Switch Mode

အပိုင်း (၄၈၁)

အလောင်းကောင်ကလန်အောက်ရှိ ဧရာမခန္ဓာကိုယ်ကြီး

အမျိုးသမီးက သူ့လက်ကို မြှောက်ကာ နဂါးနှင့်ကျားတက်တူး အမှတ်အသားများကို ပြန်ဆင့်ခေါ်လိုက်၏။ သည်တက်တူးနှစ်ခုက ချက်ချင်းပင် တုန်ခါသွားပြီး အမျိုးသမီးထံသို့ ပြန်လှည့် လာကြသည်။ သည်တက်တူးနှစ်ခုက အမျိုးသမီးနား၌ ပျော်ရွှင်စွာ လှည့်ပတ်နေ၏။

သိပ်မကြာခင်တွင် အမျိုးသမီးက တဖြည်းဖြည်းဖြင့် စာလိပ်ထဲသို့ ပြန်ဝင်ရောက် သွား၏။ သူမနောက်၌ သည်တက်တူး နှစ်ခုကလည်း လိုက်ပါသွားကြသည်။

ဆယ့်တစ်ခုမြောက်အလွှာရှိ ဘိုးဘေးသုံးက ချက်ချင်းပင် သွေးအန်ထုတ် လိုက်ရသည်။ သူမ တက်တူးသားရဲနှစ်ကောင်က လုယူခံလိုက်ရခြင်းက သူမကို ဒဏ်ရာရသွားစေခြင်း ဖြစ်သည်။ သူမမျက်နှာက တုန်လှုပ်မှုနှင့် ပြည့်နေသည်။

“ဒါက ဘယ်ဘိုးဘေးလဲ…။ သူမက သူ့ကိုယ်သူ တက်တူးသားရဲ မြေပုံစာအုပ်ထဲမှာ ချိတ်ပိတ်ထားပြီး သူမကိုယ်တိုင် တက်တူးသားရဲ ဖြစ်လာတာများလား…” ဘိုးဘေးသုံးက အသက်ဝဝရှုသွင်းလိုက်၏။ ထို့နောက် သူမက ကိုယ့်နှဖူးကိုယ် လက်ညွှန်လိုက်ရာ သစ်ရွက်ကိုးရွက် ရှိသောအပင်တစ်ပင် ပေါ်ပေါက်လာခဲ့သည်။

“တက်တူးသားရဲမြေပုံစာအုပ်…ပြန်လာခဲ့…”

ပထမအလွှာရှိ စာအုပ်က ဘိုးဘေးသုံး၏ ခေါ်သံကို ကြားပြီးနောက် ပျောက်ကွယ် သွားတော့သည်။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက သူ့စာလိပ်ကိုသူ ပြန်ဖမ်းယူ လိုက်သည်။ သူက ၎င်းကို စစ်ဆေးရန်အချိန်မရှိဘဲ ထွက်ပေါက်သို့ ပျံသန်းသွားတော့၏။

ဝမ်လင်းက သူ့ကိုယ်သူ စိတ်ဝိညာဉ် အပိုင်းအစများနှင့် လွှမ်းခြုံစေလိုက်ပြီးနောက် တွင်းပေါက်ဝရှိ ဧရာမသစ်ပင်ကြီးကို နောက်တစ်ကြိမ် ဖြတ်ကျော်လို့ သွားသည်။ မသေမျိုးသင်္ချိုင်း အပြင်ဘက်၌ ညအချိန်ရောက်နေခဲ့ပြီး ဖြစ်ကာ လုံးဝနက်မှောင်လို့ နေသည်။

ဝမ်လင်းက ထွက်ပေါ်လာသည်နှင့် သူက နောက်တစ်ကြိမ် ပျောက်ကွယ် သွားပြန်သည်။ သူက ဘိုးဘေးသုံးကို သူ့နယ်ပယ် စိတ်ဝိညာဉ်အား ပြန်ပေးခဲ့ခြင်း မရှိချေ။ သည်နယ်ပယ် စိတ်ဝိညာဉ်က ဘိုးဘေးသုံးထံကနေ ထွက်သွားခဲ့ကတည်းက သူ့ကိုယ်ပိုင်တည်ရှိမှုနှင့် ဖြစ်နေခဲ့ပြီး သူမ၏ ထိန်းချုပ်မှုကို ခံနေရခြင်း မရှိတော့ချေ။ မဟုတ်လျှင် ဘီလူးနတ်ဆိုး ကလန်ဘိုးဘေးက ၎င်းစိတ်ဝိညာဉ်ကို ရရှိရန် အကြောင်း မရှိချေ။

ဘိုးဘေးသုံးက ၎င်းကို ထိန်းချုပ်နိုင်မည်ဆိုပါက သူမက ဝမ်လင်းကို မြင်လိုက်သည်နှင့် ၎င်းစိတ်ဝိညာဉ်ကို ချက်ချင်း ပြန်ယူခဲ့မည်သာ ဖြစ်၏။

ထပ်ပြောရလျှင် ဝမ်လင်းက ဘိုးဘေးသုံးနှင့် စကားပြောဆို ကြည့်ပြီးနောက် သူမက ၎င်းနယ်ပယ် စိတ်ဝိညာဉ်ကို သိပ်ဂရုမစိုက်ကြောင်း သိခဲ့ပေသည်။

သို့ရာတွင် ဝမ်လင်းအတွက်တော့ သည်နယ်ပယ် စိတ်ဝိညာဉ်က အလွန်အသုံးဝင်မှုတစ်ခု ရှိလေသည်။ သူက လူတစ်ယောက်ကို ရင်ဆိုင်ရန် သည်စိတ်ဝိညာဉ်ကို ဝှက်ဖဲအဖြစ် အသုံးပြုမည် ဖြစ်သည်။

ကျူးချွဲဇီက ခုလက်ရှိတွင် ဟင်္သာပြဒါးတောင် အနောက်ဘက်၌ ကျင့်ကြံလျက်ရှိ၏။ သူ့ရှေ့တွင် အနီရောင် သလင်းကျောက် တစ်ခုက မြောလွင့်လျက် ရှိနေသည်။ သည်သလင်းကျောက်က နှလုံးပုံစံ ရှိ၏။ ၎င်းက ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက်ကို ထိန်းချုပ်နိုင်သော ကျင့်ကြံခြင်းဂြိုဟ် နှလုံးသားပင် ဖြစ်ချေသည်။

သိပ်မကြာခင်တွင် ကျုးချွဲဇီက မျက်လုံးဖွင့်လာခဲ့သည်။ သူ့မျက်လုံးထဲ၌ ရူးသွပ်မှု အရိပ်အယောင်တို့ ရှိလို့နေ၏။

“ယွမ်ချွဲဇီ….ငါက စွန့်ပစ်ခံ မသေမျိုးကလန်ကို မမုန်းဘူး။ ဒါပေမဲ့ မင်းပေါ်မှာရှိတဲ့ ငါ့အမုန်းတရားကတော့ အရမ်းများတယ်။ မင်းက ဘယ်လိုတောင် နောက်ကျောကို ဓားနဲ့ထိုးတာ တော်လိုက်လဲ…။ ငါက မင်းရဲ့ အလစ်ချောင်း တိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့ပေမဲ့ စိတ်လှုပ်ရှား ခဲ့ရတယ်။ ချန်းပိုင်ဟန်…မင်းမှာ စိတ်ဝိညာဉ် ရှိနေဦးမယ်ဆိုရင် တစ်ချက်လောက် ကြည့်လိုက်စမ်းပါ…။ ဒီယွမ်ချွဲဇီက မင်း ရွေးချယ်ထားခဲ့တဲ့ လူလေ…”

“ယွမ်ချွဲဇီ…မင်းနဲ့ငါက အတူတကွ ကြီးပြင်းခဲ့ပြီ တူညီတဲ့ပါရမီလည်း ရှိကြတယ်။ ဒါတောင်မှ ပြီးခဲ့တဲ့ ဟင်္သာပြဒါးခေါင်းစီး ချန်းပိုင်ဟန်က မင်းကို အမြဲတမ်း မျက်နှာသာ ပေးခဲ့ရတာလဲ။ သူက မင်းကို အမြဲတမ်း ချီးမြှောက်ခဲ့ပြီး ငါကိုကျတော့ အမြဲတမ်း အပြစ်တင်ခဲ့တယ်။ သူက ငါ့ကို အမြဲတမ်း အေးစက်စက်ကြည့်တက်တယ်။ ဒီအကြည့်က ငါတစ်ခုခု အမှားလုပ်တာနဲ့ သတ်ပစ်မယ်ဆိုတဲ့ သဘောပဲ…”

“သူက ငါ့ကို အံ့ဖွယ်ဟင်္သာပြဒါးအစီအရင် ပေးခဲ့တဲ့ အချိန်တုန်းက ငါက အလွန်ပဲ စိတ်လှုပ်ရှားခဲ့ရတယ်။ သူ့ကိုလည်း တကယ့်ကို ကျေးဇူးတင်ခဲ့တယ်။ အတိတ်တုန်းက သူနဲ့ပတ်သက်လို့ မကျေနပ်ချက်တွေ အားလုံးကိုပါ မေ့ပစ်ခဲ့တယ်။ ငါ့ စိတ်ထဲမှာ အတွေးတစ်ခုပဲ ရှိတော့တယ်… ဒီအတွေးကတော့ ငါ့အသက်ကို ဟင်္သာပြဒါးဂြိုဟ်အတွက် ပေးအပ်ဖို့ပြီး ကောင်းမွန်တဲ့ ဟင်္သာပြဒါးခေါင်းစီး ဖြစ်လာဖို့ပေါ့…”

ဒါပေမဲ့ ငါက ချန်းပိုင်ဟန်က ဒီလောက်ရက်စက်လိမ့်မယ်လို့ မတွေးခဲ့မိဘူး။ ဒီအံ့ဖွယ်ဟင်္သာပြဒါး အစီအရင်က နှစ်ဖက်စွန်းဓားလိုပဲ။ ငါက ဒါကို အသုံးပြုတဲ့ အချိန်တိုင်း ငါ့မူလစိတ်ဝိညာဉ်က ဆိုးရွားတဲ့ ထိခိုက်မှုကို ခံစားရတယ်။ ငါက ဒီအစီအရင်ကို အသုံးပြုတာ များသွားရင် ငါ့မူလစိတ်ဝိညာဉ်က ဘယ်တော့မှ ပြန်ကောင်းမွန်လာနိုင်မှာ မဟုတ်တော့ဘူး…။ သူက သေသွားတာတောင်မှ ငါ့ကို ဘာလို့ ဒီလိုမျိုး ဒုက္ခပေးခဲ့လည် နားမလည်နိုင်တော့ဘူး…”

“ငါက နှစ်ပေါင်းများစွာကတည်းက လျှို့ဝှက်စီစဉ် ထားမှုကြောင့်သာ နောက်ဆုံးမှာ သူသေခါနီး အချိန်ကြမှ ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက်ကို ရရှိခဲ့တယ်…”

ချန်းပိုင်ဟန်…မင်းက နောက်တက်လာမယ့် ဟင်္သာပြဒါးအဖြစ် ယွမ်ချွဲဇီကို ရွေးချယ်ခဲ့တာ မျက်စိကန်း နေလို့ပဲ။ ငါကသာ မင်းအမိန့်အတိုင်း လိုက်လုပ်ခဲ့ပြီး ယွမ်ချွဲဇီကို ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်သာ ပေးခဲ့ရင် ဒီဂြိုဟ်က စွန့်ပစ်ခံမသေမျိုးကလန်ရဲ့ ယူဆောင်သွားခြင်းကို ခံနေရလောက်ပြီ။ ချန်းပိုင်ဟန်…ငါက မင်းအလောင်းကို ဟင်္သာပြဒါးဂြိုဟ်မှာ မြှုပ်နှံ့ပေးခဲ့ခြင်း မရှိဘဲ အလောင်းကောင် ကလန်ကို ရောင်းချပစ်ခဲ့တယ်။ ဒါက မင်းအပေါ်မှာ ရှိတဲ့ ငါ့အမုန်းကို နည်းနည်းတော့ သက်သာစေတယ်လေ…”

“ချန်းပိုင်ဟန်…အမှန်တရားကတော့ ငါဟာ ဟင်္သာပြဒါးရဲ့ ခေါင်းစီးနေရာနဲ့ အသင့်တော်ဆုံး လူ ဖြစ်တယ်ဆိုတာ ခုသက်သေပြနေပြီ။ အတိတ်တုန်းက မင်းမှားခဲ့တယ်…သိပ်ကို မှားခဲ့တယ်…”

“ဒီအဘိုးအိုက ဂြိုဟ်တစ်ခုလုံးကို ပတ်ရှာပြီးတဲ့နောက်မှာ မင်းရဲ့ နောက်မျိုးဆက်တွေထဲက ချန်းဖန်ဆိုတဲ့ ကောင်လေးကို ရှာတွေ့ခဲ့တယ်။ သူက မင်းနဲ့တူညီတဲ့ စိတ်ဝိညာဉ် ရင်းမြစ်လည်း ရှိတယ်။ သူက မင်းနဲ့လည်း တော်တော်တူတယ်။ ငါသူ့ကို မြင်တိုင်း မင်းအပေါ်မှာ ရှိတဲ့ ငါ့အမုန်းတရားက ပိုပို တိုးလာခဲ့တယ်။ ဒီအဘိုးအိုက သူ့ကို မြှင့်တင်ပေးပြီး အံ့ဖွယ် ဟင်္သာပြဒါး အစီအရင်ကို ပေးခဲ့တယ်။ ငါက သူဒီအစီအရင်ကို အသုံးပြုတာ မြင်တိုင်း ငါ့နှလုံးသားထဲကကို ကျေနပ်ပျော်ရွှင်ရတယ်…”

“ဒါက မင်းငါ့ကို လုပ်ခဲ့တာကို ပြန်ပေးစပ်ခိုင်းတဲ့ တစ်ခုတည်း နည်းလမ်းပဲ…”

“ယွမ်ချွဲဇီ…မင်းက ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်ရဲ့ တည်ရှိမှုကို သိနေတယ်။ မင်းငါ့ကို အချိန်သုံးလ ပေးတာက ငါက ကျင့်ကြံခြင်း မဟာမိတ် အဖွဲ့အစည်းကြီးကနေ အကူအညီရဖို့ အရာအားလုံးကို ဖျက်ဆီးပစ်တာဟာ ထိုက်တန်ရဲ့လား စဉ်းစားခိုင်းဖို့ ပေးခဲ့တာပါ…”

“ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်က ဒုတိယမျိုးဆက်ဟင်္သာပြဒါးရဲ့ ချိပ်ပိတ်ထားတာကို ခံရပေမဲ့ နောက်ထပ်မျိုးဆက် ဟင်္သာပြဒါးတွေက ဒီသလင်းကျောက်ကို ထိန်းချုပ်နိုင်ခြင်း မရှိကြတော့ဘူး။ ဒါပေမဲ့ ကျင့်ကြံခြင်း ဂြိုဟ်နှလုံးသားကို ဖျက်ဆီးလိုက်ရင်တော့ ဒီသလင်းကျောက် ကလည်း ပျက်စီးသွားမှာပဲ။ ဒီလိုလုပ်နိုင်တယ် ဆိုပေမဲ့လည်း ပေးရမယ့်တန်ဖိုးက ကြီးလွန်းတယ်။ သလင်းကျောက်အထဲမှာက ငါ့စိတ်ဝိညာဉ် အပိုင်းအစလည်း ရှိနေတယ်။ ဒီတော့ ကျင့်ကြံခြင်း သလင်းကျောက်က ပျက်စီးသွားရင် ငါပါ သေဆုံးရမှာ…”

“ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းကြီးက ကျင့်ကြံခြင်း ဂြိုဟ်တိုင်းရဲ့ ကိစ္စရပ်တွေကို ဝင်ပါ့လေ့ မရှိဘူး။ ဒါပေမဲ့ ဒါက ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက် မပျက်စီးခင်အချိန်ထိပဲ။ ကျင့်ကြံခြင်း မဟာမိတ် အဖွဲ့အစည်းကြီးက ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်ကို ထိန်းသိမ်းတာနဲ့ ပတ်သက်ပြီး ဆက်ဆက်ထိမခံဘဲ။ ဒီကိစ္စက ထူးဆန်းမှုတွေနဲ့ ပြည့်နေတယ်။ ပြီးခဲ့တဲ့ ဟင်္သာပြဒါးတွေအားလုံး ဒါကို မဖော်ထုတ်နိုင်ခဲ့ကြဘူး။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက် ကွဲကြေသွားတာနဲ့ ကျင့်ကြံခြင်း မဟာမိတ်အဖွဲ့က ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ လူတွေ လွှတ်လိုက်မှာပဲ။ အဲ့အချိန်ကျရင် မင်းတို့စွန့်ပစ်ခံ မသေမျိုး ကလန်ကလည်း ကျိန်းသေပေါက် သေဆုံးရလိမ့်မယ်…”

“မင်းက ငါ့ကို အချိန်သုံးလ ပေးခဲ့တာဟာ ငါ့ကို သေချာစဉ်းစားစေချင်ပြီး ဒီလိုဖြစ်လာမှာစိုးလို့ ဖိအားမပေးချင်တာပဲ။ ယွမ်ချွဲဇီ…ဒီအဘိုးအိုက မင်းနဲ့ ကစားပေးရတာပေါ့။ မင်းက ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်ကို ငါ့သက်တမ်း မကုန်ဆုံးခင်မှာ ရယူနိုင်ခဲ့ရင် မင်းကို ပေးလိုက်ရတဲ့ ပြသနာမရှိဘူး။ ဒါပေမဲ့ မင်း ရှုံးနိမ့်တာနဲ့ ဒီအဘိုးအိုက ရူးသွပ်ပြီး ကျင့်ကြံခြင်း ဂြိုဟ်ကို ဖျက်ဆီးပစ်ပြီး မင်းတို့ စွန့်ပစ်ခံ မသေမျိုးကလန် တစ်ခုလုံးကို ငါနဲ့အတူ အပါ ခေါ်သွားပစ်မယ်…”

‘ဒီအဘိုးအိုက ပထမဆုံးဟင်္သာပြဒါး မဖြစ်နိုင်ခဲ့ပေမဲ့ နောက်ဆုံးပိတ်ဟင်္သာပြဒါးတော့ ဖြစ်နိုင်ပါသေးတယ်။ ငါ့ကို အခွင့်ရေးမပေးပါနဲ့…”

ကျူးချွဲဇီမျက်လုံးထဲရှိ ရူးသွပ်မှုက ပို၍ နက်ရှိုင်းလာခဲ့သည်။ သူက အရူးတစ်ယောက်ကဲ့သို့ ရယ်မောလိုက်၏။

ဟင်္သာပြဒါးကုန်းမြေ အနောက်ဘက်က ကွင်းပြင်ကျယ်ကြိး တစ်ခု ဖြစ်သည်။ သည်ကွင်းပြင် ကျယ်ကြီးထဲ၌ ရိုးစင်းသော တဲအိမ်များ ရှိနေ၏။

ကျင့်ကြံသူများက ထိုတဲအိမ်များအထဲကနေ ဝင်လိုက်ထွက်လိုက် ရှိနေကြသည်။

သည်ကျင့်ကြံသူအများစုက အဆင့်ငါးနိုင်ငံများရှိ ကလန်များက တပည့်များဖြစ်ကြသည်။ သည်နေရာက အနောက်ဘက် အကွာအကွယ် နယ်ခြားမျဉ်း ဖြစ်လေ၏။

ယာယီစစ်ပြေ ငြိမ်းထားသည့် သုံးလဆိုသည့် ကာလက သူတို့အတွက် ပြန်ကောင်းမွန်အောင် လုပ်ရန် အချိန်ကောင်းတစ်ခု ဖြစ်ခဲ့သည်။ သို့ရာတွင် သည်အရာက သူတို့၏ သတိတရားများကို လျော့ချပစ်သည်ဟု မဆိုလိုပေ။ ကင်းလှည့်နေသော ကျင့်ကြံသူများစွာ ရှိလို့နေကြဆဲသာ ဖြစ်သည်။

သူတို့နေရာနှင့် ကီလိုမီတာ ငါးထောင်အကွာရှိ ဧရိယာက အနက်ရောင် တိမ်ထုတစ်ခုဖြင့် ဖုံးလွှမ်းထားသည်။ သည်နေရာက စွန့်ပစ်ခံမသေမျိုးကလန်၏ အနောက်ဘက်ခြမ်း စစ်တပ် တည်ရှိသည့် နေရာပင်။

ကျင့်ကြံသူများ၏ တဲစုစုများ အလယ်၌ ခန်းနားသည့် တဲကြီးတစ်လုံး ရှိနေသည်။ ထိုတဲကြီးထဲ၌ ချန်းဖန်က ထိုင်နေပြီး သူ့နောက်တွင်လည်း အနီရောင်လိပ်ပြာ ရှိလို့နေသည်။ ကောင်းကောင်း ဖုံးကွယ်ထားသည့် ရုန်းကန်မှုအာရုံတစ်ခုဖြင့် သူမမျက်လုံးများက ရှုပ်ထွေးလို့ နေသည်။

ချန်းဖန်မျက်လုံးများက အလင်းတန်းတစ်ခု အလားပင်။ သူက အကွာအဝေး တစ်ခုရှိ အနက်ရောင် တိမ်ထုကို ကြည့်လို့နေသည်။ သူ့အသွင်က အလွန်နက်မှောင်လျက် ရှိနေ၏။

“ဒီအဘိုးအိုကြီးက ဘာတွေတွေးနေတာလဲ။ အန္တရာယ်တွေက ပိုနီးကပ်လာနေပြီ။ ငါတို့က ဟင်္သာပြဒါးဂြိုဟ်ကို လက်လျှော့ပြီး အဝေးကိုထွက်သွားမယ်။ ပြီးမှ အနိုင်ရဖို့ အင်အားရှိမှ ပြန်လာနိုင်တာပဲ။ ဒီလိုအခြေအနေတွေတိုင်း အချိန်အကြာကြီး ဆက်ဖြစ်နေရင် လူတွေရဲ့စိတ်က ပျက်စီး ကုန်လိမ့်မယ်…”

သူ့မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူက နှာခေါင်းရှုံ့ကာ ခပ်တိုးတိုး ရေရွတ်လိုက်၏။ စန်နူးဘယ်မှာလဲ ငါသိချင်မိတယ်။ သူက ငါ့ကို ဒဏ်ရာ ရအောင်လုပ်ဝံခဲ့တယ် ကောင်ပဲ။ ငါ သူ့ကိုတွေ့တာနဲ့ ကျိန်းသေပေါက် သူ့နယ်ပယ်ကို ဝါးမျိုပစ်မယ်။ စိတ်ဝိညာဉ် ဆယ်သန်းအလံက စွမ်းအားကောင်းတယ် ဆိုပေမဲ့လည်း အဘိုအိုကြီးကလည်း ငါ့ကို ရတနာတစ်ခု ပေးထားတာပဲ။ အဘိုးအိုပုံစံကြည့်ရတာနဲ့ ဒီရတနာက ကျိန်းသေပေါက် အစွမ်းထက်ရမယ်။ ဒီရတနာနဲ့ဆိုရင် စန်နူးရဲ့ စိတ်ဝိညာဉ်ဆယ်သန်း အလံကို ရင်ဆိုင်ဖို့ ငါ့မှာ ယုံကြည်ချက် အချို့ရှိတယ်…”

ဒါပေမဲ့ မလိုအပ်ရင်တော့ အဘိုးအိုငါ့ကို ပေးထားတဲ့ ရတနာကို အသုံးမပြုတာ ကောင်းလိမ့်မယ်။ ဒီအရိုးအိုကြီးက သူ့ခံစားချက်တွေကို ကောင်းကောင်း ဖုံးကွယ်ထားနိုင်တာပဲ…၊ ဒါပေမဲ့ ငါ့အပေါ် သူ့ရည်ရွက်ချက်တွေက နည်းနည်းထူးဆန်းနေတာ သတိပြုမိတာ ကြာပြီ…

ငါက စန်နူးရဲ့နယ်ပယ်ကို ဝါးမြိုနိုင်ဖို့ ဂျူနီယာ ညီမလေးရဲ့ အကူအညီလိုအပ်တယ်။ ငါက ဒါကို သေချာစီစဉ်မှ ရမယ်။ ငါက ဒီလူရဲ့ နယ်ပယ်ကို ဝါးမျိုပြီးရင် ဂျူနီယာညီမလေးကို ဖမ်းခေါ်ပြီး ဒီဂြိုဟ်ကနေ ထွက်သွားမယ်။ စကြာဝဋာကြီးက အကျယ်ကြီးပါ။ ငါလိုချင်တာကို ငါလုပ်နိုင်တယ်။ အရင်တုန်းကတော့ ငါက ဟင်္သာပြဒါး ခေါင်းစီးရာထူးနဲ့ ပတ်သက်ပြီး ဂရုစိုက်ခဲ့တယ်။ ဒါပေမဲ့ ခုချိန်မှာ ဒီဂြိုဟ်က စုတ်ပြတ်သတ်နေပြီ။ ဒီခေါင်းစီးကလည်း ငါ့အတွက် အသုံးမဝင်တော့ဘူး။ ဒါပေမဲ့ ငါက ဒီဂြိုဟ်က ထွက်မသွားခင် မိန်းမပျက်ဇီရှင်ကို သတ်ပစ်ရဦးမယ်…”

တစ်လခန့်ကြာပြီးနောက် ကျောက်နိုင်ငံရှိ အလောင်းကောင်ကလန်နား၌ ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ သည်ပုံရိပ်က အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရှေးဆန်သော အော်ရာကို ပေးစွမ်းနေ၏။

သူကတော့ ဝမ်လင်းပင် ဖြစ်သည်။

မသေမျိုးသင်္ချိုင်းကနေ ထွက်လာပြီးနောက် ဝမ်လင်းက အနားယူခြင်း မရှိဘဲ ချူနိုင်ငံသို့ သွား၍ ပြင်ပတိုက်ပွဲ နယ်မြေသို့ ဝင်ရောက်ခဲ့သည်။ သူက လေလွင့်ဝိညာဉ်များကို အသုံးပြု၍ စိတ်ဝိညာဉ် ဆယ်သန်းအလံကို ပြန်လည် ပြုပြင်လိုနေခဲ့သည်။

ကံမကောင်းစွာဖြင့် သူက လေလွင့်ဝိညာဉ်များစွာကို ရှာတွေ့ခဲ့သော်လည်း သူတို့က စိတ်ဝိညာဉ် အလံပြုပြုရာ၌ အသုံးမဝင်ခဲ့ချေ။

သည်လေလွင့်ဝိညာဉ်နှင့် အလံထဲရှိ စိတ်ဝိညာဉ် အပိုင်းအစများက သဘာဝရန်သူတွေ ဖြစ်နေခဲ့၏။ သည့်အတွက်ကြောင့် ၎င်းတို့က အတူပေါင်းစပ်၍ မနေနိုင်ကြချေ။

ဝိညာဉ်ဝါးမြိုသူများကို ဖမ်း၍ စမ်းသပ်ကြည့်သော်လည်း ရလဒ်ကတော့ တူတူပင် ဖြစ်နေ၏။ ထို့ကြောင့် သူက လက်လျော့ကာ ပြင်ပတိုက်ပွဲ နယ်မြေကနေ ပြန်ထွက်လာခဲ့၏။

ဝမ်လင်းနောက်ဆုံး လုပ်ရမည့်အရာ တစ်ခုက ကျောက်နိုင်ငံရှိ အလောင်းကောင် ကလန်အောက်တွင် ရှိနေသော ခန္ဓာကိုယ်ကြီးကိုနှင့် ပတ်သက်၍ ဖြစ်သည်။

သည်ခန္ဓာကိုယ်က အလောင်းကောင် ကလန်ကို ဟင်္သာပြဒါးနိုင်ငံသို့ သယ်ဆောင် တည်ထောင်ခဲ့သည့် ဘိုးဘေး၏ အလောင်း ဖြစ်ပေသည်။

ဝမ်လင်းက သူ့သိုလှောင်အိတ်ထဲ၌ ဧရာမပုဆိန်ကြီး တစ်ခု ရှိနေသေးသည်။ သည်ပုဆိန်က ဘီလူးနတ်ဆိုးကလန်၏ တည်ထောင်သူဘိုးဘေး ပိုင်ဆိုင်သည့် အရာ ဖြစ်သည်။

ဝမ်လင်းက ဘိုးလူးနတ်ဆိုးကလန်ဘိုးဘေ၏ သွားများကို ထုတ်ယူလိုနေ၏။ ထိုမှသာ သူ့မူလခန္ဓာကိုယ်က ရှေးဟောင်းနတ်ဘုရား နည်းစနစ်ကို အသုံးပြုနိုင်မည် ဖြစ်သည်။ သည်အရာက သူသည်ဂြိုဟ်ကနေ ထွက်မသွားခင် ကြိုတင်ပြင်ဆင်မှု ပြုလုပ်သည့် အရာများထဲက တစ်ခု ဖြစ်လေ၏။

ဝမ်လင်းက ဟင်္သာပြဒါးဂြိုဟ်၏ ကိစ္စများတွင် ပါဝင်ရန် စိတ်ဝင်စွားခြင်း မရှိချေ။ သူက ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်ကို ရယူ၍ သူ့စိတ်ဝိညာဉ်အပိုင်းအစကို ပြန်ထုတ်ယူလိုခြင်းသာ ရှိသည်။ သည့်နောက် သူက ထျန်ယွမ်ဂြိုဟ်သို့ သွား၍ ရှေ့ဖြစ်ဟောသူ (ထျန်ယွမ်ဇီ)ကို ရှာ၍ သူ့တပည့် ဖြစ်လာအောင် လုပ်မည် ဖြစ်သည်။ သည့်နောက် သူက ကောင်းကင် အသစ်အောက်၌ အာဏာတက်ခြင်း အဆင့်ကို ရောက်ရှိရန် ကျင့်ကြံမည် ဖြစ်သည်။

သူက အနာဂတ်၌ ဟင်္သာပြဒါးဂြိုဟ်သို့ ကျိန်းသေပေါက် ပြန်လာမည် ဖြစ်၏။ သို့သော် ထိုအချိန်ကြလျှင် သူက တစ်စုံတစ်ယောက်၏ လက်ဝါးပေါ်က ကစားစရာ အရုပ်တစ်ခု အဖြစ်မခံတော့ပေ။ သူက ထိုအချိန်ကြလျှင် လက်ရှိ ဟင်္သာပြဒါးကိုယ်တိုင် မော့ကြည့်ရသည့် အင်ပါယာ တစ်ယောက်အဖြစ်သာ ပြန်လာမည်သာ။

“ငါ့မှာအခွင့်ရှိရင် ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းကြီးက ဘယ်လိုစွမ်းအားရှိလဲပါ ကြည့်မြင်ချင်မိတယ်…”

ဝမ်လင်းက အသက်ဝဝ ရှူသွင်းလိုက်၏။ သူက ကောင်းကင်ကို မော့ကြည့်နေရင်း သည်ဂြိုဟ်ကနေ ထွက်သွားချင်သည့် စိတ်ဆန္ဒက ပိုတိုးလာခဲ့လေ၏။

“ဒါပေမဲ့…ထွက်မသွားခင် ငါက ကျူးချွဲဇီကို ရင်ဆိုင်နိုင်ဖို့ နည်းလမ်းမရှိပေမဲ့လည်း ငါက သူ့တပည့်နှစ်ယောက် ဖြစ်တဲ့ လျိုမေနဲ့ချန်းဖန်တို့ကို စမ်းကြည့်ရဦးမှာပေါ့…”

***

Comment

Leave a Reply

Options

not work with dark mode
Reset