Switch Mode

အပိုင်း (၄၆၉)

သို့ရာတွင် သူက နောက်သို့ ဆုတ်ချင်သော်လည်း တိမ်လူကနေ ဖြစ်ပေါ်လာသည့် ဓားများက အလင်းထက်ပင် မြန်ဆန်နေသေးသည်။ ထို့ကြောင့် သည်ဓားများက သူ့နားသို့ အလွန်လျင်မြန်စွာ ရောက်ရှိ လာတော့သည်။

ကျူးချွဲဇီမျက်လုံးများက သုန်မှုန်နေကာ သူက သူ့ရှေ့တွင် ချိပ်တံဆိပ်တစ်ခု ဖန်တီးလိုက်၏။ သည် ချိပ်တံဆိပ် ထွက်ပေါ်လာသည့် အခိုက်တွင် အားကောင်းသော အော်ရာက သူ့ကို ဝန်းရသွား၏။ သည်အချိန်မှာပင် ဓားပျံများသည်လည်း ရောက်ရှိလာတော့၏။

ဘုန်း…။

ကုန်းမြေတစ်ခုလုံးတုန်လှုပ်သွားစေနိုင်သည့် အသံတစ်ခုက ကန်ထွက်လာခဲ့သည်။

ကျူးချွဲဇီက နောက်သို့ လွင့်စဉ်သွားပြီး အချိန်ခဏအတွင်း အရှိန်မသတ်နိုင်ခဲ့ချေ။

သူ့ရှေ့ရှိ အစိအရင်သည်လည်း ပျက်စီးသွားတော့၏။ သူက ဒဏ်ရာရခြင်း မရှိသော်လည်း သူ့မျက်နှာက ဖြူရော်သွားပြီး လေထဲတွင် ပျံ့နှံ့နေသည့် သူ့လွှမ်းမိုးနိုင်မှုကလည်း ပျောက်ကွယ် သွားတော့၏။

ဓားကိုးလက်သည်လည်း ပျောက်ကွယ်သွားပြီး စိတ်ဝိညာဉ် အပိုင်းအစများ အဖြစ်သို့ ပြောင်းလဲ သွားတော့၏။

သွန်းထျန်က သူ့ရှေ့ရှိမြင်ကွင်းကို ကြည့်ကာ ခါးသက်စွာ ပြုံးမိ၏။ “အံ့ဖွယ်ဟင်္သာပြဒါးချိပ် တံဆိပ်…”

ဟင်္သာပြဒါးချိပ်တံဆိပ်က မျိုးဆက် အဆက်ဆက်၏ ဟင်္သာပြဒါး ခေါင်းစီးများကသာ သင်ယူနိုင်သည့် မန္တာန်တစ်မျိုး ဖြစ်သည်။ ၎င်းကကျင့်ကြံရန် မလိုဘဲ ယခင်ဟင်္သာပြဒါး ခေါင်းစီးထံ ကနေ အမွေဆက်ခံရုံဖြင့် ရယူနိုင်၏။

သည်ချိပ်တံဆိပ်က ပထမဆုံး ဟင်္သာပြဒါးမျိုးဆက်က ဖန်တီးခဲ့ခြင်း မဟုတ်ချေ။ ၎င်းက ကျင့်ကြံခြင်း မဟာမိတ်အဖွဲ့ကြီးက သူတို့ကို ပေးခဲ့သော မန္တာန်ဖြစ်၏။

သည်အံ့ဖွယ် ဟင်္သာပြဒါး ချိပ်တံဆိပ်က လူတစ်ယောက်၏ ကျင့်ကြံခြင်း အဆင့်ကို တိုးမြှင့်ပေးနိုင်ခြင်း မရှိချေ။ သို့သော် ၎င်းချိပ်တံဆိပ်က အလွန်စွမ်းအား ကောင်း၏။ သည်မန္တာန်ကို တိုက်ခိုက်ခြင်းနှင့် ခုခံခြင်းနှစ်မျိုးတွင် အသုံးပြုနိုင်၏။

၎င်းမန္တာန်၏ တိုက်ခိုက်မှုစွမ်းအားက အရာအားလုံးကို ဖျက်စီးနိုင်စွမ်း ရှိနေ၏။ ခုခံမှုစွမ်းအားကလည်း ဟင်္သာပြဒါး အစီအရင်ထက်ပင် သာလွန်သေး၏။

မည်သူကမျှ ကျင့်ကြံခြင်း မဟာမိတ်အဖွဲ့ကြီးက သည်မန္တာန်ကို မည်သို့ ဖန်တီးခဲ့ကြောင်း မသိကြချေ။ အဆင့်ခြောက် ကျင့်ကြံခြင်း ဂြိုဟ်တစ်ခုတွင် လူတစ်ယောက်သာ အချိန်တစ်ချိန်၌ သည်မန္တာန်ကို သိနိုင်၏။ သည်လူ သေဆုံးသွားခြင်း မရှိဘူးဆိုလျှင် မည်သူကမျှ ထပ်၍ အသုံးမပြုနိုင်ချေ။ ပြီးခဲ့သော ဟင်္သာပြဒါးခေါင်းစီးက အသက်ရှင် နေဦးမယ်ဆိုရင်ပင် ခုလက်ရှိ ဟင်္သာပြဒါးခေါင်းစီးက သည်အံ့ဖွယ် ဟင်္သာပြဒါး ချိပ်တံဆိပ်ကို သင်ယူပြီးလျှင် အရင်မျိုးဆက် ဟင်္သာပြဒါး ခေါင်းစီးပင် သည်ချိပ်တံဆိပ်ကို အသုံးပြုနိုင်တော့မည် မဟုတ်ချေ။

ကောလဟာလ ပြောကြသည်က သည်အံ့ဖွယ် ဟင်္သာပြဒါးမန္တာန်ကို အသုံးပြုသည့် အခါ၌ ကုန်ကျစရိတ် အချို့ရှိသည်သာမက သင်ယူချိန်တုန်းကလည်း ကုန်ကျစရိတ် ရှိသည်ဟု ဆိုကြ၏။ ကျူးချွဲဇီ အသုံးပြုခဲ့သော ချိပ်တံဆိပ်က သည်ချိပ်တံဆိပ် ဖြစ်လို့နေ၏။

တိမ်များဖြင့် ဖွဲ့စည်းထားသည့်လူက ပြန့်ကျဲသွားခဲ့ပြီ ဖြစ်၏။ သွန်းထျန်မျက်နှာက ကျူးချွဲဇီကို စူးစိုက်ကြည့်နေရင်း သေလောက်အောင် ဖျော့တော့လို့ နေ၏။ သူက ရုတ်တရက် စတင်ရယ်မောလိုက်သည်။ “ငါ့ သက်တမ်းက ကုန်ဆုံးခါနီးနေပြီ။ မင်းလို သူခိုးအိုကြီးကို ဒီလိုအခြေအနေမှာ မြင်လိုက်ရတော့ ငါတကယ်ပဲ ကျေနပ်မိတယ်…”

ကျူးချွဲဇီအသွင်က ရုပ်စိုးလို့သွား၏။ သူက ဟောဟဲဟောဟဲ ဖြစ်နေသည် မဟုတ်လား။ သူက သည်ချိပ်တံဆိပ်ကို အသုံးမပြုလိုခဲ့ချေ။ အထူးသဖြင့် သူက သည်ချိပ်တံဆိပ်ကို တိုက်ခိုက်ရန် အတွက်သာ အသုံးပြုလိုခဲ့ခြင်း ဖြစ်၏။ သို့သော် သူက သူ့ကိုယ်သူ စွန့်ပစ်ခံ မသေမျိုးကလန်နှင့် တိုက်ခိုက်နိုင်ရန် အကောင်းဆုံး အခြေအနေ၌ ထားရန် လိုအပ်သောကြောင့်သာ အသုံးပြုခဲ့ခြင်း ဖြစ်၏။

“သွန်းထျန်..မင်းတို့ စိတ်ဝိညာဉ် သန့်စင်ခြင်း လကန်က ဟင်္သာပြဒါးနိုင်ငံရဲ့ အကိုင်းအခတ် တစ်ခုပဲလေ။ မင်းတို့ဘိုးဘေးက ပထမဆုံး မျိုးဆက် ဟင်္သာပြဒါးနဲ့ လက်တွဲပြီး စွန့်ပစ်ခံ မသေမျိုးကလန်ကို တိုက်ခိုက်ခဲ့ကြတယ်။ မင်းက ဒီနေ့ ဘာလို့ ခုလောက်ထိ ခေါင်းမာနေရတာလဲ။ မင်းက စိတ်ဝိညာဉ် အလံကို လက်လွှဲ ပေးလိုက်တာနဲ့ ငါက မင်းတို့ကလန် ပြန်တည်ဆောက်နိုင်ဖို့ ကူညီပေးမည်။ မင်းအတွက် တပည့်တွေလည်း ပိုစုဆောင်းပေးမယ်။ မင်းတို့ စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်ကို ကိုယ်ပိုင်နိုင်ငံတစ်ခု ဖြစ်လာအောင်ထိ ငါကူညီပေးနိုင်တယ်…”

သွန်းထျန်မျက်လုံးများက လက်ခနဲ ဖြစ်သွား၏။ သူက လှောင်ပြုံးပြုံးသည်။ “သူခိုးအိုကြီး ကျူးချွဲဇီ…. ငါ ခုသိလိုက်ပြီ။ မင်းက ဒဏ်ရာရမှာ ကြောက်နေတာပဲ။ မဟုတ်ရင် မင်းက စောနကလို ရှက်စရာကောင်းတဲ့ အခြေအနေ ဖြစ်နေမှာ မဟုတ်ဘူး။ စွန့်ပစ်ခံ မသေမျိုး ကလန်ကနဲ့ တိုက်ပွဲက စတင်နေပြီ။ မင်းက ဒီနေရာမှာ ကြာကြာမနေနိုင်မှာ စိုးရိမ်မိပါတယ်…”

ကျူးချွဲဇီက မျက်မှောင်ကြုတ်၍ အေးစက်စွာ ပြောလိုက်သည်။ “စွန့်ပစ်ခံ မသေမျိုးကလန်ရဲ့ သစ်ရွက်ဆယ့်တစ်ရွက် ဘိုးဘေးက သန်မာတယ် ဆိုပေမဲ့လည်း… ငါ့မှာလည်း ဝှက်ဖဲ တစ်ချပ် ရှိနေတာပဲ။ ငါသာ ဒါကို ထုတ်ဖော်လိုက်ရင် စွန့်ပစ်ခံမသေမျိုးကလန်က သေချာပေါက် သေရလိမ့်မယ်။ သွန်းထျန်…ငါ မေးကို နောက်ဆုံးအကြိမ်မေးမယ်…။ မင်း ဒီအလံကို လက်လွှဲ ပေးမှာလား၊ မပေးဘူးလား…”

သွန်းထျန်မျက်လုံးများက အေးစက်သွား၏။ သူက လေအေးတစ်ချက် ရှိုက်သွင်း လိုက်ပြီး သူ့လက်ကို ဝှေ့ယမ်း လိုက်သည်။ ခရမ်းရွှေ‌ရောင် အလင်းတစ်ခုက အလံပေါ်၌ တဖျပ်ဖျပ် ဖြစ်နေ၏။ သို့သော် ၎င်းအလင်းက မတည်ငြိမ်ချေ။

“သူခိုးအိုကြီး ကျူးချွဲဇီ…ငါက မင်းကို ခုထွက်သွားဖို့ အကြံပေးမယ်။ ငါ့ကို လေးခုမြောက် စိတ်ဝိညာဉ်ကို ထုတ်ဖော်ဖို့ အတင်းဖိအား မပေးပါနဲ့…” သွန်းထျန်အသံထဲ၌ ဆုံးဖြတ်ချက် ပြတ်သားမှုများနှင့် ပြည့်နေ၏။

ကျူးချွဲဇီအသွင်က ရုပ်စိုးသွား၏။ သို့သော် သူက စိတ်ထဲ၌ နှခေါင်းရှုံ့ လိုက်သည်။ သူက သည် လေးခုမြောက် စိတ်ဝိညာဉ် ထွက်ပေါ်လာရန် စောင့်နေခြင်း ဖြစ်သည်။ တကယ်တော့ သူ အမှန်တကယ် လိုချင်သည်က လေးခုမြောက်စိတ်ဝိညာဉ်သာ ဖြစ်လေ၏။

ဟင်္သာပြဒါးမျိုးဆက်တိုင်းက လေးခုမြောက် စိတ်ဝိညာဉ်ကို လေ့လာခဲ့ပြီး စိတ်ဝိညာဉ် ဆယ်သန်းအလံကို အနိုင်ယူနိုင်ရန် မျှော်လင်ခဲ့၏။ ကျူးချွဲဇီက သူ့ကိုယ်သူ အနိုင်ရရန် ရှစ်ဆယ်ရာခိုင်နှုန်း ယုံကြည်ချက် ရှိလေသည်။ သည့်အတွက်ကြောင့်လည်း သူက သည်နေ့ လာရောက်ခဲ့ခြင်း ဖြစ်လေ၏။

အနည်းငယ်စဉ်းစားပြီးနောက် ကျူးချွဲဇီက ဖြည်းညင်းစွာ ပြောလိုက်သည်။ “ငါက မှတ်တမ်းတွေထဲမှာ လေးခုမြောက်စိတ်ဝိညာဉ်ရဲ့ စွမ်းအားနဲ့ ပတ်သက်ပြီး ကြားခဲ့ဖူးနေတာ။ ဒါပေမဲ့ ကိုယ်တိုင်ကိုယ်ကျ တစ်ခါမှ မမြင်ခဲ့ဖူးဖူး။ ဒီအခွင့်ရေးကို အသုံးချပြီး ငါက ဒီလေးခုမြောက် စိတ်ဝိညာဉ်က ဘယ်လောက် ထူးခြားလည်း ကြည့်ချင်နေမိပြီ…”

သွန်းထျန်က အံတင်းတင်းကြိတ်၍ သူ့နှဖူးထံသို့ လက်ညွှန်လိုက်သည်။ သူက ရွှေရောင် အလင်းလုံး တစ်ခုကို ထုတ်ယူလိုက်ပြီး စိတ်ဝိညာဉ် အလံပေါ်သို့ ချက်ချင်း ဖိချလိုက်သည်။ ခရမ်းရွှေရောင် အစက်တစ်စက်က အလံထဲကနေ ပျံသန်း ထွက်ပေါ်လာ၏။

“ကမ္ဘာလောက ကြီးမှာ ဒြပ်စင်ငါးခု ခွဲခြားထားပြီး ဒီဒြပ်စင်တွေက တစ်ခုနဲ့တစ်ခု သဟဇာတ ဖြစ်နေပြီး အမျိုးမျိုး စိတ်ဝိညာဉ်အရင်းအမြစ်တွေကို ဖန်တီးခဲ့တယ်။ ဒြပ်စုတစ်ခု ရှိခြင်းက သင်ဟာ ကျင့်ကြံနိုင်တယ်လို့ ဆိုလိုတယ်။ နှစ်ခုရှိခြင်းက တော်နေပြီလို့ ဆိုလိုတယ်။ သုံးခုရှိခြင်းကတော့ ပါရမီရှိလို့။ လေးခုရှိခြင်းကတောင့် ကောင်းကင်ဘုံထိ ထိုးတက်နေတဲ့ ပါရမီရှင်၊ ငါးခု ရှိရင်တော့ ပြည့်စုံခြင်း…”

“ဒီဒြပ်စင်ငါးခုတွေကတော့ သတ္တု၊ သစ်သား၊ ရေ၊မီး နဲ့ မြေကြီး တို့ဖြစ်ကြတယ်။ နှစ်ခုရှိဖို့က ရှားတယ်။ သုံးခု ရှိဖို့က ပိုပြီးတော့တောင် ရှားပါးလွန်းတယ်။ လေးခု ရှိဖို့က မဖြစ်နိုင်သလောက်ပဲ။ ငါးခု ရှိတဲ့ လူကတော့ ဘယ်သူကမှ မကြားဖူးသေးဘူး…”

“လေးခုမြောက်စိတ်ဝိဉာည်က ရှားပါးလွန်းတဲ့ ပုဂ္ဂိုဟ်တစ်ယောက် ဖြစ်တယ်။ သူက ဒြပ်စု သုံးခု ရှိတဲ့လူ ဖြစ်တယ်။ သူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်မှာ သေဆုံးခဲ့ရပေမဲ့ စိတ်ဝိညာဉ် သန့်စင်ခြင်းကလန်က အထူးနည်းလမ်းတစ်ခု အသုံးပြုပြီး သူ့စိတ်ဝိညာဉ်ကို အာဏာတက်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူတွေတောင် ထိတ်လန့်ရတဲ့ အရာတစ်ခု အဖြစ် ပြောင်းလဲ နိုင်ခဲ့ကြတယ်…”

“ဒီစိတ်ဝိညာဉ်ကို ဖမ်းဖို့ ဆိုရင် လူတစ်ယောက်က အကြိမ်ကြိမ် စဉ်းစားဖို့လိုတယ်။ ဒီတစ်ယောက်က သက်တမ်း ကုန်ဆုံးခါနီး ချိန်မှာ ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်ကို ဖွင့်လှစ်နိုင်ရမယ်…”

လေးခုမြောက် စိတ်ဝိညာဉ်နှင့် ပတ်သက်သည့် မှတ်တမ်းများက ကျူးချွဲဇီ ခေါင်းထဲ၌ ပေါ်လာခဲ့၏။

ကျူးချွဲဇီက အလေးအနက် ပြောလိုက်၏။ “သတ္တုသုံးခု စိတ်ဝိညာဉ်…”

သွန်းထျန်က ခြောက်ကပ်ကပ် ရယ်မောလိုက်၏။ သူ့မျက်လုံးများက မှိန်ဖျော့လို့နေ၏။ အကြောင်းကတော့ သူက လေးခုမြောက် စိတ်ဝိညာဉ်ကို သူ့လက်ကျန် သက်တမ်းနှင့် အသက်သွင်း လိုက်သည့်အတွက် ဖြစ်သည်။

လေးခုမြောက် စိတ်ဝိညာဉ်ကို ဆင့်ခေါ်ရန်က ပုံမှန်အတိုင်း ပြုလုပ်၍ မရချေ။ တစ်စုံတစ်ယောက်က သူ့သက်တမ်းကို လျော့နည်းစေပြီးမှသာ ၎င်းကို စိတ်ဝိညာဉ် အလံထဲကနေ ထုတ်ယူနိုင်၏။

လေးခုမြောက်စိတ်ဝိညာဉ် ပေါ်လာသည်နှင့် ၎င်းက မျက်စိကျိန်း လောက်သော ခရမ်းရွှေရောင်အလင်း တောက်ပလာသည်။ သည်တောက်ပမှုထဲ၌ အရာတစ်ခုသာ ရှိလို့နေ၏။ ၎င်းအရာကတော့ ပါးလွှာသော အပ်တစ်ချောင်းပင်။

သည်အပ်က ကြီးမားခြင်း မရှိဘဲ လက်မအရွယ်ခန့်သာ ရှိ၏။ မက အလွန် အားကောင်းသော အော်ရာကို ထုတ်လွှတ်နေ၏။ ဟင်္သာပြဒါးဓားကနေ ထုတ်လွှတ်နေသည့် အော်ရာထက်ပင် ပို၍ ပြင်းထန်သေးသည်။

သတ္တုသုံးခု စိတ်ဝိညာဉ်က ကောင်းကင်ဘုံ ရတနာတစ်ခု ဖြစ်သည်။ ၎င်းက မည်သည့် အရာဝတ္ထုကို မဆိုဖော်ထွက်နိုင်စွမ်း ရှိ၏။ ၎င်းစိတ်ဝိညာဉ်အားက မူလစိတ်ဝိညာဉ် များကို အန္တရာယ် ပေးနိုင်စွမ်း ရှိ၏။

သွန်းထျန် မျက်လုံးများက လက်ခနဲ ဖြစ်သွား၏။ သူက ပြောလိုက်သည်။ “လေးခုမြောက် စိတ်ဝိညာဉ်…သတ်…”

ခရမ်းရွှေရောင်အပ်က ဖျပ်ခနဲ တောက်ပသွားပြီး ပျောက်ကွယ် သွားတော့၏။

ကျူးချွဲဇီအသွင်က ပြောင်းလဲသွားပြီး သူက နောက်သို့ ဆုတ်သည်။ တစ်ချိန်တည်းမှာပင် သူက လက်ဝှေ့ယမ်းပြီး ဟင်္သာပြဒါးဓားကို သူ့အား ကာကွယ်စေသည်။ ဒင်ခနဲ မြည်သံတစ်ချက်နှင့် အတူ အပ်အရွယ် အပေါက်တစ်ပေါက်က ဟင်္သာပြဒါးဓားပေါ်၌ ပေါ်လာခဲ့၏။

တစ်ပြိုင်နက်တည်းမှာပင် ကျူးချွဲဇီက မာန်သွင်း၍ လေထဲသို့ လက်ညွှန်သည်။ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များက သူ့ခန္ဓာကိုယ်၌ မြင့်တက်လာခဲ့သည်။ သူက လက်ညှိုးဖြင့် အောက်သို့ ပြန်ဖိချ၏။

ပေါက်ကွဲသံတစ်ချက်နှင့်အတူ ကျူးချွဲဇီက နောက်သို့ ခြေသုံးလှမ်း ဆုတ်သွား၏။ ခရမ်းရွှေရောင် အလင်းကလည်း ထပ်မံ ပျောက်ကွယ်သွား၏။ သို့သော် ကျူးချွဲဇီက လေးခုမြောက် စိတ်ဝိညာဉ်က သူ့ပတ်လည်တွင် ရှိနေသေးကြောင်း သိလေသည်။

သူ့အသွင်ကအေးစက်နေပြီး သူက ပြောလိုက်၏။ “ကျူးလေးခုမြောက် စိတ်ဝိညာဉ်က တကယ့်ကို အားကောင်းတယ်။ ဒါပေမဲ့ သွန်းထျန် မင်းက အာဏာတက်ခြင်း အဆင့် အစောပိုင်းအဆင့်မှာ ရှိပြီး ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်တွေကို စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ထက် ပိုအသုံးပြုနိုင်မယ်ဆိုရင် ဒီလေးခုမြောက် စိတ်ဝိညာဉ် အပ်ကို ပိုမြန်ဆန်စေပြီး စွမ်းအားလည်း ပိုကောင်းစေမှာ။ အဲ့ကျရင် ငါက ဒီနေ့မှာ လှည့်ပြန်ရလိမ့်မယ်။ ဒါပေမဲ့ မင်းက ငါ့ကို သတ်ချင်တယ် ဆိုရင်တော့ ဒီလေးခုမြောက် စိတ်ဝိညာဉ်က လုံလောက်အောင် မမြန်သေးဘူး…”

ကျူးချွဲဇီစကားထဲ၌ ရယ်ရွယ်ချက်တစ်ခု ရှိသည်။ သူက လေးခုမြောက် စိတ်ဝိညာဉ်ကို ဖမ်းလိုခြင်းက အခုချိန်၌ မဟုတ်ချေ။ သူက လေးခုမြောက် စိတ်ဝိညာဉ်သည် ပိုမို စွမ်းအားကောင်းသည့် အနေထား၌သာ လိုချင်ခြင်း ဖြစ်၏။ လေးခုမြောက် စိတ်ဝိညာဉ်က ပိုမိုစွမ်းအား ကောင်သော အခြေအနေသို့ ရောက်ရန် စိတ်ဝိညာဉ် အပိုင်းအစများနှင့် မူလ စိတ်ဝိညာဉ်များကို ဝါးမျိုရန်လိုအပ်လေ၏။

အကြံဉာဏ်ချင်း ယှဉ်ရာ၌ သွန်းထျန်က ကျူးချွဲဇီဟု ပြိုင်ဘက် လုံးဝ မဖြစ်နိုင်ချေ။

သွန်းထျန်က ကျူးချွဲဇီကို စူးစိုက်ကြည့်၏။ သူက လေထဲသို့ လက်ညွှန်သည်။ ထိုအခါ စိတ်ဝိညာဉ် အပိုင်းအစများက ပြိုကျလာ၏။

သည်စိတ်ဝိညာဉ်အပိုင်းအစများ ပြိုကျသည့်ပုံက အမှန်ပင် ထူးဆန်းလှ၏။ သူတို့က ပြိုကျသွားသည့် အချိန်တိုင်း ခရမ်းရောင် အလင်းတစ်ချက် လက်လက် သွားသည်။ သည်အရာက လျင်မြန်စွာ ဖြစ်ပျက်သွားခြင်းပင်။ စိတ်ဝိညာဉ် အပိုင်းအစများစွာက သိပ်မကြာခင်တွင် ပြိုကျ သွားတော့၏။

ခရမ်းရောင်အလင်းကလည်း ပိုပိုမြန်ဆန်လာပြီး နောက်ဆုံးတင် ခရမ်းရောင် မျဉ်းလိုင်း တစ်ခုကိုသာ မြင်နိုင်တော့သည်။

သည်အရာက မရေမတွက်နိုင်သော စိတ်ဝိညာဉ် အပိုင်းအစများက လေးခုမြောက် စိတ်ဝိညာဉ်၏ စုပ်ယူခြင်းကို ခံလိုက်ရခြင်း မည်၏။ သွန်းထျန်က သည်စိတ်ဝိညာဉ်များနှင့်ပတ်သက်၍ ပူပန်ခြင်း မရှိချေ။

ကျူးချွဲဇီမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက လှုပ်ရှားရန် ဟန်ပြင်လိုက်ပြီးမှ ပြန်ဆုတ်၏။ ရုတ်တရက် အပ်အရွယ် အပေါက်တစ်ခုက သူ့လက်၌ ပေါ်လာခဲ့ပြီး ဒီဒဏ်ရာကနေ သူ့အသွေးအသားများ ယိုစီးကျလာ၏။

သည်အခိုက်မှာပင် ပိုများသော စိတ်ဝိညာဉ် အပိုင်းအစများက ပြိုကျလာ၏။ အကြောင်းကတော့ မူလစိတ်ဝိညာဉ် လေးခုပင် လေးခုမြောက် စိတ်ဝိညာဉ်၏ စုပ်ယူခြင်းကို ခံလိုက်ရသောကြောင့် ဖြစ်၏။ ၎င်း၏ အမြန်နှုန်းကလည်း ပိုမိုမြန်ဆန်လာပြီး ဖော်ပြ၍ပင် မရတော့ချေ။

သွန်းထျန်နှလုံးသားက အခုခါတွင်တော့ နာကျင်နေရ၏။ အကြောင်းကတော့ လေးခုမြောက် စိတ်ဝိညာဉ်က မူလစိတ်ဝိညာဉ် ဆယ်ခုနှင့်အတူ စိတ်ဝိညာဉ်အလံ၏ စိတ်ဝိညာဉ် အပိုင်းအစများ အားလုံး၏ သုံပုံတစ်ပုံကို စုပ်ယူလိုက်ပြီ ဖြစ်သောကြောင့်ပင်။ စိတ်ဝိညာဉ် အလံက သည်လို ဆုံးရှုံးမှုမျိုး မဖြစ်သည်မှာ အချိန်အလွန်ကြာမြင့်ခဲ့ပြီ ဖြစ်၏။ သွန်းထျန်က အသက်ဝဝ ရှူသွင်း၍ အော်လိုက်သည်။ “လေးခုမြောက်စိတ်ဝိညာဉ်….ရပ်…”

ခရမ်းရွှေရောင်အလင်းက ရပ်တန့်သွားပြီးနောက် ကျူးချွဲဇီထံသို့ တစ်ဟုန်ထိုး တိုးဝင်သွား၏။

ကျူးချွဲဇီက သက်ပြင်းချမိသည်။ သူက လေးခုမြောက် စိတ်ဝိညာဉ်က စိတ်ဝိညာဉ် အပိုင်းအစ အားလုံးကို ဝါးမျိုပစ်ရန် လိုချင်နေခဲ့သည် မဟုတ်လား။ ထို့နောက်မှသာ သူက အရင်ဟင်္သာပြဒါး ခေါင်းစီးများ၏ နည်းလမ်းကို အသုံးပြု၍ ယင်းလေးခုမြောက် စိတ်ဝိညာဉ်ကို ဖမ်းဆီးရန် ဖြစ်၏။ ကံမကောင်းစွာဖြင့် သွန်းထျန်က ဝါးမြိုခြင်းကို ရပ်တန့်ခိုင်းခဲ့သည်။ ကျူးချွဲဇီက မည်သို့မျှ ထပ်မံမပြောတော့ချေ။ မဟုတ်လျှင် သူ့ရည်ရွယ်ချက်က ပေါ်လွင်သွားနိုင်ပေ၏။

ကျူးချွဲဇီက နောက်သို့ ဆက်၍ ဆုတ်နေသည်။ သူက ဆုတ်နေရင်းဖြင့် သူ့ရှေ့ရှိ လေထုထဲသို့ လက်ညွှန်ထား၏။ အသံအက်ကွဲသံများက ဆက်တိုက် ထွက်ပေါ်နေပြီး ကျူးချွဲဇီကို နောက်သို့ ပိုမြန်ဆန်စွာ ဆုတ်သွားစေ၏။ သူထံ၌လည်း အပ်ဒဏ်ရာများစွာ ရရှိနေပြီး ယင်းဒဏ်ရာများကနေ သွေးများစီးကျနေ၏။

သူက အပ်ပေါက်ရာ တစ်ခု ဖြစ်ပေါ်လာတိုင်း သူ့အသွင်က ပိုပို ရုပ်စိုးသွားသလို အော်ရာကလည်း အားလျော့ လာလေ၏။

သို့ရာတွင် သူ့သွေးများက လေးခုမြောက် စိတ်ဝိညာဉ် အပ်ကို ဖုံးလွှမ်းလာခဲ့သည်။

ကျူးချွဲဇီ မျက်လုံးက အေးစက်လာပြီး သိုလှောင်အိတ် ထဲကနေ အနီရောင် ဘူးသီးခြောက်ငယ် တစ်ခုကို ထုတ်ယူလိုက်၏။ သည့်နောက် သူက ချိပ်တံဆိပ် တစ်ခုကို ဖြစ်ပေါ်စေပြီး ပြောလိုက်၏။ “သန့်စင်ခြင်း…”

စကား တစ်ခွန်းတည်းဖြင့် သည်ဘူးသီးခြောက်ငယ် ထဲကနေ အဖြူရောင် မီးတောက် အမျှင်တန်းတစ်ခု ထွက်ပေါ်လာ၏။ သည်မီးတောက်က ပေတစ်ထောင် ပတ်လည်သို့ ချက်ချင်း ပျံ့နှံ့သွားပြီး မီးပင်လယ်ကြီးတစ်ခု ဖြစ်လာ၏။ သည်မီးများက တောင်ဝင် ဟင်္သာပြဒါး မီးတောက်ထက် ပိုမိုအားကောင်းပေ၏။

“မင်းရဲ့ သတ္တုသုံးခု စိတ်ဝိညာဉ်ကပဲ ကောင်းကင်ဘုံ မီးတောက် ဘူးသီးခြောက်ထက် သန်မာနိုင်လား ကြည့်ရတာပေါ့…။ ငါက ဒီလေးခုမြောက် စိတ်ဝိညာဉ်ကို မွန်းမံ သန့်စင်ပစ်မယ်…”

မီးတောက်ပင်လယ်ထဲ၌ ခရမ်းရွှေရောင်အပ်က ပေါ်လာခဲ့ပြီး အနီ‌ရောင်သို့ ပြောင်းသွားလေ၏။ ၎င်းက အရည်ပျောက်သွားခြင်း မရှိသော်လည်း ကျူးချွဲဇီသွေးများက လေးခုမြောက် စိတ်ဝိညာဉ်နှင့် ပေါင်းစပ် သန့်စင် နေလေ၏။

သည်အခိုက်တွင် လေးခုမြောက် စိတ်ဝိညာဉ်အပ်က လျင်မြန်စွာ လှည့်ပတ်လိုက်ရာ လေပြင်း တစ်ခုကို ဖြစ်စေ၍ မီးတောက် ပင်လယ်ကို အပေါက်တစ်ခု ဖြစ်သွားစေသည်။

“စိတ်ဝိညာဉ်…လွတ်မြောက်ခြင်း…” သွန်းထျန်က ထိုသို့အော်ဟစ်၏။ ခရမ်းရွှေရောင် အပ်က ပျောက်ကွယ် သွားပြီး ကျူးချွဲဇီ ရှိရာသို့ ပျံသန်းလာတော့သည်။

ကျူးချွဲဇီမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူ့မျက်နှာပေါ်၌လည်း ပျော်ရွှင်နေသည့်ဟန် ရသည်။ သူက ရယ်မောကာ ပြော၏။ “သွန်းထျန်… မင်းက ငါ့ကို စိတ်ဝိညာဉ်အလံ မပေးချင်တဲ့ အတွက် ငါက အတင်း မတောင်းဆိုတော့ဘူး။ ဒါပေမဲ့ ဒီလေးခုမြောက် စိတ်ဝိညာဉ်ကိုတော့ ယူသွားရလိမ့်မယ်…”

ကျူးချွဲဇီက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ အနက်ရောင် ရွှံ့တုံးတစ်ခုက ထွက်ပေါ်လာခဲ့သည်။ သူက သွေးအချို့ကို သည်ရွှံ့တုံးပေါ်သို့ ထွေးထုတ်လိုက်၏။ ထို့နောက် ၎င်းရွှံ့တုံးထံကနေ အနက်ရောင် အမျှင်တန်းတစ်ခု ထွက်ပေါ်လာ၏။

ကျူးချွဲဇီလက်က သည်အမျှင်တန်းကို လမ်းညွှန်လိုက်ရာ ထူးဆန်းသော သင်္ကေတတစ်ခု ဖြစ်သွားလေ၏။

“ဒီအဘိုးအိုက ဟင်္သာပြဒါး ခေါင်းစီးဆိုတဲ့ အဆင့်အတန်းကို အသုံးပြုပြီး ငါ့သက်တမ်းရဲ့ (၉၀)ရာခိုင်နှုန်းကို ပေးပြီး ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်ကို ဖွင့်လှမ်ခဲ့တယ်။ ငါက ကျင့်ကြံခြင်း မဟာမိတ် အဖွဲ့အစည်းကြီးက ငါတို့ကို လက်ဆောင် အဖြစ်ပေးခဲ့တဲ့ “ရပ်တန့်ခြင်း” နယ်ပယ်ကို အသုံးပြုလိုခဲ့တယ်…” ထိုသို့ ပြောဆိုပြီးနောက် သူက ညာလက်ကို မြှောက်၍ သင်္ကေတထံသို့ လက်ညွှန် လိုက်သည်။ ထို့နောက် ယင်းသင်္ကေတက မြန်ဆန်စွာ ပျံသန်း ထွက်သွားပြီး ကျူးချွဲဇီ၏ သုံးပေအကွာတွင် ပျောက်ကွယ်သွားတော့သည်။

သည်အခိုက်တွင် ပေတစ်ထောင် အတွင်းရှိ အရာအားလုံးက ရပ်တန့် သွားတော့၏။

ထိုသင်္ကေတ ပျောက်ကွယ်သွားသည့် အခိုက်တွင် ခရမ်းရွှေရောင် အလင်းတစ်ချက် တောက်ပသွားပြီး ခရမ်းရွှေရောင် အပ်က ထွက်ပေါ်လာသည်။

ကျူးချွဲဇီက သူ့လက်ကို ဆန့်တန်းလိုက်ပြီး လေးခုမြောက် စိတ်ဝိညာဉ်ကို ဖမ်းယူလိုက်၏။ သည်အခိုက်မှာပင် အချိန်က ရပ်တန့်နေရာမှ ပြန်လည် လှုပ်ရှားလာခဲ့၏။

ကျူးချွဲဇီက ရှေ့သို့ တိုးသွား၏။ သူ့မျက်နှာက ကြမ်းကြုတ်နေပြီး သွန်းထျန်ထံသို့ လက်ဆန့်တန်း လိုက်သည်။

သွန်းထျန်က သက်ပြင်းချ၏။ သူက မီးတောက်များကြောင့် ပျက်စီး သွားခဲ့သော သူ့နောက်ရှိ လိုဏ်ဂူရှိရာသို့ လှည့်ကြည့်၍ မျက်လုံး မှိတ်ထားလိုက်တော့သည်။

သို့သော် ကျူးချွဲဇီ လက်ဆန့်တန်းလိုက်သည့် အခိုက်မှာပင် ခပ်နက်နက် ရယ်သံတစ်ခုက ဝမ်လင်းရှိခဲ့သော လိုဏ်ဂူနေရကနေ ထွက်ပေါ်လာ၏။

“ဒီအဘိုးအိုအတွက် အခုထွက်သွားစမ်း…”

ကျူးချွဲဇီ အသွင်က ပြောင်းလဲသွား၏။ သူက သူ့မူလစိတ်ဝိညာဉ် ထံကနေ နာကျင်မှုကို ခံစားလိုက်ရသည်။ သည့်အပြင် သူက ဟင်္သာပြဒါး ခေါင်းစီး ဖြစ်လာကတည်းက တစ်ခါမျှ မခံစားရတော့သည် ကြောက်ရွံ့မှုကိုပါ ခံစားလိုက်ရ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset