သည်ကျောက်စိမ်းတုံး နှစ်ခုပေါ်၌ အက်ကွဲကြောင်းများ ပေါ်လာ ခဲ့လေသည်။ အက်ကွဲကြောင်း များက စတင်ပျံ့နှံ့ လာသည်။ သည့်နောက် သည်ကျောက်စိမ်းပြားများက တဖြည်းဖြည်း မီးခိုးရောင်သို့ သန်းသွားလေသည်။
သည်နေ့တွင် ဝမ်လင်းရှေ့ရှိ ကောင်းကင်ဘုံ ကျောက်စိမ်းတုံးမှ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်နောက်ဆုံး အမျှင်တန်းကို စုပ်ယူလိုက်သည်။ ပေါက်ကွဲသံ တစ်ချပ်နှင့်အတူ ယင်းကျောက်စိမ်းတုံးက အစိတ်စိတ် အမြွှာမြွှာ ကွဲထွက်သွားတော့သည်။
တစ်ချိန်တည်းမှာပင် သူ့နောက်ရှိ ကျောက်စိမ်းတုံးကလည်း ထိုနည်းလည်းကောင်း ဖြစ်သွားတော့၏။
ဝမ်လင်းဆံပင်များက လေမတိုက်ပါပဲနှင့် လွင့်မြောလို့ နေသည်။ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များသည်လည်း အစပိုင်းကထက် ပို၍ မရေမတွက်နိုင်အောင် များပြားလာသည်။ သူ့ခန္ဓာကိုယ်မှာ စွမ်းအားကောင်းသော အော်ရာတစ်ခု ပျံ့နှံ့လို့လာပြီး အဖြူရောင် အလံခုနှစ်ခုကို ရိုက်ခတ်သွားသည်။ ယင်းအလံများက သည်အော်ရာကို ခုခံနိုင်ခြင်း မရှိချေ။
ဝမ်လင်းက ဖြည်းညင်းစွာ ခေါင်းမော့ လိုက်သည်။ သူက မတ်တတ် ရပ်လိုက်သည့်အခါ သူ့မျက်လုံးများက ရွှေရောင် အလင်းတန်းတစ်ခု ထုတ်လွှတ်သွားပြီးမှ ပြန်၍ တည်ငြိမ်သွား၏။
“ငါက အသွင်ပြောင်းခြင်း ဖြစ်စဉ် သုံးပုံတစ်ပုံကို အောင်မြင်ခဲ့ပြီ…” ဝမ်လင်း မျက်လုံးများက နံရံထောင့်တွင် ထိုင်နေသော သွန်းထျန်ပေါ်သို့ ကျရောက်လာ၏။
သွန်းထျန်ကမျက်လုံးဖွင့်လာခဲ့ပြီး ပြုံး၏။ “ကောင်းတယ်…။ ခု ငါ့နောက်လိုက်ခဲ့။ ငါတို့ ကောင်းကင်ဘုံ ကျောက်စိမ်းပြား အချို့ သွားခိုးရအောင်။ ခုက စစ်ပွဲကြောင့် ရှုပ်ထွေးနေပေမဲ့ ဒီစစ်ပွဲကလည်း ငါတို့ကလန်ရဲ့ ရိုးရာကို ရပ်တန့်နိုင်မှာ မဟုတ်ဘူး…”
သွန်းထျန်က ရယ်မော လိုက်ပြီးနောက် သူက သူ့ရှေ့တွင် အနက်ရောင်ဝဲကတော့ တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။ သည့်နောက်သူက ၎င်းအထဲသို့ လျှောက်လှမ်းကာ ဝင်ရောက်သွား၏။
ဝမ်လင်းကလည်း ပြုံး၍ သူ့နောက်ကနေ လိုက်ပါသွားသည်။
သူတို့က စိတ်ဝိညာဉ် သန့်စင်ခြင်းကလန် အပြင်ဘက်ရှိ ကောင်းကင်ထက်၌ ပြန်ပေါ် လာခဲ့ကြသည်။ သွန်းထျန်က တိမ်တစ်ခုကို စီးနင်းနေရင်းဖြင့် သူ့လက်ကို နောက်ပစ် ထားလေ၏။
ဝမ်လင်းကလည်း သွန်းထျန်နောက်ကနေ လိုက်ပါလာသည်။ သူက ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များသည် သူ့ခန္ဓာကိုယ်ကို ပြောင်းလဲပေးနေသည်ဟု ခံစားမိသည်။
သူ့ခန္ဓာကိုယ်ထဲ၌ သည်အခိုက်တွင် စိတ်ဝိညာဉ် စွမ်းအင်များစွာ ရှိမနေခဲ့ချေ။ သည် စိတ်ဝိညာဉ် စွမ်းအင်အများစုက ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ သို့ရာတွင် သူက သူ့ခန္ဓာကိုယ်ထဲသို့ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များ ပြည့်လျှံ့ နေအောင် ထည့်သွင်းရမည် ဖြစ်၏။ ထို့ကြောင့် သူက ခုထိ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ရောက်ရှိရန်အတွက် ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များစွာ လိုနေသေး၏။
ဖီးလုနိုင်ငံအနောက်ဘက်တွင် အင်းဆက်များ အစုအအုံလိုက် ဖွဲ့နေသည့် နေရာတစ်ခု ရှိသည်။ သည်နေရာက သေခြင်းကုန်းမြေတစ်ခု ဖြစ်နေပြီး ကီလိုမီတာ တစ်သောင်း ပတ်လည် အတွင်း သက်ရှိ လူတစ်ယောက်ကိုပင် တွေ့ရခြင်း မရှိချေ။
သည်နေရာက အင်းဆက်များ၏ နိဗ္ဗာန်ဘုံပင်။ သည်နေရာ၌ အဆိပ်ရှိသော အင်းဆက် များစွာ နေထိုင်လျက် ရှိ၏။
သည်နေရာ၌ လူတစ်ယောက်က အင်းဆင်များ အုံလိုက်ကျင်းလိုက် ဝိုင်းဖွဲ့ လှုပ်ရှား နေသည်ကိုသာ မကြာခဏတွေ့ရမည် ဖြစ်၏။ သည်အင်းဆက်များက သည်နေရာ၏ ဘုရင်များပင် ဖြစ်ချေသည်။
သည်နေရာတွင် အင်းဆက်များအပြင် အခြားသားရဲ အမျိုးအစားများလည်း ရှိလို့နေသေး၏။ သို့ရာတွင် သူတို့က အင်းဆက်များ၏ ပြိုင်ဘက်မဟုတ်ချေ။ ထို့ကြောင့် သူတို့က အချိန်အများစုကို အသိုက်အအုံထဲ၌သာ နေ၍ အပြင်သို့ ထွက်လာလေ့ မရှိပေ။
ဖီးလုနိုင်ငံရှိ ကျင့်ကြံသူများက သည်အအုံအဖွဲ့ထဲသို့ ခြေတစ်လှမ်းပင် မချသင့်ကြောင်း သိရှိကြ၏။ ယင်းနေရာက တားမြစ်ထားခြင်း မရှိသော်လည်း အလွန်အန္တရာယ် များလှသည် မဟုတ်လား။
သည့်အပြင် နတ်ဆိုး အင်းဆက်ကလန်က သည်အသိုက်အအုံထဲ၌ တည်ရှိလေ၏။
သည်နတ်ဆိုး အင်းဆက်က အလွန်ထူးဆန်းလှသည့်ကလန် တစ်ခု ဖြစ်၏။ ကလန်၏ အဓိက အဆောက်အဦက ကြီးမားစွာ စုစုစည်းစည်း ရှိရမည် ဖြစ်သော်လည်း ၎င်းကလန်၏ အဆောက်အဦများက သည်အသိုက်အအုံထဲ၌ ပြန့်ကျဲကာ တည်ရှိလို့နေ၏။
သည်နေရာရှိ မြေပြင်ပေါ်တွင် အစက်အပြောက် အနည်းငယ် ရှိနေ၏။ သည်အစက်အပြောက် များက နတ်ဆိုးကလန်၏ တပည့်များ နေထိုင်သည့်နေရာ ဖြစ်သည်။ သူတို့က သည်နေရာ တစ်ခုလုံးတွင် ပျံ့နှံ့ကာ နေထိုင်ကြသည်။
နတ်ဆိုးအင်းဆက်ကလန်၏ တပည့်များက တစ်ယောက်နှင့် တစ်ယောက် ရဲဘော်ရဲဘက် စိတ်ဓာတ်လည်း မရှိကြပေ။ သူတို့၏ ကျင့်ကြံမှု နည်းလမ်းက အင်းဆက်များနှင့် ဆက်နွှယ်လို့ နေ၏။ ထို့ကြောင့် သည်အသိုက် အအုံထဲတွင် အဆိပ်ရှိသော အင်းဆက်များ ရှိနေခြင်းက သူတို့အတွက် အဆင်ပြေစေသည်။
ယနေ့တွင် အသိုက်အအုံအစွန်းပိုင်း၏ ကောင်းကင်ထက်၌ ပုံရိပ်နှစ်ခု ပေါ်လာခဲ့သည်။ ထိုနှစ်ယောက်ကတော့ ဝမ်လင်းနှင့် သွန်းထျန်တို့ပင် ဖြစ်ကြသည်။
သွန်းထျန်က သည်နေရာနှင့် ပတ်သက်၍ ရင်းနှီးပြီးသား ဖြစ်နေသည်မှာ ရှင်းလင်းလှ၏။ အကြောင်းကတော့ သူက ဝမ်လင်းကို သည်နေရာသို့ တိုက်ရိုက် ဦးဆောင် လာခဲ့ခြင်းကြောင့် ဖြစ်သည်။ သူက သည်အသိုက် အအုံကို ကြည့်ကာ သက်ပြင်းချသည်။ “စန်နူး…သူတို့က တွင်းထဲမှာ ကြွက်တွေလို ပုန်းအောင်းနေပေမဲ့ နတ်ဆိုးအင်းဆက်ကလန်အဖွဲ့ဝင်တွေကို လျော့မတွက်နဲ့။ သူတို့ရဲ့ ဘဝဟောင်းက လုံးဝ ညစ်ညမ်း ရိုင်းစိုင်းခဲ့ကြတယ်။ ငါ့ကို ငါ့ဆရာက ဒီနေရာကို ခေါ်လာတုန်းက အခြားကလန်တွေက ရတာထက် ပိုပြီး ကောင်းကင်ဘုံ ကျောက်စိမ်းပြား သုံးဆ ပိုရခဲ့တယ်…”
ထိုသို့ပြောပြီးနောက် သူက လေဟာနယ်ထဲသို့ လက်ဆန့်တန်း လိုက်သည်။ စိတ်ဝိညာဉ် ဆယ်သန်းအလံက သူ့လက်ထဲ၌ ပေါ်လာခဲ့သည်။ သူက စိတ်ဝိညာဉ် ဆယ်သန်းအလံကို ဖမ်းဆုပ် ထားပြီးနောက် သွန်းထျန်၏ အော်ရာက လုံးဝ ပြောင်းလဲ သွားတော့သည်။ သူက အသိုက်အအုံကို စူးစိုက် ကြည့်နေပြီးနောက် အလံကို ဝှေ့ယမ်း လိုက်သည်။ မရေမတွက်နိုင်သော စိတ်ဝိညာဉ် အပိုင်းအစများက ပျံသန်းထွက်လာပြီး သည်နေရာကို ဖုံးလွှမ်းသွားတော့သည်။ ကောင်းကင်က အရောင်ပြောင်းသွားပြီး အချိန်ပင် ရပ်တန့်သွားသလား မှတ်ရ၏။
ဧရိယာတစ်ခုလုံးက စိတ်ဝိညာဉ် အပိုင်းအစများဖြင့် ဖုံးလွှမ်းသွားပြီး တစ္ဆေညည်းသံများ အဆက်မပျက် ထွက်ပေါ်နေတော့၏။ သည်အသံများက ရတနာများဖြင့် တိုက်ခိုက်ခြင်းထက် နည်းနည်းလေးမှ အားနည်းမနေခဲ့ချေ။
ခရမ်းရွှေရောင် စိတ်ဝိညာဉ် အပိုင်းအစ ဆယ်ခုကျော်က တစ်ဟုန်ထိုး ထွက်ပေါ်လာခဲ့၏။ ၎င်းတို့၏ မျက်လုံးထဲ၌လည်း စိတ်လှုပ်ရှားမှုတို့နဲ့ ပြည့်နေခဲ့သည်။ အမိန့်ပေးခံရခြင်း မရှိဘဲနှင့် သူတို့က ရှေ့သို့ တစ်ဟုန်ထိုး တိုးဝင်သွားကြသည်။ အဆိပ်ရှိသော အင်းဆက်များ အားလုံးက သူတို့၏ သဘာဝရန်သူကို တွေ့ရသကဲ့သို့ ထွက်ပြေးကြတော့သည်။
သွန်းထျန်မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူက အော်ပြောလိုက်သည်။ “နတ်ဆိုးအင်းဆက် ကလန်ရဲ့ ကြွက်တွေ…မင်းတို့အဘိုးသွန်းထျန် ရောက်လာပြီ။ စည်းမျဉ်းက အရင်အတိုင်းပဲ။ ကောင်းကင်ဘုံ ကျောက်စိမ်းပြားတွေ မြန်မြန်လာပေးကြ…”
ဝမ်လင်းက သွန်းထျန်စကားကို ကြားသည့်အခါ ကျယ်လောင်စွာ မရယ်မောမိဘဲ မနေနိုင် ဖြစ်ရသည်။ ကောင်းကင်ဘုံ ကျောက်စိမ်းပြားကို သူများရှိက လုယူခြင်းကပဲ စည်းမျဉ်း ရှိနေသေးသည့်တဲ့လား။
ဝမ်လင်းက စိတ်ဝိညာဉ် သန့်စင်ခြင်းကလန်က သည်လို ဆရာကြီးလုပ်ကာ အနိုင်ကျင့်လေ့ ရှိသလားကိုတော့ မသိခဲ့ပေ။ အတိတ်တုန်းက သွန်းထျန်ဆရာက သူ့ကို သည်နေရာကို ခေါ်လာတုန်းက သူ့ဆရာကလည်း အခုလိုပင် ပြောခဲ့သည့်ပုံပင်။
ဒေါသထွက်နေသော အသံအနည်းငယ်နှင့် အတူ လူနှစ်ယောက် ပျံ့သန်းထွက်လာ၏။ စိတ်ဝိညာဉ် အပိုင်းအစများက သူတို့ကို ပိတ်ဆို့ရန် ကြိုးစားကြ၏။ သို့သော် သူတို့၏ အော်ရာကြောင့် နောက်သို့ ပြန်ဆုတ် သွားရသည်။
သို့ရာတွင် သည်လူနှစ်ယောက်က စိတ်ဝိညာဉ် အပိုင်းအစများကို နောက်သို့ ဆုတ်သွား စေနိုင်သော်လည်း ဒဏ်ရာရသွားခြင်း မရှိသည်ကို သိကြပေ၏။
တစ်ယောက်က ခရမ်းရောင် ဝတ်စုံနှင့် အဘိုးအိုတစ်ယောက် ဖြစ်သည်။ သူ့ပတ်လည်၌ သွေးနီရောင် ကင်းမြီးကောက် နှစ်ကောင်က ဝန်းရံထား၏။ သူက လျင်မြန်စွာ အော်ပြောလိုက်သည်။ “တစ္ဆေအိုကြီး သွန်းထျန်…ငါတို့မှာ ကောင်းကင်ဘုံကျောက်စိမ်းပြား မရှိတော့ဘူး…”
အခြားတစ်ယောက် ကတော့ နန်းဝတ်နန်းစားနှင့် အဘွားအိုတစ်ယောက် ဖြစ်သည်။ သူမမျက်နှာက အရေးအကြောင်းများ ရှိနေသော်လည်း မျက်လုံးများကတော့ တောက်ပလို့နေ၏။ သူမက ခရမ်းရောင်ဝတ်စုံနှင့် အဘိုးအို စကားကို ဖြတ်ပြော လိုက်သည်။ “တစ္ဆေအိုကြီး သွန်းထျန်…ငါတို့ နင့်ကို ကောင်းကင်ဘုံ ကျောက်စိမ်းပြား မပေးနိုင်တော့ဘူး။ စွန့်ပစ်ခံ မသေမျိုးကလန်က တိုက်ခိုက်လာတဲ့ အချိန်မှာ ငါတို့က ဒဏ်ရာအပြင်းအထန် ရခဲ့ပြီး ပြန်ကောင်းမွန်လာဖို့ အတွက် ကောင်းကင်ဘုံ ကျောက်စိမ်းပြား အများအပြား လိုအပ်နေခဲ့တယ်။ မှတ်ထားပါ…နောက်ကျရင်လည်း ငါတို့က ဘယ်လိုပဲ ဖြစ်ဖြစ်ပေးနိုင်တော့မှာ မဟုတ်ဘူး…”
သွန်းထျန် မျက်လုံးများက အလေးအနက် ဖြစ်သွာ၏။ သူက အဘွားအိုထံသို့ ကြည့်လိုက်သည်။ သူက သူ့နှဖူးကို လက်ညွှန်လိုက်ရာ သေဆုံးခြင်း အော်ရာက ထုတ်လွှတ်လာ၏။ သူက ခြောက်ကပ်ကပ် ပြောလိုက်သည်။ “ယန်ဟုန်…ငါက အသက်ဆက်ရှင်ဖို့ နှစ်နှစ်ပဲ ကျန်တော့တယ်…”
အဘွားအိုက တုန်လှုပ်သွားပြီး သူမအသွင်က အနည်းငယ် ပြောင်းလဲသွားသည်။
အဘိုးအိုအသွင်ကတော့ ရုပ်စိုးလို့သွားပြီး သူက ခပ်တိုးတိုး ပြောလိုက်သည်။ “မင်းတို့ စိတ်ဝိညာဉ် သန့်စင်ခြင်းကလန်က လူတွေက ရူးနေကြတာပဲ။ မင်း သက်တမ်းက ကုန်ခါနီးချိန်မှာတောင် မင်းက စိတ်ဝိညာဉ် ဆယ်သန်းအလံကို ယူလာပြီး လူတွေရှိကနေ ကောင်းကင်ဘုံ ကျောက်စိမ်းပြားကို လိုက်ယူနေတုန်းလား…”
သွန်းထျန်က ရယ်မောကာ ပြောလိုက်၏။ “ဒါ မှန်တယ်။ ငါက နှစ်နှစ်လောက်ပဲ အသက်ရှင် ရတော့မယ်။ ဒါကြောင့် ငါက သေမှာကို မကြောက်တော့ဘူး။ ငါ့ကို ကောင်းကင်ဘုံ ကျောက်စိမ်းပြား ပေးပါ။ ဒါဆို ထွက်သွားမယ်။ မင်းတို့ မပေးဘူးဆိုရင် ငါက တိုက်ခိုက် ရလိမ့်မယ်၊ ဒါ့အပြင် မင်းတို့ ဒီအသိုက်အအုံထဲမှာ ရှိတဲ့ အင်းဆက်တွေ အကုန် သတ်ပစ်ရလိမ့်မယ်…”
ခရမ်းရောင် ဝတ်စုံနှင့်အဘိုးအိုက ဒေါသတကြီး ရယ်မောလိုက်ပြီး စကားပြန်ပြောရန် ဟန်ပြင် လိုက်စဉ်မှာပင် အဘွားအိုက ချောင်းဟန့်ကာ ဖြတ်ပြောလိုက်သည်။ “တစ္ဆေအိုကြီး… ဘာကြောင့် ဒီလို ဖြစ်ရမှာလဲ။ ငါတို့ နှစ်ယောက်တည်းနဲ့တောင် နင့်ရဲ့ စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်ကို အမြစ်ဖျက်ပစ်ပြီး နင့်ဘေးက ဂျူနီယာပါ ကျိန်းသေပေါက် သေအောင် လုပ်ပေးနိုင်တယ်…”
ဝမ်လင်းက ပြုံးလိုက်သည်။ သည့်နောက်သူက လေထဲသို့ လက်ညွှန်လိုက်ရာ ကောင်းကင်ဘုံဓားက ပျံဝဲထွက်လာ၏။ ဝမ်လင်းက ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင် အမျှင်တန်းတစ်ခုကို ဓားထဲသို့ ထည့်သွင်း အသွင်းပြုလိုက်၏။ သူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ မရောက်သေး သော်လည်း ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင် အနည်းငယ်ကိုတော့ အသုံးပြုနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
ကောင်းကင်ဘုံဓားက သဘာဝအားဖြင့် ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင် အသုံးပြုရန် လိုအပ်ပေသည်။ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်ကို ထည့်သွင်း အသုံးပြု လိုက်သည်နှင့် ၎င်းဓားက မျက်စိ ကျိန်းစပ်လောက်အောင် ရွှေရောင်အလင်းများ တောက်ပသွားပြီး ကောင်းကင်ဘုံ ဖိအားကို ထုတ်လွှတ်လာ၏။ သည့်နောက် ဓားစွမ်းအင်က အလင်းတန်း တစ်ခုအလား ဆင်းသက် သွားတော့သည်။
အဘွားအို၏အသွင်က ကြီးစွာ ပြောင်းလဲသွားသည်။ သူမက သိုလှောင် အိတ်ထဲကနေ ဓားစွမ်းအင်ကို ပိတ်ဆို့ရန် လိပ်ခွံဒိုင်းတစ်ခုကို ထုတ်ယူလိုက်သည်။
ဘုန်း…။
ကျယ်လောင်သော အက်ကွဲသံတစ်ခုကို ကြားလိုက်ရပြီးနောက် လိပ်ခွံဒိုင်းသည်လည်း ချက်ချင်း အမှုန့် ဖြစ်သွားတော့၏။ ဓားစွမ်းအင်သည်လည်း ရပ်တန့်သွားတော့သည်။
အဘွားအို၏ အသွင်က အလွန်ရုပ်စိုးသွားသည်။ ခရမ်းရောင်ဝတ်စုံနှင့် အဘိုးအို၏ မျက်နှာသည်လည်း ရုပ်စိုးသွားပြီး ဝမ်လင်းကို စူးစိုက်ကြည့်လိုက်၏။
ဝမ်လင်းက ဖြည်းညင်းစွာ မေးလိုက်သည်။ “မင်းတို့နှစ်ယောက်က ငါ့ကို ဒီနေ့သတ်နိုင်မှာ သေချာလား…”
အဘွားအိုက အလေးအနက် လေသံဖြင့် ပြောလိုက်သည်။ “နင်ဘယ်သူလဲ…” သည်ဓားစွမ်းအင်ထဲ၌ ခုအခါတွင် ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်ပါဝင်နေ၏။ သို့သော် သူမအတွက် သည်အရာကို အံ့ဩမိခြင်း မရှိချေ။ သူမက ဝမ်လင်းသည် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းနှင့် အသွင်ပြောင်းခြင်းအဆင့်တို့ကြားတွင် ခြေလှမ်းနိုင်ခဲ့ပြီကို သတိပြုမိပြီး ဖြစ်၏။
သူမက သည်လိုကျင့်ကြံသူ တစ်ယောက်ကို ထိန်လန့်စရာလို့ မထင်ချေ။ သို့သော် သူမက သည်လူထံတွင် ကောင်းကင်ဘုံ ရတနာတစ်ခု ရှိနေလိမ့်မည်လို့ လုံးဝ မထင်ထားမိချေ။
မည်သည့် အရည်အသွေးပဲ ရှိနေပါစေ စိတ်ဝိညာဉ် စွမ်းအင် ထည့်သွင်း အသုံးပြုရသည့် ရတနာကို စိတ်ဝိညာဉ်ရတနာဟုသာ ခေါ်ဆိုလို့ရ၏။
သည်လိုပင် ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင် အသုံးပြုနိုင်သည့် ရတနာကိုတော့ ကောင်းကင်ဘုံ ရတနာ ဟုခေါ်ဆိုကြ၏။
ကောင်းကင်ဘုံရတနာလို့ခေါ်သည့် ရတနာများက ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များကို ခံနိုင်ရည် ရှိကြပြီး ၎င်း၏စွမ်းအားကို ပြည့်ဝစွာ ပြသနိုင်စွမ်း ရှိကြသည်။ သည်လို ရတနာမျိုးက အလွန်တရာ ရှားပါးလှ၏။ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကျင့်ကြံသူ အများစု လိုချင်သည့်အရာက အာဏာ တက်ခြင်း အဆင့်ကို ရောက်ရှိနိုင်ရန်အပြင် သည်လိုမျိုး ကောင်းကင်ဘုံ ရတနာတစ်ခုကို ရှာတွေ့နိုင်ရန် ဖြစ်လေ၏။
စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကျင့်ကြံသူများ ကြားတွင်ပင် ကောင်းကင်ဘုံ ရတနာတစ်ခု ရှိနေခြင်းနှင့် မရှိခြင်းက လွန်စွာ ကွာခြားချက်ရှိ၏။
ထပ်ပြောရလျှင် တချို့ ရတနာများက စိတ်ဝိညာဉ် ရတနာနှင့် ကောင်းကင်ဘုံ စိတ်ဝိညာဉ် ရတနာကြားရှိ အဆင့်တွင် ရှိ၏။ သည်လိုရတနာမျိုးကျတော့ စွမ်းအင်နှစ်မျိုးလုံးဖြင့် အသက်သွင်း နိုင်သော်လည်း သူတို့က ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များကို ပြည့်ဝစွာ ဖော်ထုတ်ပေးနိုင်ခြင်း မရှိကြချေ။ သည်လိုရတနာများကို တစ်ဝက်တစ်ပျက် ကောင်းကင်ဘုံ ရတနာများဟု ခေါ်တွင်ကြ၏။
စိတ်ဝိညာဉ် ဆယ်သန်းအလံနှင့် အတားအဆီး အလံတို့က တစ်ဝက်တစ်ပျက် ကောင်းကင်ဘုံ ရတနာများဟု ယူဆလို့ရချေ၏။
***