Switch Mode

အပိုင်း(၄၆၄)

စိတ်ဝိညာဉ်ဆယ်သန်းအလံ၏ အစစ်အမှန်စွမ်းအား

သူက ထွက်ပေါ်လာသည်နှင့် စွန့်ပစ်ခံ မသေမျိုးကလန်၏ စွမ်းအားကောင်းသည့် လူများကို ချက်ချင်း သတ်ဖြတ်ပစ်နိုင်ခဲ့သည်။ သူက စွန့်ပစ်ခံ မသေမျိုးကလန်၏ ဂျူနီယာကလန် ခေါင်းဆောင်နှင့်ပင် တိုက်ခိုက်ခဲ့၏။ သည်အရာက ဂြိုဟ်တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။

သူတို့ နှစ်ယောက်ကြားရှိ တိုက်ပွဲက တစ်ဖက်စီ၏ မျိုးဆက်သစ် ခေါင်းဆောင်များ၏ တိုက်ပွဲ ဖြစ်နေသည် မဟုတ်လား။

ချန်းဖန်က အနိုင်မရခဲ့သော်လည်း သည်တိုက်ပွဲကို သရေနှင့် အဆုံးသပ်နိုင်ခဲ့သည်။ သူ့ကျော်ကြားမှုကလည်း ကောင်းကင်ထိ ပျံ့နှံ့သွားတော့၏။ သည်တိုက်ပွဲပြီးသည့်နောက် သူက လျိုမေစီနီယာအကို တစ်ယောက် ဖြစ်ကြောင်း လူတိုင်း သိရှိခဲ့ကြသည်။ သူကလည်း ရွေးချယ်ခံ တပည့်တစ်ယောက်ပင် ဖြစ်လေတော့၏။

ထပ်ပြောရလျှင် သူနှင့် ပတ်သက်၍ လူတိုင်းကို ဖမ်းစားနိုင်သည့် အချက်တစ်ခု ရှိနေသေးသည်။

သည်လူက ပြီးခဲ့သော ဟင်္သာပြဒါး ခေါင်းစီး၏ မျိုးဆက်ကနေ ဆင်းသက်လာသည့် လူ ဖြစ်လို့ နေသည်။

ချန်းဖန်က မသေမျိုးကလန်နှင့် တိုက်ပွဲတွင် တောက်ပသော လတစ်စင်း ဖြစ်လာခဲ့၏။ အဆုံးသပ်၌ သူက စွန့်ပစ်ခံ မသေမျိုးကလန်၏ လူငယ်‌ခေါင်းဆောင်နှင့် သဘောတူညီမှုတစ်ခု ရယူခဲ့၏။ ဟင်္သာပြဒါးနိုင်ငံက အဆင့်သုံးနိုင်ငံအားလုံးကို လက်လွှတ်ခဲ့ပြီး မသေမျိုး ကလန်ဘက် ကလည်း တိုက်ပွဲကို ဆိုင်းငံ့ထားလိုက်၏။

သွန်းထျန်မျက်လုံးများက သည်ကြီးမားသည့် အနက်ရောင် မြူထုကြီးကို ကြည့်၍ တလက်လက် ဖြစ်လို့နေ၏။ သူက အလေးအနက် ပြောလိုက်သည်။ “စွန့်ပစ်ခံ မသေမျိုးကလန်က သူတို့ရဲ့ ဒုတိယ ကြိမ်မြောက် တိုက်ခိုက်မှုကို စတင်လာပြီ။ စန်နူး… ငါက ဒီမြူထဲမှာ ရှိနေတဲ့ နတ်ဆရာက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အလယ်အဆင့်နဲ့ ညီမျှတဲ့ အဆင့်ရှိတဲ့လူလို့ ခံစားမိတယ်။ ဒါပေမဲ့ အာဏာတက်ခြင်း အဆင့်ကျင့်ကြံသူ တစ်ယောက်နဲ့ ညီမျှတဲ့လူ ရှိနေလား မရှိလားတော့ ငါမသိဘူး။ တုပထားတဲ့ စိတ်ဝိညာဉ် ဆယ်သန်း အလံကို ထုတ်လိုက်ပါ။ ငါတို့ သွားကြည့်ကြတာပေါ့…”

ဝမ်လင်းအသွက်င သည်မြူထုကြီးကို ကြည့်ကာ တည်ငြိမ်ဆဲ ရှိနေသည်။ သူက လက်ဆန့်တန်း လိုက်ရာ တုပထားသည့် စိတ်ဝိညာဉ် ဆယ်သန်းအလံက ထွက်ပေါ်လာခဲ့သည်။ သူက သည်အလံကို ဖမ်းဆုပ်ပြီးသည့်အခါ အမည်းရောင် အခိုးအငွေ့များက သူ့ကို ပိုက်ထွေး လွှမ်းခြုံ သွားတော့သည်။

သွန်းထျန်ကတော့ အစစ်အမှန် စိတ်ဝိညာဉ် ဆယ်သန်းအလံကို ထုတ်ယူလိုက်သည်။ သူက တစ်ချက် လှုပ်ရမ်းလိုက်ရာ အမည်းရောင် အခိုးအငွေ့များက သူ့ကိုလည်း ပိုက်ထွေး လွှမ်းခြုံ သွားသည်။ သည့်နောက် သူက ဝမ်လင်းနှင့်အတူ အနက်ရောင် မြူထုထံသို့ တိုးဝင်သွား၏။ သူတို့က ပျံသန်းနေရင်း သူတို့ပတ်လည်၌ လေထု ပေါက်ကွဲသံများနှင့် စိတ်ဝိညာဉ် အပိုင်းအစများ၏ ညည်းတွားသံများကို ထုတ်လွှတ်လို့နေသည်။

မာန်သွင်းသံများ ရုတ်တရက် ပေါ်လာပြီး အနက်ရောင် မြူထုထဲကနေ စွန့်ပစ်ခံ မသေမျိုးကလန် အဖွဲ့ဝင်များက တစ်ဟုန်ထိုး ထွက်ပေါ်လာကြသည်။ သည်အခိုက်မှာပင် သွန်းထျန်နှင့် ဝမ်လင်းတို့ကလည်း သည်အနက်ရောင် မြူထုထံသို့ တိုက်ရိုက် တိုးဝင် လာနေကြသည်။

စွန့်ပစ်ခံ မသေမျိုး ကလန်အဖွဲ့ဝင်များက တိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ် မြူထုထဲကနေ အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအခါ တိုက်ခိုက်ရန် ဟန်ပြင်နေသည့် အဖွဲ့ဝင်များက ရပ်တန့် သွားကြသည်။

နန်းဝတ်နန်းစားနှင့် ခန္ဓာကိုယ်ပေါ်တွင် မည်သည့် တက်တူးမှ မရှိသည့် သက်လတ်ပိုင်း လူကြီးတစ်ယောက်က မြူထုထဲကနေ ထွက်ပေါ်လာသည်။ သူ့ဘေး၌ ခါးကုန်း အဘိုးအို တစ်ယောက်လည်း လိုက်ပါလာသည်။ သည်အဘိုးအို၏ အသွင်က နက်မှောင်နေပြီး သူက ချောင်းအနည်းငယ် ဆိုးနေ၏။

ဝမ်လင်းက သည်အဘိုးအိုသည် သူ့ကို လေဟာနယ် အက်ကြောင်းထဲတွင် လိုက်ဖမ်းခဲ့သော အဘိုးအိုမှန်း ချက်ချင်းသိလိုက်၏။ ။

သူတို့ နှစ်ယောက်ကြားရှိ ရန်စက ကြီးမားလှ၏။ ထို့ကြောင့် သည်အဘိုးအိုက ဝမ်လင်းကို မည်သည်မည်ဝါမှန်း သိသွားသည်နှင့် သူသေသည့်အထိ လက်လျှော့ပေးတော့မည် မဟုတ်ချေ။ သို့ရာတွင် ဝမ်လင်းက စိတ်ဝိညာဉ်အလံနှင့် လွှမ်းခြုံထားပြီး ကောက်ရိုး ဦးထုပ်ကိုလည်း ဆောင်းထား သေးသည်။ ထို့ကြောင့် သည်အဘိုးအိုက သူ့ကို မည်သူမှန်း မသိချေ။

“စိတ်ဝိညာဉ် သန့်စင်ခြင်းကလန်…” သက်လတ်ပိုင်းလူကြီး၏ မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ထို့နောက်သူက ရှေ့သို့ တိုးသွားပြီး သွန်းထျန်နှင့် ဝမ်လင်းတို့ကို ပိတ်ဆို့ ထားလိုက်သည်။

“မင်းတို့နှစ်ယောက်က စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်ကမလား…” ထိုသို့ ပြောပြောဆိုဆိုဖြင့် သက်လတ်ပိုင်း လူကြီးက ပြုံး၍ လက်ဝှေ့ယမ်း လိုက်သည်။

ဘုန်း…။

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ လှိုင်းများနှင့် အတူ မမြင်ရသော အားတစ်ခုက သွန်းထျန်နှင့် ဝမ်လင်းတို့ကို လှောင်ချိုင့်တစ်ခုလို ပိတ်လှောင်လာသည်။

ဝမ်လင်းအသွင်က အနည်းငယ် ပြောင်းသွားသည်။ သည်မမြင်ရသော ဖိအားအောက်တွင် သူက သန်မာသော အန္တရာယ် အငွေ့အသက်ကို ခံစားမိလိုက်သည်။

“သစ်ရွက်ကိုးရွက်နတ်ဆရာ…” သွန်းထျန်အသွင်က အလံထဲကနေ ထွက်ပေါ်လာသည်။

သို့ရာတွင် စိတ်ဝိညာဉ် အလံဝန်းရံထားသော သွန်းထျန်က မရေမတွက်နိုင်သော စိတ်ဝိညာဉ် အပိုင်းအစများကို ထုတ်လွှတ်သည်။ ထို့နောက် ခရမ်းရွှေရောင် မူလစိတ်ဝိညာဉ် အပိုင်းအစ (၁၃)ကောင်ကပါ ဆင်းသက်လာ၏။

သွန်းထျန်က အော်ပြောလိုက်သည်။ “သွား…”

စိတ်ဝိညာဉ် အပိုင်းအစများက ရုတ်တရက် ရူးသွပ်သွားသလို အရပ်မျက်နှာ အနှံ့ကနေ တိုးဝင် သွားကြသည်။ သည်အရာက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်စိတ်ဝိညာဉ် အပိုင်းအစ ဆယ်သုံးကောင် ဖြစ်နေ၏။ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်အောက် စွန့်ပစ်ခံ မသေမျိုးကလန် အဖွဲ့ဝင်များ အားလုံးက သည်စိတ်ဝိညာဉ် ဆယ့်သုံးခုကြောင့် တစ်ချက်တည်းနှင့် သေဆုံး သွားခဲ့ကြသည်။

သက်လတ်ပိုင်း လူကြီးက မျက်မှောင်ကြုတ် သွားသည်။ သူက သစ်ရွက်ကိုးရွက် အဆင့်ကို ခုမှ ရောက်ရုံသာ ရှိသေး၏။ သူ့အဆင့်က အာဏာတက်ခြင်း အဆင့်ကျင့်ကြံသူနှင့် ညီမျှသည်။ သို့ရာတွင် သူက စိတ်ဝိညာဉ် ဆယ်သန်းအလံ၏ သည်လို ကြောက်မက်ဖွယ် စွမ်းအားကို တစ်ခါမျှ မတွေ့ကြုံဖူးချေ။ သူက ယင်းရတနာ အလံနှင့်ပတ်သက်၍ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက မှတ်တမ်းများတွင် ဖတ်ခဲ့ဖူးရုံသာ ရှိ၏။ ထို့ကြောင့် သူက ယင်းအလံသည် စွန့်ပစ်ခံ မသေမျိုးကလန်များ သေလောက်အောင် ကြောက်သည့် လက်နက်တစ်ခု ဖြစ်ကြောင်းကိုတော့ သိရှိခဲ့ပြီး ဖြစ်သည်။

အခုသူက ၎င်းလက်နက် အလံကို တွေ့မြင်သည့်အခါ သူ့အသွင်က နက်မှောင် သွားတော့၏။ သူက လက်ဝှေ့ယမ်းလိုက်ရာ အနက်ရောင်မြူထုက နောက်သို့ ဆုတ်သွား၏။ မြူထုထဲရှိ စွန့်ပစ်ခံ မသေမျိုး ကလန်အဖွဲ့ဝင်များက သက်လတ်ပိုင်း လူကြီးအတွက် လမ်းရှင်း ပေးလိုက်ကြသည်။

သွန်းထျန်က ရယ်မောလိုက်ပြီး ဝမ်လင်းကို ခေါ်၍ မြူနက်ထုကြီးကနေ ထွက်၍ အကွာအဝေး တစ်ခုသို့ သွားသည်။

“မုရီ…မင်းက ကလန်အဖွဲ့ဝင်တွေကို ခေါ်ပြီး ဂျူနီယာ ကလန်ခေါင်းဆောင်နဲ့ သွားတွေ့ပါ။ ငါက ဒီစိတ်ဝိညာဉ် ဆယ်သန်းအလံရဲ့ စွမ်းအားကို စမ်းသပ် ကြည့်လိုက်ဦးမယ်…” သက်လတ်ပိုင်း လူကြီးက ထိုသို့အမိန့်ပေပြီးနောက် သွန်းထျန်တို့ နောက်သို့ လိုက်လေသည်။

ခါးကုန်းအဘိုးအို မုရီက ခေါင်းညိတ်လိုက်ပြီး ကလန်အဖွဲ့ဝင်များကို ဦးဆောင်၍ မြူနက်ထုကြီးကို ပြန်ဖွဲ့စည်း လိုက်သည်။ သူတို့က ပြီးစီးသွားသည့်အခါ ရှေ့သို့ ဆက်၍ သွားတော့၏။

သွန်းထျန်က ပျံသန်းနေရင်း ရုတ်တရက် ရပ်တန့် လိုက်သည်။ “သစ်ရွက် ကိုးရွက် နတ်ဆရာက ငါတို့နောက် လိုက်လာတယ်။ စန်နူး… သေချာစောင့်ကြည့်ပါ။ ဘာကြောင့် အာဏာတက်ခြင်း အဆင့်တွေက ဒီစိတ်ဝိညာဉ် ဆယ်သန်းအလံကို ကြောက်ကြလည်း ဆိုတာ တွေ့လိမ့်မယ်…”

သွန်းထျန်က ထိုသို့ပြောလိုက်ပြီးနောက် နောက်သို့လှည့်ကာ သစ်ရွက်ကိုးရွက် နတ်ဆရာနှင့် ရင်ဆိုင်၏။ ကောင်းကင်ထက်၌ သက်တံရောင် အလင်းတန်းတစ်ခုက ဆင်းသက်လာပြီး သူ့ရှေ့သို့ ရောက်လာခဲ့သည်။ ၎င်းအလင်းတန်းက သက်လတ်ပိုင်း လူကြီးပင် ဖြစ်သည်။

သွန်းထျန်က စကားပြောခြင်းဖြင့် အချိန်ဖြုန်း မနေတော့ချေ။ သူက ချိပ်တံဆိပ်တစ်ခု ဖြစ်ပေါ် စေလိုက်ပြီး သွေးအနည်းငယ် ထွေးထုတ်၏။ “စိတ်ဝိညာဉ် အပိုင်းအစ ငါးသန်းနဲ့ မူလစိတ်ဝိညာဉ် ဆယ့်သုံးခု ထွက်ပေါ်လာစမ်း…”

ကောင်းကင်က ရုတ်တရက် နက်မှောင်သွာ၏။ ကောင်းကင် တစ်ခုလုံးကို တစ်စုံတစ်ရာနှင့် ဖုံးလွှမ်းသွားပြီး ကမ္ဘာမြေပြင်တစ်ခုလုံးက ငရဲအလား ထင်မှတ်လာရသည်။

စိတ်ဝိညာဉ် အပိုင်းအစများစွာ ထံကနေ အဆုံးမရှိသော ညည်းသံများက ပဲ့တင် ထပ်လာတော့၏။

စိတ်ဝိညာဉ် အပိုင်းအစများက တစ်သုတ်ပြီး တစ်သုတ် အလံထဲကနေ ထွက်ပေါ်လာပြီး သည်ဧရိယာကို ဖုန်းလွှမ်းသွားသည်။ ခရမ်းရွှေရောင် စိတ်ဝိညာဉ် ဆယ့်သုံးခုကလည်း သက်လတ်ပိုင်း လူကြီးကို ထွက်ပေါ်လာသည်နှင့် သက်လတ်ပိုင်း လူကြီးကို စူးစိုက်ကြည့်နေသည်။

“သေချာ ကြည့်ထား…။ ဒါက စိတ်ဝိညာဉ်အလံကို ပိုကောင်းအောင် အသုံပြုတဲ့ နည်းလမ်းပဲ။ စိတ်ဝိညာဉ် ဆယ့်သုံးခု အစီအရင်…” သွန်းထျန်၏ သူ့ပတ်လည်ရှိ အမည်းရောင် အခိုးအငွေ့များက ပေသုံးဆယ်ခန့် ရှည်သည့် အလံတစ်ခု အဖြစ်သို့ ပြောင်းလဲ သွားသည်။ ထို့နောက် သူက ၎င်းအလံကို လွှဲရမ်းလိုက်သည်။

စိတ်ဝိညာဉ် အပိုင်းအစ ငါးသန်းက ထူးဆန်းသော အပြုအမူများဖြင့် မူလစိတ်ဝိညာဉ် ဆယ့်သုံးခု ပတ်လည်၌ စတင် လှုပ်ရှားလာခဲ့သည်။ သည့်နောက် ကြီးမားသည့် အစီအရင်ကြီး တစ်ခု ဖြစ်ပေါ်သွားပြီး ဝမ်လင်း၊ သွန်းထျန်နှင့် သက်လတ်ပိုင်း လူကြီး တို့အား ဝန်းရံသွားသည်။

ဝမ်လင်း၏ အစီအရင်ကို နားလည် နိုင်စွမ်းနှင့်ပင် သူက အခုအစီအရင်ကို အနည်းငယ်သာ ဖြတ်မြင် နိုင်စွမ်း ရှိသည်။ တိတိကျကျလေ့လာနိုင်စွမ်း မရှိ ဖြစ်ရသည်။

“စိတ်ဝိညာဉ် သန့်စင်ခြင်း…” သွန်းထျန်က အော်ပြောလိုက်ပြီး လက်ဆန့်တန်း၏။

အစီအရင်က ရုတ်တရက် တုန်ခါသွားပြီး စိတ်ဝိညာဉ် အပိုင်းအစများ အားလုံးက အသံတစ်ခုကို ပေါင်းစည်း၍ ထုတ်လွှတ် လာသည်။ သည်အသံက မန္တာန်အမျိုးအစား တစ်မျိုးပင် ဖြစ်သည်။

သိပ်မကြာခင်တွင် အမည်းရောင် အော်ရာက စိတ်ဝိညာဉ် အပိုင်းအစများ အလယ်ကနေ ထွက်ပေါ်လာပြီး ဧရာမလက်ကြီး တစ်ဖက်ကို ဖြစ်ပေါ်စေ၏။ သည်လက်ကြီးက သွန်းထျန် ကိုယ်ပွားကဲ့သို့ သူ လှုပ်ရှားသည့် အတိုင်း လုပ်ဆောင်နေသည်။

သွန်းထျန်က လက်ဆန့်ထုတ် လိုက်သည့်အခါ အဖြူရောင် ပုံရိပ်တစ်ခုက သက်လတ်ပိုင်း လူကြီး ပတ်လည်၌ ပေါ်လာခဲ့သည်။ ၎င်းက သူ့စိတ်ဝိညာဉ်ပင်။ သည်အခိုက်တွင် ဧရာမ လက်ကြီးက ဆင်းသက်လာ၏။

သက်လတ်ပိုင်းလူကြီးမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက မည်သည့်ရတနာကိုမျှ အသုံးပြုခြင်း မရှိဘဲ လေထဲသို့ လက်ညွှန်ကာ စကားတစ်ခွန်းဆို၏။ “ရပ်တန့်စမ်း…”

ပေါက်ကွဲသံ တစ်ခုနှင့် အတူ လက်ကြီးက ရုတ်တရက် ရပ်တန့်သွားပြီး လှုပ်ရှားမှု ကင်းမဲ့သွား၏။

သက်လတ်ပိုင်းလူကြီးက သူ့လက်ကို ရှေ့သို့ ဆက်တန်း လိုက်ပြီးနောက် ရောင်စုံ အလင်းငါးခုက သူ့လက်ထဲ၌ စုဝေးလာ၏။

“ဒယ်စောက်…” သည်အလင်းတန်းငါးခုက ချက်ချင်းပြိုကွဲသွားပြီး ဒယ်စောင်ငါးခုက သတ်လတ်ပိုင်း လူကြီး၏ ပတ်လည်တွင် ဖြစ်ပေါ်လာသည်။

ထို့နောက် သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “သန့်စင်ခြင်း…” သည်ဒယ်စောင်ငါးခုက တုန်ခါသွားပြီး ၎င်းတို့ ပတ်လည်၌ ထူးဆန်းသော တက်တူးများ ဖြစ်ပေါ်လာသည်။ သည်တက်တူး အမှတ်အသားများက တဖျပ်ဖျပ် တောက်ပနေပြီး ဒယ်စောက်များပတ်လည်၌ လှည့်ပတ်နေသည်။

သည်ကြီးမားသည့် ဒယ်စောက်ငါးခုက ဧရာမဝဲကတော့ကြီး ငါးခုကို အစီအရင်ထဲ၌ ဖြစ်ပေါ်စေ၏။

သည်အစီအရင်က ရှေးဆန်သည့် အော်ရာနှင့် ပြည့်နှက်နေပြီး အချို့စိတ်ဝိညာဉ်များက ယင်းဝဲကတော့များထဲသို့ ဆွဲသွင်းခြင်း ခံရသည်။

သွန်းထျန်က တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ “မင်းက သစ်ရွက်ကိုးရွက် နတ်ဆရာ တစ်ယောက် ဖြစ်ထိုက်တယ်။ မင်းမှာ အရည်အချင်းအချို့ ရှိနေတာပဲ…။ မူလစိတ်ဝိညာဉ် ဆယ့်သုံးခု စုစည်းကြ…”

အစီအရင်က ရုတ်တရက် ပြောင်းလဲသွားပြီး ငါးသန်းသော စိတ်ဝိညာဉ် အပိုင်းအစများက မူလစိတ်ဝိညာဉ် ဆယ့်သုံးခုထံသို့ စုဝေးလာကြသည်။ သည့်နော် မူလစိတ်ဝိညာဉ် ဆယ့်သုံးခုက ခန္ဓာကိုယ် အထည်ဒြပ် ဖြစ်လာခဲ့သည်။

စိတ်ဝိညာဉ်ငါးသန်းနှင့် မူလစိတ်ဝိညာဉ် ဆယ့်သုံးခုတို့ ပေါင်းစပ်ခြင်းက မူလစိတ်ဝိညာဉ် တစ်ခုစီကို စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့် စွမ်းအားကို ရရှိစေခဲ့သည်။ သူတို့၏ ခန္ဓာကိုယ်ထဲတွင် ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များပင် ရှိလို့နေသေး၏။

သည်တစ်ကြိမ်၌ သက်လတ်ပိုင်းလူကြီး၏အသွင်က ပြောင်းလဲသွားတော့သည်။

သွန်းထျန် မျက်လုံးများက အေးစက်နေပြီး သူက ပြောလိုက်သည်။ “ဒါက မပြီးသေးဘူး။ စိတ်ဝိညာဉ် ဆယ်သုံးခု တစ်ခုတည်းအဖြစ် ပေါင်းစပ်ခြင်း…”

မူလစိတ်ဝိညာဉ်ဆယ့်သုံးခုက ရုတ်တရက် လှုပ်ရှားသွားပြီး မရေမတွက်နိုင်သော ပုံရိပ်ယောင်များကို ဖြစ်ပေါ်စေသည်။ သည်ပုံရိပ်ယောင်များ ပျောက်ကွယ်သွားသည့် အချိန်တွင် မူလစိတ်ဝိညာဉ်များက တစ်ခုတည်း အဖြစ်သို့ ပေါင်းစပ်သွား၏။

ငါးသန်းသော စိတ်ဝိညာဉ်အပိုင်းအစများနှင့် မူလစိတ်ဝိညာဉ် ဆယ့်သုံးခုတို့က တစ်ခုတည်း အဖြစ်သို့ ပေါင်းစပ်သွားသည်။

သည်စိတ်ဝိညာဉ် ပေါ်လာသည့် အခိုက်တွင် ကောင်းကင်က အရောင်များ ပြောင်းလဲ သွားရသည်။

“အာဏာတက်ခြင်း…” သက်လတ်ပိုင်းလူကြီး လေအေးတစ်ချက် ရှိုက်သွင်းမိသည်။

သည်စိတ်ဝိညာဉ် ဆယ်သန်းအလံ၏ မူလ စိတ်ဝိညာဉ်များ အားလုံးက စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်၏ ဘိုးဘေး စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့က အသက်ရှိစဉ်တုန်းက အာဏာတက်ခြင်း အဆင့်ကို ရောက်ရှိ လိုခဲ့ကြသော်လည်း မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် သူတို့၏ အာဏာတက်ခြင်း အဆင့်ကို ရောက်ရှိလိုသည့် ဆန္ဒက သေသွားသည့် အခါပို၍ သန်မာလာခဲ့ကြသည်။

အဆုံးသပ်၌ သည်စိတ်ဝိညာဉ် အပိုင်းအစများ၏ ဆန္ဒက သူတို့ကို အာဏာတက်ခြင်း အဆင့်နှင့် ယှဉ်နိုင်သည့် စွမ်းအားတစ်ခုအဖြစ် ပေါင်းစပ် ဖြစ်ပေါ်စေနိုင်ခဲ့သည်။

သို့သော် သည်အရာက စိတ်ဝိညာဉ် ဆယ်သန်းအလံ၏ အပြည့်အဝ စွမ်းအား မဟုတ်သေးဘဲ အစိတ်အပိုင်း တစ်ခုသာ ဖြစ်၏။

အခုစွမ်းအားက အာဏာတက်ခြင်းအဆင့် အစောပိုင်း ကျင့်ကြံသူမျာနှင့် ရင်ဆိုင်နိုင်၏။ သို့သော် ၎င်းစွမ်းအားက ခုလက်ရှိ ဟင်္သာပြဒါး ခေါင်းစီးကဲ့သို့ အာဏာတက်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူများနှင့်တော့ ယှဉ်နိုင်စွမ်း မရှိချေ။ ခုလက်ရှိ ဟင်္သာပြဒါးခေါင်းစီး ထိန့်လန့်သည်က သည်အလံ၏ မူလစိတ်ဝိညာဉ် သုံးဆယ့်ခြောက်ခုလုံး ပေါင်းစပ်ထားသည့် စွမ်းအားကိုပင်။ အထူးသဖြင့် လေးခုမြောက် မူလစိတ်ဝိညာဉ် ဖြစ်၏။

သွန်းထျန်က သက်လတ်ပိုင်း လူကြီးကို အေးစက်စွာ ပြောလိုက်သည်။ “ငါက ဒီနေ့ မင်းကို မသတ်ချင်ဘူး။ ငါတို့ စိတ်ဝိညာဉ် သန့်စင်ခြင်းကလန်က မင်းတို့ကလန်နဲ့ ဟင်္သာပြဒါးနိုင်ငံရဲ့ စစ်ပွဲကြားမှာ မပါဝင်ချင်ဘူး…”

သက်လတ်ပိုင်း လူကြီးအသွင်က နက်မှောင်သွာ၏။ သူ့စိတ်ထဲရှိ ဒေါသတရားကလည်း ကြီးမားလာခဲ့၏. သူ့ကျင့်ကြံမှု အဆင့်ဖြင့် ဆိုလျှင် သွန်းထျန်သာ စိတ်ဝိညာဉ် ဆယ်သန်း အလံမရှိလျှင် သွန်းထျန်ကို လွယ်လင့်တကူ သတ်ပြီးခဲ့ပြီ ဖြစ်၏။

သူက သွန်းထျန်ကို ကြည့်ကာ စဉ်းစားနေ၏။ သူက အနည်းငယ် စဉ်းစားပြီးနောက် ပြောလုက်သည်။ “ဒီလောက်စွမ်းအားက ငါ့ကို မကြောက်လန့်စေနိုင်ဘူး။ စိတ်ဝိညာဉ် ဆယ်သန်းအလံက ဒီလောက် စွမ်းအားပဲ ရှိတာလား…”

သွန်းထျန်က ရယ်မောနေရင်း သူ့မျက်လုံးများက တဖျပ်ဖျပ် ဖြစ်လို့နေ၏။ “မူလစိတ်ဝိညာဉ် ဆယ်ခု ထွက်ပေါ်လာစမ်း…”

သူက စိတ်ဝိညာဉ်အလံကို ဝှေ့ယမ်းလိုက်ရာ နောက်ထပ် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် မူလစိတ်ဝိညာဉ် ဆယ်ခုက ပျံသန်းထွက်ပေါ်လာ၏။

သည်တစ်ကြိမ်တွင်တော့ သက်လတ်ပိုင်းလူကြီးက ခါးသက်စွာ ပြုံးလိုက်သည်။ သည်အခိုက်တွင် သူ့ကလန်က ဘာကြောင့် စိတ်ဝိညာဉ် ဆယ်သန်းအလံကို ကြောက်ရွံ့သည်ကို သဘောပေါက် သွားတော့၏။

သက်လတ်ပိုင်း လူကြီးက ပြောလိုက်သည်။ “စိတ်ဝိညာဉ် သန့်စင်ခြင်းကလန်က စစ်ပွဲမှာ မပါဝင်လိုတာကြောင့် ငါက ငါတို့ စွန့်ပစ်ခံ မသေမျိုးကလန်ကို ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပြန် ပြောပေးမယ်။ ငါတို့က စိတ်ဝိညာဉ် သန့်စင်ခြင်းကလန်ကို ခြေတစ်လှမ်းတောင် မချဖို့ ကတိပေးတယ်…”

ထိုသို့ ပြောပြီးသည်နှင့် သူက လက်နှစ်ဖက်ယှက်၍ သွန်းထျန်ကို နှုတ်ဆက်ကာ ဂရုတစိုက် ထွက်သွားတော့၏။

သွန်းထျန်က စိတ်ဝိညာဉ် အလံထဲသို့ စိတ်ဝိညာဉ် အပိုင်းအစများ အားလုံးကို ပြန်သိမ်းလိုက်ပြီး ဝမ်လင်းနှင့်အတူ အလျင်အမြန် ထွက်ခွာသွားတော့၏။

“စိတ်ဝိညာဉ်ဆယ်သန်းအလံ…” သည်အဖြစ်အပျက်ကို ကိုယ်တိုင် တွေ့လိုက်ရပြီးနောက် ဝမ်လင်းမျက်လုံးထဲ၌ စိတ်အား ထက်သန်မှုများ တောက်လောင် နေတော့သည်။ ကမ္ဘာကြီးက ကြီးမား ကျယ်ပြန့်လှ၏။ သည်အလံနှင့်ဆိုရင် သူက မည်သည့်နေရာကို မဆို သွားနိုင်ပြီ မဟုတ်လား…။

***

Comment

Leave a Reply

Options

not work with dark mode
Reset