စတင်ထွက်ခွာသွားသူမှာ လူငယ်နှစ်ယောက်အနက် တစ်ယောက်ဖြစ်သည်။
သူသည် တုန်တုန်ရီရီဖြင့် လျှောက်သွားသည်။ သူ ရင်ဆိုင်ရမည့်သားရဲသည် ကိုယ်လုံးကိုယ်ထည်ကြီးမားသော ဝက်ဝံနီမှလွဲ၍ တခြားမဟုတ်ပေ။
တိုက်ပွဲက မြန်ဆန်လွန်းသည်။ ထိုလူငယ်သည် ဝက်ဝံနီအတွက် ပြိုင်ဘက်တစ်ယောက် မဟုတ်ပေ။ အကြိမ်အနည်းငယ်သာ သူ တိုက်ခိုက်ရသေးသည်၊ သူ အရေးနိမ့်လာ၏။ သူ စိတ်ဓာတ်ကျလာပြီး မကြာခင် သူ့ခန္ဓာကိုယ် စုတ်ပြဲသွားတော့သည်။
သွေးများ အရပ်မျက်နှာအနှံ့ ဖွာခနဲ လွင့်ပျံသွားပြီး ဘေးပတ်လည်မှ ဟေးခနဲ အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ နောင်တများနှင့် ပြည့်နှက်နေသော ကျိန်ဆဲသံများလည်း ရှိနေသည်။
ယင်းမြင်ကွင်းသည် တခြားလူငယ်တစ်ယောက်ကို တုန်လှုပ်ချောက်ချားသွားစေပြီး သူ့ခန္ဓာကိုယ်မှာ အဆက်မပြတ် တုန်ရီနေတော့သည်။ မူလက ဒုတိယအချီတွင် သတ်ပုတ်ရန် ဆိုထားသောသူသည် ရုတ်တရက် အရှုံးပေးချင်ကြောင်း အော်ပြောလိုက်သည်။
ပွဲကြည့်ပရိသတ်များထံမှ လှောင်ပြောင်သံများအောက်တွင် ထိုလူငယ်သည် ရတနာမုဆိုးများ၏ ဆွဲခေါ်ခံသွားရသည်ကို ရွှီချင်း မြင်လိုက်ရသည်။ လူငယ်လေး၏ အဆုံးသတ်က မည်သို့ဖြစ်မည်ကို တွေးကြည့်နေစရာပင် မလိုချေ။
တတိယအချီအတွက် စီစဉ်ထားသည့်လူသည် ရတနာမုဆိုးလူငယ်ဖြစ်သည်။
သူသည် ခပ်ကြီးကြီး ဝံပုလွေနက်တစ်ကောင်နှင့် တိုက်ခိုက်ရမည်ဖြစ်သော်လည်း ရတနာမုဆိုးဖြစ်ခဲ့ဖူးသော သူသည် သာမန်လူတစ်ယောက်နှင့်ယှဉ်လျှင် များစွာ ရက်စက်ကြမ်းကြုတ်နေသည်။
အသက်ချင်းလောင်းကြေးထပ်ရသော တိုက်ပွဲပြီးနောက် သူသည် ဒဏ်ရာများစွာရကာ ဝံပုလွေနက်ကို ခက်ခက်ခဲခဲ သတ်ဖြတ်နိုင်ခဲ့သည်။ ဤတစ်ကြိမ် သားရဲစိန်ခေါ်ပွဲအတွက် ပထမဆုံးအောင်မြင်သည့်လူ ဖြစ်လာခဲ့သည်။
စတုတ္ထမြောက်တိုက်ခိုက်ရေးသမားသည် မိန်းကလေးအလှည့်ဖြစ်သည်။
ချိုကြီးစပါးအုံးမြွေလှောင်အိမ်ကို ဖွင့်လိုက်သောအခါ မိန်းကလေးသည် တုန်ရီသွားပြီး အံတင်းတင်းကြိတ်လိုက်သည်။ သူမသည် စိတ်ဓာတ်ကျစွာဖြင့် တိုက်ခိုက်ရန် ရွှီချင်းကို ဖြတ်ကျော်၍ လျှောက်သွားသည်။
ထိုစဉ် ရွှီချင်းက ရုတ်တရက် ပြောလိုက်၏။
“ ငါတို့ချင်း လဲမလား ”
မိန်းကလေးသည် မှင်သက်သွားရပါသော်လည်း သူမ တစ်ခွန်းမှ မဆိုနိုင်ခင် ရွှီချင်းသည် ဝါးခြမ်းပြားချင်း လဲပြီးသွားပြီဖြစ်သည်။
စပါးအုံးမြွေနာမည်ပါသော ဝါးခြမ်းပြားလေးကို ဆုပ်ကိုင်လိုက်သည့်ခဏ သူသည် မိန်းကလေး၏ ကျေးဇူးတင်နေသောအကြည့်ကိုပင် ဂရုစိုက်မနေတော့ဘဲ ချိုကြီးစပါးအုံးမြွေထံ တစ်ခါတည်း လျှောက်သွားသည်။
သူ ဝင်လာသည်နှင့် ဘေးပတ်လည်ရှိ ရတနာမုဆိုးများသည် ချက်ချင်း အုတ်အော်သောင်းနင်းဖြစ်သွားသည်။ ယခင်ပွဲစဉ်များမှ ရလဒ်များကို သူတို့ မြင်ထားခဲ့ပြီးပြီ မဟုတ်ပါလား။
သို့သော်လည်း သူနှင့် မိန်းကလေးကို လောင်းထားကြသည့် လောင်းကစားသမားများမှလွဲ၍ တခြားပွဲကြည့်ပရိသတ်များက ထိုကဲ့သို့ ကိစ္စလေးများကို ဂရုမစိုက်ကြချေ။ စခန်းခေါင်းဆောင်သည်လည်း အာရုံမထားပေ။ လူတိုင်း သူတို့၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိပေသည်။
သားရဲစိန်ခေါ်ပွဲကွင်းပြင်၌ ရွှီချင်းသည် လှောင်အိမ်ဆီ တည်ငြိမ်စွာ လျှောက်သွားသည်။ တချိန်တည်းမှာပင် ချိုကြီးစပါးဦးမြွေသည်လည်း ရွှီချင်းကို သွေးအေးစွာကြည့်၍ တရွေ့ရွေ့ ထွက်လာသည်။
မြွေကြီး၏ ကြီးမားတုတ်ခိုင်သော ခန္ဓာကိုယ်ကြီး သံလှောင်အိမ်ထဲမှ ထွက်လာသည်ဖြစ်၍ ၎င်း၏အရေပြားများက သံတိုင်များကို ပွတ်တိုက်သွားသောအသံ ကျယ်ကျယ်လောင်လောင် လွင့်ပျံလာသည်။
အပြင်သို့ ရောက်လာပြီးနောက် စပါးအုံးမြွေကြီးသည် ချက်ချင်း မတိုက်ခိုက်သေးဘဲ အမြီးကို ရစ်ခွေ၍ အမောက်ထောင်ကာ တဖြည်းဖြည်း ချဉ်းကပ်လာနေသော ရွှီချင်းကို စူးစူးရဲရဲ ကြည့်နေသည်။
ယင်းမြင်ကွင်းသည် ကြည့်ရှုနေကြသူများအား စိတ်လှုပ်ရှားသွားစေသည်။ အော်ဟစ်သံများသည်လည်း အနည်းငယ် လျော့ကျသွား၏။
ရွှီချင်း၏မျက်နှာအမူအရာသည် ပုံမှန်အတိုင်း တည်ငြိမ်အေးဆေးနေပြီး တဖြည်းဖြည်း တစ်လှမ်းချင်း လျှောက်လာသည်။
သူသည် ချိုကြီးစပါးအုံးမြွေကြီး၏ တိုက်ခိုက်ရေးနယ်နိမိတ်အတွင်းသို့ ချည်းနင်းဝင်ရောက်လာခဲ့ခြင်းကြောင့်ပေလော၊ သို့တည်းမဟုတ် သူ့အရှိန်အဝါက ရန်စလိုက်သလို ဖြစ်သွားသည့်အတွက်ကြောင့်ပေလော၊ စပါးအုံးမြွေကြီး၏ အဝါရောင်မျက်ဆံများအတွင်း၌ သွေးဆာနေသော အရိပ်အငွေ့များ ယှက်သန်းသွားပြီး အမြီးဖြင့် မြေကြီးကို ရိုက်လိုက်ရာ ဘုန်းခနဲ မြည်ဟည်းသံကြီး လွင့်ပျံသွားသည်။
ထိုမြည်ဟည်းသံကြီး ဟိန်းထွက်လာသည်နှင့် မြွေကြီးသည် အမြီးမှ တွန်းအားကို အားပြုကာ တဟုန်ထိုး ရှေ့သို့ ပြေးထွက်သွားသည်။ ထို့နောက် မြွေကြီးသည် ပါးစပ်ဟလိုက်ရာ စူးရှချွန်ထက်သော အစွယ်များ ပြူထွက်လာပြီး လေထဲတွင် မနှစ်မျို့ဖွယ်ကောင်းသော အနံ့များ ထောင်းခနဲ ထသွားသည်။ ယင်း၏ခေါင်းကြီးသည် ရွှီချင်းကို ဝါးမျိုချင်နေဟန်ဖြင့် ရွှီခနဲ လေဟုန်ခွင်း၍ သွားနေသည်။
ယင်းမြင်ကွင်းကြောင့် ရွှီချင်း၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး တဟုန်ထိုးပြေးဝင်လာသော ချိုကြီးစပါးအုံးမြွေကို အေးတိအေးစက်ကြည့်လိုက်သည်။ မြွေက တဖြည်းဖြည်း နီးကပ်လာသည်နှင့် သူက ဘေးကို ရှောင်တိမ်းလိုက်သည်။ သို့သော်လည်း ထိုအခွင့်အရေးကို သုံး၍ သူသည် တန်ပြန်တိုက်ခိုက်ခြင်းမပြုသလို သူ့ကိုဖြတ်ကျော်သွားသည့် မြွေခေါင်းကြီးကိုလည်း အာရုံမစိုက်ချေ။ သူသည် မုဆိုးတစ်ယောက်အလား သွေးအေးသော အကြည့်ဖြင့် မြွေကြီး၏ဝမ်းဗိုက်နေရာကို မမှိတ်မသုဉ် လေ့လာလိုက်သည်။
သူ လေ့လာနေစဉ် မြွေကြီးသည် တိုက်ကွက်လွဲချော်သွား၍ စိတ်ပျက်ဟန်ဖြင့် မြည်တွန်လိုက်သည်။ ထို့နောက် ၎င်းသည် ခန္ဓာကိုယ်ကြီးကို လှည့်၍ အမြီးဖြင့် မြေပြင်အား တဖန် ပုတ်ကာ တရွှီရွှီမြည်သံပေး၍ ရွှီချင်းထံ တဟုန်ထိုး ဝင်ရောက်လာသည်။
ထိုအခိုက် မြွေကြီးသည် သားကောင်နှင့်ပတ်သက်သော အတွေ့အကြုံများအရ ဆတ်ခနဲ လှည့်လိုက်သည်။ ၎င်း၏ခေါင်းကြီးသည် အမြီးနှင့် ဆက်သွားတော့မည့်အလား ရွှီချင်းကို ရစ်ပတ်ချင်နေကာ စက်ဝိုင်းပုံစံဖြင့် တိုးကပ်လာသည်။
ရွှီချင်းသည် တိတ်ဆိတ်ငြိမ်သက်နေသည်။ သူသည် ချိုကြီးမြွေကြီး၏ ဝမ်းဗိုက်ကို စူးရှစွာ လေ့လာနေဆဲဖြစ်ပြီး မြွေအမြီးက နီးကပ်လာသည်နှင့် သူ့ညာဖက်လက်သည် တင်းတင်းကြပ်ကြပ် ဆုပ်သွားကာ မြွေအမြီးကို ဆတ်ခနဲ ထိုးလိုက်သည်။
ဘုန်း …
တောင်တန်းပင်လယ်ပညာရပ်ကို ပထမအဆင့်သာ တတ်ကျွမ်းသေးသော်လည်း ရွှီချင်း၏ခွန်အားက နည်းပါးလှသည်တော့ မဟုတ်ပေ။ မြွေအမြီးသည် ခေါင်းနှင့် ရစ်ခွေသွားနိုင်စွမ်း မရှိတော့ဘဲ နောက်သို့ ဘုန်းခနဲ လွင့်ထွက်သွားသည်။ ချိုကြီးစပါးအုံးမြွေသည် အနည်းငယ် နာကျင်သွားသော်လည်း သေစေနိုင်လောက်သော ထိုးနှက်ချက်မဟုတ်၍ ဒေါသအမျက်ချောင်းချောင်းသာ ထွက်လာတော့သည်။ ၎င်း၏မျက်လုံးများသည် နီမြန်းနေပြီး ၎င်း၏ခေါင်းကြီးက ရွှီချင်းကို တစ်ကိုက်တည်းဖြင့် မျိုပစ်ချင်နေသည့်အလား တဟုန်ထိုး ဝင်ရောက်လာသည်။
ရွှီချင်းသည် သူ ရှာဖွေနေသော အားနည်းချက်ကို တွေ့ရှိသွားသဖြင့် မျက်ဝန်းများ တဖိတ်ဖိတ် တောက်နေသည်။ ထိုအခိုက် သူသည် နောက်ဆုတ်မနေတော့ဘဲ ချိုကြီးစပါးအုံးမြွေကြီး၏ ခန္ဓာကိုယ်အလယ်ပိုင်းကို ဆတ်ခနဲ ခုန်ဝင်သွားသည်။
ပြီးသည်နှင့် သူသည် ညာလက်ဖြင့် အကြင်နာတရားကင်းမဲ့စွာ ထိုးနှက်လိုက်သည်။ တစ်ချက်၊ နှစ်ချက်၊ သုံးချက် …
သူသည် အားပြင်းစွာ ထိုးနှက်နေလေသည်။
ရွှီချင်း၏လက်သီးချက်များက ချိုကြီးစပါးအုံးမြွေကြီးကို တဆုတ်တည်း ဆုတ်ခွာသွားစေသည်။ ၎င်းသည် ကျယ်ကျယ်လောင်လောင်အော်ဟစ်ကာ ရွှီချင်းကို ရစ်ပတ်ရန် ကြိုးပမ်းလိုက်သည်။ သို့သော်လည်း ရွှီချင်း၏ လက်သီးချက်ထဲတွင် ပါဝင်သော ခွန်အားများကြောင့် မြွေကြီးမှာ ရစ်ပတ်ရန် ခဲယဉ်းနေသည်။
လက်သီးချက် ထိုးခံနေရသော မြွေကြီး၏ ဝမ်းဗိုက်နေရာရှိ အကြေးခွံများသည် အားပျော့သည့်အတွက် အကြိမ်အနည်းငယ် ထိုးနှက်ပြီးသောအခါ အက်ရာများ ပေါ်လာပြီး သွေးများ စီးကျလာသည်။ ယင်းသည် မြွေကြီး ဒဏ်ရာရသွားသည့် ပထမဆုံးအကြိမ်ဖြစ်သည်။
ထိုအခြေအနေကို မြင်သောအခါ ရွှီချင်း၏မျက်ဝန်းများသည် အေးစက်စက်အလင်းတန်းများဖြင့် ဝင်းလက်သွားပြီး ချိုကြီးစပါးအုံးမြွေ ကိုယ်ဟန်ပြင်သည်ကို မစောင့်တော့ပေ။
သူ့ဘယ်ဖက်လက်သည် သူ့ပေါင်ရှိ ဓားမြှောင်လေးဆီသို့ ရောက်သွားသည်။ ဓားမြှောင်သည် အေးစက်စက်ဝင်းလက်သွားပြီး သူသည် ရက်စက်ကြမ်းကြုတ်သောအမူအရာဖြင့် ချိုကြီးမြွေကြီး၏အသားထဲသို့ ဓားမြှောင်ထိုးသွင်းလိုက်တော့သည်။
ဓားမြှောင်သည် အသားလွှာများကို ထိုးဖောက်၍ အထဲသို့ အညှာအတာကင်းမဲ့စွာ ဝင်ရောက်သွားသည်။
ရလဒ်အနေဖြင့် သွေးများ ဖွာခနဲ ပန်းထွက်သွား၏။ ချိုကြီးစပါးအုံးမြွေကြီး တရွှီရွှီအော်မြည်နေပြီး ၎င်း၏ဝမ်းဗိုက်တွင် နက်ရှိုင်းသော ဟက်တက်ကွဲ ဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်လာကာ ထိုဟက်တက်ကွဲသော နေရာမှနေ၍ မြွေသည်းခြေပေါ်နေသည်။
ယင်းမြွေကြီးသည် လွန်စွာကြီးမားလှပြီး သန္ဓေပြောင်းလက္ခဏာများ ပြသထားသည်။ သို့သော် သည်းခြေမှာ လွန်စွာသေးငယ်ပြီး ကြက်ဥတစ်လုံးအရွယ်မျှသာ ရှိသည်။
သို့သော်လည်း ရွှီချင်းသည် တွေဝေတွန့်ဆုတ်မနေပေ။ သူ့ညာလက်က ဟက်တက်ကွဲဒဏ်ရာထဲသို့ ဆတ်ခနဲ တိုးဝင်သွားပြီး မြွေသည်းခြေကို အတင်းတရကြမ်း ဆွဲယူလိုက်သည်။ မြွေကြီး၏ နာနာကျင်ကျင် အော်ဟစ်သံအောက်တွင် သူသည် မြွေသည်းခြေကို အပြင်သို့ အားကုန်သုံး၍ ယူနိုင်လိုက်သည်။
လတ်ဆတ်သောသွေးများ သဲများနှင့် မြေသားပေါ် ဖွာခနဲ ပြန့်ကျဲသွားသည်။
ရွှီချင်းသည် သွေးစီးကြောင်းများကို လျစ်လျူရှုထားပြီး သူ ဆုပ်ကိုင်ထားသော မြွေသည်းခြေကို ကြည့်နေသည့် သူ၏အကြည့်များထဲတွင် ထူးဆန်းသောအလင်းတန်းများဖြင့် တဖိတ်ဖိတ် ဝင်းလက်နေသည်။ မျက်နှာအမူအရာအမျိုးမျိုး ဖြစ်နေသည့် ဘေးပတ်လည်ရှိ ရတနာမုဆိုးများကို တစ်ချက်ကြည့်ရင်း သူသည် မြွေသည်းခြေကို ပါးစပ်ထဲ တစ်ခါတည်းထည့်ကာ မျိုချလိုက်သည်။
သူသည် မြွေသည်းခြေကို တည်ငြိမ်စွာ မျိုချနေစဉ်အတောအတွင်း အတင်းအကြပ် သည်းခြေနှုတ်ယူခံလိုက်ရသော စပါးအုံးမြွေကြီးသည် သွေးရူးသွေးတန်းဖြင့် ရုန်းကန်နေသည်။ တရွှီရွှီမြည်သံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပြီး ၎င်း၏ခန္ဓာကိုယ်ကြီးက မြေပြင်ကို တဘုန်းဘုန်း ရိုက်ခတ်နေရာ ဖုန်လုံးကြီးများနှင့် သဲလုံးကြီးများ တထောင်းထောင်းထနေတော့သည်။ မြွေကြီးသည် ပြင်းထန်သော နာကျင်မှုအား ဖွင့်ထုတ်နေချင်နေသည့်အလားပင်။
မြွေကြီး၏ခေါင်းကြီးသည် ရွှီချင်းထံ ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်ဖြင့် တိုးဝင်လာသည်။ ၎င်း၏သွေးဆာနေသော မျက်ဝန်းများထဲတွင် ရူးသွပ်နေသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီး ရွှီချင်းကို တစ်ချီတည်းဖြင့် မျိုချချင်နေသည့်အလား ပါးစပ်ကြီးကို အဆုံးစွန်ထိ ဟ,ထားသည်။
ရွှီချင်းသည် အေးတိအေးစက်သာ ကြည့်လိုက်သည်။ မြွေကြီးနီးကပ်လာသည့်အခိုက် သူသည် ခုန်ပျံကာ မြွေကြီး၏ခေါင်းကို ရှောင်တိမ်းလိုက်သည်။ ထိုအခါ လေထဲသို့ ရောက်သွားသော သူသည် ညာလက်ကို ထုတ်လိုက်ရာ မည်းနက်နေသော သံတုတ်လေး ပေါ်လာသည်။
သူ ခေါင်းငုံ့လိုက်သောအခါ သူ့မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသောအရိပ်အယောင်များ ဖျတ်ခနဲ လက်သွားသည်။ သူ့ခန္ဓာကိုယ်သည် မြေပြင်သို့ ဝုန်းခနဲ ကျသွားပြီး ထိုအားကို ယူ၍ သူသည် အမြန်ဆုံးနှုန်းဖြင့် စပါးအုံးမြွေကြီး၏ နှလုံးနေရာကို သံတုတ်ဖြင့် အညှာအတာမဲ့စွာ ထိုးသွင်းလိုက်သည်။
ရွှီချင်း၏ ကြောက်ခမန်းလိလိခွန်အားကြောင့် ထိုနေရာရှိ မြွေအကြေးခွံများ အက်ကွဲသွားကာ သူသည် တစ်ချီတည်းဖြင့် မြွေ၏နှလုံးသားကို ထိုးဖောက်သွားနိုင်ခဲ့သည်။
ကျယ်လောင်သောအသံကြီး ဟိန်းထွက်လာသည်။ ထို့နောက် စပါးအုံးမြွေကြီးသည် ခန္ဓာကိုယ်အား ထောက်ပံ့ရန် အားအင်များ ကင်းမဲ့သွားသည့်အလား အရှိန်ပြင်းစွာ တုန်ခါနေတော့သည်။ ထို့နောက် မြွေကြီး၏ခေါင်းနှင့် အမြီးသည် မြေပြင်သို့ ဘုန်းခနဲ ပြုတ်ကျသွားပြီး တရွှီရွှီမြည်သံများသည်လည်း တိခနဲ ရပ်သွားတော့သည်။ မြေပြင်ပေါ်တွင် အမြီးလူးလွန့်သံသဲ့သဲ့သာ ကြားနေရသည်။
အချိန်အတော်ကြာပြီးနောက် ဖုန်လုံးကြီးများနှင့်သဲများ ငြိမ်သက်သွားသောအခါ ပွဲကြည့်နေသော ရတနာမုဆိုးများသည် တုန်လှုပ်ချောက်ချားနေရဆဲပင်။
လူအများစုသည် မတ်တတ်ရပ်၍ သားရဲစိန်ခေါ်ပွဲကွင်းပြင်ကို မွန်းကြပ်နေသော ခံစားချက်များဖြင့် ငေးကြည့်နေကြသည်။ ထိုစဉ် လူငယ်လေးသည် မြွေကြီး၏အလောင်းမှ သံတုတ်ကို ဆွဲနှုတ်နေသည်။
အရွယ်ရောက်ပြီးသား လူတစ်ယောက်သာ ချိုကြီးစပါးအုံးမြွေကြီးကို ထိုသို့ သတ်လိုက်မည်ဆိုပါက သူတို့ကို ယခုလို ဖြစ်သွားစေမည် မဟုတ်ပေ။
သို့သော်လည်း ပိန်ပိန်ပါးပါးကလေးငယ်တစ်ယောက်က ထိုသို့လုပ်သွားခြင်း ဖြစ်သည်။ ကလေးသည် မြွေသည်းခြေကို ဗိုက်ထဲမှ ထုတ်ကာ ဝါးမျိုလိုက်သည့်အပြင် မျက်နှာတစ်ချက်မပျက်သွားဘဲ မြွေကိုပင် သတ်ပစ်လိုက်သေးသည်။
စခန်းအတွင်း၌ ထိုကဲ့သို့ မြင်ကွင်းမျိုး ကြုံရခဲသည်။
သံလှောင်အိမ်ထဲရှိ ခပ်သေးသေးဝံပုလွေနှင့် ဝက်ဝံနီတို့သည်လည်း သိသိသာသာ ကြောက်လန့်တုန်ရီနေကြသည်။
ယင်းသည် သိုင်းလေ့ကျင့်ရေး မဟုတ်တော့ဘဲ အမဲလိုက်ပွဲတစ်ပွဲ ဖြစ်သွားခဲ့သည်။
လူအားလုံး၏အကြည့်များအောက်ဝယ် လူငယ်သည် သံတုတ်ကို သိမ်းဆည်းလိုက်သည်။ ပြီးသည်နှင့် မြွေကြီး၏ဒဏ်ရာကြီးထဲသို့ လက်နှစ်ဖက်လျှို၍ မ,ကာ သားရဲစိန်ခေါ်ပွဲကွင်းပြင်၏ဂိတ်တံခါးကြီးဆီ လျှောက်သွားလေသည်။
သူ့နောက်တွင် ချိုကြီးစပါးအုံးမြွေကြီး၏ လတ်ဆတ်သော သွေးများက အနီရောင်စီးကြောင်းတစ်ကြောင်းအဖြစ် ကျန်ရစ်ခဲ့လေသည်။ ယင်းသည် အမှန်စင်စစ် တုန်လှုပ်ချောက်ချားစရာကောင်းသော မြင်ကွင်းတစ်ရပ်ပင်။
ရွှီချင်းသည် ပိတ်ထားသော ဂိတ်တံခါးဘေးတွင် ရပ်၍ စင်မြင့်ပေါ်ကို လှမ်းကြည့်လိုက်သည်။
အချိန်အနည်းငယ်ကြာပြီးနောက်မှသာ မုတ်ဆိတ်မွေးသုံးစုနှင့် လူသည် အသိဝင်လာ၏။ ထို့နောက် သူသည် ကြက်သီးမွေးညင်းများ ထလာရပြီး ချက်ချင်းပင် လက်ဟန်ပြလိုက်သည်။ မကြာခင် ဂိတ်တံခါးကြီးသည် တဂျုံးဂျုံးမြည်ဟည်း၍ ပွင့်သွား၏။
ရွှီချင်းသည် ထွက်လာပြီးနောက် နံရံကိုမှီ၍ လက်ပိုက်ထားသော ခေါင်းဆောင်လဲ့ကို မြင်လိုက်ရသည်။ ခေါင်းဆောင်လဲ့သည် အချိန်ကြာမြင့်စွာ စောင့်နေသည်မှာ ထင်ရှားသည်။
သူသည် ရွှီချင်းကို ပြုံး၍ ကြည့်လိုက်၏။
“ ကျုပ် အခု ခင်ဗျားနဲ့ လိုက်နေလို့ရပြီလား ”
ရွှီချင်းသည် မြွေသေကြီးကို ဆွဲချလိုက်ပြီး ခေါင်းဆောင်လဲ့ကို စောင်းငဲ့ကြည့်လိုက်သည်။
“ ရတာပေါ့ ”
ခေါင်းဆောင်လဲ့က ပြုံး၍ ပြောသည်။
ရွှီချင်းသည် ခေါင်းညိတ်၍ မြွေသေကြီးအား ပစ်ပေးလိုက်သည်။
“ ခင်ဗျားက မြွေတွေကို စားရတာ သဘောကျတော့ ဒါ ခင်ဗျားကို ကျုပ်ပြုစုတာ ”
ခေါင်းဆောင်လဲ့ အံ့အားသင့်သွားရသည်။ ထို့နောက် သူသည် တဟားဟား ရယ်မောကာ ချိုကြီးစပါးအုံးမြွေသေကြီးကို ဖမ်းလိုက်သည်။ သူသည် ရယ်မောနေရင်း ရွှီချင်းကို ခေါ်သွားကာ အဝေးသို့ လျှောက်သွားသည်။
သူတို့ အဝေးသို့ ရောက်သွားသောအခါမှသာ သားရဲစိန်ခေါ်ပွဲကွင်းပြင်ထဲရှိ လူအုပ်ကြီးထံမှ တအံ့တသြ အော်ဟစ်သံကြီး ဟိန်းထွက်လာတော့သည်။
ဆူဆူညံညံအသံများအောက်တွင် လူအုပ်ကြီးထဲရှိ ချောင်တစ်ချောင်၌ ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်သည် အစေခံတစ်ယောက်ဟန်တူသော အသက်မဲ့နေသည့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်နှင့်အတူ ထိုင်နေသည်။ သက်လတ်ပိုင်းအရွယ်လူ၏ မျက်ခုံးမွေးနှစ်ခုကြားတွင် ငါးထောင့်ကြယ်အမှတ်အသား ရှိနေသည်။
သူတို့၏အဝတ်အစားအရဖြစ်စေ၊ သို့မဟုတ် သူတို့၏ရုပ်ရည်သွင်ပြင်များအရဖြစ်စေ သူတို့ထိုင်နေသော နေရာရှိလူများနှင့် ကွဲထွက်နေသည်။ သို့သော်လည်း တစ်ယောက်မှ သူတို့ကို သတိမပြုမိကြချေ။
စခန်းခေါင်းဆောင်သည်ပင် သူတို့ကို မဆန်းစစ်နိုင်ချေ။
အဘိုးအို၏မျက်နှာသည် နီမြန်းနေပြီး သူ့အကြည့်ထဲတွင် အလင်းတစ်စ ကိန်းအောင်းနေဟန်တူသည်။ သူသာ ထိုအကြည့်ကို ဖွင့်ထုတ်လိုက်ပါက အရာအားလုံး ပျက်စီးသွားနိုင်သည့်အလားပင်။ အားလုံးခြုံကြည့်ပါက သူသည် အလွန် ထူးခြားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်မှန်း သိသာသည်။ ထိုစဉ် သူသည် ထွက်ခွာသွားသော ရွှီချင်း၏နောက်ကျောကိုကြည့်၍ မချုပ်တည်းနိုင်တော့ဘဲ ရယ်မောလိုက်သည်။
“ ဒီကလေးက စိတ်ဝင်စားစရာပဲ ”
***