Switch Mode

အပိုင်း (၄၇၉)

ဘိုးဘေးသုံးက သူမပေါ့…

ငါးခုမြောက်အလွှာက လေးခုမြောက် အလွှာထက် ပို၍ ကြီးမားလေ၏။ သည်နေရာတွင် ဝမ်လင်း ချူနိုင်ငံတွင် တွေ့မြင်ခဲ့သော အပင်များနှင့်တူညီသည့် အပင်များ ရှိလို့နေသည်။

သည်အပင်များ၏ အရွက်များက ထူးဆန်းသော ပုံစံဖြင့် ရွှေ့လျားနေကြ၏။ တစ်စုံတစ်ယောက် ယင်းအရွက်များကို အချိန်အတန်ကြာ ကြည့်လျှင် သူတို့၏ ခန္ဓာကိုယ် များကလည်း သည်အရွက်များနှင့် အတူ လှုပ်ရှားနေသလို ခံစားမိမည် ဖြစ်၏။

ငါးခုမြောက်အလွှာတွင် ဝမ်လင်းက ပြန်လည် မွေးဖွားခြင်းသစ်ပင် သုံးပင် ရှိနေကြောင်း သတိပြုမိလိုက်၏။ အပင်တစ်ပင်စီ၏ ထိပ်ဖျားတွင် သစ်ရွက်ရှစ်ရွက် နတ်ဆရာတစ်ယောက်စီ ထိုင်နေလျက် ရှိ၏။ သူတို့အားလုံးက ဒဏ်ရာပြင်းထန်စွာ ရရှိထားကြ၏။

ဝမ်လင်းမျက်လုံးများက အေးစက်လာပြီး သူက သုံးယောက်ထဲက တစ်ယောက်ထံသို့ တည်နေရာ ရွှေ့ပြောင်းလိုက်၏။

သို့ရာတွင် သူက ပြန်လည်မွေးဖွားခြင်း သစ်ပင်နားသို့ ပေါ်လာသည့် အချိန်လေး၌ သူ့အသွင်က ပြောင်းလဲသွားပြီး ပျောက်ကွယ်သွား၏။ သူပြန်ပေါ်လာသည့် အချိန်တွင် အပင်နှင့် ပေတစ်ထောင် အကွာသို့ ရောက်နေခဲ့ပြီ ဖြစ်သည်။

ရေညှီနှင့်တူသည့် အပင်များက သူပေါ်လာသည်နှင့် စတင်လှုပ်ရှား လာကြသည်။ ထို့နောက် တစ်ပင်နှင့်တစ်ပင် ဝမ်လင်း အရင်ရှိခဲ့သောနေရာ၌ ထိတိုက်မိသွားကြ၏။

အချိန်တိုအတွင်းမှာပင် ငါးခုမြောက်အလွှာရှိ ရေညှိနှင့်တူသည့် အပင်များက စုစည်းကာ လူသားအသွင် ပုံစံများ ဖြစ်လာကြ၏။

သည်ပုံရိပ်များက အပင်များနှင့် လုံးဝပြုလုပ်ထားပြီး ထူးဆန်းသော အော်ရာကို ပေးစွမ်းနေသည်။ ထို့နောက်တွင် မျက်စိတစ်မှိတ် အတွင်း ဝမ်လင်းပတ်လည်၌ ထူးဆန်းသော သက်ရှိပုံစံများက ပေါ်ပေါက်လာသည်။

“ပြင်ပကျူးကျော်သူ… ဒီနေရာက ထွက်သွားစမ်း…” နူးညံမှုကင်းမဲ့သည့် အသံတစ်ခုက သည်အပင်များ၏ ပါးစပ်အသွင်ကနေ ထွက်ပေါ်လာပြီး အလွှာတစ်ခုလုံးကို ပဲ့တင် ထပ်သွားစေ၏။

ဝမ်လင်းမျက်လုံးများက အေးစက်လာ၏။ သည်သက်ရှိ ပုံစံတစ်ခုချင်းစီက စဦးစိတ်ဝိညာဉ် အဆင့်တွင် ရှိနေကြသည်။ သူက သည်သက်ရှိ ပုံစံများနှင့် တိုက်ခိုက်နေရန် အချိန်မရှိချေ။ ထို့ကြောင့် သူက လက်ဝှေ့ယမ်း လိုက်ရာ စိတ်ဝိညာဉ် ဆယ်သန်းအလံက သူ့လက်ထဲ၌ ပေါ်လာ၏။

ဝမ်လင်းက ညင်သာစွာ ပြောလိုက်သည်။ “စိတ်ဝိညာဉ်…ပြန့်ကျဲခြင်း…”

ထိုစိတ်ဝိညာဉ်အလံကနေ စိတ်ဝိညာဉ် အပိုင်းအစ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြ၏။ သိန်းခြောက်ရာ ကျောက်သည့် စိတ်ဝိညာဉ် အပိုင်းအစများနှင့် အတူ သွန်းထျန်၏ စိတ်ဝိညာဉ် အပါအဝင် မူလစိတ်ဝိညာဉ် နှစ်ဆယ့်ခြောက်ကောင်က အလံထဲကနေ ထွက်ပေါ်လာ၏။

သည်စိတ်ဝိညာဉ်အပိုင်းအစများက အတူတကွ ပေါင်းစပ်ရင်တောင် အာဏာတက်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူ အသွင်သို့ ပြောင်းနိုင်စွမ်း မရှိတော့ချေ။ ထို့အတူ အလယ်အလတ် အဆင့်ကိုလည်း ပြောင်းနိုင်စွမ်း မရှိတော့ပေ။ သို့ရာတွင် ၎င်းတို့က အာဏာတက်ခြင်း အစောပိုင်းအဆင့်ကိုတော့ ဖန်တီးနိုင်စွမ်း ရှိသေး၏။

ဝမ်လင်းက သည်ခရီးစဉ်တွင် သူက အလျင်အမြန် လှုပ်ရှားလုပ်ဆောင် ရမည်ကို သိလေ၏။ သူ့တွင် ဖြုန်းတီးပစ်ရန် အချိန်မရှိပေ။ ထို့ကြောင့် သူက စိတ်ဝိညာဉ်ဆယ်သန်း အလံကို ချက်ချင်း ထုတ်ယူလိုက်ခြင်း ဖြစ်၏။

ဝမ်လင်းက အော်ဟောက်လိုက်သည်။ “ပေါင်းစပ်ခြင်း…”

စိတ်ဝိညာဉ် အပိုင်းအစ မြောက်များစွာနှင့် မူလစိတ်ဝိညာဉ် ဆယ့်နှစ်ခုကျော်တို့က ပေါင်းစပ်၍ အားကောင်းသော အာဏာတက်ခြင်း အဆင့်စိတ်ဝိညာဉ် အပိုင်းအစကို ဖန်တီးလိုက်သည်။

သည်စိတ်ဝိညာဉ် ပေါ်လာသည်နှင့် ငါးခုမြှောက်အလွှာ တစ်ခုလုံးက တုန်ခါလာခဲ့၏။

ကျန်နေသေးသော စိတ်ဝိညာဉ်အပိုင်းအစများနှင့် မူလစိတ်ဝိညာဉ် များကတော့ ဝမ်လင်းကို ဝိုင်းပတ်ပေးထားပြီး တစ္ဆေညည်းသံများကို ထုတ်လွှတ်လို့နေ၏။

ဝမ်လင်းက သည်အာဏာတက်ခြင်း စိတ်ဝိညာဉ်က ကြာကြာ မတည်ရှိသည်ကို သိပေ၏။ ထို့ကြောင့် သူက ချက်ချင်းပင် အော်ဟစ်လိုက်သည်။ “သတ်…”

အာဏာတက်ခြင်းအဆင့်အစောပိုင်း စိတ်ဝိညာဉ်၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူက လက်ဝှေ့ယမ်း လိုက်သည်။ ထိုအခိုက်မှာပင် ရေညှိပုံစံ အပင်များက လုံးဝ ပျောက်ကွယ် သွားလေတော့သည်။

ဝမ်လင်းက ရပ်တန့်နေခြင်း မရှိဘဲ ပြန်လည်မွေးဖွားခြင်း သစ်ပင်ထံသို့ တစ်ဟုန်ထိုး ဝင်သွားပြီး ၎င်းထံသို့ လက်ညွှန်သည်။ သူ့ပတ်လည်ရှိ စိတ်ဝိညာဉ် အပိုင်းအစများ အားလုံးကလည်း သည်အပင်ကို ဝါးမျိုပစ်ရန် ရှေ့က ဦးဆောင် တိုးဝင်ကြသည်။

ပြန်လည် မွေးဖွားခြင်း သစ်ပင်က ချက်ချင်းပင် ပြိုကျသွားပြီး ၎င်းအပင်ပေါ်ရှိ သစ်ရွက်ရှစ်ရွက် နတ်ဆရာက သွေးတစ်လုပ်အန်ကာ သေဆုံး သွားတော့သည်။

ကျန်နေသေးသော ဒဏ်ရာကုသနေသည့် သစ်ရွက်ရှစ်ရွက် နတ်ဆရာများကလည်း အသတ်ခံ လိုက်ရပေသည်။ ဝမ်လင်းက သူတို့၏ခန္ဓာကိုယ်များကို သန့်စင်မွန်းမံပြီး ဦးခေါင်းခွံများကို သိမ်းဆည်း ထားလိုက်၏။

ဝမ်လင်းက စွန့်ပစ်ခံမသေမျိုးကလန်နှင့် ပတ်သက်၍ ခံစားချက်ကောင်း မရှိချေ။ သူက နောက်ထပ် ခြောက်ခုမြောက် အလွှာထံသို့ လျင်မြန်စွာ ပျံသန်းသွားလေ၏။ သူက ခြောက်ခုမြောက် အလွှာသို့ ပျံသန်းနေစဉ်တွင် တွေ့သမျှ စွန့်ပစ်ခံ မသေမျိုးကလန် အဖွဲ့ဝင်များကို သတ်ပစ်ခဲ့ပေသည်။ သူက သည်နေရာ၌ နတ်ဆိုးတစ်ပါးအလား ထင်မှတ်ရ၏။

သူ့ဦးတည်ချက်များက ပြန်လည်မွေးဖွားခြင်း သစ်ပင်များ ရှိသည့်နေရာများသို့ပင် ဖြစ်သည်။

ခြောက်ခုမြောက် အလွှာတွင် ပြန်လည်မွေးဖွားခြင်း သစ်ပင်သုံးပင် ရှိလို့နေ၏။ အာဏာတစ်ခြင်း အစောပိုင်း စိတ်ဝိညာဉ်၏ စွမ်းအားကြောင့် ခြောက်လွှာတွင် ဒဏ်ရာကုသနေသော လူသုံးယောက်သည်လည်း သေဆုံး သွားခဲ့ရသည်။

ဝမ်လင်းက ဆက်လက်၍ ခုနှစ်ခုမြောက် အလွှာ၊ ရှစ်ခုမြောက်အလွှာ စသဖြင့် ဆက်၍ သွားနေသည်။ သူက ဆယ်ခုမြောက် အလွှာသို့ တိုက်ရိုက် ရောက်လာခဲ့တော့သည်။

ဆယ်ခုမြောက် အလွှာ၌ အာဏာတက်ခြင်း အဆင့်စိတ်ဝိညာဉ်က ပြိုကျကာ အားနည်းသော စိတ်ဝိညာဉ်များ အသွင်သို့ ပြောင်းသွားကြတော့၏။ ယင်းစိတ်ဝိညာဉ် အပိုင်းအစတို့က အလံထဲသို့ အလိုလို ပြန်ဝင်သွားကြတော့သည်။

ဝမ်လင်းက စိတ်ဝိညာဉ်ဆယ်သန်း အလံကို ပြန်သိမ်းလိုက်သည်။ လမ်းတစ်လျှောက်တွင် သူက စိတ်ဝိညာဉ်အလံနှင့် ပတ်သက်၍ လေ့လာခွင့်လည်း ရခဲ့သည်။ အာဏာတက်ခြင်း စိတ်ဝိညာဉ်က အားကောင်းလွန်းလှသော်လည်း အချိန်တိုအတွင်း၌သာ ထိုစွမ်းအားကို ရရှိခြင်း ဖြစ်သည်။ ထို့ကြောင့် အစစ်အမှန် အာဏာတက်ခြင်း အဆင့်ကျင့်ကြံသူ တစ်ယောက်နှင့် ယှဉ်နိုင်ရန်တော့ ကွာခြားချက် ရှိလို့နေသေးပေသည်။

သည့်အပြင် စိတ်ဝိညာဉ် အပိုင်းအစများ၏ ပျက်စီးမှုက အသုံးပြုတိုင်း ပိုပြင်းထန် လာသည်ကိုပါ ဝမ်လင်းက သိလိုက်ရသည်။ ထို့ကြောင့်လည်း သွန်းထျန်က သည်အလံနှင့် လူအများကို ခြောက်လှန့်ရုံသာ လုပ်၍ တကယ် တိုက်ခိုက်ခဲ့ခြင်း မရှိခြင်းပင်။

လမ်းတစ်လျှောက်တွင် ဝမ်လင်းက သစ်ရွက်ရှစ်ရွက် နတ်ဆရာ စုစုပေါင်း ဆယ့်ကိုးယောက်ကို သတ်ဖြတ် ပစ်နိုင်ခဲ့ပြီ ဖြစ်၏။ သူတို့အားလုံးက ဒဏ်ရာ အပြင်းအထန် ရထားကြပြီး မည်သည့် အတွက်ကြောင့် သေဆုံးသွားရမှန်းပင် မသိလိုက်ကြချေ။ နောက်ထပ် တွေ့လာရသည့် အလွှာများက အဆင့်ခြောက် အလွှာကဲ့သို့ပင် ထူးဆန်းသော အပင်များနှင့် စောင့်ကြပ်လျက် ရှိနေခဲ့ကြသည်။

ဝမ်လင်းက အာဏာတက်ခြင်း စိတ်ဝိညာဉ်သာ မရှိလျှင် သူက ခြောက်ခုမြောက် အလွှာတွင် ရပ်တန့်သွားရမည် ဖြစ်သည်။

စွန့်ပစ်ခံ မသေမျိုးကလန်ပင် အာဏတက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်က သူ့လမ်းတစ်လျှောက်တွင် သတ်ဖြတ်ခြင်းဖြင့် သူတို့၏ ဌာနေသို့ သွားနေလိမ့်မည်ဟု မျှော်လင့်ထားမိမည် မဟုတ်ချေ။

တကယ်တော့ သည်ဟင်္သာပြဒါး ဂြိုဟ်ပေါ်တွင် ယွမ်ချွဲဇီနှင့် ကျုးချွဲဇီ တို့အပါအဝင် ဘိုးဘေးအာဏာ တက်ခြင်း အဆင့်ကျင့်ကြံသူ သုံးယောက်သာ ရှိပေသည်။ ချူးယွမ်ဖန်ကတော့ ကြောက်လန့်၍ သည်ဂြိုဟ်ကနေ ထွက်ပြေးသွားပြီ ဖြစ်သည်။ မြေကမ္ဘာစိတ်ဝိညာဉ်၏ အာဏာတက်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူကလည်း ပြင်းထန်စွာ ဒဏ်ရာရ၍ လျှို့ဝှက်နေရာတွင် ပြန်လည် ကုသနေသည်။

အာဏာတက်ခြင်း အဆင့် ကျင့်ကြံသူများ ရောက်မလာလျှင် မသေမျိုး သင်္ချိုင်းအတွက် ပြင်ဆင် ထားခဲ့သည့် အကာအကွယ်များက ပြဿနာ ရှိလိမ့်မည် မဟုတ်ချေ။

ခြောက်ခုမြောက် အလွှာကနေ ဆယ်ခုမြောက် အလွှာကနေထိ ဝမ်လင်းက အကျိုးအမြတ်များစွာ ရိပ်သိမ်းနိုင်ခဲ့၏။ သူက ဦးခေါင်းခွံများကို မည်သို့ အသုံးပြုရမည်အား မသိချေ။ သို့သော် သူက စွန့်ပစ်ခံ မသေမျိုးကလန်က စိတ်ဝိညာဉ် ကျောက်တုံးများစွာကို ဦးခေါင်းခွံထဲ၌ သိုလှောင် ထားလိမ့်မည်ဟု မမျှော်လင့်ထားမိချေ။

ပုံမှန်ဆိုရင် သည်စိတ်ဝိညာဉ်ကျောက်တုံးများက စွန့်ပစ်ခံ မသေမျိုး ကလန်အတွက် အသုံးဝင်ခြင်း မရှိချေ။ သူတို့၏ တက်တူးစွမ်းအားများက ဒီမွန်သားရဲများထံ ကနေ ရရှိလာကြခြင်းသာ ဖြစ်၏။ ထို့ကြောင့် သူတို့က စိတ်ဝိညာဉ် ကျောက်တုံးများ မလိုအပ်ချေ။

စိတ်ဝိညာဉ် ကျောက်တုံးများက ဝမ်လင်းကို ဖမ်းစားနိုင်ခြင်း မရှိသော်လည်း ခုလက်ရှိ ကျင့်ကြံသူများကြား အသုံးပြုသည့် ငွေကြေးတစ်ခု ဖြစ်နေသည် မဟုတ်လား။ သည့်အတွက်ကြောင့်လည်း များများရှိလေ ပိုကောင်းလေ ဖြစ်သည်။ လမ်းတစ်လျှောက်တွင် ဝမ်လင်းက များစွာသော စိတ်ဝိညာဉ် ကျောက်တုံးများကို စုဆောင်းနိုင်ခဲ့၏။ သည်စိတ်ဝိညာဉ် ကျောက်တုံးများကို သူက အဆင့်လေးနိုင်ငံ တစ်ခု၏ ကလန်တစ်ခုတွင်သာ ထားရှိလျှင် ထိုစိတ်ဝိညာဉ် ကျောက်တုံးများက နှစ်ပေါင်းတစ်ထောင် ကြာသည့်အထိ လုံလောက်ပေမည်။

သို့သော် သည်စိတ်ဝိညာဉ် ကျောက်တုံးများနှင့် နှိုင်းယှဉ်လျှင် သစ်ရွက်ရှစ်ရွက် နတ်ဆရာများ၏ ဦးခေါင်းခွံများက ဝမ်လင်းကို ပို၍ စိတ်ဝင်စားမိ စေသည်။ ဦးခေါင်းခွံ တစ်ခုချင်းစီက တစ်မျိုးထူးသည့် တက်တူးတစ်ခု ရှိနေသည်။ ၎င်း၏ အော်ရာကလည်း စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ကျင့်ကြံသူ တစ်ယောက်နှင့် နှိုင်းယှဉ်နိုင်ပေသည်။

ဝမ်လင်းက သည်ဦးခေါင်းခွံများနှင့် ပတ်သက်ပြီး မရိုးရှင်းသည့် ခံစားချက် တစ်ခု ရှိနေသည်။ ၎င်းက စိတ်ဝိညာဉ် ကျောက်တုံးများထက် ပို၍ အဖိုးထိုက်တန် လောက်ပေသည်။

သူ့ခံစားချက်က မှန်ကန်နိုင်ပေသည်။ ထျန်ယွမ်ဂြိုဟ်ပေါ်တွင် ကျင့်ကြံသူများထက် မတူညီ ကွဲပြားသည့် စွမ်းအားများကို အသုံးပြုနိုင်သည့် လူများ၏ အဆီအနှစ်များက ပို၍ အဖိုးထိုက်တန် ပေသည်။ စွန့်ပစ်ခံ မသေမျိုးကလန် အဖွဲ့ဝင်များ၏ အဆီအနှစ်များက သူတို့၏ ဦးခေါင်းခွံများပင် ဖြစ်၏။ လျှို့ဝှက်နည်းလမ်း တစ်ခုကို အသုံးပြုလျှင် ဦးခေါင်းခွံမှ တက်တူးကို ဖယ်ရှား နိုင်ပေလိမ့်မည်။ ထိုအခါကျလျှင် လူတစ်ယောက်က ၎င်း၏စွမ်းအားကို ရရှိပေလိမ့်မည် ဖြစ်၏။

လူတစ်ယောက်က သစ်ရွက်ကိုးရွက် ဦးခေါင်းခွံ သို့မဟုတ် ပိုမြင့်သည့် အဆင့်များ၏ ဦးခေါင်းခွံများကို ရရှိနိုင်လျှင် သူတို့၏ တန်ဖိုးက ပို၍ ကြီးပေလိမ့်မည်။

ကြယ်များကြားတွင် သူတို့၏ ကိုယ်ပိုင်နည်းလမ်းများ အသုံးပြုသော ဂြိုဟ်အချို့ပေါ်၌ ဒေသခံအချို့ ရှိကြသည်။ သူတို့က ကျင့်ကြံသူများနှင့် အလွန်ခြားနားလှ၏။ သည်ဒေသခံများက ကျင့်ကြံခြင်း မဟာမိတ် အဖွဲ့အစည်းကြီး၏ အာရုံစိုက်ခြင်းကို ခံရပေသည်။ ကျင့်ကြံခြင်း မဟာမိတ် အဖွဲ့အစည်းကြီးက သူတို့ကို မျိုးတုန်းသတ်ဖြတ်ခြင်း မပြုဘဲ ဖမ်းဆီးခြင်းသာ ပြုကြသည်။ သူတို့က သည်ဒေသခံများကို မျိုဆက်များ အဆက်ဆက်ထိ ကြီးထွားခွင့်ပေးကာ မျိုးဆက်တိုင်း၏ အဆီအနှစ်များကို ရိတ်သိမ်းလေ့ ရှိကြသည်။

ဝမ်လင်းတွင် ဦးခေါင်းခွံ ဆယ့်ကိုးခု ရှိလာခဲ့ပြီ ဖြစ်သည်။ သူက ၎င်းတို့ကို သေချာ သိမ်းဆည်း၍ ဆယ့်တစ်ခုမြောက် ဝင်ပေါက်သို့ ကြည့်သည်။ ထို့နောက် စတင်၍ တုံ့ဆိုင်းနေမိသည်။

ဝမ်လင်းက မသေမျိုးသင်္ချိုင်းတွင် အလွှာပေါင်းမည်မျှ ရှိကြောင်း မသိချေ။ သူက ဘိုးဘေး စိတ်ဝိညာဉ်သာ မရှိလျှင် သည်လောက်ထိ ရောက်လာနိုင်မည် မဟုတ်ချေ။ ခု သူ့တွင် ဆယ့်တစ်ခုမြောက် အလွှာသို့ ဝင်ရောက်ရန် ယုံကြည်ချက် မရှိ ဖြစ်နေ၏။

သို့ရာတွင် သူက ဆယ့်တစ်ခုမြောက် အလွှာက သူ့ကို ခေါ်နေသည့် တစ်စုံတစ်ရာ ရှိနေသည်ဟု ထူးဆန်းသည့် ခံစားချက်ကို ရနေသည်။ ဝမ်လင်းက အလျင်လိုခြင်း မရှိဘဲ အစီအရင် တစ်ခုကို ချမှတ်လိုက်၏။

သည်အစီအရင်က သွန်းထျန် ဘီလူးနတ်ဆိုး ကလန်ဘိုးဘေးနှင့် ရင်ဆိုင်နိုင်ရန် အတွက် သူ့ကို ပေးခဲ့သော အစီအရင်ပင် ဖြစ်သည်။ ၎င်းအစီအရင်က တည်နေရာ ရွှေ့ပြောင်းမှု အစီအရင်ငယ် တစ်ခု ဖြစ်လေသည်။

သူက အစီအရင်ကို လွယ်ကူစွာ နေရာချ၍ ကောင်းကင်ဘုံ ကျောက်စိမ်းပြားများကိုပါ ထည့်သွင်း လိုက်သည်။ ဝမ်လင်းက ဆယ့်တစ်ခုမြောက် အလွှာကို ကြည့်၏။ ၎င်းအလွှာက လုံးဝ နက်မှောင်နေပြီး အနက်ရောင် မြူခိုးများ ထွက်ပေါ်လို့နေ၏။ ယင်းအလွှာက အခြားအလွှာများနှင့် ခြားနားပေသည်။

ဝမ်လင်းက ကောင်းကင်ဘုံဓားကို ညာလက်တွင်ကိုင်၍ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များကို စုစည်းကာ ဆယ့်တစ်ခုမြောက် အလွှာထဲသို့ ဝင်ရောက်သည့် ဥမင်ထဲသို့ ခုန်ဝင် လိုက်သည်။

သည်ဥမင်က အလွန်နက်ခြင်း မရှိချေ။ ထို့ကြောင့် ဝမ်လင်းအတွက် အချိန်သိပ်မကြာလိုက်ပဲ ဆယ့်တစ်ခု အလွှာထဲသို့ ဝင်လိုက်သည်။

သူက ဝင်ရောက်သွားသည့်အခိုက်မှာပင် သူ့အသွင်က ထူးဆန်းသွား၏။

ဆယ့်တစ်ခုမြောက်အလွှာက အလွန်ကြီးမားခြင်း မရှိဘဲ မြေပြင်ကို ဖြတ်၍ တူးထားသည့် တူးမြောင်းများ ရှိနေ၏။ သည်တူးမြောင်းများက တက်တူးအသွင် ရှိကာ အနီရောင် အရည်များက ၎င်းတို့ထဲ၌ စီးဆင်းလို့ နေ၏။

တစ်ချိန်တည်းမှာပင် အေးစက်သောအော်ရာက မြေပြင်ကနေ ထွက်ပေါ် လာနေ၏။ သည်အရာက အဆုံးစွန်သော ယင်စွမ်းအင်နှင့် ပြည့်နေသည့် နေရာ ဖြစ်ချေတော့၏။

သည်တက်တူး တူးမြောင်းများ၏ အလယ်၌ အဝတ်မဲ့ အမျိုးသမီး တစ်ဦးက မြောလွင့်နေသည်။ သူမဆံပင်များက လေမတိုက်ဘဲ မြောလွင့်နေပြီး မကောင်းဆိုးဝါး ဆန်သော အော်ရာကို ပေးစွမ်းနေသည်။

သည်အမျိုးသမီး၏ ခန္ဓာကိုယ်က အလွန်ပြည့်စုံ စွဲမက်စရာပင်။ သူမ နှဖူးပေါ်ရှိ သစ်ရွက်ကိုးရွက်က လွဲ၍ ခန္ဓာကိုယ်ပေါ်၌ မည်သည့် တက်တူး အမှတ်အသားမှ ရှိမနေခဲ့ချေ။

သူမက အလွန်လှ၏။ ကောင်းကင်ဘုံ အမျိုးသမီး အလောင်းအပြင် ဝမ်လင်း တွေ့ဖူးသော လူများထဲ၌ သူမနှင့် နှိုင်းယှဉ်နိုင်သည့် လူမှာ လျိုမေတစ်ယောက်သာ ရှိသည်။ သူက သည်အမျိုးသမီးနှင့် အရင်က လုံးဝတွေ့ဖူးခြင်း မရှိသော်လည်း သူမထံကနေ ရင်းနှီးသော ခံစားချက်ကို ရနေ၏။

သည်အမျိုးသမီး၏ အထက်၌ ပွင့်နေသော စာလိပ်တစ်ခု လွင့်မြောလျက် ရှိနေသည်။ သည်စာလိပ်ပေါ်၌ ရွှေရောင် အလင်းတန်းကိုးခုက ဝိုင်းပတ် ဖြစ်ပေါ်နေသည်။

အနက်ရောင် အခိုးငွေ့အမျှင်တန်းများက စာလိပ်ထဲကနေ ထွက်ပေါ်နေပြီး အမျိုးသမီး နဖူးထဲသို့ ဝင်ရောက်လို့နေ၏။

သူက သည်စာလိပ်ကို တွေ့မြင်လိုက်သည့် အခါတွင် သူ့နှလုံးက တုန်ယင်သွားမိသည်။ သည်မှော်စာလိပ်က သူနှင့် အလွန် ရင်းနှီးနေပေသည်။ ၎င်းက သူ့သိုလှောင် အိတ်ထဲရှိ အခုချိန်ထို သူ မည်သို့ အသုံးပြုရမှန်း မသိသေးသော စာလိပ်နှင့် အတိအကျ တူနေခဲ့၏။

ထိုအချိန်မှာပင် သွေးနီရောင် တက်တူးများက ရုတ်တရက် တောက်ပလာပြီး အလယ်ဗဟိုရှိ အမျိုးသမီးကလည်း မျက်လုံး ပွင့်လာခဲ့သည်သ။

သူမ မျက်လုံးများက အလွန်တောက်ပလျက် ရှိနေ၏။ သူမ မျက်လုံးထဲ၌ မကောင်းဆိုးဝါး အငွေ့အသက်တို့ ရှိနေပြီး သူမကို အလွန်စွဲဆောင်မှုရှိအောင် ဖန်တီးပေးနေ၏။ သူမ၏ မကောင်းဆိုးဝါး ဆန်သည့် အကြည့်က လူတိုင်းကို စိတ်ရှုပ်ထွေး သွားစေနိုင်အောင် ပြုလုပ်နိုင်စွမ်း ရှိနေပေသည်။

အမျိုးသမီးမျက်လုံးကို တွေ့မြင်ပြီးနောက် ဝမ်လင်းက ရုတ်တရက် တုန်ယင်သွားမိ၏။ နောက်ဆုံးတွင် သူက သည်အမျိုးသမီးကို ဘာကြောင့်ရင်းနှီးသလို ဖြစ်နေသည်ကို သဘောပေါက်မိ သွားတော့၏။

ဝမ်လင်းလက်ထဲရှိ ကောင်းကင်ဘုံဓားက တဝီဝီ မြည်လာခဲ့သည်။ ဓားထဲကနေ ဓားစိတ်ဝိညာဉ် ရှုလီကောက ပျံသန်းထွက်လာပြီး သူက ခပ်တိုးတိုး ပြောလိုက်သည်။ “ညီမလေး အလှနတ်သမီး…”

“ငါက ကျင့်ကြံသူအဖြစ် အသွင်ပြောင်း ကျင့်ကြံတဲ့ အချိန်တုန်းက ငါ့နယ်ပယ်ကနေ ဖြစ်ပေါ်လာတဲ့ စိတ်ဝိညာဉ် အပိုင်းအစကို ယူလာတဲ့အတွက် နင့်ကို ကျေးဇူးအများကြီး တင်ပါတယ်…”

***

Comment

Leave a Reply

Options

not work with dark mode
Reset