ထျန်တောက်ကလန်ရှိ ကျင့်ကြံသူများ အားလုံးက အလွန် စိတ်လှုပ်ရှားလို့ နေသည်။ သူတို့က ဝမ်လင်းကို လေးစားစွာ ကြည့်နေကြ၏။
အဖြူရောင်ဆံပင်နှင့် အဘိုးအိုက လူအုပ်ထဲကနေ လှမ်းလျှောက်၍ ထွက်လာသည်။ သူက ဝမ်လင်းကို ဦးညွတ်၍ လေးစားစွာ ပြောလိုက်သည်။ “ထျန်တောက်ကလန်ရဲ့ ဂျူနီယာ ကျန်ဖန်ရှောင်က ဘိုးဘေးကို နှုတ်ဆက်ပါတယ်…”
“ဘိုးဘေးကို နှုတ်ဆက်ပါတယ်…” အဘိုးအိုက ထိုသို့ပြောလိုက်ပြီးသည့် အခါ အခြား ကျင့်ကြံသူများ အားလုံးကလည်း ဝမ်လင်းကို နှုတ်ဆက်လိုက်ကြ၏။ သည်နှုတ်ဆက်သံက အလွန်ပင် ကျယ်လောင်ပြီး အလွန်ဝေးကွာသည့် အထိ ပျံ့နှံ့လို့သွားသည်။
ဝမ်လင်းက ခေါင်းယမ်းကာ ပြောလိုက်သည်။ “ငါက မင်းတို့ ဘိုးဘေး မဟုတ်ဘူး…”
အဘိုးအိုက အသက်ဝဝ ရှူသွင်း၍ လေးစားစွာ ပြောလိုက်သည်။ “စီနီယာက လွန်ခဲ့တဲ့ နှစ်နှစ်ရာက ဒီထျန်တောက်ကလန်မှာ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကို ရောက်သွားကတည်းက ကျောက်နိုင်ငံ ကျင့်ကြံသူအားလုံးရဲ့ ဘိုးဘေး ဖြစ်လာခဲ့ပါပြီ။ ငါက ဘိုးဘေးဟာ ဒီနာမည်အတွက် မငြင်းဆိုဖို့ မျှော်လင့်ပါတယ်…”
ဝမ်လင်းက သက်ပြင်းချကာ ကျောက်နိုင်ငံ နယ်မြေများကို ကြည့်သည်။ သည်နေရာက သူကြီးပြင်းခဲ့သည့် နေရာပင်။ အခု နှစ်ငါးရာကျော် ကုန်လွန်သွားပြီးနောက် သူက အတိတ်ကို ပြန်တွေးကြည့်နေ မိတုန်းပင်။ တစ်ခါတစ်ရံ နှစ်ငါးရာဆိုသည့် ကာလတစ်ခုက အိပ်မက်တစ်ခု အလား ထင်မှတ်ရသည်။
“အရှင်ဘိုးဘေး… သင်က အလျင်မလိုဘူး ဆိုရင် ထျန်တောက်ကလန်မှာ ရက်အနည်းငယ်လောက် အဖြစ် ကျေးဇူးပြုပြီး နေပေးပါ။ ဒါမှ ဂျူနီယာတို့က သင့်ကို လေးစားမှု ပြနိုင်မှာ…” အဘိုးအိုမျက်လုံးများက လေးစားမှုများနှင့် ပြည့်လို့နေ၏။
ဝမ်လင်းက အနည်းငယ် စဉ်းစားနေ၏။ သည်အခိုက်တွင် ဝမ်ကျောက်က သက်ပြင်းချကာ ပြောလိုက်သည်။ “ဝမ်လင်း…ကျောက်နိုင်ငံမှာ ရက်အနည်းငယ် နေလိုက်ပါ။ မင်းက ဦးလေးလေးရဲ့ မျိုးဆက်တွေကို မတွေ့ချင်ဘူးလား…”
အဘိုးအိုက ဝမ်ကျောက်ကို မှင်တက်စွာ ကြည့်နေမိသည်။ ဝမ်ကျောက်က ထျန်တောက်ကလန်၏ ပါရမီရှိသော တပည့်တစ်ယောက် ဖြစ်၏။ ထို့ကြောင့် သူက ပုံမှန်အားဖြင့် သူ့ကိုယ်သူ သိပေသည်။ သို့သော် အခု ဝမ်လင်းအပေါ် သူပြောပုံဆိုပုံက တစ်မျိုးကြီးဖြစ်လို့နေ၏။ အဘိုးအိုက သေချာကြည့်လိုက်ရာ တစ်ခုခုမှားနေသည်ကို တွေ့လိုက်သည်။ ဝမ်ကျောက်က ဝမ်ကျောက်သာ ဖြစ်နေသေးသော်လည်း သူ့မျက်လုံးများက ထျန်တောက်ကလန်၏ ဝမ်ကျောက်ကဲ့သို့ မဟုတ်တော့ချေ။
ဝမ်ကျောက်က ပြုံး၍ အဘိုးအိုကိုကြည့်ကာ အသံပို့လွှတ်ခြင်းကို အသုံးပြု၍ လှမ်း၍ သတင်းပို့လိုက်သည်။ အဘိုးအိုခန္ဓာကိုယ်က ဝမ်ကျောက်ပြောသည့် အကြောင်းအရာကို ကြားလိုက်သည့်အခါ တုန်ခါလို့သွား၏။ သူက ဝမ်လင်းကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လို့နေသည်။ သူက သည်အရာ လိမ်လည်နေခြင်း မဟုတ်ကြောင်း သိနေသည်။ ထို့ကြောင့် သူက ခါးသက်စွာပြုံး၍ လေးစားစွာ ပြောလိုက်သည်။ “ဘိုးဘေးကို နှုတ်ဆက်ပါတယ်…”
“ကျန်ဖန်ရှောင်…မင်းကို ငါကိုယ်တိုင် ထျန်တောက်ကလန်ကို ခေါ်လာတုန်းက မင်းက လူငယ်လေးတစ်ယောက်ပဲ ရှိသေးတယ်။ ခုမျက်စိတစ်မှိတ်အတွင်း နှစ်တွေအများကြီး ကုန်ဆုံးသွားခဲ့ပြီ…” ဝမ်ကျောက်က သက်ပြင်းချမိသည်။
ကျန်ဖန်ရှောင်က ခါးသက်စွာ ခေါင်းညိတ်ပြ၏။သူက ဝမ်ကျောက်ပြောပြသည့် အဖြစ်ကို နားလည်ရန် ကြိုးစားနေရတုန်းပင်။
ဝမ်လင်းက ထျန်တောက်ကလန်၌ နေထိုင်ခဲ့သည်။
ကလန်အသီးသီး၏ လူအနည်းငယ်ကလွဲ၍ ကျန်သည့် ကျင့်ကြံသူများက သူတို့သက်ဆိုင်ရာ ကလန်များသို့ ပြန်သွားကြသည်။ ထျန်တောက်ကလန်၌ ဝမ်လင်းက အမြုတေဖွဲ့တည်ခြင်း အဆင့် ကျင့်ကြံသူများကို တာအိုနှင့်ပတ်သက်၍ ပို့ချပေးခဲ့သည်။ သည်အရာက သူတို့ထံ၌ တာအိုအမှတ်အသား တစ်ခုကို ချန်ထားနိုင်လျှင် သူတို့၏ စဦးစိတ်ဝိညာဉ် အဆင့်ကို ရောက်ရှိရန် အခွင့်ရေးက ပို၍ မြင့်လာမည် ဖြစ်သည်။
သူက စဦးစိတ်ဝိညာဉ် အဆင့် အနည်းငယ်ကိုလည်း ထိုကဲ့သို့ တာအိုအမှတ်အသား ပြုလုပ်ခဲ့၏။ သူက သူတို့ကို သူစိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရှိရန် ကြိုးစားတုန်းက အတွေ့အကြုံများကို ပြောပြခဲ့သည်။ သည်နေ့မှစ၍ သူတို့က ရှုပ်ထွေးစရာ မလိုတော့ပဲ ရှင်းလင်းသော လမ်းကြောင်းတစ်ခုစီ ရရှိသွားကြ၏။
သုံးရက်ကြာပြီးနောက် ဝမ်လင်းနှင့် ဝမ်ကျောက်တို့သည် ထျန်တောက်ကလန်ကနေ ထွက်ခွာသွားကြ၏။ ဝမ်လင်းက မထွက်ခွာခင် ထျန်တောက်ကလန် အတွက် အစီအရင်တစ်ခု ပြုလုပ်ပေးခဲ့သည်။ သည်အစီအရင်က စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့်အားလုံးကို ထိန်းထားနိုင်မည် ဖြစ်ပြီး စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူများသာ ၎င်းကို ချိုးဖျက်နိုင်မည် ဖြစ်၏။
အဆင့်သုံး နိုင်ငံတစ်ခု အနေနှင့် သည်လို အစီအရင်တစ်ခု ရရှိခဲ့ခြင်းက တကယ့်ကို မကြုံစဖူး ထူးကဲသည့်အရာ ဖြစ်ချေ၏။ ပုံမှန်အားဖြင့် အဆင့်ငါးနိုင်ငံ တစ်ခုကသာ သည်လို စွမ်းအားကောင်းသည့် အကာအကွယ် အစီအရင်တစ်ခု ရှိပေလိမ့်မည်။
သူက သည်နောက်ဆုံး တစ်ခုကို ကျောက်နိုင်ငံ အတွက် ပြုလုပ်ပေးပြီးနောက် သူကြီးပြင်းခဲ့သည့် နိုင်ငံနှင့် ပတ်သက်၍ မည်သည့်ပူပင်မှုမှ မရှိတော့ချေ။ သည့်နောက် သူက ဝမ်မိသားစု မျိုးဆက်များကို တိတ်တဆိတ် ကြည့်ရှုရန်အတွက် ဝမ်ကျောက်နောက်ကနေ လိုက်လာခဲ့သည်။
သည့်နောက် ဘိုးဘေးအိမ်၌ ဝမ်လင်းက ယုအာနှင့် သူ့မိဘာများကို တွေ့မြင်လိုက်၏။ ယုအာကို ကြည့်နေရင်း သူက တနူးနှင့် ကျိုးယုလေးတို့၏ ကဘေးဘဝကို ပြန်အမှတ်ရလိုက်သည်။ သူက သည်အခိုက်တွင် လွမ်းဆွတ် အောက်မေ့မှုကို ခံစားလိုက်ရ၏။
ဝမ်ကျောက်က ယုအာကို တပည့်အဖြစ် သတ်မှတ်ခဲ့ပြီး သူမထံသို့ ကျင့်ကြံခြင်း နည်းလမ်းများ ထည့်သွင်းပေးလိုက်၏။
ဝမ်လင်းထွက်မသွားခင် သူက ဘိုးဘေးအိမ်က သူ့ဂျိနယ်ပယ် ကျောက်စိမ်းပြားကို ယူဆောင်သွားပြီး နတ်ဘုရားအာရုံကို အစားထိုး ထားခဲ့၏။
ဝမ်ကျောက်ကတော့ ထျန်တောက်ကလန်ကို မပြန်ဘဲ မြို့တော်ရှိ ဝမ်မိသားစုအိမ်တွင် နေထိုင်ခဲ့သည်။ လွန်ခဲ့သော နှစ်နှစ်ရာက သူက ဝမ်မိသားစု၏ ကိုယ်ဝန်သည် အမျိုးသမီးထံတွင် သန္ဓေတည်ခဲ့ ဖူးပေသည်။ သူက သူ့ဘဝနှစ်ခုလုံးတွင် ဝမ်မိသားစုနှင့် ပို၍ နီးကပ်စွာ နေထိုင်ခဲ့သည့်သူ မဟုတ်လား။ ထို့ကြောင့် သူတို့အပေါ်၌ သူ့ခံစားချက်က ဝမ်လင်းထက် ပိုမိုလေ၏။
သူက သူ့ဘဝကို ဝမ်မိသားစု မျိုးဆက်များအတွက် ကာကွယ်ပေးရန် ဆုံးဖြတ်ခဲ့သည်။
သည်လိုနှင့် ကျောက်နိုင်ငံ၏ ကိစ္စများက အပြီးသတ်ခဲ့တော့သည်။
သို့ရာတွင် ဝမ်လင်းစိတ်ထဲ၌ တွယ်ငြိနေသော အတွေးတစ်ခု ရှိလို့နေသေး၏။ သည်အရာက ဟုန်ယွီကလန်ပင်။ သည်ကလန်က သူ့ကို ကျင့်ကြံခြင်း လမ်းကြောင်းပေါ်သို့ ရောက်ရှိစေခဲ့သည့် ကလန်မဟုတ်လား။ သူက ကျောက်နိုင်ငံကနေ ထွက်မသွားခင် ဟုန်ယွီကလန်ကို ရှာရန် ဆုံးဖြတ်ခဲ့၏။
သူက နတ်ဘုရားအာရုံကို ဖြန့်ကြက်လိုက်ရာ နိုင်ငံရှိ တောင်တန်းများစွာနှင့် လိုဏ်ဂူများက သူ့စိတ်ထဲတွင် ပေါ်လာခဲ့သည်။ သူက တစ်ချက် လှုပ်ရှားလိုက်ရာ သူ့ခန္ဓာကိုယ်က ပျောက်ကွယ်သွားတော့၏။
သူ့မှတ်ဉာဏ်များကနေ တစ်ဆင့် ဝမ်လင်းက ဆင်ဖြူတောင်လို့ ခေါ်သည့် တောင်တစ်ခု အပြင်ဘက်၌ ပြန်ပေါ်လာခဲ့သည်။
ဝမ်လင်းက သည်တောင်ပတ်လည်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။ သည်နေရာ၏ အစီအရင်က ခုထိရှိလို့နေသေး၏။ သူက အစီအရင်ကို မဖျက်စီးပဲ သည်အတိုင်း ဖြတ်ကျောက်၍ တောင်ရှိရာသို့ ဝင်လာခဲ့သည်။
တောင်ထဲတွင် လိုဏ်ဂူကြီးတစ်ခု ရှိလို့နေသည်။ ဝမ်လင်းက လိုဏ်ဂူထဲသို့ ဝင်သွားရာ ဖုန်များပြည့်နေသည်ကို တွေ့လိုက်ရ၏။
သည်နေရာ၌ လူမနေသည်မှာ အလွန်ကြာမြင့်ခဲ့ပြီ ဖြစ်လေ၏။
အဓိကခန်းမထဲရှိ ကြီးမားသည့် ကျောက်စိမ်း အပိုင်းတစ်ခုပေါ်၌ ရှေးဟောင်းစာလုံးသုံးခု ထွင်းထုထားသည်က ရှိလို့နေသေး၏။
“ဟုန်ယွီကလန်…”
ဝမ်လင်းက သက်ပြင်း ချမိလိုက်ပြီး ဖုန်မှုန့်များကို ရှင်းလင်းလိုက်သည်။ သူက သည်နေရာကို အချိန်အတန်ကြာ ငေးကြည့်နေလေ၏။
သည့်နောက် ဝမ်လင်းက နတ်ဘုရားအာရုံကို ဖြန့်ကျက်၍ ဂူဘေးတစ်ဖက်သို့ လျှောက်လာခဲ့သည်။ သူက ပျက်စီးနေသော အစီအရင်တစ်ခု ရှိနေသည့် တံခါးအတိုင်း ဂူအခန်းထဲသို့ ဝင်သွားလေ၏။ သည်အခန်းထဲ၌ ကျောက်စိမ်းပြားများ တင်ထားသည့် စင်များ ရှိလို့နေသည်။
အခန်းထောင့်တွင်မူ ကြာပွင့်သဏ္ဌာန် ထိုင်နေသည့် အလောင်းတစ်ခု ရှိနေသည်။ သူ့အရိုးများက အကောင်းတိုင်း ရှိနေသေးသည့်အတွက် သည်လူက အိုမင်း၍ သေဆုံးသွားခဲ့သည်ကို ပြသနေခဲ့၏။
သည်အလောင်း၏ ညာဘက်လက်ညှိုးက မြေပြင်ကို ညွှန်ပြနေသည်။
ဝမ်လင်းကို လှမ်းလျှောက်သွားပြီး မြေပြင်ပေါ်ရှိ ဖုန်မှုန်များကို ဖယ်ရှားပစ်လိုက်သည်။ ထိုအခါ သူက သည်နေရာ၌ ထွင်းထုထားသော စကားလုံးများကို တွေ့လိုက်ရသည်။
“ဟုန်ယွီကလန်က ငါနဲ့အတူ သေဆုံးခဲ့တယ်။ ငါ့မှာ မတရားလုပ်တာ ခံခဲ့ရတဲ့ဘိုးဘေးတွေ ရှိတယ်…။ မတရားလုပ်တာ ခံခဲ့ရတဲ့ ဘိုးဘေးတွေ ရှိတယ်…”
ဝမ်လင်းက စဉ်းစားနေသည်။ သူက နောက်သို့ ခြေတစ်လှမ်း ပြန်ဆုတ်လုက်ပြီး လေးစားစွာ ဦးညွှတ်ကာ ပြောလိုက်သည်။ “တပည့် ဝမ်လင်းက စီနီယာကို နှုတ်ဆက်ပါတယ်…”
သည့်နောက်သူက သက်ပြင်းချကာ စင်ပေါ်မှ ကျောက်စိမ်းပြားများကို တစ်ခုပြီးတစ်ခု ကောက်ယူကာ နတ်ဘုရားအာရုံဖြင့် စစ်ကြည့်လိုက်သည်။ သူက ကျောက်စိမ်းပြား တစ်ခုကို ကောက်ယူပြီးနောက် ရုတ်တရက် ရပ်တန့်သွား၏။
“ဒီအဘိုးအိုက ပါရမီကင်းမဲ့ခဲ့တယ်။ ဒါကြောင့် ငါ့ကျင့်ကြံခြင်း အဆင့်က မြင့်မားတဲ့အဆင့်ထိ မရောက်ခဲ့ဘူး။ ဒါပေမဲ့ ငါ့မှာ ဓားနဲ့ပတ်သက်ပြီး ထူးဆန်းတဲ့ နားလည် သဘောပေါက်မှုတစ်ခု ရှိတယ်။ ငါ့ဘဝတစ်ခုလုံးက ဓားအတွက်ပဲ။ ဒါပေမဲ့ ဘာကြောင့်လဲတော့ မသိဘူး။ ငါ့နတ်ဘုရားအာရုံက ဓားထဲကို ထည့်သွင်းလိုက်တာနဲ့ ဒီဓားက အသက်တစ်ခါ ရှူစာအတွင်းမှာပဲ ပျက်စီးသွားခဲ့ရတယ်။ ခြွင်းချက်ဆိုတာ မရှိခဲ့ဘူး…”
“ဓားတွေက ဒီအဘိုးအိုအတွက် အသုံးမဝင်ခဲ့ဘူး။ ဒါကြောင့် ငါက ဓားတွေထဲကို ငါ့နတ်ဘုရားအာရုံ ထည့်သွင်းပြီး ထိန်းချုပ်လို့မရဘူး။ တိုက်ပွဲမှာလည်း ဓားတွေကို အသုံးမပြုနိုင်ခဲ့ဘူး။ ငါ့က ငါ့ဆရာအတွက် အရှက်ရစရာကောင် ဖြစ်ခဲ့ရတယ်…”
“ငါ အသက်ရှစ်ဆယ်မှာ အိပ်မက်တစ်ခု မက်ခဲ့တယ်။ ဒီအိပ်မက်ထဲမှာ ငါက ဒီကုန်းမြေကြီးကို သိမ်းပိုက်နိုင်တဲ့ ဓားစိတ်ဝိညာဉ်တစ်ခု ဖြစ်နေတယ်…။ ငါက ဓားတွေကြားက ဘုရင်တစ်ပါးပဲ…”
“ငါ နိုးထလာတဲ့အချိန်မှာ အိပ်မက်ထဲက ဓားက ငါ့စိတ်ထဲမှာ ထွင်းထားသလို ဖြစ်နေတယ်။ ဒါက ငါ့ဘဝရဲ့ အမှန်တရားလား။ ငါ့ဘဝဟောင်းလား။ ငါက အခြေခံတည်ဆောက်ခြင်း အဆင့်ကို ချိုးဖျက်ဖို့ မကြိုးစားတော့ပဲ ပန်းပဲပညာကိုပဲ အာရုံစိုက်ခဲ့တော့တယ်…”
“ဒီအကြံဉာဏ်က အရမ်းအားကောင်းခဲ့တယ်။ ငါက ဒီအလုပ်နဲ့ လုံးဝကွက်တိ သင့်တော်ခဲ့တယ်။ ငါက ဒီဓားကို ဖန်တီးခဲ့တာပဲ…”
“ဆယ်စုနှစ်တစ်ခု ကြာပြီးတဲ့နောက်မှာ ဓားတွေကို ဖန်တီးနိုင်ဖို့အတွက် လိုအပ်တဲ့ သတ္တုတွေကို တောင်းဆိုခဲ့တယ်။ ငါက ဓားအတော်များများကို ဖန်တီးခဲ့တယ်။ ဒါပေမဲ့ တစ်ခုကမှ ငါလိုချင်တဲ့ ဓားပုံစံ မဖြစ်ခဲ့ဘူး…”
“အဲဒီနှစ်မှာပဲ ဟုန်ယွီကလန်က ကြီးမားတဲ့ ကပ်ဆိုးတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတယ်။ စွမ်းအားကောင်းတဲ့ ရန်သူတွေက ငါတို့ကလန်ကို တိုက်ခိုက်ခဲ့ကြတယ်။ ဒါကြောင့် ကလန်က ပျက်စီးလုနီပါး ဖြစ်သွားခဲ့ရတယ်…”
“ဒီအဘိုးအိုက ဟုန်ယွီကလန်မှာပဲ မွေးခဲ့တဲ့အတွက် ဒီမှာပဲသေသင့်တယ် မဟုတ်လား။ ဒီအဘိုးအိုက နောက်ဆုံးအနေနဲ့ မီးပြင်းဖိုကို ဖွင့်ပြီး ဓားတစ်ချောင်း ဖန်တီးခဲ့တယ်။ ဒီအတွက်လည်း အချိန်အနည်းငယ်ပဲ ရခဲ့တဲ့အတွက် ငါက တန်ဖိုးရှိတဲ့ သတ္တုတွေကို အသုံးမပြုနိုင်ပဲ သေမျိုးကမ္ဘာရဲ့ သတ္တုတွေကိုသာ အသုံးပြုပြီး ဓားကြီးတစ်လက်ကို ဖန်တီးခဲ့တယ်…”
“ဒီဓားကို ဖန်တီးပြီးတဲ့နောက်မှာ ငါက ကောင်းကင်ဘုံရဲ့ သင်္ကေတတစ်ခုကို ခံစားခဲ့ရတယ်။ ဒါကြောင့် ငါက ဒီဓားကို ရွှေတွေနဲ့ မွမ်းမံထားခဲ့ပြီး တောက်ပစေခဲ့တယ်…”
“ဒီဓားကိုကြည့်ရင်း အိပ်မက်ထဲမှာ ငါတွေ့ကြုံခဲ့ရတဲ့ ခံစားချက်တွေကို ပြန်ရလာခဲ့တယ်။ အဲဒီအခိုက်မှာပဲ ငါက အိပ်မက်ထဲ ပြန်ရောက်သွားပြီး ဓားစိတ်ဝိညာဉ် ပြန်ဖြစ်သွားပြန်တယ်…”
“ဒီခံစားချက်က ငါရှာဖွေနေတဲ့ ခံစားချက်ပဲ။ ငါက ဒီဓားကို ချမ်းသာခြင်းဓားလို့ အမည်ပေးခဲ့တယ်။ ဒီနာမည်က စိတ်ကူးပြီးပေးတာ မဟုတ်ဘဲ ငါ့ခံစားချက်အလျောက် ပေးခဲ့တာ ဖြစ်တယ်…”
ငါ့စိတ်ဝိညာဉ်က ဒီဓားနဲ့ လုံးဝပျော်ဝင်သွားတယ်လို့ ထင်မှတ်ခဲ့ရတယ်။ ဒါကြောင့် ငါက ထွက်လာခဲ့ပြီး ဟုန်ယွီကလန်ရဲ့ ကပ်ဆိုးကို ဖြေရှင်းနိုင်ခဲ့တယ်။ ဒါကြောင့် ငါထွက်သွားတဲ့အခါ ဒီဓားထဲမှာ ဓားနည်းစနစ်တစ်ခုကို ထားခဲ့တယ်။ နောက်လာမဲ့ တပည့်တွေက ဒီဓားကို ကောင်းကောင်းမွန်မွန် ဆက်ဆံလိမ့်မယ်လို့ ငါမျှော်လင့်မိခဲ့တယ်…
ဝမ်လင်းက ကျောက်စိမ်းပြားကို ပြန်ချလိုက်ပြီး မျက်လုံးမှိတ်ထားလိုက်၏။ သူက စိတ်ထဲ၌ တုန်လှုပ်မိနေသည်။ သူက ဟုန်ယွီကလန်ကို မည်သို့ဖြစ်ပျက်ခဲ့သည်ကို သိရန် ပြန်လာခဲ့တာက အဓိကအကြောင်း ဖြစ်ပေမဲ့ နောက်ထပ် အကြောင်းတစ်ခုကတော့ သည်ချမ်းသာခြင်းဓားနဲ့ ပတ်သက်ပြီး ရှာဖွေရန် ဖြစ်၏။
“သူ့အတိတ်ဘဝက ဓားစိတ်ဝိညာဉ် တစ်ခုလား…။ ဒီဓားက ကောင်းကင်ဘုံဓားနဲ့ တစ်ပုံစံတည်းပဲ။ ဒီစီနီယာက ကောင်းကင်ဘုံ ဓားစိတ်ဝိညာဉ်ရဲ့ အစိတ်အပိုင်းတစ်ခုများ ဖြစ်နေနိုင်မလား…”
ဝမ်လင်းက မျက်လုံး ပြန်ဖွင့်လိုက်၏။ သူ့မျက်လုံးများက တလက်လက် ဖြစ်လို့နေသည်။
သူက အနည်းငယ်စဉ်းစားပြီးနောက် ပျောက်ကွယ်သွားပြီး သည်နေရာကနေ ထွက်ခွာသွား၏။
သူက ပြန်ပေါ်လာသည့်အခါ ဂျူမင်တောင်ကြား အပြင်ဘက်၌ ရောက်နေခဲ့၏။ သည်နေရာက အတိတ်တုန်းက သူ့သိုလှောင်အိတ် ဖျက်ဆီးခံခဲ့ရသည့်နေရာ ဖြစ်ခဲ့သည်။ အတိတ်တုန်းက သူက ဓားအိမ်တစ်ခုကို ရှာဖို့ လေဟာနယ် အက်ကြောင်းတစ်ခုထဲကို သွားခဲ့ဖူးပေ၏။
လေဟာနယ်တစ်ခု ဖန်တီးပြီးနောက် ဝမ်လင်းက ၎င်းအထဲသို့ ဝင်လိုက်သည်။ အခုတစ်ကြိမ်သူ့ ရည်ရွယ်ချက်ကတော့ ချမ်းသာခြင်းဓားကို ရှာဖွေရန် ဖြစ်သည်။
“ဒီဓားက သာမန်သတ္တုတွေနဲ့ ပြုလုပ်ထားတဲ့အတွက် လေဟာနယ် အက်ကြောင်းထဲမှာ နှစ်ငါးရာပြီးနောက် အကောင်းတိုင်း ရှိနေမလား ငါမသိဘူး။ ဒါ့အပြင် ဒီဓားက ငါ့သိုလှောင်အိတ် ဖျက်ဆီးခံရတာနဲ့အတူ ပျက်စီးသွားခဲ့လားလည်း မသိဘူး။ ကံမကောင်းစွာနဲ့ ငါ့ကျင့်ကြံမှု အဆင့်က ဓားထဲမှာရှိတဲ့ ဓားစိတ်ဝိညာဉ်ကို သတိပြုမိနိုင်ဖို့ မလုံလောက်ခဲ့ဘူး…။ မဟုတ်ရင် …” ဝမ်လင်းက သက်ပြင်းချကာ နတ်ဘုရားအာရုံကို ဖြန့်ကြက်လိုက်တော့၏။
လဝက်ခန့် ကြာပြီးနောက် ဝမ်လင်းက လေဟာနယ် အက်ကြောင်းထဲကနေ မျက်မှောင်ကြုတ်ကာ ပြန်ထွက်လာခဲ့၏။ သူက မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ချေ။
“ဒီဓားက ပျက်စီးသွားခဲ့မှာ ငါစိုးရိမ်မိတယ်…”
“ခုတော့ ငါက စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်ကို အမြန်ပြန်ပြီး စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ရောက်ဖို့အတွက် ကောင်းကင်ဘုံ ကျောက်စိမ်းပြား အများအပြားကိုပဲ ရှာရတော့မယ်…” ထိုသို့ပြောပြီးသည်နှင့် ဝမ်လင်းက ပျောက်ကွယ်သွားတော့၏။ သူက ရှေးဟောင်း တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခုနား၌ ပြန်ပေါ်လာခဲ့သည်။ သည့်နောက် သူက ကျောက်နိုင်ငံကနေ ပျောက်ကွယ် သွားတော့၏။
ဟင်္သာပြဒါးဂြိုဟ်၏ အနောက်ဘက်ရှိ အဆင့်လေးနိုင်ငံ တစ်ခုရှိလေ၏။ သည်နိုင်ငံက စွန့်ပစ်ခံမသေမျိုး ကလန်၏ သိမ်းပိုက်ခြင်းကို ခံထားခဲ့ရပြီး ဖြစ်သည်။ သည်နိုင်ငံရှိ ကျင့်ကြံသူများကလည်း သည်ကလန်၏ အစေခံကျွန်များ ဖြစ်လာခဲ့ကြသည်။ ကောက်ရိုးဦးထုပ် ဆောင်းထားသော လူတစ်ယောက်က သည်နိုင်ငံ အစွန်အဖျား၌ ရပ်လို့နေသည်။ သူက ရွှေရောင်များဖြင့် ဖုံးလွှမ်းလို့နေသည်။
“ဝမ်လင်း… မင်းနောက်ဆုံးတော့ ပြန်လာပြီပေါ့။ စီနီယာက မင်းပြန်လာမယ်ဆိုတာ သိနေခဲ့တယ်။ ငါက မင်းငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်…” သည့်နောက် သည်လူက သိုလှောင်အိတ်ထဲကနေ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။
“မင်းက လီယွမ်ဖန်ကို သတ်ပြီး ရွှမ်ယွဲ့ကို ချိပ်ပိတ်ပြီး ငါ့ကို ကူညီခဲ့တယ်။ ငါ ကျောက်ဝူထထိုင်က ဒီကျောက်စိမ်းပြား မင်းကို ပေးတာကလွဲလို့ မင်းကျေးဇူးကို တခြားပြန်ဆပ်စရာ နည်းမရှိဘူး။ ဒီကျောက်စိမ်းပြားထဲမှာ ငါ့အသက်ကို အသုံးပြုပြီး ရထားတဲ့ လျိုမေရဲ့နယ်ပယ် ပါဝင်နေတယ်။ ငါက မင်းဟာ စီနီယာရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းတဲ့အနေနဲ့ လျိုမေရဲ့ တာအိုနှလုံးသားကို ဝါးမျိုပြီး နောက်ထပ် ဟင်္သာပြဒါးဂြိုဟ်ရဲ့ ခေါင်းစီးဖြစ်လာနိုင်ဖို့ မျှော်လင့်မိပါတယ်…”
ထိုသို့ပြောပြီးနောက် သူက ခြေတစ်လှမ်း လှမ်းကာ ပျောက်ကွယ် သွားတော့သည်။
ဖီးလုနိုင်ငံ၏ ရှေးဟောင်းတည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်တစ်ခုက တောက်ပသွားခဲ့သည်။ သည့်နောက် ဝမ်လင်းက ၎င်းထဲကနေ လှမ်းလျှောက်၍ ထွက်လာခဲ့၏။ သူက ချက်ချင်းပင် လေထဲသို့ ခုန်တက်သွားပြီး စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်ရှိရာသို့ ဦးတည်သွားတော့သည်။
***