“ကောင်းလိုက်တာကွာ…နှစ်ပေါင်းထောင်ချီ ကြာပြီးတဲ့ နောက်မှာ နောက်ဆုံးတော့ ငါက ခန္ဓာကိုယ် အသစ်တစ်ခု ရလာခဲ့ပြီ။ ဟားဟား…ငါ့ခန္ဓာကိုယ်ရလာပြီးနောက်မှာ ငါကိုယ်တိုင် ကျေနပ်ပျော်ရွှင်မှုတွေ ခံစားလို့ရပြီ။ ပြောကြတာကတော့ ဖန်လိန်ဂြိုဟ်ပေါ်မှာ ရှိတဲ့ကျင့်ကြံသူ အမျိုးသမီးတွေက အလှပဂေးလေးတွေတဲ့။ ဒီအဘိုးအိုက အမြဲတမ်း အဲ့နေရာကို သွားချင်နေခဲ့တာ။ ငါတို့က ဒီနေရာ ထွက်သွားပြီးရင် ငါ့ကိုယ်ငါပျော်အောင် နေရမယ်။ ဝမ်လင်း…မင်းကော သွားချင်လား…”
ဝမ်လင်းက မျက်မှောင်ကြုတ်သည်။ သူက သူ့ရှေ့ရှိ ကောင်လေးကို ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်၏။ “မသွားဘူး…”
သည်ကောင်လေးကတော့ စစ်ထူနန်ပင် ဖြစ်ချေ၏။ သူက ခန္ဓာကိုယ် အသစ်ပိုင်ဆိုင် ပြီးနောက် ဘိုးဘေးလေးကို ဝါးမျိုခဲ့ရာ၌ ညီမျှအောင်လုပ်ရန် အချိန်အနည်းငယ်သာ ကြာမြင့်ခဲ့သည်။ သူက ခုချိန်တွင် လုံးဝ ပြန်ကောင်းမွန်ခြင်း မရှိသေးသော်လည်း သူ့ကျင့်ကြံမှု အဆင့်က အာဏာတက်ခြင်း အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး ဖြစ်သည်။
စစ်ထူနန်က မျက်လုံးကစားလိုက်ပြီး ပြော၏။ “မင်းက အရမ်းပျင်းဖို့ ကောင်းတာပဲ။ မင်းက ကျင့်ကြံပြီးရင်း ကျင့်ကြံနေတယ်။ ဘာလို့ ဒီလိုများ ကျင့်ကြံနေရာတာလဲ။ ဒီအဘိုးအိုက ဘာလို့များ ကျင့်ကြံခဲ့လဲ မင်းမသိချင်ဘူးလား…”
“ငါ မင်းကို ပြောပြမယ်။ ဒီအဘိုးအိုက ကမ္ဘာပေါ်မှာ ရှိတဲ့ အလှတွေအားလုံးကို ရရှိဖို့…။ ရတနာတွေ အားလုံးကို ရရှိဖို့နဲ့ ငါသဘောမကြတဲ့လူတွေကို ရှင်းလင်းပစ်ဖို့ ကျင့်ကြံခဲ့တာပဲ။ အတိတ်တုန်းက ငါ သူတော်စင် လေးပါးဂြိုဟ်မှာ ကျင့်ကြံခဲ့ရတဲ့ အကြောင်းရင်းက ဒါကြောင့်ပဲ။ မဟုတ်ရင် ဒီလောက်ပျင်းစရာ ကောင်းတဲ့ ကျင့်ကြံခြင်းကို ဘယ်သူက လုပ်နိုင်ပါ့မလဲ…”
“ငါက အခြေခံ တည်ဆောက်ခြင်း အဆင့်ကို ရောက်ခဲ့တုန်းက ငါက ဆက်ပြီးကျင့်ကြံမှုကို လက်လျော့ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲ့နောက်မှာ ငါက ကျင့်ကြံသူတွေ တစ်ယောက်မှ မရှိတဲ့ နိုင်ငံငယ်လေး တစ်ခုကို တိတ်တဆိတ် ထွက်သွားခဲ့တယ်။ ငါက အဲ့နေရာမှာ အရှင်သခင် တစ်ယောက် ဖြစ်လာခဲ့ပြီး ညတိုင်း ပျော်ပွဲရွှင်ပွဲတွေ ကျင်းပတယ်။ ညတိုင်း ငါ့အတွက် မိန်းမတွေက ပျော်တော်ဆက် ပေးတယ်။ ဒါက ဘဝပဲ။ ငါက ငါသဘောမကျတဲ့ လူတစ်ယောကို တွေ့တာနဲ့ မန္တာန်တစ်ခုတည်းနဲ့ သတ်ပစ်ခဲ့တယ်။ ဆယ်နှစ်…ငါက အဲ့နေရာမှာ ဆယ်နှစ်ထိ နေခဲ့တာ…” စစ်ထူနန်က အတိတ်ကို ပြန်အောက်မေ့ နေလေ၏။ သူက သည်အတိတ်နေ့ရက်များကို လွမ်းနေသည်မှ သိသာလှသည်။
ဝမ်လင်းက ရှေ့သို့ ပျံသန်းရင်း တည်ငြိမ်စွာ မေးလိုက်သည်။ “ဒါက သက်တောင့်သက်သာ အဆင်ပြေနေရဲ့သားနဲ့ ဘာကြောင့် နောက်ဆုံးလက်ကျန် ဘဝကို အဲ့နေရာမှာ ဘာလို့ ပျှော်ရွှင်မှု မခံစားနေခဲ့ရတာလဲ…”
စစ်ထူနန်မျက်နှာပေါ်၌ ဒေါသထွက်ဟန် ဖြစ်ပေါ်လာပြီး သူက ဖြေလိုက်သည်။ “မင်းက ငါ အဲ့လို မနေချင်ဘူးလို့ ထင်နေတယ်ပေါ့။ ကြမ်းကြုတ်တဲ့ အမြုတေ ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူ အချို့ကသာ ပြသနာလာမရှာခဲ့ရင် ငါက ငါ့နောက်ဆုံးလက်ကျန်ချိန်ကို အဲ့နေရာမှာ ပျော်ရွှင်မှု ခံစားလိုက်မှာပဲ။ အမြုတေဖွဲ့တည်ခြင်း ကျင့်ကြံသူ တစ်ယောက်က ငါ့နောက်ကို လိုက်လာခဲ့တယ်။ ငါက အခက်အခဲတွေ အများကြီး ဖြတ်ကျော်ပြီးမှ နောက်ဆုံး သူ့လက်ကနေ လွတ်လာခဲ့ရတာ။ အဲ့တာကြောင့် ငါက ကြိတ်မှိတ်ပြီး ဆက်ကျင့်ကြံခဲ့တယ်။ အဲ့နောက်မှာ ငါက ဆယ်စုနှစ်တစ်ခု ကြာပြီးတဲ့နောက်မှာ အမြုတေဖွဲ့တည်ခြင်း အဆင့်ကို ရောက်ရှိခဲ့တယ်။ အဲ့နောက်မှာ ငါက အမြုတေ ဖွဲ့တည်ခြင်း နောက်ဆုံးအဆင့်ထိ ရောက်အောင် လုပ်ခဲ့ပြီး တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာခဲ့တယ်…”
ဝမ်လင်းက ရယ်မောလိုက်၏။ သူက စစ်ထူနန်ကို ကြည့်ကာ မေးလိုက်သည်။ “အဲနောက်မှာကော မင်းက သူ့ကို သွားပြီး လက်စားမချေခဲ့ဘူးလား…”
“လက်စားချေတာလား…” အဲ အမြုတေဖွဲ့တည်ခြင်းကျင့်ကြံသူက အခြားတစ်ယောက်ရဲ့ သက်တာ ခံလိုက်ရတယ်လေ။ ငါကတံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာပြီးတဲ့ နောက်မှာ အဆင့်နှစ်နိုင်ငံ တစ်ခုကို သွားပြီး ညဘက်တွေမှာ ပျော်ပွဲရွှင်ပွဲတွေ ဆက်လုပ်ခဲ့ပြီး ငါ့ကိုယ်ငါ ပျော်ရွှင်အောင် နေခဲ့တယ်။ ဒီနေ့ရက်တွေက ဘယ်လောက် ကောင်းမွန်လိုက်လဲ။ ဒါ့အပြင် ငါ့မှာ သေမျိုးကမ္ဘာရဲ့ နန်းတော်တစ်ခု ရှိသေးတယ်။ ငါက အဲ့သေမျိုးလောကရဲ့ ဘုရင်နဲ့အတူ ယှဉ်နိုင်တဲ့ တည်ရှိမှု တစ်ခုလည်း ဖြစ်ခဲ့တယ်။ ဒီဘုရင်လေးက ကောင်းပါတယ်။ သူကငါ့အတွက် အမြဲတမ်း ကောင်းမွန်တဲ့ အရာတွေ ပေးခဲ့တယ်လေ။ ငါက ဒီကြောင်းကို ပြန်တွေးရုံနဲ့တင် တကယ့်ကို ပြန်သတိရနေမိပြီ…”
ဝမ်လင်းက သူ့မေးစေ့ကို ပွတ်ကာ ရယ်မော လိုက်ပြန်သည်။ “သင်က နောက်ထပ် စဦးစိတ်ဝိညာဉ် တစ်ယောက်နဲ့ တွေ့ခဲ့သေးတယ်မလား…”
စစ်ထူနန် မျက်လုံးက ပြူးကျယ်သွားပြီး သူက ပြောလိုက်သည်။ ဒါမှန်တာပေါ့… သုံးနှစ်တောင် မကြာသေးတဲ့ အချိန်မှာ စဦးစိတ်ဝိညာဉ် အဆင့်တစ်ယောက်က သူ့ရဲ့ကျင့်ကြံခြင်း ကိုယ်လုပ်တော် တစ်ယောက်အဖြစ် ငါ့ရဲ့ အခြေခံ တည်ဆောက်ခြင်း အဆင့် အမျိုးသမီး ကျင့်ကြံသူတွေထဲက တစ်ယောက်ကို ရယူဖို့ ဆုံးဖြတ်ခဲ့တယ်လေ။ ဒီအဘိုးအိုက သူ့ကို မရိုက်နိုင်တော့လည်း ထွက်ပြေးခဲ့ရတာပေါ့။ အဲ့အချိန်ကစပြီး ငါက စဦးစိတ်ဝိညာဉ် နောက်ဆုံး အဆင့်ကို ရောက်အောင် ကျင့်ကြံခဲ့တယ်။ ဒီအဆင့်ကို ရောက်မှ ငါက တံခါးပိတ် ကျင့်ကြံနေရာကနေ ထွက်လာခဲ့တာ…”
“အဲ့နောက်မှာ ငါက အဆင့်သုံးကျင့်ကြံခြင်း နိုင်ငံတွေကို လျှောက်သွားနေပြီး ဘုရင်တစ်ပါးလို နေထိုင်ခဲ့ပြီး အလှအပတွေကို ခံစားနေတာပေါ့။ အတိတ်တုန်းက ကျင့်ကြံသူ အများစုက ငါ့ကို မနာလို အားကျခဲ့ရတာပေါ့…”
ဝမ်လင်းက ကျယ်လောင်စွာ ရယ်မောကာ မေးလိုက်ပြန်သည်။ “အဲ့နောက်ကော ဘာဆက် ဖြစ်သွားတာလဲ…။ သင်က စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်နဲ့ ကြုံခဲ့ရပြန်တာလား…”
စစ်ထူနန်က သက်ပြင်းချကာ ပြောလိုက်သည်။ ဆိုးလိုက်တဲ့ ကံပေါ့ကွာ။ ဆယ်နှစ်ပြီးတဲ့ နောက်မှာ ငါက တစ်စုံတစ်ယောကို သတ်ပစ်လိုက်တာက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်ကို ဒေါသ ထွက်သွားစေခဲ့တယ်။ ငါက သေမလိုတောင် ဖြစ်ခဲ့ရပြီး ဟင်္သာပြဒါး ပထမမျိုးဆက်က ငါ့ကို ကယ်တင် လိုက်တယ်လေ။ အဲအချိန်တုန်းကတော့ သူက ပထမမျိုးဆက် ဟင်္သာပြဒါး မဖြစ်သေးဘူးပေါ့။ ဒါက ငါ ရီဝူယောင်နဲ့ ဘယ်လိုတွေ့ခဲ့လဲ ဆိုတာပဲ…။ ဒါပေမဲ့ သူ့ကျင့်ကြံမှုအဆင့်က အရမ်း မမြင့်မားတဲ့အတွက် ငါ့ကို ထာဝရ ကာကွယ် ပေးထားနိုင်မှာ မဟုတ်ဘူးလေ။ ဒါ့ကြောင့်ပဲ ငါက ငါ့အလှလေးတွေကို လက်လွှတ်ပြီး ငါ့ဘဝကို အသစ်ပြန်စခဲ့တယ်။ အဲ့အချိန်တုန်းက ငါဟာ သင်ခန်းစာတစ်ခု ရခဲ့တယ်။ ငါက တံခါးပိတ် ကျင့်ကြံပြီး ကောင်းကင်နဲ့ မြေကြီးကို နားလည်သွားတဲ့ နောက်မှာ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကို ရောက်ခဲ့တယ်။ ငါက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့် ရောက်တဲ့အထိ ဆက်ပြီး တံခါးပိတ်ကျင့်ကြံခဲ့တာပေါ့…”
ဝမ်လင်းက စစ်ထူနန်၏ ကျင့်ကြံခြင်းလမ်းကြောင်းက စိတ်ဝင်စားစရာကောင်း သိကို ရှာတွေ့လိုက်၏။ ထို့ကြောင့် သူက ထပ်မေးလိုက်သည်။ “အဲ့နောက်ကော ဘာဆက်ဖြစ် သွားတာလဲ…”
အဲ့နောက်မှာ ငါက လက်စားပြန်ချေတဲ့ အနေနဲ့ သူ့ကို ပြန်သတ်နိုင်ခဲ့ပြီး ဘဝရဲ့ ပျော်ရွှင်မှုကို ဆက်ပြီး ခံစားနေလိုက်တယ်။ ကံမကောင်းစွာနဲ့ ငါက မတွေ့တာကြာပြီ ဖြစ်တဲ့ ရီဝူယောင်က ငါ့ကို ရှာတွေ့သွားခဲ့တယ်။ အဲနောက်မှာ သူက ငါ့ကို ကောင်းကင်ဘုံနယ်မြေကို သူနဲ့အတူ သွားမလား မေးခဲ့တယ်။ ငါကလည်း လိုက်သွားခဲ့ပြီး ကောင်းကင်ဘုံ ကျောက်စိမ်းပြား အများကြီးကို စုဆောင်း ရရှိခဲ့တယ်။ အဲနောက်မှာ ငါက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ရောက်ရှိဖို့ တံခါးပိတ် ကျင့်ကြံခဲ့ပြန်တယ်…”
“ငါက ပထမတုန်းကတော့ ကျင့်ကြံခြင်းနိုင်ငံတစ်ခုကို ရှာဖွေပြီး အဲ့မှာ ဘုရင်တစ်ပါးလို နေမလိုပဲ။ ဒီစိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်လောက်ကို ရောက်နေတဲ့အတွက် ငါ့ကို လာရှုပ်နိုင်တဲ့လူက သိပ်များများစားစား မရှိတော့ဘူးလေ။ ဒီအဘိုးအိုက ဆက်ပြီးတော့ မကျင့်ကြံ ချင်တော့ဘူး။ ဘာလို့လဲဆိုတော့ ဒီအရာက အရမ်းပျင်းစရာ ကောင်းလွန်းတယ်။ ငါက ငါ့ဘဝကို ပျော်ပါးရင်း ကုန်ဆုံးသွားချင်ခဲ့တာ။ ဒါပေမဲ့ ဒီအရေထူတဲ့ ရီဝူယောင် အဘိုးကြီးက ငါ့ကို ငါက ပျော်ပါးချင်ရင် သူတော်စင် လေးပါးဂြိုဟ်ရဲ့ အပြင်ဘက်မှာ လုပ်သင့်တယ်လို့ ပြောခဲ့တယ်လေ။ ငါတိုက အဆင့်ခြောက်နိုင်ငံ တစ်ခု ဖန်တီးနိုင်ရင် အဲ့နေရာမှာ ငါတို့ ဆန္ဒရှိသလို နေလို့ရတယ်တဲ့။ ငါက သူအဲ့လို ပြောတဲ့အချိန်မှာ သေချာမတွေးမိတော့ ဒီသူခိုးအိုကြီးရဲ့ ထောင်ချောက်ထဲ ရောက်သွားတာပေါ့…”
“သေလိုက်စမ်း…သူ့အိပ်မက်အတွက် ဒီအဘိုးအိုက အဆုံးမသတ်နိုင်အောင် ကျင့်ကြံ ရတော့တယ်။ နောက်ဆုံးမှာတော့ ငါတို့က သူတော်စင် လေးပါးဂြိုဟ်ပေါ်မှာ ရှိတဲ့ ဟင်္သာပြဒါးနိုင်ငံရဲ့ ကလန်တွေအားလုံးရဲ့ ဦးသျှောင် ဖြစ်လာခဲ့တယ်။ ငါတို့နှစ်ယောက်က အဆင့်လေးနိုင်ငံတစ်ခုကို တစ်ဆင့်ခြင်းစီ အဆင့်ခြောက် နိုင်ငံအဖြစ် ပြောင်းလဲခဲ့ကြတယ်။ ငါတို့နှစ်ယောက်လုံးက အာဏာတက်ခြင်း အဆင့်ကို အောင်အောင်မြင်မြင် ရောက်ရှိခဲ့ကြတယ် နောက်မှာ ကျင့်ကြံခြင်း မဟာမိတ် အဖွဲ့အစည်းကြီးက ငါတို့ကို ဒီသောက်ဂြိုဟ်ကို ပေးခဲ့တာပဲ…”
“ဒီအဘိုးအိုက ဒီဟင်္သာပြဒါး ဂြိုဟ်ပေါ်မှာ ပျော်စရာ ရှိမလားလို့ လာရှာတာ။ ကံမကောင်းစွာနဲ့ စွန့်ပစ်ခံမသေမျိုးကလန်က ဒီဂြိုဟ်မှာ ရှိနေခဲ့တယ်။ စွန့်ပစ်ခံ မသေမျိုးကလန်က ဒီအဘိုးအို လက်ထဲကနေ ဒီဂြိုဟ်ကို လာလုချင်နေတယ်။ ငါက ဘယ်လိုလုပ် သူတို့ကို ခွင့်ပြုပေးနိုင်ပါ့မလဲ။ အဲ့အချိန်တုန်းက ဒီဂြိုဟ်မှာ အပင်တွေ ဖုံးလွှမ်းနေပြီး ကောင်းကင်က မှိန်ဖျော့ နေခဲ့တယ်။ စွန့်ပစ်ခံမသေမျိုးကလန်မှာ မိန်းမလှအနည်းငယ် ရှိတော့ ဒီအဘိုးအိုက သူတို့ကို ခေါ်ပြီး ပျော်ရွှင်ခဲ့ရတာပေါ့…”
“အဲ့နောက်မှာ…ရီဝူယောင်က သူ့ကိုယ်သူနဲ့ သူ့သူငယ်ချင်းအိုတွေကို စတေးပြီး စွန့်ပစ်ခံ မသေမျိုးကလန်ကို ချိပ်ပိတ်ပစ်ခဲ့တယ်။ အဲ့အချိန်မှာငါက အရမ်းစိတ်ဓာတ် ကျနေတဲ့ အတွက် ဟင်္သာပြဒါး ဂြိုဟ်ကနေ ထွက်သွားပြီးအားနည်းတဲ့ကျင့်ကြံခြင်းနိုင်ငံ တစ်ခုကို ရှာ၊ ပြီးရင် ငါ့ဘဝကို မင်းသားတစ်ပါး အဖြစ် နေထိုင်တော့မလို့ပဲ။ ကံမကောင်းစွာနဲ့ သူခိုးအိုကြီး ရီဝူယောင်က ငါ့ကို သူမသေဆုံးခင်လေး ဒုတိယမျိုးဆက် ဟင်္သာပြဒါးအဖြစ် သတ်မှတ်ပီး လုပ်ခိုင်းခဲ့တယ်လေ…”
“ဒီအဖြစ်အပျက်ပြီးတော့ နောက်ပိုင်းကိစ္စတွေက မင်းသိပါတယ်။ ငါ့ခန္ဓာကိုယ်က ဖျက်ဆီးခံခဲ့ရပြီး ငါက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲ အတင်းဝင်ပုန်း ခဲ့ရတယ်။ အဲနောက်မှာတော့ မင်းနဲ့တွေ့တာပဲ။ ခုချိန်မှာ ငါက ခန္ဓာကိုယ် အသစ်တစ်ခု ပြန်ရပြီဆိုတော့ အတိတ်တုန်းက ငါ့ခန္ဓာကိုယ်ကိုယ် ဖျက်ဆီးခဲ့တဲ့ လူတွေကို လက်စား သွားချေရမယ်။ ပြီးရင် ဖန်လိန်ဂြိုဟ်ပေါ်မှာ အပျော် သွားရှာရမယ်။ ငါ မင်းကို ပြောမယ် ဝမ်လင်း… လုံလောက်တဲ့ ကျင့်ကြံခြင်း ရှိနေရင် အဆင်ပြေနေပြီ။ ဘဝက မင်း ပျော်ရွှင်မှုကို ခံစားရှာဖွေရတဲ့ အရာတစ်ခုပဲ…” စစ်ထူနန်မျက်လုံးထဲ၌ ပြန်လည် အောက်မေ့မှုများ ဖြစ်ပေါ်နေသည်။ သူက သူ့ဘဝကို ပြန်တွေးပြီး တရိပ်ရိပ် မြင်ယောင်နေခြင်းပင်။
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ “ငါ့တာအိုနဲ့ သင့် တာဝန်က မတူဘူး…” ဝမ်လင်း မျက်လုံးများက တည်ငြိမ်နေ၏။ သူက စစ်ထူနန်၏ ဘဝအကြောင်းကို သိလိုက်ရပေသည်။ သူက စစ်ထူနန်ကဲ့သို့ အပူအပင်ကင်းသည့် ဘဝခံယူချက်မျိုး သူ့ထံ၌ မရှိနိုင်သည်ကို သိပေ၏။
ဝမ်လင်း နှလုံးသားထဲ၌ ကျင့်ကြံပြီးရင်း ကျင့်ကြံခြင်း လမ်းစဉ်ကိုသာ စတင်လျှောက်လှမ်းခဲ့ပြီး ဖြစ်နေသည်။ သူက ကျင့်ကြံခြင်း၏ အဆုံးသတ်အမှတ်က မည်သည့်အရာ ဖြစ်သည်ကို သိလိုနေသည်။ သည့်အတွက်ကြောင့် သူက စစ်ထူနန်နှင့် မတူညီခြင်းပင်။
စစ်ထူက အမြဲလိုပင် ထက်မြက်သော သူ့ကိုယ်ပိုင် အတွေးအမြင် ရှိသလို ဝမ်လင်းထံ၌လည်း သူ့ကိုယ်ပိုင် ဂုဏ်သိက္ခာ ရှိလေ၏။
သူ့ဂုဏ်သိက္ခာက တစ်ဆင့်ပြီးတစ်ဆင့် အထက်သို့ ရောက်ရှိကာ ကမ္ဘာကြီး၏ အထက်တွင် ရပ်ကာ ကောင်းကင်နှင့် မြေကြီး၏ အမှန်တရားကို နားလည်လိုခြင်း ဖြစ်သည်။
စစ်ထူနန်က ဝမ်လင်းကို သေချာကြည့်ရှုလိုက်ရာ သူ့မျက်စိအောက်တွင် ကြီးပြင်းခဲ့သည့် သည်ကလေးနှင့် ပတ်သက်၍ အမှန်ပင် နားမလည်ဟု ခံစားလိုက်ရသည်။ အထူးသဖြင့် ခုချိန်တွင် ဖြစ်သည်။ သူက ဝမ်လင်းထံကနေ အလွန်မရင်းနှီးမှုကို ခံစားရ၏။ သို့သော် သည် မရင်းနှီးမှုထဲ၌ ရင်းနှီးသော ခံစားချက်တစ်ခု ပါဝင်လို့နေသည်။
သူက မရင်းမနှီးခံစားရသည့်အကြောင်းကတော့ သူက ဝမ်လင်းမျက်နှာပေါ်ရှိ ဟန်ပန်မျိုးကို တစ်ကြိမ်တစ်ခါ မမြင်ဖူးခဲ့သောကြောင့် ဖြစ်၏။ ဤအရာက လူတစ်ယောက်၏ ကိုယ်ပိုင်တာအို အပေါ် ဂုဏ်ယူဝင့်ကြွားခြင်းပင်။
စစ်ထူနန်က သည်အသွင်ဟန်ပန်ကို အတော်လေးမုန်းမိ၏။ အကြောင်းကတော့ သူက သည်လိုဟန်ပန်မျိုးကို အရင်တုန်းက အခြားလူတစ်ယောက်၏ မျက်နှာပေါ်တွင်လည်း မြင်တွေ့ ခဲ့ဖူးသည်။ သူက သည်လူကို လေးစားသလို တစ်ချိန်တည်းမှာလည်း မုန်းတီးလေ၏။ သူကတော့ ဟင်္သာပြဒါး ပထမမျိုးဆက် ဖြစ်သူ ရီဝူယောင်ပင် ဖြစ်လေ၏။
သူ့နှလုံးသားထဲ၌ ရီဝူယောင်က သူ့အတွက် အစ်ကိုကြီး တစ်ယောက်ကဲ့သို့ သဘောထားသည်။ စစ်ထူနန်က အမြဲတမ်း မာနကြီးသော်လည်း သူက သူ့အပေါ်မှာ ကြင်နာမှုပြသသော သူများကိုလည်း အတော်လေးပြန်လည် ဂရုစိုက်တက်၏။ ရီဝူယောင်က သူ့အပေါ်တွင် ကြင်နာမှုများစွာ ရှိခဲ့ပေသည်။ သူက သည်အရာများကို ထုတ်လှစ် မပြတတ်သော်လည်း သူ့နှလုံးသားထဲတွင် အမြဲရှိလေ၏။ သူ့ စိတ်ဆန္ဒအရ သည်ဂြိုဟ်ကနေ ထွက်သွား ချင်ခဲ့သော်လည်း ရီဝူယောင်၏ စကားတစ်ခွန်းက သူ့အကြံကို လက်လျှော့စေခဲ့ပြီး ဒုတိယမျိုးဆက် ဟင်္သာပြဒါး ဖြစ်လာခဲ့ရလေသည်။ သူ့နှလုံးသားထဲ၌ သည်ဟင်္သာပြဒါးဂြိုဟ်ကို စောင့်ရှောက်ခဲ့ခြင်းက ရီဝူယောင်အတွက်သာ ဖြစ်လေ၏။
ရီဝူယောင်နှင့် သူပထမဆုံးတွေ့သည့် အချိန်တုန်းက ရီဝူယောင်က အမြဲလိုပင် ဝမ်လင်းခု ဖြစ်ပေါ်နေသည့် အသွင်ဟန်ပန်မျိုး ရှိလေ၏။ ရီဝူယောင်က သေဆုံးသွားခဲ့ချိန်မှာပင် သူ့အသွင်က ဂုဏ်ယူဝံ့ကြွားခြင်းနှင့် ပြည့်နေခဲ့သေးသည်။
ရီဝုယောင်က အဆင့်လေးနိုင်ငံတစ်ခုရှိ ကလန်တစ်ခု၏ အဆင့်နိမ် တပည့်ကနေ ကလန်ခေါင်းဆောင် အထိ ဖြစ်လာခဲ့သည်။ ထို့နောက်မှာ သူက နိုင်ငံ၏ ကလန်အားလုံးကို တစ်ပေါင်း တစ်စည်းတည်း ဖြစ်စေခဲ့ပြီး နိုင်ငံတစ်ခု၏ ကလန်ခေါင်းဆောင် ဖြစ်လာခဲ့ပြန်သည်။
သည့်နောက် သူက အဆင့်လေးနိုင်ငံကနေ အဆင့်ငါးနိုင်ငံ၊သည့်နောက် အဆင့်ခြောက်နိုင်ငံ ရောက်သည့် အထိ ပြုလုပ်နိုင်ခဲ့ပြန်၏။
အဆင့်ခြောက်နိုင်ငံ ဖြစ်လာသည့်အတွက် ကျင့်ကြံခြင်း မဟာမိတ်အဖွဲ့ကြီးက သူ့ကို ဂြိုဟ်တစ်ခု ပေးခဲ့လေသည်။ သည်အရာများအားလုံးက ရီဝူယောင် ဖြစ်နေသောကြောင့်သာ လုပ်နိုင်ခဲ့ခြင်းပင်။
သူမရှိခဲ့လျှင် ဟင်္သာပြဒါးနိုင်ငံက သူတော်စင်လေးပါး ဂြိုဟ်ပေါ်ရှိ မထင်မရှား အဆင့်လေးနိုင်ငံလေး တစ်ခု အဖြစ်သာ ရှိနေခဲ့မည် ဖြစ်၏။ ၎င်းနိုင်ငံက ဖျက်ဆီး ခံခဲရတာတောင် ဖြစ်နိုင်နေသေးသည်။
စစ်ထူနန်က ဝမ်လင်းမျက်နှာပေါ်၌ ရီဝူယောင်ကဲ့သို့သော ဟန်ပန်မျိုး ဖြစ်ပေါ်လာသည်ကို သည့်အခိုက်တွင် တွေ့မြင်ခဲ့ရသည်။ သူ့စိတ်ထဲ၌ ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်သွားပြီး သူက သက်ပြင်းချကာ ပြောလိုက်၏။
“ထားလိုက်ပါတော့…။ ဒါက ခုချိန်မှာ ပြောဖို့ စောပါသေးတယ်။ ခုချိန်မှာ အရေးကြီးဆုံးက မင်းကို ဟင်္သာပြဒါး အုတ်ဂူနေရာကို ပို့ပြီး အဲ့နေရာမှာ ရှိတဲ့ ကျင့်ကြံခြင်း ဂြိုဟ်သလင်း ကျောက်ထဲက မင်း စိတ်ဝိညာဉ် အပိုင်းအစကို ထုတ်ယူနိုင်ဖို့ပဲ။ ဝမ်လင်း…ဟင်္သာပြဒါးအုတ်ဂူက ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်ရဲ့ ထူးဆန်းတဲ့အားနဲ့ ဝန်းရံထားတာ။ အဲ့တာကြောင့် ခုလက်ရှိ ဟင်္သာပြဒါး ခေါင်းစီးကျူးချွဲဇီကလွဲရင် ဘယ်အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူကမှ အထဲကို မဝင်နိုင်ဘူး။ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူတွေပဲ ဝင်လို့ရနိုင်တယ်။ ဒါကြောင့် ဒီတစ်ကြိမ် မင်းကို မကူညီနိုင်တော့ဘူး။ ဒါပေမဲ့ မင်းစိတ်အေးအေး ထားပါ။ မင်းက မင်းစိတ်ဝိညာဉ် အပိုင်းအစကို မယူနိုင်ခဲ့ရင်တောင် ငါ့မှာ နောက်ထပ် နည်းလမ်းတစ်ခု ရှိပါသေးတယ်။ ဒါပေမဲ့ အဲ့နည်းလမ်းက အလွန်ရှုပ်ထွေး ခက်ခဲတယ်။ ဒါ့ကြောင့် မင်းက မင်းဘာသာမင်း ပြန်ယူလာနိုင်ရင်တော့ အကောင်းဆုံးပဲ…”
ဝမ်လင်းက ခေါင်းညိတ်လိုက်၏။ သူက ဟင်္သာပြဒါးနိုင်ငံရှိရာသို့ လှမ်း၍ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ “ဟင်္သပြဒါးဂြိုဟ်ပေါ်မှာ ရှိတဲ့ ကိစ္စတွေက ပြီးစီးလုနီး ဖြစ်နေပြီ။ ငါက ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်ကို ရတာနဲ့ ဒီဂြိုဟ်ကနေ ထွက်ခွာ သွားတော့မယ်။ စစ်ထူ…စကြဝဠာကြီးက အကျယ်ကြီးပါ။ ငါတို့က နောက်အနာဂတ်ကြရင် ပြန်တွေ့နိုင်တဲ့ အခွင့်ရေးရှိလာဖို့ မျှော်လင့်ပါတယ်…” ထိုသို့ပြောပြီးသည်နှင့် ဝမ်လင်းက အကွာအဝေး တစ်ခုထံသို့ ပျံသန်း သွားလေသည်။
စစ်ထူနန်က ရယ်မော၍ ဝမ်လင်းနောက်သို့ လိုက်ပါသွားကာ ပြောလိုက်သည်။ “ဒါက ခုချိန်မှာပြောဖို့ စောလွန်းပါသေးတယ်။ ငါတို့က ခွဲခွာတဲ့အချိန်ကြမှ ဒီအကြောင်းပြောကြတာပေ့ါ။ ငါတို့ ထပ်တွေ့ဆုံလိမ့်မယ်လို့ ငါ ယုံကြည်တယ်။ တစ်ခုခုသာ မှားယွင်းမှု မရှိခဲ့ရင် ငါက ဖန်လိန်ဂြိုဟ်ပေါ်မှာ မင်းသား တစ်ပါး ဖြစ်နေလိမ့်မယ်…”
သူတို့က ပျံသန်းနေရင်း ဝမ်လင်းက ရုတ်တရက် ထမေးလိုက်သည်။ “စစ်ထူ… အာဏာ တက်ခြင်းအဆင့် အထက်မှာ ရှိတဲ့အဆင့်တွေက ဘာတွေလဲ…”
***