ကျုးချွဲဇီက အနည်းငယ် စဉ်းစားနေသည်။ သူ့အသွင်က ပို၍ မတည်မငြိမ် ဖြစ်လာခဲ့ပြီး သက်ပြင်း ချမိလိုက်၏။ သူက သူ့ထင်မြင်ယူဆချက်ကို စမ်းသပ်ကြည့်ရန် သတ္တိမရှိချေ။ သည့်နောက် သူက ဖီးလုနိုင်ငံ ရှိရာသို့ ရန်လိုစွာ ကြည့်နေ၏။
“ဒုတိယမျိုးဆက် ဟင်္ဿာပြဒါး…” သည့်နောက် ကျူးချွဲဇီက ဟင်္သာပြဒါးတောင် ရှိရာသို့ ပျံသန်းလာ၏။
ဖီးလုနိုင်ငံ စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်၌ ဝမ်လင်းပုံရိပ်က ဝိုးတိုးဝါးတား ဖြစ်သွား၏။ ထို့နောက် ကျူးချွဲဇီ ထွက်သွားတာ သေချာမှ သူက ကောင်းကင်ထက်ကနေ ပြုတ်ကျ လာတော့သည်။
သွန်းထျန်က တုန်လှုပ်သွားမိပြီး ဝမ်လင်းထံသို့ လျင်မြန်စွာ သွားလိုက်၏။ ခုလက်ရှိတွင် ဝမ်လင်းမျက်နှာက ဖြူရော်နေပြီး သူက မျက်လုံး မှိတ်ထားလျက်ရှိ၏။ သူက နာကျင်စွာ ခံစားနေရသည်မှာ သိသာနေ၏။
သွန်းထျန်က အနီးကပ်ကြည့်လိုက်သည့်အခါ သူ့အသွင်က ကြီးစွာ ပြောင်းလဲသွားပြီး အထိတ်တလန့် အော်မိသွား၏။ “ခန္ဓာကိုယ်ပိုင်စိုးခြင်း…”
သူက အံကြိတ်၍ သူ့လက်ကို မြှောက်သည်။ သည့်နောက် သူက ဝမ်လင်းနဖူးပေါ်သို့ သူ့လက်ဖြင့် ဖိချ၍ ဝမ်လင်းခန္ဓာကိုယ်ကို အစားထိုး ဝင်ရောက်နေခြင်းကို ကူညီတိုက်ခိုက် ပေးရန် ဟန်ပြင်လိုက်သည်။ သို့သော် သူက လက်အောက်သို့ ချရန် ဟန်ပြင်လိုက်စဉ်မှာပင် ဝမ်လင်းက မျက်လုံး ပွင့်လာခဲ့သည်။ သူ့မျက်လုံးထဲ၌လည်း စောနကတုန်းက ရှိခဲ့သည် မောက်မာခြင်းများ ရှိမနေတော့ချေ။
ဝမ်လင်းက အားနည်းစွာ ပြောလိုက်သည်။ “စီနီယာ…မလုပ်နဲ့…”
သွန်းထျန်က ဝမ်လင်းကို စူးစိုက်ကြည့်ကာ အလေးအနက် ပြောလိုက်၏။ “ဘာတွေ ဖြစ်ခဲ့တာလဲ…”
“မင်းက လောလွန်းတယ်…ကောင်စုတ်လေး…။ မင်းက အခြေအနေတွေ ဒီလောက် ပြင်းထန်နေတာ မမြင်ဘူးလား။ ဒီအဘိုးအိုကသာ ဒေါသ မထိန်းထားရင် မင်းကို တစ်ချက်တည်းနဲ့ သတ်ပစ်ပြီးနေပြီ။ မင်းသက်တမ်းက ကုန်ခါနီး ဖြစ်နေလို့သာ ဒီအဘိုးအိုက ဘာမှ မလုပ်တော့တာ…”
အလွန်မောက်မာသော အသံက ဝမ်လင်းမျက်ခုံးနှစ်ခုကြားကနေ ထွက်ပေါ်လာ၏။ သိပ်မကြာခင်တွင် ဝမ်လင်းနဖူးကနေ အစိမ်းရောင် ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး သူ့ဘေး၌ ရပ်နေ၏။ သည်အစိမ်းရောင် အလင်းတန်းက ကြမ်းတမ်းသော မျက်နှာနှင့် သက်လတ်ပိုင်း လူကြီးတစ်ယောက်၏ အသွင် ဖြစ်ပေါ်လာသည်။ သူပေါ်လာသည်နှင့် အားကောင်းသော အော်ရာကိုပါ ထုတ်လွှတ် လာ၏။
ကောင်းကင်က ရုတ်တရက် အရောင်ပြောင်း သွား၏။ သည်လူ၏ အော်ရာကြောင့် တိမ်များပင် ဖြစ်ပေါ်လာသည်။ မိုးကြိုးလျှပ်စီးများပင် ကောင်းကင်ထက်၌ ဖြစ်ပေါ်လာပြီး မိုးများ ရွာချလာသည်။
သက်လတ်ပိုင်းလူကြီးက ခေါင်းမော့ကာ ကောင်းကင်ထက်သို့ ကြည့်ကာ အော်ပြော လိုက်၏။ “ ဒီအဘိုးကြောင့် တိမ်တွေ အစိတ်စိတ်ဖြစ်သွားစမ်း…။ ငါက မိုးရွာဖို့ ခွင့်ပြုခဲ့လို့လား…”
သည်အသံတစ်ခုတည်းနှင့်ပင် ကောင်းကင်ထက်ရှိ တိမ်များက ပြန့်ကျဲသွားပြီး မိုးစက်မိုးပေါက် များပါ ကင်းစင်သွား၏။ မြေပေါ်သို့ မိုးတစ်ပေါက်ပင် ကျမလာတော့ချေ။
သွန်းထျန်က သူ့ရှေ့ရှိ မြင်ကွင်းကို ကြောင်ရီစွာ ကြည့်နေရင်း သူ့ခန္ဓာကိုယ်က တုန်ခါနေ၏။
ဝမ်လင်းက ခါးသက်စွာ ပြုံး၍ ချောင်းဆိုးလိုက်သည်။ တော်ဝင် ဟင်္သာပြဒါးမီးတောက် ရောက်လာသည့် အချိန်တွင် ဝမ်လင်း မူလ စိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်သွားပြီး သူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး ဖြစ်နေသည်။ သို့ရာတွင် သူက သွန်းထျန်နှင့် ကျူးချွဲဇီတို့ တိုက်ပွဲတွင် မည်သို့မျှ အကူအညီပေးနိုင်ခြင်း မရှိချေ။ ထို့ကြောင့် သူက တော်ဝင်မီးတောက် ပေါ်လာသည့်အခါတွင် ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲသို့ ဝင်ရောက်ခဲ့၏။
သူက ပုတီးစေ့ထဲသို့ ရောက်သည့်အခါ စစ်ထူနန်က နိုးထနေခဲ့ပြီ ဖြစ်သည်။
စစ်ထူနန်က နိုးထလာလာချင်း ဖြစ်သည့်အတွက် ကြမ်းကြုတ်သည့် ပုံရိပ်တစ်ခုလို့ ဖြစ်နေ၏။ သို့သော် အမှန်တော့ သူက အလွန်အားနည်း နေသေး၏။ သူနှင့်စစ်ထူနန်က စကားပြောရန် အချိန်ပင် မရဘဲ အပြင်ဘက်၌ ဖြစ်ပျက်နေသည် အရာကို သတိပြုမိ လိုက်ကြ၏။ ထို့ကြောင့် စစ်ထူနန်က ဝမ်လင်း ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်၍ ကျူးချွဲဇီကို ခြောက်လန့်၍ ထွက်သွားစေခြင်း ဖြစ်သည်။
စစ်ထူနန်၏ သရုပ်ဆောင်စွမ်းရည်က တကယ် ကောင်းမွန်လှပေ၏။
စစ်ထူနန်က ကျူးချွဲဇီက လက်ချောင်းများကို ဖြတ်ခိုင်းသည့်အခါ ဝမ်လင်းက အလွန်ပင် စိတ်ပူမိသွား၏။ သို့သော် စစ်ထူနန်က လုံးဝ စိတ်ပူခြင်းမရှိဘဲ သူ့ပုံစံအတိုင်း အမြဲ မောက်မာလျက်သာ ရှိနေခဲ့သည်။
ဝမ်လင်းက စစ်ထူနန်ကို ကျူးချွဲဇီ၏ လက်ချောင်းကို ဘာကြောင့် ဖြတ်ခိုင်းခဲ့တာလည်း မေးလိုက်၏။ သူက ကျူးချွဲဇီ လက်တုံ့ပြန် လာမှာကို မစိုးရိမ်တာလား။
စစ်ထူနန်က ပြန်ဖြေလိုက်ပုံ ဤသို့ ဖြစ်လေ၏။ “အကြောင်းကတော့ ငါက စစ်ထူနန် ဖြစ်လို့ပဲ…”
“အစောပိုင်းတုန်းက မင်းက လေးခုမြောက် စိတ်ဝိညာဉ် အကြောင်းမေးပြီး ငါ့အစီအစဉ်ကို ဖျက်ဆီးမိတော့ မလို့။ ဒီကောင်ကသာ ခုလက်ရှိ ငါ့အကြောင်းမှန်ကို သိသွားရင် ဒီအဘိုးအိုက ခုမှ ပြန်နိုးလာပြီး ခုပြန်အိပ် သွားရလိမ့်မယ်။ လေးခုမြောက် စိတ်ဝိညာဉ် အတွက်ကတော့ ငါက ငါ့ခန္ဓာကိုယ် အသစ်ကို ရှာပြီး ကျင့်ကြံမှုအဆင့် ပြန်ကောင်းလာရင် ဟင်္သာပြဒါးတောင်ကို ရှင်းလင်းသတ်ဖြတ်ပြီး မင်းအတွက် ဒီစိတ်ဝိညာဉ်ကို ပြန်ယူလာပေးလို့ ရတယ်…” စစ်ထူနန်က ထိုသို့ပြောရင်း သွန်းထျန်ကို စူးစိုက်ကြည့်လိုက်၏။
သွန်းထျန်က သူ့ကို ကောင်စုတ်လေးဟု အခေါ်မခံရသည်မှာ နှစ်ထောင်ချီနေပြီ ဖြစ်၏။ သူက မချင့်မရဲပြုံးရုံသာ တက်နိုင်တော့သည်။ သူက မေးလိုက်၏။ “စီနီယာက…”
စစ်ထူနန်က ခေါင်းမော့၍ မောက်မာစွာ ပြောသည်။ “ဝမ်လင်း…ဒီကောင်စုတ်လေးကို ငါဘယ်သူလဲ ပြောပြလိုက်…”
ဝမ်လင်းကလည်း အောင့်သက်သက် ပြုံးမိသားသည်။ သူက သွန်းထျန်ကို ကြည့်ကာ ပြောလိုက်၏။ “သူက စစ်ထူနန်…”
“စစ်ထူနန်…” သွန်းထျန်က အချိန်အတန်ကြာ စဉ်းစားသော်လည်း သည်နာမည်ကို မတွေးတက် ဖြစ်နေသည်။
သည့်နောက် ဝမ်လင်းက ဆက်ပြောလိုက်၏။ “ဒုတိယမျိုးဆက် ဟင်္သာပြဒါးခေါင်းစီး…”
သွန်းထျန်ခန္ဓာကိုယ်က တုန်ခါသွားပြီး သူက နောက်သို့ အလိုလို ဆုတ်သွားမိသည်။ သူ့မျက်လုံးထဲ၌လည်း အလွန်အမင်း အံ့ဩမှုများ ရှိနေသည်။ သူက နောက်ဆုံးတွင် ကျူးချွဲဇီက ဘာကြောင့် ကြောက်လန့်ပြီး ပြန်ပြေးသည်ကို နားလည်လိုက်၏။
ဒုတိယမျိုးဆက် ဟင်္သာပြဒါး၏ ကျော်ကြားမှုက အလွန်ကြီးမား လှသည်။ တချို့ နေရာများတွင် သူက ပထမမျိုးဆက် ဟင်္သာပြဒါးထက်ပင် ကျောက်ကြားနေသေး၏။
ခဏအကြာကြမှ သွန်းထျန်က အသက်ရှူနိုင်တော့သည်။ သူက စစ်ထူနန်ကို လေးစားစွာ ဦးညွတ်၍ ပြောလိုက်သည်။ “စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်မှ ဂျူနီယာ သွန်းထျန်က စီနီယာကို နှုတ်ဆက်ပါတယ်…”
စစ်ထူနန်က ခေါင်းညိတ်ပြကာ ပြောလိုက်၏။ “မင်းက ဝမ်လင်းကို ကာကွယ်ပေးပြီး သူ့ကို စိတ်ဝိညာဉ် ဆယ်သန်းအလံပါ ပေးခဲ့တဲ့အတွက် ဒိအဘိုးအိုက မင်းကို အခွင့်အရေးတစ်ခု ပေးမယ်။ ငါက မင်းတို့ စိတ်ဝိညာဉ်သန့်စင်ခြင်းကလန် ပြန်ရှင်သာနိုင်အောင် ကူညီပေးမယ်…”စစ်ထူနန်ကက အတိတ်ကို ပြန်အောက်မေ့သွား၏။ အကယ်၍ အတိတ်တုန်းကသာ သူ့တွင် စိတ်ဝိညာဉ် သန့်စင်ခြင်းကလန်မှ မိတ်ဆွေကောင်းတစ်ယောက် မရှိခဲ့လျှင် သူက ပြင်ပ ကျင့်ကြံသူများနှင့် တိုက်ပွဲအတွင်း ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ထဲသို့ ဝင်ရောက်ရန် အချိန်ပင် ရလိုက်မည် မဟုတ်ချေ။
သွန်းထျန်မျက်နှာက ပြုံးရွှင်သွား၏။ သူက သူ့ဘဝတစ်ခုလုံးကို စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန် အတွက် ပေးစပ်ထားခြင်းဖြစ်သည်။ သည်ကလန်က သူ့တစ်ဘဝလုံး စိတ်ပူနေသည့်အရာ ဖြစ်သည်။ သည့်အတွက်ကြောင့်လည်း သူက သူ့နောက်ဆုံး လက်ကျန်အချိန်တွင် ဝမ်လင်းပေါ်တွင် မျှော်လင့်ချက်ထား၍ ပေးဆပ်နေခဲ့ခြင်း ဖြစ်၏။
ကျူးချွဲဇီရောက်ရှိလာမှုက သွန်းထျန်ကို လုံးဝ မျှော်လင့်ချက် မဲ့သွားစေခဲ့၏။ သို့ရာတွင် ဖြစ်ပျက်သွားသည့် အရာများက အလွန်မြန်ဆန် လွန်းလှ၏။ ခုချိန်၌ ဒုတိယမျိုးဆက် ဟင်္သာပြဒါးက ကိုယ်တိုင်ကိုယ်ကျ စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန် ရှင်သန်နိုင်အောင် သူ့ကို ကတိပေးခဲ့ခြင်းက သွန်းထျန်အတွက် အလွန်ကျေနပ်မှုကို ဖြစ်စေခဲ့သည်။
သူက ကြာပွင့်သဏ္ဌာန်ထိုင်ချလိုက်၏။ သူ့မျက်နှာကလည်း ပြုံးလို့နေသည်။ သည့်နောက် သူက မျက်လုံး တဖြည်းဖြည်း မှိတ်လိုက်၏။
“စီနီယာအကို…မင်း ကြိုခန့်မှန်းမှုက အလုပ်ဖြစ်လာခဲ့ပြီ။ ငါ…သွန်ထျန်က မင်းရယ်… ဆရာရယ်နဲ့ အဆက်ဆက်က ဘိုးဘေးတွေကို အပြုံးနဲ့ လာတွေ့နိုင်ပြီ။ ငါ သွန်းထျန်က ကလန်ရဲ့ ငမိုက်သားတစ်ယောက် မဟုတ်တော့ဘူး။ ငါက စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်အတွက် မျှော်လင့်ချက်အသစ် တစ်ခု တွေ့ခဲ့ပြီ။ ငါက အနာဂတ်မှာ စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်က အဆင့်ခြောက်နိုင်ငံ တစ်ခု ဖြစ်လာတော့မှာကို မြင်နေရပြီ…။ ငါ…သွန်းထျန်က စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန် သမိုင်းမှာ ငါ့အမှတ်အသားကို ချန်ထားခဲ့နိုင်ပြီကွ…”
“ဆရာ…ငါက သင့်ကို ကတိပေးထားတဲ့ အတိုင်း လုပ်ဆောင်နိုင်ခဲ့ပြီ။ ငါ သွန်းထျန်က ငါ့ အသိစိတ်အားလုံးကို ဖယ်ရှားပစ်ပြီး စိတ်ဝိညာဉ်အလံထဲမှာ ထာဝရ ဝင်နေဖို့ ဆန္ဒ ရှိပါတယ်…”
မိုးရွာသောညတစ်ည လူသွားလမ်းမပေါ်၌ ဓားပြများက လူတိုင်းကို သတ်ပစ်ခဲ့၏။ သည်လူအုပ်ကြားထဲတွင် လူငယ်လေးတစ်ယောက်က ငိုယိုနေလျက်….။
သက်ပြင်းရှည်ချသံနှင့်အတူ အဘိုးအိုတစ်ယောက်က မိုးရွာထဲတွင် လမ်းလျှောက်လာ၏။ သူက လူငယ်လေး၏ ခေါင်းကို ညင်သာစွာ ပုတ်ကာ ပြုံး၍ စကားတစ်ခွန်း ပြောလိုက်သည်။
“မင်းက ငါနဲ့ လိုက်ဖို့ ဆန္ဒ ရှိလို့လား…”
ထိုလူငယ်လေးက စိတ်ဝိညာဉ် သန့်စင်ခြင်းကလန်၌ ကြီးပြင်းလာခဲ့သည်။ သည် ပါရမီရှိသော လူငယ်လေးက အခြားတစ်ပည့်များထက် ခေါင်းတစ်လုံး ပိုမြင့်၍ ရပ်တည်နိုင်ခဲ့သည်။ သူက သည်အရာအားလုံးကို စကားတစ်ခွန်းကြောင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အဘိုးအို၏ နောက်ကိုလိုက်ရာ အလို့ငှာ သူက နေ့တိုင်းခက်ခက်ခဲခဲ ကျင့်ကြံခဲ့သည်။ တစ်နေ့ပြီး တစ်နေ့…။ တစ်နှစ်ပြီးတစ်နှစ် သူက သည်လိုပျင်းစရာ ကောင်းသည့် ကျင့်ကြံခြင်းကို လေ့ကျင့်နေပြီး နောက်ဆုံးတွင် ကောင်းကင်နှင့် မြေကြီးကို နားလည်၍ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ပင် ရောက်လာခဲ့သည်။ သူက အဘိုးအို၏ တပည့်ဖြစ်လာခဲ့ပြီး အဘိုးအိုပေးခဲ့သော သွန်းထျန်ဆိုသည့် တာအိုနာမည် တစ်ခုကိုပါရလာခဲ့၏။ သူက အဘိုးအိုသွားသည့် နေရာတိုင်းတွင် နောက်က လိုက်ပါခဲ့လေသည်။
အချိန်က သံစဉ်တစ်ပုဒ်လိုပင်။ သံစဉ်ဆုံးသည့် တစ်နေ့ လူများက ထွက်ခွာသွားကြ၏။ သူက သူ့ဆရာ စိတ်ဝိညာဉ်ဆယ်သန်း အလံထဲသို့ မဝင်ရောက်ခင် သူ့ကျန်သည့် ဘဝတစ်လျှောက်လုံးကို စိတ်ဝိညာဉ် သန့်စင်ခြင်းကလန်ကို ကာကွယ် ပေးပါမည်ဟု ကတိပေးခဲ့၏။ သည်အရာများကို လူငယ်လေး တစ်ဖြစ် သွန်းထျန်ဆိုသည့် ကျင့်ကြံသူက စကားတစ်ခွန်းကြောင့် ပြုလုပ်ခဲ့ခြင်းပင်။
“မင်းက ငါ့နောက်လိုက်ဖို့ ဆန္ဒရှိလို့လား…”
“ဆရာ…တပည့်…လိုက်လာနေပါပြီ…” သွန်းထျန်က မျက်လုံးမှိတ်ထားရင် ပြုံးလို့နေ၏။ ထို့နောက် သူ့နောက်ဆုံး အသက်ဓာတ်သည်လည်း ပျောက်ကွယ် သွားတော့၏။
ခရမ်းရွှေရောင်အလင်းတစ်ခုက သွန်းထျန် မျက်ခုံးနှစ်ခု ကြားကနေ ထွက်ပေါ်လာ၏။ သည့်နောက် သည်အလင်းက စိတ်ဝိညာဉ်အလံထဲ၌ ပျောက်ကွယ် သွားတော့သည်။
စိတ်ဝိညာဉ် ဆယ်သန်းအလံက စိတ်ဝိညာဉ် အပိုင်းအစ သုံးပုံတစ်ပုံ၊ မူလစိတ်ဝိညာဉ် ဆယ်ခုနှင့် လေးခုမြောက် စိတ်ဝိညာဉ်တို့ ဆုံးရှုံးခဲ့သော်လည်း ၎င်းက စိတ်ဝိညာဉ် ဆယ်သန်းအလံ ဖြစ်နေဆဲပင် မဟုတ်လား။
ပေသုံးဆယ်ခန့်ရှည်သည့် စိတ်ဝိညာဉ်အလံက စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်ကို ကိုယ်စားပြုလေ၏။ ၎င်းက ပိုင်ရှင်ဆိုသည့် အသိရှိသည့်အလား ဝမ်လင်းထံသို့ လွင့်မြော လာခဲ့တော့သည်။
ဝမ်လင်းက လက်မြှောက်၍ အလံကို ညာလက်ဖြင့် ဖမ်းယူလိုက်သည်။ ထို့နောက် သူက သွန်းထျန်၏ ပြုံးနေသော သက်မဲ့ ခန္ဓာကိုယ်ကို ကြည့်နေ၏။ သူက ဒူးထောက်ချ၍ သွန်းထျန်ကို အရိုအသေ ပြုလိုက်သည်။
“စီနီဘာက ငါ့ဆရာမဟုတ်ပေမဲ့ ငါကို သင့်ရဲ့ တပည့် တစ်ယောက်လို ဆက်ဆံခဲ့တယ်။ ငါက ဒီဂရုစိုက်မှုကို ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူး…” ဝမ်လင်းမျက်လုံးထဲရှိ ဝမ်းနည်းမှုက ပိုအားကောင်း လာခဲ့သည်။ အမှန်တော့ သူက သွန်းထျန်နှင့် အတူရှိခဲ့သည့်အချိန်က တိုတောင်းလှသည်။ သို့သော် သွန်းထျန်၏ သူ့အပေါ်ကြင်နာမှုက သူ့စိတ်ထဲ၌ ထွင်းမှတ်ထားခဲ့ပြီ ဖြစ်သည်။
“ကျူးချွဲဇီ…တစ်နေ့မှာ…ငါက မင်းကို သေချာပေါက်လာရှာပြီး စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်ကို အမြစ်ဖျက်ခဲ့တဲ့ အတွက် ပြန်ပေးဆပ် စေရမယ်…” ဝမ်လင်းက ဟင်္သာပြဒါးနိုင်ငံရှိရာသို့ လှမ်းကြည့်လိုက်၏။ သူ့မျက်လုံးများက အေးစက်လာသည်။
လေပြင်းတစ်ချက် တိုက်ခတ်မှုနှင့်အတူ သွန်းထျန်၏ သက်မဲ့ခန္ဓာကိုယ်က ပျောက်ကွယ် သွားတော့သည်။ ဝမ်လင်းမှတ်ဉာဏ်ထဲ၌သာ သွန်းထျန်က ကြွင်းကျန်ရစ် ခဲ့တော့လေ၏။
“ဒီလူနဲ့တွေ့တာက မင်းကံကောင်းမှုပဲ။ သူက အမှတ်ရဖို့ ထိုက်တန်တဲ့လူပဲ…” စစ်ထူနန်က သက်ပြင်းချလိုက်၏။ သူ့ အသံထဲ၌လည်း မောက်မာမှုများ မရှိတော့ချေ။ သူက အတိတ်တုန်းက သူ့သူငယ်ချင်းကောင်း အကြောင်း ပြန်တွေးနေမိ၏။
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် စစ်ထူနန်ကို ကြည့်ကာ ပြောလိုက်သည်။ “စစ်ထူ အစီအစဉ်က ဘယ်လိုလဲ…”
စစ်ထူနန် မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး မောက်မာမှုများ ပြန်ဖြစ်ပေါ်လာ၏။ သူက ပြောလိုက်သည်။ “ငါ့အတွက် သင့်တော်တဲ့ ပါရမီရှိတဲ့ ခန္ဓာကိုယ်တစ်ခု ရှာရမယ်။ ပြီးရင် ငါ့ကျင့်ကြံမှု အဆင့်ကို ပြန်ကောင်းအောင် လုပ်ရမယ်။ ပြီးရင်တော့ ငါ့ကို ဒီလို အခြေအနေ ဖြစ်စေခဲ့တဲ့ လူတွေကို သွားရှာမယ်။ သူတိုက အချိန်တွေ ကြာမြင့်နေခဲ့ပြီ ဖြစ်လို့ သေသွားရင်တောင် ငါ့ဒေါသကို သူတို့ရဲ့ မျိုးဆက်သစ်တွေပေါ်မှာ ပုံချပစ်မယ်…”
စစ်ထူနန်၏ အကျင့်စရိုက်က အမြဲ အခုလိုသာ ဖြစ်၏။ အတိတ်တုန်းက သူက ဝမ်လင်းကို သင်ကြား ပေးခဲ့တုန်းကလည်း နတ်ဆိုး ကျင့်ကြံခြင်း လမ်းစဉ်ကို ရောက်လုနီးပါးပင် ဖြစ်စေခဲ့သည်။ ဝမ်လင်းကလည်း စစ်ထူနန်၏ လွှမ်းမိုးမှုဖြင့် လူများစွာကို သတ်ဖြတ်ပစ်ခဲ့ဖူးသည်။
ဝမ်လင်းက ခေါင်းညိတ်ကာ ပြောသည်။ “ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့က ငါ့စိတ်ဝိညာဉ်နဲ့ ပေါင်းစပ်သွားခဲ့ပြီ။ ဒီတော့ ငါက ဒါကို ဖယ်ရှား မပစ်နိုင်တော့ဘူး…”
ဝမ်လင်း စကားမဆုံးသေးခင် စစ်ထူနန်က ဖြတ်ပြော လိုက်သည်။ “အဓိပ္ပာယ် မရှိလိုက်တာ… ဒီသောက် ပုတီးစေ့ကြောင့် ငါက သေမလို ဖြစ်ခဲ့ပြီး ခုလို အခြေအနေထိ ရောက်ခဲ့ရတာ။ မင်းက ငါ့ကို ပေးမယ်ဆိုရင်တောင် ငါမလိုချင်တော့ဘူး…”
ဝမ်လင်းက စစ်ထူနန်ကို ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်၏။ “စစ်ထူ…”
“ ဘာလဲ…” စစ်ထူနန်က မျက်ခုံးပင့်ကြည့်သည်။
“ကျေးဇူးပါ…”
စစ်ထူနန်က စဉ်းစားနေ၏။ အမှန်တော့ သူက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့သည် အလွန် ရှားပါးလွန်းသော ရတနာတစ်ခု ဖြစ်မှန်း သိပြီးသားပင်။ ၎င်းပုတီးစေ့က ကောင်းကင်ဘုံ ရတနာထက်ပင် အဆင့်မြင့် နေနိုင်သေးသည်။
သို့သော် သူက နိုင်လိုမင်းထက် လုပ်တတ်ပြီး မောက်မာသော်လည်း အခြားတစ်ဖက်၌လည်း သူ့ကို ကြင်နာသည့် သူများကို တန်ဖိုးထားတက်သူ ဖြစ်သည်။ ပထမမျိုးဆက် ဟင်္သာပြဒါးက သူ့ကို ကြင်နာမှုပြသခဲ့သဖြင့် သူက သည်ဂြိုဟ်ကနေ မထွက်ခွာတော့ဘဲ ဟင်္သာပြဒါးနိုင်ငံကို ကာကွယ်ပေးရန် ကတိပေးခဲ့ခြင်း ဖြစ်၏။
သူနှင့်ဝမ်လင်းတို့ ကြားရှိ ဆက်ဆံရေးက အလွန်ခက်ခဲသော်လည်း သည်အရာကပင် သူတို့နှစ်ယောက်ကို တစ်ယောက်နှင့် တစ်ယောက် ပိုနီးကပ် စေခဲ့သည်။ အခြေခံအားဖြင့် သူက ဝမ်လင်းကျင့်ကြံသူ တစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့သည်ကို့ စောင့်ကြည့်နေခဲ့သည့်သူ တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူ့အတွက် ဝမ်လင်းက သူ့တပည့် တစ်ယောက်လိုပင်။
ထို့ကြောင့်လည်း သူက ကောင်းကင်ဘုံ ပုတီးစေ့အကြောင်းကို မေးပင် မမေးချေ။
စစ်ထူနန်က နှခေါင်းရှုံ့၍ ခေါင်းလှည့်ကာ ပြောလိုက်သည်။ “မင်းငါ့ကို ကျေးဇူးတင်ချင်ရင် ငါ့အတွက် ခန္ဓာကိုယ်တစ်ခု ရှာပေး။ ခဏစောင့်…ငါက ဒီဂြိုဟ်မှာ ငါ့အတွက် သင့်တော်တဲ့ ခန္ဓာကိုယ်ရှိလား စစ်ကြည့်လိုက်ဦးမယ်။ ဒီအဘိုးအိုက ရန်သူတွေကို မတိုက်ခိုက်နိုင်ပေမဲ့ ငါ့ မန္တာန်တွေကိုတော့ အသုံးပြုလို့ ရနေတုန်းပဲ။ ဒါ့ကြောင့် ငါ့အတွက် ခန္ဓာကိုယ်တစ်ခု ရှာဖို့က လွယ်လွယ်လေးပဲ…” ထိုသို့ပြောပြီးသည်နှင့် သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး နတ်ဘုရား အာရုံကို ဖြန့်ကြက်လိုက်တော့၏။
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက ပြောလိုကသည်။ “ကျူးချွဲဇီမှာ ချန်းဖန်ဆိုတဲ့ တပည့်တစ်ယောက် ရှိတယ်။ သူ့ခန္ဓာကိုယ်က တော်တော်လေး ကောင်းတယ်…”
“ကျူးချွဲဇီ တပည့်…ထားလိုက်တော့…။ ငါက ပထမဟင်္ဿာပြဒါးကို အကြွေးတင်ခဲ့တယ်။ မင်းက သူ့ကို သတ်ချင်ရင် ငါက ဂရုမစိုက်ဘူး။ ဒါပေမဲ့ ငါက ဒီလိုလုပ်ဖို့ ကျတော့…ဒါက တော်တော်လေး မသင့်…အာ…။ ဒီလို ခန္ဓာကိုယ်မျိုးက ဒီဂြိုဟ်မှာ ရှိတာ ဖြစ်နိုင်ပါ့မလား…။ ဒီခန္ဓာကိုယ်က ခုမှ ကောင်လေးအရွယ်ပဲ ရှိနေသေးပေမဲ့ ထိပ်တန်း အရည်အသွေး ရှိနေတယ်။ မဆိုးပါဘူး…။ သူက ကလေးတစ်ယောက် ဖြစ်နေလဲ ငါက ဘာဂရုစိုက်စရာ ရှိလဲ။ ဒီခန္ဓာကိုယ်က ငါ့အတွက် ဖြစ်ရမယ်…” စစ်ထူနန်က ဂြိုဟ်၏ မြောက်ဘက် ဝင်ရိုးစွန်းသို့ ပျော်ရွှင်စွာ ကြည့်လိုက်လေ၏။
***