“အစ်ကိုငယ် မစိုးရိမ်ပါနဲ့၊ ကျောင်းက မျှမျှတတဆုံးဖြတ်လိမ့်မယ်လို့ ကျွန်တော်ယုံတယ်” ရှီမာယူလီကျောကုန်းအား ရှီမာယူယူပုတ်လိုက်သည်။ ထို့နောက် သူမသည် ကြောက်ရွံ့မှုကြောင့် တုန်နေသော ဟီကျူကျိဘက်လှည့်ပြီးနောက် သူမဆီတွင်ဘာကိစ္စမှမဖြစ်သကဲ့သို့ ယုံကြည်ချက်အပြည့်ဖြစ်နေသော နာလန်လန်ဆီသို့ ထပ်လှည့်လိုက်သည်။ သူမပြောလိုက်သည်မှာ “နာလန်လန် မင်းဘာလို့ ငါ့ကို ဒုက္ခရောက်အောင်လုပ်တာလဲ”
ရှီမာယူယူ၏ စကားလုံးများသည် မူလအစက ငြိမ်သက်နေသော ကွင်းတစ်ခုလုံးအား ဆူညံသွားစေသည်။ အားလုံးသည် နာလန်လန်အားမယုံကြည်နိုင်သောအကြည့်များဖြင့် ကြည့်လိုက်ကြသည်။ ရှီမာယူယူအား ဒုက္ခရောက်အောင်ပြုလုပ်သည်မှာ အမှန်တကယ်ပင် သူမလား။
“ရှီမာယူယူ အဓိပ္ပာယ်မရှိတာမပြောနဲ့၊ ငါမင်းကို ဘယ်တုန်းက ဒုက္ခရောက်အောင်လုပ်တာလဲ” နာလန်လန် လျင်မြန်စွာ ငြင်းပယ်လိုက်သည်။ “ကျောင်းသားသစ်တွေ ဝိညာဉ်သားရဲဥကိုရွေးချယ်တဲ့နေရာမှ မင်းပျောက်သွားခဲ့တာလေ၊ ဒါပေမယ့် ငါက စီနီယာကျောင်းသားပဲ၊ ဘယ်လိုလုပ်မင်းကို ဒုက္ခပေးလို့ရမှာလဲ၊ မင်းတို့ ဂူကိုသွားတုန်းက ငါတောင်မရှိဘူးလေ”
သင်ကြားမှုညွှန်ကြားရေးမှူးသည် ခေါင်းညိတ်ကာပြောလိုက်သည် “နာလန်လန် အမှန်တွေပြောနေတာပဲ၊ သူမက ကျောင်းသားအသစ်မှမဟုတ်တာ ဘယ်လိုလုပ်မင်းကို ဒုက္ခပေးလို့ရမှာလဲ”
ရှီမာယူယူသည် သင်ကြားမှုညွှန်ကြားရေးမှူးအပြုအမူအား ကြည့်ခြင်းအားဖြင့် သူသည် နာလန်လန် ဘက်တော်သားဖြစ်နေပြီကို သဘောပေါက်သွားတော့သည်။
“သူမ မလုပ်ဘူးလေ၊ ဒါပေမယ့် သူများကိုလုပ်ဖို့ စေခိုင်းခဲ့တာလေ၊ ဟုတ်တယ်မလား ဟီကျူကျိ ဘာအကြောင်းပြချက်မှမရှိဘဲ မင်းငါ့ကို လေးခုမြောက် ဖြတ်လမ်းတည်ဆောက်မှုကို တွန်းချခဲ့တာမလား”
ဟီကျူကျိသည် နာမည်တပ်ကာ စွပ်စွဲခံလိုက်ရသောအခါ သူမတစ်ကိုယ်လုံးသည် တုန်ယင်နေတော့သည်။ သူမ ခေါင်းမော့လိုက်ချိန်တွင် အားလုံးသည် သူမအားကြည့်နေကြပြီး သူမဆီမှ စကားတစ်ခွန်းမှပင် ဖြောင့်ဖြောင့်တန်းတန်းထွက်မလာပေ။
“ငါ… ငါ…”
နာလန်လန်သည် ဟီကျူကျိအား က္ကန္ဒြေရရလှမ်းကြည့်လိုက်ပြီး သင်ကြာမှုညွှန်ကြားရေးမှူးအား အသနားခံသော ပုံစံဖြင့်ကြည့်ကာပြောလိုက်သည် “ညွှန်ကြားရေးမှူး၊ ကျွန်မ ရှီမာယူယူကိုတကယ်ပဲ ဒုက္ခမပေးခဲ့ပါဘူး၊ ဟီကျူကျိကို ကျွန်မ ကြိုးကိုင်တယ်လို့ သူစွပ်စွဲရင် ကျွန်မ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့တကယ်ခက်သွားပါပြီ”
နာလန်လန်ထိုကဲ့သို့ ပြောမည်ကို ဟီကျူကျိမမျှော်လင့်ထားသောကြောင့် တုန်လှုပ်စွာကြည့်ပြီးနောက် သူမမျက်လုံးများတွင် ဒေါသများနှင့် အကူအညီမဲ့သော အရိပ်အယောင်များလွှမ်းမိုးသွားကာ ပြောလိုက်သည် “မိန်းကလေး နာလန်လန် လေးခုမြောက်ဖြတ်လမ်းတည်ဆောက်မှုထဲကို ဝင်သွားရင် သေချာပေါက်သေမယ်လို့ပြောတာ မင်းပဲလေ၊ ဝိညာဉ်သားရဲဥရွေးချယ်ပွဲမှာ ရှီမာယူယူကိုတွန်းခိုင်းတာမင်းလေ၊ ပြီးတော့ အခုငါ့ကိုလွှဲချနေတာလား”
ထိုကဲ့သို့ပြောမည်ကို နာလန်လန်သိနှင့်ပြီးသကဲ့သို့ပြုမူကာ ပြောလိုက်သည် “အားလုံးကြည့်ကြပါ မင်းဒီလိုပြောမယ်ဆိုတာ ငါသိသားပဲ၊ ရှီမာယူယူကမင်းကို ဒီလိုပြောဖို့ပြောထားတာမလား”
“ဒီလိုဖြစ်လာမယ်ဆိုတာ မင်းကသိပြီးသားမဟုတ်လား” ရှီမာယူယူ လှောင်ပြုံးပြုံးလိုက်သည်။ လူပြက်များခုန်ပေါက်နေသကဲ့သို့ နာလန်လန် ဟန်ဆောင်နေသည်ဟု သူမခံစားမိသည်။
“ဘာကို သိရမှာလဲ၊ ရှီမာယူယူ ငါတို့မိသားစုနှစ်ခုကြားက ဆက်ဆံရေးကမကောင်းမှန်း ငါသိပါတယ်၊ ဒါပေမယ့် မင်းငါ့ကို ဒီလိုအပြစ်ပုံမချနဲ့”
“ရှီမာယူယူ မင်းဘာဖြစ်ချင်တာလဲ” ရှီမာယူယူ ထိုကဲ့သို့ပြုမူနေခြင်းသည် သူ့ထံမှ အာရုံစိုက်မှုကိုလိုချင်ခြင်းကြောင့် ဖြစ်သည်ဟု ယူဆကာ မူရုန်အန်း ရှီမာယူယူအား မုန်းတီးစွာကြည့်လိုက်သည်။
“ငါဘာသာ ဘာလုပ်ချင်နေနေ မင်းနဲ့ဘာဆိုင်လို့လဲ” ရှီမာယူယူသည် မူရုန်အန်းက အထင်သေးစွာကြည့်လိုက်သည်။ သူပြုမူနေသည်ကို ကြည့်ခြင်းအားဖြင့် သူထပ်၍ အထက်စီးဆန်သည်ကို သူမသိသည်။
နောက်ဆုံးတွင် ဖန်ကျိရှင်းသည် စိတ်တည်ငြိမ်အောင်ထားလိုက်ကာ ပြောလိုက်သည် “ယူယူ၊ နာလန်လန် ခိုင်းတာကြောင့် ဟီကျူကျိက မင်းကို လေးခုမြောက်ဖြတ်လမ်းတည်ဆောက်မှုထဲကို တွန်းချတယ်လို့ပြောချင်တာလား”
ရှီမာယူယူခေါင်းညိတ်လိုက်သည်။
အေးစက်သော မျက်နှာထားဖြင့် ဖန်ကျိရှင်း ဟီကျူကျိအားကြည့်ကာ မေးလိုက်သည် “ဟီကျူကျိ၊ မင်းရဲ့ အပြစ်ကို မင်းဝန်ခံလား”
ဖန်ကျိရှင်း၏ အပြုအမူအား ဟီကျူကျိကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ဒူးထောက်လိုက်သည် “ဆရာဖန်၊ ကျွန်မ ရှီမာယူယူကို ထိခိုက်လိုတဲ့သဘောမရှိပါဘူး နာလန်လန်က ခိုင်းတာပါ၊ သူမရဲ့ ခိုင်းတာမဟုတ်ရင် ကျွန်မက ကျောင်းသူသစ်တစ်ယောက်အနေနဲ့ အဲဒီလေးခုမြောက်ဖြတ်လမ်းတည်ဆောက်မှုအကြောင်းကို ဘယ်လိုသိမှာလဲ”
“နာလန်လန်တင်မဟုတ်ဘူး လေးခုမြောက်ဖြတ်လမ်းတည်ဆောက်မှုအကြောင်းကို တစ်ကျောင်းလုံးသိတယ်၊ သူမက မင်းကိုခိုင်းတာလို့ ဘာသက်သေကိုထောက်ပြီးမင်းပြောတာလဲ၊ မင်းမှာ သက်သေရှိလား” သင်ကြားမှု ညွှန်ကြားရေးမှူးပြောလိုက်သည် “တကယ်လို့မဟုတ်ရင် တစ်ယောက်ယောက်ကမင်းကိုခိုင်းပြီး အဲနောက်ကွယ်က တစ်ယောက်ကို ကာကွယ်ချင်လို့ဒီလိုလုပ်နေတယ်လို့ ငါယူဆရလိမ့်မယ်”
“ကျွန်မစကားတွေက သက်သေပဲ နာလန်လန်က ကျွန်မကိုခိုင်းတာ အမှန်ပါပဲ” သင်ကြားမှုညွှန်ကြားရေးမှူးသည် သူမစကားများကို မယုံကြည်သည်ကို ဟီကျူကျိ မထင်မှတ်ထားသဖြင့် တစ်ခဏတော့ ကြက်သေသေသွားလေသည်။
လက်ရှိဖြစ်နေသော အခြေအနေသည် ရှီမာယူယူ၏ ခန့်မှန်းချက်အတိုင်းတော့ မဟုတ်ပေ။ ထို့အပြင် ထိုသင်ကြားမှု ညွှန်ကြားရေးမှူး၏ မျိုးနွယ်သည်လည်း နာလန်ပင်ဖြစ်သည်။ သူသည်လည်း နာလန်မျိုးနွယ်ဖြစ်၍ နာလန်လန်အားဘက်လိုက်ပြောခြင်းဖြစ်သည်။
“မင်းရဲ့ စကားတွေက သက်သေလို့သတ်မှတ်လို့မရဘ့ူး” သင်ကြားမှုညွှန်ကြားရေးမှူးသည် ပြောလိုက်သည် “မင်းမှာတခြား သက်သေမရှိရင် ဒီကိစ္စကို ငါဆုံးဖြတ်ရလိမ့်မယ်”
“ကျွန်မ…” ဟီကျူကျိသည် နာလန်လန်အား နောက်ဆုပ်သည့်အနေနှင့်ကြည့်လိုက်သည်။ ထိုအချိန်တွင် ရှီမာယူယူသည် သူမအားပြန်လှည်ကယ်တင်မည်ကို သူမ ထင်မထားခဲ့ပေ။ ထို့အပြင်၊ သူတို့နှစ်ယောက်သီးသန့်တွေ့ဆုံချိန်တွင် စကားနှင့်သာ သဘောတူညီမှုရခဲ့သည်။ တခြားသက်သေ ရှိမည်မဟုတ်ပေ။
“အခု ငါ သင်ကြားမှုညွှန်ကြားရေးမှူးက ဆုံးဖြတ်ချက်ကို ကြေညာမယ်၊ ဟီကျူကျီက ရှီမာယူယူကို ဒုက္ခရောက်အောင်လုပ်ခဲ့လို့ ကျောင်းရဲ့ ကျောင်းသားအချင်းချင်း ဒုက္ခရောက်အောင်မလုပ်ရဘူးဆိုတဲ့ စည်းမျဉ်းစည်းကမ်းအရ ဟီကျူကျိ ကျောင်းကထွက်ရမယ်၊ ထွက်သွားပြီးရင် သူမက ကိုယ့်ကိုယ်ကို ကျောင်းက ကျောင်းသားလို့သတ်မှတ်လို့မရတော့ဘူး” သင်ကြားမှုညွှန်ကြားရေးမှူးသည် ကြေညာချက်ထုတ်လိုက်သည်။
“မလုပ်ပါနဲ့ ကျွန်မကို ကျောင်းမထုတ်ပါနဲ့” သင်ကြားမှုညွှန်ကြားရေးမှူးမှ သူမအား ကျောင်းထုတ်သည်ဟူသော ကြေညာချက်ကို ပြောပြီးသည်ကို ကြားပြီးနောက် ဟီကျူကျိငိုတော့သည်။ “ကျွန်မကို ဒီလိုလုပ်ခိုင်းတာ နာလန်လန်ဟုတ်ပါတယ် သူမကကြိုးကိုင်သူပါ”
“မဖြစ်နိုင်တာ၊ ဒီအချိန်ကစပြီးမင်းက ငါတို့ကျောင်းသူမဟုတ်တော့ဘူး၊ မင်းငါတို့ကျောင်းသူလို ဆက်ပြောနေမယ်ဆိုရင် ငါတို့အပြစ်ပေးရလိမ့်မယ်” သင်ကြားမှုညွှန်ကြားရေးမှူးသည် ရှီမာယူယူဘက်သို့လှည့်ပြီးမေးလိုက်သည် “ဒီလိုဆုံးဖြတ်ချက်ကို မင်းဘယ်လိုသဘောရလဲ”
သင်ကြားမှုညွှန်ကြားရေးမှူး၏ ဟီကျူကျိအား အပြစ်ပေးခြင်းကို ရှီမာယူယူ စောင့်ဆိုင်းပြီးနောက်ပြောလိုက်သည် “ဒီပြဿနာကို ဖြေရှင်းတာကတော့ ကျေနပ်စရာပဲ ဒါပေမယ့် သင်ကြားမှုညွှန်ကြားရေးမှူး တကယ့်တရားခံကိုဖမ်းဖို့ကျန်သေးတယ်”
သင်ကြားမှုညွှန်ကြားရေးမှူးသည် ရှီ်မာယူယူထိုကဲ့သို့ပြောသည်ကို ကြားသည်နှင့် မျက်ခုံးများပင့်ကာ ပြောလိုက်သည် “မင်းဘာကို ဆိုလိုတာလဲ”
“ကျွန်တော် ဆိုလိုတာက” ရှီမာယူယူပြောလိုက်သည် “အခု ဆရာက သက်သေရှိလားဆိုတာ ဟီကျူကျိကိုပဲ မေးတာလေ၊ ကျွန်တော့်ကို မမေးလို့”
“မင်းမှာ သက်သေရှိတယ်လို့ပြောချင်တာလား”
“ဟုတ်တယ်၊ ကျိရွှီ” ရှီမာယူယူ ပြောသည်နှင့်တစ်ပြိုင်နက် ဝေကျိရွှီအားကြည့်လိုက်သည်။
“ဒီမှာ” ဝေကျိရွှီ အသံကျောက်တုံးအား ထုတ်ကာ ရှီမာယူယူအားပေးလိုက်သည်။
ရှီမာယူယူ အသံကျောက်တုံးကိုယူကာ ဖန်ကျိရှင်းအား လက်ဆင့်ကမ်းပေးလိုက်ပြီး ပြောလိုက်သည် “ဒီကုန်လုံး ဒီအထဲမှာရှိတယ်”
ရှီမာယူယူ ဆီတွင် အသံကျောက်တုံးရှိလိမ့်မည်ကု် ဖန်ကျိရှင်းထင်မထားခဲ့ပါ။ သူအသုံးပြုနည်းအား သိပြီးနှင့်ဖြစ်သည်နှင့်အညီ ဝိညာဉ်စွမ်းအင်အား ထည့်လိုက်သောအခါ အသံကျောက်တုံးပေါ်မှ သွေးကြောများသည် လှုပ်ရှားလာကြသည်။
“ညွှန်ကြားရေးမှူး ဆရာ သေသေချာချာနားထောင်သင့်တယ်” ရှီမာယူယူပြုံးကာ ပြောလိုက်သည်။
“မင်းကို ကယ်ရမယ်ဟုတ်လား၊ ဒီတစ်ခါမင်းကို ရန်စတာဘယ်သူလဲ” နာလန်လန်၏ အသံသည် အသံကျောက်တုံးမှ ထွက်လာသည်။
“ရှီမာယူယူပဲ သူပြန်လာပြီ” ထိုအသံသည် ဟီကျူကျိ၏အသံဖြစ်သည်။
“ရှီမာယူယူလား၊ သူပြန်လာပြီလို့မင်းပြောလိုက်တာလား”
“ဟုတ်တယ်၊ ငါသူ့ကိုကျောင်းဆောင်မှာတွေ့လိုက်တယ်၊ သူအသက်ရှင်နေတုန်းပဲ သူမသေဘူး”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သူဆိုတာသေချာလား”
အသံကျောက်တုံးမှ ထွက်လာသော အသံများသည် ဟီကျူကျိနှင့် နာလန်လန်အား ကြက်သေသေသွားစေသည်။ ထိုစကားများသည် မနေ့ညက ပြခန်းရှိ ကန်ဘေးတွင် သူတို့နှစ်ယောက်ပြောခဲ့ကြသော စကားများဖြစ်သည်။
“သူတကယ်ဟုတ်တယ်၊ မိန်းကလေးနာလန်၊ လေးခုမြောက်ဖြတ်လမ်းတည်ဆောက်မှုကို ဝင်ရင် သေချာပေါက်သေမယ်လို့ မင်းပြောခဲ့တယ်လေ၊ မင်းပြောတာကို ယုံပြီးငါသူ့ကိုတွန်းလိုက်တာ၊ ဒါပေမယ့် သူအခုပြန်လာပြီး ငါ့ကို လက်စားချေတော့မယ်၊ ငါသူ့မျက်လုံးတွေကိုမြင်လိုက်တဲ့အချိန်မှာ ကြက်သီးတွေတောင်ထတယ်၊ သူတကယ်ပဲ ငါ့အသက်ကိုလိုချင်နေတာ၊ မိန်းကလေးနာလန် မင်းငါ့ကို ကယ်ပေးပါ၊ အဲလိုလုပ်နိုင်တာ မင်းတစ်ယောက်ပဲရှိပါတယ်”
“မင်းဘာလို့ကြောက်နေရတာလဲ၊ အဲအမှိုက်ပြန်လာတယ်ဆိုရင်တောင် ငါတို့ကို သူဘာလုပ်နိုင်မှာလဲ”
“သူ့ကို လေးခုမြောက် ဖြတ်လမ်းတည်ဆောက်မှုကို တွန်းချတာ ငါဆိုတာ သူမြင်လိုက်တယ်၊ သူငါ့ကို လက်စားချေဖို့ သေချာပေါက်လာရှာမှာပဲ”
“ကျောင်းက ကျောင်းသားတွေကို တစ်ယောက်နဲ့တစ်ယောက်သတ်ဖြတ်ဖို့ကို တားမြစ်ထားတာ၊ တစ်ယောက်က နောက်တစ်ယောက်ကို ဒုက္ခပေးတာကို ကျောင်းကသိတာနဲ့ အဲလူက ကျောင်းထုတ်ခံရမှာပဲ” နာလန်လန် တည်ငြိမ်ဆဲပင် “ရှီမာယူယူမှာ သက်သေမရှိရင် ငါတို့ကို ဘာမှလုပ်လို့မရဘူးလေ၊ သူ ပြိုင်ပွဲပြိုင်ဖို့ စိန်ခေါ်တာကို မင်းလက်မခံမချင်း မင်းအန္တရာယ်မဖြစ်နိုင်ပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် အဲအမှိုက်က ကျောင်းဝင်းကို လာပြီးမင်းကို ပြဿနာရှာရဲမှာလား၊ အဲအမှိုက်ကို နိုင်ဖို့တောင်ယုံကြည်ချက်မရှိဘူးလား”
ထိုအကြောင်းအရာများကို နားထောင်ပြီးချိန်တွင် ကျောင်းသားအားလုံးသည် နာလန်လန်အား အံ့သြစွာကြည့်လိုက်ကြသည်။ ဟီကျူကျိထိုကဲ့သို့ လုပ်ရန်ခိုင်းစေသည်မှာ အမှန်တကယ် သူမပင်။