ဝမ်လင်းက လိုဏ်ဂူထဲ၌ ကြာပွင့်သဏ္ဌာန် ထိုင်ချပြီး သွန်းထျန်ပေးလိုက်သော သိုလှောင်အိတ်ကို ထုတ်ယူလိုက်သည်။ သူက သည်အိတ်ကို နတ်ဘုရားအာရုံဖြင့် စစ်ဆေး ကြည့်ပြီးနောက် သူ့အသွင်က ထူးဆန်းလို့သွားသည်။
သူက သွန်းထျန်သည် ကောင်းကင်ဘုံ ကျောက်စိမ်းပြားများစွာ ရရှိခဲ့သည်ကို သိသော်လည်း အခုလောက် များနေလိမ့်မည်ဟု မထင်ထားမိချေ။
“ဒီသိုလှောင်အိတ်ထဲမှာ ရှိနေတဲ့ ကျောက်စိမ်းပြားတွေက ငါ ကောင်းကင်ဘုံ နယ်မြေက ရရှိခဲ့တဲ့ ကျောက်စိမ်းပြားတွေထက် အဆတစ်ရာကျော် များနေတာပဲ… စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်က စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကျင့်ကြံသူတွေ များနေတာ အံ့ဩစရာတော့ မရှိတော့ဘူးပဲ…”
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက သိုလှောင်အိတ်ကို လှုပ်လိုက်ရာ ကောင်းကင်ဘုံ ကျောက်စိမ်းပြားများစွာက သူ့ပတ်လည်၌ ဝန်းရံသွာ၏။ သည်လိုဏ်ဂူထဲ၌ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များစွာ တလှိုင်လှိုင် ပြည့်လာခဲ့သည်။
သိုလှောင်အိတ်ထဲ၌လည်း ကျောက်စိမ်းပြားများစွာ ကျန်သေးသဖြင့် ဝမ်လင်းက ယင်းအိတ်ကို သေချာ ပြန်သိမ်းလိုက်သည်။ သည့်နောက် သူက ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များကို စတင်စုပ်ယူလေတော့သည်။
ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲ၌ မြောလွင့်နေ၏။ သူက ယင်းစွမ်းအင်များက သန့်စင်လို့ နေသည်။ ဝမ်လင်းက သည်အရာက အရင်တုန်းက အတွေ့အကြုံရှိပြီး ဖြစ်သဖြင့် သူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ရောက်ရှိရန် လွယ်ကူစွာ ချိုးဖျက် စတင်ချိုးဖျက်နေနိုင်သည်။
ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များ သူ့ခန္ဓာကိုယ်ထဲ ဝင်လာသည့်အခါတွင် သူ့ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များက အလုံးတစ်ခုအဖြစ် သိပ်သည်းသွား၏။ သည်အလုံးက ကျင့်ကြံသူ တစ်ယောက်၏ ရွှေရောင်အမြုတေနှင့် ဆင်တူသည်။ သို့သော် အရည်အသွေးပိုင်းကျ မိုးနှင့်မြေပင်။
သုံးရက်ကြာပြီးနောက် သူ့ပတ်လည်ရှိ ကောင်းကင်ဘုံ ကျောက်စိမ်းပြားများက မီးခိုရောင်ဖြစ်သို့ အက်ကွဲ၍ အမှုန့်များ ဖြစ်သွားတော့သည်။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ သိုလှောင်အိတ်ထဲက နောက်ထပ် ကျောင်းစိမ်းပြားများကို ထုတ်ယူလိုက်ပြန်သည်။
ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များက ဝမ်လင်းခန္ဓာကိုယ်ထဲသို့ အလျင်အမြန် တိုးဝင် လာနေကြပြီး သူ့အသွေးအသားများနှင့် စိတ်ဝိညာဉ်စွမ်းအင်များကို သန့်စင်ပေးနေသည်။
စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း၏ ပထမအဆင့်က ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်ကို ခံနိုင်ရည်ရှိသည့် အထိ ခန္ဓာကိုယ်ကို သန့်စင်ပေးခြင်း ဖြစ်သည်။
ကောင်းကင်ဘုံနယ်မြေ ပြိုမကျခင်တုန်းကတော့ ခုလိုမျိုးလုပ်ရန် မလိုအပ်ခဲ့ချေ။ ကျင့်ကြံသူများက သူတို့၏ သေမျိုးခန္ဓာကိုယ်သည် ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်ကို ခုခံနိုင်ရန် စိတ်ဝိညာဉ် သန့်ရှင်းခြင်း ရေအိုင်ထဲသို့ လအနည်းငယ်ကြာ သွားနေရန်သာ လိုအပ်ခဲ့၏။
သို့ရာတွင် ခုချိန်၌ ကောင်းကင်ဘုံနယ်မြေက ပြိုကျသွားပြီး ဖြစ်သည့်အတွက် စိတ်ဝိညာဉ် သန့်ရှင်းခြင်း ရေအိုင်များသည်လည်း ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ကျင့်ကြံသူများက ကောင်းကင်ဘုံ ကျောက်စိမ်းပြား အများအပြားကို အသုံးပြု၍ သူတို့၏ သေမျိုး အရင်းအမြစ်ကို ဖယ်ရှား ပစ်လာရသည်။
လူတစ်ယောက်၏ သေမျိုးရင်းမြစ်ဖယ်ရှား ပြီးသည့်အခါ စိတ်ဝိညာဉ် အသွင်ပြောင်းခင်း ပထမအဆင့် ပြည့်စုံသွားပြီ ဖြစ်၏။ ဒုတိယ အဆင့်ကတော့ လူတစ်ယောက်၏ မူလစိတ်ဝိညာဉ်ကို အထည်ဒြပ်မရှိရာမှာ အထည် ဒြပ်ရှိလာအောင် ပြုလုပ်ခြင်း ဖြစ်၏။
၎င်းအထည်ဒြပ်ရှိသော မူလစိတ်ဝိညာဉ်က ရုပ်ပိုင်းခန္ဓာကိုယ်တွင် လုံးဝင် အစားမထိုး နိုင်သော်လည်း ယင်းမူလ စိတ်ဝိညာဉ်က ယခင်ကထက် များစွာ စွမ်းအား ကောင်းလာပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းလည်း ရှိလာမည် ဖြစ်သည်။
ပြောရမည်ဆိုရင် လူတစ်ယောက်၏ စဦးစိတ်ဝိညာဉ်က ကလေးတစ်ယောက်ဖြစ်ပြီး မူလ စိတ်ဝိညာဉ်က လူငယ်တစ်ယောက် အဖြစ် ကြီးထွားလာသလိုပင်။ သည့်နောက်မှာ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်တွင် ထူးဆန်းသော ပြောင်းလဲမှုတစ်ခု ထပ်ဖြစ်လာ၏။ သည်စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်တွင် မူလစိတ်ဝိညာဉ် အထည် ဒြပ်ရှိလာခြင်းက လူငယ်သည် စွမ်းအားကောင်းကာ အတောင်အလက် စုံလာသည့် အဆင့်သို့ ပြောင်းလဲလာခြင်းနှင့် ဆင်တူ၏။ ထို့ကြောင့် သည်အဆင့်၌ မူလစိတ်ဝိညာဉ်က စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ထက် ပို၍လည်း စွမ်းအား ကောင်းလာမည် ဖြစ်၏။
စစ်ထူနန်၏ စိတ်ဝိညာဉ်က အလွန်တရာ ကြီးမားပြီး စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ဖြတ်ကျော်ခဲ့သည့်ပုံပင်။ အာဏာတက်ခြင်း အဆင့်ကျင့်ကြံသူ တစ်ယောက်၏ စိတ်ဝိညာဉ်ပင် အသွင်ပြောင်းခြင်း အဆင့်ရှိ မူလစိတ်ဝိညာဉ်နှင့် အရွယ်အစား တူညီနေသေး၏။ လူတစ်ယောက်က အာဏာတက်ခြင်း အဆင့်ကို ကျော်ဖြတ် သွားနိုင်ရင်တော့ အခြား ပြောင်းလဲမှုများစွာ ဖြစ်ပေါ်လာမည် ဖြစ်၏။
သို့ရာတွင် သည်အဆင့်တွေက ဝမ်လင်းအတွက် ခုချိန်၌ အလွန်ဝေးကွာ နေသေး၏။
အချိန်က တဖြည်းဖြည်းချင်း ကုန်ဆုံးနေသည်။ ကောင်းကင်ဘုံ ကျောက်စိမ်းပြား များသည်လည်း စုပ်ယူခြင်းခံရပြီး အမှုန်အမွှား ဖြစ်ကုန်ကြပြန်သည်။
ဝမ်လင်း၏ ဒန်တျန်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်အလုံးက သည်နေ့တွင် အက်ကွဲလာခဲ့ပြီး အားကောင်းသော စုပ်ယူ အားတစ်ခုက ယင်းအက်ကွဲမှုကနေ ထွက်ပေါ်လာ၏။ ဝမ်လင်း စုပ်ယူခဲ့သော ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များ အားလုံးက ၎င်းအထဲသို့ စုပ်ယူခြင်း ခံလိုက်ရသည်။
စိတ်ဝိညာဉ် စွမ်းအင်လုံးက တဖြည်းဖြည်း အရောင်ပြောင်းလာခဲ့၏။ ၎င်းက အစိမ်းရောင် အဖြစ် စတင်ပြောင်းလဲပြီးနောက် အခုအခါ၌ ရွှေရောင်သို့ ပြောင်းလဲလာခဲ့သည်။
ဝမ်လင်းစိတ်က ခုချိန်တွင် ရှင်းလင်းလို့ နေ၏။ ထို့ကြောင့် သူက သူ့ခန္ဓာကိုယ်၏ ပြောင်းလဲမှုကို အခြားတစ်ယောက်ကဲ့သို့ တည်ငြိမ်စွာ စောင့်ကြည့်လို့နေ၏။
သိပ်မကြာခင်တွင် ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်က စိတ်ဝိညာဉ် စွမ်းအင်လုံး၏ စုပ်ယူခြင်းကို ခံရသည့်အခါ သည်စွမ်းအင်လုံးက လုံးဝရွှေရောင်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ လူတစ်ယောက်က သည်ရွှေရောင် စွမ်းအင်လုံးကို အနီးကပ်ကြည့်လျှင် ရွှေရောင် အမြုတေနှင့် တစ်ထေရာတည်း တူညီနေသည်ကို တွေ့ရမည်ဖြစ်၏။
ထိုအခိုက်မှာပင် သည်ရွှေရောင် အမြုတေက တုန်ခါလာပြီး ၎င်းပေါ်၌ အက်ကွဲကြောင်းများ ပေါ်သထက် ပေါ်လာခဲ့သည်။ ထို့နောက် ပေါက်ကွဲသံ တစ်ခုနှင့်အတူ ဝမ်လင်းခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များ အားလုံးက သူ့မူလစိတ်ဝိညာဉ်ကို သူ့ခန္ဓာကိုယ် အပြင်ဘက် သုံးလက်မလောက်ထိ အတင်းတွန်းထုတ် ပစ်လိုက်၏။ သူက မူလစိတ်ဝိညာဉ်ကို ပြန်ခေါ်ယူရန် ကြိုးစား ကြည့်သော်လည်း အားကောင်းသော အဟန့်တားတစ်ခုက သူ့ကို တားဆီး ထားသည်။
ဝမ်လင်း မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထက်၌ မြောလွင့်နေ၏။ သူက သေချာ ကြည့်လိုက်သည့်အခါ သူ့မူလစိတ်ဝိညာဉ်၏ ပြောင်းလဲနေမှုများကို မြင်နေရသည်။
သူ့ဒန်တျန်ထဲရှိ ရွှေရောင်အမြုတေက အက်ကွဲသွားပြီးနောက် ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များသည် သူ့ခန္ဓာကိုယ်၏ သွေးကြောများထဲ၌ ပေါင်းစပ်သွားသည်။ ခုချိန်၌ ဝမ်လင်းခန္ဓာကိုယ်က ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များနှင့် ပြည့်နေသည့် အခွံလွတ် တစ်ခုနှင့် ဆင်တူသည်။
သူ့ခန္ဓာကိုယ်ထဲရှိ မွေးညင်းပေါက် အားလုံးကလည်း ပွင့်သွားခဲ့ပြီး ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်အမျှင်တန်းများကို ထုတ်လွှတ်ပေးနေ၏။
သိပ်မကြာခင်တွင် သူ့မွေးညင်းပေါက်များက ထုတ်လွှတ်နေသည့် ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင် သွားပြန်သည်။ သည်ဖြစ်စဉ်က ချာလပတ် လည်နေတော့၏။
ဝမ်လင်း ခန္ဓာကိုယ်က တဖြည်းဖြည်းဖြင့် ထွင်းဖောက်မြင်ရသလို ဖြစ်လာပြီး သူ့အဝတ်အစားမျးပင် ပျောက်ကွယ်လို့ သွား၏။ သူ့သိုလှောင်အိတ် နှစ်ခုသည်လည်း မြေပေါ်သို့ ပြုတ်ကျသွားသည်။
ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲရှိ သွေးကြောများနှင့် တဖြည်းဖြည်း ပေါင်းစပ်နေသည်။ အခုအခါတွင် သူ့သွေးကြောများက ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များနှင့် ပြုလုပ်ထားသလို ဖြစ်နေသည့်အတွက် ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်၏ စွမ်းအားကိုလည်း ခံနိုင်ရည် ရှိလာခဲ့ပြီ ဖြစ်သည်။
သူ့ခန္ဓာကိုယ်၏ အသွေးအသားများကလည်း စတင်ပြောင်းလဲလာခဲ့၏။
သည်လို သူ့ခန္ဓာကိုယ်တစ်ခုလုံး ပြောင်းလဲနေသည့် ဖြစ်စဉ်က အချိန်မည်မျှ ကြာသွားမှန်း မသိရချေ။ သည်ဖြစ်စဉ် တစ်ခုလုံးအတွင်း ဝမ်လင်းမူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ် အထက်တွင် မြောလွင့်နေ၏။ သူက မည်မျှကြိုးစားပါစေ ၎င်းကို သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ပေါင်းစပ်နိုင်ခြင်း မရှိဖြစ်နေ၏။
သည်နေ့တွင် သူ့ခန္ဓာကိုယ်က မွှေးရနံ့ တစ်ခု သင်းပျံ့လာ၏။ သည်ရနံ့က အလွန်စွဲဆောင်မှု ရှိလှ၏။
သည်ရနံ့က လိုဏ်ဂူထဲကနေ လွင့်ပျံ့လာ၏။ သွန်းထျန်မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ သူ့မျက်လုံးထဲ၌လည်း လေးစားသည့် အရိပ်အမြွက် အချို့ ရှိနေ၏။ သူက ပြောလိုက်သည်။ “စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ရဲ့ ပထမ ခြေလှမ်းဖြစ်တဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း ကတော့ ပြီးသွားပြီ။ ခု ဒုတိယ ခြေလှမ်းဖြစ်တြ့ မူလစိတ်ဝိညာဉ် သန့်စင်ခြင်း စတင်ရမယ့် အချိန်ပဲ…”
သူက ချိပ်တံဆိပ်တစ်ခုကို ပြုလုပ်လိုက်ရာ အနက်ရောင် အလင်းတန်း တစ်ခုက လိုဏ်ဂူ တစ်ခုလုံးတွင် ဝန်းရံသွားပြီး သည်အမွှေးရနံ့ပျံ့နှံ့ခြင်းကို တားဆီး ပေးထားသည်။
“ဒီရနံ့က ခန္ဓာကိုယ် အပိုင်သိမ်းချင်တဲ့ စွမ်းအားကောင်းတဲ့ သားရဲတွေနဲ့ မကောင်းဆိုးဝါးတွေကို ဆွဲဆောင်နိုင်စွမ်း ရှိတယ်။ ဒါပေမဲ့ ငါ့စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်က စိတ်ဝိညာဉ်တွေကို အထူးပြုထားတဲ့ ကလန်ပဲ။ ဒါ့ကြောင့် မကောင်းဆိုးဝါးတွေ လာရင်တောင် သူတို့က စိတ်ဝိညာဉ် ဆယ်သန်းအလံရဲ့ အစာ ဖြစ်သွားလိမ့်မယ်…”
“ငါက ဒီသားရဲတွေကိုလည်း မစိုးရိမ်ဘူး။ စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်ရဲ့ အကာအကွယ် အစီအရင်က အပြင်ဘက်က လာမဲ့ သူတို့အားလုံးကို ထိန်းထား နိုင်လိမ့်မယ်၊ ခုထိ ငါ့ကို ကြောက်လန့် သွားစေမယ့် သားရဲတစ်ကောင်ကိုတောင် မတွေ့ဖူးသေးပါဘူး…”
စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ရောက်အောင် လုပ်နေချိန်၌ သည်လို အန္တရာယ်များသည့် အဖြစ်က သွန်းထျန်၏ ကာကွယ်ပေးမှုကြောင့် ဝမ်လင်းအတွက် ပြဿနာ မဟုတ်တော့ချေ။ သို့သော် လေလွင့် ကျင့်ကြံသူများနှင့် အားနည်းသော ကလန်များ၏ ကျင့်ကြံသူများ အတွက်တော့ သည်အခြင်းအရာက အသက် အန္တရာယ်ပင် ရှိလေသည်။
သည်အသွင်ပြောင်းခြင်း ဖြစ်စဉ်အတွင်း မူလစိတ်ဝိညာဉ်က ခန္ဓာကိုယ်ကနေ ထွက်လို့နေပြီး ခန္ဓာကိုယ်ကလည်း ခုခံအားမဲ့နေသည့် အချိန် ဖြစ်သည်။ သည်ဖြစ်စဉ်လုပ်နေခြင်း ပတ်လည်တွင် အချို့စွမ်းအား ကောင်းသည့် မကောင်းဆိုးဝါးများနှင့် စိတ်ဝိညာဉ်များ ရှိနေလျှင် သူတို့က ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို အလွယ်တကူ ဝါးမျို ပိုင်ဆိုင်သွားနိုင်ပေသည်။
သားရဲများပင် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ ကူးပြောင်းနေသည့် ခန္ဓာကိုယ်ကို အလွန်စိတ်ဝင်စား ကြသည်။ သူတို့အတွက် သည်လိုခန္ဓာကိုယ်က သဘာဝ ရတနာတစ်ခုပင်။ သူတို့က ယင်းခန္ဓာကိုယ်ကို ဝါးမြိုလျှင် သူတို့၏ ခွန်အားကို တိုးမြင့်စေနိုင်၏။
မူလ စိတ်ဝိညာဉ် ပြန်ဝင်ရောက်သွားသည့် ခန္ဓာကိုယ်ကတော့ သူတို့အတွက် အသုံးမဝင်တော့ချေ။
လိုဏ်ဂူထဲ၌ ဝမ်လင်းက မူလစိတ်ဝိညာဉ်နှင့် အတူ လက်ဆန့်ထုတ်လိုက်ပြီး ကောင်းကင်ဘုံ ကျောက်စိမ်းပြားများကို ထုတ်ယူလိုက်၏။ သည်တစ်ကြိမ်၌ ကောင်းကင်ဘုံစိတ်ဝိညာဉ်များကို သူ့ခန္ဓာကိုယ်က စုပ်ယူခြင်း မဟုတ်ဘဲ မူလစိတ်ဝိညာဉ်က စုပ်ယူခြင်း ဖြစ်လေ၏။
ဝမ်လင်း စိတ်ဝိညာဉ်ထဲ၌ အလွန် သက်တောင့်သက်သာ ခံစားနေရသည်။ သူက ကောင်းကင်ဘုံ စွမ်းအင်များက သူ့မူလစိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်နေပြီး ပိုပိုပြီး အထည်ဒြပ် ဖြစ်လာသည်ကို ခံစားမိနေသည်။
သည်အခိုက်တွင် ဝမ်လင်းက သူ့မူလစိတ်ဝိညာဉ်သည် အထည်ဒြပ် ဖြစ်လာသည်နှင့် ၎င်းက သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ရောင်လာလျှင် သူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို အောင်မြင်စွာ ရောက်ရှိပြီ ဖြစ်ကြောင်းကို နားလည်သွားသည်။
မူလစိတ်ဝိညာဉ် အထည်ဒြပ် ဖြစ်လာခြင်းက အချိန်ကြာမြင့် လှသည်။
လိုဏ်ဂူအပြင်ဘက်၌ သွန်းထျန်မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး လက်ဝှေ့ယမ်း လိုက်သည်။ ထိုအခါ အလံထဲကနေ ခရမ်းရွှေရောင် မူလစိတ်ဝိညာဉ်က ပျံသန်းထွက်လာပြီး ၎င်း အနက်ရောင် လေလွင့်ဝိညာဉ်ကို ဖမ်း၍ စိတ်ဝိညာဉ်အလံထဲသို့ ဆွဲသွင်းပစ်လိုက်တော့၏။
သွန်းထျန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဒါက (၁၉) ခုမြောက် စိတ်ဝိညာဉ် တစ်ခုပဲ၊ ကံမကောင်းစွာနဲ့ ဒီစိတ်ဝိညာဉ် အပိုင်းအစတွေက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်မှာပဲ ရှိနေတယ်။ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် စိတ်ဝိညာဉ် တစ်ခုသာ ရှိမယ်ဆိုရင် ဒီအလံက နောက်ထပ် မူလစိတ်ဝိညာဉ် တစ်ခု ထပ်ရမှာပဲ…”
သည်အခိုက်တွင် ခရမ်းရောင် အလင်းတန်းတစ်ခုက အကွာအဝေး တစ်ခုကနေ ပျံသန်းလာ၏။ အကာအကွယ် အစီအရင်ကလည်း ၎င်းက်ို ရပ်တန့်နိုင်ခြင်း မရှိဘဲ ယင်းအလင်းတန်းက လိုဏ်ဂူ ရှိရှာသို့ တိုက်ရိုက်ဦးတည်လာနေသည်။
သွန်းထျန်မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူက ရယ်မောလိုက်သည်။ သူက အစီအရင်ကို စိတ်ဝိညာဉ်များအား မတားဆီးရန် ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း ၎င်းတို့က ကလန်ထဲသို့ ဝင်လာနိုင်ခြင်း ဖြစ်လေ၏။
“ကောင်းတယ်…လာခဲ့…” သွန်းထျန် မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူက လှုပ်ရှား လိုက်သည်။ သူက လေထဲသို့ ခုန်တက်၍ သည်ခရမ်းရွှေရောင် စိတ်ဝိညာဉ် အပိုင်းအစထံသို့ လက်ဆန့်တန်း လိုက်၏။
ခရမ်းရွှေရောင် အလင်းတန်းက ပျောက်ကွယ်သွားပြီး သွန်းထျန်လက်ကို ရှောင်တိမ်း သွားနိုင်သည်။ သည့်နောက်သူက လိုဏ်ဂူရှိရာသို့ တိုးဝင်သွား၏။
သည်စိတ်ဝိညာဉ်က လိုဏ်ဂူထဲသို့ ဝင်ခါနီးတွင် သွန်းထျန်ကလျင်မြန်စွာ လှုပ်ရှားလိုက်ရာ ထိုစိတ်ဝိညာဉ် အပိုင်းအစ ရှေ့သို့ ရောက်သွားတော့၏။ သူက ရယ်မောလိုက်သည်။ “ကံမကောင်းစွာနဲ့ မင်းက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို မရောက်သေးဘဲ ဒီအဆင့်ရဲ့ အစပ်မှာပဲ ရှိသေးတယ်။ မင်း ထွက်မပြေးနိုင်တော့ပါဘူး…”
သွန်းထျန်က အော်ပြောလိုက်၏။ “စိတ်ဝိညာဉ်ဝဲကတော့…” စိတ်ဝိညာဉ်အပိုင်းအစက အထိတ်တလန့်အော်၍ နောက်သို့ မြန်ဆန်စွာ ဆုတ်သည်။ သို့သော် သွန်းထျန်က ခြေတစ်လှမ်း ဦးပြီးသား ဖြစ်၏။ သူက ပြောလိုက်သည်။ “ဖမ်းလိုက်စမ်း…”
အားကောင်းသော စုပ်ယူအားက ဝဲကတော့ထံကနေ ထွက်ပေါ်လာပြီး ခရမ်းရွှေရောင် စိတ်ဝိညာဉ် အပိုင်းအစကို ဝဲကတော့ထဲသို့ ဆွဲခေါ်သွား၏။
သွန်းထျန်က ပြုံးလိုက်၏။ သို့သော် ထိုအခိုက်မှာပင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုက စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်၏ အကာအကွယ် အစီအရင်ထက်၌ ပေါ်လာခဲ့သည်။ သည်အစီအရင်က တုန်ခါသွားပြီးနောက် လုံးဝ ပြိုကျသွားတော့သည်။
ကျယ်လောင်သော ပေါက်ကွဲသံများက ကလန်အနှံ့ ပဲ့တင်ထပ်လို့ နေ၏။ တောင်သုံးလုံးပင် တုန်ခါသွားပြီး ကျောက်တုံး ကျောက်စိုင်များကလည်း ပြိုကျကုန်၏။
ကောင်းကင်ထက်၌ အနီရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခု ပေါ်ထွက်လာ၏။ သည်ပုံရိပ်က အံ့မခန်း အားကောင်းသော အော်ရာကို ထုတ်လွှတ်နေ၏။
သည်အခိုက်မှာပင် ကောင်းကင်က အရောင်ပြောင်းသွားပြီး သည်ပုံရိပ် တစ်ခုတည်းသာ တည်ရှိတော့သည့် အလား ထင်မှတ်လိုက်ရ၏။
“ကျူးချွဲဇီ…” သွန်းထျန်မျက်နှာက အလွန်ရုပ်ဆိုးလို့ သွား၏။ သူက သည်စိတ်ဝိညာဉ် အပိုင်းအစနှင့် ကစားနေရန် အချိန်မရှိတော့ချေ။ ထို့ကြောင့် သူက စိတ်ဝိညာဉ် ဆယ်သန်းအလံကို လှုပ်ရမ်း၍ ၎င်းကို ခပ်မြန်မြန်ပင် ဖမ်းယူလိုက်တော့၏။
***