သစ်ရွက်ခြောက်ရွက် နတ်ဆရာ နောက်ကနေ ဝမ်လင်းကလည်း တိတ်တဆိတ် ရောက်ရှိလာ၏။ သစ်ရွက်ခြောက်ရွက် နတ်ဆရာက ဧရာမမျက်နှာ အသွင်ကနေ လူတစ်ယောက် အသွင်သို့ ပြောင်းလိုက်၏။ ထိုအခိုက်မှာပင် ဝမ်လင်းကလည်း သူ့ကိုသူ ဖုံးကွယ်လိုက်သည်။
သူ့ကျင့်ကြံမှု အဆင့်ဖြင့် သည်နေရာရှိ မည်သူကမျှ သူ့တည်ရှိမှုကို ထောက်လှမ်းနိုင်ခြင်း မရှိချေ။ သစ်ပင်ပေါ်ရှိ သစ်ရွက်ရှစ်ရွက် နတ်ဆရာ တစ်ယောက်သာ ဝမ်လင်းကို ထောက်လှမ်းနိုင်ဖို့ လုံလောက်၏။
ဝမ်လင်းက တစ်ချက် ကြည့်ရုံလိုက်ဖြင့် သစ်ရွက် ရှစ်ရွက် နတ်ဆရာက အပြင်းအထန် ဒဏ်ရာရကာ အားနည်းနေကြောင်း သိနိုင်ပေသည်။
သည်အခိုက်တွင် ပြန်လည်မွေးဖွားခြင်း သစ်ပင်ပတ်လည်ရှိ နတ်ဆရာများ အားလုံးက ကြာပွင့်သဏ္ဌာန် ထိုင်ကာ ရှုပ်ထွေးသော မန္တာန်တစ်ခုကို သံပြိုင်ရွတ်ဆိုနေကြ၏။ သိပ်မကြာခင်တွင် တက်တူး အမှတ်အသားများက နတ်ဆရာ တစ်ယောက်ချင်းစီ၏ ရှေ့၌ ပေါ်လာကာ လွင့်မြောလို့ နေ၏။
သည်အခိုက်တွင် နတ်ဆရာများနောက်ရှိ ကျင့်ကြံသူများက ပြန်လည် မွေးဖွားခြင်းသစ်ပင် အောက်ခြောက်သို့ လှမ်းလျှောက်လာကာ ထိုင်ချလိုက်ကြသည်။ သည်ဧရိယာ ပတ်လည်တွင် ကျင့်ကြံသူပေါင်း တစ်ရာကျော်နီးပါး ရှိလို့နေ၏။
ဝမ်လင်းက သည်ကျင့်ကြံသူများ အားလုံးက တူညီသော ကျင့်ကြံခြင်း အဆင့်များ ရှိကြကြောင်း သိလေပေသည်။ သူတို့အားလုံးက အမြုတေ ဖွဲ့တည်ခြင်း အဆင့်၌သာ ရှိကြသည်။
ကျင့်ကြံသူ တစ်ရာနီးပါးက ထိုင်ချလိုက်သည့် အခိုက်တွင် အဆင့်ခြောက် နတ်ဆရာများ အားလုံးက မာန်သွင်းလိုက်ကြ၏။ သည်မာန်သွင်းသံများ အားလုံးက အလွန်ကျယ်လောင်ကာ ထူးဆန်းလှ၏။ သည်အသံများကြောင့် ပြန်လည် မွေးဖွားခြင်း သစ်ပင်ထံသို့ တက်တူး အမှတ်အသားများက တစ်ဟုန်ထိုး တိုးဝင်သွားကြသည်။
မျက်စိတစ်မှိတ် အတွင်း တက်တူးများက ပြန်လည်မွေးဖွားခြင်း သစ်ပင်ထဲသို့ ပျောက်ကွယ် သွားကြသည်။ သို့ရာတွင် ပြန်လည်မွေးဖွားခြင်း သစ်ပင်က ချက်ချင်း တုန်ခါသွား၏။ ထို့နောက် နူးညံ့သော အကိုင်းအခတ်များက စတင် တောက်ပလာ၏။ အကိုင်းအခတ်များက မြွေများကဲ့သို့ ရွှေ့လျားနေကြပြီး ၎င်းတို့က ကြီးထွားလာကြ၏။ သိပ်မကြာခင်တွင် ကျင့်ကြံသူများ ပတ်လည်ကို သည်အကိုင်းအခတ်များက လွှမ်းခြုံလာ၏။
မျက်စိတစ်မှိတ် အတွင်းမှာပင် ကျင့်ကြံသူများ အားလုံးက သည်အကိုင်းအခတ်များ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရပြီး လေထဲသို့ ဆွဲခေါ်ခြင်း ခံလိုက်ရသည်။
သည်မြင်ကွင်းက ဝမ်လင်းအတွက် တစ်မျိုးကြီး ဖြစ်လို့နေ၏။ မရေမတွက်နိုင်သော အကိုင်းအခတ်များက ပြန်လည် မွေးဖွားခြင်း သစ်ပင်ထံကနေ ကြီးထွားလာပြီး ကျင့်ကြံသူများ ပတ်လည်၌ ထွေးပတ် လွှမ်းခြုံသွားတော့သည်။ သည်အကိုင်းအခတ်များ လှုပ်ရှားစဉ်၌ ပြန်လည် မွေးဖွားခြင်း သစ်ပင်က အသက်ဝင်နေသည့် အလား ထင်မှတ်ရ၏။
“သူက ဒဏ်ရာကုစားနေတာပဲ…” ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်သွားလေ၏။
မရေမတွက်နိုင်သော တက်တူးများက ထွက်ပေါ်လာပြီး တဖျပ်ဖျပ် လင်းလက်ပြီးနောက် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များက တုန်ခါလာကြသည်။ သူတို့ခန္ဓာကိုယ်ရှိ အာဟာရ ဓာတ်အင်အားများက လျင်မြန်စွာ ပျောက်ဆုံးလာကြသည်။
တစ်ချိန်တည်းမှာပင် သူတို့ခန္ဓာကိုယ်ရှိ စိတ်ဝိညာဉ် စွမ်းအင်များ အားလုံးက အကိုင်းအခတ်များ ထံသို့ အထိန်းအချုပ်မဲ့စွာ တစ်ဟုန်ထိုး တိုးဝင်နေကြ၏။
ကျင့်ကြံသူများ၏ အာဟာရနှင့် စိတ်ဝိညာဉ် စွမ်းအင်များကို အပင်က စုပ်ယူပြီးနောက် သူတို့က ထူးဆန်းသော စွမ်းအင်အဖြစ်သို့ ပြောင်း၍ သစ်ရွက်ရှစ်ရွက် နတ်ဆရာ၏ ဒဏ်ရာကို ကုစားပေးနေကြသည်။
သည်သစ်ရွက်ရှစ်ရွက် နတ်ဆရာ၏ ရင်ဘက်ပေါ်ရှိ ဒဏ်ရာက တဖြည်းဖြည်း ပြန်ပိတ်လာခဲ့ပြီး သူ့အော်ရာကလည်း ပြန်ကောင်းမွန် လာသည်။
ဝမ်လင်းမျက်လုံးများက အေးစက် သွားပြီးနောက် သူက ရုတ်တရက် လှုပ်ရှားလိုက်သည်။ သူ့အမြန်နှုန်းကြောင့် သစ်ရွက်ခြောက်ရွက် နတ်ဆရာများက သူ့ကို ထောက်လှမ်းနိုင်ခြင်း မရှိချေ။ ဝမ်လင်းက တစ်ဟုန်ထိုး ထွက်သွားပြီး သစ်ရွက်ရှစ်ရွက်နတ်ဆရာ ဘေးနား၌ ပေါ်လာခဲ့သည်။
သူ့အမြန်နှုန်းက လျှပ်စီးတန်းအလား လျင်မြန်လှသည်။ သူ ပေါ်လာသည့် အခိုက်တွင် သူ့လက်ဝါးက သစ်ရွက်ရှစ်ရွက် နတ်ဆရာပတ်လည်ရှိ အလင်းထံသို့ ကျရောက်သွားသည်။
ဝမ်လင်းက သူ့ညာလက်ကို မြှောက်လိုက်ရာ နို့နှစ်ရောင်တောက်ပမှု တစ်ခုကို ထုတ်လွှတ်လာ၏။ သည်အရောင်၏ ဆိုလိုခြင်းက ဝမ်လင်းသည် ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်ကို အသုံးပြုခြင်းမည်၏။
သူ့ရွေးချယ်မှုက လုပ်မလား၊ မလုပ်ဘူးလားပင်။ သူက လုပ်ဆောင်မည်ဆိုပါက မည်သည့် သနားညှာတာမှုကိုမှ ပြသနေမည် မဟုတ်ဘဲ ရန်သူကို တစ်ချက်တည်းဖြင့် သတ်ပစ်မည်သာ ဖြစ်သည်။
အဖြူရောင် အလင်းထဲရှိ သစ်ရွက်ရှစ်ရွက် နတ်ဆရာက ထိတ်လန့်မှုတို့နှင့် ပြည့်လို့နေ၏။
ဝမ်လင်းလက်ဝါးက အဖြူရောင် အလင်းထံသို့ ကျရောက်သွားသည့် အခိုက်တွင် ကမ္ဘာမြေ အက်ကွဲသွားသလား ထင်မှတ်ရသည့် အသံတစ်ခုက လေးခုမြောက်အလွှာ၌ ပြည့်နှက် သွားလေ၏။ သည်လက်ဝါးရိုက်ချက်၏ စွမ်းအား သက်ရောက်မှုကြောင့် တုန်ခါလှိုင်းများကို လျင်မြန်စွာ ပျံ့နှံ့သွားစေပြီး သစ်ရွက်ခြောက်ရွက် နတ်ဆရာများက ပေတစ်ထောင်ခန့် နောက်သို့ ဆုတ်သွား လိုက်ရသည်။ သူတို့အားလုံးက သွေးများ အန်ထုတ်လိုက်ကာ သူတို့ ခန္ဓာကိုယ်ပေါ်ရှိ တက်တူးများက မတည်မငြိမ် ဖြစ်လာကြ၏။
သစ်ရွက်ခြောက်ရွက် နတ်ဆရာများထဲက တစ်ယောက်က အော်ဟစ်လိုက်၏။ “စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူ…”
သည်လူ အော်လိုက်သည့် အခိုက်တွင် အခြားသစ်ရွက်ခြောက်ရွက် နတ်ဆရာများက တုန်ခါသွားပြီး စတင် ထွက်ပြေး ကြလေ၏။
ဝမ်လင်းက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ မရောက်သေးခင် အချိန်တုန်းက ဆိုရင် သူက သည်လို အဖျက်အဆီး စွမ်းအင်မျိုးကို ရတနာတစ်ခု အသုံးမပြုဘဲ မထုတ်လွှတ်နိုင်ချေ။ သူလက်ဝါး ရိုက်ချက်၏ စွမ်းအားက ခုချိန်၌ ကြယ်သုံးလုံး ရှေးဟောင်းနတ်ဘုရား တစ်ဖြစ် သူ့မူလခန္ဓာကိုယ်၏ လက်သီးချက်လောက် အားအင်ပြည့်နေခဲ့ပြီ ဖြစ်သည်။
အကြောင်းကတော့ သည်လက်ဝါးရိုက်ချက်ထဲ၌ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင် ပါဝင်နေသောကြောင့်ပင်။
သစ်ရွက်ရှစ်ရွက်နတ်ဆရာ ပတ်လည်ရှိ အလင်းက ပြန့်ကျဲသွားကာ ထိုအလင်းထဲရှိ အဘိုးအို၏ ခန္ဓာကိုယ်က တုန်ခါသွားကာ သွေးအန်ထုတ် လိုက်ရသည်။ ထို့နောက် သူ့ခေါင်းပေါ်ရှိ ရှေးဟောင်း တက်တူးမက လျင်မြန်စွာ ဆင်းသက်လာပြီး ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်ကို ပိတ်ဆို့လေ၏။
သည်တက်တူးမှ ထွက်ပေါ်လာသည့် ပြင်းထန်သောအားက ဝမ်လင်းလက်ဝါးရိုက်ချက်ကို စက္ကန့်အနည်းငယ်လောက် နှေးကွေးသွားစေ၏။
သည်အခိုက်လေးအတွင်းမှာပင် သစ်ရွက်ရှစ်ရွက် နတ်ဆရာက မာန်သွင်းကာ နောက်သို့ အလျင်အမြန် ဆုတ်သည်။ သူက လွတ်မြောက်ရန်အလို့ငှာ လျင်မြန်စွာ လှုပ်ရှားလိုက်၏။
“မင်း ထွက်မပြေးနိုင်ဘူး…”
ဝမ်လင်းမျက်လုံးများက အေးစက်လာပြီး သူက ပြန်လည်မွေးဖွားခြင်း သစ်ပင်ပေါ်သို့ ဖိချလိုက်သည်။
ပြန်လည် မွေးဖွားခြင်း သစ်ပင်ထဲသို့ ဝင်ရောက်သွားသည့် ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များနောက်၌ အက်ကွဲသံများက ဆက်တိုက် ဖြစ်ပေါ်လာပြီး ပြန်လည်မွေးဖွားခြင်း သစ်ပင် တစ်ခုလုံးက အပိုင်းပိုင်း ပြန့်ကျဲ သွားလေ၏။
သည်သစ်ပင်ပေါ်ကနေ ချဲ့ထွက်လာသည့် အကိုင်းအခတ်များကလည်း ပြန့်ကျဲ ပြိုကျသွားသည့် အတွက်ကြောင့် ကျင့်ကြံသူများ အားလုံးကလည်း အောက်သို့ ပြုတ်ကျ သွားတော့သည်။
သူတို့က အောက်သို့ ကျသွားသည့်အခါတွင် သူတို့မျက်လုံးများက ပြန်လည် ကြည်လင်လာခဲ့၏။
“ဒီနေရာကနေ ထွက်သွားတော့…” ဝမ်လင်းက ထိုစကားတစ်ခွန်းသာ ပြော၍ သစ်ရွက်ရှစ်ရွက် နတ်ဆရာထံသို့ တဟုန်ထိုး တိုးဝင်သွားသည်။ သူက သိုလှောင်အိတ်ထဲကနေ ခြင်သားရဲကို ဆင့်ခေါ်လာသည်။ ခြင်သားရဲက ဝမ်လင်းနှင့် အချိန်အကြာကြီး ရှိနေခဲ့ပြီး ဖြစ်သည့်အတွက် ၎င်းက အသိဉာဏ် အချို့လည်း ရရှိနေကြသည်။ ဝမ်လင်းက အမိန့်ပေးရန် မလိုဘဲ ခြင်သားရဲက သူ့သခင်အလိုကို သိလို့နေခဲ့၏။
ခြင်သားရဲက ပြန်ပေါ်လာချင်းချင်း မာန်သွင်းကာ အနက်ရောင် အလင်းတန်း အဖြစ်သို့ ပြောင်း၍ ထွက်ပြေးနေသော သစ်ရွက်ခြောက်ရွက် နတ်ဆရာများထဲက တစ်ယောက်ထံသို့ တိုးဝင်သွားသည်။ ၎င်း၏ ခြင်နှာမောင်းများဖြင့် ထိုလူ၏ ခေါင်းကို ထိုးစိုက် ချပစ်လိုက်သည်။ ထိုသစ်ရွက်ခြောက်ရွက် နတ်ဆရာက ထိန်လန့်စွာ အော်ဟစ်၍ အရိုးစုဖြစ်သည့်အထိ ခြင်သားရဲ၏ သွေးစုပ်ခြင်းကို ခံလိုက်ရသည်။
တစ်ယောက် သတ်ပြီးနောက် ခြင်သားရဲက ထို အလောင်းကို လွှင့်ပစ်၍ နောက်တစ်ယောက်ထံသို့ လိုက်သွားပြန်သည်။
၎င်း၏ အမြန်နှုန်းကြောင့် သစ်ရွက်ခြောက်ရွက် နတ်ဆရာများက မည်မျှမြန်ဆန် နေပါစေ သူတို့က ခြင်သားရဲထက် ပိုမို လျင်မြန်နိုင်ခြင်း မရှိကြချေ။
တစ်ဖန်ပြန်၍ အသိပြန်ဝင်လာခဲ့သည့် အမြုတေ ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူများထဲက တစ်ယောက် ဝမ်လင်းကို မည်သူမှန်း သိလိုက်ပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။ “တည်ထောင်သူ…”
ဝမ်လင်းက သူ့ကို တည်ထောင်သူဟု ခေါ်လိုက်သော လူကို ပြန်လှည့်ကာ ကြည့်လိုက်သည်။ သူလူက သူနှင့် ရင်းနှီးဟန် မရှိသဖြင့် သူက ဘာမှဆက်မမေးတော့ဘဲ သစ်ရွက်ရှစ်ရွက် နတ်ဆရာ နောက်သို့သာ ထပ်မံ လိုက်ပါသွားသည်။
သည်အဖြစ်အပျက်များ အားလုံးက သည်နေရာတွင် စက္ကန့် အနည်းငယ်သာ ဖြစ်ပျက်ခဲ့ခြင်းပင်။
ဝမ်လင်းက အလင်းတန်းအလား ပျံသန်းနေ၏။ သူ့ရှေ့ရှိ သစ်ရွက်ရှစ်ရွက် နတ်ဆရာ၏ မျက်နှာက ဖြူရော်သွားပြီး အံကြိတ်ကာ လွတ်မြောက်ရန် ကြိုးစားနေ၏။
သူက ဘိုးဘေးငါးအောက်ရှိ သစ်ရွက်ရှစ်ရွက် နတ်ဆရာတစ်ယောက် ဖြစ်သည်။ စွန့်ပစ်ခံ မသေမျိုးကလန် အတွင်း၌ သူ့အဆင့်က မြင့်မားသည့် နေရာတွင် ရှိသည်။ စစ်ပွဲအတွင်း သူ့လက်ဖြင့် မရေမတွက်နိုင်သော ကျင့်ကြံသူများကိုလည်း သတ်ဖြတ်ခဲ့သည့် သူပင်။
လွန်ခဲ့သော တစ်လက သူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့် တစ်ယောက်ကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ သူက သေဆုံးလုမတတ် ဖြစ်ခဲ့ရပြီးနောက် ပြန်လည် ကောင်းမွန်အောင် ကုသရန် ပြန်စေလွှတ်ခြင်း ခံခဲ့ရသည်။ သို့ရာတွင် သူက သူပြန်ကုသနေစဉ် အတွင်း စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကျင့်ကြံသူ တစ်ယောက်က သူ့ရှေ့တွင် ပေါ်လာလိမ့်မည်ဟု လုံးဝမထင်ထားမိချေ။
“ငါက ဆယ့်တစ်ခုမြောက်အလွှာထို သွားနိုင်ရင် လွတ်မြောက်နိုင်ပြီ။ တတိယဘိုးဘေးက ကျူးချွဲဇီကြောင့် ရတဲ့ ဒဏ်ရာကို အဲ့အလွှာမှာ ကုသနေတယ်။ ငါက ဆယ့်တစ်ခုမြောက် အလွှာကို ရောက်တာနဲ့ တတိယဘိုးဘေးက ငါ့ကို ကျိန်းသေပေါက် ကယ်တင်ပေးလိမ့်မယ်…” ထိုသစ်ရွက်ရှစ်ရွက် နတ်ဆရာက အံကြိတ်ကာ ငါးခုမြောက် ဝင်ပေါက်ထံသို့ တစ်ဟုန်ထိုး ဦးတည် သွားလိုက်၏။
ဝမ်လင်းကလည်း သည်အဘိုးအို နောက်ကနေ နီးကပ်စွာကပ်၍ လိုက်ပါနေသည်။ သူ့မျက်လုံးများက အေးစက်နေပြီး သိုလှောင်အိတ်ထဲကနေ ကောင်းကင်ဘုံဓားကို ထုတ်ယူလိုက်၏။ သူက အသက်ဝဝ တစ်ချက်ရှူသွင်းက ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များကို ကောင်းကင်ဘုံ ဓားထဲသို့ ထည့်သွင်းလိုက်သည်။
ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “မင်း သေခြင်းတရားကို လက်ခံလိုက်စမ်း…” ထိုသို့ ပြောပြီးနောက် ဝမ်လင်းက ညာလက်ကို မြှောက်လိုက်ရာ ကောင်းကင်ဘုံဓားက အဖြူရောင် တောက်ပလာပြီးနောက် ခုတ်ပိုင်း ချလိုက်သည်။ အလင်းတစ်ချက် တောက်ပသွားမှုက လေးခုမြောက် အလွှာတစ်ခုလုံးကို ထွန်းလင်းစေခဲ့သည့် အလား ထင်မှတ် လိုက်ရပြီး ကောင်းကင်ဘုံဓားမှ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များက ရှေ့သို့ ထိုးတက် သွားတော့သည်။
သစ်ရွက်ရှစ်ရွက် နတ်ဆရာအသွင်က ကြီးစွာ ပြောင်းလဲသွား၏။ သူက နောက်သို့ လှည့်မကြည့်ဘဲဖြင့် အားကောင်းသော အော်ရာတစ်ခုက သူ့နောက်ကနေ ရောက်လာသည်ကို ခံစားမိလိုက်သည်။ သူက ဒဏ်ရာရထားခြင်းသာ မရှိဘူးဆိုလျှင် ၎င်းအော်ရာနှင့် ရင်ဆိုင် နိုင်သေးသည်။ သို့သော် ခုချိန်၌ သူက ပြင်းထန်စွာ ဒဏ်ရာရထားသည် မဟုတ်လား။
အဘိုးအိုက ခါးသီးစွာ မာန်သွင်း၍ သူက ရုတ်တရက် လှည့်လိုက်သည်။ သူ့မျက်လုံးများက ရူးသွပ်မှုများနှင့် ပြည့်လာခဲ့၏။ သူက သူ့ထံသို့ တိုးဝင်လာနေသော ဓားစွမ်းအင်ကို ကြည့်နေရင်း သူ့လက်ဝါးဖြင့် နဖူးကို ရိုက်ကာ အော်ဟစ်လိုက်၏။ “ဘိုးဘေး တက်တူး…”
ဒဏ်ရာကုသနေစဉ်တွင် သူ့အထက်၌ လွင့်မြောနေသော တက်တူးက ပြန်ပေါ်လာခဲ့သည်။ သည်တက်တူးက အလွန်ရှုပ်ထွေးပြီး ရှေးဆန်သော အော်ရာကို ပေးစွမ်းလို့နေ၏။
ဝမ်လင်းမျက်လုံးများက အေးစက်နေပြီး သူက ပေတစ်ထောင် အကွာတွင် ရပ်တန့်လိုက်၏။ သူရပ်တန့်လိုက်သည့် အခိုက်မှာပင် ဓားစွမ်းအင်က ထိုတက်တူးနှင့် ထိတိုက် မိသွားကြတော့သည်။
ဘုန်း…။
ကျယ်လောင်သော ပေါက်ကွဲသံ တစ်ုခက ပေသုံးဆယ်ထိမြင့်သည့် တုန်ခါလှိုင်းတစ်ခုကို ဖြစ်စေပြီး လျင်မြန်စွာ ပျံ့နှံ့လာကာ မြေပြင်ကို သုံးလမခန့် လှီးဖြတ်သွားလေသည်။
တက်တူးမှ အက်ကွဲသံများ ထွက်ပေါ်လာပြီးနောက် ပြန့်ကျဲ သွားတော့သည်။ သစ်ရွက်ရှစ်ရွက် နတ်ဆရာ၏ မျက်လုံးများကလည်း တဖြည်းဖြည်း မှိန်ဖျော့လာပြီးနောက် သူ့အသက်ဓာတ်သည်လည်း လျင်မြန်စွာ ပျောက်ကွယ် သွားတော့သည်။
အဘိုးအိုရင်ဘက်ပေါ်ရှိ ဒဏ်ရာကနေ သွေးများစွာ စီးကျလာခဲ့၏။ သူ့မျက်လုံးများက မှိန်ဖျော့ နေသော်လည်း ဝမ်လင်းထံသို့ ကြည့်နေသော သူ့အကြည့်များက ရုန့်ရင်းကြမ်းတမ်းလို့ နေ၏။ သူက မေးလိုက်သည်။ “မင်း…ဘယ်သူလဲ…”
“မင်းကို ငါဘယ်သူလဲ ဆိုတာ မပြောပြနိုင်ဘူး…” ဝမ်လင်းက ရှေ့သို့ မြန်ဆန်စွာ လှုပ်ရှား၍ အဘိုးအိုအနား၌ ပေါ်လာခဲ့သည်။ သူက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်ပြီးနောက် အဘိုးအိုပေါ်၌ နေရာချသည်။ ထို့နောက် သူက ကောင်းကင်ဘုံဓားကို ဝှေ့ယမ်းလိုက်ရာ အဘိုးအို၏ ခေါင်းက သူ့ခန္ဓာကိုယ်နှင့် ခွဲခွာ သွားရတော့သည်။
အဘိုးအိုက၏ သွေးများက မြေပေါ်သို့ ကျဆင်းလာ၏။
ဝမ်လင်းက သူ့ညာလက်ကို အဘိုးအို၏ ခေါင်းထံသို့ ညွှန်သည်။ ခန္ဓာအကြာတွင် သူက မျက်မှောင်ကြုတ် သွားကာ ခပ်တိုးတိုး ပြောလိုက်၏။ “စိတ်ဝိညာဉ်မရှိဘူး…”
အဘိုးအိုခေါင်းကို သူ ဖြတ်တောက်လိုက်သည့် အခိုက်မှာပင် သူက ထိုဦးခေါင်းထဲ၌ ရှိနေသည့် စိတ်ဝိညာဉ် မပျောက်ကွယ်မသွားခင် စိတ်ဝိညာဉ် သန့်စင်ခြင်း နည်းလမ်းကို အသက်သွင်း လိုက်ခြင်း ဖြစ်သည်။
သူက ထိုဦးခွံထံသို့ ကြည့်နေရင်း အနည်းငယ်စဉ်းစားနေ၏။ တစီစီအသံများနှင့် အတူ အဘိုးအိုခေါင်းက လျင်မြန်စွာ သန့်စင်ခြင်း ခံလိုက်ရ၏။
သို့ရာတွင် ထိုအဘိုးအို၏ ဦးခေါင်းခွံက ဝမ်လင်းနည်းလမ်းကြောင့် ဖြစ်ပေါ်လာသည့် မီးတောက်များ အောက်တွင် အရည်ပျော်မည့် အရိပ်လက္ခဏာ မပြချေ။ သည်ဦးခေါင်းထဲ၌ ပျက်စီး ကျိုးပဲ့နေသည့် အနက်ရောင်သင်္ကေတ တစ်ခုက ရေးထွင်းထားသည့် အလား ထင်မှတ်ရသည်။
သည်သင်္ကေတက အဘိုးအို အသုံးပြုခဲ့သော စောနက ဘိုးဘေးတက်တူးနှင့် တူညီလို့နေသည်။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက ထိုဦးခေါင်းခွံကို သူ့သိုလှောင် အိတ်ထဲသို့ ထည့်သွင်းကာ ဆက်၍ ပျံသန်းသွားတော့၏။
သူက ပျံသန်းနေစဉ်အတွင်း အသံပေါက်ကွဲသံများက သူနှင့် နီးကပ် လာနေသည်ဟု ခံစားလိုက်ရသည်။ ခြင်သားရဲကလည်း သူ့မြင်ကွင်းထဲသို့ မြန်ဆန်စွာ ရောက်ရှိလာ၏။ ၎င်း၏ ပါးစပ်ဝတွင်လည်း သွေးများ စွန်းပေးနေကာ မျက်လုံးထဲ၌ ကျေနပ်အားရသည့် အသွင် ရှိလို့နေ၏။
ခြင်သားရဲကို ပြန်သိမ်းဆည်းပြီးနောက် ဝမ်လင်းက လေးခုမြောက် အလွှာကို ထပ်မံ၍ စစ်ဆေး ကြည့်လိုက်သည်။ သူက မည်သည့် ပြန်လည် မွေးဖွားခြင်း သစ်ပင်ကိုမှ မတွေ့ရတော့မှ ငါးခုမြောက် အလွှာထဲသို့ ဝင်ရောက်လိုက်တော့၏
***