အမျိုးသမီး၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူက ပြောလိုက်သည်။ “မြင့်မြတ်တဲ့ အဘိုးက ထူးချွန်တဲ့လူပဲ။ မြို့တော်မှာ ရှိတဲ့ အခြား အင်မော်တယ်တွေတောင် သူ့ကို လေးစားကြတယ်။ ဝမ်နည်းစရာ ကောင်းတာက ငါတို့ သူ့ကို ရှာမတွေ့တာပဲ…”
“မြင့်မြတ်တဲ့အဘိုးက ငါတို့နဲ့ ပတ်သက်ပြီး စိတ်မဝင်စား နိုင်မှာကိုပဲ ငါ စိုးရိမ်နေမိတယ်။ သူ့ကလန်ကလည်း ကျူးကျော်သူတွေ တိုက်ခိုက်တာ ခံနေရတာပဲ။ ခု တစ်ခုတည်း ကျန်တဲ့ မျှော်လင့်ချက် ကတော့ ဘိုးဘေးအိမ်ပဲ ရှိတော့တယ်…” အမျိုးသားက အိပ်ပျော်နေသော ကလေးကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
မြို့တော်ထဲမှာ ကလေးသုံးယောက်က ကျူးကျော်သူများ၏ ခေါ်ယူသွားခြင်းကို ခံခဲ့ရပေသည်။ သည်ကလေးများက သေသလား၊ ရှင်သလားပင် မသိရတော့ချေ။
အမျိုးသမီးက အိပ်ပျော်နေသော ကလေးလေးကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “အရှင်… ဘိုးဘေးအိမ်နဲ့ ပတ်သက်ပြီး အထူးတလဲ ထူးခြားတာက ဘာလဲ…”
အမျိုးသားက အနည်းငယ် စဉ်းစားပြီးနောက် ခေါင်းယမ်းကာ ပြောလိုက်သည်။ “ငါက ဒီအိမ်နဲ့ ပတ်သက်လို့ ဘာထူးခြားတာလဲ မသိဘူး…။ ဘိုးဘေး အင်မော်တယ်က သတင်းစကားတစ်ခု ထားခဲ့တယ်။ သူပြောတာက ငါတို့ ဝမ်မိသားစုက ကြီးမားတဲ့ ဘေးကပ်ဆိုးတစ်ခု ကြုံရရင် ဘိုးဘေးအိမ်ကို လာခဲ့ဖို့ သူပြောခဲ့တာ။ ဒါကြောင့်ပဲ ငါက ငါတို့အသက်တွေကို ဒီအိမ်ရောက်သွားရင် ကယ်နိုင်လိမ့်မယ်လို့ ပြောခဲ့တာပဲ…”
အမျိုးသမီးက မှင်တက်သွား၏။ သူမက သူ့ကို လက်ထပ် ပေါင်းသင်းလာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။ သို့သော် ခုလိုစကားမျိုး တစ်ခါမျှ မကြားခဲ့ဖူးချေ။
“ငါတို့ ဝမ်မိသားစုက မြို့တော်ကို မလာခင်တုန်းက မြင့်မြတ်တဲ့အဘိုးထက် စွမ်းအားအဆများစွာ သာလွန်တဲ့ အင်မော်တယ် တစ်ယောက်က ငါတို့ မိသားစုမှာ ပေါ်ထွက်ခဲ့ဖူးတယ်။ ဒီဘိုးဘေးအိမ်က သူထားခဲ့တဲ့ အရာတစ်ခုခု ရှိလောက်တယ်…”
“မြင့်မြတ်တဲ့ အဘိုးထက်တောင် သန်မာတာလား…” အမျိုးသမီး မျက်လုံးထဲ၌ မယုံကြည်နိုင်ဟန်များဖြင့် ပြည့်နေပြီး သူမက မေးလိုက်၏။ “ဒီအင်မော်တယ် ဘိုးဘေးကကော ခုထိ အသက်ရှင်နေ သေးတာလား…”
အမျိုးသားက အနည်းငယ်စဉ်းစားပြီး မသေချာ မရေရာ ပြန်ဖြစ်လိုက်သည်။ “မြင့်မြတ်တဲ့ ဘိုးဘေးက နှစ်ပေါင်းနှစ်ရာကျော် အသက်ရှင်ခဲ့ပြီ။ ဒီအင်မော်တယ် ဘိုးဘေးက ပိုပြီးတော့တောင် အသက်ရှည်နိုင်တာ ဖြစ်လိမ့်မယ်။ ဒါကြောင့် သူက ခုထိ အသက်ရှင်လောက် သေးတယ်…”
အမျိုးသမီး မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူက ခပ်မြန်မြန် မေးလိုက်သည်။ “ဒီအင်မော်တယ် ဘိုးဘေးကသာ ငါတို့ကို ကူညီမယ်ဆိုရင် ယုအာလေး အန္တရာယ်ကင်းပြီ…”
အမျိုးသားက ခေါင်းယမ်း၍ ခါးသက်စွာ ပြုံးသည်။ “ဒါက ကောလာဟလ တစ်ခုပါ…။ ဘယ်သူ့ကမှ ဒီကိစ္စနဲ့ပတ်သက်ပြီး မှန်လားမှားလား မသိကြဘူး။ ဒါပေမဲ့…” အမျိုးသားက စဉ်းစားသွား၏။
အမျိုးသမီးက ခပ်မြန်မြန် ထပ်မေးလိုက်၏။ “ဘာ ဒါပေမဲ့လဲ…”
“လွန်ခဲ့တဲ့ နှစ်နှစ်ရာတုန်းက ငါတို့ ဝမ်မိသားစုရဲ့ မှတ်တမ်းတွေထဲ မှာတော့ ဒီကျောက်နိုင်ငံရဲ့ အင်မော်တယ် လောကမှာကော၊ သေမျိုးလောကမှာပါ တည်ရှိခဲ့တဲ့ စွမ်းအားကောင်းတဲ့ မိသားစု တစ်ခုရှိခဲ့တယ်တဲ့။ ဒီမိသားစုရဲ့ နာမည်က ထျန်…”
“ဒီထျန်မိသားစုက အလွန်ပဲ စွမ်းအားကောင်းပြီး သေမျိုးတွေရဲ့ဘုရင်နဲ့ အခြား အင်မောတယ်တွေတောင် သူတို့ကို ဦးညွှတ် လေးစားရတယ်လို့ မှတ်တမ်းထဲမှာ ပြောထားတယ်…”
“ဒီထျန်မိသားစုက ငါတို့ ဝမ်မိသားစုနဲ့ ကမ္ဘာမကျေ ရန်သူတွေတဲ့…” အမျိုးသား၏ အသံက မြင်းလှည်းထဲ၌ ပဲ့တင်ထပ်လို့နေသည်။
“အဲဒီနောက်မှာ တစ်ညတော့ ထျန်မိသားစုဝင် အားလုံးက အမြစ်ဖျက်သုတ်သင်ခြင်း ခံလိုက်ရတယ်။ ပြောကြတာကတော့ လူတစ်ယောက်တည်းက သူတို့မိသားစု အားလုံးကို အမြစ်ဖျက် သုတ်သင်ခဲ့တာတဲ့။ ဒီလူကတော့ ငါတို့ရဲ့ ဘိုးဘေးအင်မော်တယ်ပဲ…”
မြင်းလှည်းက ပို၍ မြန်ဆန်စွာ သွား၍ နေသည်။ သုံးရက်ကြာပြီးနောက် သူတို့က ခြံဝန်းကျယ်ကြီး တစ်ခုရှိ အိမ်တစ်အိမ်ရှေ့သို့ ရောက်လာခဲ့ကြသည်။
သည်အိမ်က အလွန် ကြီးမားခြင်းတော့ မရှိချေ။ လွန်ခဲ့သော နှစ်နှစ်ရာက ယင်းအိမ်က ရွာတစ်ရွာထဲတွင် ရှိနေသည့် အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည်။ သည့်နောက် ဝမ်မိသားစုက သည်အိမ်ကို ဝယ်ယူခဲ့ကြသည်။ သည်အိမ်က လွန်ခဲ့သော နှစ်နှစ်ရာက အတိုင်း ပုံစံတူ ရှိလို့နေသေး၏။
မြင်းလှည်း ရပ်သွားပြီးနောက် ဗလတောင့်တောင့် လူကြီးတစ်ယောက်က မြင်းလှည်းပေါ်ကနေ ပင်ပန်းနေသည့် အသွင်ဖြင့် ခုန်ဆင်းလာခဲ့သည်။ သူက တံခါးဖွင့်၍ လေးစားစွာ ပြောလိုက်သည်။ “အရှင်…ငါတို့ ရောက်ပါပြီ…”
အမျိုးသားက မြင်းလှည်းခန်းထဲကနေ ဆင်းလာပြီး သည်အိမ်ကို တမ်းတ လွမ်းဆွတ်သည့်ဟန်ဖြင့် ကြည့်သည်။ “ငါကလေးဘဝတုန်းက ဒီနေရာမှာ ငါ့အဖေနဲ့ တစ်နှစ်နေခဲ့ဖူးတယ်။ မျက်စိတစ်မှိတ်အတွင်း နှစ်သုံးဆယ် ကုန်သွားခဲ့ပြီပဲ။ ဒါပေမဲ့ ဒီနေရာကတော့ ဘာမှ ပြောင်းလဲနေတာ မရှိဘူးပဲ…”
အမျိုးသမီးက သူ့နောက်ကနေ မြင်းလှည်းခန်းထဲကနေ ဆင်းလာ၏။ ယုအာက မျက်လုံးအပြူးသားဖြင့် သည်အိမ်ကို ကြည့်လို့နေသည်။
“ငါ့နောက်လိုက်ခဲ့…” အမျိုးသားက လေးနက်သည့် အသံဖြင့် ပြော၍ ရှေ့သို့ ဆက်လျှောက်သွားသည်။
သည်အိမ်ထဲ၌ မည်သည့်အစေခံမှ ရှိမနေခဲ့ချေ။ အသက်ကြီးကြီး လူအချို့သာ ရှိလို့နေ၏။ သူတို့က ဝမ်လင်းမိသားစုအတွက် အစဉ်အဆက် သစ္စာအရှိဆုံး လူများဖြစ်ကြသည်။
သူတို့အားလုံးက ဆံပင်များ ဖြူဖွေးနေသော်လည်း မျက်လုံးများကတော့ တောက်ပနေဆဲပင်။
ဗလတောင့်တောင့် လူကြီးက သည်လူကြီးများကို တွေ့လိုက်သည့်အခါ သူက ထိတ်လန့်သွားမိ၏။ သူက သူတို့ထဲက မည်သူမဆို သူ့ကို တစ်ချက်လှုပ်ရုံဖြင့် ရိုက်ပစ်နိုင်ကြောင်း ခံစားမိနေသည်။
သူ့မျက်လုံးများက အဘိုးအိုများထဲက တစ်ယောက်စီသို့ ရောက်လို့နေ၏။ သူက သည်အဘိုးအို လက်ထဲရှိ အရာတစ်ခုကို သိလိုက်ပြီးနောက် မှင်တက်သွားမိပြီး သည်အဘိုးအို မည်သူမည်ဝါ ဖြစ်မှန်း ချက်ချင်း သိလိုက်၏။ သည်အဘိုးအိုက သေမျိုးသိုင်းလောက၏ နံပါတ်တစ် သိုင်းသမား ဖြစ်လို့နေသည်။
အမျိုးသားက စကားတစ်ခွန်းမှ မဆိုဘဲ သည်အိမ်ကြီးထံသို့ လှမ်းလျှောက်၍ လာနေသည်။ သည်အိမ်အတွင်းပိုင်းက လုံးဝ သာမန်ဆန်လွန်းလှသည်။
ယုအာက သိချင်စိတ်ဖြင့် မေးလိုက်သည်။”အဖေ…ဒါက ငါတို့ဘိုးဘေးအိမ်လား…”
အမျိုးသားက ခေါင်းညိတ်ပြ၏။ သူက စကားပြောဟန် ပြင်လိုက်စဉ် အပြင်ဘက်ကနေ မိုးကြိုးပစ်သံတစ်ခု အလား ထင်မှတ်ရသည့် ကျယ်လောင်သော အသံတစ်ခုကို ကြားလိုက်ရသည်။ သည့်နောက် ခန္ဓာကိုယ် တစ်ခုလုံးတွင် တက်တူးများဖြင့် ဖုံးအုပ်ထားသည့် လူနှစ်ယောက်က အိမ်ခေါင်မိုးပေါ်၌ ပေါ်လာခဲ့၏။ သူတို့ထဲက တစ်ယောက်က သုန်မှုန်စွာကြည့်၍ သူ့အောက်က လူတွေကို ပြောလိုက်၏။ “မင်းတို့ကောင်တွေ ပြေးတာ မြန်သားပဲ…”
အမျိးသားအသွင်က ချက်ချင်း ပြောင်းလဲသွား၏။ သူက သူ့ဇနီးရှေ့သို့ ရောက်လာပြီး ခါးသက်စွာ ပြောလိုက်၏။ “ဂုဏ်ယူစရာ အင်မော်တယ်များခင်ဗျာ …သင်တို့ရဲ့ တိုက်ပွဲက အခြား အင်မော်တယ်တွေနဲ့ပါ။ ဘာလို့ ကျုပ်တို့ သေမျိုးတွေကို ခက်ခဲအောင် လုပ်ရတာပါလဲ..”
အနီးအနားရှိ အဘိုးအိုများက လေထဲရှိနှစ်ယောက်ကို စူးစိုက်ကြည့်လို့နေ၏။
သုန်မှုန်နေသည့် စောနက တစ်ယောက်က အမျိုးသားကို အေးစက်စွာ ကြည့်၍ လက်ဆန့်တန်း လိုက်သည်။ သူ့ ရည်ရွယ်ချက်က စိတ်ဝိညာဉ်အရင်းမြစ် ရှိနေသော ကလေးငယ်ထံသို့ပင်။
သည်အခိုက်တွင် အနီးအနားရှိ အဘိုးအိုများက မာန်သွင်း၍ အမျိုးသားကို ကာထား ပေးလိုက်ကြသည်။
သို့ရာတွင် သူတို့ခန္ဓာကိုယ်များက တောင့်ခံနိုင်ခြင်း မရှိတော့ပဲ သွေးများစွာ အန်ထုတ်၍ လွင့်စဉ်သွားကြ၏။
အမျိုးသားအသွင်က ကြီးစွာ ပြောင်းလဲသွားသည်။ သူက သူ့ဇနီးနှင့်ကလေးကို ဆွဲခေါ်၍ ဘိုးဘေးအိမ်ထဲသို့ ဝင်လိုက်သည်။
ဘိုးဘေး အိမ်အတွင်းပိုင်း ရောက်လာပြီးနောက် အမျိုးသားနဖူးပေါ်၌ အေးစက်စက်ချွေးများ စိုရွှဲနေသည်။ သူ့မျက်လုံးများက နီရဲလို့နေပြီး သူက အထိမ်းအမှတ် ကျောက်ပြားတိုင်များကို ခပ်မြန်မြန် ဖိချလိုက်ပြီး လျှို့ဝှက်ခန်းတစ်ခုကို ဖွင့်လှစ်လိုက်၏။ သူက ချက်ချင်းပင် သူ့လက်ချောင်းကို အနည်းငယ် ကိုက်၍ သွေးစက်များကို လျှို့ဝှက်ခန်းထဲရှိ သင်္ကေတ တစ်ခုပေါ်သို့ ချလိုက်သည်။
သည်သင်္ကေတက မျိုးဆက်တိုင်း၏ မိသားစု ခေါင်းဆောင်များက သူတို့စိတ်ထဲ၌ ထွင်းထုထားသည့် အရာတစ်ခု ဖြစ်သည်။
သည်အခိုက်မှာပင် ပေါက်ကွဲသံတစ်ခုနှင့် အတူ ဘိုးဘေးအိမ် တစ်ခုလုံးက ဖုန်မှုန့်အဖြစ်သို့ ပျက်စီးသွားပြီး သုန်မှုန်နေသည့် တစ်ယောက်က လှမ်းလျှောက်၍ လာနေ၏။
အမျိုးသမီးက သူ့ကလေးရှေ့တွင် သူ့ကိုယ်သူ ကာဆီးထားလိုက်သည်။ သူမ မျက်နှာပေါ်၌ မျှော်လင့်ချက် ပျက်သုဉ်းခြင်းများ ရှိလို့နေ၏။
သည်အခိုက်တွင် အမျိုးသား သွေးစက်ချလိုက်သည့် သင်္ကေတနေရာကနေ ထူးဆန်းသော အလင်းတန်း တစ်ခု ထုတ်လွှတ်လာ၏။ သည့်နောက် လျှို့ဝှက်ခန်းထဲက ကျောက်စိမ်းပြား တစ်ခုသည် မျောလွင့်လာသည်။
ထူးဆန်းသော အားတစ်ခုက သည်ဧရိယာတွင် လျင်မြန်စွာ ပျံ့နှံ့သွားသည်။
သုန်မှုန်နေသည့်လူ၏ အသွင်က ချက်ချင်း ပြောင်းလဲသွားသည်။ သူက မယုံကြည်နိုင်ဟန်ဖြင့် နောက်သို့ အမြန်ဆုတ်လိုက်၏။ လေထဲရှိ သူ့အပေါင်းအဖော် ကလည်း သည်ထူးဆန်းသော အားကို သတိပြုမိလိုက်ပြီး စူးစမ်းကြည့်ရန် လုပ်လိုက်၏။
သို့သော် သည်အခိုက်မှာပင် ကျောက်စိမ်းပြားက ဖျတ်ခနဲ တောက်ပသွား၏။
သုန်မှုန်နေသည့်လူက ထိတ်လန့်ဖွယ် အော်ဟစ်လိုက်ပြီး သူ့နဖူးပေါ်ရှိ သွေးကြောများက ဖောင်းကြွလာသည်။သူက နောက်သို့ အလျင်အမြန် ဆုတ်လိုက်၏။ သူ့မျက်လုံးထဲ၌ ကြောက်ရွံ့မှုတို့ ရှိနေ၏။ သူက သည်ကျောက်စိမ်းပြားကနေ ထွက်ပေါ်လာသည့် အဖျက်အဆီး အော်ရာကို ခံစားမိနေသည်။ သည်အော်ရာက သူတို့ကလန်၏ သစ်ရွက်လေးရွက် ရှိသည့် အဖွဲ့ဝင်တစ်ယောက်ပင် ခုခံနိုင်မည် မဟုတ်ချေ။
သူက နောက်ဆုတ် လိုက်သော်လည်း ကျောက်စိမ်းပြားက အသက်ဝင်သွားပြီ ဖြစ်သဖြင့် သူ့ကျင့်ကြံမှု အဆင့်နှင့် အသက်ရှင်နိုင်ရန် အခွင့်မရှိတော့ချေ။
သည်ကျောက်စိမ်းပြားက တစ်ကြိမ်ဖျတ်ခနဲ လင်းသွားပြီးနောက် သည်လူကလည်း သွေးအန်ထုတ် လိုက်ရပြီး ဘိုးဘေး အိမ်အပြင်ဘက်သို့ လွင့်ထွက်သွားပြီး မြေပေါ်သို့ ပြုတ်ကျကာ ချက်ချင်း သေဆုံးသွားခဲ့သည်။
စုံစမ်းကြည့်ရန် ရောက်လာသော သူ့အဖော်က ရုတ်တရက် ရပ်တန့်လိုက်၏။ သူကလည်း ချက်ချင်းပင် နောက်သို့ လှည့်၍ ထွက်ပြေးလေ၏။ သူက သည်အိမ်ထဲရှိ အော်ရာက သူခုခံနိုင်သည့်အရာ မဟုတ်မှန်း ခံစားမိလေသည်။
သို့ရာတွင် သူက ဝေးဝေးမရောက်မချင်း ကျောက်စိမ်းပြားက နောက်တစ်ကြိမ် လင်းလက်သွားပါဦး သူသည်လည်း လေပေါ်ကနေ ပြုတ်ကျပြီး သွေးအန်ကာ သေဆုံးသွားတော့၏။
သည်ထူးဆန်းသော မြင်ကွင်းက ဘိုးဘေးအိမ်ထဲရှိ သုံးယောက်ကို အလွန်ပင် တုန်လှုပ်သွားမိစေသည်။
အမျိုးသားက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ကောလာဟလက မှန်နေတာပဲ…”
ဝမ်လင်း ထားခဲ့သော ကျောက်စိမ်းပြားထဲ၌ သူ့ဂျိနယ်ပယ်၏ သေးငယ်သော အပိုင်းအစတစ်ခု ပါဝင်နေခဲ့သည်။ အတိတ်တုန်းက သူ့ကျင့်ကြံမှုအဆင့်ဖြင့် မည်သူ့စဦးစိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူမဆို သူ့ဂျိနယ်ကြောင့် ချက်ချင်း သေဆုံးသွားခဲ့ရသည် မဟုတ်လား။
ခုချိန်တွင် ထျန်တောက်ကလန် ဟုန်ယွီတောင်၏ အပြင်ဘက်တွင် ကျောက်နိုင်ငံ၏ ကျင့်ကြံသူအများစုက စုဝေးနေကြ၏။ သူတို့မျက်နှာများပေါ် ၌လည်း ဒေါသများနှင့် ပြည့်နေပြီး အကွာအဝေး တစ်ခုထံသို့ ကြည့်နေကြသည်။
သူတို့ကြည့်နေရင်းနှင့် လေထဲတွင် ခန္ဓာကိုယ်၌ တက်တူးများဖြင့် ဖုံးအုပ်ထားသည့် လူတစ်ယောက် ပေါ်လာခဲ့၏။ ထိုသူထံကနေ အားကောင်းသော အော်ရာတစ်ခုကို ထုတ်လွှတ်နေသည်။
ခြောက်ကပ်ကပ် အသံတစ်ခုက ထိုလူထံကနေ ထွက်ပေါ်လာ၏။ “ဒီကျင့်ကြံခြင်း နိုင်ငံက တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ။ မင်းတို့တွေက ဒီနေရာမှာ ရတနာအချို့ ရှိနေတာနဲ့ အခြေအနေကို ပြောင်းပြန် ဖြစ်သွားနိုင်မယ်လို့ ထင်နေကြတာလား…”
အနက်ရောင်ဝတ်စုံ၊ အဖြူရောင်ဆံပင်များနှင့် အဘိုးအိုက ထျန်တောက်ကလန် ကနေ လှမ်းလျှောက်၍ ထွက်လာ၏။ သူက စွန့်ပစ်ခံမသေမျိုး ကလန်၏အဖွဲ့ဝင်ကို မုန်းတီးစွာ ကြည့်၍ ပြောလိုက်သည်။ “မင်း ကြိုးစား ကြည့်နိုင်တယ်…”
သည်လူက ရယ်မောကာ သူ့အောက်ရာကနေ ခွန်အားကို ထုတ်လွှတ်ပြသ၏။ သူ့တက်တူးများက သူ့ခန္ဓာကိုယ်ကနေ တဖြည်းဖြည်း ဖယ်ခွာလာသည့်အထိ လှုပ်ရှားပြီးနောက် သူ့ပတ်လည်တွင် ယင်းတက်တူများက နဂါးများအသွင်သို့ ဖြစ်ပေါ်သွားသည်။
“စိတ်ဝင်စားစရာပဲ… ငါက မင်းတို့လို့ အဆင့်နိမ့်ကျင့်ကြံခြင်း နိုင်ငံအတွက် စေလွှတ်ခံရတာ မဟုတ်ဘူး။ ငါက လမ်းကြုံလို့ ဖြတ်သွားရုံပဲ။ ဒါပေမဲ့ အခုတော့ မင်းတို့ပြောတဲ့အတိုင်း ဘယ်လိုရတနာမျိုး ရှိနေလို့ မင်းတို့တွေက ခုလောက် ယုံကြည်ချက်ရှိနေလဲ ငါ သိချင်သွားပြီ…” သူ့မျက်လုံးထဲ၌ အထင်သေးသည့်ဟန်များ ဖြစ်ပေါ်နေသည်။ သစ်ရွက်ခြောက်ရွက် လူရိုင်းတစ်ယောက် အနေဖြင့် သူက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့်တစ်ယောက်ကိုသာ မတွေ့လျှင် သူ့ကို မည်သူကမျှ ကြောက်ရွံ့စေနိုင်မည် မဟုတ်ချေ။
သူက သည်လို အဆင့်သုံး နိုင်ငံလေးတွင် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူ တစ်ယောက် ရှိနေလိမ့်မည်ကို လုံးဝမယုံကြည်ချေ။
ခြေတစ်လှမ်းတိုး၍ သူက ထျန်တောက်ကလန်ကို အနီးကပ်ကြည့်သည်။ သူ့ပတ်လည်ရှိ နဂါးများက ဟိန်းဟောက်လိုက်ကြပြီး ကလန်ရှိရာသို့ တိုးဝင်သွားကြ၏။
သည်တက်တူးနဂါးများက အလင်းတန်းအလာ လှုပ်ရှားလာကြသည်။ တောင်ခြေရှိ ကျောက်နိုင်ငံ၏ ကျင့်ကြံသူများ အားလုံးက အသက်ထိန်းရှူနေကြပြီး သူတို့မျက်လုံးထဲ၌လည်း ထူးဆန်းသော အလင်းတစ်ခု ရှိလို့နေ၏။
ပြောကြသည်က ကျောက်နိုင်ငံသား ကျင့်ကြံသူ တစ်ယောက်က လွန်ခဲ့သော နှစ်နှစ်ရာက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့်သို့ ရောက်ခဲ့သည် ဟူ၍ပင်။ သည်ကျင့်ကြံသူက သစ်သားပန်းပုရုပ် တစ်ခုကို ထားခဲ့ပြီး ၎င်းကို ရသည့် မည်သည့်လူမဆို သူ့တိုက်ရိုက်တပည့် ဖြစ်လာသည်ဟုလည်း ကောလာဟလ ရှိလို့နေ၏။
သည်နေရာရှိ ထိုကျင့်ကြံသူ ထားခဲ့သော သစ်သားပန်းပုရုပ်က သူ့နတ်ဘုရား အာရုံဖြင့် ဝန်းရံလို့ထားသည်။ သည်နေရာတွင် ကံစပ်သူတစ်ယောက်မှ မရှိသည့်အတွက် မည်သူကမျှ ၎င်းပန်းပုရုပ်ကို ရရှိနိုင်ခဲ့ခြင်း မရှိသေးချေ။
သို့သော် ကျောက်နိုင်ငံက ကြီးမားသည့် ကပ်ဘေးတစ်ခု ကြုံရလျှင် သည်ပန်းပုရုပ်က ပြင်းထန်သည့် စွမ်းအားတစ်ခုကို ထုတ်လွှတ်ပေးလာလိမ့်မည် ဖြစ်သည်။
နဂါးများက နီးကပ်လာသည်နှင့် ဟုန်ယွီတောင်တစ်ခုလုံးက တုန်ခါသွားပြီးနောက် သစ်သားပန်းပုရုပ် တစ်ခုက ကောင်းကင်ထက်သို့ ပျံတက်လာခဲ့၏။
သည်သစ်သား ပန်းပုရုပ် ထွက်ပေါ်လာသည့် အခါတွင် တိုးဝင်လာသော နဂါးများက တုန်ခါသွားကြ၏။ စွန့်ပစ်ခံမသေမျိုး ကလန်အဖွဲ့ဝင်၏ မျက်လုံးထဲ၌လည်း ထူးဆန်းသော အလင်းတစ်ခု ဖြတ်ပြေးသွား၏။
“ဒီတော့ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း ထားခဲ့တဲ့ နယ်ပယ် အငွေ့အသက်ပါတဲ့ ရတနာပေါ့လေ။ ဒါပေမဲ့ ဒီစိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကျင့်ကြံသူရဲ့ ကျင့်ကြံမှုအဆင့်က နိမ့်လွန်း နေသေးတယ်။ သူက အစောပိုင်း အဆင့်လောက်ပဲ ရှိလိမ့်မယ်။ သူက လူကိုယ်တိုင် လာမယ်ဆိုရင်တောင် ငါက သူ့ကို ဒီနေရာမှာပဲ သတ်ပစ်နိုင်တယ်။ ဒီတော့ ဒီလိုရတနာတစ်ခုက ငါ့ကို ဘယ်လိုလုပ် တားနိုင်ပါ့မလဲ…”
စွန့်ပစ်ခံ မသေမျိုးကလန်က အဘိုးအိုက ထိုသို့ပြောဆိုပြီးနောက် သူ့မျက်လုံးထဲရှိ ထူးဆန်းသော အလင်းကလည်း ပျောက်ကွယ်သွားပြီး အထင်သေးသည့်ဟန်များ အစားဝင်လာခဲ့၏။
***