Switch Mode

အပိုင်း(၄၅၆)

စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း (၁)

ကျိုးယု၏ သူ့ဦးလေးကို ရှာနေသည့် ခရီးစဉ်က ဆက်လက် ရှိနေတုန်းပင်။ သူမက ဦးလေးထွက်သွားရသည့် အကြောင်းနှင့် ပတ်သက်၍ မည်သို့မျှ မတွေးတက်ချေ။ ထို့အတွက်ကြောင့် သူက ဝမ်လင်းကို ရှာတွေ့လိုနေပြီး သည်အကြောင်းကို မေးလိုနေခဲ့၏။

သည်အချိန်တွင် ဝမ်လင်းက သူ့ပတ်လည်၌ ကောင်းကင်ဘုံ ကျောက်စိမ်းပြားများကို ဝန်းရံထားပြီး မြေပေါ်၌ ထိုင်လျက်ရှိနေ၏။

သူက သည်လို ကောင်းကင်ဘုံ ကျောက်စိမ်းပြား အဝန်းအဝိုင်းထဲ၌ ထိုင်နေရင်း သူ့စိတ်ထဲရှိ အခြား အတွေးများ အားလုံးကို ဖယ်ရှားပစ်ထားကာ ကျင့်ကြံခြင်း၌သာ အာရုံစိုက်ထား၏။

ခုလက်ရှိ ဝမ်လင်း၏ ကျင့်ကြံမှုက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်နေခဲ့ပြီ ဖြစ်သည့်အပြင် သူ့နယ်ပယ်ကလည်း ပြီးပြည့်စုံမှုတစ်ခု ရှိနေခဲ့လေပြီ။ သည့်အတွက်ကြောင့် သူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ ချိုးဖျက်ရန်သာ လိုတော့၏။

စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်က ကျင့်ကြံသူများ ရှာဖွေနေသည့် ပန်းတိုင်တစ်ခုပင် မဟုတ်လား။

သူတို့က စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ ရောက်သည်နှင့် သူတို့နယ်ပယ်များကလည်း အထည်ဒြပ်ဖြစ်လာသည်။ သည်အရာက ၎င်းတို့၏ စွမ်းအားကို မခန့်မှန်းနိုင်သည့် အဆင့်သို့ တိုးမြှင့် ရောက်ရှိစေခြင်းလည်း မည်ပေ၏။ သည့်အပြင် သူတို့က ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များကိုလည်း စုပ်ယူနိုင်မည် ဖြစ်သည်။ ဆိုလိုသည်က သူတို့၏ နည်းစနစ်များ၊ မန္တန်များတွင် သည်ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်ကို ထည့်သွင်း အသုံးပြုလာနိုင်ပြီး လုံးဝ စွမ်းအား ကောင်းမွန်လာမည် ဖြစ်လေ၏။

ရှေးဟောင်းအချိန်များ၌ ကောင်းကင်ဘုံ နယ်မြေမပြိုကျ မပျက်စီးခင်တုန်းက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်က ရှားပါးခြင်း မရှိခဲ့ချေ။ သို့ရာတွင် ခုကောင်းကင်ဘုံ နယ်မြေက ပြိုကျသွားခဲ့ပြီ ဖြစ်သည့်အတွက် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က စွမ်းအား၏ မဏ္ဍိုင်တစ်ခု ဖြစ်လာခဲ့ပေသည်။

စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကနေ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်သို့ ချိုးဖျက်ခြင်းအတွက် သော့ချက်က ကောင်းကင်ဘုံ စိတ်ဝိညာဉ် ကျောက်စိမ်းပြားများ၏ ပမာဏပင် ဖြစ်လေ၏။ ကောင်းကင်ဘုံ ကျောက်စိမ်းပြားများ ပိုရှိလေလေ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်က ပိုမိုသိပ်သည်းလေး ဖြစ်ပေလိမ့်မည်။ သည့်အတွက်ကြောင့် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ ချိုးဖျက်နိုင်သည့် အခွင့်အရေးကလည်း မြင့်မားလာပေလိမ့်မည်။

တကယ်တော့ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ ရောက်ရှိရန်က လူတစ်ယောက်၏ နယ်ပယ်သည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေ၏။ လူတစ်ယောက်၏ နယ်ပယ်က ပြီးပြည့်စုံခြင်း အဆင့်သို့ မရောက်သေးလျှင် သည်လူ့အတွက် စိတ်တိဉာဉ် အသွင်းပြောင်းခြင်း အဆင့်သို့ ရောက်ရှိရန် မျှော်လင့်ချက်မရှိချေ။

ကောင်းကင်နှင့်မြေကြီး၏ ဥပဒေသများကို နားလည်ခြင်းက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်အတွက် အလွန်တရာ အရေးကြီးလေ၏။

ဝမ်လင်း၏ ကောင်းကင်ဘုံ ဥပဒေသများကို နားလည်ခြင်းက အခြားလူများနှင့် အလွန်ခြားနား၏။ သူက ကောင်းကင်ဘုံ တမန်တော်သည် ရှေးဟောင်း နတ်ဘုရားတစ်ပါး ဖြစ်သည်ကို တွေ့မြင်ပြီးနောက် သူက သံသယတစ်ခု ရှိလာခဲ့၏။

“ကောင်းကင်ဘုံ ဥပဒေသက ဘာလဲ…”

ဝမ်လင်းအစောပိုင်းက နားလည်ခဲ့သည် ကောင်းကင်ဘုံ ဥပဒေသသည် အမြဲတမ်း တည်ရှိနေသည့် သဘာဝနိယာမဟု သိခဲ့ခြင်းဖြစ်သည်။

မည်သူကမှ ကောင်းကင်ဘုံ ဥပဒေသကို အစားထိုးဖယ်၍ မရချေ။ ကျင့်ကြံသူများက ကောင်းကင်ဘုံ ဥပဒေသကို ဆန့်ကျင်သည့် သူများသာ ဖြစ်ပြီး ၎င်းဥပဒေသကနေ လွတ်ကင်းရန် ချိုးဖျက်နေကြ သူများသာ ဖြစ်၏။ မည်သည့် ကျင့်ကြံသူမဆို သူတို့သည် ကောင်းကင်ဘုံ ဥပဒေသကို ဖယ်ရှားပစ်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်း လိမ့်မည်လို့ လုံးဝ မထင်ထားကြချေ။

သို့ရာတွင် ဝမ်လင်းက ရှေးဟောင်း နတ်ဘုရားကို တွေ့မြင်ပြီးနောက် ကောင်းကင်ဘုံ ဥပဒေသနှင့် ပတ်သက်၍ သူ့နားလည်မှုသည် သိမ့်မွေ့စွာ ပြောင်းလဲသွား၏။

ကောင်းကင်ဘုံ ဥပဒေသ နောက်တွင် ထူးဆန်းမှုတစ်ခု ရှိလို့နေ၏။ သို့သော် ခုလက်ရှိ သူ့နားလည်မှုဖြင့် သည်အရာများအားလုံးကို သဘောပေါက် နားလည်နိုင်ခြင်း မရှိသေးချေ။

“ကောင်းကင်ဘုံ ဥပဒေသ… စိတ်ဝင်စားစရာပဲ…” ဝမ်လင်းမျက်လုံးများက တလက်လက် ဖြစ်လို့နေ၏။

သူက အသက်ဝဝ ရှူသွင်းလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ရှိ ဒွာရပေါက်များ အားလုံးကို ဖွင့်ကာ သူ့ပတ်လည်ရှိ ကောင်းကင်ဘုံ ကျောက်စိမ်းပြားများထံ ကနေ ကောင်းကင်ဘုံ စိတ်တိဉာဉ် စွမ်းအင်များကို စုပ်ယူလိုက်သည်။

ဝမ်လင်းက ကောင်းကင်ဘုံ နယ်မြေသို့ သွားရောက်သည့် အချိန်တုန်းက သူက ကောင်းကင်ဘုံ ကျောက်စိမ်းပြား အတော်အသင့် ရခဲ့ပေသည်။ သည်ကောင်းကင်ဘုံ ကျောက်စိမ်းပြားများက သူစိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ ရောက်ရှိရန်အတွက် တွန်းအားပေးသည့် အရာတစ်ခု ဖြစ်လာခဲ့သည်။ သည်အခိုက်တွင် ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များက ဝမ်လင်း ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာ၏။

အရင်တုန်းက သူ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်ကို စုပ်ယူသည့်အချိန်နှင့် နှိုင်းယှဉ်လျှင် သည်တစ်ကြိမ်က များစွာနာကျင်မှု မရှိတော့ချေ။ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များက သူ့ထံသို့ တိုးဝင်လာနေပြီး သူ့ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များကို ဖိနှိပ်လာ၏။

သည်မတူညီသော အားနှစ်ခုက မီးနှင့်ရေကဲ့သို့ ရှိနေသည်။ သူတို့က ဝမ်လင်းခန္ဓာကိုယ်ထဲ၌ တိုက်ပွဲတစ်ခု ဆင်နွှဲနေကြသည်။

ဝမ်လင်း ခန္ဓာကိုယ်ထဲမှာက စိတ်ဝိညာဉ်စွမ်းအင် မြောက်မြားစွာ ရှိနှင့်နေခဲ့ပြီး ဖြစ်သည်။ သည့်အတွက်ကြောင့် ပထမ၌ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင် အနည်းငယ်က သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့် အခါတွင် ချက်ချင်းနောက်သို့ ပြန်တွန်းထုတ်ခြင်း ခံရ၏။ သို့ရာတွင် အချိန်ကြာလာသည်နှင့် အမျှ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။ ထိုအခါ စိတ်ဝိညာဉ် စွမ်းအင်များက ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များကို ပြန်တွန်းထုတ်နိုင်ခြင်း မရှိတော့ချေ။

စိတ်ဝိညာဉ် စွမ်းအင်များက ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များထက် များပြား နေသေးသော်လည်း အရည်အသွေးကျတော့ အလွန်ခြားနားသည် မဟုတ်လား။ ကောင်းကင်ဘုံ စိတ်ဝိညာဉ် အမျှင်တန်းတစ်ခုက အမြုတေဖွဲ့တည်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်၏ စိတ်ဝိညာဉ်များ အားလုံးပေါင်းနှင့် ညီမျှပေသည်။

သည့်အတွက်ကြောင့် စိတ်ဝိညာဉ်စွမ်းအင်များက တဖြည်းဖြည်း နောက်ဆုတ် ပေးလာရသည်။

စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်က စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်တစ်ယောက် ဖြစ်လာချိန်၌ သူတို့၏ စိတ်ဝိညာဉ် စွမ်းအင်များသည် ပြောင်းလဲမှုနှစ်ခုထဲက တစ်ခုကို ဖြတ်ကျော်ရသည်။ ပထမတစ်ခုက စိတ်ဝိညာဉ် စွမ်းအင်များသည် သူတို့ခန္ဓာကိုယ်ထဲကနေ တွန်းထုတ်ခြင်းခံရပြီး ခန္ဓာကိုယ်ထဲ၌ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များသာ ကျန်ရှိတော့ခြင်း ဖြစ်သည်။ သည့်နောက် ခန္ဓာကိုယ်ပြောင်းလဲမှု တစ်ခု ဖြစ်ပေါ်ပြီး စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ ဖြတ်ကျော် ရောက်ရှိသွားခြင်း ဖြစ်၏။

သည်ပထမနည်းလမ်းက လွယ်ကူပြီး ကျင့်ကြံသူအများစု ရွေးချယ်သော နည်းလမ်းလည်း ဖြစ်သည်။ သို့ရာတွင် စိတ်ဝိညာဉ်စွမ်းအင်များ အားလုံးတော့ ဆုံးရှုံးသွားမည် ဖြစ်ပြီး ပြန်ရရှိရန် ထပ်မံ ကျင့်ကြံရတော့မည် ဖြစ်သည်။ သည့်အပြင် သူတို့က စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အစောပိုင်း အဆင့်၌သာ အဆုံးသပ်ပြီး မတည်မငြိမ် ဖြစ်တက်၏။

သည်နည်းလမ်း အသုံးပြုလျှင် ကျင့်ကြံသူ တစ်ယောက်က သူ့ခန္ဓာကိုယ်ကို ချိန်ညှိရန် နှစ်တစ်ရာကြာ တံခါးပိတ်ကျင့်ကြံရန် လိုအပ်လေ၏။

ဒုတိယ နည်းလမ်းကတော့ လူတစ်ယောက် ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များကို ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်နှင့် အရည်အသွေးချင်း တူသည့်အထိ သန့်စင်ခြင်း ဖြစ်သည်။ သည်နည်းလမ်းက စိတ်ဝိညာဉ် စွမ်းအင်များကို အဆက်မပြတ် သန့်စင်ပစ်ရန် လိုအပ်သည့်အတွက် အလွန်ပင် ခက်ခဲလှသည်။

သို့သော် ၎င်းနည်းလမ်းကို အောင်မြင်လျှင် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အစောပိုင်း အဆင့်အတွင်း ကြီးများစွာ အကျိုးကျေးဇူး ရပေမည်။ သည်လူက နှစ်တစ်ရာကြာသည့် အထိ တံခါးပိတ် ကျင့်ကြံရန်လည်း မလိုတော့ချေ။

ဒုတိယနည်းလမ်း၏ အကျိုးကျေးဇူးက နှစ်တစ်ရာကြာ ကျင့်ကြံမှုအချိန်ကို သက်သာစေခြင်း ဖြစ်သည်။

ဝမ်လင်းက ဒုတိယနည်းလမ်းကို ရွေးချယ်ခဲ့သည်။ တကယ်တော့ သူ့တွင် နှစ်တစ်ရာကြာ တံခါးပိတ် ကျင့်ကြံရန် အချိန်မရှိချေ။

သူ့ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ၏ ဖိနှိပ်ခြင်းကို ခံနေရသည်။ သည်ဖိသိပ်ထား ခံရသော စိတ်ဝိညာဉ် စွမ်းအင်များက သူ့ဒန်တျန်ထဲ၌ တဖြည်းဖြည်း စုဝေးလာသည်။ သည်ဖြစ်စဉ်က အသွင်ပြောင်းလဲခြင်း ဖြစ်၏။ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များက ဝမ်လင်းခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များနှင့် ပေါင်းစပ်နိုင်အောင် သန့်စင်ပစ်နေသည်။

သည်ဖြစ်စဉ်က အလွန်နှေးလွန်း၏။ မျက်စိတစ်မှိတ် အတွင်း သုံးလကုန်လွန်သွားခဲ့၏။

ဝမ်လင်းက လှုပ်ပင်မလှုပ်ချေ။ သူ့ပတ်လည်ရှိ ကောင်းကင်ဘုံ ကျောက်စိမ်းပြားများ၏ သုံးပုံနှစ်ပုံကလည်း မီးခိုးရောင်အဖြစ်သို့ ပြောင်းသွားခဲ့သည်။ သူတို့ထဲက အချို့ဆိုလျှင် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

“မလုံလောက်သေးဘူး…” ဝမ်လင်းမျက်လုံးများက ဖွင့်လျက်ရှိနေ၏။ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များက သူ့မျက်လုံးထဲ၌ လှုပ်ရှားနေသည့်အလား ထင်မှတ်ရသည်။

ဝမ်လင်းတွင် ရှိနေသော ကောင်းကင်ဘုံ ကျောက်စိမ်းပြားများက ကလန်ကြီးများနှင့် နှိုင်းယှဉ်၍ မရသော်လည်း အတော်လေး များပြားပေသည်။ သို့သော် ခုချိန်၌ သူ့အတွက် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ ရောက်ရန် လိုအပ်သည့် ကျောက်စိမ်းပြားက အလှမ်းကွာဟ နေသေးသည်။

သူက အသွင်ပြောင်းလဲခြင်း၏ တစ်ရာခိုင်နှုန်းသာ ပြီးဆုံးခဲ့၏။ သူ့ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များက ဖိနှိပ်ထားခံရရုံသာ ရှိသေးပြီး မပေါင်းစပ်နိုင်သေးချေ။

ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်တွေ နည်းပါးစွာ ရှိနေတာက အံ့ဩစရာတော့ မရှိတော့ဘူးပဲ။ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ရောက်ဖို့ လိုအပ်တဲ့ ကောင်းကင်ဘုံ ကျောက်စိမ်းပြားတွေက ကလန်ကြီးတွေတောင် ကိုင်တွယ်နိုင်တဲ့အရာ မဟုတ်ဘူး။ အံ့ဩစရာ မရှိတော့ဘူး…”

ဘီလူးနတ်ဆိုးကလန် ဘိုးဘေးက ကလန်တစ်ခုလုံး၏ အရင်းအမြစ်တွေနှင့် ချီဟူကောင်းကင်ဘုံ နယ်မြေက ယူဆောင်လာခဲ့သည့် ကျောက်စိမ်းပြားများကို အသုံးပြု၍ နောက်ဆုံးတွင် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ သည်အရာက ဘီလူးနတ်ဆိုးကလန်က သူတို့ ဟင်္သာပြဒါးဂြိုဟ်သို့ ပြောင်းရွှေ့ လာကတည်းက ကောင်းကင်ဘုံ ကျောက်စိမ်းပြားများစွာ ကိုပါ တစ်ပါးတည်း ယူဆောင် လာသောကြောင့်သာ အောင်မြင်ခဲ့ခြင်း ဖြစ်ပေသည်။

အမှန်တော့ ဘီလူးနတ်ဆိုးကလန် ဘိုးဘေးက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို လွန်ခဲ့သော အချိန်များစွာကတည်းက ရောက်ရှိနေခဲ့သူ ဖြစ်သည်။ သို့သော် သူတို့ကလန်မှာ ကောင်းကင်ဘုံ ကျောက်စိမ်းပြား လုံလောက်အောင် မရှိသေးသည့် အတွက်ကြောင့်သာ အချိန်တစ်ခုကြာသည့် အထိ နှောင်နှေးနေခဲ့ခြင်း ဖြစ်ပေသည်။

ကောင်းကင်ဘုံ ကျောက်စိမ်းပြားက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း ကနေ အသွင်ပြောင်းခြင်း အဆင့်ကို ချိုးဖျက်ရန် တစ်ခုတည်းအတွက်ပင် လိုအပ်ခြင်း မဟုတ်ချေ။ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် အထက်ရှိ ကျင့်ကြံသူ တစ်ယောက်ပင် ကောင်းကင်ဘုံ ကျောက်စိမ်းပြားများကို ရရှိရန်အတွက် တိုက်ခိုက်ခြင်း၊ ခိုးယူခြင်းနှင့် ရတနာများကို သန့်စင်ခြင်း တို့ကိုပင် ပြုလုပ်ရပေသည်။

ကောလာဟလ ပြောကြတာကတော့ အာဏာတက်ခြင်း အဆင့်ကို ရောက်ရှိရန် ကောင်းကင်ဘုံ ကျောက်စိမ်းပြား လိုအပ်မှုက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ထက် အဆတစ်ထောင်ခန့် ပိုလိုသည် ဟူ၍ပင်။ သည့်ထက်မြင့်သော အဆင့်များဆိုလျှင်တော့ ကျောက်စိမ်းပြား လိုအပ်ချက်က မှန်းဆ၍ပင် ရနိုင်တော့မည် မဟုတ်ချေ။

ကောင်းကင်ဘုံ ကျောက်စိမ်းပြားကို ရနိုင်သည့် တစ်ခုတည်းသော နေရာက ကောင်းကင်ဘုံ နယ်မြေသာ ဖြစ်လေ၏။

ကောင်းကင်ဘုံနယ်မြေ ပြိုကျသွားပြီးနောက် ကောင်းကင်ဘုံ သွေးကြောများပါ ပျောက်ကွယ်သွားခဲ့သည်။ သည့်အတွက်ကြောင့် ကောင်းကင်ဘုံ ကျောက်စိမ်းပြားက အလွန် အကန့်အသတ်ဖြင့် ရှိလို့နေခြင်းဖြစ်၏။ ထို့ကြောင့် လူတစ်ယောက်က ကောင်းကင်ဘုံ ကျောက်စိမ်းပြား တစ်ခု၏ တန်ဖိုးကို အလွယ်တကူ စိတ်ကူးကြည့်ရုံဖြင့် သိနိုင်ပေသည်။

လက်ရှိ ကျင့်ကြံခြင်းလောက၌ အချိန်ကြာလာသည်နှင့် အမျှ အဆင့်မြင့် ကျင့်ကြံသူများ တဖြည်းဖြည်း နည်းလာရခြင်းမှာ ကျင့်ကြံရန်အတွက် အရင်းအမြစ်များ ရှာတွေ့ဖို့က ခက်ခဲသည်ထက် ခက်ခဲလာခြင်းကြောင့် ဖြစ်ပေသည်။

တစ်လကြာပြီးနောက် ဝမ်လင်းတွင်ရှိသော ကောင်းကင်ဘုံ ကျောက်စိမ်းပြား အားလုံးက ပျက်စီးသွားခဲ့သည်။ သည်နေရာတွင် မည်သည့်ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်မှ မကျန်ရစ်ခဲ့တော့ချေ။ သူက စုပ်ယူခြင်းကို ရပ်တန့်လိုက်၏။

“စေတီထဲမှာက ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်တွေ အများကြီးရှိနေတယ်…။ ဒါပေမဲ့ ငါက စီနီယာကျောက်ရီကို ဒီအထဲမှာရှိတဲ့ အမျိုးသမီးအလောင်းကို ကာကွယ်ပေးမယ်လို့ ကတိပေးလိုက် ကတည်းက ဒီစေတီကို ထိဖို့ တွေးနေလို့ မရတော့ဘူး…”

ဝမ်လင်းက မတ်တတ်ထရပ်၍ အကွာအဝေး တစ်ခုထံသို့ ငေးကြည့်နေသည်။

သူ့နတ်ဘုရားအာရုံကို ဖြန့်ကြက်၍ သည်ဂြိုဟ်သေး တစ်ခုလုံးကို ဖုံးလွှမ်း ထားလိုက်တော့သည်။ အသွင်ပြောင်းလဲခြင်း တစ်ရာခိုင်နှုန်း ပြီးစီးသွားပြီးနောက် သူ့နတ်ဘုရားအာရုံ ကလည်း ပို၍ အားကောင်းလာခဲ့သည်။

“စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်က ကောင်းကင်ဘုံ ကျောက်စိမ်းပြား အများကြီး စုဆောင်းထားမှာပဲ…။ အခြားကလန်တွေကလည်း ဒီလိုပဲ ရှိနေလိမ့်မယ်…။ ငါက ဒါတွေကို တောင်းလို့မရဘူး။ ဒီတော့ ဒီကျောက်စိမ်းပြားတွေကို ခိုးမှပဲ ရတော့မယ်။ ဒါမှသာ ငါက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ရောက်မှာ…” ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူ့ခန္ဓာကိုယ်ကလည်း ပျောက်ကွယ်လို့ သွားတော့၏။

ကျိုးယုက စိတ်အားငယ်လျက် ရှိနေ၏။ သူမက အဖြူရောင်ကျားကို စီးနေရင်း သူမရှေ့ရှိ ကြီးမားကျယ်ပြန့်သည် ကွင်းပြင်ကြီးကို ကြည့်လို့နေသည်။

“ဦးလေးက ငါ့ကို ဒီနေရာမှာ တစ်ယောက်တည်း ဘာလို့ထားခဲ့လဲ ဘုရားပဲ သိတော့မယ်…။ ဒါက တကယ့်ကို စိတ်တိုစရာ ကောင်းတယ်…” ထိုသို့ ပြောပြောဆိုဆိုဖြင့် ကျိုးယုက လက်ထဲရှိ သစ်သီးကို တစ်ကိုက်ကိုက်စား ပစ်လိုက်သည်။

“ယုအာလေး…”

ကျိုးယုနားထဲ၌ ရင်းနှီးသောအသံ ကြားလိုက်ရသည်။ သူမက မှင်တက်သွားမိပြီး ချက်ချင်းနောက်သို့ လှည့်ကြည့်လိုက်သည်။ သူမနောက်၌ ဝမ်လင်း၏ပုံရိပ်က တဖြည်းဖြည်း ပေါ်လာခဲ့တော့သည်။

ဦးလေး… ကျိုးယုမျက်နှာက ပျော်ရွှင်မှုများနှင့် ပြည့်လို့နေ၏။ သူမက အဖြူကောင်လေးပေါ် ကနေ ချက်ချင်း ခုန်ဆင်းလိုက်သည်။ သည့်နောက် ဝမ်လင်းရှေ့သို့ ရောက်သွားပြီး သူ့လက်မောင်းပေါ်သို့ တွဲခိုလိုက်သည်။

ကျိုးယုက ကလေး သေးသေးလေး မဟုတ်တော့ချေ။ ခုလက်ရှိတွင် သူမက အသက်နှစ်ဆယ် ပြည့်သွားခဲ့ပြီ မဟုတ်လား။

“ဦးလေး… ဘယ်သွားနေတာလဲ… ဦးလေးက ငါ့ကို တစ်ယောက်တည်း ထားခဲ့တယ်…” ကျိုးယုမျက်လုံးများက နီရဲလာ၏။

ဝမ်လင်း မျက်လုံးထဲ၌ သူမက ခုထိ ကလေးတစ်ယောက်သာ ရှိနေသေးသည်။ သူက သူမခေါင်းကို ညင်သာစွာ ပုတ်လိုက်သည်။ သူ့မျက်လုံးထဲတွင်တော့ ရှုပ်ထွေးမှုများ ရှိလို့နေ၏။ သူက ပြုံး၍ ပြောလိုက်၏။ “ ဦးလေးက ကိစ္စတစ်ခု ရှိနေလို့ပါ။ ခုတော့ ပြီးသွားပါပြီ။ ယုအာလေး… နင် … နင့်မိဘတွေကို မလွမ်းဘူးလား…။ ငါကျိုးယုကို အိမ်ပြန်ပို့မယ်လေ…”

ကျိုးယုက မျက်ရည်စများကို သုတ်ကာ ပျော်ရွှင်စွာ ပြောလိုက်၏။ “ငါတို့ ထွက်သွား ကြတော့မှာလား…ကောင်းတယ်…ကောင်းတယ်…”

ဝမ်လင်းက ကျိုးယုလေးကို ကြည့်နေသည်။ သူက သူကိုယ်တိုင် တနူးကဲ့သို့ သည်ကလေးလေး အရွယ်ရောက်လာသည်ကို တွေ့မြင်နေခဲ့ရသည်။

သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ စေတီက မြေပေါ်သို့ ကျရောက်လာ၏။ ကျိုးယုက သည်စေတီကို မြင်လိုက်သည့်အခါ နှုတ်ခမ်းစူကာ ပြောလိုက်သည်။ “ဦးလေး…ငါမှတ်မိပြီ…ငါငယ်ငယ်လေးတုန်းက ဒီစေတီထဲမှာ အစာငတ်မလို ဖြစ်ခဲ့ရတာ…”

ဝမ်လင်းက သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ရာ သည်ဂြိုဟ်ပေါ်ရှိ သစ်သီးများက စေတီထဲ၌ ပြည့်လို့သွားသည်။

ကျိုးယုနှင့် အဖြူကောင်လေးတို့ စေတီထဲကို ဝင်ရောက် သွားပြီးနောက် ဝမ်လင်းက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ သည့်နောက် အနက်ရောင် အစက်တစ်ခုက သူ့မြင်ကွင်းထဲ၌ တဖြည်းဖြည်း ကြီးလာခဲ့ပြီး ခြင်သားရဲက ရောက်လာခဲ့တော့၏။

၎င်းက ဝမ်လင်းရှေ့သို့ ရောက်လာပြီး သူ့မျက်လုံးထဲ၌လည်း ပျော်ရွှင်နေဟန် ရသည်။ ၎င်းက သူ့ပါးစပ်ကြီးဖြင့် ဝမ်လင်းကိုယ်သပ်လို့ နေသည်။ သူက ဝမ်လင်းကို သတိရနေသည်မှာ ရှင်းလင်းပေ၏။

“သွားကြစို့… ငါတို့ အိမ်ပြန်ကြမယ်…” ဝမ်လင်းက ခြင်သားရဲကို ပုတ်၍ ၎င်းကျောပေါ်သို့ ခုတ်တက်လိုက်သည်။

ခြင်သားရဲက ဟိန်းသံပြု၍ ကောင်းကင်ထက်သို့ တစ်ဟုန်ထိုး ပျံသန်း တက်သွားတော့သည်။

လေဟာနယ်သို့ ရောက်လာသည့်အခါ ခြင်သားရဲကို ပြန်သိမ်း၍ ကြယ်သံလိုက် အိမ်မြှောင်ကို ထုတ်လိုက်သည်။ သည့်နောက် သူတို့က ဟင်္သာပြဒါး ဂြိုဟ်ရှိရာသို့ ပျံသန်း လာခဲ့တော့သည်။

“ကောင်းကင်ဘုံ ကျောက်စိမ်းပြား … ငါကောင်းကင်ဘုံ ကျောက်စိမ်းပြား လိုတယ်…” ကြယ်သံလိုက် အိမ်မြှောင်က အလင်းတန်း တစ်ခုအလား ဟင်္သာပြဒါးဂြိုဟ်သို့ ပျံသန်းနေရင်း ဝမ်လင်းမျက်လုံးများက တလက်လက် တောက်ပလို့ နေတော့သည်။

ဟင်္သာပြဒါးဂြိုဟ်က သည်ဂြိုဟ်နှင့် သိပ်မဝေးလှချေ။ သူတို့က လဝက်ခန့် သွားပြီးနောက် ဝမ်လင်းရှေ့၌ ဟင်္သာပြဒါးဂြိုဟ်၏ မြင်ကွင်း ပေါ်လာခဲ့တော့သည်။

“ဒါက ဘာလဲ…” ဝမ်လင်းက ဟင်္သာပြဒါးဂြိုဟ်ကို နတ်ဘုရားအာရုံဖြင့် ဆန်းစစ် ကြည့်ပြီးနောက် မျက်မှောင်ကြုတ်သွား၏။

သူက သည်ဂြိုဟ်ထံကနေ အားကောင်းသော အော်ရာကို ခံစားနေရသည်။ သည်အော်ရာက အမည်းရောင် မြူခိုးများဖြင့် ပြုလုပ်ထားသည့် ဧရာမသစ်ပင်ကြီး ဖြစ်၏။

“ဒါက… စွန့်ပစ်ခံ မသေမျိုးကလန်…” ဝမ်လင်းမျက်လုံးများက အေးစက်နေပြီး သူက ဟင်္သာပြဒါးဂြိုဟ် ရှိရာသို့ တစ်ဟုန်ထိုး ပျံသန်းလာလေ၏။

ဂြိုဟ်၏ လေထုကို ဖြတ်သန်းပြီးနောက် ကြယ်သံလိုက် အိမ်မြှောက်ပေါ်ကနေ ဆင်းလိုက်ပြီး သူကိုယ်တိုင် ပျံသန်းလာသည်။

သူက သူနှင့် သိပ်မဝေးသော နေရာတွင် အသေအရှင် တိုက်ပွဲတစ်ခုကို ဆင်နွှဲနေသော ကျင့်ကြံသူ ဆယ်ယောက်ခန့်ကို လှမ်းတွေ့လိုက်ရ၏။ သူက သူတို့ထဲက တစ်ယောက်ကို သိလို့နေ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset