သူမ ပြောခဲ့သည့်စကားများမှာ ကျင့်ကြံသူတိုင်းအတွက် အံ့ဩတုန်လှုပ်စရာ ကောင်းနေမည်ဖြစ်ကြောင်း ဘုရင်ခံက သိထား၏။ ထို့ကြောင့် သူမသည် တစ်ခဏမျှ ရပ်တန့်သွားပြီး ဝမ်ပေါင်လဲ့အား တွေးတောသုံးသပ်ရန် အချိန်ပေးလိုက်ပြီးမှ ဆက်ပြောလိုက်၏။
” ဝိညာဉ်ဆန့်ကျင်ဗုံးရဲ့ သုတေသနလုပ်ငန်းတွေ စပြီးတော့ အောင်မြင်လာတဲ့အချိန်မှာ ငါတို့တွေက တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးကို စပြီးတော့ ဆောက်လုပ်နေခဲ့ပြီ။ ဒါပေမဲ့ ဗုဒ္ဓဟူးဂြိုဟ် အဖြစ်ဆိုးကြီးက အဲဒီဂြိုဟ်ပေါ်မှာ ငါတို့တည်ဆောက်ထားသမျှ အရာအားလုံးကို ဖျက်ဆီးဖြစ်ခဲ့တာ။ အဲ့တာမလို့ အခု ငါတို့က အဲဒီဂြိုဟ်ကြီးကို အစကပြန်ပြီးတော့ တည်ဆောက်ရင်း တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးကိုလည်း ပြန်တည်ဆောက်ရမှာ… ”
” ဒါပေမဲ့… ပြည်ထောင်စုကြီးဆီမှာ အဲဒီ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးကို တည်ဆောက်ဖို့ ကုန်ကြမ်းပစ္စည်း အလုံအလောက်ရှိပေမဲ့ ဆောက်လုပ်ရေးလုပ်ငန်းအတွက် အဓိကကျတဲ့ အစိတ်အပိုင်းအများစုကို ဖန်တီးထုတ်လုပ်နိုင်ဖို့ အချိန်လိုသေးတယ်။ အဲ့တာမလို့ ငါက နင့်ကို ဒီပုံစံစာရွက်တွေ ပေးခဲ့တာ ” ဘုရင်ခံမှာ အကြောင်းအရာ အစုံအလင် ရှင်းပြလိုက်ပြီးနောက် အသံလွှင့်အကြောင်းကြားစာအား အဆုံးသတ်လိုက်၏။
အကယ်၍ ဝမ်ပေါင်လဲ့မှာ မကြာသေးမီကမှ ပြည်ထောင်စုအစိုးရအဖွဲ့ထဲသို့ ရောက်ရှိလာခဲ့သည်ဆိုပါက ကျယ်ပြန့်တာအိုနန်းတော်နှင့် ပြည်ထောင်စုကြီး၏ ကြားရှိ ဆက်ဆံရေးကို သိရှိလိုက်ရသည့်အတွက် အလွန်အင်မတန်မှ အံ့ဩတုန်လှုပ်သွားရမည်သာ ဖြစ်သည်။ သို့သော် ယခုတွင် သူသည် အခြားသူများ၏ စကားများအား ခွဲခြမ်းစိတ်ဖြာ၍ သုံးသပ်ရာ၌ ကျွမ်းကျင်နေပြီ မဟုတ်ပါလော။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဘုရင်ခံဘက်မှ အသံလွှင့်အကြောင်းကြားစာအား အဆုံးသတ်လိုက်သည့်တိုင်အောင် ဟန်အမူအရာ ပျက်သွားခြင်းမရှိဘဲ အတွေးများထဲ၌ နစ်မျောနေဆဲပင်။ တစ်ခဏမျှ ကြာမြင့်သွားပြီးနောက် သူ၏ မျက်လုံးများမှာ အရောင်လက်သွား၏။
” တော်တော်စိတ်ဝင်စားဖို့ကောင်းပါလား… ဘုရင်ခံက အဲဒီ အစိတ်အပိုင်းတွေကို မြန်မြန်လေးပြီးအောင် ထုတ်လုပ်ပေးဖို့ ငါ့ကို တိုက်တွန်းနေတဲ့လေသံ ပေါက်နေပေမဲ့ ဘယ်အချိန်အထိ နောက်ဆုံးထားပြီးတော့ အပြီးလုပ်ရမယ်လို့ ပြောမသွားဘူး ”
ဝမ်ပေါင်လဲ့မှာ ဘုရင်ခံ ပြောခဲ့သည့် စကားများကို ပြန်လည်တွေးတောရင်း အတွေးများထဲ၌ နစ်မျောနေ၏။ အချိန်အတော်အတန်ကြာအောင် တွေးတောပြီးသွားသော အခါမှသာ သူသည် ပြည်ထောင်စုကြီး၏ အကြံအစည်များကို ခန့်မှန်းမိသွားတော့သည်။ ပြည်ထောင်စုကြီးမှာ ပြည်ထောင်စု လူမှုအဖွဲ့အစည်းအား တိုးတက်လာအောင် ဆောင်ရွက်ချင်သောကြောင့် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးကို တည်ဆောက်ချင်ပါသော်လည်း တစ်ချိန်ထဲမှာပင် ငရဲပြည်သို့ တံခါးဖွင့်ပေးလိုက်သလို ဖြစ်သွားမည်ကိုလည်း စိုးရိမ်နေခြင်းဖြစ်သည်။
သို့သော် ဆယ်စုနှစ်ပေါင်းများစွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြပြီးနောက် ပြည်ထောင်စုကြီးမှာ ဝါရင့်ကြီးမော့ကောင်းကျိအား အပြည့်အဝ ယုံကြည်ထားသည်ဖြစ်ကြောင်း သိသာထင်ရှားပေသည်။ အကယ်၍ ဝါရင့်ကြီးမော့ကောင်းကျိကသာ သူတို့အား အန္တရာယ်ပြုလိုပါက သူ၏ ကျင့်ကြံခြင်းအဆင့်နှင့်သာဆိုလျှင် ပြည်ထောင်စုကြီးတစ်ခုလုံးကို ဖိနှိပ်ချုပ်ချယ်ကာ သူ၏ဆန္ဒအတိုင်း ဖြစ်လာအောင် အတင်းအဓမ္မ စေခိုင်းခဲ့မည်သာ မဟုတ်ပါလော။
ထို့ကြောင့် တိုးတက်မှုများ နှောင့်နှေးနေရသည့်တိုင်အောင် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီး၏ ဆောက်လုပ်ရေးလုပ်ငန်းများမှာ ဆက်လက်လည်ပတ်နေဆဲပင်။ ပြည်ထောင်စုကြီးဘက်မှ ထို အစိတ်အပိုင်းများအား နောက်ဆုံးအပြီးထား၍ ဖန်တီးထုတ်လုပ်ပေးရမည့် ရက်စွဲအတိအကျကို မထုတ်ပြန်ရသေးခြင်းမှာ အရေးပေါ်အစီအစဉ်များအတွက် လိုအပ်သည့် ပြင်ဆင်မှုများကို ပြုလုပ်နေဆဲဖြစ်သောကြောင့် ဖြစ်ရပေမည်ဟု ဝမ်ပေါင်လဲ့က ခန့်မှန်းလိုက်၏…
” ဝိညာဉ်ဆန့်ကျင်ဗုံးက အရေးပေါ်အစီအစဉ်တွေထဲက တစ်ခုပဲ။ မဟာထိပ်သီးအကြီးအကဲကြီး ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်သွားနိုင်ခဲ့တာလည်း နောက်ထပ် အရေးပေါ်အစီအစဉ်တစ်ခုပဲ။ နောက်ထပ် ဘယ်လိုအစီအစဉ်တွေများ ရှိနေဦးမလဲမသိဘူး ” ဝမ်ပေါင်လဲ့မှာ အတွေးများထဲ၌ နစ်မျောနေရပြီဖြစ်သည်။ သူသည် မော့ကောင်းကျိနှင့် မဆုံတွေ့ဖူးသောကြောင့် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးအား ဆောက်လုပ်မည့်ကိစ္စနှင့် ပတ်သက်၍ စနိုးစနောင့် ဖြစ်နေရဆဲပင်။
သို့သော် သူသည် မော့ကောင်းကျိနှင့် မဆုံးတွေ့ဖူးသည့်တိုင်အောင် ပြည်ထောင်စုအစိုးရအဖွဲ့ထဲမှ ထိပ်သီးအဆင့် ပုဂ္ဂိုလ်များထဲတွင် လူနုံလူအ တစ်ယောက်တလေပင် ပါမည်မဟုတ်ကြောင်း ယုံကြည်ထားသည်။ သူတို့အားလုံးမှာ ကောက်ကျစ်စဉ်းလဲကာ အလွန်အင်မတန်မှ ဉာဏ်များသည့် မြေခွေးအိုကြီးများသာ ဖြစ်ကြ၏။ ဘုရင်ခံ ပြောခဲ့သည့်အတိုင်းပင်။ သူ စိုးရိမ်နေသည့် အရာအားလုံးကို ပြည်ထောင်စုကြီးထဲမှ အဖွဲ့ဝင်အများစုမှာ ယခင်ကတည်းက ထည့်သွင်းစဉ်းစားထားခဲ့ပြီးသား ဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ထိုကိစ္စကြီးကို မေ့ထားလိုက်ပြီး တံခါးပိတ်ကျင့်စဉ်အား စတင်လိုက်တော့သည်။ ထိုအတောအတွင်းတွင် သူသည် အမှောင်ပညာရပ် ဝိညာဉ်လမ်းညွှန်မှုကို လေ့ကျင့်ခဲ့သလို အချိန်အနည်းငယ်ပေး၍ ပြည်ထောင်စုကြီးဘက်မှ တောင်းဆိုထားသည့် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးအတွက် လိုအပ်သော အစိတ်အပိုင်းများကိုလည်း သန့်စင်နေခဲ့၏။
ထိုသို့ဖြင့် ခုနစ်ရက်တိတိ ကုန်ဆုံးသွားပြီး ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းနှင့် သန့်စင်ခြင်းလုပ်ငန်းစဉ်များမှာလည်း အတားအဆီးမရှိ ချောမွေ့စွာ တိုးတက်လာခဲ့၏။ ထိုအချိန်တွင် ပြည်ထောင်စုကြီး၏ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့မှာ ဆိုင်းမဆင့်ဗုံမဆင့် ရောက်ရှိလာပြီး အထူးဒေသမြို့တော်ထဲ၌ အခြေချနေထိုင်လိုက်ကြ၏။ ထို့နောက် သူတို့မှာ ဝမ်ပေါင်လဲ့၏ ခွင့်ပြုချက်ကို ရယူပြီးနောက် လိုဏ်ခေါင်းကြီးထဲသို့ ဝင်သွားပြီး လိုဏ်ခေါင်းကြီးထဲရှိ အကာအရံကြီး၏ အထူအား စတင်လေ့လာဆန်းစစ်နေလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ သူတို့၏တောင်းဆိုမှုကို ငြင်းဆို၍မရသဖြင့် သတိကြီးကြီးထားလိုက်ရ၏။ သုံးရက်တိတိ ကုန်ဆုံးသွားပြီးနောက် အင်္ဂါဂြိုဟ်ပေါ်သို့ ဒုတိယမြောက်စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ ထပ်မံရောက်ရှိလာသဖြင့် ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူမိသွားပြီး အန္တရာယ်ကြီးတစ်ခုနှင့် ကြုံရတော့မည့်အလား ခံစားနေရတော့သည်။
” ပြည်ထောင်စုကြီးရဲ့ တတိယမြောက် အရေးပေါ်အစီအစဉ်က ငါ့ရဲ့ အမှောင်အဆောင်ပစ္စည်းကြီးများ ဖြစ်နေမလားဟ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောရင်း ရင်ပူလာရတော့သည်။ သူသည် ပြည်ထောင်စုကြီးအား အကူအညီ ပေးချင်ပါသော်လည်း သူသည် ထိုအမှောင်အဆောင်ပစ္စည်း၏ ပိုင်ရှင်ဖြစ်နေသည် မဟုတ်ပါလော။ ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့် အတိုင်းအတာတစ်ခုအထိ ရောက်သွားသောအခါမှ ဤကိစ္စကြီးအား ကြေညာမှသာ သူရော ပြည်ထောင်စုကြီးပါ အကျိုးရှိနိုင်မည်ဖြစ်ကြောင်း သူက သိထား၏။
အကယ်၍ သူ၏လက်ရှိ ကျင့်ကြံခြင်းအဆင့်နှင့် ဤကိစ္စအကြီးအကြောင်းကို ကြေညာလိုက်မည်ဆိုပါက ပြည်ထောင်စုကြီးအပေါ် အကျိုးသက်ရောက်မှု သိပ်မရှိနိုင်ပါသော်လည်း သူ၏ အနာဂတ်မှာမူ ဝေဝါးသွားရမည် မဟုတ်ပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မစွန့်စားရဲဘဲ ဖြစ်နေရပြီး သက်ပြင်းချရုံမှတစ်ပါး အခြားဘာမှ မတတ်နိုင်တော့ပေ။ သူပိုင်ဆိုင်ထားသော ရတနာအား ထိပ်တန်းအဆင့်ပုဂ္ဂိုလ်ကြီးများက ယခုကဲ့သို့ လိုချင်တက်မက်နေကြသည်ကို တွေးမိလိုက်တိုင်း သူသည် မလုံမလဲဖြစ်လာရ၏။
ပြည်ထောင်စုကြီးမှာ အမှောင်အဆောင်ပစ္စည်းအား ရယူနိုင်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်ထားကြသည့်ပုံပင်။ သူတို့မှာ ယခုအကြိမ်တွင် လက်ဗလာနှင့်သာ ပြန်သွားရပါသော်လည်း သိပ်မကြာခင်တွင် နောက်ထပ် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့အား စေလွှတ်လိုက်မည်သာဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းအား တစ်ခဏမျှ၏ တွေးတောနေလိုက်၏။ စုံစမ်းစစ်ဆေးရေးအဖွဲ့များမှာ ရက်အနည်းငယ်ခန့် စူးစမ်းရှာဖွေလိုက်ပြီးနောက် အသေးစိတ်အချက်အလက်များ စုဆောင်းပြီးသွားသဖြင့် ထွက်ခွာသွားတော့သည်။ ထိုအချိန်တွင် သူသည် မည်သူမှ မသိအောင် အမှောင်အဆောင်ပစ္စည်းထဲသို့ တိတ်တိတ်ကလေး ဝင်သွားလိုက်ပြီး အဆောင်ဝိညာဉ်သုံးခုအား ဆင့်ခေါ်လိုက်၏။ ထို့နောက် သူသည်
ပြုပြင်ခြင်းလုပ်ငန်းစဉ်၏ အခြေအနေအား မေးမြန်းလိုက်၏။
ထိုအခါ ထိုအဆောင်ကြီး ဆယ်ရာခိုင်နှုန်းတိတိ ပြန်လည်ကောင်းမွန်လာနိုင်ရန် နောက်ထပ်တစ်လကျော် လိုအပ်သေးသည်ဖြစ်ကြောင်း သူက သိလိုက်ရသည်။ ထို့ကြောင့် သူသည် ထိုနေရာမှ ထွက်ခွာလာပြီးနောက် တစ်ခေါင်းလုံး ထူပူသွားအောင် စဉ်းစားတွေးတောနေလိုက်တော့သည်။
” ပြည်ထောင်စုကြီး အကာအရံကြီး တစ်ခုလုံးကို ဖောက်ခွဲပစ်ဖို့ မဆုံးဖြတ်ခင် ကျန်နေသေးတဲ့ အကြွင်းအကျန် အပိုင်းအစတွေက အချိန်နည်းနည်းတော့ ဆွဲပေးထားနိုင်လောက်ပါတယ်… ဒါပေမဲ့ အဲ့အချိန်ရောက်လို့ အမှောင်အဆောင်ပစ္စည်းရဲ့ အစိတ်အပိုင်း တော်တော်များများ အကောင်းအတိုင်း ပြန်ဖြစ်လာရင်တောင် ပြည်ထောင်စုကြီးက အဲဒီပစ္စည်းကို အသုံးပြုနိုင်စွမ်း ရှိဦးမှာမဟုတ်ဘူး။ ဒါပေမဲ့ သူတို့က အဲဒီအဆောင်ပစ္စည်းကို မရမချင်း လိုချင်တပ်မက်နေဦးမှာမလို့ နည်းလမ်းတွေ တစ်ခုပြီးတစ်ခု ရှာနေဦးမှာ သေချာတယ်… အင်း… အဆင်မပြေဘူး…. ပြည်ထောင်စုကြီး အဲဒီအမှောင်ပစ္စည်းကို အမြဲတမ်း စောင့်ကြည့်နိုင်စွမ်းရှိသွားမယ့် အချိန်အထိ မရောက်ခင် ငါ့ဘက်က အရင်ဆုံးလှုပ်ရှားဖို့လိုတယ် ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများအရောင်လက်သွားပြီးနောက် ခေါင်းထဲ၌ အတွေးမျိုးစုံပေါ်ပေါက်လာ၏။ ထို့နောက် သူသည် သူ့ဘက်မှ ထိုးစစ်ဆင်ရန် အစီအစဉ်တစ်ခု ရေးဆွဲလိုက်တော့သည်။
သူသည် လက်ဦးမှုရယူခြင်းနှင့် အခြေအနေကြည့်၍ ဆောင်ရွက်ရခြင်းတို့၏ ကြားရှိ ခြားနားချက်ကို ကောင်းကောင်းကြီး နားလည်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် သူသည် ထိုကိစ္စကြီးအကြောင်း အမြဲတမ်း ရင်တထိတ်ထိတ်နှင့် တွေးတောနေရမည့်အစား လက်ဦးမှုရယူကာ အန္တရာယ်အားလုံးကို အပြီးတိုင် ဖယ်ရှားလိုက်မည်သာ ဖြစ်သည်။
သူ၏ အစီအစဉ်အား နှစ်ဆင့်ခွဲထား၏။ ပထမအဆင့်မှာ သူသည် ထိုအမှောင်အဆောင်ပစ္စည်း ဆယ်ရာခိုင်နှုန်းတိတိ ပြန်လည်ကောင်းမွန်လာသည့် အချိန်အထိ စောင့်ဆိုင်းလိုက်ပြီးနောက် အကာအရံကြီးအား ရုပ်သိမ်းပေးလိုက်မည် ဖြစ်သည်။ ထိုအခါ ပြည်ထောင်စုကြီးထဲရှိ နိုင်ငံရေးအင်အားစုအသီးသီးမှ အစွမ်းထက် ကျင့်ကြံသူများမှာ ထိုအမှောင်အဆောင်ပစ္စည်းအပေါ် အာရုံရောက်သွားကြမည် ဖြစ်သည်။ ထို့နောက် သူတို့ အမှောင်အဆောင်ပစ္စည်း၏ အတွင်းထဲ၌ ရှိနေသည့်အချိန်တွင် သူသည် သူ၏ အစီအစဉ်၏ ဒုတိယအဆင့်ကို စတင်လိုက်မည်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုအစီအစဉ်တစ်ခုလုံးအား သူ၏အတွေးထဲ၌ ထောင့်စေ့အောင် ထပ်ခါတလဲလဲ ပုံဖော်ကြည့်ထားပြီးသား ဖြစ်သည်။ သူသည် သူ၏ လျှို့ဝှက်အခန်းထဲ၌ ရှေးခေတ်စကားသံအချို့ကိုပင် လေ့ကျင့်နေခဲ့သေးသည်။ ထိုသို့ဖြင့် အချိန်များကုန်လွန်သွားပြီး တစ်လတိတိ ကုန်ဆုံးသွား၏။ ထိုအချိန်တွင် သူသည် သမ္ဗန်ကြီးမှာ တစ်ဆယ်ရာခိုင်နှုန်းအထိ ပြန်လည်ကောင်းမွန်လာပြီဖြစ်သောကြောင့် အကာအရံဒိုင်းကာကြီးအား အချိန်မရွေး ထုတ်လွှတ်နိုင်စွမ်းရှိသွားပြီဆိုသည့် လှေဝိညာဉ်၏ အကြောင်းကြားစာကို လက်ခံရရှိလိုက်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်လက်သွားရတော့သည်။
ခဏာအကြာတွင် သူ မျှော်လင့်ထားခဲ့သည့်အတိုင်း မြို့တော်ထဲရှိ ကျင့်ကြံသူများဆီမှ အစီရင်ခံစာတစ်စောင် လက်ခံရရှိလိုက်၏။ ဝမ်ပေါင်လဲ့မှာ ထိုအစီရင်ခံစာအား ရရှိလိုက်သောအခါ အင်္ဂါဂြိုဟ်ဘုရင်ခံဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ချက်ချင်း ပေးပို့လိုက်ပြီး ထိုအကြောင်းအား စိတ်လှုပ်တရှား လျှောက်တင်လိုက်၏။
သူ၏ လျှောက်တင်မှုကြောင့် ဘုရင်ခံမှာ စိတ်ဝင်စားသွားရပြီး သူမကိုယ်တိုင် အထူးဒေသမြို့တော်ဆီသို့ ရောက်ရှိလာ၏။ ဝမ်ပေါင်လဲ့မှာ ရင်တထိတ်ထိတ် ဖြစ်နေရပါသော်လည်း စုံစမ်းစစ်ဆေးမှုများပြုလုပ်နေသော ဘုရင်ခံအား တည်ကြည်မှုအပြည့်ရှိသော မျက်နှာအမူအရာဖြင့် အဖော်ပြုပေးနေလိုက်၏။ ထို့နောက် သူမသည် ထွက်ခွာသွားပြီး စုံစမ်းစစ်ဆေးမှုများမှ ရရှိခဲ့သော ရလဒ်များကို ပြည်ထောင်စုကြီးဆီသို့ ပေးပို့လိုက်တော့သည်။
ထိုအဖြစ်အပျက်များအားလုံးမှာ ဝမ်ပေါင်လဲ့ မျှော်မှန်းထားသည်ထက်ပင် အများကြီးပို၍ မြန်ဆန်နေ၏။ သူ လိုဏ်ခေါင်းကြီးထဲရှိ အကာအရံကြီး၏ တိုက်စားမှုအကြောင်းအား လျှောက်တင်လိုက်သည့် အချိန်မှ ပြည်ထောင်စုကြီးတစ်ခုလုံးနှင့် နိုင်ငံရေးအင်အားစုများ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး မြို့တော်ထဲသို့ အဖွဲ့အစည်းအသီးသီးမှလူများ ရောက်ရှိလာသည့်အချိန်အထိ နှစ်ပတ်တိတိသာ ကြာမြင့်ခဲ့သည်။
နိုင်ငံရေးအင်အားစုအသီးသီး၏ ခေါင်းဆောင်ကြီးများမှာ သွမ့်မုချွယ်ကဲ့သို့ပင် တံခါးပိတ်ကျင့်စဉ်ထဲသို့ ရောက်ရှိနေခဲ့ကြသည်။ သို့သော် အကာအရံကြီး တိုက်စားခံလိုက်ရပြီဆိုသော သတင်းမှာ အရေးကြီးလွန်းနေသည် မဟုတ်ပါလော။ ထို့ကြောင့် သူတို့မှာ သူတို့ကိုယ်တိုင် ရောက်မလာနိုင်သည့်တိုင်အောင် သူတို့၏ အဖွဲ့အစည်းများထဲမှ အစွမ်းအထက်ဆုံး ကျင့်ကြံသူများအား စေလွှတ်လိုက်ကြ၏။ ထိုသို့ဖြင့် ပြည်ထောင်စုကြီးတစ်ခုလုံးထဲမှ သင်္ဘောပျံများမှာ အင်္ဂါဂြိုဟ်ဆီသို့ တန်းတန်းမတ်မတ် ပျံသန်းလာကြ၏။ လီရှင်းဝမ်မှာဆိုလျှင် သူကိုယ်တိုင် အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်လာသည်။
ပြည်ထောင်စုကြီးမှာလည်း ဘုန်းတော်ကြီးပေါင်း မြောက်မြားစွာကို စေလွှတ်ခဲ့၏။ ထိုသို့ဖြင့် နှစ်ပတ်အတွင်းတွင် အထူးဒေသမြို့တော်ထဲ၌ ပြည်ထောင်စုကြီးထဲမှ အမြုတေအဆင့် ကျင့်ကြံသူအများစု စုဝေးနေကြတော့သည်။
တံခါးပိတ်ကျင့်ကြံနေဆဲဖြစ်သော လီဝမ်အာမှလွဲ၍ ဝမ်ပေါင်လဲ့၊ လင်းတျန်ဟောက်၊ ကျင့်သိုမင်၊ ခုန်းတောက်နှင့် အခြားသူများမှာ အလုံးအရင်း ရောက်ရှိလာကြသည့် ဧည့်သည်များအား လက်ခံကြိုဆိုရင်း အလုပ်ရှုပ်နေကြသည်။ ထို့အပြင် သူတို့မှာ အကာအရံကြီး တိုက်စားခံနေရသည့်နှုန်းကိုလည်း မျက်ခြည်မပြတ် စောင့်ကြည့်နေရသေးသည်။
လီရှင်းဝမ်မှာ အချက်အလက် အလုံအလောက် စုစည်းပြီးသွားသောအခါ အကာအရံကြီးအား ဖောက်ခွဲပစ်ရန် အစီအစဉ်များ စတင်ရေးဆွဲလိုက်တော့သည်။ ထိုအစီအစဉ်အတိုင်း မဆောင်ရွက်ခင် ဝမ်ပေါင်လဲ့မှာ ချီတုံချတုံဖြစ်နေသည့် အမူအရာဖြင့် လီရှင်းဝမ်ဆီသို့ ချဉ်းကပ်လာ၏။
” မဟာထိပ်သီးအကြီးအကဲကြီးခဗျား။ ကျနော် ဒီရက်ပိုင်းအတွင်း ရင်တထိတ်ထိတ်နဲ့ နေလို့မကောင်းဘူး ဖြစ်နေတာ။ တစ်ယောက်ယောက်ကများ ဒီ အကာအရံကြီးကို ထိန်းချုပ်နေပြီးတော့ တိုက်စားမှုနှုန်းကို မြန်လာအောင် လုပ်နေတယ်လို့ အကြီးအကဲကြီး မထင်ဘူးလား ”
လီရှင်းဝမ်မှာ လိုအပ်သည့်ပြင်ဆင်မှုများအားလုံးကို ပြုလုပ်ပြီးသွားပြီဖြစ်သော်လည်း ဝမ်ပေါင်လဲ့၏ မေးခွန်းကို ကြားလိုက်ရသောအခါ ခေါင်းမော့လာပြီး စိန်းစိန်းဝါးဝါးစိုက်ကြည့်ကာ ပြန်ပြောလိုက်၏။
” ဘာကိုကြောက်နေရမှာလဲ။ အကာအရံကြီးကို တစ်ယောက်ယောက်က ထိန်းချုပ်နေတော့ရော ဘာဖြစ်လဲ။ ဖောက်ခွဲပြီးသွားရင် အဖြေသိရမှာပဲ။ ဟုတ်တယ်မလား ”
ထိုအခါ ဝမ်ပေါင်လဲ့မှာ ကြံရာမရဖြစ်သွားပြီး ဆက်ပြောလိုက်၏။
” ဘိုးဘိုး မဟာထိပ်သီးအကြီးအကဲကြီးခဗျား။ ကျနော်က စိုးရိမ်လို့ပါ။ တကယ်လို့ အဲဒီ နတ်ဘုရားလက်နက်ရဲ့ ပိုင်ရှင်က အသက်မသေသေးဘဲ အဲဒီလက်နက်ထဲမှာ ရှိနေတယ်ဆိုရင်ရော။ တကယ်လို့ ကျနော်တို့တွေ အကာအရံကြီးကို ဖောက်ခွဲပစ်လိုက်မယ်ဆိုရင်…. ” ဝမ်ပေါင်လဲ့မှာ မျက်တောင်တဖျတ်ဖျတ်ခပ်ကာ လီရှင်းဝမ်အား စိုက်ကြည့်နေလိုက်၏။
လီရှင်းဝမ်ကမူ အမူအရာ ပျက်သွားခြင်းမရှိပေ။ သို့သော် သူသည် ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်လေးနက်သော မျက်ဝန်းများဖြင့် ပြန်ကြည့်လိုက်ပြီးနောက် တည်ကြည်စွာဆိုလိုက်၏။
” ပေါင်လဲ့။ ဒီတစ်ခေါက် ငါ အဖွဲ့ခေါင်းဆောင် ဖြစ်နေရတဲ့ အကြောင်းအရင်းကို မင်းသိလား ”
ထိုမေးခွန်းကြောင့် ဝမ်ပေါင်လဲ့မှာ ဆွံ့အမှင်တက်ကာ နှုတ်ဆိတ်သွားရ၏။ လီရှင်းဝမ်ကမူ ထိုအကြောင်း ဆက်မပြောတော့ဘဲ ခေါင်းငုံ့ကာ ကြမ်းပြင်ကြီးအား ကြည့်နေလိုက်သည်။ ထို့နောက် သူသည် အဓိပ္ပါယ်လေးနက်သော မျက်ဝန်းများဖြင့် ဖြည်းဖြည်းချင်း ဆိုလိုက်၏။
” ငါတို့ရဲ့ရှေ့က မြေပြင်ကြီးထဲမှာ မြှုပ်နှံထားတဲ့ ပစ္စည်းတခုရှိနေတယ်။ အဲဒီပစ္စည်းမှာ ပိုင်ရှင်ရှိမရှိနဲ့ အခုလို မြှုပ်နှံထားလူက ငါတို့ကို အန္တရာယ်ပြုချင်စိတ် ရှိမရှိကို ငါတို့က သိအောင်လုပ်ဖို့လိုတယ်။ အခုလောလောဆယ်မှာ ငါတို့က အရေးကြီးတဲ့ အချိန်ကာလတစ်ခုကို ဖြတ်သန်းနေရတာမလို့ မတည်မငြိမ်ဖြစ်စေမယ့် အရာတွေအားလုံးကို ဖယ်ရှားပစ်ဖို့လိုတယ်… အဲ့တာမလို့ အင်္ဂါဂြိုဟ်လေ့လာရေးစက်ရုံထဲမှာရှိတဲ့ ဝိညာဉ်ဆန့်ကျင်ဗုံး အလုံးတစ်ရာကို အချိန်မရွေး ဖောက်ခွဲပစ်နိုင်အောင် အဆင်သင့်ပြင်ထားပြီးသား။ နေအဖွဲ့အစည်း မန္တန်အစီအရင်ကိုလည်း အဆင်သင့်ပြင်ထားပြီးသားကွ ”
” ပြီးတော့ ငါတို့က တခြားပြင်ဆင်မှုတွေကိုပါ လုပ်ထားပြီးသား။ ဒီ အမှောင်အဆောင်ပစ္စည်းရဲ့ ပိုင်ရှင်က အစွမ်းထက်လွန်းနေလို့ ငါတို့တွေ ပြန်လည်ခုခံနိုင်စွမ်းမရှိတဲ့ အခြေအနေအထိ မရောက်သရွေ့ ပြည်ထောင်စုကြီးက ဘုံသဘောတူညီချက်တစ်ခု ချမှတ်ထားပြီးသား။ ငါက အကျိုးသင့်အကြောင်းသင့်ညှိနှိုင်းဖို့ ဆန္ဒရှိပေမဲ့ ပြည်ထောင်စုကြီးက ဒီအမှောင်အဆောင်ပစ္စည်းကို မရရတဲ့နည်းနဲ့ သိမ်းပိုက်ဖို့ ဆုံးဖြတ်ထားတာ ”
” ငါပြောနေတာ မင်းနားလည်လား ပေါင်လဲ့ ” လီရှင်းဝမ်မှာ ထိုသို့ဆိုကာ ခေါင်းမော့လာပြီးနောက် ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါ ကြည့်နေလိုက်တော့သည်။
Good