသည်။ စွန့်ပစ်ခံ မသေမျိုးကလန်က စောစီးစွာ ထွက်မလာသင့်ခဲ့ချေ။ သူတို့က ယွမ်ချွဲဇီ၏ စကားကို နားထောင်ခဲ့သင့်သည်။
သို့ရာတွင် ခုချိန်၌ နောက်ကျသွားခဲ့ပြီ ဖြစ်၏။
ကျူးချွဲဇီ ဘေးနားရှိ ချန်းဖန် အသွင်ကလည်း ကြီးစွာ ပြောင်းလဲနေသည်။ ခုချိန်၌ သူက ကျူးချွဲဇီကို ဒေါသဖြင့် ကြည့်လို့နေ၏။
လျိုမေ တစ်ယောက်သာလျှင် သူမခံစားချက်ကို ဖိနှိပ်ထားနိုင်၏။ သူမက ကောင်းကင်ကို မော့ကြည့်နေပြီး စကားတစ်ခွန်းမှ မဆိုချေ။
ကျူးချွဲဇီ မျက်လုံးထဲရှိ ရူးသွပ်မှုက အနည်းငယ် လျော့ကျသွား၏။ သူ့မျက်လုံးက အနည်းငယ် ပြန်ကြည်လင်လာ၏။ သို့သော် သည်ကြည်လင်မှုက ချက်ချင်း ပျောက်ကွယ်သွားပြီး သူက အရူးတစ်ယောက် ကဲ့သို့ ရယ်မောလေသည်။ “ကျင့်ကြံခြင်း ဂြိုဟ်နှလုံးသားက ခုထိ လုံးဝကွဲကြေသွားခြင်း မရှိသေးဘူး။ ဒီဟာက တဖြည်းဖြည်းချင်း ကြေမွသွားလိမ့်မယ်။ ယွမ်ချွဲဇီ ကစားပွဲက ခုစပြီ။ မင်းတို့စွန့်ပစ်ခံ မသေမျိုးကလန်က ဒီဂြိုဟ်နှလုံးသား မပြိုကွဲခင် ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်ကို ရနိုင်မလား ကြည့်ရတာပေါ့။ မင်းရသွားမယ်ဆိုရင် ငါက မင်းမှာ ဒီဟာကို မပေါက်ကွဲသွားအောင် ထိန်းချုပ်နိုင်တဲ့ နည်းလမ်း ရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ မင်းက ဒီသလင်းကျောက်ကို မရနိုင်တာပဲ ဖြစ်ဖြစ်၊ ကွဲကြေသွားတာကို မတားဆီးနိုင်တာပဲ ဖြစ်ဖြစ် ဆိုရင်တော့ မင်းတို့က ဒီအဘိုးအိုနဲ့အတူ လိုက်သေရလိမ့်မယ် …”
ထိုသို့ ပြောပြီးနောက် သူက လက်ဝှေ့ယမ်းလိုက်ရာ ဟင်္သာပြဒါး တောင်က တုန်ခါလာတော့၏။
သည်ပြင်းထန်သော တုန်ခါမှုကြောင့် ဖုန်မှုန်များက နေရာတိုင်းတွင် လွင့်ထွက်နေပြီး မြေကြီးကလည်း တုန်ခါလို့နေ၏။ ကောင်းကင်ဘုံပင် တုန်လှုပ်စေနိုင်သည့် သည်တုန်ခါမှု အောက်၌ ဟင်္သာပြဒါး တောင်က နှစ်ခြမ်း ကွဲသွားတော့၏။
လူတိုင်း၏ ရှေ့တွင် နက်မှောင်သော လမ်းကြောင်းတစ်ခုက ရုတ်တရက် ပေါ်လာခဲ့သည်။
“ငါက ဟင်္သာပြဒါး အုတ်ဂူကို ဖွင့်လိုက်ပြီ။ ယွမ်ချွဲဇီ … ဒီကစားပွဲက ခုစပြီ။ မင်းက ဟင်္သာပြဒါး အုတ်ဂူရဲ့ စည်းမျဉ်းတွေကို သိပါတယ်။ အာဏာတက်ခြင်း ကျင့်ကြံသူအဆင့် အောက်မှာ ရှိတဲ့ ဘယ်သူမဆို ဒီအုတ်ဂူထဲ ဝင်လို့ရပြီး အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူတွေ ကတော့ ဝင်ရောက်လို့ရမှာ မဟုတ်ဘူး …” ကျူးချွဲဇီ မျက်လုံးထဲ၌ ရူးသွပ်မှုတို့နှင့် ပြည့်နေ၏။
ဘိုးဘေးတစ်က ဖြည်းဖြည်းချင်း ကွဲအက်နေသော ကျင့်ကြံခြင်းခြင်း ဂြိုဟ်နှလုံးသားကို ကြည့်လို့နေ၏။ သူက တိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ် ယွမ်ချွဲဇီက ခေါင်းယမ်း၍ ခပ်တိုးတိုး ပြောလိုက်သည်။ “ဒါက အသုံးမဝင်ဘူး။ ကျင့်ကြံခြင်း ဂြိုဟ်နှလုံးသားနဲ့ ကျူးချွဲဇီတို့က အချိန်အကြာကြီး ကတည်းက အတူပေါင်းစပ် နေခဲ့တာ။ သူက ဒါကိုအပြင် ထုတ်ယူပြီး ကွဲကြေအောင် လုပ်စရာ မလိုဘူး။ သူက ငါတို့အပေါ်မှာ ဖိအား ပေးချင်လို့သာ ဒီလိုအပြင်ထုတ်ပြီး လုပ်ခဲ့တာ။ မင်းက ဒါကို ယူနိုင်မယ် ဆိုရင်တောင် ကွဲကြေနေတာကို ရပ်တန့်ဖို့ နည်းလမ်း ရှိမှာမဟုတ်ဘူး။ ငါက ခုချိန်မှာ သူ့ရူးသွပ်မှုမျိုးနဲ့ ပတ်သက်ပြီး ယုံကြည်ချက် ရှိနေတယ်။ သူက ဒီကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်ကို ဖျက်ဆီးပစ်လိမ့်မယ် …”
“လွန်ခဲ့တဲ့ သုံးလကဆိုရင် သူက ငါတို့ကို ဒီလိုကစားဖို့ အခွင့်တောင်ပေးခဲ့မှာ မဟုတ်ဘဲ ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်ကို ဖောက်ကွဲပစ်လိမ့်မယ်။ ခုချိန်မှာတော့ သူက ငါတို့ကို ရှားပါးအခွင့်ရေး ပေးနေတာပဲ။ မင်းတို့ အားလုံးကသာ ငါ့စကားကို နားထောင်ခဲ့မယ် ဆိုရင် ငါတို့ ဒီလိုအကျပ်ရိုက်တဲ့ အခြေအနေထဲ ရောက်နေမှာ မဟုတ်ဘူး …”
ဟင်္သာပြဒါးတောင်က နှစ်ပိုင်း ကွဲသွားပြီးနောက် ချန်းဖန်က တစ်ဟုန်ထိုး အုတ်ဂူထံသို့ ဦးဆုံးတိုးဝင် သွားတော့၏။
လျိုမေက အနည်းငယ် စဉ်းစားပြီးနောက် သက်ပြင်းချသည်။ သူမက အုတ်ဂူထဲသို့ ဝင်သွားသည့် ဒုတိယမြောက်လူ ဖြစ်လေ၏။
ယွမ်ချွဲဇီ မျက်လုံးက သူ့ပတ်ပတ်လည်ကို ကြည့်နေရင်း တလက်လက် ဖြစ်နေသည်။ စွန့်ပစ်ခံ မသေမျိုးကလန်၏ ဂျူနီယာခေါင်းဆောင်က အနည်းငယ် စဉ်းစားပြီးနောက် သူလည်းပဲ အုတ်ဂူထဲသို့ တိုးဝင်သွား၏။
သည်အချိန်မှာပင် ကောင်းကင်ထက်ရှိ မြူနက် တိမ်ထုများထဲကနေ စွန့်ပစ်ခံ မသေမျိုး ကလန်အဖွဲ့ဝင်များ ထွက်ပေါ်လာကြ၏။ လူအချို့က တိမ်များကနေ ပျံသန်းထွက်လာကြသည်။ သူတို့က သည်ကိစ္စသည် အလျင်လိုကြောင်း သိပေသည်။ စကားတစ်ခွန်းမှ မဆိုတော့ဘဲ သူတို့က ဟင်္သာပြဒါး အုတ်ဂူထဲသို့ တိုးဝင်သွားကြ၏။ သူတို့ထဲက တစ်ယောက်ကတော့ ဝမ်လင်းကို အမဲလိုက်ခဲ့သည့် သစ်ရွက်ရှစ်ရွက် ခါးကုန်ကြီးပင် ဖြစ်၏။
သုံးရက်ကြာပြီးနောက် ဟင်္သာပြဒါးအုတ်ဂူ ဖွင့်လှစ်လိုက်သည့် သတင်းသည် ဂြိုဟ်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေ၏။ ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်၏ သတင်းသည်လည်း တောမီးကဲ့သို့ ပျံ့နှံ့သွား၏။ သည်အချိန်တွင် ကျင့်ကြံသူအားလုံး အတွက် အရေးကြီးဆုံးက ဟင်္သာပြဒါးအုတ်ဂူသို့ သွား၍ သူတို့ကိုယ်ပိုင် စိတ်ဝိညာဉ် အပိုင်းအစများကို ပြန်ထုတ်ယူနိုင်ရန်သာ ဖြစ်လေ၏။
ဂြိုဟ်တစ်ခုလုံးရှိ ကျင့်ကြံသူများ အားလုံးက ဟင်္သာပြဒါးနိုင်ငံရှိ ဟင်္သာပြဒါး အုတ်ဂူထံသို့ တက်သုတ်ရိုက်၍ သွားနေကြသည်။
သို့ရာတွင် ဟင်္ဿပြဒါး အုတ်ဂူက ဟင်္သာပြဒါး သလင်းကျောက်၏ အထူး အတားအဆီး တစ်ခု ဖြစ်နေသည်။ ၎င်းက သတ်မှတ် လူဦးရေသို့ ရောက်သွားသည်နှင့် အထဲသို့ ဝင်ရောက်နိုင်တော့မည် မဟုတ်ချေ။
လူအများအပြားက အုတ်ဂူထဲသို့ ဝင်ရောက် ချင်ကြရင်ပင် အရေအတွက် တစ်ခုကသာ ဝင်ရောက်နိုင်လိမ့်မည် ဖြစ်၏။
ကျောက်ဝူထိုင်ကလည်း အထဲသို့ ဝင်ရောက်သွားသည့် လူများထဲက တစ်ယောက်ဖြစ်သည်။ သူနှင့်အတူ မျက်နှာဇာပဝါ တပ်ဆင်ထားသော ဇီရှင်လည်း ပါဝင်နေ၏။
လေးရက်မြောက်နေ့၌ ဝမ်လင်းနှင့် စစ်ထူနန်တို့သည် ဟင်္သာပြဒါးတောင်သို့ ရောက်ရှိလာကြ၏။ ကျူးချွဲဇီက ပျောက်ကွယ်သွားပြီး ကွဲအက်နေသော ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်ကို ချန်ထားခဲ့လေ၏။
ယွမ်ချွဲဇီနှင့် သူ့လူများသည်လည်း သည်နေရာတွင် ရှိမနေတော့ချေ။ မည်သူကမျှ သူတို့မည်သည့် နေရာသို့ ရောက်ရှိနေသည်ကို မသိကြချေ။
ကျင့်ကြံသူများစွာနှင့် စွန့်ပစ်ခံ မသေမျိုးကလန် အဖွဲ့ဝင် များစွာတို့က ဟင်္သာပြဒါးတောင် ပတ်လည်၌ ရှိနေကြပြီး အုတ်ဂူဝင်ပေါက်ကို ကြည့်နေကြ၏။ သည်အချိန်တွင် သူတို့ထဲက မည်သူကမျှ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ရန် စိတ်မဝင်စား ကြတော့ချေ။
ဝမ်လင်းက ဟင်္သာပြဒါး တောင်ခြေရှိ ဝင်ပေါက်ကို ကြည့်၍ ခပ်ဖြည်းဖြည်း ဝင်ရောက်သွားလေ၏။ .
***