Switch Mode

အပိုင်း (၄၇၇)

“အစ်ကိုဝမ်…ဒီကျောက်စိမ်းပြားထဲမှာ လျိုမေရဲ့ နယ်ပယ် အကြောင်းပါဝင်တယ်။ ငါက စီနီယာဟာ လျိုမေအတွက် သူ့ကိုယ်ပိုင် အစီအစဉ် ရှိနေမယ်ဆိုတာ သိတယ်။ ဒါကြောင့်ပဲ မင်းက ဒီကျောက်စိမ်းပြားကို ကြည့်သည်ဖြစ်စေ၊ မကြည့်သည် ဖြစ်စေ ဒါက မင်းအတွက်ပဲ…”

ကျိုးဝုထိုင်က တစ်ဝက်ကျန်နေသော ဝိုင်ပုလင်းကို ယူကာ ကျောက်စိမ်းပြားကို ချထားလိုက်၏။

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် သူက ကျောက်စိမ်းပြားကို နတ်ဘုရားအာရုံဖြင့် စစ်ကြည့်လိုက်သည်။ အချိန်ကုန်လာသည်နှင့်အမျှ သူ့အသွင်ကလည်း ပိုပိုသုန်မှုန်လာခဲ့၏။

“လျိုမေရဲ့တာအို… စိတ်ကူးတစ်ထောင် နယ်ပယ်…။ မတူကွဲပြားတဲ့ စိတ်ခံစားချက်တွေ အောက်မှာ ရက်စက်တဲ့ နှလုံးသားတစ်ခုကို ဖုံးကွယ်ထားခြင်း…။ ငါက ဒါကို အတိတ်မှာကတည်းက သတိပြခဲ့တယ်။ ဒါပေမဲ့ လျိုမေက ငါ့ကိုဆက်ပြီး နှောင့်ယှက်နေမယ်ဆိုရင် ငါ့မှာ နည်းလမ်းတစ်ခု ရှိပြီးသား…” ဝမ်လင်းက ကျောက်စိမ်းပြားကို သူ့လက်ချောင်းဖြင့် ခြေမွပစ်လိုက်သည်။

သူကမတ်တတ် ထရပ်၍ ရှေးဟောင်းတည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် ရှိရာသို့ လှမ်းလျှောက်သွားပြီး ၎င်းကို အသက်သွင်းကာ ပျောက်ကွယ် သွားတော့သည်။

ချူနိုင်ငံက စွန့်ပစ်ခံ မသေမျိုးကလန်၏ တည်နေရာနှင့် အနီးဆုံးနိုင်ငံတစ်ခု ဖြစ်သည်။

သည့်အတွက်ကြောင့် ပုံမှန်အားဖြင့် စွန့်ပစ်ခံ မသေမျိုး ကလန်အဖွဲ့ဝင်များစွာက ထိုနေရာတွင် ရှိတက်ကြသည်။

ချူနိုင်ငံ တိမ်ကောင်းကင် ကလန်က စွန့်ပစ်ခံ မသေမျိုး ကလန်ထံသို့ ကျရှုံးခဲ့ရ၏။

သေမျိုးများကတော့ ကံကောင်းခဲ့၏။ စွန့်ပစ်ခံ မသေမျိုးကလန်နှင့် တိုက်ပွဲတွင် များစွာ သက်ရောက်ခြင်း မခံခဲ့ရချေ။

ကျင့်ကြံနိုင်သော ကလေးများကို ခေါ်ဆောင်သွားခြင်းက လွဲ၍ စွန့်ပစ်ခံ မသေမျိုးကလန်က သေမျိုးများကို သတ်ဖြတ်ခြင်း မရှိခဲ့ချေ။

သည်နေ့တွင် ဝမ်လင်းက ချူနိုင်ငံ အနောက်ဘက်ခြမ်းရှိ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကနေ လှမ်းလျှောက်၍ ထွက်လာ၏။

ချူနိုင်ငံထက်ရှိ ကောင်းကင်က မှိန်ဖျော့လို့နေသည်။ နေ့အခါ၌ပင် အလင်းရောင်က တိမ်နက်ထုများ၏ စုပ်ယူခြင်းကို ခံရသည့်အလား ထင်မှတ်နေရသည်။ အကွာအဝေး တစ်ခုက ကြည့်လျှင်တော့ နေ့အခါက ညဘက်ကဲ့သို့ ဖြစ်နေကြောင်း တွေ့ရမည် ဖြစ်သည်။

မျက်စိ ဖမ်းအစားနိုင်ဆုံး အရာကတော့ မသေမျိုး သင်္ချိုင်းကနေ ကောင်းကင်ထိ ထွင်းဖောက်နေသည့် အပင်ကြီးတစ်ပင် ဖြစ်လေသည်။

ထိုနေရာတစ်ဝိုက်တွင် စွန့်ပစ်ခံ မသေမျိုး ကလန်နောက်ကနေ ပျံသန်းလိုက်ပါနေသော ကျင့်ကြံသူများကို မြင်ရမည် ဖြစ်၏။ သည်ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ပေါ်များတွင် တက်တူးများ ရှိနေကြပြီး ယင်းတို့၏ မျက်လုံးများကလည်း မှိန်ဖျော့လို့နေ၏။

သည့်အပြင် ချူနိုင်ငံအနှံ့၌ မရေမတွက်နိုင်သော ထူးဆန်းသည့် အပင်များ ပေါက်လျက် ရှိနေ၏။ သည်အပင်များက ကျောချွမ်းဖွယ် နည်းလမ်းတစ်ခုဖြင့် လှုပ်ရှားနေကြပြီး လျင်မြန်စွာ ကြီးထွားလျက် ရှိနေသည်။

ဝမ်လင်းထွက်ခွာသွားကတည်းက ချူနိုင်ငံက အတော်လေး ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။

တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် လင်းလက်သွားမှုက စွန့်ပစ်ခံ မသေမျိုးကလန် အဖွဲ့ဝင်များ၏ အာရံကို စွဲဆောင် သွားခဲ့သည်။ ဝမ်လင်း ထွက်ပေါ်လာသည့် အခိုက်မှာပင် တိမ်နက်များစွာက ကောင်းကင်ထက်ကနေ သူ့ထံသို့ နီးကပ်လာကြ၏။ သည်တိမ်နက်ထုထဲ၌ ခုနှစ်ယောက်၊ ရှစ်ယောက်ခန့် ရှိသည့် နတ်ဆရာများ ရှိနေကြသည်။ သူတို့က ဝမ်လင်းကို မြင်လိုက်သည့် အခိုက်တွင် တိုက်ခိုက်ရန်အတွက် သူတို့ တက်တူး စွမ်းအားများကို အသက်သွင်း လိုက်၏။

ဝမ်လင်းက တည်ငြိမ်စွာ ရှိနေဆဲပင်။ သူက နတ်ဆရာများကို ကြည့်ပင် မကြည့်ဘဲ သူ့ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ရာ ပျောက်ကွယ် သွားတော့သည်။

သူက ကျိူးယုလေး မွေးဖွာခဲ့သည့် ရွာလေး၌ ပြန်ပေါ်လာခဲ့သည်။

သည်နေရာက လူသူကင်းမဲ့နေပြီး ထူးဆန်းသော အပင်များထဲက တစ်ပင်သာ သည်ရွာနေရာ၌ ကြီးထွားလို့ နေ၏။ ဝမ်လင်းက သက်ပြင်းချကာ လှည့်၍ ထွက်လာခဲ့တော့သည်။

ဝမ်လင်းက တိမ်ကောင်းကင်ကလန်သို့ မသွားရောက်ခဲ့ချေ။ အကြောင်းကတော့ သူက သူတော်စင်တစ်ပါး မဟုတ်ချေ။ သူက သွားခဲ့ပြီး ထိုနေရာရှိ ကျင့်ကြံသူများ၏ တက်တူး အမှတ်အသားများကို ဖယ်ရှားပေးလျှင် သူ့အတွက် ကောင်းမွန်သည့် အရာတစ်ခု ဖြစ်လာမည် မဟုတ်ချေ။ စွန့်ပစ်ခံ မသေမျိုး ကလန်၏ အမျက်ဒေါသကို စွပေးရာ ကျရောက်သွားပေလိမ့်မည်။

ဝမ်လင်းက သူချူနိုင်ငံကို ဖြတ်ကာ ပျံ့သန်းနေစဉ် အတွင်း စွန့်ပစ်ခံ မသေမျိုးကလန် အဖွဲ့ဝင်များစွာကို တွေ့မြင်ခဲ့ပေ၏။ သို့ရာတွင် သူတို့ထဲက အများစုက သစ်ရွက်လေးရွက် အဆင့်၌သာ ရှိနေကြသည်။ အလွန်နည်းပါးသည့်တစ်ချို့ကသာ သစ်ရွက်ငါးရွက် အဆင့်၌ ရှိနေကြ၏။

ဝမ်လင်းက မူလတုန်းက သည်နေရာကနေ ထွက်ခွာ၍ ပြင်ပတိုက်ပွဲ နယ်မြေသို့ လေလွင့်ဝိညာဉ်များ သွားရောက် စုဆောင်းရန် ရည်ရွယ်ခဲ့သည်။ သို့သော် သည်အခိုက်မှာပင် သူ့နှလုံးသားက တုန်ရင် သွားခဲ့လေ၏။

“ခုချိန်မှာ စွန့်ပစ်ခံမသေမျိုးကလန်ရဲ့ အဓိကအဖွဲ့ဝင်တွေက ဟင်္သာပြဒါးကုန်းမြေမှာ စုဝေးနေကြတယ်။ ငါ စိုးရိမ်တာက ဒီနေရာမှာ အများကြီး ကျန်မနေခဲ့မှာကိုပဲ…”

“နောက်ဆုံးအကြိမ် ငါ မသေမျိုး သင်္ချိုင်းထဲကို သွားတုန်းက တတိယအလွှာထိပဲ ရောက်ခဲ့တယ်။ ဒီစွန့်ပစ်ခံ မသေမျိုးကလန်က နှစ်ထောင်ပေါင်းများစွာ အတွင်းမှာ အများကြီး စုဆောင်း ထားတာတွေ ရှိလောက်တယ်။ ငါက ဒီဂြိုဟ်က ထွက်ခွာသွားတော့မှာ ဖြစ်တဲ့အတွက် နောက်အနာဂတ် အတွက် အများကြီး ကြိုပြင်ဆင်ထားသင့်တယ်…” ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက ရုတ်တရက် မသေမျိုးသင်္ချိုင်းရှာရာသို့ လှည့်လိုက်၏။

သူက အလွန်လျင်မြန်စွာ ပျံသန်းနေ၏။ မျက်စိတစ်မှိတ် အတွင်း သူက မသေမျိုးသင်္ချိုင်း၏ ဝင်ပေါက်တွင်းနားသို့ ရောက်လာခဲ့သည်။ သည်တွင်းပေါက်နားမှာ ရှိနေသည့်အပင်၏ အော်ရာက အနီးကပ်လာလေ ပို၍ အားကောင်းလာလေ ဖြစ်သည်။ ၎င်းက မသေမျိုးသင်္ချိုင်း ဝင်ပေါက် တစ်ခုလုံးကို ဖုံးလွှမ်းထား၏။ ဝမ်လင်းက သည်အပင်ဘေးနား၌ ရပ်နေသည့်အခါ သူက အပင်နှင့် နှိုင်းယှဉ်လျှင် ပုရွက်ဆိတ် တစ်ကောင်အလား ထင်မှတ်ရသည်။

သူက သည်ဧရာမ အပင်ကြီးကို ကြည့်ကာ ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိလိုက်သည်။ ထို့နောက်သူက လက်ဝှေ့ယမ်း လိုက်ပြီးနောက် သူ့ကိုယ်သူတော့ ပုံးကွယ်လိုက်သည်။

သိပ်မကြာခင်တွင် ထိုအပင်ကြီးကနေ တစ္ဆေအလင်းတန်းတစ်ခု ထွက်ပေါ် လာပြီးနောက် ၎င်းအလင်းထဲ၌ သစ်ရွက်ငါးရွက် နတ်ဆရာတစ်ယောက် ပေါ်လာခဲ့သည်။ သူက အနက်ရောင် တိမ်ထု အသွင်ပြောင်း၍ အကွာအဝေး တစ်ခုသို့ ပျံသန်းသွား၏။

သူ ထွက်ခွာ သွားပြီးနောက် ဝမ်လင်းက ပြန်ပေါ်လာခဲ့သည်။ သူ့မျက်လုံးက တလက်လက် ဖြစ်နေပြီး အပင်သို့ လက်ညွှန်လိုက်သည်။ စိတ်ဝိညာဉ် စွမ်းအင်တန်းက အပင်ထံသို့ တိုးဝင်သွား၏။

စိတ်ဝိညာဉ် စွမ်းအင်က အပင်သို့ ထိမိသွားသည့် အခိုက်တွင် ၎င်းက ရွှေရောင် အလင်းစက်များ အဖြစ်သို့ ပျက်စီး သွားတော့သည်။

“စိတ်ဝင်စားစရာပဲ…” ဝမ်လင်းက နှာခေါင်းရှုံ့ကာ သိုလှောင်အိတ်ထဲကနေ သစ်သားပန်းပုရုပ် တစ်ရုပ်ကို ထုတ်ယူ လိုက်သည်။ ထို့နောက် သူက ၎င်းကို လက်ထဲ၌ ကိုင်ထားရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ပြောင်းလဲစမ်း…”

သစ်သား ပန်းပုရုပ်က ချက်ချင်းတုန်ခါသွားပြီး အစိမ်းရောင် အလင်းတန်း တစ်ခု ထုတ်လွှတ် လာသည်။ သိပ်မကြာခင်မှာပင် သည်အစိမ်းရောင် အလင်းတန်းက ဝမ်လင်းကိုယ်ပွား အသွင် ဖြစ်ပေါ်သွား၏။

သည်အရာက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကျင့်ကြံသူများသာ အသုံးပြုနိုင်သည့် မန္တာန်တစ်ခု ဖြစ်လေသည်။ သည်မန္တာန်က အရာဝတ္ထုများ၏ ကိုယ်ပွားကို ဖန်တီးပေးနိုင်စွမ်း ရှိ၏။

ကိုယ်ပွား ပေါ်လာသည့် အချိန်တွင် ၎င်းက ချက်ချင်းပင် တွင်းပေါက်ကို ဖုံးလွှမ်းထားသည့် ဧရာမသစ်ပင်ကြီးထံသို့ တစ်ဟုန်ထိုး တိုးဝင်သွားသည်။

ဝမ်လင်းက တည်ငြိမ်စွာဖြင့် ထိုကိုယ်ပွားကို ကြည့်နေသည်။ ကိုယ်ပွားက အပင်နှင့် နီးကပ်သွားသည့် အခိုက်တွင် အပင် အကိုင်းအခတ်များကနေ အနက်ရောင် တက်တူးအချို့ စတင် တောက်ပ လာသည်။

သည်တက်တူးများက ဖျတ်ခနဲ လင်းလက်သွားပြီး ချက်ချင်းပင် အနက်ရောင် အမျှင်တန်းများ အဖြစ်သို့ ပြောင်းကာ ကိုယ်ပွား ခန္ဓာကိုယ်ထဲသို့ ထွင်းဖောက်သွား၏။ ကိုယ်ပွား မျက်လုံးများက မှိန်ဖျော့သွားပြီး သစ်သား ပန်းပုရုပ်ထဲသို့ ပြန်ဝင်သွားပြီး မြေပေါ်သို့ ပြုတ်ကျ သွားတော့သည်။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက စွန့်ပစ်ခံ မသေမျိုးကလန်သည် သည်အတိုင်း ထွက်ခွာသွားခြင်းကို အံ့ဩမိခြင်း မရှိတော့ချေ။ သူတို့က သူတို့၏ အခြေခံ အုတ်မြစ်ကို သည်ထူးဆန်းသည့် အပင်ကြီး၏ အကာအကွယ် လုပ်၍ ထားခဲ့ခြင်းပင်။ ထို့ကြောင့် သာမန် ကျင့်ကြံသူများက သည်တွင်းပေါက်ထဲသို့ အလွယ်တကူ ဝင်ရောက်နိုင်စွမ်း ရှိတော့မည် မဟုတ်ချေ။

ဝမ်လင်းက အနည်းငယ် စဉ်းစားနေ၏။ ထို့နောက် သူက သိုလှောင် အိတ်ထဲကနေ ရွှေရောင်အလံကို ထုတ်ယူလိုက်သည်။ သည်အလံက စိတ်ဝိညာဉ် ဆယ်သန်း အလံမဟုတ်ဘဲ ချီလင် သားရဲမူလ စိတ်ဝိညာဉ် ပါဝင်သည့် အလံပင် ဖြစ်သည်။

ဝမ်လင်းထံတွင် စုစုပေါင်း အလံသုံးခု ရှိပေ၏။ တစ်ခုက စိတ်ဝိညာဉ် ဆယ်သန်းအလံ၊ နောက်တစ်ခုက ချီလင် မူလစိတ်ဝိညာဉ်နှင့် စိတ်ဝိညာဉ် တစ်ထောင်အလံ၊ နောက်ဆုံးတစ်ခုကတော့ သူကိုယ်တိုင် ပြုလုပ်ထားသည့် သာမန် စိတ်ဝိညာဉ် တစ်ထောင်အလံတို့ ဖြစ်ကြသည်။

သူက အလံကို ဝှေ့ယမ်းလိုက်ရာ အမြုတေ ဖွဲ့တည်ခြင်း စိတ်ဝိညာဉ် အပိုင်းအစတစ်ခုက ပျံသန်း ထွက်သွား၏။ သည်အမြုတေ ဖွဲ့တည်ခြင်း စိတ်ဝိညာဉ် အပိုင်းအစက ဧရာမ အပင်ကြီးထံသို့ တိုးဝင်သွားသည်။ ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး စိတ်ဝိညာဉ် အပိုင်းအစကို စူးစိုက်ကြည့်နေသည်။

သူက စိတ်ဝိညာဉ် အပိုင်းအစက အပင်ကို အတားအဆီး မရှိဘဲ ဖြတ်သွားသည်ကို တွေ့လိုက်ရသည်။

အပင်ပေါ်၌ မည်သည့် တက်တူးမှ ပေါ်မလာခဲ့ချေ။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ပိုများပြားသော စိတ်ဝိညာဉ် အပိုင်းအစများကို ထပ်မံ စမ်းသပ်ကြည့်ရန် ထုတ်လွှတ် လိုက်ပြန်သည်။ ၎င်းတို့အားလုံးက မည်သည့် ပြဿနာမှ မရှိဘဲ အပင်ကို ဖြတ်ကျော်၍ တွင်းနက်ထဲသို့ ဝင်သွားနိုင်ကြသည်။

“စိတ်ဝင်စားစရာပဲ…။ ဒီအပင်က စိတ်ဝိညာဉ် စွမ်းအင်တွေနဲ့ ပန်းပုရုပ်ကို ဖြတ်တောက် နိုင်ပြီး စိတ်ဝိညာဉ်တွေကိုတော့ လွတ်လွတ်လပ်လပ် သွားခွင်းပြုတယ်။ ဒီအပင်က တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ…” ဝမ်လင်းက စိတ်ဝိညာဉ် အလံကို ဝှေ့ယမ်းလိုက်ရာ ပိုမိုများပြားသော စိတ်ဝိညာဉ် အပိုင်းအစများက ချီလင် စိတ်ဝိညာဉ်နှင့် အတူ ထွက်ပေါ်လာ၏။

အတွေး တစ်ချက်ဖြင့်ပင် သည်စိတ်ဝိညာဉ် အပိုင်းအစ အားလုံးက ဝမ်လင်းပတ်လည်၌ စုဝေးလာပြီး သူ့ကို စိတ်ဝိညာဉ် အပိုင်းအစ ဒိုင်းတစ်ခုကဲ့သို့ ကာကွယ် ပေးလာ၏။

ချီလင်သားရဲ စိတ်ဝိညာဉ်ကနော့ ချီလင်တစ်ကောင် အသွင်သို့ ၎င်း၏ မျက်နှာပေါ်တွင် ပေါ်လာပြီး ရွှေရောင် တောက်ပလာ၏။

ထို့နောက် ဝမ်လင်းက ဧရာမအပင်ကြီးထဲသို့ ချက်ချင်းပင် တိုးဝင်သွားလေသည်။

သည်တစ်ကြိမ်၌ သူက အပင်ကို ဖြတ်ကျော်သွားချိန်၌ အေးခနဲ ခံစားလိုက်ရပြီး အထဲသို့ ရောက်ရှိ သွားတော့သည်။

အပင်ထဲ၌ တောက်ပသော ကမ္ဘာတစ်ခု ကဲ့သို့ပင်။ ထို့ပြင် မသေမျိုး သင်္ချိုင်းကနေ ထွက်ပေါ် လာနေသည့် အနက်ရောင် အခိုးအငွေ့များလည်း ရှိနေသည်။ သည်အခိုးငွေ့များကို အပင်က စုပ်ယူလို့ နေ၏။

ပတ်ဝန်းကျင် တစ်ခုလုံးက လုံးဝ တိတ်ဆိတ်လို့ နေသည်။ ဝမ်လင်းက အပင်၏ အမြင့်ပိုင်းသို့ မော့ကြည့်လိုက်ရာ ထိုနေရာ၌ ရွှေရောင် တောက်ပမှုများ ပိုရှိနေသည်ကို တွေ့လိုက်ရသည်။ ဝမ်လင်းက အပင်ထိပ်ဆုံးထိ ကြည့်မြင်နိုင်စွမ်း မရှိခဲ့ပေ။ သူက အပင် အကိုင်းအခတ် များက လိုဏ်ဂူအသွင်ကဲ့သို့ တည်ဆောက်ပုံများ ရှိနေကြောင်းကိုသာ တွေ့မြင်ခဲ့ပေ၏။

သူက အောက်သို့ ငုံ့ကြည့် လိုက်ချိန်တွင်တော့ သူတစ်ခါ ဝင်ရောက်ခဲ့ဖူးသော တွင်းပေါက်ကြီး ရှိနေသည်ကို တွေ့လိုက်ရသည်။ ၎င်းတွင်းပေါက် ထဲကနေ အနက်ရောင် အခိုးအငွေ့များ ထွက်ပေါ်နေသည်ကိုပါ တွေ့လိုက်ရ၏။

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် အထဲသို့ ခုန်ဝင် သွားတော့သည်။

သူက တွင်းပေါက်ထဲသို့ ခုန်ချလာစဉ်တွင် သူ့နားထဲ၌ လေတိုးသံများ ကြားနေရ၏။ သိပ်မကြာခင်မှာပင် သူက မသေမျိုး သင်္ချိုင်း၏ ပထမအလွှာသို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် သူက ပျောက်ကွယ် သွားတော့၏။

စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အစောပိုင်းအဆင့်သို့ ဝင်ရောက် လာကတည်းက ဝမ်လင်း၏ နတ်ဘုရားအာရုံနှင့် တည်နေရာ ရွှေ့ပြောင်းခြင်းတို့က ပို၍ ကျယ်ပြန့်လာခဲ့၏။ တစ်ချက် တည်နေရာ ပြောင်းလိုက်သည်နှင့် သူက ဒုတိယအလွှာ ဝင်ပေါက်သို့ ရောက်လာခဲ့သည်။

သူက ပထမအလွှာ တစ်ခုလုံးကို နတ်ဘုရားအာရုံဖြင့် ဖြန့်ကြက် ကြည့်လိုက်ရာ သစ်ရွက် သုံးရွက် အဆင့် နတ်ဆရာများသာ ရှိကြောင်း တွေ့လိုက်ရသည်။

ဝမ်လင်းက ရပ်တန့်ခြင်း မရှိဘဲ ဒုတိယအလွှာထဲသို့ ဆက်၍ ဝင်လာခဲ့သည်။ ထို့နောက် သူက နောက်တစ်ကြိမ် တည်နေရာ ရွှေ့ပြောင်း လိုက်သည့်အခါ တတိယအလွှာရှိ ပြန်လည်မွေးဖွားခြင်း သစ်ပင်ရှိသည့် နေရာသို့ ရောက်လာခဲ့သည်။

သည်နေရာတွင် ပြန်လည် မွေးဖွားခြင်း သစ်ပင် ပေါက်ခဲ့သည့် နေရာရှိ တွင်းတစ်ခုက လွဲ၍ ကျန်သည့် အရာများ မရှိဘဲ ရှင်းလင်းလို့ နေသည်။

ပတ်ပတ်လည်ကို ကြည့်ရှုပြီးနောက် ဝမ်လင်းက နောက်တစ်ကြိမ် ပျောက်ကွယ် သွား၏။ သည်တစ်ကြိမ်၌ သူက လေးခုမြောက် အလွှာဝင်ပေါက်သို့ ရောက်လာဲ့သည်။ သူက ထို့နေရာ၌ ပြန်ပေါ်လာသည့် အခါ သူ့အသွင်က အနည်းငယ် ပြောင်းသွားပြီး သူ့ကိုယ်သူ ဖုံးကွယ်လိုက်သည်။

သိပ်မကြာခင်မှာပင် သူက လေးခုမြောက် အလွှာဝင်ပေါက် နားသို့ ဧရာမ မျက်နှာကြီး တစ်ခု နီးကပ်လာသည်ကို တွေ့လိုက်ရသည်။ ၎င်းက နီးကပ်လာသည့် အခါ သစ်ရွက်ခြောက်ရွက် နတ်ဆရာ အဖြစ်သို့ ပြောင်းလဲသွား၏။

သည်လူက သက်လတ်ပိုင်း အရွယ်ခန့်ရှိ၍ သူ့ခန္ဓာ တစ်ခုလုံးနီးပါးက တက်တူးများဖြင့် ဖုံးအုပ် ထားသည်။ သူ့နောက်တွင် မှိန်ဖျော့ဖျော့ မျက်လုံးများနှင့် ကျင့်ကြံသူ ဆယ်နှစ်ယောက်ကျော် ရှိနေသည်။

သစ်ရွက်ခြောက် ရွက်နတ်ဆရာက ဝင်ပေါက်ထဲသို့ ခုန်ဝင်လိုက်၏။ သူ့နောက်က ကျင့်ကြံသူများ ကလည်း အလျင်အမြန် လိုက်ပါ ဝင်သွားကြ၏။

ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက သည်ကျင့်ကြံသူများ နောက်ကနေ တိတ်တဆိတ် လိုက်ပါပြီး လေးခုမြောက် အလွှာထဲသို့ ဝင်ရောက်လိုက်၏။

လေးခုမြောက် အလွှာက အစောပိုင်း အလွှာများနှင့် ယှဉ်လျှင် ပို၍ အလင်းရောင် ရပေသည်။ သစ်ရွက်ခြောက် ရွက်နတ်ဆရာက ဧရာမမျက်နှာကြီး အသွင်သို့ ပြန်ပြောင်း၍ ကျင့်ကြံသူများကို ဆွဲခေါ်ကာ အကွာအဝေး တစ်ခုသို့ ပျံသန်း သွားလေ၏။

ဝမ်လင်းကလည်း သူတို့နှင့်အတူ ဆွဲခေါ်ခြင်း ခံလိုက်ရသည်။ ဝမ်လင်း၏ ကျင့်ကြံမှု အဆင့်ကြောင့် သစ်ရွက်ခြောက်ရွက် နတ်ဆရာက သတိပြုမိခြင်း မရှိချေ။

သစ်ရွက်ခြောက်ရွက် နတ်ဆရာက အလွန်လျင်မြန်စွာ ရွှေ့လျားနေ၏။ အမွှေးတိုင် တစ်တိုင်ထွန်းစာ ကြာချိန်ပြီးနောက် သူတို့က လေးခုမြောက် အလွှာ၏ ဗဟိုသို့ ရောက်လာ ခဲ့တော့သည်။ ထိုနေရာ၌ လူတစ်ယောက် ဖက်စာလောက်ထူပြီး ပေသုံးဆယ်ခန့် မြင့်သည့် ပြန်လည် မွေးဖွားခြင်း သစ်ပင်တစ်ပင် ရှိလို့နေသည်။

သည်အပင်က အနည်းငယ် ထူးဆန်းနေ၏။ ၎င်းက အကိုင်းအခတ်များ ရှိရမည့်အစား အပင်ထိပ်ဖျား၌ အလင်းလုံး တစ်ခုသာ လွင့်မြော ဝိုင်းပတ်လျက် ရှိနေသည်။ သည်အလင်းထဲ၌ ရင်ဘတ်ပေါ်၌ လက်သီးဆုပ်ခန့် အပေါက်တစ်ခု ရှိနေသည့် အဝတ်ကင်းမဲ့သည့် အဘိုးအို တစ်ယောက် ရှိနေသည်။ သူ့ခန္ဓာကိုယ်က တက်တူးများဖြင့် ဖုံးလွှမ်းနေပြီး သစ်ရွက်ရှစ်ရွက်က သူ့နဖူးပေါ်၌ တဖြည်းဖြည်း တောက်ပလာ၏။

တစ်ချိန်တည်းမှာပင် သူ့ခေါင်းပေါ်၌ မြောလွင့်နေသည့် တက်တူးတစ်ခုက ရှေးဆန်သော အော်ရာကို ပေးစွမ်းလို့ နေသည်။ သည်တက်တူးက အလွန်ရှုပ်ထွေးပြီး လူတစ်ယောက်က ၎င်းကို အနီးကပ် ကြည့်ပါက ခေါင်းမူးနောက် သွားနိုင်ပေသည်။

အပင်အောက်၌ သစ်ရွက်ခြောက်ရွက် နတ်ဆရာ ဆယ့်နှစ်ယောက်ကျော်က မတ်တတ် ရပ်လျက် ရှိနေကြသည်။ သူတို့အားလုံးက စကားပြောဆိုခြင်း ပြုမနေကြချေ။ သူတို့ တစ်ယောက်ချင်းစီ၏ နောက်တွင်လည်း ကျင့်ကြံသူ ဆယ်ယောက်ကျော်လောက် ရှိလို့နေကြလေ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset