Switch Mode

အပိုင်း (၄၈၀)

မင်းက ငါ့ကို လိမ့်ဖို့ ဆန္ဒ ရှိနေတာလား…

ဝမ်လင်းအသွင်က ရုပ်စိုးလို့သွားပြီး သူက သူ့ရှေ့ရှိ အမျိုးသမီးကို တိတ်တဆိတ် စူးစိုက် ကြည့်လို့နေသည်။

ဓားထဲကနေ ထွက်လာကတည်းက ရှုလီကော မျက်လုံးများက အမျိုးသမီးထံသို့ ကြည့်နေသည်။ ထို့နောက် သူက သူမထံသို့ ပျံသန်းသွားလေ၏။ သူက ခပ်တိုးတိုး ပြောလိုက်သည်။ “ညီမအလှနတ်သမီးငယ်…မကြောက်ပါနဲ့…။ မင်းအစ်ကိုကြီးရှု လာနေပြီ…”

အမျိုးသမီးက ပြုံးကာ ပြောလိုက်သည်။ သူ့မျက်လုံးများက ထူးဆန်းသော အလင်းတန်း တစ်ခုကို ထုတ်လွှတ်လာပြီး သူမ၏နူးညံသော လက်ဖြင့် ရှုလီကော၏ နှဖူးကို ညွှန်လိုက်သည်။

သူမ လက်ချောင်းက ကျရောက်လာသည့် အခါ ရှုလီကောက နှခေါင်းရှုံ့ကာ သူ့ခန္ဓာကိုယ်က ပျောက်ကွယ် သွားတော့သည်။ သူ့နေရာတွင် ဓားစွမ်းအင်တစ်ခုသာ ကျန်ခဲ့တော့၏။

“နင့်ရဲ့ ဘိုးဘိုးရှုက တစ်ကြိမ်ခံပြီးပြီး…။ ငါကနောက်ထပ် တူညီတဲ့အမှားမျိုး ဘယ်လိုလုပ် ထပ်လုပ်နိုင်ပါ့မလဲ…”

အမျိုးသမီးမျက်နှာပေါ်ရှိ အပြုံးက ပိုပီသ လာပြီးနောက် သူမက ဓားစွမ်းအင်ကို ညင်သာစွာ ဖယ်ရှား ပစ်လိုက်သည်။

သည်မြင်ကွင်းက ရှုလီကောကို အလွန်ကြောက်လန့် သွားစေပြီး သူက ချက်ချင်းပင် ဝမ်လင်းထံသို့ ပြန်လှည့်ပြေးကာ ကောင်းကင်ဘုံ ဓားထဲသို့ ဝင်ရောက် လိုက်လေ၏။

ဝမ်လင်းက လေးနက်သော လေသံနှင့် မေးလိုက်သည်။ “နင်…ဘယ်သူလဲ…”

အမျိုးသမီးက ဝမ်လင်းကို ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။ “ကျင့်ကြံသူတွေ ကြားထဲမှာတော့ ငါ့ကို မိုင်ချီလို့ ခေါ်တယ်။ စွန့်ပစ်ခံ မသေမျိုး ကလန်မှာတော့ ငါက ဘိုးဘေးသုံး ဖြစ်တယ်…”

ဝမ်လင်းမျက်လုံးများက လက်ခနဲဖြစ်သွားပြီး သူက ဖြည်းညင်းစွာ ပြောလိုက်သည်။ “ဒီတော့ နင်က အရှင်ဘိုးဘေးသုံးပေါ့…။ ဂျူနီယာက ဒီနေရာကို အလျင်လိုလိုနဲ့ ရောက်လာခဲ့ပြီး ကျူးကျော်သွားသလို ဖြစ်ခဲ့ပါတယ်။ ဂျူနီယာ ပြန်သွားပါတော့မယ်…” ထိုသို့ပြောပြီးနောက် သူက စတင်၍ နောက်သို့ ဆုတ်လိုက်သည်။

အမျိုးသမီး၏ မျက်လုံးထဲ၌ လှိုင်းတွန့်လေးများ ဖြစ်ပေါ်သွားပြီး သူမက ပြောလိုက်သည်။ “ငါ့ကို အရှင်ဘိုးဘေးသုံးလို့ မခေါ်ပါနဲ့။ ငါက လူတွေ မိုင်ချီလို့ ခေါ်တာကိုပဲ ပိုသဘောကျတယ်။ နင်က ဒီနေ့ထွက်သွား နိုင်ပါတယ်။ ဒါပေမဲ့ ငါ့အမိန့်ကိုတော့ နာခံရမှာပေါ့…”

အမျိုးသမီးက လေထဲသို့ လက်ညွှန်သည်။ ဆယ်ခုမြောက် အလွှာသို့ ပြန်သွားသည့် ဥမင်က ချက်ချင်းပင် ချိတ်ပိတ်ခြင်း ခံလိုက်ရသည်။

ဝမ်လင်းက မျက်မှောင်ကြုတ် သွား၏။ သူက အမျိုးသမီးကို အေးစက်စွာ ကြည့်၍ မေးလိုက်သည်။ “စီနီယာ…ဒါက ဘာသဘောလဲ…”

အမျိုးသမီးက သူမပါးစပ်နားသို့ လက်ချောင်းကို ကပ်လိုက်သည်။ သူမမျက်လုံးထဲ၌ စွဲညှို့မှုများ ပြည့်နေပြီး ပြုံးသည်။ “ငါ့မှာ အခြား ဘာအဓိပ္ပာယ်များ ရှိနိုင်ပါ့မလဲ။ ငါက နင့်ကို ဘဝရဲ့အလှအပကို ခံစားကြည့် စေချင်ရုံပါ။ ငါက နင့်ခန္ဓာကိုယ်ကနေ အလွန်သန့်စင်တဲ့ အော်ရာကို ရနေတယ်။ နင်က ခုထိ အမျိုးသမီး တစ်ယောက်ရဲ့ အရသာကို မခံစားကြည့်ဖူး သေးဘူးလို့ ငါယုံတယ်…။ ငါ့ကို ကံကောင်းခွင့် ပြုပါ…”

ဝမ်လင်း မျက်လုံးများက အေးစက်သွားပြီး သူက တည်ငြိမ်စွာ ပြောလိုက်သည်။ “နင်က ဒီနေရာမှာ ရှိနေတယ် ဆိုတာက ဒဏ်ရာ အပြင်းအထန် ရထားတယ်လို့ ဆိုလိုနေတာပဲ။ ဘိုးဘေးသုံး…နင်က ဒီပစ္စည်းကို သိရဲ့လား…” ထိုသို့ပြောပြီးနောက် ဝမ်လင်းက သိုလှောင်အိတ် ထဲကနေ စိတ်ဝိညာဉ် ဆယ်သန်း အလံကို ထုတ်ယူ လိုက်သည်။ စိတ်ဝိညာဉ် အပိုင်းအစများစွာ ကလည်း တစ္ဆေညည်းသံများ ထုတ်လွှတ်လာကြသည်။

သည် တစ္ဆေညည်းသံများက လူတစ်ယောက်၏ စိတ်ဝိညာဉ် အပေါ်တွင် တိုက်ရိုက် သက်ရောက်နိုင်မှု ရှိသည်။

အမျိုးသမီးမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူမက စိတ်ဝိညာဉ် အလံကို စူးစိုက်ကြည့်က တစ်ခွန်းချင်း ဆိုလိုက်၏။ “စိတ်..ဝိညာဉ်…ဆယ်သန်း…အလံ…”

ဝမ်လင်းက ဘယ်လက်ဖြင့် ကောင်းကင်ဘုံဓားကို ညွှန်လိုက်ရာ ၎င်းက စတင်တောက်ပ သွားသည်။ ထို့နောက် သူက ဓားကို လွှဲရိုက်ချကာ မြေပြင်သို့ ခုတ်ပိုင်းလိုက်၏။

ဘုန်းကနဲ့ ပေါက်ကွဲသံနှင့်အတူ မြေပြင်ပေါ်၌ နက်ရှိုင်းသော အက်ကြောင်းရာကြီး ဖြစ်ပေါ်သွား၏။

ဝမ်လင်းက အမျိုးသမီးကို ကြည့်ကာ ပြောလိုက်သည်။ “ငါက ဒီတိုက်ခိုက်မှုမှာ ကောင်းကင်ဘုံ စွမ်းအင် ဆယ်ရာခိုင်နှုန်းပဲ အသုံးပြုထားတယ်…”

“ဒီတော့ ဒါက ကောင်းကင်ဘုံရတနာပေါ့…” အမျိုးသမီး မျက်လုံးများက အေးစက် လာခဲ့သည်။ “နင်က ဒီရတနာနှစ်ခုနဲ့ ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတာလား…”

“နင်က ပြည့်ဝတဲ့စွမ်းအင် ရှိနေချိန်မှာ ဆိုရင်တော့ ငါက ယုံကြည်ချက်မရှိဘူး။ ဒါပေမဲ့ နင်က ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတယ်ဆိုတာ ငါသေချာသိတယ်။ စီနီယာ…ငါ့ကို ဖိအားမပေးပါနဲ့။ ဒီလိုလုပ်တာ ငါတို့နှစ်ယောက်လုံးအတွက် ကောင်းမှာ မဟုတ်ဘူး။ အခု ငါက မသေမျိုးသင်္ချိုင်းကနေ ထွက်သွားတော့မယ်…။ နင်လည်း ဒဏ်ရာဆက်ကုနေပါ…”

သူက သည်အမျိုးသမီးကို ရင်ဆိုင်နိုင်ရန် ယုံကြည်ချက် မရှိချေ။ တကယ်တော့ သည်အမျိုးသမီး၏ တည်ရှိမှုက အာဏာတက်ခြင်း အဆင့်ကျင့်ကြံသူ တစ်ယောက်၏ တည်ရှိမှုနှင့် ညီမျှနေသည် မဟုတ်လား။ သူမက မည်သို့ပင် ဒဏ်ရာရထားသည် ဖြစ်စေ သူမက အချို့သော နည်းလမ်းများကို အသုံးပြုနိုင်စွမ်း ရှိနေဦးမည်သာ။ သူမက ဝမ်လင်း အာဏာတက်ခြင်း အဆင့်စိတ်ဝိညာဉ်၏ အကူအညီဖြင့် လွယ်လွယ်ကူကူ သတ်နိုင်ခဲ့သော သစ်ရွက် ရှစ်ရွက် နတ်ဆရာများနှင့် မတူညီချေ။

အမျိုးသမီးက ဖျော့တော့စွာ ပြုံးလိုက်၏။ သူမက ဝမ်လင်းကို သူမ၏ ချစ်သူ တစ်ယောက်ကဲ့သို့ ကြည့်ကာ ညှို့ငင်စွာ ရယ်မောလိုက်၏။ “ငါက နင့်ကို ခက်ခဲစေမှာ မဟုတ်ပါဘူး။ ငါက နင်နဲ့ နွေဦးရာသီ အလှကို ခံစားချင်ရုံပါ။ ဘာလို့ငါ့ကို တံခါးအပြင် ကန်ထုတ် နေရတာလဲ။ ဒီအပြင့် မသေမျိုးသင်္ချိုင်းက အားလုံးပေါင်း ဆယ့်ကိုးလွှာ ရှိတယ်။ နင်က နင့်အမကြီးဖြစ်တဲ့ငါနဲ့ ဒီနေရာမှာနေမယ်ဆိုရင် စွန့်ပစ်ခံ မသေမျိုးကလန်ရဲ့ တက်တူးစွမ်းအား လျို့ဝှက်ချက်တွေကိုတောင် ရှာဖွေနိုင်လိမ့်မယ်။ ပိုပြိးတော့ အရေးကြီးတာက ငါတို့ကလန်ရဲ့ပထမဆုံးဘိုးဘေး စိတ်ဝိညာဉ်က ဒီနေရာမှာ စောင့်ကြပ်ပေးနေတာပဲ။ နင့်မှာက စိတ်ဝိညာဉ်ဆယ်သန်းအလံရှိတယ်လေ။ နင်က ပထမဘိုးဘေးရဲ့ စိတ်ဝိညာဉ် အပိုင်းအစကို စုဆောင်းလိုခြင်း မရှိဘူးလား….”

ဝမ်လင်းက သူမကို စူးစိုက်ကြည့်နေ၏။ သူက အေးစက်စွာ ပြောလိုက်သည်။ “ငါနင့်ကို အသက်သုံးခါ ရှူချိန်ပေးမယ်။ ငါထွက်သွားရမလား…၊ တိုက်ခိုက်ရမလားက နင့်အပေါ် မူတည်နေပြီ…”

အမျိုးသမီးက သက်ပြင်းချကာ လေထဲသို့ လက်ညွှန်လိုက်သည်။ စောနက ပျောက်ကွယ်သွားသည့် ဥမင်လမ်းက ပြန်ပေါ်လာခဲ့သည်။

“နင်က ငါနဲ့ သက်တောင့်သက်သာ မနေချင်တော့လည်း ငါက နင့်ကို သွားခွင့်ပြုရုံပဲ ရှိတော့တာပေါ့။ ဒါပေမဲ့ နင်က ငါ့နယ်ပယ်စိတ်ဝိညာဉ်အပိုင်းအစကို ထားခဲ့ရမယ်…”

ဝမ်လင်းက နောက်သို့ ဆုတ်ကာ တည်ငြိမ်စွာ ပြောလိုက်၏။ “ငါက မသေမျိုးသင်္ချိုင်းထဲက ထွက်သွားတာနဲ့ ဒီစိတ်ဝိညာဉ်ကို လွှတ်ပေးလိုက်မယ်။ နင့်စွမ်းအားနဲ့ဆိုရင် ဒီဟာကို ဖမ်းဖို့က ခက်ခဲမှာ မဟုတ်ပါဘူး…”

ထိုသို့ပြောပြီးသည်နှင့် ဝမ်လင်းက အလင်းတန်း တစ်ခုကဲ့သို ဥမင်ထံသို့ ရွေ့လျား သွားတော့သည်။

အမျိုးသမီးမျက်လုံးက အေးစက်နေ၏။ သူမက နှာခေါင်းရှုံ့ကာ တွေးလိုက်သည်။ “ငါက နင် ထောင်ချောက်ထဲကို ဘယ်လို လှမ်းဝင်နေလဲ တွေ့ချင်နေမိပြီ…”

သို့ရာတွင် သူမအပြုံးက ရုတ်တရက် အေးခဲသွားလေ၏။

သူမက ဝမ်လင်းသည် ဥမင်အပြင်ဘက်၌ ရုတ်တရက် ရပ်လိုက်သည်ကို လှမ်းတွေ့ လိုက်သည်။ သူက လက်ဟန်တစ်ချို့ လှုပ်ရှား၍ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များကို သူ့ပတ်လည်၌ ဝန်းရံလာစေ၏။ သည့်နောက် အစီအရင်တစ်ခု ပေါ်လာပြီး သူက ခြေချကာ ပျောက်ကွယ် သွားတော့သည်။

သူပြန်ပေါ်လာသည့်အခါတွင် ဆယ်ခုမြောက် အလွှာတွင် သူနေရာချခဲ့သော အစီအရင်ထသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူက ပြန်ပေါ်လာပြီးသည်နှင့် တုံ့ဆိုင်းခြင်း မရှိဘဲ ဆက်၍ ထွက်ပြေးလေ၏။

“သတိရှိလိုက်တဲ့ ကျင့်ကြံသူလေးပဲ…။ သူက ငါ ပိုသဘောကျအောင် လုပ်နေတာပဲ…။ ငါက သူ့ကို ခြောက်ကပ် သွားတဲ့အထိ စုပ်ယူနိုင်ရင် ငါ့တက်တူး စွမ်းအားကလည်း အနည်းငယ်လောက် ပြန်ကောင်းလာလိမ့်မယ်…” အမျိုးသမီးက သူမနှုတ်ခမ်းကို သပ်ကာ သူမမျက်လုံးထဲ၌ စဉ်းလဲသော အကြည့်တို့ ဖြစ်ပေါ်လာ၏။

“သူက ဒီလို သတိရှိနေတော့လည်း နည်းနည်းတော့ ပိုခက် သွားတာပေါ့လေ။ သူက ဒီနေရာကို ဖျက်ဆီးရင် ငါ့နှလုံးသားကို ရင်းပြီး သူ့ကို သတ်ပစ်ရမှာပဲ။ ဒါဆိုရင် နှမြောစရာပဲ။ အခုတော့ သူက ဒီနေရာနေ ထွက်သွားခဲ့တယ်။ ငါက သူ့ကို ငါ့စွမ်းအားကို အသုံးပြုပြီး သူ့ကို ဖမ်းပြီး ငါ့ကိုယ်ငါ ပျော်ရွှင်စေရမယ်…” ထို့နောက် သူမက သူ့အထက်ရှိ စာလိပ်ထံသို့ လက်ညွှန်ကာ ပြောလိုက်သည်။ “သူ့ကို ဖမ်းပြီး ဒီနေရာကို ပြန်ခေါ်လာခဲ့…”

ထိုသို့ပြောပြီးနောက် စာလိပ်က ပွင့်နေရာကနေ ပြန်ပိတ်ကာ ပျောက်ကွယ်လို့ သွား၏။

“ခုချိန်ထိ အမျိုးသမီး အရသာကို မခံစားဖူးတဲ့ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ကောင်လေး…” အမျိုးသမီးက သူမနှုတ်ခမ်းကို လက်ဖြင့် ထိသည်။ သူမမျက်လုံးထဲ၌ မကောင်းဆိုးဝါး ဆန်သော အကြည့်တို့ ဖြစ်ပေါ်နေပြီး သူမက ခပ်တိုးတိုး ရေရွတ် လိုက်သည်။ “မြန်မြန်ပြန်လာခဲ့…ကောင်လေး…။ ဒီအမကြီးက ဆက်ပြီး မစောင့်နိုင်တော့ဘူး…”

ဝမ်လင်းက နတ်ဘုရားအာရုံကို ဖြန့်ကြက်ရင်း လျင်မြန်စွာ ပျံသန်းလို့နေသည်။ သူက ဆယ့်တစ်ခုမြောက် အလွှာရှိ အမျိုးသမီးက သူ့ကို ထွက်သွားခွင့် ပေးလိမ့်မည်ကို မယုံကြည်ချေ။ ထို့ကြောင့် သူက မြန်နိုင်သမျှမြန်အောင် လှုပ်ရှားနေခြင်း ဖြစ်သည်။ သိပ်မကြာခင်မှာပင် ဝမ်လင်းက ဒုတိယမြောက် အလွှာသို့ ရောက်လာခဲ့၏။

သူက ပထမအလွှာသို့ ဝင်ရောက်သည့် ဥမင်ကို မြင်နေရ၏။ သူက တည်နေရာရွှေ့ပြောင်းရန် ပြင်လိုက်စဉ်မှာပင် သူ့အသွင်က ရုတ်တရက် ပြောင်းလဲသွားပြီး ကောင်းကင်ဘုံဓားဖြင့် နောက်ပြန် ခုတ်ချလိုက်၏။

ဓားစွမ်းအင်က သူ့နောက်ရှိ လေထဲထုက အရာတစ်ခုခုနှင့် ထိမှန်သွားသည့် အသံ တစ်ခု ထွက်ပေါ်လာသည်။ သည့်နောက် အမျိုးသမီး ခေါင်းထက်ရှိ စာလိပ်က လေထဲ၌ ပုံရိပ်ယောင်တစ်ခုကို ထုတ်လွှတ်ပြသနေသည်။

ဝမ်လင်းက နောက်သို့ ပြန်လှည့်ကြည့်ရင်း သူ့အသွင်က သုန်မှုန်လို့သွား၏။

စာလိပ်ထဲကနေ မကောင်းဆိုးဝါး အနက်ရောင် အခိုးငွေ့များက မြောလွင့်လို့လာနေ၏။ စာလိပ်ကလည်း တဖြည်းဖြည်း ပွင့်လာပြီး ခရမ်းရွှေရောင် အလင်းစက်ဆယ်ခုက စက်ဝိုင်းသဏ္ဌာန် ဖြစ်ပေါ်လာသည်။

သည်အစက်များက ထူးဆန်းသော စွမ်းအင်တစ်ခုကို ထုတ်လွှတ် နေပြီးနောက် ရုတ်တရက် ပြောင်းလဲသွားသည်။

သည်အစက်ဆယ်ခုကနေ မြွေတက်တူး အမှတ်အသားအသွင် တစ်ခုက ပျံသန်းထွက်လာ၏။ ၎င်းက ရုတ်တရက် ကြမ်းကြုတ်သော ပေတစ်ထောင်ခန့် ရှည်လျားသည့် နဂါးအသွင်သို့ ပြောင်းသွားသည်။

သည်နဂါးကနေ ထွက်ပေါ်လာနေသည့် အော်ရာက ကပ်ဘေးသားရဲ တစ်ကောင်၏ အော်ရာနှင့် ယှဉ်နိုင်ပေသည်။ ၎င်းနဂါးက‌ ပေါ်ထွက်လာသည်နှင့် ရုတ်တရက် ဟိန်းဟောက်ကာ ဝမ်လင်းထံသို့ တိုးဝင် လာတော့သည်။

စောနကတုန်းက အရင်ဖြစ်ပေါ်ခဲ့သည့် မြေတက်တူးက နဂါးဦးခေါင်းထက်၌ တဖျပ်ဖျပ် လင်းလက်လို့ နေသည်။

ဝမ်လင်းက ကောင်းကင်ဘုံဓားကို လွှဲရမ်းလိုက်၏။ ဓားစွမ်းအင်များက နဂါးကို ဖြတ်ကျော်လို့ သွားသည်။

“ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်က ဒီနဂါးကို မဆန့်ကျင်နိုင်ဘူးလား…” ဝမ်လင်းက တုန်လှုပ်မိ သွားလေ၏။

နဂါးက ဝမ်လင်းထံသို့ တိုးဝင် လာလေသည်။ ဝမ်လင်းက အလျင်အမြန် ချိပ်တံဆိပ် တစ်ခုကို ဖော်ထုတ်၍ အတားအဆီး တစ်ခုကို ဖန်တီးလိုက်သည်။ သည်အတားအဆီးထဲ၌ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များ ပါဝင်နေကာ နဂါခေါင်းပေါ်သို့ ကျရောက် သွားသည်။

ဘုန်း…။

ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခုနှင့်အတူ နဂါးက နာကျင်စွာ နောက်ဆုတ် သွား၏။ အတားအဆီးက နဂါးပါးစပ် တစ်ခုလုံးကို ပိုက်ကွန်သဖွယ် အုပ်စိုးထား၏။ ထို့ကြောင့် ၎င်းက ပါးစပ်ဟ၍ မရ ဖြစ်နေခဲ့သည်။

နဂါးက ညည်းသံပြု၍ ဝမ်လင်းထံသို့ အလင်းတန်း တစ်ခုအလား တိုးဝင်လာပြန်၏။

ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူက ကောင်းကင်ဘုံဓားကို သူ့ရှေ့တွင် ကာဆီး ထားလိုက်သည်။ နဂါးက ကောင်းကင်ဘုံဓားနှင့် ဝင်စောင့်မိသည်။ ဝမ်လင်းက သည်ထိတိုက်မှုကနေ ထွက်ပေါ်လာသည့် အားကို အသုံးပြု၍ ပထမအလွှာသို့ ရောက်ရှိ သွားတော့သည်။ ထို့နောက် သူက ချက်ချင်းပင် ပျောက်ကွယ် သွားတော့သည်။

သည်အခိုက်မှာပင် စာလိပ်ပေါ်ရှိ အလင်းစက်ဆယ်ခုက တစ်ဖန် လှည့်ပတ်လာပြီး ကျားတက်တူး အမှတ်အသားကို ဖြစ်ပေါ်စေ၏။ ၎င်းက ကြီးမားသည့် အနက်ရောင် ကျားကြီး အဖြစ်သို့ ပြောင်းလဲသွားသည်။ ယင်းကျားကြီးက ပေါ်ထွက်လာသည်နှင့် ၎င်း၏ လက်ဝါးဖြင့် နဂါးပါးစပ်ပေါ်ရှိ အတားအဆီးပိုက်ကွန်ကို ဖျက်ဆီးပစ်လိုက်သည်။

နဂါးနှင့်ကျားက ပထမအလွှာထဲသို့ ဝင်ရောက် သွားသော ဝမ်လင်းနောက်သို့ လိုက်ပါလာကြ၏။ သူတို့နောက်၌လည်း မကောင်းဆိုးဝါး အလင်းကို ထုတ်လွှတ်နေသည့် စာလိပ်ကပါ လိုက်လာသည်။

ဝမ်လင်းက ပထမအလွှာသို့ ခြေချပြီးပြီးချင်းမှာပင် နဂါးနှင့်ကျားက သူ့ကို မှီလာခဲ့သည်။

“ဒီရတနာလောက်လေးနဲ့ ငါ့ကို ဖမ်းချင်ရင်တော့ နင်က ငါ့ကို လျော့တွက်နေတာပဲ…” ဝမ်လင်းမျက်လုံးက အေးစက်လာသည်။ သူက သိုလှောင်အိတ်ထဲကနေ စာလိပ်တစ်ခုကို ထုတ်ယူလိုက်၏။

သည်စာလိပ်က သူခုချိန်ထိ ထိန်းချုပ်အသုံးပြုလို့ မရသေးသည့် အရာတစ်ခု ဖြစ်နေသည်။

ဝမ်လင်းသိုလှောင်အိတ်ထဲက စာလိပ် ပေါ်ထွက်လာသည်နှင့် နဂါးနှင့် ကျားကြီးတို့က ရပ်တန့်သွားပြီး အနီးသို့ ဆက်မတိုးလာဝံ့တော့ချေ။ သည်နှစ်ကောင်က ပေတစ်ထောင်အကွာတွင် ရပ်လိုက်ပြီး စတင်ဟိန်းဟောက် နေ၏။ ၎င်းတို့၏ မျက်လုံးထဲ၌လည်း သံသယဖြစ်ဟန်များ ပြည့်နေသည်။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက သူ့လက်ထဲရှိ စာလိပ်ကို ဖွင့်လှစ်လိုက်သည်။ သူ့စာလိပ်က လုံးဝ အနက်ရောင် ဖြစ်နေပြီး ခရမ်းရွှေရောင် အလင်းတစ်စက်သာ ရှိ၏။

ထိုစာလိပ်ဖွင့်ဟလာသည့်အခိုက်တွင် နဂါးနှင့်ကျားတို့က ဟိန်းဟောက် နေရာကနေ ရပ်တန့်သွား၏။ သူတို့က စာလိပ်ကို ထူးဆန်းစွာ ကြည့်နေကြသည်။ သည်အခိုက်မှာပင် ခရမ်းရွှေရောင် အလင်းစက် ဆယ်ခုကျော်နှင့် စာလိပ်က ဖမ်းယူခြင်း ခံလိုက်ရ၏။

သည်မြင်ကွင်းက အလွန်ထူးဆန်းလှ၏။

နဂါးနှင့်ကျားတို့သည် စာလိပ်နှစ်ခုကို ကြည့်ကာ သူတို့မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုများ ဖြစ်ပေါ်လို့နေ၏။

ဆယ့်တစ်ခုမြောက်အလွှာ၌ ဘိုးဘေးသုံးအသွင်က ကြီးစွာ ပြောင်းလဲသွား၏။

“တက်တူးသားရဲမြေပုံစာအုပ်…။ ဒီလူ့ထံမှ ဘာလို့ ငါတို့ စွန့်ပစ်ခံ မသေမျိုးကလန်ရဲ့ ရတနာ ရှိနေရတာလဲ…။ ဒီတစ်ခုက ဘိုးဘေးတစ်ယောက် အပြင်ဘက်မှာ ကျန်ခဲ့တဲ့ဟာများ ဖြစ်နေမလား…” အမျိုးသမီး မျက်လုံးက တလက်လက် ဖြစ်နေပြီး သူမက ခပ်တိုးတိုး ပြောလိုက်၏။ “ပြန်လာခဲ့စမ်း…”

သူမက ထိုစကားလုံးကို ပြောလိုက်သည့် အခိုက်တွင် အစက်ဆယ်စက်နှင့် စာလိပ်က တုန်ခါသွားသည်။ နဂါးနှင့်ကျားတို့ကလည်း အလင်းတန်း အသွင်ပြောင်း၍ ထိုစာလိပ်ထဲသို့ ပျံသန်း ဝင်လာခဲ့သည်။

ထိုအချိန်မှာပင် ဝမ်လင်း၏ အစက်တစ်စက်သာ ရှိသည့်စာလိပ်က ဖျတ်ခနဲ တောက်ပသွားပြီး အမျိုးသမီး တစ်ယောက်၏ အသွင် ဖြစ်ပေါ်လာသည်။ သည်အမျိုးသမီး၏ သွင်ပြင် လက္ခဏာများက ရှင်းလင်းစွာမမြင်ရဘဲ ပုံရိပ်နောက်ခံ မှိုင်းပျပျကိုသာ မြင်ရလေ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset