ကျောက်နိုင်ငံ၏ အနောက်ဘက်ခြမ်း၌ အလွန်အေးစိမ့်သော ကွင်းပြင်နေရာ တစ်ခု ရှိလေသည်။ ကျင့်ကြံသူများပင် ထိုနေရာသို့ ခြေတစ်လှမ်းချရန် ခဲယဉ်းလေ၏။
အစွန်းဆုံအေးစက်သည့်အပြင် သည်နေရာက၌ နိုင်းမြေကမ္ဘာအော်ရာတစ်ခုလည်း ရှိနေ၏။ သည်နိုင်းမြေ ကမ္ဘာအော်ရက စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူများပင် မထိတွေ့လိုကြချေ။ စဦးစိတ်ဝိညာဉ် အဆင့်အောက်ရှိ မည်သူမဆို ၎င်းကို ထိတွေ့မိသည့်နှင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားမည် ဖြစ်၏။
သည်နေရာက ကျောက်နိုင်ငံ၏ အလောင်းကောင် ကလန်တည်ရှိသည့် နေရာဖြစ်သည်။
ဝမ်လင်းက သည်ကွင်းပြင်နေရာထဲသို့ တစ္ဆေတစ်ကောင်ကဲ့သို့ လှုပ်ရှား ဖြတ်ကျော်လာ၏။ သူက သည်နေရာသည် ကြီးမားသည့် အစီအရင်များနှင့် ဝန်းရံထားကြောင်း သတိပြုမိသည်။ ထို့ကြောင့် သာမန်လူများက သည်နေရာသို့ ဝင်ရောက်နိုင်စွမ်း ရှိမည် မဟုတ်ချေ။
သို့ရာတွင် သည်အစီအရင်များက ခုလက်ရှိ ဝမ်လင်းအတွက် ချိုးဖျက်ရန် အလွန်လွယ်ကူ နေပေသည်။ သူက ကွင်းပြင်၏ တစ်နေရာတွင် ရပ်တန့်လိုက်၏။ ထို့နောက် သူက ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ် သွားတော့သည်။
ဝမ်လင်း ပြန်ပေါ်လာသည့် အခါတွင် သူက မြေအောက်တစ်နေရသို့ ရောက်ရှိနေခဲ့သည်။ သူက ပတ်ပတ်လည်ကို ကြည့်ရှုလိုက်ရာ အဆုံးမဲ့သော ဥမင်များနှင့် လိုဏ်ဂူများကို တွေ့လိုက်ရသည်။
သည်လိုဏ်ဂူတစ်ခုချင်းစီ၌ ကျင့်ကြံသူများက ကျင့်ကြံလျက် ရှိနေကြ၏။ သည်လူများက အမျိုးမျိုးသော ကျင့်ကြံခြင်း အဆင့်များ ရှိနေကြသည်။ အများစုကတော့ အခြေခံ တည်ဆောက်ခြင်း အဆင့်တွင်သာ ရှိလေ၏။ အနည်းငယ်ကသာ အမြုတေဖွဲ့တည်ခြင်း အဆင့်၌ ရှိကြပေသည်။ စဦးစိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူများကတော့ အလွန်နည်းပါးစွာ ရှိကြ၏။
ဝမ်လင်းက နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ရာ အလောင်းကောင်ကလန် တစ်ခုလုံးက သူ့စိတ်ထဲ၌ ပေါ်လာခဲ့သည်။ သူက ကလန်၏ဗဟိုရှိ လိုဏ်ဂူများကို ပို၍ အာရုံစိုက်ကြည့်လိုက်သည်။
လီချင်းပိုင်က ကလန်ဗဟိုရှိ ကြီးမားသည့် လိုဏ်ဂူကြီးတစ်ခုတွင် ကျင့်ကြံလျက် ရှိနေသည်။ သူ့နောက်တွင်တော့ အနက်ရောင် မြူခိုးတစ်ခု ရှိလို့နေသည်။
လီချင်းပိုင်က ကျောက်နိုင်ငံ၏ အခုလက်ရှိ ကလန်ခေါင်းဆောင် တစ်ယောက် ဖြစ်သည်။ သူက စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့်တွင် ရှိလို့နေ၏။
သူ့အပြင်ပိုင်းအသွင်အပြင်အရ သူက အသက်လေးဆယ် ပတ်လည်၌သာ ရှိမည်ဟု ထင်မှတ်ရသည်။ သူ့ခေါင်းထက်၌ ဆံပင်အဖြူ အနည်းငယ် ရှိနေသော်လည်း ချောမောနေတုန်းပင်။ သူက ငယ်ရွယ်စဉ်တုန်းက မိန်းမကြိုက် ယောက်ျား တစ်ယောက် ဖြစ်ခဲ့ပေလိမ့်မည်။
သူက ကျောက်နိုင်ငံရှိ အလောင်းကောင် ကလန်တွင် နှစ်နှစ်ရာခန့် နေထိုင်ခဲ့ပြီးဖြစ်ကာ အလွန်လည်း သတိရှိသူ တစ်ယောက်ဖြစ်သည်။ သူက ပြင်ပကမ္ဘာသို့လည်း ထွက်ခဲလှ၏။
သူက သူ့အချိန်အများစုကို တံခါးပိတ် ကျင့်ကြံခြင်းဖြင့်သာ ကုန်ဆုံးစေခဲ့ပြီး သူ့အလောင်းကောင် ရုပ်သေးရုပ်ထဲရှိ စိတ်ဝိညာဉ်က သူ့ကိုမလွှမ်းမိုးခင် စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရှိ ချင်နေခဲ့သည်။ ဟင်္သာပြဒါး ဂြိုဟ်ပေါ်ရှိ အလောင်းကောင် ကလန်ခေါင်းဆောင်က သူ့အတွက် ကောင်းမွန်သော ခန္ဓာကိုယ်တစ်ခုကို ပြင်ဆင် ပေးထားခဲ့၏။ သည့်အတွက်ကြောင့် သူက အလောင်းကောင်ကလန်၏ ပင်မတပည့်တစ်ယောက် ဖြစ်လာချင်သည့် စိတ်ဆန္ဒရှိလို့နေသည်။
ကျင့်ကြံနေသော လီချင်းပိုင်က ဝမ်လင်း၏နတ်ဘုရားအာရုံကို ထောက်လှမ်းနိုင်စွမ်း မရှိချေ။ သို့သော် သူ့နောက်ရှိ အနက်ရောင် မြူခိုးကတော့ တုန်ခါသွားပြီး ၎င်းအတွင်း၌ တစ္ဆေမျက်လုံးနှစ်ခု ပေါ်လာခဲ့သည်။
သည်မျက်လုံးများက ပုံမှန်အတိုင်း ရှိမနေဘဲ ကြောက်ရွှံ့မှုနှင့် ပြည့်နေသည့် အသွင် ရှိသည်။
“စီနီယာ…” သည်မြူခိုးပုံရိပ်က တုန်ခါသွားပြီး စကားပြောဟန် ပြင်လိုက်၏။
“မင်းက ငါ့နတ်ဘုရားအာရုံကို စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်လောက်နဲ့ ထောက်လှမ်းနိုင်တဲ့ အတွက် စိတ်ဝင်စားဖို့တော့ ကောင်းနေပြီ…” ဝမ်လင်းအသံက အနက်ရောင် မြူခိုးပုံရိပ်၏ နားထဲ၌ ပဲ့တင် ထပ်သွားလေ၏။
အနက်ရောင်မြူခိုးပုံရိပ်က ထပ်မံ ပိုမိုတုန်ယင်သွားသည်။ ဝမ်လင်းနတ်ဘုရားက လွှမ်းခြုံလာသည့် အခိုက်တွင် သူ့ကိုယ်ပေါ်၌ လေအေးတစ်ချက် တိုက်ခိုက် သွားသလို ခံစားလိုက်ရပြီး သူ့မူလစိတ်ဝိညာဉ်ပင် မတည်မငြိမ် ဖြစ်သွားရ၏။ သည်လို ခံစားမှုများက သူ့ကလန်၏ အကြီးအကဲများနှင့် မျက်နှာချင်း ဆိုင်ရသည့် အချိန်တွင်သာ ရရှိခဲ့ဖူးပေသည်။
သည်အနက်ရောင်မြူခိုးပုံရိပ်က ခပ်မြန်မြန် တုန်ရင်စွာ ပြောလိုက်သည်။ “ကျေးဇူးပြု၍ သနားပါ စီနီယာ…။ ဒီတပည့်ရဲ့ ကျင့်ကြံခြင်း နည်းလမ်းက နတ်ဘုရားအာရုံနဲ့ ဆက်နွှယ်နေတဲ့ အတွက် ရေးတေးတေး သတိပြုမိလိုက်တာပါ…”
သူက သည်စီနီယာ၏ ကျင့်ကြံမှု အဆင့်ဖြင့်ဆိုလျှင် သူ့ခန္ဓာကိုယ် ရှိနေရင်တောင် သည်စီနီယာက သူ့ကို အလွယ်တကူ သတ်ပြစ်နိုင်သည်ကို သိလေ၏။ သူက သည်လူသည် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်မှန်း ခံမှန်းမိပြီး ဖြစ်၏။
“အို…မင်းက ဘယ်ကလန်ကလဲ…” ဝမ်လင်းက သူ့နတ်ဘုရားအာရုံဖြင့် သတင်းပို့ကာ မေးမြန်းလိုက်သည်။
“စီနီယာ…ငါက ဟင်္သာပြဒါးဂြိုဟ်က မဟုတ်ပါဘူး။ ထျန်ယွမ်ဂြိုဟ် မိုင်ကလန်က တပည့်တစ်ယောက်ပါ။ ဂျူနီယာက ခန္ဓာကိုယ်ဆုံးရှုံးခဲ့ပြီး အလောင်းကောင် ခန္ဓာကိုယ်ကနေ ခန္ဓာကိုယ်တစ်ခုကို အရင်းအမြစ်များစွာ ပေးပြီး သုံးစွဲနေရတာပါ…” အနက်ရောင် မြူခိုးပုံရိပ်က ခပ်မြန်မြန် ပြန်ဖြေလိုက်သည်။ သူက လိမ်ညာရဲခြင်း မရှိချေ။
“မင်းက ထျန်ယွမ်ဂြိဟ်က တစ်ယောက်ဖြစ်တယ်ဆိုရင် ဘာလို့ ဟင်္သာပြဒါး ဂြိုဟ်ပေါ်ကို ရောက်နေရတာလဲ…”
အနက်ရောင်မြူခိုးပုံရိပ်၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး သူက ချက်ချင်း ပြန်ဖြေလိုက်သည်။ “စီနီယာ… ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့။ ငါက ထျန်ယွမ်ဂြိုဟ်ပေါ်မှာ ပြန်ကောင်းမွန်အောင် လုပ်မယ်ဆိုရင် ကုန်ကျစရိတ် အရမ်းများလို့ပါ။ ဂျူနီယာက ကောင်းကင်ဘုံ ကျောက်စိမ်းပြား အများကြီး ပေးနိုင်ခြင်း မရှိပါဘူး။ ဒါ့ကြောင့် ဟင်္သာပြဒါးဂြိုဟ်မှာ ပြန်ကုသနိုင်ဖို့ ရွေးချယ်ခဲ့တာပါ။ ဒီမှာဆိုရင် ခန္ဓာကိုယ် အသစ်ရယူခြင်း ဖြစ်စဉ်က ကြာနိုင်ပေမဲ့ ဂျူနီယာအတွက် အကောင်းဆုံး ရွေးချယ်မှု တစ်ခု ဖြစ်နေပါတယ်…”
ဝမ်လင်းက မေးလိုက်၏။ “မင်းနာမည် ဘယ်လိုခေါ်လဲ…”
“အနက်ရောင်မြူပုံရိပ်က ပြန်ဖြေလိုက်သည်။ ဂျူနီယာနာမည်က ချိုရီဒူ ပါ…”
“ချိုရီဒူ…” ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူ့နတ်ဘုရားအာရုံက ဧရာမလက်တစ်ဖက် အသွင်ဖြစ်ပေါ်၍ အနက်ရောင်မြူပုံရိပ်ထံသို့ ဆန့်တန်းလိုက်၏။
ချူရီဒူက ကြောက်လန့်သွားပြီး လီချင်းပိုင် ခန္ဓာကိုယ်ထဲကနေ ချက်ချင်းထွက်ခွာလိုက်၏။ သူက သည်လက်ကြီးကို ကြိုးစားရှောင်ကာ ပြောလိုက်သည်။ “ဂျူနီယာ ပြောသမျှက အမှန်တွေပါပဲ။ ဒါက အမှန်တွေပါပဲ…”
သူနှင့် လီချင်းပိုင်တွင် ထူးဆန်းသော ဆက်နွှယ်ချက်တစ်ခု ရှိလို့နေ၏။ ခုချိန်၌ ချူရီဒူက လှုပ်ရှားလိုက်သည့် အတွက် လီချင်းပိုင်က သတိပြန်ဝင်လာခဲ့ပြီး အော်ပြောလိုက်သည်။ “ဘယ်သူလဲ…”
လှိုင်းတွန့်များ ဖြစ်ပေါ်လာပြီး ဝမ်လင်းက လေထဲကနေ လျှောက်လှမ်းလာခဲ့၏။ ဝမ်လင်း လှမ်းလျှောက်လာသည့် အခိုက်တွင် သူက လီချူးပိုင်ကို အေးစက်စွာ ကြည့်လိုက်သည်။
အကြည့်တစ်ချက်ဖြင့်ပင် လီချူးပိုင်ခန္ဓာကိုယ်က တုန်ယင်သွားပြီး ချွေးပြန် သွားတော့၏။ သူ့ခန္ဓာကိုယ်ရှိ စဦးစိတ်ဝိညာဉ်ပင် အေးခဲသွားသလား ထင်မှတ်လိုက်ရ၏။ သူက သည်လူ၏ ရှေ့တွင် မည်သည့် အရာကိုမျှ ဖုံးကွယ်ထားလို့မရသလို ခံစားလိုက်ရ၏။
ဝမ်လင်းက အေးစက်စွာ ပြောလိုက်သည်။ “မင်း…ပါးစပ်ပိတ်ထားစမ်း…” ထို့နောက် သူက အနက်ရောင်မြူပုံရိပ်ကို ကြည့်လိုက်၏။
လီချင်းပိုင်က တစ်လက်မမျှပင် လှုပ်ရှားဝံ့ခြင်း မရှိတော့ချေ။ သူ့နဖူးထက်၌လည်း ချွေးများ စို့နေ၏။ သူက ဟင်္သာပြဒါးဂြိုဟ်၏ အလောင်းကောင် ကလန်ပင်မနယ်မြေရှိ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်နှင့် တွေ့ဆုံခဲ့ရတုန်းကတောင် အခုသူ့ရှေ့က လူထံကနေ ထွက်ပေါ်နေသည့် အော်ရာ၏ တစ်သောင်းပုံတစ်ပုံသာ ခံစားခဲ့ရပေသည်။
လီချင်းပိုင်နှလုံးက တဒိတ်ဒိတ်ခုန်နေပြီး သူက ခါးသက်စွာ တွေးလိုက်မိသည်။ “စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း…။ သူက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း မွန်းစတားအို ဖြစ်ရမယ်။ ဒီမွန်းစတားအိုက ဘာလို့ ဒီနေရာကို ရောက်လာခဲ့ရတာလဲ…”
ဝမ်လင်းက သူ့ညာလက်ကို ဆန့်တန်းလိုက်ရာ ချူရီဒူ၏ မူလစိတ်ဝိညာဉ်က ဆွဲယူခြင်း ခံလိုက်ရသည်။ ချူရီဒူ၏ မျက်နှာပေါ်၌ အလွန်အမင်း ကြောက်လန့်မှုတို့ ရှိနေပြီး သူက ငယ်သံပါအောင် အော်ပြောလိုက်သည်။ “စီနီယာ…ငါက အလောင်းကောင် ကလန်ရဲ့ ဖောက်သည် တစ်ယောက်ပါ။ သင်က ငါ့ကို ဖမ်းပြီး ရတနာ်တစ်ခုလို သန့်စင်ပစ်ရင် အလောင်းကောင်ကလန်က သူ့ကို ကျိန်းသေပေါက် ခွင့်လွှတ်မှာ မဟုတ်ဘူး…”
ဝမ်လင်းက နှာခေါင်းရှုံ့၍ တည်ငြိမ်စွာ ပြောလိုက်သည်။ “ငါက မင်းကို ရတနာတစ်ခုအဖြစ် သန့်စင်ပစ်မယ်လို့ ဘယ်သူက ပြောလဲ။ မင်းက အဲ့အတွက် မထိုက်တန်သေးပါဘူး…”
ချူရီဒူက တုန်ခါသွားပြီး စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ကျင့်ကြံသူ တစ်ယောက်က သူလို စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်တစ်ယောက်၏ စိတ်ဝိညာဉ်ကို ဘာကြောင့်ဖမ်းလဲဟု တွေးလို့နေ၏။
ချူရီဒူက ကြောက်ရွှံ့မှုနှင့် ပြည့်နေ၏။ သူက ဂရုတစိုက် ပြန်မေးလိုက်သည်။ “စီနီယာ…သင်…သင်က ငါ့ကို ဘာလုပ်ခိုင်းစေချင်လို့လဲ…”
ဝမ်လင်းက တည်ငြိမ်စွာပင် ပြောလိုက်၏။ “နှစ်တစ်ရာကြာ ငါ့အတွက် ကျွန်အဖြစ် နေပေးရမယ်။ နှစ်တစ်ရာ ပြီးရင် မင်းကို စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ကျင့်ကြံသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို လက်ဆောင် အဖြစ်ပေးမယ်…။ မင်း သဘောတူလား…”
ချူရီဒူက မှင်တက်သွား၏။ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်တစ်ယောက်၏ ခန္ဓာကိုယ်က သူလုံးဝစိတ်ကူးနိုင်သည့် အရာမဟုတ်ချေ။ သူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ခန္ဓာကိုယ်တစ်ခုသာ ရရှိလျှင် သူ့ကျင့်ကြံမှုအဆင့်ကလည်း စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့်သို့ ရောက်ရှိရန်အတွက် ပို၍ လွယ်ကူသွားပေလိမ့်မည်။ သူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို မရောက်ရှိခဲ့လျှင်ပင် သူ့မန္တာန်များက ပို၍ စွမ်းအားကောင်းလာလိမ့်မည် ဖြစ်၏။
အလောင်းကောင်ကလန်၌ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ခန္ဓာကိုယ်တစ်ခု၏ ပေးရသည့် တန့်ဖိုးက စိတ်ကူးထားနိုင်သည့်ထက် ပိုလေ၏။
သူက အံကြိတ်ကာ မေးလိုက်သည်။ “စီနီယာ…သင်က ဒီနှစ်တစ်ရာအတွင်းမှာ ငါမသေဆုံး စေရဘူးလားလို့ ကတိပေးလား…”
ဝမ်လင်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။ “ ငါမသေးသေးသ၍ မင်းလည်း မသေစေရဘူး…”
ချူရီဒူက ခပ်မြန်မြန် လေးစားစွာ ပြောလိုက်သည်။ “ကောင်းပါပြီ…ချူရီဒူက ဆရာ့ကို နှုတ်ဆက်ပါတယ်…” တကယ်တော့ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်တစ်ယောက်က သူ့ကို အကြောင်းမရှိဘဲ လှည့်စားမည် မဟုတ်ချေ။ သူက ဝမ်လင်းသူ့ကို ခုလိုကမ်းလှမ်းခဲ့သည်က သူက ဝမ်လင်းအတွက် အသုံးဝင်လို ဖြစ်မှန်း သိနေခဲ့၏။ သို့သော် ကောင်းမွန်သည့်အရာတစ်ခုကို ရရန် စွန့်စားရမည် မဟုတ်လား။
“ကောင်းတယ်။ စိတ်မပူပါနဲ့…။ ငါက မင်းအန္တရာယ် ရှိစေမဲ့ အရာတွေ မခိုင်းပါဘူး။ ငါက မင်းရဲ့ ထျန်ယွမ်ဂြိုဟ်နဲ့ ပတ်သက်ပြီး ဗဟုသုတေတွေကို သိချင်ရုံပါ။ မင်းက ဒီဂြိုဟ်နဲ့ ပတ်သက်ပြီး ဘယ်လောက်သိလဲ…” ဝမ်လင်းက ထိုသို့ မေးလိုက်ရင်း သူ့အင်္ကျီလက်ကို ဝှေ့ယမ်း၍ လီချင်းပိုင်ကို မေ့မြော သွားစေလိုက်သည်။
ဝမ်လင်းက သူ ထျန်ယွမ်ဂြိုဟ်သို့ ထွက်ခွာမည့်အကြောင်းကို အခြားလူများ သိရှိရန် မလိုလားချေ။ သူက သည်ကိစ္စနှင့် ပတ်သက်၍ သေချာဂရုစိုက်ပေသည်။
ချိုရီဒူက လျင်မြန်စွာ ပြောလိုက်၏။ “ထျန်ယွမ်ဂြိုဟ်…ဆရာ…ငါကထျန်ယွမ်ဂြိုဟ်မှာ ကြီးပြင်းခဲ့တာ့ကြောင့် ဒီဂြိုဟ်က ကြီးမားလှပေမဲ့ ငါက ရင်းနှီးမှု ရှိပါတယ်။ ဆရာ…သင်က ထျန်ယွမ်ဂြိုဟ်ကို သွားတဲ့အခါ ငါ့ကို လမ်းညွှန်လုပ်ပေးစေချင်တာလား…”
“ဒါမှန်ပါတယ်…။ ဒီကိစ္စကြောင့်ပဲ ငါတို့ရဲ့ သဘောတူညီမှု ဖြစ်လာတာပေါ့…”
ဝမ်လင်းက သိုလှောင်အိတ်ထဲကနေ စိတ်ဝိညာဉ် အလံတစ်ခုကို ထုတ်ယူလိုက်သည်။ သည်အလံက သူကိုယ်တိုင် ဖန်တီးထားသည့် လီယွမ်ဖန်၏ စိတ်ဝိညာဉ်ပါဝင်သော အလံပင် ဖြစ်သည်။
အလံတစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ချူရီဒူက မည်သည့်တုန့်ပြန်မှုမှ မလုပ်နိုင်ခင် အလံထဲသို့ ရောက်ရှိသွားတော့၏။ ထိုသို့ပြုလုပ်ပြီးနောက် ဝမ်လင်းက လိုဏ်ဂူထဲကနေ ပျောက်ကွယ် သွားတော့သည်။
သူက သည်နေရာသို့ လာသည်က ပထမဆုံးအကြိမ် မဟုတ်ချေ။ ထို့ကြောင့် သူက သည်နေရာနှင့် ပတ်သက်၍ ကျွမ်းဝင်မှု ရှိလေ၏။ သူက သည်နေရာတွင် တစ်ခါတုန်းက သူကျင့်ကြံခဲ့ဖူးသည့် လိုဏ်ဂူထံသို့ ရွေ့လျားသွားလိုက်၏။
လမ်းတစ်လျှောက်တွင် မည်သည့် အလောင်းကောင် ကလန်အဖွဲ့ကမှ ဝမ်လင်းကို ထောက်လှမ်းနိုင်ခြင်း မရှိကြချေ။ သူတို့ကျင့်ကြံမှုအဆင့်ဖြင့် ဝမ်လင်းကို မည်သို့မျှ သတိပြုနိုင်စွမ်း ရှိမည် မဟုတ်ချေ။
သည်လိုဖြင့် ဝမ်လင်းက သူအတိတ်တုန်းက ကျင့်ကြံခဲ့ဖူးသည့် လိုဏ်ဂူထံသို့ ရောက်ရှိ လာခဲ့၏။ ထိုနေရာ၌ တစ်စုံတစ်ယောက်က ကျင့်ကြံလျက် ရှိနေသည်။
သည်ကျင့်ကြံနေသည့်လူက မိန်းကလေးတစ်ယောက် ဖြစ်၏။ သူမက သာမန်ဟု ထင်ရသော်လည်း မျက်နှာပေါ်၌ ဆုံးဖြတ်ချက် ပြတ်သားသည့်ဟန် ရှိနေပြီး ဂူနံရံ အပေါက်လေးကနေ ထွက်ပေါ်နေသည့် ယင်စွမ်းအင်များကို စုပ်ယူလို့နေသည်။
ဝမ်လင်းက ဂူထဲသို့ ဝင်လာပြီး မိန်းကလေးကို တစ်ချက် ကြည့်လိုက်၏။ ထို့နောက်သူက အခိုးငွေ့အဖြစ်သို့ ပြောင်း၍ နံရံပေါ်ရှိ အပေါက်ငယ်ထဲသို့ ဝင်ရောက်သွားတော့၏။
သူက သည်အပေါက်ငယ်ထဲသို့ ဝင်ရောက်ပြီး ခပ်လှမ်းလှမ်း မရောက်ခင်မှာပင် မြေအောက်မှ အသံတစ်ခုကို ကြားလိုက်ရသည်။
“ငါ့ကို ကယ်ပါ…”
***