Switch Mode

အပိုင်း (၄၇၂)

ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်

“အို…” ဝမ်လင်းက စစ်ထူနန်ကို ကြည့်သည်။

စစ်ထူနန်မျက်လုံးများက ပျော်ရွှင်မှုနှင့် ပြည့်နေ၏။ သူက ပြုံးကာ ပြောလိုက်သည်။ “ကောင်းတယ်… ဒီအဘိုးအိုက သူ့ခန္ဓာကိုယ်ပဲ ရွေးရတော့မှာပဲ…။ဝမ်လင်း မြောက်ဝင်ရိုးစွန်းကို ငါနဲ့လိုက်ခဲ့…။ ငါလိုချင်တဲ့ ခန္ဓာကိုယ်က အဲ့မှာ ရှိနေတယ်…”

ထိုသို့ပြောပြီးသည်နှင့် သူက ပျံသန်းသွား၏။

ဝမ်လင်းက သိုလှောင်အိတ်ထဲကနေ ခြင်သားရဲကို ဆင့်ခေါ်လိုက်၏။ ၎င်းသားရဲက ဟိန်းသံပြု၍ ဝမ်လင်ရှေ့၌ ပေါ်လာခဲ့သည်။ သူက ခြင်သားရဲပေါ်သို့ ခုန်တက်၍ ထိုင်ချကာ စစ်ထူနန်နောက်သို့ လိုက်သွား၏။

စစ်ထူနန်က နောက်သို့လှည့်၍ ခြင်သားရဲကို ကြည့်သည်။ သူ့မျက်လုံးများက လက်ခနဲ ဖြစ်သွား၏။ “ဒါက ဘယ်လိုသားရဲမျိုးလဲ…။ မင်း ဒီသားရဲကို ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ။ ဒီအဘိုးအိုက တစ်ကောင်လောက် ဖမ်းပြီး ကစားဦးမှပဲ…”

ခြင်သားရဲက အမြဲ မောက်မာတက်သည့်သူ ဖြစ်သည်။ သို့သော် သူက စစ်ထူနန်၏ အော်ရာကို ခံစားမိပြီးနောက် အနည်းငယ် တဝီတီ ညည်း၍ နောက်သို့ ဆုတ်သွားသည်။

စစ်ထူနန်က ခြင်သားရဲကို စူးစိုက်ကြည့်နေ၏။ သည့်နောက် သူက ဖျတ်ခနဲ ဝမ်လင်း ဘေးနားသို့ ရောက်လာခဲ့ပြီး ပြောလိုက်၏။ “မင်းက ဘာလို့ ခုလောက် ကြောက်နေတာလဲ။ ငါက မင်းကို စားမပစ်ပါဘူး…”

ခြင်သားရဲခန္ဓာကိုယ်က တုန်ခါသွားပြီး ဝမ်လင်းကို အသနားခံသည့် အကြည့်ဖြင့် ကြည့်နေ၏။

ဝမ်လင်းက ပြုံး၍ ခြင်သားရဲ၏ ခေါင်းကြီးကို ပွတ်သပ် ပေးလိုက်သည်။ သူက ကျောက်စိမ်းပြား တစ်ခုကို ထုတ်၍ အချက်အလက် အချို့ ထည့်သွင်းသည်။ သည့်နောက် သူက ၎င်းကို စစ်ထူနန်ထံသို့ ကမ်းပေးလိုက်သည်။ “သင်က ဒီနေရာကို သွားရင် အဲ့မှာ လိုချင်တဲ့ ခြင်သားရဲတွေ အများကြီး ရှိတယ်။ ကြိုက်တဲ့ တစ်ကောင်ဖမ်းလာခဲ့…”

စစ်ထူနန်က ကျောက်စိမ်းပြားကို ယူကာ စစ်ကြည့်လိုက်၏။ သူ့အသွင်းက ချက်ချင်းပင် ပြောင်းလဲသွားသည်။ သူက ပြောလိုက်၏။ “စိတ်မရှိပါနဲ့… ငါ မလိုချင်တော့ဘူး…”

ဝမ်လင်းပေးလိုက်သော ကျောက်စိမ်းပြားက ရှေးဟောင်း နတ်ဘုရား ရှာတွေ့ခဲ့သော ခြင်သားရဲများစွာ ရှိနေသည့်နေရာအကြောင်း ပါဝင်သည့် အချက်အလက်များပင် ဖြစ်သည်။

စစ်ထူနန်လို မောက်မာသည့် လူမျိုးပင် သည်ကျောက်စိမ်းပြားထဲရှိ အချက်အလက်များကို တွေ့လိုက်သည့် အခါ တုန်လှုပ်မိ သွားသည်။ ထို့နောက် သူက ခြင်သားရဲကို ထူးဆန်းသည့် အသွင်ဖြင့် ကြည့်သည်။

စစ်ထူနန်က လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။ “ဝမ်လင်း…ငါတို့ သဘောတူညီမှုတစ်ခု ပြုရင်ကော ဘယ်လိုလဲ။ ငါ့မှာ ခန္ဓာကိုယ်တစ်ခု ရလာရင် ဒီခြင်သားရဲ ငါ့ကို ခဏငှားပါ။ ငါ သူ့ကို လေ့လာ ကြည့်ချင်လို့…။ ငါက လေ့လာကြည့်ရုံပဲ …သူ့ကို နာကျင်အောင် မလုပ်ဘူး…”

“မရဘူး…” ဝမ်လင်းက ချက်ချင်း ငြင်းဆိုပစ်၏။

စစ်ထူနန်က ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး သူက ပြောလိုက်သည်။ “ငါ သူ့ကို တကယ် မသတ်ပါဘူး။ ဒီကောင်က ပိုပြီးတော့တောင် သန်မာလာစေရမယ်…”

“မရဘူး…” ဝမ်လင်းက ခေါင်းရမ်းလိုက်သည်။

စစ်ထူနန်မျက်လုံးက ပြုးကျယ်သွားပြီး သူက ဝမ်လင်းကို စူးစိုက်ကြည့်၍ အော်ဟစ် လိုက်သည်။ “ကောင်စုတ်လေး… ဒီအဘိုးအိုက ဘယ်သူမှ ခုလို မငြင်းဆန်ရဲဘူး။ အတိတ်တုန်းက ဒီအဘိုးအိုက ပထမဟင်္သာပြဒါးရဲ့ ကိုယ်လုပ်တော်ကို လိုချင်လို့ သူရှိကတောင် လုယူလာခဲ့တာ။ ငါလိုချင်ရင် ဘယ်သူမှ ငြင်းဆန်လို့ မရဘူး။ မင်း ငါ့ကို ဒီသားရဲ ပေးမှာလား…။ မဟုတ်ရင် ငါက မင်းကို တစ်ချက်တည်းနဲ့ သတ်ပစ်လို့ ရတယ်…။ မင်းက မနာခံတဲ့ ကောင်ပဲ…”

ဝမ်လင်းက စစ်ထူနန်ကို စူးစိုက်ကြည့်သည်။ သူက စကားတစ်ခွန်းမှ မပြောဘဲ စစ်ထူနန်ကို တိတ်ဆိတ်စွာသာ ကြည့်နေ၏။

ခဏကြာပြီးနောက် စစ်ထူနန်က မချင့်ပြုံးပြုံးကာ ပြောလိုက်သည်။ “ငါက မင်းကို ဘယ်လိုလုပ် ဒီလို လုပ်ပါ့မလဲ…။ အာ… မင်းက ကလေး ဘဝတုန်းက ငါနဲ့အတူ ရှိတုန်းက မင်းခန္ဓာကိုယ်ကို ငါက ပြုပြင်ပေးခဲ့တာ…ဒါ့ကြောင့် မင်းက ကျင့်ကြံနိုင်ခဲ့တာ။ ဒါ့အပြင် ငါက မင်းကို လူတစ်ယောက်ရဲ့ အခြေခံကို ခိုးယူဖို့ အကြံပေးခဲ့သေးတယ်။ ဒါတင်မကသေးဘူး…ငါကမင်းကို အကြိမ်များစွာ ကယ်တင်ခဲ့တယ်…။ ထျန်မိသားစုက ကောင်စုတ်လေး မင်းကို လိုက်ဖမ်းတုန်းက အချိန်ကိုလည်း မေ့မပစ်ပါနဲ့…”

“နောက်ပြီးတော့ ဂျူမင်(ကြွယ်မင်) တောင်ကြားမှာတုန်းက ငါ့ ဘဝကို ရင်းပြီး မင်းကို ကယ်တင် ပေးခဲ့သေးတယ်။ ဒါတောင် မင်းက ငါ့ကို ဒီလို ဆက်ဆံတာလား…။ ဒီသနားစရာ ကောင်းတဲ့ အဘိုးအိုက လိုချင်ဆန္ဒတွေအများကြီး ရှိမနေဘူး…။ မင်း ရှိက ဒီခြင်သားရဲလေးကို လေ့လာဖို့ ငှားရုံလေးပဲ…”

ဝမ်လင်းက ခေါင်းကိုက်သလို ခံစားလိုက်ရ၏။ စစ်ထူနန်ကသာ သူ့ကို အတင်းအကျပ် လုပ်လျှင် သူက လျစ်လျှူရှု ထားနိုင်စွမ်း ရှိသေး၏။ သို့သော် ခုချိန်၌ စစ်ထူနန်၏စကားလုံးတိုင်းက သူ့ နှလုံးသားကို ထိခိုက်စေနေ၏။ ခဏအကြာတွင် ဝမ်လင်းက အကူအညီမဲ့စွာ ပြုံး၍ ပြောလိုက်သည်။ “ကောင်းပြီ…ငါ ဒီသားရဲကို ပေးငှားမယ်…ပေးငှားမယ်…”

စစ်ထူနန်အသွင်က မောက်မာသည့်သူ တစ်ယောက်အဖြစ် ပြောင်းသွားပြီး သူက ရယ်မော လိုက်သည်။ “ကောင်းတယ်…ဒါကမှ မင်းက ဒီအဘိုးအို ရွေးထားတဲ့လူနဲ့ တူတာ…” ထိုသို့ပြောပြီးသည်နှင့် သူက ခြင်သားရဲထံသို့ ညစ်ကျယ်ကျယ် ပြုံးကာ ကြည့်လိုက်သည်။

ခြင်သားရဲ ခန္ဓာကိုယ်က တုန်ခါသွား၏။ သူက အော်ဟစ် လိုက်မိသည်။ သည်အပြုံးက သူ့ကို ကောင်းကင်ထက်ကနေ ပြုတ်ကျမတက် ဖြစ်သွား စေလေ၏။

သူတို့က ပျံသန်းနေရင်းဖြင့် ဝမ်လင်းက အနည်းငယ် စဉ်းစားပြီး မေးလိုက်သည်။ “စစ်ထူ…သင် ဂျိနယ်ပယ်ကို သိလား…”

စစ်ထူနန်အသွင်က အလေးအနက် ဖြစ်သွားပြီး သူက ပြောလိုက်သည်။ “ ဂျိတာအိုက ဂျိနယ်ပယ်သုံးခုထဲက ဂျိလား။ မင်းက ဘာလို့ ဒါကို မေးရတာလဲ…”

ဝမ်လင်းက စစ်ထူနန်ကို ကြည့်သည်။ သည်ကမ္ဘာ၌ လီမူဝမ်အပြင် သူ့အယုံကြည်ရဆုံး အခြားလူ တစ်ယောက်က စစ်ထူနန်ပင် ဖြစ်သည်။

ဝမ်လင်းက သိုလှောင်အိတ်ထဲကနေ အဖြူရောင်လင်းနေသည့် အရည်ပျစ်တစ်ခုကို ထုတ်ယူလိုက်သည်။ သည်အဖြူရောင် အလင်းက နတ်ဘုရား ပြစ်ဒဏ်ကဲ့သို့ ဖိအားကို ပေးစွမ်းနေ၏။ သည်ဖိအားက ဝမ်လင်းအတွက် မည်သို့မျှ အန္တရာယ် မရှိသော်လည်း ၎င်းက ထိလိုက်သည်နှင့် မည်သည့်စဦး စိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူကို မဆို သတ်ပစ်နိုင်စွမ်း ရှိပေသည်။

စစ်ထူနန်က အံ့အားသင့် သွား၏။ သူက အဖြူရောင် အလင်းစက်ကို ကောက်ယူ ကြည့်သည်။ သေချာ အနီးကပ်ကြည့်ပြီးနောက် သူ့အသွင်က ရုတ်တရက် ပြောင်းလဲသွား၏။ သူ့နတ်ဘုရားအာရုံကို ပတ်ဝန်းကျင်သို့ ဖြန့်ကြက်ထားပြီးနောက် အဖြူစက်ကို ဝမ်လင်းထံသို့ ပြန်ပစ်ပေးလိုက်သည်။ အဖြူရောင် အရည်စက်က ဝမ်လင်းနတ်ဘုရားအာရုံကို ဖြတ်၍ သူ့သိုလှောင်အိတ်ထဲသို့ တိုက်ရိုက် ရောက်ရှိသွားတော့သည်။

စစ်ထူနန်က မေးလိုက်၏။ “မင်းမှာ ဘာလို့ ဂျိနယ်ပယ် ရှိနေတာလဲ…”

ဝမ်လင်းက ဖြည်းညင်းစွာ ပြောလိုက်သည်။ “အတိတ်တုန်းက ဂျူမင်တောင်ကြားမှာ ဒီဂျိနယ်ပယ် အမျှင်တန်းက ငါ့ခန္ဓာကိုယ်ထဲမှာ ပေါ်လာခဲ့တာပဲ။ အဲအချိန်တုန်းက သင်က အိပ်ပျော်နေတုန်းပဲ ရှိသေးတယ်။ အာ့ကြောင့် မသိခဲ့တာ။ အဲ့နောက်မှာ ငါ့ခန္ဓာကိုယ်က ဖျက်ဆီးခံလိုက်ရပြီး သင်က ငါ့စိတ်ဝိညာဉ်ကို ကယ်တင်လိုက်တဲ့ အခါမှ ထပ်ပြီးတော့ အိပ်ပျော် သွားပြန်တယ်။ ပြီးတော့ ပြင်ပတိုက်ပွဲနယ်မြေမှာ ငါ့ဂျိနယ်ပယ်က ပြည့်စုံတဲ့ အဆင့်ကို ရောက်သွားခဲ့တယ်…”

“ဒီဂျိနယ်ပယ်က အလွန်ဖိနှိပ်နိုင်စွမ်း ရှိတဲ့ အရာတစ်ခုပဲ။ ငါ့မှာ ဒီဟာနဲ့ ပတ်သက်လို့ သိထားတာ အများကြီး မရှိဘူး။ ဒါပေမဲ့ ကျင့်ကြံခြင်း မဟာမိတ် အဖွဲ့စည်းကြီးကတော့ ဒီဂျိနယ်ပယ် ကျင့်ကြံသူတွေကို ရှာနေတာ သိတယ်။ သူတို့က ဒီဂျိနယ်ပယ် ရှိတဲ့ တစ်ယောက်ကို ဘယ်အချိန်မှာပဲ တွေ့တွေ့ သတ်ပစ်ကြတယ်။ မင်း သိထားရမှာက ဒီဟာကို လူတိုင်းကို မသိစေနဲ့။ အထူးသဖြင့် ခုလက်ရှိ ဟင်္သာပြဒါးကိုပဲ…” စစ်ထူနန်အသွင်က အလေးအနက် ဖြစ်နေ၏။

ဝမ်လင်းက ခေါင်းညိတ် ပြလိုက်သည်။ သူက အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်၏။ “ငါက ဒီဂျိနယ်ပယ်က သင့်ရဲ့ တစ္ဆေလောက ပျံတက်ခြင်း နည်းစနစ်နဲ့ တစ်ခုခု ပတ်သက်နေတယ်လို့ သံသယ ရှိတယ်…”

စစ်ထူနန်က မှင်တက် သွားမိ၏။ သူက သူ့မေးစေ့ကို ပွတ်၍ စဉ်းစားကာ ပြောလိုက်သည်။ “မင်းပြောတဲ့ အချက်က ဖြစ်တော့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီလိုဖြစ်ဖို့က မသိနိုင်တဲ့ နောက်ကွယ်က ပြောင်းလဲမှုတွေ ရှိနေတယ်။ ငါ သိသလောက်ဆိုရင် ဂျိနယ်ပယ် ဖြစ်ပေါ်လာဖို့ အခွင့်ရေးတွေက အရမ်း နည်းလွန်းတယ်။ ဒီဂျိနယ်ပယ်က ကျင့်ကြံတာမှာလည်း အရမ်းအခက်အခဲ ရှိတယ်။ တကယ်တော့ မင်းလိုမျိုး ခန္ဓာကိုယ်ထဲကနေ ဂျိနယ်ပယ်ကို အပြင် ခွဲထုတ်ပြီး သိပ်သည်းနိုင်ဖို့က ပိုတောင်မှ ရှားလွန်း နေသေးတယ်…” စစ်ထူနန်က ဝမ်လင်းကို အသိအမှတ်ပြုဟန်ဖြင့် ကြည့်လိုက်၏။

“စစ်ထူ…ငါ တစ်စုံတစ်ယောက်ရှိက ကြားဖူးတာကတော့ ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက်က ဂျိနယ်ပယ်ရဲ့ အကန့်အသတ်ကို ဖြတ်ကျော်နိုင်တယ်တဲ့။ ဒါက မှန်လား။ ပြီးတော့ ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက် ဆိုတာက ဘာလိုအရာမျိုးလဲ…” သူနှစ်ရာချီပြီး အောင့်အည်းထားရသည့် မေးခွန်းကို မေးခွင့်ရပြီ ဖြစ်သည့်အတွက် ဝမ်လင်း မျက်လုံးများက တလက်လက် ဖြစ်နေ၏။

“မင်းက ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်ကိုတောင် သိနေတာလား…” စစ်ထူနန် အသွင်က စိတ်ရှုပ်ထွေး သွားပြီးနောက် သက်ပြင်းချကာ ပြောလိုက်သည်။ ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်… ဒီအရာက ကောင်းတဲ့ဟာတော့ မဟုတ်ဘူး။ ဒါပေမဲ့ မင်းက ဒီဂြိုဟ်ကနေ ထွက်သွားလိုတယ်ဆိုရင်တော့ ဒီသလင်းကျောက်ကို ရဖို့လိုတယ်။ မဟုတ်ရင် ဒီသလင်းကျောက်က အနာဂတ်မှာ မင်းအတွက် ပြဿနာ တက်လာနိုင်တယ်… အာ… ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်က ကျင့်ကြံခြင်း မဟာမိတ် အဖွဲ့အစည်းကြီးရဲ့ ကျင့်ကြံခြင်း ဂြိုဟ်တွေကို ထိန်းချုပ်ဖို့ အသုံးပြုတဲ့ အရက်စက်ဆုံး၊ ကြောက်စရာအကောင်းဆုံး အရာတစ်ခု ဖြစ်တယ်…”

စစ်ထူနန်က စကားဆက်ပြောဟန် ပြင်ပြီးမှ သူက အကွာအဝေးတစ်ခုသို့ ရုတ်တရပ် ကြည့်ကာ ပြောလိုက်သည်။ “ငါတို့ ဒါနဲ့ပတ်သက်လို့ နောက်မှ ပြောကြတာပေါ့…။ အခုတော့ ငါတို့ရှေ့မှာ စွန့်ပစ်ခံ မသေမျိုးကလန် အဖွဲ့ဝင်တွေ ရှိနေတယ်။ သူတို့က သူတို့ရဲ့ ဘိုးဘေး စိတ်ဝိညာဉ်ကို ဆပ်ကပ်နေကြတာပဲ…။ ငါတို့ ခဏစဉ်းစားခွင့် ပြုပါဦး….ငါမှတ်မိပြီ။ ပထမ ဟင်္သာပြဒါးက ဘိုးဘေးစိတ်ဝိညာဉ်ရဲ့ ထူးဆန်းတဲ့ စွမ်းအားအချို့ကို စုပ်ယူဖို့ မန္တာန်တစ်ခုကို လေ့လာခဲ့တယ်… ငါက အသက်ကြီးလာတော့ မှတ်ဉာဏ်တွေ သိပ်မကောင်းတော့ဘူး။ ငါထင်တာ ကတော့ ဒီမန္တာန်ကမှန်မှာပါ…။ ဝမ်လင်း… ငါ့ကို ကောင်းကင်ဘုံ ကျောက်စိမ်းပြား တစ်ခု ပေးပါ…”

ဝမ်လင်းက အကွာအဝေး တစ်ခုသို့ ကြည့်နေရင်း သိုလှောင်အိတ် ထဲကနေ ကောင်းကင်ဘုံ ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူ၍ စစ်ထူနန်ကို ပေးလိုက်သည်။

စစ်ထူနန်က ကောင်းကင်ဘုံ ကျောက်စိမ်းပြားကို ကြည့်ကာ တစ်ချက်တည်းနှင့် ကွဲကြေသွားသည့် အထိ စုပ်ယူလိုက်သည်။ သူ့မျက်လုံးထဲ၌လည်း ကောင်းကင်ဘုံ စွမ်းအင်များ ပြည့်လာပြီး သူက ပြောလိုက်သည်။ “ငါက ပထမမျိုးဆက် ဟင်္သာပြဒါး အသုံးပြုခဲ့တဲ့ သိသိသာသာ အားနည်းချက် တစ်ခုရှိတဲ့ မန္တာန်ကို မှတ်မိပြီ…။ ဒီအားနည်းချက်က ခုချိန်မှာ ငါ့အတွက် စိတ်ရှုပ်စရာ ဖြစ်နေပေမဲ့လည်း ငါက ဒါကို ရှောင်ဖယ်နိုင်စွမ်း ရှိမှာပါ။ ဝမ်လင်း…ငါ့ကို ဒီမှာစောင့်နေ…။ငါ ပြန်လာခဲ့မယ်…”

ထိုသို့ပြောပြီးသည်နှင့် သူက ပျောက်ကွယ် သွားတော့သည်။

စစ်ထူနန်က ပြန်ပေါ်လာပြီး ကျူးချွဲဇီ ကြောက်၍ ထွက်ပြေးသွားသည့် အချိန်တွင် အာဏာတက်ခြင်း အဆင့်ကျင့်ကြံသူ အားလုံးက စစ်ထူနန်၏ အားကောင်းသော အော်ရာကို ခံစားမိလိုက်ကြသည်။

အဖြူရောင်ဝတ်စုံနှင့် အဘိုးအိုက ဟင်္သာပြဒါးနိုင်ငံ၏ အရှေ့ဘက် ကောင်းကင်ထက်တွင် ပေါ်လာခဲ့သည်။ သူက ကောင်းကင်ဘုံ ကျောက်စိမ်းကလန်၏ တစ်ဦးတည်းသော အာဏာတက်ခြင်း အဆင့်ကျင့်ကြံသူ ချူယွမ်ဖန် ဖြစ်လေ၏။ သည်အခိုက်တွင် သူ့အသွင်က မတည်မငြိမ် ဖြစ်နေ၏။ ခဏအကြာတွင်တော့ သူက သက်ပြင်းမှုတ်ထုတ်၍ ပြောလိုက်သည်။ “အလွန်အားကောင်း လှတဲ့ အော်ရာ…”

သူက ခေါင်းအနည်းငယ် ခါရမ်းမိ လိုက်သည်။ သူက အရှေ့ဘက်သို့ ကြည့်နေရင်း သူ့မျက်လုံးများက အေးစက် လာခဲ့၏။ သူ့နောက်တွင်တော့ ကျင့်ကြံသူ ဆယ့်နှစ်ယောက်ခန့် ရှိနေသည်။ သူတို့အများစုက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်တွင် ရှိနေပြီး သုံးယောက်ကတော့ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်၌ ရှိနေကြသည်။

သည်လူများ၏ နောက်တွင်တော့ စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူ တစ်ရာကျော် ရှိလို့ နေသည်။

ဟင်္သာပြဒါး ကုန်းမြေ၏ တောင်ဘက် ကောင်းကင်ထက်၌ ကျင့်ကြံသူ တစ်ရာကျော် ပါဝင်သော စစ်တပ်တစ်ခုက ကုန်းမြေတောင်ဘက် အစပ်သို့ ပျံသန်း နေကြသည်။ သည်အုပ်စု၏ ရှေ့တွင် သက်လတ်ပိုင်း လူကြီးတစ်ယောက် ရှိနေသည်။ သူက မြေကမ္ဘာ စိတ်ဝိညာဉ် ကလန်၏ အာဏာတက်ခြင်း အဆင့်ဖြစ်သူ ဖြစ်သည်။ သူက ခါးသက်စွာ ပြုံး၍ ပြောလိုက်၏။ “ကံမကောင်းစွာနဲ့ ငါက ဒီလို ရှုပ်ယှက်ခက်နေတဲ့ စစ်ပွဲချိန်ထဲ ရောက်နေခဲ့ရတယ်…”

ကျူးချွဲဇီက ဟင်္သာပြဒါးတောင်သို့ ပြန်လာပြီးနောက် သူက ခဏသာ အနားယူ၍ အလျင်အမြန် ပြန်ထွက် သွားပြန်သည်။ သည်တစ်ကြိမ်၌ သူ့ဦးတည်ရာက ဟင်္သာပြဒါးကုန်းမြေ၏ အနောက်ဘက်ခြမ်း သို့ ဖြစ်လေ၏။

ဟင်္သာပြဒါးကုန်းမြေအရှေ့ခြမ်းတွင် အနက်ရောင် တိမ်များအတွင်း၌ ဘိုးဘေးငါးက သုန်မှုန်စွာ ရှိနေ၏။

အလောင်းကောင် ကလန်၏ အကြီးအကဲ စီမာက စစ်ထူနန် ထွက်ပေါ်လာသဖြင့် ပြောင်းလဲမှုဖြစ်သွားသည့် အော်ရာကို ထောက်လှမ်းနိုင်စွမ်း မရှိခဲ့ချေ။ သို့သော် သူက ဘိုးဘေးငါးအသွင်က ရုပ်စိုးသွားသည်ကိုတွေ့မြင်လိုက်သည့်အခါ အံ့အားမသင့်ဘဲ မနေနိုင် ဖြစ်ရသည်။

သူက ဘိုးဘေးငါးကို အကြောင်းရင်း မေးရန် ကြံလိုက်စဉ်မှာပင် ဘိုးဘေးငါးက အင်္ကျီလက်အိုးကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ “အကြီးအကဲ စီမာ…ငါတို့ စကြစို့…”

စီမာ၏မျက်လုံးက လက်ခနဲ ဖြစ်သွာပြီး သူက ရယ်မောကာ ပြောလိုက်၏။ “ကောင်းတယ်… ငါဒီကိုလာရတဲ့ အကြောင်းကလဲ ဒီအလောင်းကောင်ကို လာပို့တာပဲ။ ဒီအလောင်းကောင်က သင်တို့ရဲ့ ဘိုးဘေးစိတ်ဝိညာဉ် သစ်ပင်ကို ပိုပြီး ရှင်သန်ကြီးထွား လာစေအောင် ပြုလုပ် ပေးလိမ့်မယ်…”

ထိုသို့ပြောပြီးသည်နှင့် သူက သူ့နောက်ရှိ အလောင်းကောင် လက်ထောက် နှစ်ယောက်ကို လှည့်ကြည့် လိုက်သည်။

သည်နှစ်ယောက်က စကားတစ်ခွန်းမှ မဆိုတော့ဘဲ ခေါင်းတလားကို ဖွင့်၍ ချိပ်တံဆိပ်များ ပြုလုပ်လိုက်သည်။ စိတ်ဝိညာဉ် စွမ်းအင် အမျှင်တန်းများက သူတို့ထံကနေ ထွက်ပေါ်လာပြီး ခေါင်းတလား ပေါ်သို့ ကျရောက် သွားသည်။

သိပ်မကြာခင်တွင် သူတို့နှစ်ယောက် ခန္ဓာကိုယ်ကနေ ထူးဆန်းသော တစ္ဆေအလင်းတန်း တစ်ခုက ထုတ်လွှတ် လာပြီး သူတို့က အော်ဟစ် လိုက်သည်။ “ပွင့်စမ်း…”

သစ်သားအပိုင်းအစနှစ်ခုက တစ်ခုနှင့်တစ်ခု ခြစ်မိနေသည့်အသံက လေထဲ၌ ပျံ့နှံ့ လာခဲ့သည်။ သည့်နောက် ခေါင်းတလား၏ သစ်သားအဖုံးကလည်း တဖြည်းဖြည်း ပွင့်လာခဲ့သည်။

သည်ခေါင်းတလားထဲကနေ အသားပုပ်နံ့ တစ်ခုနှင့် အတူ အနက်ရောင်အခိုးငွေ့များ ထွက်လာ၏။

ဘိုးဘေးငါးက ခေါင်းတလားကို တည်ငြိမ်စွာ ကြည့်နေသည်။ သို့ရာတွင် သူ့နောက်ရှိ သစ်ရွက်ရှစ်ရွက် နတ်ဆရာများကတော့ အလွန် စိတ်ကသိကအောက် ဖြစ်သွားကြ၏။

“မြှင့်တက်စမ်း…” အလောင်း လက်ထောက် နှစ်ယောက်က တစ်ယောက်ပြီး တစ်ယောက် အော်ဟစ် လိုက်ကြ၏။

ခေါင်းတလားအဖုံးက ဘေးသို့ ရွှေ့လားသွား၍ မြေပေါ်သို့ ပြုတ်ကျ သွားတော့သည်။

ထိုအခိုက်မှာပင် အနက်ရောင် အခိုးငွေ့များက ပိုသိပ်သည်းလာပြီး ခေါင်းတလား ထဲကနေ ထွက်ပေါ်လို့ လာ၏။ သည်အခိုးငွေ့များက ခေါင်းတလား တစ်ခုလုံးကို ဝန်းရံလိုနေသည့် အလား ထင်မှတ်ရသည်။

စွန့်ပစ်ခံ မသေမျိုးကလန်၏ ဘိုးဘေးငါးက အေးစက်စွာ ပြောလိုက်၏။ “ဒါက မင်းတို့ ပြောထားတဲ့ အလောင်းလား…”

အကြီးအကဲစီမာက ပြုံး၍ ပြောလိုက်သည်။ “ဘိုးဘေးငါး…ငါ့ကို အပြစ်မတင်ပါနဲ့…။ ဒီအမိန့်က အထက်ကနေ လာတာပါ။ အထက်ကနေ ဒီအလောင်းကိုပဲ ပို့ပေးလိုက်တာ။ ငါမှာ ဆုံးဖြတ်နိုင်တဲ့ လုပ်ပိုင်ခွင့်မရှိဘူး။ ဒါပေမဲ့ ဟင်္သာပြဒါး ဂြိုဟ်ပေါ်မှာ ဘီလူးနတ်ဆိုး ကလန်ရဲ့ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အလောင်းတွေက အများကြီး မရှိဘူးလေ။ ဒီတစ်ခုက အခြားဂြိုဟ် တစ်ခုကနေ လွှဲပြောင်းပေးလိုက်တာ…။ အခြားအလောင်းကောင် လေးကောင်ကလည်း သူတို့ ရှိရမယ်နေရာမှာ ရောက်နေလောက်ပြီ…”

***

Comment

Leave a Reply

Options

not work with dark mode
Reset