Switch Mode

အခန်း (၄၈၈)

စိတ်ကုန်နေသော ဝမ်ပေါင်လဲ့

ဝမ်ပေါင်လဲ့မှာ မဟာထိပ်သီးအကြီးအကဲကြီး၏ စကားကို ကြားလိုက်ရသောအခါ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်း မရှိပါသော်လည်း နှလုံးခုန်သံများ ရပ်တန့်သွားသလို ခံစားလိုက်ရ၏။ လီရှင်းဝမ်၏ စကားလုံးများ၏ နောက်ကွယ်တွင် နောက်ထပ်အဓိပ္ပါယ်တစ်ခု ရှိနေသေးသည့်ပုံပင်။

အစပိုင်းတွင် သူသည် မသေချာမရေရာ ဖြစ်နေခဲ့ပါသော်လည်း အချက်တစ်ချက်ကို ထည့်သွင်းစဉ်းစားလိုက်သောအခါ အရာအားလုံးမှာ ရှင်းလင်းသွား၏။ ထိုအချက်မှာ… လီရှင်းဝမ်သည် အမှောင်အဆောင်ကြီး၏ ပိုင်ရှင်မှာ မည်သူမည်ဝါ ဖြစ်နေကြောင်းကို သိရှိထားသည်ဆိုသည့် အချက်ပင်။

” မဖြစ်နိုင်တာ… ” ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် မလုံမလဲ ဖြစ်သွားရ၏။ သူသည် စိတ်ထဲတွင် ထိုသို့တွေးတောရင်း လီရှင်းဝမ်၏ စကားများကို သုံးသပ်နေမိတော့သည်။ ထိုအမှောင်အဆောင်ပစ္စည်း၏ ပိုင်ရှင်မှာ အန္တရာယ်ပြုလိုစိတ်မရှိဘဲ ပြည်ထောင်စုကြီးတစ်ခုလုံးကို အံ့သြမှင်တက်သွားစေနိုင်မည့် စွမ်းအားတစ်မျိုးကို ထုတ်ပြရမည်ဖြစ်ကြောင်း လီရှင်းဝမ်က ပြောဆိုနေခြင်းဖြစ်သည်။ ထိုသို့ ထုတ်ပြနိုင်ပါမှ ပြည်ထောင်စုကြီးမှာ တစ်ရာရာခိုင်နှုန်း စိတ်အေးသွားနိုင်မည် ဖြစ်သည်။ ထို့အပြင် သူတို့မှာ အချိန်အတိုင်းအတာ တစ်််ခုအထိ ထိုအမှောင်အဆောင်ပစ္စည်းအား လောဘတက်ရဲကြတော့မည် မဟုတ်ပေ။

အကယ်၍ သူသာ ထိုကဲ့သို့မလုပ်နိုင်ပါက သို့မဟုတ် သူနှင့် ပြည်ထောင်စုကြီး၏ကြားတွင် နားလည်မှုများ လွဲသွားမည်ဆိုပါက ဝိညာဉ်ဆန့်ကျင်ဗုံးများနှင့် နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးတို့၏ ပူးပေါင်းတိုက်ခိုက်မှုကို ခံလိုက်ရမည်သာဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ရင်ခုန်နှုန်းများ မြန်လာရတော့သည်။ ထို့နောက် သူသည် ပြည်ထောင်စုကြီးအား သစ္စာအပြည့်ရှိသည့် အမူအရာဖြင့် ရင်ဘတ်ကိုလက်ဖြင့်ပုတ်ကာ လီရှင်းဝမ်အား စိုက်ကြည့်၍ ဆိုလိုက်၏။

” ဘိုးဘိုး မဟာထိပ်သီးအကြီးအကဲကြီးခဗျား။ ပေါင်လဲ့ နားလည်သွားပါပြီ။ ပြည်ထောင်စုကြီးက မြေကြီးအောက်က ရတနာကို မရရတဲ့နည်းနဲ့ ယူဖို့ ဆုံးဖြတ်ထားပြီးသားပါ။ အစတုန်းက ကျနော်က အကြီးအကဲကြီးရဲ့ အဖွဲ့နဲ့အတူ အောက်ထိလိုက်လာဖို့ အစီအစဉ်မရှိဘူး။ ဒါပေမဲ့ အခု ကျနော် နားလည်သွားပြီဆိုတော့ ပြည်ထောင်စုကြီးအပေါ်ထားရှိတဲ့ ကျနော့်ရဲ့ သစ္စာစောင့်သိမှုကို သက်သေပြနိုင်ဖို့နဲ့ ပြည်ထောင်စုကြီးအတွက် အစွမ်းကုန် ပေးဆပ်နိုင်ဖို့ အကုန်လုံးနဲ့အတူ လိုက်ခဲ့ပါမယ် ”

လီရှင်းဝမ်ကမူ ဝမ်ပေါင်လဲ့၏ ကြိမ်းဝါးသံကို ကြားလိုက်ရသောအခါ မျက်လုံးများ ပင့်မိသွား၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား ပြန်၍ အကဲခတ်လိုက်ပြီးနောက် ခေါင်းငုံ့ကာ ပြည်ထောင်စုကြီး၏ အစီအစဉ်များကို ဆက်လက်လေ့လာနေလိုက်တော့သည်။ ထို့နောက် သူသည် တည်ကြည်မှုအပြည့်ရှိသည့် အမူအရာဖြင့် ထပ်ပြောလိုက်၏။

” ငါတို့ကြောင့် အခုလို အရေးကြီးတဲ့ ကိစ္စကြီးတစ်ခု အလွဲလွဲအချော်ချော် ဖြစ်သွားမယ်ဆိုရင် နောက်တစ်ခါကျ ပြည်ထောင်စုကြီးက ငါ့ကို ဒီကိစ္စအတွက် ထပ်လွှတ်မှာ မဟုတ်တော့ဘူး ” လီရှင်းဝမ်မှာ ထိုသို့ဆိုလိုက်ပြီးနောက် ခေါင်းပြန်မော့မလာတော့ဘဲ လက်ကိုဝှေ့ယမ်းကာ စကားစဖြတ်လိုက်၏။

ဝမ်ပေါင်လဲ့မှာလည်း အလောတကြီးနှင့် ထွက်ခွာလာ၏။ သူသည် လီရှင်းဝမ်၏ အိမ်ထဲမှ ထွက်ခွာလာပြီး ဘေးဘီဝဲယာအား အကဲခတ်လိုက်ပြီးနောက် သူ့အား မည်သူကမှ ကြည့်မနေကြောင်း သိလိုက်ရသည့်အခါမှ သူ၏နဖူးပေါ်မှ ချွေးစက်များကို သုတ်လိုက်ရ၏။ ထို့နောက် သူ၏မျက်ဝန်းများထဲတွင် ဆုံးဖြတ်ချက်ပြတ်သားမှု အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။

” ငါ့မှာ ရွေးချယ်စရာမရှိဘူး။ မဟာထိပ်သီးအကြီးအကဲကြီး ဖြစ်ကြောင်းကုန်စင်ကို ခန့်မှန်းမိသွားတာ ဟုတ်ဟုတ် မဟုတ်ဟုတ် ကိစ္စမရှိဘူး။ ငါ ရေးဆွဲထားတဲ့ အစီအစဉ်တွေတိုင်း ဆက်လုပ်မှကိုဖြစ်မယ် ” ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် စိတ်ပိုင်းဖြတ်လိုက်၏။

အခြားမည်သည့်အရာကမှ သူအတွက် အရေးမကြီးပေ။ သူသည် အမှောင်အဆောင်ပစ္စည်းအား ပိုင်ဆိုင်ထားပြီးပြီဖြစ်ရာ လက်လွှတ်ဆုံးရှုံးခံတော့မည် မဟုတ်ပေ။ သို့သော်လည်း သူသည် ၎င်း၏ ပိုင်ရှင်ဖြစ်ကြောင်းကိုလည်း အခြားမည်သူ့ကိုမှ အသိပေး၍ မဖြစ်ပေ။

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ သူ၏အိမ်သို့ ပြန်ရောက်လာပြီးနောက် တင်ပျဉ်ခွေထိုင်ချလိုက်ပြီး တရားထိုင်လိုက်၏။ ထို့နောက် အမှားအယွင်း တစ်ခုမှမရှိစေရန် သူ၏ အစီအစဉ်အား အတွေးထဲ၌ ထပ်ခါတလဲလဲ ပုံဖော်ကြည့်နေလိုက်တော့သည်။ လက်ရှိတွင် မြို့တော်ထဲ၌ လူအများကြီး ရှိနေသေးသည်ဖြစ်ပြီး သူတို့အများစုမှာ လိုဏ်ခေါင်းကြီးအား စောင့်ကြည့်နေကြ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မတော်တဆမှုများအား ရှောင်ရှားနိုင်ရန် အဆောင်ဝိညာဉ်များနှင့် အဆက်အသွယ်မလုပ်ဘဲ နေနေခဲ့သည်။ သူသည် ပြည်ထောင်စုကြီး အစီအစဉ်အတိုင်း ဆောင်ရွက်မည့် နေ့ရက်သို့ ရောက်ရှိလာရန်ကိုသာ စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနေလိုက်တော့သည်။

သူသည် အကြာကြီးမစောင့်လိုက်ရပေ။ လီရှင်းဝမ်မှာ အကာအရံကြီးအား စစ်ဆေးနိုင်ရန် လူများအား သူနှင့်အတူ လှိုဏ်ခေါင်းကြီးထဲသို့ ခေါ်သွားလိုက်၏။ ထို့နောက် လေ့လာဆန်းစစ်မှုများပြုလုပ်ပြီးနောက် သူတို့ စုဆောင်းမိသမျှ အချက်အလက်များကို ပြည်ထောင်စုကြီးဆီသို့ တင်ပြလိုက်ကြသည်။ နောက်ဆုံးတွင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် အခြားနိုင်ငံရေးအင်အားစုများမှ ထိပ်သီးအဆင့်ပုဂ္ဂိုလ်များမှာ လီရှင်းဝမ်၏ အစီအစဉ်အား သဘောတူထောက်ခံလိုက်ကြတော့သည်။

ထိုအစီအစဉ်အား နောက်သုံးရက်အကြာတွင် စတင်တော့မည်ဖြစ်သည်။ သူတို့မှာ ဝိညာဉ်ဆန့်ကျင်ဗုံးများနှင့် နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးတို့အပြင် နိုင်ငံရေးအင်အားစု အသီးသီးမှ အမြုတေအဆင့်ကျင့်ကြသူများကို အဆင်သသင့် ပြင်ပြီးပါက အကာအရံကြီးအား အင်အားသုံး၍ ဖောက်ခွဲကြမည် ဖြစ်သည်။ လက်ရှိတွင် အထူးဒေသမြို့တော်ထဲ၌ ရောက်ရှိနေကြသည့် အမြုတေအဆင့် ကျင့်ကြံသူအရေအတွက်မှာ အယောက်ခုနစ်ဆယ်ကျော်အထိ ရှိနေကြပြီဖြစ်သည်။

ပြည်ထောင်စုကြီး တစ်ခုလုံးထဲတွင်ရှိသော အမြုတေအဆင့်ကျင့်ကြံသူများ၏ စုစုပေါင်းအရေအတွက်မှာ အယောက်နှစ်ရာပင် မပြည့်သောကြောင့် ဤမြို့တော်ထဲတွင် ၎င်းတို့အားလုံး၏ သုံးပုံပုံတစ်ပုံကျော်ခန့် စုဝေးနေကြသည်ဖြစ်ကြောင်း သိနိုင်ပေသည်။ ယွမ်ယင်အဆင့်ကျင့်ကြံသူကြီး လီရှင်းဝမ်ကိုယ်တိုင် ထိုအဖွဲ့အား ဦးဆောင်မည်ဖြစ်သည်။ ထို့ကြောင့် ထိုအဖွဲ့အစည်း ပိုင်ဆိုင်ထားသော စွမ်းအားပမာဏမှာ လမ်းတစ်လျှောက်တွင် ရှိနေသည့် မည်သည့်အရာကိုမဆို ချေမှုန်းပစ်နိုင်စွမ်း ရှိပေသည်။

သို့ဖြစ်ရာ ပြည်ထောင်စုကြီးမှာ အင်္ဂါဂြိုဟ်နတ်ဘုရားလက်နက်ကြီးအား မရရအောင် သိမ်းယူရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း အထင်အရှားသိမြင်နိုင်ပေသည်။

အမြုတေအဆင့်ကျင့်ကြံသူများ ရောက်ရှိလာကြပြီးနောက် အခြေတည်အဆင့် ကျင့်ကြံသူများနှင့် အာနာပါနအဆင့် ကျင့်ကြံသူများမှာလည်း ရောက်ရှိလာကြ၏။ သူတို့၏ တာဝန်မှာ ကူညီထောက်ပံ့မှုများပေးရန်နှင့် အင်္ဂါဂြိုဟ်နတ်ဘုရားလက်နက်ကြီးအား တူးဖော်ရန် လိုအပ်သည့် အခြေခံအဆင့်တာဝန်များကို ထမ်းဆောင်ပေးရန်ဖြစ်သည်။ ထို့ကြောင့် အထူးဒေသမြို့တော်ကြီးမှာ ပုံမှန်ထက်ပို၍ စည်ကားသိုက်မြိုက်နေတော့သည်။

သုံးရက်ဆိုသော အချိန်မှာ တစ်ခဏအတွင်း ကုန်ဆုံးသွား၏။ အကာအရံကြီးအား ဖောက်ခွဲမည့်နေ့ရက်သို့ ရောက်လာချိန်တွင် အခြေတည်အဆင့် ကျင့်ကြံသူများနှင့် အာနာပါနအဆင့် ကျင့်ကြံသူပေါင်း မြောက်မြားစွာမှာ လှိုဏ်ခေါင်းကြီး၏ အပြင်ဘက်၌ စုဝေးနေကြ၏။ သူတို့အားလုံးမှာ အကာအရံကြီး ပေါက်ကွဲသွားသည်နှင့် တစ်ပြိုင်နက် အထဲသို့ပြေးဝင်ရန် အဆင်သင့်ပြင်ထားကြပြီးဖြစ်သည်။

လှိုဏ်ခေါင်းကြီးထဲတွင်မူ လီရှင်းဝမ်၏ ဦးဆောင်မှုအောက်တွင်ရှိသော အင်္ဂါဂြိုဟ်ဘုရင်ခံနှင့် အခြား အမြုတေအဆင့်ကျင့်ကြံသူများမှာ အကာအရံကြီး၏ ရှေ့တွင် စုဝေးနေကြပြီ အစီအစဥ်ကြီးကို စတင်ရန် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။

ဖောက်ခွဲမှုလုပ်ငန်းစဉ်ထဲတွင် လီရှင်းဝမ်မှာ အခရာကျသော အခန်းကဏ္ဍတစ်ခု၌ ပါဝင်၏။ သူသည် အကာအရံကြီး၏ ရှေ့တွင်ရပ်ကာ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲမှ ယွမ်ယင်အဆင့် ဝိညာဉ်စွမ်းအင်လှိုင်းများကို ထုတ်လွှတ်လိုက်သည်။ ၎င်းတို့မှာ အသွားချွန်ထက်သော ဓားတစ်လက်အသွင် ပြောင်းလဲသွားပြီး အကာအရံကြီးအား အဆက်မပြတ် ထိုးနှက်နေသောကြောင့် ၎င်းမှာ အပြင်းအထန် တုန်ရီလာရတော့သည်။

ထိုအချိန်တွင် အင်္ဂါဂြိုဟ်ဘုရင်ခံ အပါအဝင် အခြားသူများ အားလုံးမှာလည်း သူတို့၏တိုက်ကွက်များကို ထုတ်လွှတ်လိုက်ကြ၏။ ထိုအခါ လှိုဏ်ခေါင်းကြီးထဲတွင် ရုတ်တရက်ဆိုသလို ဆူညံပွက်လောရိုက်သွားကြတော့သည်။

ထိုကဲ့သို့ တိုက်ခိုက်နေသည့် လူအုပ်ကြီးထဲတွင် ဝမ်ပေါင်လဲ့လည်း ပါပေသည်… ယခုတွင် သူသည် တိုက်ကွက်များ ထုတ်လွှတ်နေရင်း တဖြည်းဖြည်းနှင့် ပို၍ပါးလာသော အကာအရံကြီးအားကြည့်ကာ စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချနေမိတော့သည်။ သူ၏အစီအစဉ်မှာ အမှားမှားအယွင်းယွင်း ဖြစ်သွားနိုင်ခြေ လုံးဝနီးပါးမရှိပါသော်လည်း သူသည် ရင်တထိတ်ထိတ်နှင့် ပူပန်သောကရောက်နေရ၏။

” စိတ်ပင်ပန်းစရာ ကောင်းလိုက်တာနော် …. ”

ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်သာ သက်ပြင်းချနေပါသော်လည်း အပြင်ပန်းတွင်မူ အသံကုန်အော်ဟစ်ကာ အဆက်မပြတ် တိုက်ခိုက်နေ၏။ သူသည် ဤမြို့တော်ကြီး၏ မြို့တော်သခင်ဖြစ်ပါသော်လည်း အခြား အမြုတေအဆင့် ကျင့်ကြံသူများနှင့် ယှဉ်လိုက်ပါက သူ၏ကျင့်ကြံခြင်းအဆင့်မှာ သာမန်အဆင့်တွင်သာ ရှိသောကြောင့် မည်သူကမှ သူ့အပေါ်သို့ အာရုံစိုက်မနေကြပေ။ သူသည်လည်း ထိုကဲ့သို့ဖြစ်နေရန် မျှော်လင့်ထားခဲ့၏။ သူသည် ထိုသို့တိုက်ခိုက်နေရင်း သူ၏ဘေးတွေရှိနေသော အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် အော်ပြောလိုက်သေးသည်။

” အားလုံး။ အစွမ်းကုန် ကြိုးစားကြ။ ဒီနတ်ဘုရားလက်နက်ကြီးကို အမြန်ဆုံး သိမ်းပိုက်နိုင်ဖို့ ကြိုးစားပြီးတော့ ပြည်ထောင်စုကြီးအတွက် နောက်ထပ်အစွမ်းထက်လက်နက်တစ်ခု ရယူပေးလိုက်ကြစို့ ”

ဝမ်ပေါင်လဲ့၏ ဘေးတွင်ရှိနေသော အမြုတေအဆင့်ကျင့်ကြံသူကြီးမှာ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ အဘိုးကြီးတစ်ယောက်ဖြစ်၏။ သူသည် ဝမ်ပေါင်လဲ့အား မနှစ်သက်ပါသော်လည်း လူတိုင်း၏ရှေ့တွင် သူ၏ မကျေနပ်ချက်များကို ပေါ်ပေါ်ထင်ထင် ထုတ်ပြလိုက်မည်ဆိုပါက သင့်တော်မည်မဟုတ်ပေ။ ထို့ကြောင့် သူသည် ဝတ်ကျေတမ်းကျေသာ စကားအနည်းငယ်ပြန်ပြောလိုက်ပြီး ဝမ်ပေါင်လဲ့အား လျစ်လျူရှုလိုက်၏။

အခြားတစ်ချိန်ချိန်တွင်သာဆိုလျှင် ဝမ်ပေါင်လဲ့မှာ ထိုအဘိုးကြီးအား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်မည်သာဖြစ်ပါသော်လည်း ယခုတွင်မူ သူသည် အပြင်ပန်း၌ စိတ်လှုပ်ရှားနေသည့်ပုံစံ ဟန်ဆောင်နေသည့်တိုင်အောင် စိတ်ထဲတွင်မူ အလွန်အင်မတန်မှ တုန်လှုပ်နေရသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ဓားပြတစ်အုပ်အား သူ၏အိမ်ရှေ့သို့ ခေါ်ဆောင်သွားနေသည့်အလား ခံစားနေရ၏။ သူသည် ထိုခံစားချက်ကြီးအား နှလုံးသားထဲမှ မထုတ်နိုင်လောက်အောင် ဖြစ်နေရတော့သည်။

” ဓားပြတစ်အုပ်ကို ကိုယ့်အိမ်ဆီ ခေါ်သွားရုံလောက်ဆိုရင် တော်သေးတယ်။ ဒါပေမဲ့ ငါက ငါ့အိမ်တံခါးပေါက်တွေကိုပါ သူတို့နဲ့အတူ ဖောက်ခွဲပစ်ရတော့မှာပါလား ” ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာ သုန်မှုန်နေပြီ ဖြစ်သည်။ ထို့နောက် သူသည် ထိုနေရာအား ပစ်မှတ်ထားနေသည့် ဝိညာဉ်ဆန့်ကျင်ဗုံးများအကြောင်းကို ပြန်တွေးမိလိုက်သောအခါ ချက်ချင်းဆိုသလိုပင် ပြန်လည်တည်ငြိမ်သွား၏။ ထို့နောက် သူသည် အခြားသူများကို အော်ဟစ်အားပေးရင်း ဆက်လက်တိုက်ခိုက်နေလိုက်တော့သည်။

လူအချို့မှာ သူ၏ အော်ဟစ်အားပေးသံများကို ကြားလိုက်ရပါသော်လည်း ဂရုမစိုက်ပေ။ သူတို့အားလုံးမှာလည်း စိတ်လှုပ်ရှားနေကြသည် မဟုတ်ပါလော။ ထို့ကြောင့် အချို့မှာဆိုလျှင် သူနှင့်အတူလိုက်၍ အော်ဟစ်အားပေးနေလိုက်ကြတော့သည်။ ထိုသို့ဖြင့် ပေါက်ကွဲသံများ၏ ကြားတွင် ပြည်ထောင်စုကြီးထဲမှ ကျင့်ကြံသူများမှာ စိတ်ဓာတ်များတက်ကြွလာကြတော့သည်။

သို့သော် လီရှင်းဝမ်မှာ ဝမ်ပေါင်လဲ့၏ အော်ဟစ်သံကိုကြားလိုက်ရသောအခါ စိတ်ထဲတွင်ကျိတ်၍ နှာမှုတ်လိုက်၏။ သူသည် နောက်ထပ်တိုက်ကွက်တစ်ကွက် ထုတ်သုံးရန်ပြင်နေတုန်း သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းအား ထုတ်လွှတ်ကြည့်လိုက်သောအခါ ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာ စိတ်လှုပ်တရှားဖြစ်နေသည့်ပုံ ပေါ်နေသည်ကို မြင်လိုက်ရ၏။

” ဒီကောင်စုတ်လေးက တော်တော်ကို သရုပ်ဆောင်ကောင်းတဲ့ ကောင်ပဲ ” လီရှင်းဝမ်မှာ စိတ်ထဲတွင်ကျိတ်၍ ရေရွတ်နေမိတော့သည်။ သူသည် သူ၏ အကဲခတ်နိုင်စွမ်းများကို အသုံးပြုကာ ဝမ်ပေါင်လဲ့နှင့် ကြုံတွေ့ခဲ့ရသည့် အခိုက်အတန့်များကို ဆက်စပ်တွေးတောခဲ့ပြီးနောက် အနည်းအကျဉ်းမျှ ခန့်မှန်းထားပြီးသား ဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့ ယခုကဲ့သို့ အောင်မြင်နေရသည့်အကြောင်းအရင်းကို အတိအကျ မသိပါသော်လည်း ဝမ်ပေါင်လဲ့နှင့် အမှောင်အဆောင်ပစ္စည်း၏ကြားတွင် ဆက်နွယ်မှုတစ်ခုခု ရှိနေရမည်ဟု သူက အပြည့် ယုံကြည်ထား၏။

” ငါတတ်နိုင်သမျှ လုပ်ပေးပြီးတော့ ပြောပြနိုင်သလောက် ပြောပြပြီးသွားပြီ။ ဒီကလေးက ငတုံးငအ တစ်ယောက် မဟုတ်ပါဘူး။ သူ့ဇာတ်သူ နိုင်အောင်မကနိုင်ရင်တော့ … အင်း … ငါလည်း ဘာမှတတ်နိုင်မှာမဟုတ်ဘူး ” လီရှင်းဝမ်မှာ မျက်လုံးများမှေးကာ တွေးတောနေ၏။ သူသည် လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ဤအကာအရံကြီးအား ဖောက်ခွဲပစ်နိုင်စွမ်း ရှိနေခဲ့ပါသော်လည်း သေချာမှုရှိအောင် အရင်ဆုံးသုတေသနလုပ်ငန်းများ ဆောင်ရွက်ချင်သေးသည်ဟု အကြောင်းပြကာ သူ၏အစီအစဉ်အား အချိန်ဆွဲထားခဲ့၏။ သူသည် ဝမ်ပေါင်လဲ့အား လိုအပ်သည့်ပြင်ဆင်မှုများပြုလုပ်ရန် အချိန်ပေးလိုသောကြောင့် ထိုကဲ့သို့ အချိန်ဆွဲခဲ့ခြင်းဖြစ်၏။ သို့ဖြစ်ရာ သူ့ဘက်မှ တတ်နိုင်သမျှအစွမ်းကုန် ကြိုးစားပြီးသွားပြီဖြစ်သည်။ ထို့ကြောင့် ယခုတွင် လီရှင်းဝမ်မှာ တွက်ချက်မှုအချို့ ပြုလုပ်လိုက်ပြီးနောက် အချိန်ကိုသတ်မှတ်လိုက်၏။ ထို့နောက် သူ၏ ဝိညာဉ်စွမ်းအင်များကို စုစည်းလိုက်ပြီး ပြတ်သားမှု အရိပ်အယောင်များ ထင်ဟပ်နေသည့် မျက်ဝန်းတစ်စုံဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်တော့သည်။

ထို့နောက် သူသည် အသံကုန်အော်ဟစ်လိုက်၏ ” တာအိုရောင်းရင်းတို့။ မင်းတို့ရဲ့ မန္တန်တွေအကုန်လုံးကို ငါ့ရဲ့ဘေးမှာ စုစည်းလိုက်ကြ ” လီရှင်းဝမ်မှာ ထိုသို့ဆိုလိုက်ပြီးနောက် ရုတ်တရက်ဆိုသလို သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။ ထိုအခါ သူ၏ခန္ဓာကိုယ်ထဲမှ အလင်းတန်းတစ်ခု ပေါ်ပေါက်လာ၏။ အဝေးမှကြည့်လိုက်ပါက သူသည် တဖိတ်ဖိတ်တောက်ပနေသော အလင်းစက်လုံးကြီးတစ်လုံးနှင့် တူနေသည်။

အခြားသူများမှာလည်း သူတို့၏ မန္တန်များအား ထိုအလင်းစက်လုံးကြီးထဲသို့ ပစ်ထည့်လိုက်ကြ၏။ ထိုအခါ ၎င်းမှာ ပို၍ပင်တောက်ပလာပြီး ၎င်း၏ စွမ်းအင်များမှာလည်း ပို၍ပင် အားကောင်းလာတော့သည်။ လူတိုင်းမှာ စိတ်နှလုံးများ တုန်ရီသွားကြပြီး ချက်ချင်းဆိုသလိုပင် မန္တန်များ ထုတ်သုံးလိုက်ကြ၏။ ထို အလင်းစက်လုံးကြီးဆီမှ ထွက်ပေါ်လာနေသော ဝိညာဉ်စွမ်းအင်လှိုင်းများမှာ တဖြည်းဖြည်းနှင့်ပို၍ များပြားလာပြီး ဖျက်ဆီးအားကောင်းသည့် အငွေ့အသက်တစ်ခုမှာ လေထုထဲတွင် ရုတ်တရက်‌ဆိုသလို ပြည့်နှက်သွားတော့သည်။

ထိုအခါ ဝမ်ပေါင်လဲ့မှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားရပြီး နှလုံးသားတစ်ခုလုံး တဆတ်ဆတ် တုန်ရီသွား၏။ ထို့နောက် သူသည် အံကြိတ်ကာ မန္တန်တစ်ခုကို ထုတ်လွှတ်၍ ထိုအလင်းစက်လုံးပေါ်သို့ ဆင်းသက်သွားစေလိုက်၏။ အလင်းစက်လုံးကြီးမှာမူ သူတို့အဖွဲ့၏ စွမ်းအားများကို စုပ်ယူနေသောကြောင့် မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပလာပြီဖြစ်သည်။ ထို့ကြောင့် ၎င်းမှာ အသေးစား နေမင်းတစ်စင်းနှင့်ပင် ဆင်တူနေ၏။ နောက်ဆုံးတွင် လီရှင်းဝမ်တစ်ယောက် အသံကုန်အော်ဟစ်လိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ ထိုအလင်းစက်လုံးမှာ ဧရာမ အလင်းဓားကြီးတစ်လက်အသွင် ပြောင်းလဲသွား၏။ ထို့နောက် သူသည် ထိုဓားကြီးအား ဆုပ်ကိုင်ကာ သူ၏ရှေ့တွင်ရှိနေသော အကာအရံကြီးအား ချိန်ရွယ်လိုက်ပြီးနောက် ခုတ်ချလိုက်တော့သည်။

ထိုအခါ နားစည်များပင် ကွဲအက်သွားစေနိုင်သည့် မိုးခြိမ်းသံကြီးတစ်သံ ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာပြီး လှိုဏ်းခေါင်းကြီးထဲ၌ အက်ကွဲသံများ ပဲ့တင်ထပ်သွား၏။ ထိုအခိုက်အတန့်တွင် အကာအရံကြီးမှာ ထိုတိုက်ကွက်ကြီး၏ ပြင်းအားကို ခုခံနိုင်စွမ်းမရှိတော့သဖြင့် အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားတော့သည်…

ထိုအခါ တစ်စစီ ကြေမွပျက်စီးသွားသော အကာအရံကြီးထဲမှ ခရမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် ၎င်းမှာ လေဆင်နှာမောင်းကြီးတစ်ခုကဲ့သို့ လှိုဏ်ခေါင်းကြီးတစ်ခုလုံးထဲ၌ ပျံ့နှံ့သွားသည်။ ထိုအကာအရံကြီး၏ နောက်တွင်မူ… နောက်ထပ်အကာအရံကြီးတစ်ခု ရှိနေ၏။

Comment

Leave a Reply

Options

not work with dark mode
Reset