Switch Mode

အပိုင်း (၄၇၃)

ဘိုးဘေးစိတ်ဝိညာဉ်သစ်ပင်

ဘိုးဘေးငါးက တိတ်ဆိတ် နေသော်လည်း အနည်းငယ် မျက်မှောင်ကြုတ် သွားလေ၏။

သည်အခိုက်တွင် အလာင်းလက်ထောက် နှစ်ယောက်က ချိပ်တံဆိပ်များကို ပို၍ မြန်ဆန်စွာ ဖြစ်ပေါ် နေစေသည်။ သည့်နောက် သူတို့က သွေးတစ်လုပ် အန်ထုတ် လိုက်ရသည်။ သို့သော် သွေးများက ခေါင်းတလားပေါ်သို့ ကျရောက်သွားခြင်း မရှိချေ။ ၎င်းသွေးများက သွေးလူနှစ်ယောက်ကို ဖြစ်ပေါ်စေ၏။ သည်သွေး လူနှစ်ယောက်က ခေါင်းတလားထံသို့ တစ်ဟုန်ထိုး တိုးဝင်သွားသည်။

ကြီးမားသည့် အလောင်းကြီး တစ်ခုက ခေါင်းတလားပေါ် မြောလွင့်နေ၏။ သည်အလောင်းက ပေတစ်ရာကျော်ပင် ရှည်လျားလေသည်။ ၎င်းက ပုတ်သိုး ဆွေးမြေ့နေပြီး အရိုးဖြူများကိုပင် မြင်နေရသည်။

လောက်ကောင်ကြီးများက သည်အလောင်း ခန္ဓာထဲ၌ လှုပ်ရှားလို့နေပြီး အလွန်အော့အန် ချင်စရာ ကောင်းလှ၏။

သို့ရာတွင် အလောင်းခေါင်းကတော့ အကောင်းတိုင်း ရှိနေသေး၏။ အထူးသဖြင့် ခရမ်းရောင် ပုဆိန် တည်ရှိနေသည့် မျက်ခုံးနှစ်ခုနားတွင် ဖြစ်၏။

သည်အချိန်မှာပင် တည်ငြိမ်သော အသံတစ်ခုက အကွာအဝေး တစ်ခုကနေ ပျံ့နှံ့လာ၏။ “စွန့်ပစ်ခံ မသေမျိုးကလန်ရဲ့ ဘိုးဘေးငါး… ဒီအဘိုးအို ချူယွမ်ဖန်က မင်းနဲ့ တိုက်ခိုက်ဖို့ ‌ရောက်လာခဲ့ပြီ…”

သည်အသံ ရောက်ရှိလာသည့် အခိုက်တွင် တိမ်နက်ထုများ၏ အပြင်ဘက်ပ မြေပြင် အက်ကွဲသံများကိုပါ ကြားလိုက်ရ၏။ သိပ်မကြာခင်တွင် အားကောင်းသော ဖိအားတစ်ရပ်က တိမ်နက်ထု အပြင်ဘက်၌ ပေါ်လာပြီး တိမ်နက်ထုများကို အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားစေ၏။

ပေတစ်သောင်း အကွာတွင် ရပ်နေသော ကောင်းကင်ဘုံ ကျောက်စိမ်းကလန် ဘိုးဘေး၏ မျက်လုံးများက လျှပ်စီးတန်းအလား တောက်ပနေသည်။ သူ့နောက်တွင် အေးစက်လိုသော အကြည့်များ ပြည့်နေသည့် ကျင့်ကြံသူ အုပ်စုကြီးတစ်ခု ရှိနေ၏။ သူတို့က သတ်ဖြတ်လိုမှု စိတ်ဆန္ဒများနှင့် ပြည့်နှက်နေကြ၏။

ဘိုးဘေးငါးမျက်လုံးများက အေးစက်သွားပြီး သူက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ “သတ်…”

စကားတစ်ခွန်းဖြင့်ပင် စွန့်ပစ်ခံ မသေမျိုး ကလန်အဖွဲ့ဝင်များက တစ်ဟုန်ထိုး တိုးထွက်သွားကြပြီး တိုက်ပွဲတစ်ခု စတင်တော့သည်။

ချူယွမ်ဖန်က ခေါင်းတလားဘေးသို့ ရောက်လာခဲ့ပြီး လက်ဝါးတစ်ချက် ခေါင်းတလားထံသို့ ရိုက်ထုတ်ကာ ပြောလိုက်သည်။ “အလောင်းကောင်ကလန်… မင်းတို့ကောင်တွေက သေချင်နေတာပဲ…”

စွန့်ပစ်ခံ မသေမျိုးကလန် ဘိုးဘေးငါးက ချူးယွမ်ဖန်၏ လက်ဝါးရိုက်ချက် ကျရောက် မလာခင် လက်ဆန့်တန်း၍ ဧရာမ အလောင်းကောင်ကြီးကို ဆွဲယူလိုက်၏။

ပေါက်ကွဲသံ တစ်ချက်နှင့်အတူ အလောင်းကောင်ကြီးက မြေပေါ်သို့ ပြုတ်ကျသွား၏။ ထိုအခါ မြေပြင်ပေါ်၌ တုန်ခါလှိုင်းများ ဖြစ်ပေါ်သွားကြသည်။

သည့်နောက် ခေါင်းတလားက ချူယွမ်ဖန်၏ လက်ဝါးကြောင့် ဖုန်မှုန် အဖြစ်သို့ ပြောင်းသွားတော့၏။

ဘိုးဘေးငါးက လျင်မြန်စွာ ပြောလိုက်သည်။ “ပြန်လည် မွေးဖွားခြင်းသစ်ပင် အသက်ဝင်ခြင်း…” သည့်နောက် သူက ချူးယွမ်ဖန် ရှိရာသို့ တဟုန်ထိုး တိုးဝင်သွားကာ လက်ဝှေ့ယမ်းလိုက်သည်။ အနက်ရောင်တိမ်များက လျင်မြန်စွာဖြင့် သူနှင့် ချူယွမ်ဖန်တို့ကို ဝန်းရံ သွားတော့သည်။

အနက်ရောင် တိမ်ထုထဲကနေ အလင်းများ တဖျပ်ဖျပ် တောက်ပလို့ နေ၏။ သည်လို ဖြစ်နေရခြင်းက ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များ အသုံးပြုနေသောကြောင့် ဖြစ်သည်။

ဘိုးဘေးငါးက တဟုန်ထိုး ထွက်သွားပြီးနောက် အကြီးအကဲ တစ်ယောက် လျင်မြန်စွာဖြင့် ကလန်အဖွဲ့ဝင်များထံသို့ ခုန်ကျော်ကာ အလောင်းကောင်ကြီးထံသို့ ခြေချလိုက်၏။ သူက အလောင်းပေါ်ရှိ လောက်ကောင်များကို စိတ်ရှိဟန်မရချေ။ သူက ညာလက်ကို ဆန့်တန်းလိုက်ရာ လက်သီးဆုပ်ခန့်ရွှေရောင်အလင်းလုံး တစ်ခုက သူ့လက်ထဲ၌ ပေါ်လာခဲ့၏။

သည်အချိန်မှာပင် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အလယ်အဆင့် ကျင့်ကြံသူ တစ်ယောက်၏ မျက်လုံးများက လက်ခနဲ ဖြစ်သွား၏။ သူက တိုက်ခိုက်နေကြသော လူများကို ပတ်၍ ရွှေရောင် အလင်းလုံးနှင့် လူရှေ့သို့ ရောက်ရှိလာ၏။ သူက အော်ပြောလိုက်သည်။ “ဒီအလင်းလုံးကို လွှတ်ချလိုက်စမ်း…” သည့်နောက် သူက လက်ဝှေ့ယမ်း လိုက်ရာ ဓားပျံတစ်လက်က ပျံသန်း ထွက်သွားတော့၏။

သစ်ရွက်ရှစ်ရွက် နတ်ဆရာက ရုတ်တရက် ခေါင်းမော့ကာ သူ့ထံသို့ တိုးဝင်လာသော သတ်လတ်ပိုင်း လူကြီးကို ကြည့်လိုက်သည်။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ လက်ထဲရှိ ရွှေရောင် အလင်းလုံးကို အလောင်းကောင်ကြီး၏ ရင်ဘတ်ပေါ်သို့ ဖိချလိုက်တော့၏။

ရွှေရောင်အလင်းတန်းတစ်ခု ဖျတ်ခနဲ တောက်ပသွားပြီး သစ်ရွက် ရှစ်ရွက်နတ်ဆရာ၏ ရင်ဘတ်ပေါ်သို့လည်း ဓားပျံတစ်လက်က ထွင်းဖောက် သွားတော့သည်။ သစ်ရွက် ရှစ်ရွက် နတ်ဆရာ၏ မျက်နှာက သေလောက်အောင် ဖြူရော် သွားတော့၏။ သို့သော် သူက ရွှေရောင် အလင်းလုံးကု အလောင်းကောင် ရင်ဘတ်ပေါ်သို့ ဆက်၍ ဖိချလို့နေ၏။

ထို့နောက် သူက ရယ်မော၍ သူ့ရင်ဘတ်ပေါ်ရှိ ဒဏ်ရာကို ဖယ်ရှားပစ်သည်။ သူက သူ့လက်ချောင်းက‌ သွေးများကို လျှာဖြင့် သပ်၍ သက်လတ်ပိုင်းလူကြီးနှင့် တိုက်ခိုက်ရန် တစ်ဟုန်ထိုး တိုးဝင်သွားတော့သည်။

ဘီလူး နတ်ဆိုးကလန်၏ အလောင်းကောင်ပေါ်ရှိ ရွှေ‌ရောင်တောက်ပမှုက ပိုပိုပြီး တောက်ပ လာခဲ့၏။

ဘိုးဘေးငါးနှင့် တိုက်ခိုက်နေသော ချူယွမ်ဖန်က မျက်မှောင်ကြုတ်၍ နောက်သို့ ပြန်ဆုတ်သည်။ သူက အော်ပြောလိုက်၏။ “ဘီလူးနတ်ဆိုးကလန် အလောင်းကို ဖျက်ဆီးပစ်ကြ…”

အနီးအနားရှိ ကျင့်ကြံသူများ အားလုံးက အလောင်းထံသို့ တိုးဝင်လာကြ၏။

သို့ရာတွင် စွန့်ပစ်ခံ မသေမျိုးကလန် အဖွဲ့ဝင်များက သူတို့အသက်ကို ဂရုစိုက်ခြင်း မရှိဘဲ သူ့တို့ကိုယ်သူတို့ ပစ်လွှတ် လိုက်ကြ၏။ သူတို့က သည်လိုနည်းဖြင့် တိုးဝင်လာနေသည့် ကျင့်ကြံသူများက ရပ်တန့်ပစ်လိုကြ၏။

အလောင်းပေါ်ရှိ ရွှေရောင် အလင်းကလည်း ပိုပိုတောက်ပ လာနေသည်။ သည်အခိုက်တွင် ဘီလူးနတ်ဆိုးကလန် အလောင်းက စတင်၍ ကျုံ့လာ၏။ ရွှေရောင်အလင်းများက မြေပေါ်ရှိ မြေဆီမြေနှစ်များကို စုပ်ယူ၍ ကြီးပြင်းလာသည့် အပင်တစ်ခုကဲ့သို့ ဖြစ်လာနေသည်။

သည်ဖြစ်စဉ်က အသက်ဆယ်ခါ ရှူချိန်လောက်သာ ကြာမြင့်လေ၏။ ထို့နောက် အလောင်းရှိ စွမ်းအင်များအားလုံးက ဆုတ်လျော့သွားပြီး ဖုန်မှုန်အဖြစ်သို့ ပြောင်းသွားတော့၏။

အနက်ရောင်တိမ်ထုများကနေ ထွက်၍ ချူယွမ်ဖန်က သည်ရွှေ‌ရောင် အလင်းရှိရာသို့ လာနေသည်။ အနက်ရောင် တိမ်ထုထဲ၌ ရှိနေသောဘိုးဘေငါးက ချူယွမ်ဖန်ကို နှာခေါင်းရှုံ့ လိုက်သည်။ သူက ချူယွမ်ဖန်ကို တားဆီးရန် ဆန္ဒမရှိချေ။

ချူယွမ်ဖန် ‌ရောက်လာသည့် အခါတွင် ရွှေရောင်အလင်းက ရုတ်တရပ် ပြန့်ကျဲသွားပြီး ပေတစ်ထောင်ခန့် ရှည်သည့် ပြန်လည် မွေးဖွားခြင်းသစ်ပင် တစ်ပင် ဖြစ်ပေါ်လာတော့၏။

အားကောင်းသော တုန်ခါလှိုင်းများက ယင်းအပင်ကနေ ပျံ့နှံ့လာပြီး ဟင်္သာပြဒါးဂြိုဟ်၏ အရှေ့ဘက်ခြမ်းသို့ ဖုံးလွှမ်း သွားတော့သည်။

ချူယွမ်ဖန်အသွင်က ကြီးစွာ ပြောင်းလဲသွားပြီး သူကနောက်သို့ အလျင်အမြန် ပြန်ဆုတ် လိုက်၏။ သို့ရာတွင် သည်တုန်ခါလှိုင်းများက သူ့ကို ရိုက်ခတ် သွားလေ၏။ ထိုအခါ သူ့ပါးစပ် ထောင့်ကနေ သွေးများ ယိုစီးကျလာတော့၏။

ဘိုးဘေးငါးက နှုတ်ခေါင်းရှုံ့ကာ ချူယွမ်ဖန် ရှိရာသို့ တိုးဝင်သွား၏။ ချူယွမ်ဖန် မျက်လုံးများက လက်ခနဲ ဖြစ်သွား၏။ သူက ဆက်၍ မတိုက်ခိုက်ရန် ဆုံးဖြတ် လိုက်သည်။ သူက အော်ဟစ်ရင်း သည်နေရာကနေ တစ်ဟုန်ထိုး ပြန်ထွက်လေသည်။ “ပြန်ဆုတ်မယ်…”

စွန့်ပစ်ခံ မသေမျိုးကလန်များနှင့် တိုက်ခိုက်နေကြသော ကျင့်ကြံသူများက သက်ပြင်းချကာ နောက်သို့ အလျင်အမြန် ပြန်ဆုတ်သွားကြသည်။

စွန့်ပစ်ခံ မသေမျိုး ကလန်အဖွဲ့ဝင်များက နောက်က လိုက်ရန် ဟန်ပြင် လိုက်စဉ်မှာပင် ဘိုးဘေးငါးက ပြောလိုက်၏။ “မလိုက်တော့နဲ့… ပြန်လည်မွေးဖွားခြင်း ဘိုးဘေးစိတ်ဝိညာဉ် သစ်ပင်ကိုပဲ ကာကွယ်ကြ…”

တစ်ချိန်လုံးလှုပ်ရှားခြင်း မရှိသော အကြီးအကဲစီမာက ပြန်လည်မွေးဖွားခြင်း သစ်ပင်ကို ထူးဆန်းသော အကြည့်နှင့် ကြည့်နေ၏။ သူက ပြောလိုက်သည်။ “ငါတို့နှစ်ယောက်ကြားက သဘော တူညီထားတဲ့ အရာက ဘယ်မှာလဲ…”

ဘိုးဘေးငါးက အနည်းငယ် စဉ်းစားပြီးနောက် သူ့မျက်ခုံးနှစ်ခု ကြားသို့ လက်ညွှန် လိုက်သည်။ ထို့နောက် သူ့လက်ဝါး အရွယ်ခန့်တက်တူး တစ်ခုက မျက်ခုံး နှစ်ခုကြားကနေ ပျံသန်း ထွက်လာခဲ့၏။

သည်တက်တူးက အလွန်ရှုပ်ထွေးလှ၏။ တစ်ချက်ကြည့်ရုံနှင့် ၎င်းက သင့်မျက်လုံးကို ပြူးကျယ် သွားစေနိုင်ပေသည်။ သို့ရာတွင် ၎င်းတက်တူးထဲ၌ ရှေးဦးမူလ အဖျက်အဆီး စွမ်းအား အငွေ့အသက်များ ပါဝင်လို့နေ၏။

“ဒီတက်တူးက ဘိုးဘေးတွေ သိပ်သည်းခဲ့တဲ့ တက်တူးတွေထဲက တစ်ခုပဲ။ ငါက သစ်ရွက်ကိုးရွက် အဆင့်ကို ရောက်တဲ့အချိန်မှာ ဒါကို ပြည့်စုံစေခဲ့တယ်…” ထိုသို့ပြောပြီးနောက် သူက လက်ဝှေ့ယမ်း လိုက်ရာ တက်တူးက အကြီးအကဲ စီမာထံသို့ ပျံသန်းသွားတော့၏။

အကြီးအကဲစီမာအသွင်က အလေးအနက် ဖြစ်သွားပြီး သူက သိုလှောင်အိတ်ထဲကနေ ကျောက်စိမ်း သေတ္တာတစ်ခုကို ထုတ်ယူ လိုက်သည်။ သည်သေတ္တာက မည်သည့် စိတ်ဝိညာဉ် စွမ်းအင်ကိုမျှ ပေးစွမ်းနေခြင်း မရှိချေ။ သို့သော် ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များကို ထုတ်လွှတ်ပေးနေပြီး အားကောင်းသော အတားအဆီးများက ၎င်းအပေါ်၌ ဖုံးလွှမ်းထားလေ၏။

သူက တက်တူး အမှတ်အသားကို သည်ကျောက်စိမ်း သေတ္တာထဲသို့ ဂရုတစိုက် ထည့်ပြီးမှ စိတ်သက်သာရာ ရဟန်ဖြင့် သက်ပြင်း ချနိုင်တော့သည်။ သည့်နောက် သေတ္တာကို သိုလှောင် အိတ်ထဲသို့ ပြန်သိမ်းထားလိုက်၏။ ထို့နောက် သူက ရယ်မောကာ ပြောဆိုလိုက်သည်။ “ဘိုးဘေးငါးက တကယ့်ကို ဆုံးဖြတ်ချက် ပြတ်သားတဲ့လူပဲ။ အခြား ဘိုးဘေးတွေလည်း ဒီလိုပဲလို့ ငါ မျှော်လင့်မိပါတယ်…”

“ငါတို့စွန့်ပစ်ခံ မသေမျိုးကလန်က မင်းတို့ အလောင်းကောင်ကလန်နဲ့ ကတိထားထားတဲ့ အတွက် ငါတို့ဘက်က သဘောတူညီတာကိုဖျက်သိမ်းမှာ မဟုတ်ဘူ…” ဘိုးဘေးငါးက အကြီးအကဲ စီမာ ထံသို့ အေးစက်စွာ ကြည့်သည်။

စီမာက ရယ်မောနေရင်း သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားကာ ပြောလိုက်၏။ ငါက အလောင်းကောင် ကလန် ခေါင်းဆောင်ကို သတင်းတစ်ခု ပို့စရာ ရှိသေးတယ်။ ငါတို့ အလောင်းကောင် ကလန်မှာ မင်းတို့ သစ်ရွက်ကိုးရွက် နတ်ဆရာ အများအပြားများကို သတ်ခဲ့တဲ့ ဘီလူး နတ်ဆိုးကလန်ရဲ့ ဧရာမ အလောင်းကောင်ကြီး တစ်ခု ရှိသေးတယ်။ သူက အာဏာတက်ခြင်း အလယ်အဆင့်ကို ရောက်နှင့်နေခဲ့တဲ့လူလည်း ဖြစ်တယ်။ မင်းတို့ စိတ်ဝင်စားမယ်ဆိုရင် ကြိုက်တဲ့အချိန် ငါတို့နဲ့ လာရောက် ဆက်သွယ်နိုင်ပါတယ်…” ထိုသို့ပြောပြီးသည်နှင့် သူက တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ လျင်မြန်စွာ ထွက်ခွာ သွားတော့၏။

အလောင်းလက်ထောက် နှစ်ယောက်ကလည်း အကြီးအကဲ စီမာနောက်ကနေ လိုက်ပါသွားပြီး သူတို့က မြူနက် တိမ်ထုထဲကနေ ပျောက်ကွယ် သွားကြတော့၏။

သည်လို တူညီသောမြင်ကွင်းများက ဟင်္သာပြဒါးကုန်းမြေ၏ အနောက်၊တောင်၊မြောက် အရပ်တို့တွင်လည်း ဖြစ်ပွားခဲ့ကြ၏။

ကံမကောင်းစွာဖြင့် ကျူးချွဲဇီ တစ်ယောက်တည်းကသာ အနောက်အရပ်၌ ပြန်လည် မွေးဖွားခြင်း သစ်ပင်ကို ဖျက်စီးနိုင်ခဲ့သည်။ ကျန်သည့် တောင်အရပ်နှင့် အရှေ့အရပ်တို့က ကျရှုံးသွားခဲ့ကြ၏။ သို့ရာတွင် ထူးဆန်းသော မြင်ကွင်းတစ်ခုက မြောက်အရပ်တွင် ဖြစ်ပေါ် လာခဲ့သည်။

စစ်ထူနန်က တစ္ဆေတစ်ကောင်ကဲ့သို့ လှုပ်ရှားနေပြီး တိတ်တဆိတ်ဖြင့် မြောက်အရပ်ရှိ မြူနက်ထုကြီးထဲ့သို့ ဝင်လိုက်၏။ သူရောက်ရှိ လာသည်ကို မည်သူမျှ သတိမပြုမိကြချေ။ သည်နေရာကို စောင့်ကြပ်နေသော ဘိုးဘေး လေးပင် သူ့ကို သတိပြုမိခြင်း မရှိချေ။

ပြန်လည်မွေးဖွားခြင်းသစ်ပင်က စတင် တောက်ပလာချိန်၌ စစ်ထူနန်က အထဲ၌ ကပ်ပါးကောင် တစ်ကောင်ကဲ့သို့ ရှိလို့နေခဲ့သည်။

သူက အပင်အတွက် အာဟာရများကို ကြားဖြတ်၍ စုပ်ယူပစ်သည်။ ထို့ကြောင့် ရှားပါးလွန်းလှသော ပြန်လည်မွေးဖွားခြင်း ဘိုးဘေး စိတ်ဝိညာဉ် သစ်ပင်က ပြိုကျလာခဲ့တော့၏။

သည်ထူးဆန်းသော မြင်ကွင်းက စွန့်ပစ်ခံ မသေမျိုးကလန် အဖွဲ့ဝင်များအားလုံးကို မှင်တက် သွားစေ၏။ ဒေါသပုန်ထနေသော ဘိုးဘေးက သူ့တက်တူးများကို စတေးပြီးသည့် အခါမှာတော့ စစ်ထူနန်ကို ရှာတွေ့သွားခဲ့၏။

စစ်ထူနန်က မောက်မာစွာရယ်မော၍ ပျောက်ကွယ် သွားတော့သည်။ သူက သူ့နောက်၌ အသံတစ်ခု ချန်ထားခဲ့လေသည်။ “သေစမ်း…ဒါက မနှစ်မြို့စရာ ကောင်းလိုက်တာ…ငါက ဒီလိုမှန်းသာသိခဲ့ရင် အစထဲက မစားခဲ့ပါဘူး…”

စွန့်ပစ်ခံ မသေမျိုး ကလန်ဘိုးဘေး လေး၏ မျက်လုံးများက အပြင်သို့ ခုန်ထွက်တော့မလား ထင်မှတ်ရပြီး နီရဲတွက်လို့ နေသည်။ သူက ဒေါမာန်တကြီး ဟိန်းဟောက်၍ စစ်ထူနန်နောက်သို့ တစ်ဟုန်ထိုး လိုက်ပါလာ၏။ စစ်ထူနန်က ပြန်လည်မွေးဖွားခြင်း သစ်ပင်ကို ဝါးမျိုခဲ့သော်လည်း ဘိုးဘေး စိတ်ဝိညာဉ်ကိုတော့ ဝါးမျိုရခြင်း မရှိသေးချေ။

သည်အရာက စွန့်ပစ်ခံ မသေမျိုးကလန်၏ နှစ်ထောင်ပေါင်း များစွာ အာဟာရ အဆီအနှစ်များကျွေးခဲ့သော ဘိုးဘေး စိတ်ဝိညာဉ် ငါးခုထဲက တစ်ခု ဖြစ်နေသည် မဟုတ်လား။ ဘိုးဘေး စိတ်ဝိညာဉ် တစ်ခုက ကြီးထွားလာပြီးလျှင် သူတို့က အထူးမန္တာန်တစ်ခုနှင့် ပေါင်းစပ်၍ ဟင်းလင်းပြင်ထဲကနေ စိတ်ဝိညာဉ် ခန္ဓာကိုယ် တစ်ခုကို ဆင့်ခေါ်နိုင်လေ၏။ သည်စိတ်ဝိညာဉ် ခန္ဓာကိုယ်က ဘိုးဘေးစိတ်ဝိညာဉ်နှင့် ပေါင်းစပ်ပြီး သစ်ရွက်ဆယ်ရွက် နတ်ဆရာ တစ်ယောက်ကို ဖန်တီး ပေးနိုင်ပေသည်။

သို့ရာတွင် အခုအခါ၌ ဘိုးဘေး စိတ်ဝိညာဉ်က သူ့နှာခေါင်း အောက်တွင်ပင် ဝါးမျိုခံရတော့မည် ဖြစ်နေ၏။ ထို့ကြောင့် ဘိုးဘေးလေး၏ ဒေါသက အကန့်အသတ်သို့ပင် ရောက်လာ ခဲ့တော့သည်။

“ငါ မင်းကို သတ်ပစ်မယ်…” ဘိုးဘေးလေးက အော်ဟစ်၍ စစ်ထူနန်နောက်သို့ လိုက်ပါနေ၏။

စစ်ထူနန်က အလွန် လျင်မြန်စွာဖြင့် ထွက်ပြေးနေရင်း ရယ်မောလိုက်၏။ ပထမမျိုးဆက် ဟင်္သာပြဒါးနည်းလည်းက နည်းနည်းတော့ အရှက်မဲ့တယ်။ ဒါပေမဲ့ ဒီအဘိုးက အဲ့တာကို ကြိုက်တယ်။ ဒီအဘိုးအိုသာ ခန္ဓာတစ်ခု ရှိနေရင် ငါက ဝမ်လင်းကို သင်ပေးပြီး ငါတို့နှစ်ယောက် ဒီဘိုးဘေး စိတ်ဝိညာဉ်တွေကို တူတူဝါးမျိုနိုင်မှာ။ ဒါပေမဲ့ ငါစိုးရိမ်တာက ဝမ်လင်းကျင့်ကြံမှု အဆင့်နဲ့ ဒီစိတ်ဝိညာဉ်ရဲ့ ဖိအားကို ခံနိုင်ပါ့မလား…”

“ငါ မင်းကို သတ်မယ်…” ကြမ်းကြုတ်သော အသံကြီးတစ်ခုက စစ်ထူနန် နောက်ကနေ ထွက်ပေါ်လာ၏။

သည်အော်သံထဲရှိ အမုန်းတရားက စကားလုံးဖြင့်ပင် ဖော်ပြ၍ မရနိုင်ချေ။

ဝမ်လင်းက အကွာအဝေးတစ်ခုကနေ သည်အသံကို လှမ်း၍ ကြားလိုက်ရပြီး ဖြစ်နေ၏။ သူက ချက်ချင်းပင် ခြင်သားရဲကို သိမ်း၍ စစ်ထူနန်ကို မစောင့်တော့ဘဲ တစ်နေရာသို့ ပျံသန်း သွားလိုက်၏။

စစ်ထူနန်ကက နတ်ဘုရားအာရုံကို ဖြန့်ကြက်ကြည့်သည့်အခါ ဝမ်လင်းကို လှမ်းတွေ့ လိုက်ပြီး သူက တည်နေရာ ရွှေ့ပြောင်း၍ ဝမ်လင်းအနားသို့ ရောက်ရှိ သွားတော့သည်။ သူက ဝမ်လင်းရှေ့တွင် ပေါ်လာသည်နှင့် အလျင်အမြန် ပြောလိုက်သည်။ “မင်းက နှေးလွန်းတယ်။ ငါ မင်းကို ခေါ်သွားပေးမယ်။ ငါတို့နောက်ကို လိုက်လာတဲ့ ခွေးရူးတစ်ကောင် လိုက်လာတယ်။ ဒီအဘိုးအိုက ခန္ဓာကိုယ်သာ ရှိနေရင် ဘိုးဘေး စိတ်ဝိညာဉ်ရဲ့ စွမ်းအားကို ချေဖျက်ပြီး နေလောက်ပြီ။ အခုတော့ ငါက ဒီခွေးရူးကြောင့် တကယ့်ကို ဒေါသထွက်နေရပြီ…”

ထိုသို့ပြောပြီးသည်နှင့် သူက ဝမ်လင်းကို ဆွဲခေါ်ကာ လျင်မြန်စွာ ပျံသန်း သွားတော့၏။

စစ်ထူနန်က အလွန်မြန်ဆန်လှ၏။ မျက်စိတစ်မှိတ်အတွင်း သူနှင့်ဝမ်လင်းတို့က ဟင်္သာပြဒါး ကုန်းမြေကနေ ထွက်သွား၍ ဂြိုဟ်၏ မြောက်ဝင်ရိုးသို့ ရောက်ရှိလာကြတော့သည်။

စွန့်ပစ်ခံ မသေမျိုး ကလန်ဘိုးဘေးလေးက စစ်ထူနန် နောက်လိုက်နေရင်း သူ့နှလုံးက ဂနာမငြိမ် ဖြစ်နေ၏။

စစ်ထူနန်က ပျံသန်းနေစဉ် အတွင်း မည်သည့် ကြောက်ရွှံ့မှုကိုမှ ပြသခြင်း မရှိချေ။ သူက တစ်ခါတစ်ရံပင် ဘိုးဘေးလေး လိုက်မီရန် အရှိန်လျော့ပစ်သေး၏။

“ဒီအဘိုးအိုက ခန္ဓာတစ်ခုနဲ့ ပေါင်းစပ်ပြီးတာနဲ့ သူတို့ရဲ့ ဘိုးဘေး စိတ်ဝိညာဉ်ကို ဝါးမျိုပစ်မယ်။ ပြီးတာနဲ့ ဒီခွေးရူးကိုလည်း ဝါးမျိုပစ်မယ်။ ဒီဟာက ငါ့ကျင့်ကြံခြင်း အဆင့် ပြန်ကောင်း လာမှုနှုန်းကို သိသာစေလိမ့်မယ်။ ငါက ငါကိုယ်တိုင် အာဏာတက်ခြင်း အဆင့် ကျင့်ကြံသူနှင့် အဆင့်တူတဲ့ နတ်ဆရာတစ်ယောက်ကို သတ်ဖြတ်ပစ်ရမယ်။ ဒါ့ကြောင့် ငါက ပထမ ဟင်္သာပြဒါးရဲ့ ကြင်နာမှုကို မမေ့ဘူးလို့ ပြောလို့ရတယ်…” စစ်ထူနန်က ထိုသို့ပြောကာ ရယ်မော နေတော့၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset