Switch Mode

အပိုင်း (၄၈၆)

အာဏာတက်ခြင်းအဆင့်၏ အထက်

“အာဏာတက်ခြင်းအဆင့် အထက် …” စစ်ထူနန်က ပျံသန်းနေရာမှ ရပ်တန့်၍ ဝမ်လင်းကို ကြည့်သည်။

စစ်ထူနန်က အလေးအနက် ဖြေလိုက်၏။ “အာဏာတက်ခြင်းအဆင့် အထက်မှာ ရှိတဲ့ နယ်ပယ်တွေက ကျင့်ကြံသူ အများစု သိနိုင်တဲ့ အရာမဟုတ်ဘူး။ အကြောင်းကတော့ အလွန်နည်းပါးတဲ့ လူအချို့ကသာ ဒီအဆင့်တွေကို ရောက်နိုင်လို့ပဲ …”

“အာဏာတက်ခြင်း အဆင့်က အထွတ်အထိပ် အဆင့်တစ်ခု ဖြစ်သလို တံခါးတစ်ချပ်လည်း ဖြစ်တယ်။ ကျင့်ကြံသူ အများစုက ဒီတံခါးမှာ ရပ်တန့်နေကြပြီး သူတို့ရဲ့ ကျင့်ကြံခြင်း အဆင့်ကို ဆက်ပြီး တိုးမြှင့်အောင် မလုပ်နိုင်ခင်မှာပဲ သက်တမ်းကုန်ဆုံး သွားခဲ့ကြတယ် …”

“ဒါပေမဲ့ လူတစ်ယောက်က အဆင့်ချိုးဖြတ်ပြီး နောက်နယ်ပယ် တစ်ခုကို ထိတွေ့နိုင်မယ် ဆိုရင်တော့ သူ့သက်တမ်းကလည်း မရေမတွက် နိုင်လောက်အောင် တိုးသွားလိမ့်မယ်။ ငါက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲကို မဝင်ရောက်ခင်တုန်းက နောက်နယ်ပယ် တစ်ခုနဲ့ ပတ်သက်ပြီး နားလည်မှုအချို့ ရရှိခဲ့တယ်။ ဒါ့ကြောင့်ပဲ ငါက ဒီပုတီးစေ့ထဲမှာ နှစ်ထောင်ပေါင်းများစွာ ရှင်သန်နိုင်ခဲ့တာပေါ့ …”

“ဒါပေမဲ့ ဒီအရာက ငါ့သက်တမ်းဟာ ထာဝရ ဖြစ်တယ်လို့ မဆိုလိုဘူး။ အချိန်ကြလာလို့ ငါက နောက်ထပ်အဆင့် ချိုးဖျက်နိုင်ခြင်း မရှိရင် သေသွားရမှာပဲ …”

“အာဏာတက်ခြင်းအဆင့်ကို ရောက်သွားတဲ့ ကျင့်ကြံသူတွေက ပြန်လည်မွေးဖွားခြင်း စက်ဝိုင်းကနေ လွတ်မြောက်ဖို့ရာ အရမ်း ခက်ခဲလွန်းတယ်။ ကောင်းကင်ဘုံရဲ့ ပြန်လည်မွေးဖွားခြင်း စက်ဝိုင်းက ကျင့်ကြံသူတွေရဲ့ အဆင့်ပေါ်မူတည်ပြီး အမျိုးမျိုးသော စွမ်းအား ပမာဏတွေကို ထုတ်လုပ်ပေးတယ်။ ဒါ့ကြောင့်ပဲ အဆင့်နိမ့် ကျင့်ကြံသူတွေက အဆင့်မြင့် ကျင့်ကြံသူတွေရဲ့ အကူအညီနဲ့ ဆိုရင် ပြန်လည်မွေးဖွားခြင်း စက်ဝိုင်းကနေ လွတ်မြောက်ဖို့ အများကြီး လွယ်ကူစေတယ် …”

ဝမ်လင်းက ခေါင်းညိတ်ပြလိုက်သည်။ သူက လီမူဝမ်ကို ကောင်းကင်ဘုံတမန်တော် လက်ထဲကနေ ပြန်လုယူခဲ့ရန် ကူညီဖူးသည့် အကြောင်းကို ပြန်စဉ်းစားမိလိုက်၏။

စစ်ထူနန်က အသက်ဝဝ ရှူသွင်းလိုက်ပြီး နောင်တရမှု အရိပ်အမြွက်ကို ထုတ်ဖော်လိုက်သည်။ “အာဏာတက်ခြင်း အဆင့်ပြီးရင် နိဗ္ဗာန(ဆန္ဒလွတ်မြောက်ခြင်း)အဆင့်ရဲ့ နယ်ပယ်သုံးခု ရှိတယ် …”

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ “နိဗ္ဗာနအဆင့် နယ်ပယ်သုံးခု …”

“မှန်တယ်။ ဟင်္သာပြဒါး ပထမမျိုးဆက် ရီဝူယောင်က ငါ့ကို ဒီနိဗ္ဗာန နယ်ပယ်သုံးခု အကြောင်းပြောခဲ့တာ။ သူသာ ငါ့ကို မပြောခဲ့ရင် ငါလည်း ဟင်္သာပြဒါး ခေါင်းစီးဖြစ်လာတဲ့ အချိန်ထိ ဒီအကြောင်းကို သိမှာ မဟုတ်ဘူး …”

“နိဗ္ဗာနအဆင့် နယ်ပယ်သုံးခု … ပထမနယ်ပယ်က နိဗ္ဗာနကြိုမြင်ခြင်း၊ ဒုတိယနယ်ပယ်က နိဗ္ဗာန သန့်ရှင်းခြင်းနဲ့ တတိယ နယ်ပယ်ကတော့ နိဗ္ဗာနဖြိုခွဲခြင်း အဆင့်တို့ ဖြစ်ကြတယ် …”

ဝမ်လင်းက အသက်ဝဝ ရှုသွင်းလိုက်သည်။ ထို့နောက် သူက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ “ဒီနိဗ္ဗာန နယ်ပယ်သုံးခု ပြီးသွားရင်ရော …ဒါက အထွတ်အထိပ်လား …”

စစ်ထူနန်က ခေါင်းယမ်းကာ ပြောလိုက်သည်။ “ဒါက အဲ့လောက် ဘယ်လွယ်ပါ့မလဲ။ နိဗ္ဗာနနယ်ပယ် သုံးခုက ကျင့်ကြံသူတွေ အတွက် ဒုတိယ အဆင့်လို့ပဲ ယူဆလို့ရတယ်။ ဒါပေမဲ့ လူတစ်ယောက်က နိဗ္ဗာနအဆင့်ကို ရောက်သွားတာနဲ့ ကျင့်ကြံခြင်း မဟာမိတ် အဖွဲ့အစည်းကြီးရဲ့ စွမ်းအားမဏ္ဍိုင် အဖြစ် သတ်မှတ်လို့ရပြီ။ ပြောကြတာကတော့ ကျင့်ကြံခြင်း မဟာမိတ် အဖွဲ့အစည်းကြီးရဲ့ မွန်းစတားအိုကြီး တွေက နိဗ္ဗာနအဆင့် ကိုတောင် ကျော်လွန် ချိုးဖျက်ခဲ့ကြပြီတဲ့ …”

ဝမ်လင်းက အနည်းငယ် စဉ်းစားကာ စစ်ထူနန်ကို ကြည့်၍ မေးလိုက်၏။ “သင်က နိဗ္ဗာနကြိုမြင်ခြင်း အဆင့်မှာလား …”

စစ်ထူနန်က ခါးသီးစွာပြုံး၍ ပြောလိုက်၏။ “ဒါက ဘယ်လိုလုပ် လွယ်ကူပါ့မလဲ။ အာဏာတက်ခြင်းအဆင့်ကနေ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကို ရောက်ဖို့ ကြားခံအဆင့်နှစ်ခု ရှိသေးတယ်။ ဒီကြားခံအဆင့် နှစ်ခုကတော့ ယင်ယန်သန့်စင်ခြင်း အဆင့်နှစ်ခု ဖြစ်တယ် …”

“ယင်ယန်သန့်စင်ခြင်း အဆင့်တွေက နယ်ပယ်တွေထဲမှာ ပြောင်းလဲမှုတစ်ခု ပါဝင်နေတယ်။ ဒီပြောင်းလဲမှုမှာ နက်နက်နဲနဲ နားလည် သဘောပေါက်မှုတွေ ပါနေတယ်။ ငါက ဒါနဲ့ ပတ်သက်ပြီးတော့ အများကြီးတော့ ရှင်းမပြနိုင်ဘူး။ ဒါပေမဲ့ မင်းရဲ့နယ်ပယ်က ယင်ယန်အဆင့်ကို ဖြတ်ကျော်ပြီးသွားရင် မင်းက နိဗ္ဗာနကြိုမြင်ခြင်း အဆင့်တစ်ယောက် ဖြစ်လာလိမ့်မယ် …”

“ငါက ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ထဲကို ဝင်ပြီး မပုန်းခင်တုန်းက ငါက ယင်သန့်စင်ခြင်း အဆင့်ရဲ့အစကို ထိတွေ့နိုင်ခဲ့တယ်။ ငါက ပိတ်လှောင် ခံထားရစဉ်မှာ မကျင့်ကြံ နိုင်ပေမဲ့ ငါ့နယ်ပယ်အပေါ် နားလည်မှုကတော့ တိုးတက်လာခဲ့တယ်။ ဒါ့ကြောင့်ပဲ ငါက ယင်သန့်စင်ခြင်း အဆင့်ကို အောင်မြင်သွားခဲ့ပြီ။ ငါက ယန်သန့်စင်ခြင်း အဆင့်ကို ဖြတ်ကျော်ပြီးတာနဲ့ ငါက နိဗ္ဗာနကြိုမြင့်ခြင်း အဆင့်ကို ရောက်ရှိဖို့ တံခါးပိတ် ကျင့်ကြံမဲ့ နေရာတစ်ခု ရှာဖွေရလိမ့်မယ် …”

ဝမ်လင်း မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူက မေးလိုက်သည်။ “ကျူးချွဲဇီရဲ့ ကျင့်ကြံခြင်းကကော ဘယ်အဆင့်မှာလဲ။ သူကလား နိဗ္ဗာနကြိုမြင်ခြင်း အဆင့် မရောက်ခင် ယင်ယန်သန့်စင်ခြင်း အဆင့်မှာလား …”

စစ်ထူနန် မျက်လုံးထဲ၌ အထင်သေးဟန် အရိပ်အမြွက်တို့ ဖြစ်ပေါ်သွားပြီးနောက် သူက ပြောလိုက်၏။ “သူလား … အာဏာတက်ခြင်း နောက်ဆုံးအဆင့်ပဲ။ ငါစိုးရိမ်တာက သူက ယင်ယန်အဆင့်ကို ရောက်ဖို့တောင် အရည်အချင်း မပြည့်မီမှာကိုပဲ။ ဒါ့ကြောင့် သူ နိဗ္ဗာနကြိုမြင်ခြင်း အဆင့် ရောက်ို့ဆိုတာ တွေးစရာတောင် မလိုတော့ဘူး။ ဒါပေမဲ့ သူက အာဏာတက်ခြင်း အဆင့်ရဲ့ အထူးအမျိုးအစား တစ်ခုလို့တော့ သတ်မှတ်လို့ ရတယ်။ ဒါ့ကြောင့် ပုံမှန် အာဏာတက်ခြင်း နောက်ဆုံးအဆင့်တွေက သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး …”

ဝမ်လင်း မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူက ပြောလိုက်၏။ “ကျင့်ကြံခြင်း မဟာမိတ် အဖွဲ့အစည်းရဲ့ ဟင်္သာပြဒါး ချိပ်ပိတ်ခြင်းကကော …”

စစ်ထူနန် မျက်လုံးထဲ၌ အသိအမှတ်ပြုဟန် အရိပ်အမြွက်တို့ ဖြစ်ပေါ်သွားပြီး သူက ဖြည်းညင်းစွာ ပြောလိုက်သည်။ “ဟုတ်တယ် … သူက အာဏာတက်ခြင်း အဆင့်ရဲ့ ခေါင်းစီးလို့ ပြောလို့ရတယ်။ သူက ထိပ်တန်း အာဏာတက်ခြင်း အဆင့်တစ်ယောက်ပဲ။ ဘာလို့လဲဆိုတော့ သူက ကျင့်ကြံခြင်း မဟာမိတ် အဖွဲ့အစည်းရဲ့ အထူးနည်းလမ်း တစ်ခုကို ထိန်းချုပ် ထားနိုင်လို့ပဲ …”

“ရီဝူယောင်က ကျင့်ကြံခြင်း မဟာမိတ် အဖွဲ့အစည်းကြီးကနေ ဟင်္သာပြဒါး ချိပ်ပိတ်ခြင်းဆိုတဲ့ စွမ်းအားကောင်းတဲ့ နည်းလမ်းတစ်ခုကို လက်ခံရရှိခဲ့တယ်။ ဒါက အလွန် စွမ်းအားကောင်းပြီး အံအားသင့်ဖွယ် ကောင်းပေမဲ့ ဒီနည်းလမ်းကို အသုံးပြုတဲ့ အချိန်တိုင်း အသုံးပြုသူရဲ့ သက်တမ်းကို အသုံးပြုရတယ်။ အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်က ယင်ယန်သန့်စင်ခြင်း အဆင့်နှစ်ဆင့်ကို နားမလည်ဘူး ဆိုရင် ခုလက်ရှိ ဟင်္သာပြဒါးနဲ့ ယှဉ်နိုင်ဖို့ ခက်ခဲလိမ့်မယ် …”

“ဒါပေမဲ့ … ကျင့်ကြံခြင်း မဟာမိတ် အဖွဲ့အစည်းက ပေးထားတဲ့ နည်းစနစ်တွေက ကောင်းကင်ဘုံ ရတနာတွေလိုပဲ အဆင့် သတ်မှတ်ထားတာတွေ ရှိတယ်။ ဟင်္သာပြဒါး ချိပ်ပိတ်ခြင်းက အဆင့်နိမ့် အရည်အသွေးသာ ရှိတဲ့ နည်းစနစ် တစ်ခုပဲ။ ဒါပေမဲ့ အဲ့တာက အသုံးပြုသူရဲ့ စွမ်းအားကို မြှင့်ပေးနိုင်နေတုန်းပဲ …”

“ကံမကောင်းစွာနဲ့ ဟင်္သာပြဒါး ချိပ်ပိတ်ခြင်းက မင်းက ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်ကို ထိန်းချုပ်တဲ့ အချိန်မှာပဲ အသုံးပြုနိုင်တယ်။ မင်းက ဒီနှစ်ခုလုံးကို ထိန်းချုပ်ထားရင် မင်းရဲ့ခွန်အားက အမျာကြီး မြင့်တက် သွားလိမ့်မယ် …”

ဟင်္သာပြဒါး မျိုးဆက်တိုင်း သင်ကြားတဲ့ ဟင်္သာပြဒါး နည်းစနစ်ကတော့ ပထမမျိုးဆက် ဟင်္သာပြဒါး ရီဝူယောင်က ဟင်္သာပြဒါး ချိပ်ပိတ်ခြင်း နည်းစနစ်ကနေ ပြုပြင်ထားတဲ့ဟာပဲ။ ဟင်္သာပြဒါး ချိပ်ပိတ်ခြင်းက ကျင့်ကြံမှုနှုန်းကို တိုးတက်စေရုံ သာမက ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်ကိုပါ ရရှိခဲ့တယ်ဆိုရင် မင်းနဲ့ ဂြိုဟ်သလင်းကျောက်မှာ ရှိတဲ့ စွမ်းအင်ကြောင့် မင်းက အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူ ခေါင်းစီးတစ်ယောက်ရဲ့ ခွန်အားကို ရောက်ရှိဖို့ ပိုမြန်ဆန် စေလိမ့်မယ် …”

ဝမ်လင်းက စဉ်းစားနေ၏။ သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက မေးလိုက်သည်။ “သင်က ခုနတုန်းက ကောင်းကင်ဘုံ ရတနာတွေက အဆင့် သတ်မှတ်ထားတယ်လို့ ပြောခဲ့တယ်နော် …”

“ဒါပေါ့။ ကောင်းကင်ဘုံ ရတနာတွေက အဆင့်နိမ့်၊ အလယ်အဆင့်နဲ့ ထိပ်တန်းအဆင့် ဆိုပြီး ခွဲထားတယ် …” စစ်ထူနန် မျက်လုံးများက အလေးအနက် ဖြစ်သွားပြီး သူက ပြောလိုက်သည်။ ပြောကြတာကတော့ အဆင့်မြင့် ကောင်းကင်ဘုံ ရတနာတွေက အလွန်ပဲ စွမ်းအားကောင်းပြီး ဒါကို အသုံးပြုဖို့အတွက် အနည်းဆုံး နိဗ္ဗာနအဆင့် ရောက်ဖို့ လိုတယ်တဲ့။ ငါက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့က ဒီလို ရတနာမျိုးတော့ ထင်တယ် …”

ဝမ်လင်းက သူ့နဖူးကို ထိလိုက်သည်။ သူက အနည်းငယ် စဉ်းစားပြီးနောက် ကောင်းကင်ဘုံဓားကို ထုတ်ယူလိုက်၏။ သူက စစ်ထူနန်ကို ကြည့်ကာ ပြောလိုက်သည်။ “ဒီဓားက ဘယ်အဆင့်ရှိလဲ စစ်ကြည့် …”

ကောင်းကင်ဘုံဓားကို ကြည့်ပြီးနောက် စစ်ထူနန် မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူက ညာလက်လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားက သူ့ထံသို့ ပျံသန်းသွားတော့၏။ သူက ထိုဓားကို ကိုင်၍ သူ့ဘယ်လက်လက်ဖြင့် ထိကြည့်ပြီး ဖြည်းဖြည်းချင်း စမ်းစစ်နေ၏။

ဝမ်လင်းက တည်ငြိမ်လျက် ရှိသည်။ သူက စစ်ထူနန်အပေါ်၌ များစွာ ယုံကြည်၏။ မဟုတ်လျှင် သူက ခုလိုမျိုး ကောင်းကင်ဘုံဓားကို စမ်းစစ်ခိုင်းမည် မဟုတ်ချေ။

သိပ်မကြာခင်တွင် စစ်ထူနန်က ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူက ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များ ထည့်သွင်းလိုက်ရာ ဓားက တောက်ပလာခဲ့သည်။ သည်တောက်ပမှုက ဝမ်လင်း အသုံးပြုသည့် အချိန်ထက် အဆများစွာ တောက်ပနေခဲ့သည်။

စစ်ထူနန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဓားကောင်းပဲ …”

သူက ယင်းဓားကို ဝှေ့ယမ်းလိုက်သည်။

ဘုန်း … ဘုန်း … ဘုန်း …

ကောင်းကင်ကိုပင် အက်ကွဲ သွားစေနိုင်လောက်သည့် ပေါက်ကွဲမှုများက လေထဲ၌ ဖြစ်ပေါ်သွားသည်။ သည့်နောက် ကောင်းကင်ထက်၌ ကြီးမားသည့် လေဟာနက်အက်ကြောင်း ဓားခုတ်ရာကြီး ဖြစ်ပေါ်သွားသည်။

“ဓားကောင်းပဲ …” စစ်ထူနန်က ဓားကို ထိလိုက်သည်။ သူက ခေါင်းလှည့်၍ ဝမ်လင်းကို ကြည့်ကာ မေးလိုက်၏။

“မင်းက ဒီဓားကို ဘယ်က ရခဲ့တာလဲ …”

“ကောင်းကင်ဘုံနယ်မြေ … ဒါက ငါ့မိတ်ဆွေဟောင်း တစ်ယောက် ပိုင်တာပါ …” ဝမ်လင်း မျက်လုံးများက တစ်ချိန်လုံး တည်ငြိမ်နေသည်။

“ဒါက အလယ်အဆင့် ကောင်းကင်ဘုံ ရတနာပဲ။ ကံမကောင်းစွာနဲ့ ဒီဓားရဲ့ ဓားစိတ်ဝိညာဉ်က ဓားထဲကနေ လုံးဝ ထွက်မပေါ် လာတာပဲ။ ဒါ့ကြောင့် ဒီဓားရဲ့ စွမ်းအားက အကန့်အသတ် ရှိနေတယ်။ ထပ်ပြောရရင် ဒီဟာက ဓားတစ်လက်တည်း မဖြစ်နိုင်ဘူး။ ငါက ဒီဓားကို လွှဲယမ်းလိုက်တဲ့ အချိန်မှာ တစ်ခုခု ပျောက်နေတယ်လို့ ခံစားမိတယ်။ ဒီဓားက ဓားလေးချောင်း ရှိသင့်တယ်။ ဒီဓားလေးလက်လုံးကို ပေါင်းစည်းလိုက်ရင် ထိပ်တန်း ကောင်းကင်ဘုံ ရတနာတစ်ခု ဖြစ်လာမှာပဲ …”

‘ကံမကောင်းစွာနဲ့ အလယ်အဆင့် ကောင်းကင်ဘုံ ရတနာတစ်ခုက စိတ်ဝိညာဉ် အမှတ်အသားတစ်ခု ရှိရတယ်။ ဒါက ငါတို့ စိတ်ဝိညာဉ် တွေနဲ့တော့ မတူဘူး။ ဒီရတနာကို အသုံးပြုဖို့ နည်းစနစ် တစ်ခုတော့ ဖြစ်တယ်။ ဒီစိတ်ဝိညာဉ် မရှိရင် ငါတို့က ၎င်းရဲ့ စွမ်းအားပြည့်ကို အသုံးပြုလို့ ရနိုင်မှာ မဟုတ်ဘူး …”

“အလယ်အဆင့် ကောင်းကင်ဘုံရတနာ …” ဝမ်လင်းက အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ သူက သည်ဓားကို ထိပ်တန်း ကောင်းကင်ဘုံ ရတနာ ဖြစ်လိမ့်မည်ဟု တွေးထင်ထားသည် မဟုတ်လား။

စစ်ထူနန်က မျက်လုံးပြူးကာ မကျေမနပ် ပြောလိုက်၏။ ဘာလဲ … အလယ်အဆင့် ကောင်းကင်ဘုံ ရတနာက မင်းအတွက် မလုံလောက် သေးလို့လား။ ဒီစကြဝဠာ တစ်ခုလုံးမှာ အလယ်အဆင့် ကောင်းကင်ဘုံ ရတနာတွေက အများကြီး မရှိဘူး။ ကျင့်ကြံသူတွေက အဆင့်နိမ့် ကောင်းကင်ဘုံ ရတနာတွေကိုပဲ သန့်စင်မွမ်းမံ နိုင်ခဲ့ကြတယ်။ ဒီစကြဝဠာ တစ်ခုလုံးမှာရှိတဲ့ အလယ်အဆင့် ကောင်းကင်ဘုံ ရတနာတွေ အကုန်လုံးနီးပါးက ကောင်းကင်ဘုံနယ်မြေ မပြိုကျခင်တုန်းက ရှိခဲ့တဲ့ အရာတွေပဲ …”

“ကျင့်ကြံသူတွေမှာ ရှိတဲ့ ကောင်းကင်ဘုံရတနာ အများစုက အဆင့်နိမ့် ရတနာတွေပဲ ဖြစ်တယ်။ မင်းက ဒီနေရာက ထွက်သွားရင် အလယ်အဆင့် ကောင်းကင်ဘုံ ရတနာတွေက ဘယ်လောက် ရှားပါးလဲဆိုတာ မင်းသိလာလိမ့်မယ်။ ဒီအလယ်အဆင့် ကောင်းကင်ဘုံ ရတနာ တစ်ခုနဲ့တင် စစ်ပွဲတစ်ခု ဖြစ်နိုင်တယ် …”

ဝမ်လင်းအသွင်က အနည်းငယ် ပြောင်းလဲသွား၏။ သူက အတိတ်တုန်းက ကောင်းကင်ဘုံ နယ်မြေ၌ ဓားသူတော်စင် လင်းထျန်ဟူနှင့် အချို့ မွန်းစတားအိုကြီးများက ကောင်းကင်ဘုံ ရတနာများအတွက် အသည်းအသန် တိုက်ခိုက်ခဲ့ကြသည်ကို ပြန်တွေးမိလိုက်သည်။

သည်လူများ၏ ကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်း အဆင့်ထက် မြင့်ပေလိမ့်မည်။ ထို့ကြောင့် စစ်ထူနန် ပြောသည်က ဖြစ်နိုင်ပေ၏။

“အလယ်အဆင့် ကောင်းကင်ဘုံ ရတနာတွေက ရှားပါးလွန်းတယ်။ ထိပ်တန်းကောင်းကင်ဘုံ ရတနာကျတော့ ပိုပြီးတော့တောင် ရှားလွန်းသေးတယ်။ ဒီအဘိုးအိုက အချိန်အကြာကြီး ကျင့်ကြံခဲ့ပြီး ဂြိုဟ်အချို့ကို ခရီးဆန့် ခဲ့တာတောင်မှ ထိပ်တန်းကောင်းကင်ဘုံ ရတနာတစ်ခုကို မမြင်ဖူးခဲ့ဘူး။ မင်းက တကယ့်ကို ကံကောင်းတယ် … ကောင်စုတ်လေး …” စစ်ထူနန်က နာှခေါင်းရှုံ့လိုက်၏။

စစ်ထူနန်က ခေါင်းမော့ကာ မေးလိုက်သည်။ “မင်းမှာ ဒီဓားအတွက် နည်းစနစ်တစ်ခု ရှိနေလား …”

ဝမ်လင်းက အနည်းငယ် စဉ်းစားကာ ပြောလိုက်၏။ “ငါ့မှာ အချို့ သဲလွန်စတွေတော့ ရှိတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ငါက ဒါကို ရှာမတွေ့နိုင်စွမ်း မရှိဘူး …”

စစ်ထူနန်က ခပ်မြန်မြန် မေးလိုက်သည်။ “အို …ငါ့ကို ဒီအကြောင်း ပြောပြ …”

ဝမ်လင်းက ခေါင်းယမ်းလိုက်၏။ “အတိတ်က ဟာတွေပါ …”

စစ်ထူနန်က ပြုံးကာ ဝမ်လင်းကိုကြည့်၍ ပြောလိုက်၏။ “ဒီဓား ငါ့ကို လက်ဆောင်အဖြစ် ပေးရင်ရော …”

ဝမ်လင်းက စစ်ထူနန်ကို ကြည့်ကာ မေးလိုက်သည်။ “အသည်းအသန် ဖြစ်နေတာလား …”

စစ်ထူနန်က အနည်းငယ် တုံ့ဆိုင်းသွားပြီး သက်ပြင်းချကာ ဓားကို ဝမ်လင်းထံသို့ ပြန်ပစ်ပေးလိုက်သည်။ “ထားလိုက်ပါတော့ … အခြားတစ်ယောက်သာ ဆိုရင်တော့ ငါက ဒီဓားကို လုယူမှာ။ ဒါပေမဲ့ ဒါက မင်းဟာ ဖြစ်နေတဲ့အတွက် ဒီအဘိုးက ရှက်ရွံ့မှု ခံစားနေရတယ် …”

ဝမ်လင်းက ပြုံးလိုက်သည်။ သူက ဓားကို ဖမ်း၍ ပြောလိုက်သည်။ “ဒီဓားက ငါ့ဟာ မဟုတ်ပါဘူး။ မဟုတ်ရင် သင့်ကို လက်ဆောင်အဖြစ် ပေးလိုက်တာက ကောင်းမွန်လိမ့်မယ် …”

စစ်ထူနန်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “ဒီအဘိုးအိုရဲ့ သိုလှောင်အိတ်က ပျောက်သွားခဲ့တာကြောင့် မဟုတ်ရင် ငါက ဒီဓားကို ဂရုမစိုက်ဘူး။ ဒီအဘိုးအိုမှာ အဆင့်နိမ့် ကောင်းကင်ဘုံ ရတနာနှစ်ခု ရှိပြီးသား …”

ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး ပြောလိုက်သည်။ “ကျူးချွဲဇီထံမှာ ကောင်းကင်ဘုံ ရတနာတွေ အများကြီး ရှိတယ်လေ …”

“ကျူးချွဲဇီရဲ့ ရတနာတွေက အဆင့်နိမ့် ကောင်းကင်ဘုံရတနာ ဖြစ်ရုံသာမက ဒါတွေက ပထမမျိုးဆက် ဟင်္သာပြဒါး စုဆောင်းခဲ့တဲ့ ဟာတွေပဲ။ ငါက ဒါတွေကို လုယူဖို့ ရှက်စရာလို့ ခံစားရတယ် …”

“စစ်ထူ …ဒီရတနာကိုကော ဘယ်လိုထင်လဲ …” ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် သိုလှောင်အိတ်ထဲကနေ သားရဲချုပ်နှောင်ခြင်း လက်ကောက်ကို ထုတ်ယူလိုက်သည်။ သူက သားရဲချုပ်နှောင်ခြင်း လက်ကောက်ကို ပစ်လိုက်ရာ နတ်ဘုရား သတ်ဖြတ်ခြင်း စစ်ရထားက သူ့ရှေ့တွင် ပေါ်လာခဲ့သည်။

ဒီရထား၏ စိတ်ဝိညာဉ်က ချက်ချင်းပေါ်လာခဲ့ပြီး ကြမ်းကြုတ်စွာဖြင့် ကြည့်၍ စတင် ဟိန်းဟောက်လိုက်၏။

စစ်ထူနန်က သည်စစ်ရထားကို မြင်လိုက်သည့် အခါတွင် မှင်တက်သွားမိ၏။ သို့သော် သူက မျက်လုံးများက တောက်ပလျက် ရှိနေ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset