Switch Mode

အပိုင်း (၄၈၃)

ငါ့ကို ကယ်ပါ...

သည်အသံက ဝမ်လင်းနားထဲကနေ တစ်ဆင့် သူ့စိတ်ဝိညာဉ်ထိ တိုက်ရိုက် ရောက်ရှိလာ၏။ သည်အသံက အတိတ်တုန်းက ငိုညည်းသံနှင့် တစ်ထေရာတည်းပင်။

ဝမ်လင်းက အသံကို လစ်လျူရှုကာ ဂူနံရံတွင်းပေါက်ငယ် ထဲသို့ လျင်မြန်စွာ ဖြတ်သန်းသွားနေ၏။ သူ့ကျင့်ကြံမှု အဆင့်ဖြင့် သူက နံရံပေါ်ရှိ အပေါက်ငယ်ကို ဖြတ်ကာ လျှို့ဝှက်ခန်းထဲသို့ လျင်မြန်စွာ သွားနိုင်စွမ်း ရှိပေသည်။

သိပ်မကြာခင်မှာပင် ဝမ်လင်းက နံရံနောက်ရှိ မရေမတွက်နိုင်သော အပေါက်ငယ်များနှင့် ပြည့်နေသည့် လိုဏ်ဂူတစ်ခုထံသို့ ရောက်ရှိလာခဲ့သည်။ သူက သည်အပေါက်ငယ် များထဲက တစ်ခုထဲသို့ ဖြတ်ကျော် ဝင်လိုက်သည်။

လိုဏ်ဂူ၏ အလယ်တွင် ဧရာမ ခေါင်းတလားကြီး တစ်ခု ရှိလို့နေသည်။ သည်ခေါင်းတလားက သာမန်ဆန်ကာ မည်သည့် မွမ်းမံထားမှုမှ မရှိချေ။ သို့ရာတွင် ၎င်းခေါင်းတလား ထဲကနေ အားကောင်းသော ယင်စွမ်းအင်အော်ရာကို ထုတ်လွှတ်လျက် ရှိနေ၏။ ထိုယင်စွမ်းအင် အော်ရာက အဖြူရောင် အခိုးငွေ့များ အဖြစ်သို့ ပြောင်း၍ ဂူနံရံပေါ်ရှိ အပေါက်ငယ်လေး များထဲသို့ တိုးဝင်လို့နေသည်။

ခေါင်းတလားထဲ၌ ကြီးမားသည့် တွင်းပေါက်ကြီးတစ်ခုက လွဲ၍ မည်သည့်အရာမှ ရှိမနေခဲ့ချေ။ သည်ယင်စွမ်းအင် အော်ရာက ၎င်းတွင်းပေါက်ထဲကနေ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။

ဝမ်လင်းက ရပ်တန့်ခြင်းမရှိဘဲ ခေါင်းတလားထဲသို့ တိုးဝင်လိုက်သည်။ ယင်အော်ရာက အလွန်သိပ်သည်းနေပြီး သူ့အား ပို၍ နက်သည့်အထိ မသွားနိုင်အောင် ၎င်းယင်စွမ်းအင်များက တားဆီးနေကြ၏။

“ငါ့ကို ကယ်ပါ…” တွင်းပေါက်ထဲကနေ ထွက်ပေါ်လာသည့် အကူအညီတောင်းသံက ပို၍ အသည်းအသန် ဖြစ်လာခဲ့ပြီး ဝမ်လင်းနားထဲ၌ ပဲ့တင်ထပ်လို့နေသည်။

ဝမ်လင်းက တွင်းပေါက်ထဲသို့ ဝင်ရောက်သွား၏။ သူက ပိုနက်နက် ဝင်ရောက်မိလေ ယင်စွမ်းအင်များကလည်း ပိုအားကောင်းလာလေ ဖြစ်၏။ ယင်အော်ရာက ဝမ်လင်း ပတ်လည်၌ ဝန်းရံနေပြီး သူက အထဲသို့ ဆက်၍ သွားနိုင်စွမ်း မရှိ ဖြစ်နေ၏။

ဝမ်လင်းက ပိုနက်သည့်နေရာသို့ သွားနေစဉ် သူ့ရှေ့၌ အပြာရောင် အခိုးငွေ့ ဒြပ်ထုတစ်ခု ပေါ်ပေါက်လာသည်။ အပြာရောင်အခိုးငွေ့က သည်ဧရိယာကို ချိပ်ပိတ်ထားသည့် တံခါးတစ်ချပ် ဖြစ်သည်ဟု ထင်မှတ်ရ၏။

ဝမ်လင်းက သည်အပြာရောင် အခိုးငွေ့များထဲသို ဝင်ရောက်လိုက်၏။

“ငါ့ကို ကယ်ပါ…” အကူအညီတောင်းသံက အပြာရောင် အခိုးငွေ့များ လွင့်ပြယ် သွားစဉ်တွင် ပိုမို ရှင်းလင်းလာခဲ့၏။

အတိတ်တုန်းကတော့ ဝမ်လင်းက သည်ယင်စွမ်းအင်များကို ကိုင်တွယ်နိုင်ခြင်း မရှိချေ။ သူက အမှားတစ်ခု လုပ်မိသည်နှင့် ယင်စွမ်းအင်က သူ့ခန္ဓာကိုယ်ထဲသို့ ဝင်လာပြီး သူ့ကို အေးခဲ သွားစေခဲ့မည် ဖြစ်၏။ သို့သော် ခုချိန်တွင်တော့ သူက အလွန်သက်တောင့်သက်သာ ခံစားနေရပြီး ယင်စွမ်းအင်ကြောင့် ဖြစ်ပေါ်လာသည့် တံခါးများကို ဖျက်ဆီး ဝင်ရောက်နိုင်ခဲ့သည်။

သူက တွင်းပေါက် အောက်ခြေနားသို့ ရောက်လာသည့်အခါတွင် ဝမ်လင်းက နောက်ဆုံး ယင်စွမ်းအင်တံခါးကို ဖျက်ဆီး၍ ဖြတ်ကျော် ဝင်ရောက်လိုက်၏။

အောက်ခြေ၌ ကြီးမားသည့် လိုဏ်ဂူကြီးတစ်ခု ရှိလို့နေသည်။

လိုဏ်ဂူဗဟို၌ အဖြူရောင် မြူခိုးထုကြီးတစ်ခုကနေ အားကောင်းသော ယင်စွမ်းအင်ကို ထုတ်လွှတ်လျက် ရှိနေ၏။ အဖြူရောင်မြူခိုးများက သည်လိုဏ်ဂူ၏ လေးပုံသုံးပုံကို နေရာ ယူထားပေသည်။

ဝမ်လင်းပုံရိပ်က လေထဲ၌ ထွက်ပေါ်လာ၏။ သူ့မျက်လုံးက အဖြူရောင်မြူခိုးကို စူးစိုက်ကြည့်နေရင်း တလက်လက် ဖြစ်လို့နေသည်။

သည်အဖြူရောင်မြူထုထဲ၌ ခရမ်းရောင် သွေးကြောများက လှုပ်ရှားနေစဉ် ၎င်းမြူထု အတွင်းကနေ တစ္ဆေအလင်းများ တဖျပ်ဖျပ် ထွက်ပေါ်လာလျက် ရှိလို့နေသည်။ သွေးကြေများက ပိုမိုလှုပ်ရှားလေလေ အမြူရောင်မြူများက ပိုထွက်ပေါ်လာလေ ဖြစ်နေ၏။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက အသက်ဝဝ ရှူသွင်းလိုက်၏။ ထို့နောက် သူက လေမှုတ်ထုတ်လိုက်၏။ ခပ်ကြမ်းကြမ်းလေတိုက်မှုတစ်ခုက သည် အဖြူရောင် မြူထုကြီးကို လွင့်ပြယ် သွားစေ၏။ သို့သော် ၎င်းက လွင့်ပြယ်သွားသည့် အခိုက်မှာပင် နောက်တစ်ဖန် ပြန်ပေါ်လာပြန်သည်။

ဝမ်လင်းက တည်ငြိမ်စွာ ရှိနေပြီး သူက အေးစက်စွာ နှာခေါင်း ရှုံ့လိုက်၏။ သူက သိုလှောင်အိတ် ထဲကနေ ကောင်းကင်ဘုံ ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်သည်။ သည့်နောက်သူက ဘယ်ဘက်လက်တွင် ၎င်းကျောက်စိမ်းပြားကို ကိုင်ထားရင်း ညာလက်ဖြင့် ချိပ်တံဆိပ် တစ်ခုကို ပြုလုပ်လိုက်၏။ သူက အဖြူရောင် မြူထုထံသို့ ညာလက်ဖြင့် လက်ညွှန်ကာ ပြောလိုက်သည်။ “လေ…ရွေ့လျားခြင်း…”

အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူ တစ်ယောက်ပင် အသုံးပြုနိုင်သည့် အခြေခံ လေနည်း စနစ်တစ်ခုကို ဝမ်လင်းက အခု အသုံးပြုလုပ်ခြင်း ဖြစ်သည်။ သို့ရာတွင် သည်မန္တာန်ထဲ၌ ကောင်းကင်ဘုံ စွမ်းအင်တို့ ပါဝင်နေ၏။ ထို့ကြောင့် ခု၎င်း၏စွမ်းအားက စိတ်ကူးနိုင်သည်ထက် ပိုနေခဲ့သည်။ လေကြမ်းတစ်ခုက ပိုမိုအားကောင်းစွာ ဖြစ်ပေါ်လာပြီးနောက် အဖြူရောင်မြူထု ထံသို့ တိုးဝင်တိုက်ခတ် ပစ်သည်။

သည်လေကြမ်းက ဒီရေလှိုင်းများနှင့် ဆင်တူပြီး အဖြူရောင်မြူများကို အဝေးသို့ မြန်ဆန်စွာ ရွေ့လျား စေနေသည်။ သည့်နောက် ၎င်းက မုန်တိုင်း တစ်ခုအသွင်သို့ ပြောင်း၍ အဖြူရောင် မြူခိုးထုကို ဆွဲယူ တိုက်ခတ် ပစ်လေ၏။

မြူများက သည်မုန်တိုင်းကြောင့် လွင့်ပြယ် သွားစေခဲ့သည့် အတွက် အထဲရှိ ဖုံးကွယ်နေသည့် အရာတစ်ခုက ထွက်ပေါ်လာခဲ့သည်။

ကြီးမားပြီး အဝတ်မဲ့ကာ အပြာရောင် အသားအရည် ရှိသော အလောင်း ခန္ဓာကိုယ်ကြီး တစ်ခုက လေထဲ၌ မြောလွင့်လို့နေ၏။ သူ့အရေပြားများက ရှေးဟောင်း နတ်ဘုရား၏ အရေပြားကဲ့သို့ ခပ်ကြမ်းကြမ်း ရှိလို့နေသည်။

အလောင်းကောင်၏ အပေါ်ထိပ်ပိုင်း၌ ခရမ်းစိမ်းရောင် အပင်များ ဖုံးလွှမ်းလို့နေသည်။ သည်အပင်များ လှုပ်ရှားသွားသည့် အချိန်တိုင်းတွင် အလောင်းကောင်က တဖြည်းဖြည်း ကျုံ့လာခဲ့ပြီး လျင်မြန်စွာ ပြန်ကောင်းလာ၏။

ဝမ်လင်းကို တုန်လှုပ်သွားစေသည့် အရာကတော့ သည်ဧရာမ အလောင်းကောင်ကြီး၏ နှဖူးပေါ်ရှိ ဖျော့တော့တော့ ပုဆိန်တစ်ခုက အားနည်စွာ တဖျပ်ဖျပ် ရှိလို့နေခြင်းပင်။

သူက သည်အလောင်းကောင်က ဘီလူးနတ်ဆိုးကလန်ကို သည်ဂြိုဟ်သို့ ခေါ်ယူလာခဲ့သော ကလန်တည်ထောင်သူဘိုးဘေး ဖြစ်လိမ့်မည်လို့ ယုံကြည်နေ၏။

သည်လူက စွန့်ပစ်ခံ မသေမျိုးကလန်ထဲသို့ တဟုန်ထိုး ဝင်ရောက်၍ ဧရာမပုဆိန်ကြီး တစ်လက်နှင့် သစ်ရွက်ကိုးရွက် နတ်ဆရာသုံးယောက်ကို သတ်ဖြတ်ခဲ့သည့်သူပင် ဖြစ်သည်။

ဝမ်လင်းက စွန့်ပစ်ခံမသေမျိုးကလန်၏ အဆင့်သတ်မှတ်ချက်များကို ပို၍ သဘောပေါက် လာခဲ့ပြီ ဖြစ်၏။ သစ်ရွက်ခုနစ်ရွက် အဆင့်အောက်ရှိ အဆင့်များကို လျစ်လျူရှုထားပါက သစ်ရွက်ခုနစ်ရွက်နှင့် ရှစ်ရွက်နတ်ဆရာများက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူများနှင့် တူညီသည့် အဆင့်တွင် ရှိပေသည်။ သစ်ရွက်ကိုးရွက် နတ်ဆရာကတော့ အာဏာတက်ခြင်း အစောပိုင်းအဆင့်နှင့် ညီမျှ၏။

သည်အာဏာတက်ခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူ သုံးယောက်ကို သတ်ဖြတ်နိုင်ရန်က လွယ်ကူလှသည့်အရာ မဟုတ်ချေ။ သည့်အပြင် သူက ရန်သူစစ်တပ်၏ အလယ်ထိ တစ်ဟုန်းထိုး ထွင်းဖောက်၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သည်လိုမျိုး ကြမ်းကြုတ်မှုနှင့် တိုက်ပွဲဝင်စွမ်းအားက မြင်တွေ့ရခဲပေ၏။

“ငါ့ကို ကယ်ပါ…” အကူအညီတောင်းသံက ပိုမိုရှင်းလင်း လာခဲ့သည်။ ထိုအသံက ဝမ်လင်းနားထဲသို့ ဝင်ရောက်လာပြန်၏။

ဝမ်လင်းက သည်အသံကို လျစ်လျူရှု ထားလေသည်။ သူက ရှေ့သို့တိုးကာ သည်ဧရာမ ခန္ဓာကိုယ်ကြီးကို အနီးကပ် ကြည့်လိုက်၏။ သူက သည်ခန္ဓာကိုယ်ကြီးထံ ကနေ အားကောင်းသော အသက်စွမ်းအင်ကို ခံစားလိုက်ရသည်။ သို့သော် သည်အသက် စွမ်းအင်ကို ထူးဆန်းသည့် အစီအရင်တစ်ခုက ရွေ့လျား၍မရအောင် ပြုလုပ်ထားလေသည်။

ခရမ်းစိမ်းရောင်အပင်များကတော့ ၎င်းတို့၏ အမြစ်များက သည်ဧရာမ ခန္ဓာကိုယ်ကြီးထဲသို့ အပ်များကဲ့သို့ ထွင်းဖောက်လျက် ရှိနေသည်။ သည်အပင်များက ခန္ဓာကိုယ်ကြီး၏ အဆုံးမဲ့သော အသက်စွမ်းအင်ကို စုပ်ယူကာ ယင်စွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးနေသည်။

သည်မြင်ကွင်းက ဝမ်လင်းကို တုန်လှုပ်စေမိ၏။

သည်ဘီလူး နတ်ဆိုးကလန် ဘိုးဘေးခန္ဓာကိုယ်က ရှေးဟောင်း နတ်ဘုရားများလောက် မသန်မာသော်လည်း ဝမ်လင်း၏ လက်ရှိ ကြယ်သုံးလုံး ရှေးဟောင်းနတ်ဘုရားထက်တော့ အဆများစွာ ပိုမိုသန်မာပေသည်။ ၎င်းခန္ဓာကိုယ်က ကြယ်ငါးလုံး ရှေးဟောင်း နတ်ဘုရား ခန္ဓာကိုယ်နှင့်ပင် နှိုင်းယှဉ်လို့ရ၏။

“ဘီလူးနတ်ဆိုးကလန် တည်ထောင်သူ ဘိုးဘေးရဲ့ ကျင့်ကြံမှုအဆင့်က အမှန်ကို တုန်လှုပ်စရာပဲ…”

“ငါ့ကို ကယ်ပါ…။ ငါ့ကို ကယ်ပါ…” အကူအညီ တောင်းခံသံများက ပိုပို၍ အကြိမ် စိပ်လာခဲ့သည်။ ကြည့်ရသည်မှာ ဘီလူးနတ်ဆိုးကလန်၏ တည်ထောင်သူ ဘိုးဘေးက ဝမ်လင်း တည်ရှိမှုကို သတိပြုမိသည့်ပုံပင်။

ဝမ်လင်းက သည်အသံကို လျစ်လျူရှုထားပြီး ၎င်းခန္ဓာကိုယ်ကြီးပေါ်သို့ ခြေချလိုက်၏။ သူက ခြေချလိုက်သည့် အခိုက်တွင် ခရမ်းစိမ်းရောင် အပင်များက တစီစီ အသံများ စတင်ထုတ်လွှတ် လာ၏။ သိပ်မကြာခင်မှာပင် သည်အပင်များက စတင် လှုပ်ရှားလာကြသည်။ သူတို့၏ချွန်မြသော အမြစ်များက သည်ဧရာမ ခန္ဓာကိုယ်ကြီးကနေ ထွက်ပေါ်လာပြီး ဝမ်လင်းထံသို့ ညွှန်၏။

သည်လိုဖြစ်ပျက် နေစဉ်တွင် ဧရာမ ခန္ဓာကိုယ်ကြီးက နာကျင်မှုကြောင့် တွန့်လိန် သွားလေ၏။

ဝမ်လင်းက သည်အပင်များကို အေးစက်စွာ ကြည့်လိုက်သည်။ ထို့နောက် သူက လက်ဝှေ့ယမ်းလိုက်ရာ မီးတောက်များက သည်ဧရိယာတစ်ခုလုံးကို ဖုံးလွှမ်း သွားတော့သည်။ သည်မီးတောက်ထဲ၌ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များ ပါဝင်နေ၏။ ထို့ကြောင့် သည်အပင်များက ချက်ချင်းပင် နောက်သို့ ပြန်ဆုတ်သွားလေ၏။

သူက သည်အပင်များကို ထိခိုက်မှု မရှိစေလိုပေ။ သူ့အတွေ့အကြုံအရ သည်အပင်များက သည်ခန္ဓာကိုယ်ကြီးထဲ၌ အတားအဆီးများ ပြုလုပ်ထားသည့် အရာများ ဖြစ်သည်ဟု သေချာပြောနိုင်ပေသည်။ သူက သည်အပင်များကို ဖျက်ဆီးပစ်လျှင် ချိပ်ပိတ်မှုကို အနှောင့်အယှက် ဖြစ်သွားစေပြီး သည်ခန္ဓာကိုယ်ကြီးကို လွတ်မြောက် သွားစေနိုင်၏။ ဝမ်လင်းက သည်ခန္ဓာကိုယ်ကြီး ဘေးတွင် ထိုင်၍ သူ့ရှိက သွေးစက်များကို ငှားရမ်းနိုင်မလားဟု တောင်းဆိုလိုခြင်း မရှိချေ။

သည်အပင်များက နောက်သို့ ဆုတ်သွားသည့်အခိုက်မှာပင် ဝမ်လင်းက သိုလှောင်အိတ်ထဲက‌နေ ကောင်းကင်ဘုံဓားကို ထုတ်ယူလိုက်၏။ သူက ဓားဖြင့် ဧရာမ ခန္ဓာကိုယ်ကြီးပေါ်သို့ ခုတ်ချလိုက်သည်။

သတ္တုနှစ်ခုထိတိုက်သံကဲ့သို့ အသံများကြားလိုက်ရပြီး ဓားကျရောက်သွားသော‌ နေရာကနေ မီးပွင့်လို့သွားသည်။ အားကောင်းသေဖိအားတစ်ခုက ဓားထံသို့ ကန်ပြန်လာခဲ့၏။

သည်အားက ကောင်းကင်ဘုံဓားကို နောက်သို့ သုံးလက်မလောက် ဆုတ်သွားစေ၏။ ဝမ်လင်းက အံ့အားသင့်သွား၏။ သူက သည်အပင်များသည် ခန္ဓာကိုယ်ထဲသို့ လွယ်ကူစွာ စိုက်ဝင်နိုင်သည်ကို တွေ့မြင်ခဲ့ရချိန်၌ ၎င်းခန္ဓာကိုယ်ကို ဓားဖြင့် လွယ်ကူစွာ ဖြတ်တောက်နိုင်ပြီဟု တွေးထင်ခဲ့မိပေသည်။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး ပတ်ဝန်းကျင်ရှိ အပင်များကို ကြည့်လိုက်သည်။ သူက ကောင်းကင်ဘုံဓားနှင့်ဆိုလျှင် သည်နေရာကနေ လျှင်မြန်စွာ ထွက်သွားနိုင်စွမ်း ရှိလေ၏။

ပတ်ဝန်းကျင်ရှိ အပင်များက တစီစီအသံများ ထွက်ပေါ်လျက် ရှိသည်။ ထို့နောက် ခရမ်းရောင် အလင်းတန်းတစ်ခုက ၎င်းတို့ထဲကနေ ထွက်ပေါ်လာပြီး ဝမ်လင်းကို တိုက်ခိုက်လာ၏။

ဝမ်လင်းက ကောင်းကင်ဘုံဓားကို ဝှေ့ယမ်းလိုက်ရာ အပင်အားလုံးက နောက်သို့ ဆုတ်သွားတော့၏။ သူက လက်ဆန့်တန်းကာ အပင်များထဲက တစ်ပင်ကို ဖမ်းယူလိုက်ပြီး အပင်တစ်ဝက်ကို ပိုင်းဖြတ်လိုက်၏။

သူက ထိုအပင်တစ်ဝက်ကို သေချာစူးစမ်းကြည့်ရာ ၎င်းအပင်ထိပ်ဖျား ကနေ အစိမ်းရောင် အရည်တစ်ခု စိမ့်ထွက်နေပြီး ပုပ်နံ့တစ်ခုကို ပေးစွမ်းနေ၏။

သူက အပင်များထဲက ကိုင်းတစ်ခုကို ထပ်မံဖမ်းယူ လိုက်ပြီးနောက် ဧရာမ ခန္ဓာကိုယ်ကြီး ပေါ်သို့ ဖိချလိုက်သည်။ ထို့နောက် သူက သစ်သားလောင်ကျွမ်းရာမှ ထွက်ပေါ်လာသည့် အသံမျိုး ကိုကြားလိုက်ရသည်။ အနက်ရောင် မြူခိုးများက အပင်အမြစ်ရှိသည့် နေရာကနေ မြှင့်တက် လာခဲ့သည်။ သည့်နောက် သည်မြူခိုးငွေ့များက ဧရာမ ခန္ဓာကိုယ်ကြီးထဲသို့ လွယ်လင့်တကူ ဝင်ရောက် သွားကြသည်။

ထိုအခိုက်မှာပင် အပင်များထံကနေ ပြင်းထန်သော အားတစ်ခု ထွက်ပေါ်လာခဲ့၏။ သည်အားကြောင့် ဝမ်လင်းလက်ထဲရှိ အပင်များက သူ့လက်ကနေ လွတ်မြောက်သွားကာ ဧရာမ ခန္ဓာကိုယ်ကြီးထဲသို့ ပျောက်ကွယ် သွားတော့သည်။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားလေ၏။ သူက ပတ်ဝန်းကျင်ရှိ သူ့အနားသို့ ကပ်မလာဝံ့သည့် အပင်များကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်၏။

“ဒီဖြစ်စဉ်က စိတ်ဝင်စားဖို့ ကောင်းသာပဲ…” သူက သိုလှောင်အိတ်ထဲကနေ ကျောက်စိမ်းပုလင်းကို ထုတ်ယူလိုက်၏။ သည်ကျောက်စိမ်း ပုလင်းက သူ ကောင်းကင်ဘုံ နယ်မြေသို့ သွားခဲ့စဉ်တုန်းက မတော်တဆ ရရှိခဲ့ခြင်း ဖြစ်သည်။ သည်ပုလင်းက အထူးအထွေ အသုံးဝင်တာ မရှိလှဘဲ အရည်များစွာကိုသာ စုဆောင်း ထိန်းသိမ်းနိုင်စွမ်း ရှိလေ၏။ ၎င်း၏ လုပ်ဆောင်ချက်က သိုလှောင်အိတ်နှင့် ဆင်တူသည်။

လက်တစ်ဖက်တည်း၌ ကျောက်စိမ်းပုလင်းကို ကိုင်ဆောင်ထားရင်း ဝမ်လင်းက အခြား လက်တစ်ဖက်ဖြင့် ဧရာမခန္ဓာကိုယ်ကြီး၏ ဒဏ်ရာပေါ်သို့ ဖိချလိုက်သည်။ သည့်နောက်သူက အားအချို့ စိုက်ထုတ်လိုက်ရာ ခန္ဓာကိုယ်ပေါ်ရှိဒဏ်ရာမှ သွေးများက ကျောက်စိမ်း ပုလင်းထဲသို့ စီးဝင်သွားတော့၏။

“ငါ့ကို ကယ်ပါ…” ဝမ်လင်းက ဧရာမခန္ဓာကိုယ်ကြီးပေါ်တွင် မတ်တတ်ရပ်လျက် ရှိနေ၏။ အကူအညီ တောင်းသံက သူ့နားသို့ ကပ်၍ အော်လိုက်သည့် အလား ထင်မှတ်ရပြီး အလွန်ကြည်လင် ရှင်းလင်းလှ၏။

ဝမ်လင်းက ဘီလူးနတ်ဆိုး ကလန်တည်ထောင်သူ ဘိုးဘေး၏ အကူအညီ တောင်းသံကို လစ်လျူရှုထားဆဲ ဖြစ်သည်။ သူက အကြောင်းပြချက်တစ်ခုမရှိဘဲ သူ ထိန်းချုပ်နိုင်စွမ်း မရှိသည့် တစ်စုံတစ်ယောက်ကို ကယ်တင်လိမ့်မည် မဟုတ်ချေ။ သည်ခန္ဓာကိုယ်ကြီးက သူ့ကျင့်ကြံမှု အဆင့်ပြန်ရသည်နှင့် ဝမ်လင်းက သူ့အတွက် အသုံးမဝင်တော့ချေ။

သည်လူက ရတနာများစွာ ပေးမည်ဟု ကတိပေးထားရင်တောင် ဝမ်လင်းကို စွဲဆောင်နိုင်ရန် ခက်ခဲနေဦးမည်သာ။ သူက သည်နေရာတွင် ဘီလူးနတ်ဆိုးကလန် ဘိုးဘေး ခန္ဓာကိုယ်ကြီးထံက သွေးရယူရုံကလွဲ၍ မည်သည့်ပြသနာမျှ မတက်လိုချေ။

သွေးစက်များက တစ်စက်ပြီးတစ်စက် ကျလို့နေ၏။ ဝမ်လင်းမျက်လုံးက ဧရာမ လည်ပင်ကြီးပေါ်ရှိ သွေးကြောကို ကြည့်နေရင်း တလက်လက် ဖြစ်နေသည်။

သို့ရာတွင် ခရမ်းစိမ်းရောင် အပင်များက သူ့ရင်ဘတ်ကြီးပေါ်၌ ဖုံးလွှမ်းထားလေသည်။ သည်အပင်များက နေရာတိုင်းတွင် ရှိနေပြီး ခြေကုပ်ယူစရာ နေရာမရှိချေ။

“ငါ့ကို ကယ်ပါ…။ ငါက မင်းကို ဘီလူးနတ်ဆိုးကလန်ရဲ့ အဓိက ရတနာ ပေးပါ့မယ်…”

***

Comment

Leave a Reply

Options

not work with dark mode
Reset