Switch Mode

အပိုင်း (၄၇၀)

စစ်ထူနန်

စွန့်ပစ်ခံ မသေမျိုးကလန် အဖွဲ့ဝင်များက ဟင်္သာပြဒါး ကုန်းမြေ၏ အရှေ့ဘက်ခြမ်းတွင် အဆုံးမဲ့ အနက်ရောင် တိမ်ထုများထဲ၌ စုဝေးလာနေကြသည်။

သည်အနက်ရောင်တိမ်ထုကြီး၏ အလယ်တွင် မရေမတွက်နိုင်သော ကလန်အဖွဲ့ဝင်များ ထိုင်နေကြ၏။ သူတို့အားလုံးက သံပြိုင်ဟစ်ကြွေး နေကြ၏။ သူတို့၏ တက်တူးစွမ်းအား များကလည်း ခန္ဓာကိုယ်ကနေ ထွက်၍ ရွှေ့လျားနေပြီး လေထဲ၌ မြောလွင့်နေကြ၏။

တက်တူးစွမ်းအားက လျင်မြန်စွာဖြင့် လေထုထဲ၌ မြင့်တက် လာနေ၏။

တက်တူးစွမ်းအားများကို အသုံးပြုပြီး နှစ်နာရီကြာတိုင်း နောက်ထပ် အခြားအုပ်စုတစ်ခုက လူစားလည်း၍ ဆက်လက် သံပြိုင်ရွတ်ဆို နေကြ၏။

သည်ဖြစ်စဉ်ကြီးက လပေါင်းများစွာ ကြာမြင့်လာခဲ့ပြီ ဖြစ်၏။ သည်နေ့တွင် မီးခိုးရောင် ဝတ်စုံနှင့် သက်လတ်ပိုင်းလူကြီး တစ်ယောက် ပေါ်လာ၏။ သူ့ခန္ဓာကိုယ်ပေါ်တွင် ဘယ်ဘက် ပါးပေါ်ရှိ ခရမ်းရောင် သစ်ရွက်တစ်ရွက်က လွဲ၍ ကျန်သည့် တက်တူး အမှတ်အသားများ ရှိမနေခဲ့ချေ။

သူက မတ်တတ်ရပ်၍ အနက်ရောင် တိမ်ထုအလယ်၌ သံပြိုင်ရွတ်ဆို နေကြသော ကလန် အဖွဲ့ဝင်များကို စူးစိုက်ကြည့်ကာ တွေးတောနေ၏။

သူ့နောက်တွင်တော့ အဘိုးအိုသုံးယောက် ရှိနေသည်။ သူတို့သုံးယောက်၏ အော်ရာက ဝမ်လင်းနောက်သို့ လိုက်ဖမ်းခဲ့သော သစ်ရွက်ရှစ်ရွက် အဘိုးအိုနှင့် တူတူပင် ဖြစ်သည်။

အဘိုးအိုသုံးယောက်ထဲက တစ်ယောက်က လေးစားသည့်ဟန်ဖြင့် ပြောလိုက်သည်။ “ဘိုးဘေးငါး…အချိန်ကြပြီ။ ဘိုးဘေး လေးက သူ့ဘက်ခြမ်းမှာ ရှိတဲ့ ဘိုးဘေးသစ်ပင်ကို အသက်သွင်းပြီး သွားပြီတဲ့…”

သက်လတ်ပိုင်းလူကြီးက ခေါင်းညိတ်ပြ၍ ပြောလိုက်၏။ “ရှေးဘိုးဘေးက သူ့အသက်ကို စတေးပြီး သူ့ခန္ဓာကိုယ်ကို ချိပ်ပိတ်ထားတဲ့ ဓားငါးလက်ကို ဖယ်ရှားပစ်နိုင်ဖို့ အတွက် လုပ်ခဲ့တဲ့ အတွက် ဘိုးဘေး သစ်ပင်က လွတ်လတ်သွားခဲ့ပြီ…။ ငါတို့က ဒီတစ်ကြိမ်မှာ ကျရှုံးလို့ မရတော့ဘူး…”

“ဘိုးဘေးသစ်ပင်ရဲ့ ပုံပွား သစ်ပင်လေးပင်က ဟင်္သာပြဒါးကုန်းမြေကို ဝန်းရံ ထားထားပြီ။ ဒီတစ်ကြိမ်တော့ ဟင်္သာပြဒါးနိုင်ငံက ပျက်စီးရမယ်…” အဘိုးအိုမျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုများ ရှိနေ၏။ သို့သော်သူက လျင်မြန်စွာ ထိန်းချုပ်၍ ဆက်ပြောလိုက်သည်။ “ဘိုးဘေးငါး… ဘိုးဘေးနှစ် အကြောင်းကရော…”

သက်လတ်ပိုင်းလူကြီးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “သူနဲပတ်သက်ပြီး တွေးမနေနဲ့။ သူက ဟင်္သာပြဒါးနိုင်ငံမှာ မရှိတာ အချိန်ကြာနေခဲ့ပြီ။ သူက ငါတို့ထက်သာ တယ်လို့ တွေးနေတာ။ ဟက်…သူက မတိုက်ခိုက်ချင်လို့သာ မဟုတ်ရင် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ပထမတစ်ကြိမ် တိုက်ကတည်းက ငါတို့က ဟင်္သာပြဒါးနိုင်ငံကို အမြစ်ဖျက်နိုင်နေလောက်ပြီ…”

“ငါတော့ ဟင်္သာပြဒါးနိုင်ငံက ကျင့်ကြံခြင်း ဂြိုဟ်သလင်းကို သူပြောသလို ဆုပ်ကိုင် ထားနိုင်တယ်ဆိုတာ မယုံဘူး…”

အဘိုးအိုက ခေါင်းညိတ်ကာ နောက်ထပ် ဆက်မပြောတော့ချေ။

“အလောင်းကောင်ကလန်က လူတွေ ရောက်လာကြပြီ…” သက်လတ်ပိုင်း လူကြီးက အကွာအဝေး တစ်ခုသို့ လှမ်းကြည့်ရင်း ပြောလိုက်သည်။

ဟင်္သာပြဒါးကုန်းမြေ အရှေ့ဘက် အပြင်ဘက်ကနေ ကြီးမားသည့် ခေါင်းတလားကြီး တစ်ခုက လျင်မြန်စွာ နီးကပ်လာနေ၏။ သည်ခေါင်းတလားပေါ်၌ လူသုံးယောက်ထိုင်၍ လိုက်ပါ လာကြသည်။ သူတို့သုံးယောက်လုံးက တစ်ခေါင်းလုံး ဖွေးနေကြသည်။ အလယ်မှာ ရှိနေသည့် လူတစ်ယောက်ထဲကသာ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်၌ ရှိနေပြီး အခြား နှစ်ယောက်ကတော့ စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့်၌ ရှိနေကြ၏။

သူတို့သုံးယောက်က မြန်ဆန်စွာ ရွေ့လျားနေသော ခေါင်းတလားပေါ်၌ ထိုင်နေကြ၏။ မျက်စိတစ်မှိတ် အတွင်း သူတို့က အနက်ရောင် တိမ်ထု ရှေ့သို့ ရောက်လာခဲ့ကြသည်။ အနက်ရောင် တိမ်ထု၏ တက်တူး အမှတ်အသားများက လင်းလက်သွားပြီး သူတို့ ဝင်ရောက်ခြင်းကို ဟန့်တား လာ၏။

စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အစောပိုင်းအဆင့်တွင် ရှိနေသည့် အလောင်းကောင် ကလန်မှ အဘိုးအိုက ပြောလိုက်သည်။ “ငါက ဟင်္သာပြဒါးဂြိုဟ်ရဲ့ အလောင်းကောင် ကလန်က အကြီးအကဲ တစ်ယောက်ပဲ…။ ငါ့နောက်ကနှစ်ယောက်က အလောင်းလက်ထောက်တွေပဲ။ ငါက စွန့်ပစ်ခံ မသေမျိုးကလန်ကို တက်တူးအစီအရင် ဖွင့်လှစ်ပေးဖို့ မျှော်လင့်ပါတယ်…”

အနက်ရောင်တိမ်ထုထဲရှိ တက်တူး အမှတ်အသားက ဖြတ်ခနဲ လင်းသွားပြီးနောက် ဦးမင်လျှောက်လမ်း တစ်ခု ပေါ်လာသည်။ ထို့နောက် ခေါင်းတလားက အထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားတော့၏။

ခေါင်းတလားက အနက်ရောင်တိမ်ထု အလယ်၌ ရပ်တန့်သွား၏။ အလောင်းကောင် ကလန်မှ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အစောပိုင်းကျင့်ကြံသူက ခေါင်းတလား ပေါ်ကနေ ခုန်ဆင်း လာခဲ့သည်။

သူ့ရှေ့တွင်တော့ သက်လတ်ပိုင်းလူကြီးနှင့် သစ်ရွက်ရှစ်ရွက် နတ်ဆရာများ ရှိလို့နေသည်။

သက်လတ်ပိုင်းလူကြီးက တည်ငြိမ်စွာ ပြောလိုက်၏။ “အကြီးအကဲ စီမာ…ငါက မင်းကို စောင့်နေတာ…”

အလောင်းကောင် ကလန် အကြီးအကဲက ရယ်မောကာ ပြောလိုက်သည်။ “ငါက လမ်းမှာ ပြဿနာလေး နည်းနည်း ကြုံသွားလို့ နောက်ကျသွားတာပါ။ အလောင်းကောင်တွေကို လာပို့တဲ့ အပြင် ငါ မင်းကို သတင်းတစ်ခု ပြောစရာ ရှိတယ်…”

သက်လတ်ပိုင်းလူကြီးက အလောင်းကောင် ကလန်အကြီးအကဲကို တည်ငြိမ်စွာ ကြည့်၍ သူပြောမည့် သတင်းကို စောင့်နေသည်။

အကြီးအကဲက ပြုံး၍ ပြောလိုက်၏။ “ကျူးချွဲဇီက စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်ကို စိတ်ဝိညာဉ် ဆယ်သန်းအလံကို လုယူဖို့အတွက် သွားခဲ့ပြီး သွန်းထျန်နဲ့ တိုက်ခိုက်ခဲ့တယ်…”

သက်လတ်ပိုင်းလူကြီးအသွင်က တည်ငြိမ်နေဆဲပင်။ သူက ပြုံးကာ ပြောလိုက်သည်။ “ဒီတော့ ရလဒ်က ဘယ်လို ဖြစ်သွားလဲ…”

အလောင်းကောင် ကလန်အကြီးအကဲက ရယ်မောလိုက်၏။ “ဒါတော့ ငါမသိဘူး။ ဒါပေမဲ့ ငါတို့ အလောင်းကောင် ကလန်ရဲ့ ခုလက်ရှိ ဟင်္သာပြဒါးခေါင်းစီးကို နားလည် ထားသလောက်တော့ သူက သွားတယ်ဆိုရင် သူပိုင်နိုင်တယ်လို့ (၈၀)ရာခိုင်နှုန်း ယုံကြည်ချက် ရှိလို့ပဲ။ မင်းတို့ စွန့်ပစ်ခံ မသေမျိုးကလန်က ဂရုစိုက်သင့်တယ်…”

သက်လတ်ပိုင်းလူကြီးအသွင်က ခုထိ ပြောင်းလဲသွားခြင်း မရှိချေ။ သူက စကားပြောရန် ပြင်ပြီးမှ သူ့အသွင်က ရုတ်တရက် ပြောင်းလဲ သွားသည်။ သူက ဖီးလုနိုင်ငံရှာရာသို့ လှမ်းကြည့်လိုက်၏။ ထိုအခါသူက သူ့ကိုယ်ပင် တုန်လှုပ်သွားစေသည့် အော်ရာတစ်ခုကို ခံစားလိုက်ရသည်။

ကျူးချွဲဇီက သူ့မူလ စိတ်ဝိညာဉ်က ခုလိုနာကျင်မှုကို မခံစားရသည်မှာ မေ့လောက်အောင် ကြာနေခဲ့ပြီ ဖြစ်၏။ ခုချိန်၌ သူက အတိတ်ကဟင်္သာပြဒါး ခေါင်းစီးဟောင်းကို တွေ့လိုက်ရသကဲ့သို့ ကြောက်ရွံ့သွားခဲ့ပြီး နောက်သို့ ဆုတ်သွားမိ၏။

တကယ်တော့ ကျူးချွဲဇီက မြင့်မားသည့် နေရာတစ်ခုတွင် ရှိသည့်သူ ဖြစ်သည်။ ထို့ကြောင့် သူက သူ့ကိုယ်သူ မြန်မြန်ဆန်ဆန် ပြန်တည်ငြိမ်အောင် လုပ်၍ မေးလိုက်သည်။ “အဆွေ….သင်က ဘယ်သူလဲ…”

ဝမ်လင်း ထွက်ပေါ်လာသည်နှင့် သူက သက်တံရောင် အလင်းတန်းတစ်ခုကို တောက်ပ သွားစေခဲ့သည်။ သူက လေထဲ၌ မြောလွင့်နေ၏။ သူထံကနေ အဆုံးစွန် ထူးဆန်းသည့် အော်ရာတစ်ခုကို ပေးစွမ်းနေသည်။

သူ့ခန္ဓာကိုယ်က အပြာရောင် အော်ရာတစ်ခုကို ထုတ်လွှတ်နေပြီး သည်အေးစက်စက် အော်ရာက ကမ္ဘာကြီးထဲရှိ မည်သည့် အရာကိုမဆို အေးခဲ သွားမလား ထင်မှတ်ရသည်။

ခုလက်ရှိ ဝမ်လင်းခန္ဓာကိုယ်က ကြည်လင် ရွှန်းစိုတောက်ပနေ၏။ သူ့မျက်လုံးများကတော့ ရှင်းလင်းခြင်း မရှိဘဲ မကောင်းဆိုးဝါးအော်ရာနှင့် ပြည့်နှက်နေ၏။

ဝမ်လင်းမျက်လုံးထဲရှိ သည်အော်ရာက စကားတစ်ခွန်းကို ကိုယ်စားပြု နေသည်။ “မောက်မာခြင်း…”

မောက်မာခြင်း၊ များစွာ မောက်မာခြင်း၊ အဆုံးစွန် မောက်မာခြင်း။ သည်လိုမျိုးမောက်မှုမှုက ကမ္ဘာကြီးထဲမှာ သူနှင့်ယှဉ်နိုင်သည့်အရာမရှိသည့်အလား ထင်မှတ်ထားသည့်အလားပင်။

သူက ကျူးချွဲဇီကို ကြည့်သည်။ သူ့အကြည့်က အလင်းထက်ပင် အဆများစွာတောက်ပနေ၏။

ကျူးချွဲ ဇီခန္ဓာကိုယ်က တုန်ခါသွား၏။ သည်အခိုက်တွင် သူက အတိတ်ကို ပြန်ရောက် သွားသလို ခံစားလိုက်ရသည်။ သူက သူ့အရှေ့က ဟင်္သာပြဒါး ခေါင်းစီးနှင့် မျက်နှာချင်းဆိုင် တုန်းကကဲ့သို့ ခံစားလိုက်ရ၏။ သူကအနောက်သို့ ထပ်ဆုတ်မိပြီး နဖူးပေါ်၌လည်း အေးစက်စက်ချွေးများ စို့လာခဲ့သည်။

“မင်း…မင်း…ဝမ်လင်း…။ မဟုတ်ဘူး။ မင်းက ဝမ်လင်း မဟုတ်ဘူး။ အဆွေ…သင်က ဘယ်သူလဲ…”

“ဒီအဘိုးအိုက မင်းကို မျိုးဆက်ဘယ်လောက် ဟင်္သာပြဒါးလဲလို့ မေးကြည့်ချင်တယ်…” ဝမ်လင်းပါးစပ်ကနေ ထွက်ပေါ်လာသည့် သည်စကားလုံးများထဲ၌ မောက်မာမှုများ ပြည့်နေ၏။ သည်အသံထဲ၌ “မင်းက ဖြေကိုဖြေရမယ်” ဆိုသည့် ခံစားမှုမျိုး ပါဝင်နေ၏။

သွန်းထျန်က သူ့ရှေ့က မြင်ကွင်းကို ကြည့်ကာ မှင်တက် မိနေသည်။ သူက ဝမ်လင်းကို ကြည့်သည့် အခါ မရင်းနှီးသလို ခံစားလိုက်ရ၏။ သူက အခုဝမ်လင်းသည် ဝမ်လင်းမဟုတ်ကြောင်း ကျိန်းသေပေါက်သိနေ၏။

ကျူးချွဲဇီက မဖြေလိုခဲ့ချေ။ သို့သော်သူက အလိုအလျောက် ဖြေလျက်မိသား ဖြစ်သွား၏။ “ဆယ့်လေးဆက်မြောက် ဟင်္သာပြဒါး ပါ…”

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ကျူးချွဲဇီကို အေးစက်စွာကြည့်၍ ပြောလိုက်သည်။ “မင်းက ယဲ့ဝူယောင်ရဲ့ ရွေးချယ်ထားတဲ့ လူပဲ။ ဒီအဘိုးအိုက မင်းကို မသတ်တော့ဘူး…။ ခုထွက်သွားစမ်း…”

“ယဲ့ဝူယောင်…” သွန်းထျန်က မှင်တက်သွား၏။ သူက သည်နာမည်ကို လုံးဝမကြားဖူးချေ။

သို့ရာတွင် ကျူးချွဲဇီက သည်နာမည်ကို ကြားလိုက်သည့်အခါ သူ့အသွင်က လုံးဝ ပြောင်းလဲ သွားသည်။ သူက ချက်ချင်းပင် နောက်သို့ ပိုဆုတ်လိုက်ပြီး သူ့ကြောက်ရွှံ့မှုကို ဆက်လက်ပြီး ဖုံးကွယ် မထားနိုင်တော့ချေ။

“သင်…” ကျူးချွဲဇီက လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်၏။ သူ့ခန္ဓာကိုယ်က မိုးကြိုး ပစ်ခံရသကဲ့သို့ တုန်လှုပ်သွားသည်။ ဝမ်လင်းပေါ်တွင် ကြည့်နေသော သူ့အကြည်ထဲ၌ တုန်လှုပ်မှုများ မရှိတော့ဘဲ ထိုအစား နက်နက်ရှိုင်းရှိုင်း ကြောက်ရွံ့မှုများ အစားထိုးသွား၏။

ယဲ့ဝူယောင်က ဟင်္သာပြဒါး မျိုးဆက်တိုင်းသာ သိသည့်နာမည်တစ်ခု ဖြစ်သည်။ ဟင်္သာပြဒါး နိုင်ငံရှိ ကလန်များ၏ ဘိုးဘေးများပင် သည်နာမည်ကို မသိကြချေ။

ယဲ့ဝူယောင်က ပထမဆုံးဟင်္သာပြဒါး၏ အစစ်အမှန် နာမည် ဖြစ်သည်။

ကျူးချွဲဇီက ဝမ်လင်းပတ်လည်ရှိ အပြာရောင် အော်ရာကို ကြည့်နေရင်း သူက အတိတ်တုန်းက ဟင်္သာပြဒါး မျိုးဆက်ခေါင်းစီး များ၏ အသွင်အပြင်ကို ပြန်စဉ်းစား ကြည့်လိုက်သည်။

ထိုအခိုက်မှာပင် သူ့မျက်လုံးထဲရှိ ကြောက်ရွှံ့မှုက ပိုမိုပြင်းထန် သွားခဲ့သည်။ သူက လက်နှစ်ဖက်ယှက်၍ လေးစားစွာဖြင့် ဝမ်လင်းကို နှုတ်ဆက် လိုက်သည်။ “ဘိုးဘေးကို နှုတ်ဆက်ပါတယ်… ဂျူနီယာက ခုထွက်သွားပါတော့မယ်…”

ထိုသို့ပြောပြီးသည်နှင့် သူက လျင်မြန်စွာဖြင့် နောက်သို့ ဆုတ်သွားသည်။

သွန်းထျန်မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူက လှမ်းအော်၏။ “လေးခုမြောက် စိတ်ဝိညာဉ်ကို ထားခဲ့ပါ…”

ကျူးချွဲဇီက ရပ်တန့်သွား၏။ သူ့မျက်လုံးထဲ၌လည်း ဆုံးဖြတ်ချက်ချရန် ချီတုံချတုံ ဖြစ်နေသည်။ ထို့နောက် သူက ရုတ်တရက် လှည့်၍ ဝမ်လင်းထံသို့ ကြည့်လိုက်သည်။

ဝမ်လင်းမျက်လုံးထဲ၌ အတိတ်အငွေ့အသက်များ ဖြတ်ပြေးသွားပြီး သူက ပြောလိုက်သည်။ “အတိတ်တုန်းက ငါဟာ ယဲ့ဝူယောင်အပေါ်မှာ အကြွေးတင် ခဲ့ဖူးတယ်။ ထားလိုက်ပါတော့….။ မင်းက စွန့်ပစ်ခံမသေမျိုးကလန်ကို တိုက်ခိုက်ဖို့ ဒီလေးခုမြောက် စိတ်ဝိညာဉ်ကို သုံးနှစ် အသုံးပြုနိုင်တယ်။ ခုကစပြီး သုံးနှစ်ကြာရင် မင်းက ငါ့ကို ဒီစိတ်ဝိညာဉ် ပြန်ပေးရမယ်…”

သွန်းထျန်က ထိတ်လန့်သွားပြီး ဝမ်လင်းကို ကြည့်ကာ စကားပြောဟန် ပြင်လိုက်သည်။ သို့သော် သွန်းထျန်ကနေ မရင်းနှီးသော အေးစက်စက် အော်ရာကို ခံစားလိုက်ရ၏။ သည်အော်ရာက သူ့ကို “မင်း စကားပြောတာနဲ့ အသတ်ခံရမယ်” လို့ ပြောနေသည့်အလား ထင်မှတ်ရ၏။ သွန်းထျန်က သည်လူက သူ့ကို ချက်ချင်း သတ်ပစ်မည်ကို သိပေ၏။ ထို့ကြောင့် သွန်းထျန် နှလုံးသားက တုန်ခါသွားပြီး သူက စကားဆက်ပြောခြင်း မပြုတော့ချေ။

ကျူးချွဲဇီက ခုမှ စိတ်သက်သာရာ ရဟန်ဖြင့် သက်ပြင်း ချနိုင်တော့သည်။ သူက လေးခုမြောက် စိတ်ဝိညာဉ်ကို ပြန်ပေးရမည်ဆိုလျှင် မည်သို့ပင်ဖြစ်စေ သည်လူနှင့် တိုက်ခိုက် ရတော့မည် ဖြစ်၏။ သို့ရာတွင် အခုသူက သည်လူ၏ စကားကို ကြားလိုက်သည့်အခါ ကျူးချွဲဇီက နည်းနည်းလေးတောင် တိုက်ခိုက်ဝံ့သည့် ယုံကြည်ချက် မရှိတော့ချေ။

ကျူးချွဲဇီက လက်နှစ်ဖက်ယှက်၍ နှုတ်ဆက်ပြီး ထွက်ခွာဟန် ပြင်သည်။

သို့သော် ဝမ်လင်းမျက်လုံးများက မောက်မာသည့် ဟန်ဖြင့် လက်ခနဲ ဖြစ်သွားပြီး သူက ပြောလိုက်သည်။ “မင်းက ဒီအဘိုးအို ဘယ်သူဘယ်ဝါဆိုတာ သိနေလောက်ပြီဆိုတော့ ငါ့ စည်းမျဉ်းကိုလည်း သိလောက်မှာပဲ။ မင်းက ဒီအတိုင်း ထွက်သွားချင်လို့လား…”

ကျူးချွဲဇီက အနည်းငယ် စဉ်းစားပြီးနောက် သူ့ညာလက်ကို မြှောက်လိုက်၏။ ထို့နောက် ဘယ်လက်ဖြင့် ဝှေ့ယမ်းကာ သူ့ညာလက်ရှိ လက်ချောင်း နှစ်ချောင်ကို ဖြတ်ထုတ် ပစ်လိုက်သည်။ “ဒါက ဂျူနီယာရဲ့အမှားပါ။ လက်ချောင်းနှစ်ခုက လုံလောက်ပါရဲ့လား…”

ဝမ်လင်းက ခေါင်းရမ်းကာ မောက်မာစွာ ပြော၏။ “နောက်တစ်ချောင်း ထားခဲ့ပါ…”

ကျူးချွဲဇီက အံကြိတ်မိလိုက်၏။ သည့်နောက် သူက နောက်ထပ် လက်တစ်ချောင်းကို ဖြတ်တောက် ပစ်လိုက်ပြန်သည်။ သူ့မျက်နှာက ဖြူရောသွားပြီး ဝမ်လင်းကို ကြည့်၏။

ထိုအခါ ဝမ်လင်းက ပြောလိုက်၏။ “ထွက်သွားစမ်း…”

ကျူးချွဲဇီက နောက်သို့ ခေါင်းပင် ပြန်စောင်းငဲ့ မကြည့်ဘဲ လျင်မြန်စွာ ထွက်သွားတော့သည်။ မျက်စိတစ်မှိတ် အတွင်း သူက အနီရောင် အလင်းတန်း အဖြစ်သို့ ပြောင်း၍ ပျောက်ကွယ် သွားတော့သည်။

ကီလိုမီတာ တစ်သိန်းအကွာအဝေး၌ ကျူးချွဲဇီက အံကြိတ်လိုက်ပြီး ကောင်းကင်ထက်သို့ မော့ကာ အော်ဟစ်လိုက်၏။

“ဒုတိယမျိုးဆက် ဟင်္သာပြဒါး…သူက ဘယ်လိုလုပ်ခုထိ အသက်ရှင် နေရတာလဲ။ အခု သူက ဟင်္သာပြဒါးဂြိုဟ်ရဲ့ ခေါင်းစီး ဖြစ်နေသေးလား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…။ တတိယမျိုးဆက် ဟင်္သာပြဒါးက ပြင်ပ ကျင့်ကြံသူတွေကို ခေါ်လာပြီး သူ့ကို လုပ်ကြံခဲ့တယ်။ သူက ဘယ်လိုလုပ် မသေသေးတာလဲ…”

သူက ပြန်လာသည့် တစ်လမ်းလုံး အော်ဟစ်လာခဲ့၏။ နောက်ဆုံး သူက ဟင်္သာပြဒါး နိုင်ငံအထက်သို့ ရောက်ရှိ လာခဲ့တော့သည်။ သူက ရုတ်တရက် လှည့်၍ ဖီးလုနိုင်ငံရှိရာသို့ လှမ်းကြည့် လိုက်သည်။ သူ့စိတ်ထဲရှိ ဒေါသက ပျောက်ကွယ် သွားခဲ့ပြီး သံသယ ဝင်လာခဲ့သည်။

“တစ်ခုခုတော့ မှားနေပြီ…။ ငါက ဒုတိယမျိုးဆက် ဟင်္သာပြဒါးအကြောင်း သိထားသလောက် ဆိုရင် ငါက ခုလို လွယ်လွယ်ကူကူ ပြန်လာနိုင်မှာ မဟုတ်ဘူး။ ဖြစ်နိုင်တာက သူက ခုမှနိုးထ လာရုံပဲ ရှိသေးပြီး အယောင်ဆောင် ထားတာများလား…”

***

Comment

Leave a Reply

Options

not work with dark mode
Reset