Switch Mode

အပိုင်း (၄၆၈)

ကျုးချွဲဇီ

“သွန်းထျန်…” ကျုးချွဲဇီက အနီရောင် တောက်တောက် ဝတ်စုံဖြင့် ရှိနေပြီး သူ့ဆံပင်များက လေမတိုက်ပါဘဲနှင့် လွင့်မြောလို့ နေသည်။ သူက ရှေးဟောင်းကာ ဖိနှိပ်ရန်လိုသော အော်ရာလည်း ထုတ်လွှတ်နေ၏။

သည်လူက ကောင်းကင်ထက်တွင် မတ်တတ်ရပ်နေပြီး သည်ဟင်္သာပြဒါး ဂြိုဟ်ကြီးအပေါ်သူ့ လွှမ်းမိုးခြယ်လှယ်နိုင်မှုအား ပြသလို့နေသည်။

သူက ဟင်္သာပြဒါးဂြိုဟ်၏ တစ်ဦးတည်းသော အာဏာတက်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူ တစ်ယောက်ပင် ဖြစ်ချေ၏။ သူက ခုလက်ရှိ ဟင်္သာပြဒါးနိုင်ငံ၏ ခေါင်းစီး အုပ်ချုပ်သူလည်း မည်ပေသည်။

ကျူးချွဲဇီက တည်ငြိမ်စွာ ပြောလိုက်သည်။ “အတိတ်တုန်းက ငါ့ ဟင်္သာပြဒါးနိုင်ငံနဲ့ မင်းတို့ စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်တို့က ကတိကဝတ် တစ်ခု ပြုထားခဲ့ကြတယ်။ ဒီကတိက ငါတို့ ဟင်္သာပြဒါး နိုင်ငံအန္တရာယ်နဲ့ ရင်ဆိုင်ရရင် မင်းတို့ကလန်က စိတ်ဝိညာဉ် ဆယ်သန်းအလံ ငါတို့ကို ငှားရမယ်ဆိုတာပဲ။ ဒီနေ့ ဒီအဘိုးအိုက ဒီနေရာကို လာရတာက အလံလာငှားတာပဲ။ သွန်းထျန် အဲ့အလံကို ယူလာပါ…”

“အဓိပ္ပာယ်မရှိလိုက်တာ…” သွန်းထျန်က စိတ်ဝိညာဉ် ဆယ်သန်းအလံကို တင်းကြပ်စွာ စုပ်ကိုင်၍ ကျူးချွဲဇီကို စူးစိုက်ကြည့်ကာ အော်ပြောလိုက်သည်။

ကျူးချွဲဇီက သွန်းထျန်ကို ကြည့်ကာ ခေါင်းအနည်းငယ် ခါလိုက်၏။ သည့်နောက် သက်ပြင်းချကာ ပြောသည်။ “ ဒီကိစ္စက ပထမမျိုးဆက် ဟင်္သာပြဒါး ခေါင်းစီးနဲ့ မင်းတို့ကလန် တည်ထောင်သူ ဘိုးဘေးတို့ကြားက ကိစ္စပဲ။ ဒီတော့ မင်းမသိတာက သဘာဝကျပါတယ်။ ဒါပေမဲ့ ငါက ဒီအကြောင်းကို ရှေးမှတ်တမ်းတွေကနေ သိလာခဲ့တာပဲ။ ဒီနေ့ ငါ မင်းတို့ကလန်ကို ရောက်လာတဲ့ အကြောင်းက ဒီအလံကို ငှားဖို့ပဲ…” ထိုသို့ပြောပြီးသည်နှင့် သူက လက်ဆန့်တန်း လိုက်သည်။ ကောင်းကင်က အရောင်ပြောင်းသွားပြီး အရပ်မျက်နှာအနှံ့ကနေ အနီရောင်အလင်းများ စုစည်းလာကြ၏။ သည်အနီရောင် အလင်းမျးက ဧရာမလက်တစ်ဖက်ကြီး အသွင်ပြောင်း၍ သွန်းထျန်ထံသို့ ဆင်းသက် ဖိနှိပ်လာသည်။

သွန်းထျန်က အော်ပြောလိုက်သည်။ “သူခိုးအိုကြီး…” သူက ထိုသို့ပြောဆိုပြီးပြီးချင်း စိတ်ဝိညာဉ် အလံကို လှုပ်ရမ်းလိုက်ရာ စိတ်ဝိညာဉ် ဆယ်သန်း အပိုင်းအစများ ထုတ်လွှတ် လာသည်။ လေးခုမြောက် မူလစိတ်ဝိညာဉ်က လွဲ၍ ကျန်သည့် မူလစိတ်ဝိညာဉ် အပိုင်းအစ (၃၅) ခုက ပျံသန်း ထွက်ပေါ်လာကြ၏။

သည်နေရာ၏ ကီလိုမီတာ တစ်ရာတစ်ခုလုံးသည် စိတ်ဝိညာဉ် အပိုင်းအစများနှင့် ဖုံးလွှမ်းသွား၏။ သည်စိတ်ဝိညာဉ် အပိုင်းအစများ၏ အော်ညည်းသံများက သည်ဧရိယာတွင် ပြည့်နှက် နေခဲ့သည်။

ကီလိုမီတာတစ်ရာ အတွင်းရှိ မြေပြင်က သည်အသံကြောင့် စတင်တုန်ခါလာပြီး ပတ်ဝန်းကျင်ရှိ တောင်တန်းများက ပြိုကျလာခဲ့သည်။

မူလစိတ်ဝိညာဉ် (၃၅)ခုက ကြမ်းကြုတ်စွာဖြင့် အနီရောင်လက်ကြီးကို အပိုင်းပိုင်း ဆွဲဖြဲပစ်သည်။ သည့်နောက် သူတို့က ကျူးချွဲဇီကို ရက်စက်ကြမ်းကြုတ်စွာ စူးစိုက် ကြည့်နေကြ၏။

ကျူချွဲဇီက သူ့ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ် အပိုင်းအစများကို ကြည့်သည်။ သည့်နောက် သူက မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး တည်ငြိမ်စွာ ပြောလိုက်၏။ သွန်းထျန်…မင်းခု ခုလောက်ထိ ခေါင်းမာ လွန်းနေတော့လဲ ငါက မင်းရဲ့ ဘိုးဘေးတွေအစား အပြစ် ပေးရတော့မှာပေါ့။ ငါက မင်းရှိကာ စိတ်ဝိညာဉ် ဆယ်သန်းအလံကို လာငှားတာလို့ ပြောခဲ့တယ်။ ဒါ့ကြောင့် ဒါကို ငှားလိုက်ရင် ငါက မင်းကို ပြန်ပေးမယ်…။

သွန်းထျန်က လှောင်ပြောင် ရယ်မောလိုက်သည်။ “ ငှားတာ…။ မင်းက ဒါကို ဘယ်လောက် ကြာအောင် ငှားချင်တာလဲ…”

ကျူးချွဲဇီအသွင်က အလေးအနက် ဖြစ်သွားပြီး သူက ပြောလိုက်သည်။ “ဒီအလံကို ငါ့ ဟင်္သာပြဒါးနိုင်ငံကို နှစ်ပေါင်းတစ်သောင်း ငှားပါ။ ငါက နှစ်တစ်သောင်း ကြာပြီးရင် ဒီအလံကို ပြန်လာပေးမယ်…”

“သူခိုးအိုကြီး..ငါတို့ကလန်မှာ ဆိုရိုးစကား တစ်ခု ရှိတယ်။ ဒါက ဒီစိတ်ဝိညာဉ် အလံရှိရင် ကလန်ရှိတယ် ဆိုတာပဲ။ မင်းက ဒီအလံကို လိုချင်ရင် ကြိုးစားကြည့်နိုင်တယ်…” သွန်းထျန် မျက်လုံးများက အေးစက်လာပြီး သူက ချိပ်တံဆိပ် တစ်ခုကို ဖြစ်ပေါ်စေပြီး ကျူးချွဲဇီထံသို့ ညွှန်လိုက်သည်။

“ပေါင်းစည်းခြင်း…”

ပတ်ဝန်းကျင်ရှိ ဆယ်သန်းသော စိတ်ဝိညာဉ်မျးက ချင်ခြင်းပင် မူလစိတ်ဝိညာဉ် (၃၅)ခုထံသို့ စုဝေး လာကြသည်။ ထို့နောက် မူလစိတ်ဝိညာဉ် များကလည်း အချင်းချင်း ပေါင်းစပ် သွားကြတော့သည်။

ကျူးချွဲဇီမျက်လုံးက လက်ခနဲ ဖြစ်သွားလေ၏။ သူက သည်ပေါင်းစပ်မှုကို ခွင့်မပြုနိုင်ချေ။ ထို့ကြောင့် သူက လက်ဆက်တန်းလိုက်ရာ အနီရောင် ငှက်မွေးတောင်တစ်ခုက သူ့လက်ထဲ၌ ပေါ်လာခဲ့တော့၏။

သူက သည်ငှက်မွေးတောင်ကို ရှေ့သို့ ပို့လွှတ်လိုက်သည်။ ထို့နောက် ၎င်းက စတင် လောင်ကျွမ်းသွားပြီး တစ္ဆေအလင်းတစ်ခုကို ထုတ်လွှတ်လာ၏။

“တော်ဝင်ဟင်္သာပြဒါး မီးတောက်…” ကျူးချွဲဇီ၏ ရှေးဟောင်းအသံက ပေါက်ကွဲ ထွက်လာသည်။

မီးတောက်နေသော ငှက်မွေးတောင်က တုန်ခါသွားပြီး ရုတ်တရက် ပြိုကျသွား၏။ သည့်နောက် သည်ငှက်မွေးတောင်ထဲရှိ မီးများက ချက်ချင်းပင် ကီလိုမီတာ တစ်ရာကို ဖုံးလွှမ်းသွားတော့သည်။

သည်မီးတောက်၏ စွမ်းအားက အံ့မခန်းပင်။ စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်၏ တောင်သုံးလုံးက အနက်ရောင်သို့ ပြောင်းသွားပြီး အရည်ပျော်ကြလာ၏။ သို့ရာတွင် သည်အရည်များက လျင်မြန်စွာဖြင့် အငွေ့သို့ ပြောင်းလဲသွား၏။

ဝမ်လင်းရှိနေသော လိုဏ်ဂူပင် ပျောက်ကွယ်သွားပြီး ဝမ်လင်းလည်း လိုဏ်ဂူနှင့် အတူ ပျောက်ကွယ် သွား၏။

စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်တစ်ခုလုံးသည် ပျောက်ကွယ် သွားတော့၏။ တပည့်ရာပေါင်းများစွာနှင့် ရွှေရောင် အဝန်းအဝိုင်းသုံးခုတွင် ပုန်းနေသော စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့်ကျင့်ကြံသူ သုံးယောက်ပင် သည်ကပ်ဆိုးကြီးကို လွတ်မြောက်နိုင်စွမ်း မရှိ ဖြစ်ရ၏။

ပေါင်းစပ်ရန် ဟန်ပြင်နေသော မူလစိတ်ဝိညာဉ်အပိုင်းအစ (၃၅)ခုက မီးများဖြင့် ဝန်းရံခြင်း ခံလိုက်ရ၏။ သည်အနက်ရောင် အခိုးငွေ့များက သည်အစိတ်အပိုင်းများ၏ ကိုယ်ပေါ်တွင် မြောလွင့်နေပြီး သူတို့မျက်နှာပေါ်၌ အလွန်နာကျင်စွာ ခံစားနေရ၏။

“တော်ဝင်ဟင်္သာပြဒါးမီးတောက်…” သွန်းထျန်မျက်နှာက အလွန်တရာ ရုပ်စိုးလို့ သွား၏။ သူ့ပတ်လည်၌ ရှေးဟောင်း ကျောက်စိမ်းပြားသုံးခုက ဝန်းရံပေးထားပြီး သည်မီးတောက်များကို ပိတ်ဆို့ထားပေး၏။

ကျူးချွဲဇီအသွင်က တည်ငြိမ်စွာ ရှိနေ၏။ သူက ဖြည်းညင်းစွာ ပြောလိုက်သည်။ “သွန်းထျန်…ငါက ဒီလို အစက မလုပ်ချင်ခဲ့ဘူး။ ဒါပေမဲ့ မင်းက ငါ့ကို တွန်းအားပေးခဲ့တာ…”

သွန်းထျန်က အသက်ဝဝ ရှူသွင်းလိုက်၏။ သူက သူ့လျှာကို အနည်းငယ် ကိုက်၍ သွေးများကို ထွေးထုတ်သည်။ ထို့နောက် ကြာပွင့်သဏ္ဌန် ထိုင်ချလိုက်၏။ သည့်နောက် သူက ချိပ်တံဆိပ်တစ်ခု ဖန်တီး၍ ပြောသည်။ “စိတ်ဝိညာဉ် လွတ်မြောက်ခြင်း…”

သွန်းထျန်က သူ့မူရင်းနာမည် မဟုတ်ချေ။ သို့သော် သူ့ဆရာ သူ့ကို ပေးခဲ့သည့် တာအိုနာမည် ဖြစ်လေ၏။ သူက ဝမ်လင်းကို စိတ်ဝိညာဉ်အလံနှင့် ပတ်သက်၍ အသုံးပြုသည့် နည်းလမ်းများစွာ ရှိကြောင်း ပြောခဲ့ဖူးသည် မဟုတ်လား။ သူ့အထူးနည်းလမ်းကတော့ လွတ်မြောက်ခြင်း ဖြစ်လေ၏။

မူလစိတ်ဝိညာဉ် (၃၅)ခုက အစိမ်းရောင် အလင်းတစ်ခု ထုတ်လွှတ်လာကြ၏။ သည့်နောက် သူတို့က မီးတောက်ကြားထဲ၌ ပျောက်ကွယ်သွားပြီး သွန်းထျန်ရှေ့၌ ပြန်ပေါ်လာကြသည်။

“ဒါ…ဘာလဲ…” ကျူးချွဲဇီက အံ့အားသင့်သွား၏။

“ပေါင်းစပ်ခြင်း…” သွန်းထန်က နောက်ထပ် သွေးများ ထွေးထုတ် ပြန်သည်။ သည်တစ်ကြိမ်၌ သွေးများက မူလစိတ်ဝိညာဉ် တစ်ကောင်ပေါ်သို့ ကျရောက်သွား၏။ ထို့နောက် ချက်ချင်းပင် အခြား (၃၄)ခုသော စိတ်ဝိညာဉ်အပိုင်းအစများက ၎င်းမူလ စိတ်ဝိညာဉ်နှင့် ပေါင်းစပ်သွား၏။

မျက်စိတစ်မှိတ် အတွင်း ကျူးချွဲဇီနှင့် ယှဉ်နိုင်သည့် အော်ရာတစ်ခု ဖြစ်ပေါ်လာ၏။ ကောင်းကင်က နှစ်ခြမ်း ခွဲထားသလား ထင်မှတ်ရ၏။ ဘယ်ဘယ်ခြမ်း၌ ကျူးချွဲဇီကို ကိုယ်စားပြုသည့် အနီရောင် တောက်နေပြီး ညာဘက်ခြမ်း၌ စိတ်ဝိညာဉ် ဆယ်သန်းအလံ၏ မူလ စိတ်ဝိညာဉ် (၃၅)ခုကို ပေါင်းစပ်၍ ဖြစ်ပေါ်နေသည့် အမည်းရောင် တောက်ပနေသည်။

သည်ပေါင်းစပ်ထားသည့် စိတ်ဝိညာဉ် ပေါ်လာသည့် အခိုက်တွင် ၎င်းက လက်ဝှေ့ယမ်း လိုက်ရာ မီးတောက်များက ညာဘက်ခြမ်းကနေ ဘယ်ဘက်ခြမ်းသို့ လွင့်စဉ်သွားတော့၏။

မြေပြင်သည်လည်း ထိုနည်းလည်းကောင်း အနီနှင့်အနက် ကွဲလို့နေ၏။

ကျူးချွဲဇီက မျက်မှောင်ကြုတ် သွား၏။ သူ့အသွင်က အနည်းငယ် ရုပ်စိုးသွားပြီး သည်စိတ်ဝိညာဉ်ကို စူးစိုက်ကြည့်ကာ ပြောလိုက်၏။ “မဆိုးပါဘူး… ဒီစွမ်းအားနဲ့ ဆိုရင် စိတ်ဝိညာဉ် ဆယ်သန်းအလံက ဟင်္သာပြဒါးဂြိုဟ်ရဲ့ ထိပ်တန်းရတနာအဖြစ် သတ်မှတ်လို့ရတယ်…”

သွန်းထန်၏မျက်နှာက သေလုအောင် ဖြူရော်လို့နေ၏။ သူက သက်တမ်း နှစ်နှစ်သာ ကျန်တော့သည်ကို ခုအချိန်၌ သူ့စိတ်ဝိညာဉ် ပေါင်းစပ်ခြင်း နည်းစနစ်ကို အသုံးပြုလိုက်ရသဖြင့် သက်တမ်း ကုန်ဆုံးလုနီးပါး ဖြစ်သွားရသည်။ သူက ခပ်တိုးတိုး ပြောလိုက်၏။ “သူ့ကို သတ်…”

အာဏာတက်ခြင်းနောက်ဆုံးအဆင့် စိတ်ဝိညာဉ်က ရှေ့သို့ တိုးဝင်သွားခြင်းမရှိဘဲ ထိုအစား သူ့လက်ကို မြှောက်၏။ အရပ်မျက်နှာ အသီးသီးကနေ တုန်ခါသံများ ထွက်ပေါ်လာပြီး တိမ်များက စုဝေးကာ လူသားပုံစံ ခန္ဓာကိုယ် တစ်ခု ဖြစ်တည်လာသည်။

သည်ခန္ဓာကိုယ်က တိမ်များနှင့် ပြုလုပ်ထားပြီး သေမျိုးတစ်ယောက်နှင့် ဆင်တူလှ၏။

သည်အာဏာတက်ခြင်းအဆင့် စိတ်ဝိညာဉ်က ရှေ့သို့ ခြေတစ်လှမ်းတိုး၍ တိမ်ခန္ဓာကိုယ်နှင့် ပေါင်းစပ်၏။ တိမ်လူသားက သူ့တစ္ဆေ မျက်လုံးများကို ဖွင့်လာပြီး ကျူးချွဲဇီကို စူးစိုက်ကြည့်သည်။

“တိမ်တွေကနေ ခန္ဓာကိုယ်တစ်ခု ဖြစ်ပေါ်ခြင်း…။ ဒါက အာဏာတက်ခြင်း နောက်ဆုံး အဆင့်ကျင့်ကြံ သူတွေသာ လုပ်နိုင်တဲ့အရာပဲ။ ဒါပေမဲ့ မင်းက ပေါင်းစပ်ပြီး ဖြစ်တည်လာတာပါ။ ငါက မင်းဘယ်လောက်များ ကြာကြာခံမလဲ သိမြင်ချင်မိတယ်…” ကျူချွဲဇီအသွင်က ရုပ်ဆိုးလို့ နေသည်။

ထိုသို့ပြောပြီးသည်နှင့် သူက လက်ဝှေ့ယမ်းသည်။ အနီရောင် အလင်းတစ်ခုက သူ့ရှေ့တွင် ဖြစ်ပေါ်လာခဲ့ပြီး အနီရောင်ဓားတို တစ်လက် အဖြစ်သို့ ပြောင်းသွား၏။ သည်ဓားပေါ်လာသည်နှင့် မြေပြင်ပေါ်ရှိ မီးတောက်များက ၎င်းဓား၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။

“ဒီဓားက ရှေးဆန်လှပြီး ဓားနာမည်ကိုလည်း ဘယ်သူမှ မသိကြဘူး။ ဟင်္သာပြဒါး ပထမမျိုးဆက် ခေါင်းစီးက ဒီဟာကို ရလာခဲ့ပြီး ဟင်္သာပြဒါးဓားလို့ နာမည် ပေးခဲ့တာ…” ထိုသို့ပြောပြီးနောက် ကျူးချွဲဇီက ဓားထံသို့ လက်ညွှန်လိုက်၏။

ဓားက ချက်ချင်းအနီရောင် တောက်ပ သွားပြီးနောက် ကောင်းကင်ဘုံ စွမ်းအင်များနှင့် ပြည့်လာခဲ့သည်။ သည်ဓားက ကောင်းကင်ဘုံ နယ်မြေမှ ဓားတစ်လက်နှင့် ခြားနားနေခြင်း မရှိချေ။

သည်ဓားက ကောင်းကင်ဘုံ ရတနာတစ်ခု ဖြစ်လေ၏။

တိမ်လူ၏ မျက်လုံးများက တလက်လက် ဖြစ်နေ၏။ သူက ညာလက်ကို ဝှေ့ယမ်း လိုက်သည်။ သူ့ညာလက် တစ်ခုလုံးက ပျံ့ထွက်လာပြီး ဟင်္သာပြဒါးဓားနှင့် တစ်ပုံစံတည်း ဓားတစ်လက် ဖြစ်လာခဲ့၏။ အရောင်ကလွဲ၍ သည်ဓားက ဟင်္သာပြဒါးဓားနှင့် ထပ်တူတူညီလို့ နေသည်။ ဓားထဲတွင် ပါဝင်သည့် ကောင်းကင်ဘုံ စွမ်းအင်တောင်မှ တူညီနေခဲ့သေး၏။

သူက ကျူးချွဲဇိထံသို့ လက်ညွှန်လိုက်ရာ အဖြူရောင်ဓားငယ်က ရှေ့သို့ ထိုးတက် သွားတော့သည်။

အနီနှင့် အဖြူဓားငယ်တို့က တစ်ခုနှင့်တစ်ခု ထိပ်တိုက် တွေ့ဆုံကြတော့သည်။ ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်သွားခြင်းနှင့် အတူ အဖြူရောင်ဓားက အနီရောင်ဓားကို မယှဉ်နိုင်ဘဲ နောက်သို့ ပြန်ဆုတ် လိုက်ရ၏။

သို့ရာတွင် အနီရောင်ဓားကလည်း အဖြူရောင်ဓား၏ တိုက်ခိုက်မှုကို ခံလိုက်ရသဖြင့် ၎င်း၏ အရှိန်က နှေးကျသွားခဲ့၏။

တိမ်လူက ကျူးချွဲဇီကို စူးစိုက်ကြည့်၍ ပြုံးသည်။ သည့်နောက် သူ့တိမ်ခန္ဓာကိုယ်က တူညီသော ဓားရှစ်ချောင်း အဖြစ်သို့ ပြောင်းသွားတော့၏။ တစ်ခုစီက မြောက်မြားစွာသော‌ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များ ပါဝင်နေခဲ့သည်။ သည်ဓားရှစ်လက်က တစ်ပြိုင်နက်တည်း တိုးဝင် သွားတော့၏။ သည်ရှစ်လက်ထဲက သုံးလက်က အနီရောင်ဓားထံသို့ တိုးဝင်သွားပြီး ကျန်သည့်ငါးလက်က ကျူးချွဲဇီထံသို့ တိုးဝင်သွားကြသည်။

ကျူးချွဲဇီအသွင်က ရုပ်စိုးသွားသည်။ သူက နောက်သို့ ပေတစ်ရာခန့် ဆုတ်လိုက်ရသည်။ သည့်နောက် သူက သိုလှောင်အိတ်ထဲကနေ ဘူးသီးခြောက် တစ်ခုကို ထုတ်ယူ၍ ခပ်တိုးတိုး ရေရွတ်လိုက်၏။ “စုဆောင်းစမ်း…”

သူ့ထံသို့ တိုးဝင်လာနေသည့် ဓားငါးလက်က ပြင်းထန်သော အားတစ်ခု၏ ဝန်းရံခြင်းကို ခံလိုက်ရပြီး မျက်စိတစ်မှိတ် အတွင်း ၎င်းတို့သည် ဘူးသီးခြောက်ထဲ၌ ပိတ်မိသွားကြ၏။

ကျူးချွဲဇီမျက်လုံးများက တလက်လက် ဖြစ်နေသည်။ သူက ဘူးသီးခြောက်ကို အသုံးပြုပြီး နောက်ထပ် ကျန်သည့် ဓားသုံးလက်ကို စုဆောင်းရန် ဟန်ပြင်လိုက်၏။ ထိုစဉ်မှပင် သူက ဘူးသီးခြောက်ထဲကနေ အက်ကွဲသံများကို ကြားလိုက်ရတော့၏။ တစ်စက္ကန်ခန့် ကြာပြီးနောက် ကောင်းကင်ပင် အက်ကွဲ သွားစေလောက်သည့် အသံတစ်ခုက ဘူးသီးခြောက်ထဲ ကနေ ထွက်ပေါ်လာခဲ့၏။ ပေါက်ကွဲသံ တစ်ချက်နှင့် အတူ ဘူးသီးခြောက်က အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားတော့သည်။ ဓားငါးလက်က ပျံသန်းထွက်လာပြီး ကျူးချွဲဇီထံသို့ ထိုးစိုက်လာ၏။

တစ်ချိန်တည်းမှာပင် ဟင်္သာပြဒါးဓားနှင့် တိုက်ခိုက်နေသော ဓားများကလည်း အမိန့် တစ်ခုကို ရရှိလိုက်သကဲ့သို့ ဆက်၍ မတိုက်တော့ပဲ ပျံသန်း ထွက်လာ၏။

ကျူးချွဲဇီအသွင်က ကြီးစွာ ပြောင်းလဲသွားပြီး သူကနောက်သို့ လျင်မြန်စွာ ဆုတ်၏။

သူက မယှဉ်နိုင်ခြင်းကြောင့် နောက်သို့ ဆုတ်ခြင်း မဟုတ်ချေ။ သို့သော် သည်စိတ်ဝိညာဉ် အလံက ဖြစ်ပေါ်လာသည့် စိတ်ဝိညာဉ်များက သူတို့အသက်ကို ထည့်မတွက်ဘဲ သူ့ကို တိုက်ခိုက် လာသောကြောင့်ပင်။ သူက အနိုင်ရမည်ဟု ယုံကြည်ချက် ရှိသော်လည်း သူကိုယ်တိုင်လည်း ဒဏ်ရာ ရသွားမည် ဖြစ်သည်။ ပုံမှန်အားဖြင့် သည်အရာက ပြဿနာ မဟုတ်သော်လည်း ခုချိန်၌ သူ့တွင် သက်တမ်း ရုတ်လျော့သွားလို့ မရချေ။ သူက သည်နေရာတွင်သာ ဒဏ်ရာ ရသွားမည်ဆိုလျှင် သူ့သက်တမ်း ကလည်း တိုသွားမည် ဖြစ်၏။

နောက်ထပ် အရေးကြီးသည့် တစ်ချက်က စွန့်ပစ်ခံ မသေမျိုးကလန်၏ ဒုတိယကြိမ်မြောက် တိုက်ပွဲက စတင်နေခဲ့ပြီ ဖြစ်၏။ သူက သည်နေရာမှာသာ ဒဏ်ရာရသွားလျှင် သူ့အတွက် အလွန် ကံဆိုးသွားစေနိုင်၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset