Switch Mode

အပိုင်း(၄၅၅)

တာအိုနှလုံးသား

“အဖြူကောင်လေး… ဦးလေးရော…” ကျိုးယုက အဖြူကောင်လေးပေါ်တွင် ထိုင်လျက်ရှိနေသည်။ သူမလက်ထဲ၌လည်း သစ်သီးကိုင်း တစ်ခုကို ကိုင်ထားလျက် ရှိနေ၏။

အဖြူကောင်လေးက ခေါင်းခါလိုက်ပြီး သူမအမေးကို ဟိန်းသံပြုကာ တုံ့ပြန်လိုက်သည်။

လွန်ခဲ့သောတစ်နှစ် ကျိုးယုနိုးလာ ကတည်းက သူမက ဝမ်လင်းကို မတွေ့ရသေးချေ။ အဖြူကောင်လေးသာ သူမဘေး၌ အတူရှိနေခဲ့သည်။

ခုလက်ရှိတွင် အဖြူကောင်လေးက ကျိုးယုကို သူ့ကျောပေါ်တွင် သယ်၍ တောင်ကြောတစ်လျှောက် သွားလို့နေသည်။ သည်အချိန်မှာပင် မြေပြင်က ရုတ်တရက် တုန်ခါလာပြီး အဖြူကောင်လေးက ဟိန်း၍ နောက်သို့ ဆယ့်နှစ်ပေခန့် ခုန်ဆုတ်လိုက်သည်။

မြေပြင်က ပို၍ တုန်ခါလာပြီး ရုတ်တရက် အဆမတန်ကြီးမားသည့် တီကောင်ကြီး တစ်ကောင်က မြေပြင်ကနေ ထွက်ပေါ်လာသည်။ ၎င်းက အသံပေး၍ ကျိုးယုကို ခေါင်းထောင်ကာ ကြည့်နေသည်။

သည်တီကောင် အသွင်အပြင်ရှိသည့် အကောင်ကြီးက ပေတစ်ရာခန့်ပင် ရှိလို့နေသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးက နီရဲလို့နေပြီး အလွန်ကြောက်မက်ဖွယ် ကောင်းသည့်ပုံစံ ရှိနေ၏။

ကျိုးယုမျက်နှာပေါ်၌ မည်သည့်ကြောက်ရွံ့မှုမှ ရှိမနေဘဲ ထိုအစား စိတ်လှုပ်ရှားမှုသာ ရှိလို့နေသည်။ သူမက သစ်သီးအချို့က အဖြူကောင်လေး ခေါင်းထံသို့ ပစ်ပေါက်လိုက်ကာ ပြောလိုက်၏။ “အဖြူကောင်လေး… သေချာဂရုစိုက်ကြည့်… ငါတို့က ဒီအပေါ်မှာ ဦးလေးကို ရှာတွေ့ချင် တွေ့နိုင်တယ်…”

အဖြူကောင်လေးက မျက်လုံးကစားလိုက်ပြီး သည်ဧရာမ တီကောင်ကြီးကို ဟိန်းဟောက်လိုက်သည်။

သည်တီကောင်ကြီးက လှုပ်ရှားလာခဲ့၏။ ၎င်းက ပါးစပ်ကြီးကိုဟကာ ကျိုးယုထံသို့ ဦးတည်ဝင်လာသည်။ ၎င်းက အလွန်မြန်ဆန်လှသည်။ ၎င်း၏ ပါးစပ်ထဲ၌လည်း ချွန်မြသော သွားများစွာ ရှိလို့နေသည်။ တစ်စုံတစ်ယောက်က သူ့ပါးစပ်ထဲ ရောက်သွားလျှင် အရိုးပင် ကျန်နိုင်တော့မည် မဟုတ်ချေ။

ကျိုးယုမျက်နှာပေါ်၌ ကြောက်ရွံ့မှုမရှိသည့် အပြင် ပို၍ပင် စိတ်လှုပ်ရှားနေပုံ ရသည်။ သူမ၏ မျက်လုံးဝိုင်းကြီးများက သည်တီကောင်ကြီးကို မကြည့်ဘဲ ကောင်းကင်ထက်သို့သာ မော့ကြည့်လို့နေသည်။

အဖြူကောင်လေးက နောက်သို့ ထပ်မဆုတ်တော့ပေ။ သူ့မျက်လုံးထဲ၌ အထင်သေး လှောင်ပြောင်ဟန်များ ဖြစ်ပေါ်လို့နေသည်။

သည်တီကောင်ကြီးက ရှေ့သို့ တိုးလာသည့်အခိုက်တွင် ဧရာမပုံရိပ်ကြီးက ကောင်းကင်ထက်၌ ပေါ်လာခဲ့သည်။ သည်ပုံရိပ်က ကျိုးယုဘေးနားသို့ အံ့မခန်း အမြန်နှုန်းဖြင့် ရောက်လာခဲ့၏။

ယင်းပုံရိပ်ကတော့ ဧရာမခြင်သားရဲကြီးပင် ဖြစ်ချေသည်။ ၎င်း၏ ချွန်မြသော ခြင်နှာမောင်းဖြင့် တီကောင်ကြီးကို ထိုးဆိုက်ချလိုက်သည်။ သည့်နောက် တစ်ချက်ဆွဲ မွှေ့ယမ်းလိုက်ရုံဖြင့် တီကောင်ကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးက မြေအောက်ထဲကနေ ဆွဲယူခြင်း ခံလိုက်ရပြီး လေထဲသို့ ကိုင်ပေါက်လွှင့်ပစ်ခြင်း ခံလိုက်ရသည်။

သည့်နောက် ခြင်သားရဲက တစ်ဖန်လှုပ်ရှားလိုက်ပြီး တီကောင်ကြီး၏ ခေါင်းကို ခြင်နှာမောင်းဖြင့် ထိုးစိုက်ချပြသည်။ တီကောင်၏သွေးများကို ခြင်သားရဲက ခြောက်ခန်းသွားသည့် အထိ စုပ်ယူပစ်လိုက်၏။

သည့်နောက် ခြင်သားရဲက တီကောင်ကြီးကို ဘေးသို့ လွှင့်ပစ်လိုက်ပြီး ကျိုးယုနှင့်အဖြူကောင်လေးကို ကြည့်ကာ အကွာအဝေးတစ်ခုသို့ ပျံသန်းသွားတော့၏။

ကျိုးယုလေးက အော်ပြောလိုက်သည်။ “အဖြူကောင်လေး … လိုက် … မြန်မြန်လိုက်…”

အဖြူကောင်လေးကလည်း ချက်ချင်းပင် ပြေးလွှား၍ ခြင်သားရဲနောက်သို့ လိုက်လေ၏။

ဝမ်လင်းက လွန်ခဲ့သော တစ်နှစ်ကတည်းက ကျိုးယုကို ကာကွယ်ပေးရန် အတွက် ခြင်သားရဲကို ခိုင်းစေထားခဲ့သည်။

သူက ကျိုးယုလေးကို မတွေ့လိုသေးချေ။ သို့သော် သူက သည်လို အန္တရာယ်များသည် ဂြိုဟ်သေးပေါ်၌ သူမတစ်ယောက်တည်းလည်း မထားခဲ့နိုင်ချေ။

သည်တစ်နှစ်အတွင်း ခြင်သားရဲက ကျိုးယုကို မရေမတွက်နိုင်အောင် ကယ်တင်ပေးခဲ့၏။ ပထမ၌ ကျိုးယုက ခြင်သားကို ကြောက်ရွံ့သော်လည်း နောက်တွင် ရင်းနှီးသလို ခံစားလာခဲ့သည်။ သူမက သူ့ကိုတွေ့သည့်အချိန်တိုင်း ဝမ်လင်းကို တွေ့မြင်ရသကဲ့သို့ ခံစားမိနေ၏။

သူမတွင် လွန်ခဲ့သောတစ်နှစ်က ဖြစ်ပျက်ခဲ့သည်များနှင့် ပတ်သက်သည့် မှတ်ဉာဏ်များ မရှိတော့ချေ။ သူမက သူမခန္ဓာကိုယ်ထဲရှိ စဦးစိတ်ဝိညာဉ်နှင့် ပတ်သက်သည့် မှတ်ဉာဏ်များလည်း မရှိတော့ချေ။

ဝမ်လင်းက သူမစိတ်ဝိညာဉ်ကို သူမခန္ဓာကိုယ်ထဲသို့ ပြန်ထည့်သွင်း ပေးပြီးနောက် သည်မှတ်ဉာဏ်များကို ဖယ်ရှားပစ်ခဲ့၏။

ကျိုးယုက အပြစ်ကင်းစင်သည့် ကလေးငယ်တစ်ယောက်သာ ဖြစ်သည်။ သူမက လီမူဝမ် နိုးထလာခြင်းနှင့် ပတ်သက်၍ မခံစားသင့်နေပေ။ ဝမ်လင်းက ဒေါသကြောင့် အခြားလူများကို အပြစ်ဖို့တတ်သည့် လူစားမျိုးမဟုတ်ချေ။ သူက သူမကို ပြည့်ဝသော ဘဝတစ်ခုကို ရှင်သန်ခွင့် ပြုထားခဲ့၏။

သို့ရာတွင် ဝမ်လင်းနှလုံးသားထဲ၌ လွန်ခဲ့သောတစ်နှစ်က အဖြစ်အပျက်ကို တွေးမိနေတုန်းပင်။ သည့်အတွက်ကြောင့် သူက ကျိုးယုကို မျက်နှာချင်း မဆိုင်သေးချေ။ သည်ခံစားချက်က သူ့အတွက် ရှုပ်ထွေးလွန်းလှ၏။

ကျိုးယုကတော့ ဝမ်လင်းကို မတွေ့ရသည့်အတွက် စိတ်မကောင်း ဖြစ်လို့နေ၏။ သည့်အတွက်ကြောင့် သူမက ဝမ်လင်းကို ရှာဖွေရန် ခရီးစတင်နေခြင်းဖြစ်၏။ သည်ဂြိုဟ်သေးက ဝမ်လင်းအတွက် အလွန် သေးငယ်သော်လည်း ကျိုးယုအတွက်တော့ အလွန်ကြီးမား ကျယ်ပြန့်နေသည် မဟုတ်လား။

သည်တစ်နှစ်အတွင်း သူမနှင့် အဖြူကောင်လေးတို့က သည်ဂြိုဟ်သေး၏ တစ်ဝက်ကျော်ထိ ခရီးဆန့်လာခဲ့ကြ၏။ သူမက ဝမ်လင်းကို တစ်ခါမျှ မတွေ့ရသော်လည်း သူမက သူ့ဦးလေးနှင့် တဖြည်းဖြည်း ပိုပိုနီးလာနေပြီဟု ခံစားမိနေ၏။

ကံမကောင်းစွာဖြင့် အဖြူကောင်လေးက ခြင်သားရဲနှင့် ယှဉ်လျှင် အလွန်နှေးလွန်းလှ၏။ သည့်အတွက်ကြောင့် ခြင်သားရဲ၏ပုံရိပ်က အကွာအဝေးတစ်ခုတွင် ပျောက်ကွယ် သွားတော့သည်။ သို့ရာတွင် ကျိုးယုက သူမအန္တရာယ်နှင့် ကြုံရသည်နှင့် ၎င်းခြင်သားရဲကြီးက တစ်ဟုန်ထိုး ထပ်၍ ရောက်လာဦးမည်ကို သိလို့နေခဲ့သည်။

“ဟမ်…ခြင်ကြီးက မြန်လွန်းတယ်။ အဖြူကောင်လေး… နင်က နှေးကွေးလွန်းတယ်…” ကျိုးယုက နှုတ်ခမ်းဆူကာ ကောင်းကင်ထက်သို့ မော့ကြည့်လေ၏။

အဖြူကောင်လေးက မကျေမနပ်ဖြစ်ဟန်ဖြင့် ဟိန်းဟောက်လို၏။ သူက စိတ်ထဲက‌နေ တွေးနေသည်။ “ဒီခြင်က ကောင်းကင်မှာ ပျံသန်းတာလေ…။ သူကသာ မြေပေါ်မှာ ပြေးမယ်ဆိုရင် ငါက သေချာပေါက် ပိုမြန်တယ်…”

ကျိုးယုက ဆက်၍ စကားပြောမလိုဟန် ပြင်လိုက်စဉ် လေပြည်ညင်းတစ်ခုက သူမပေါ်သို့ တိုက်ခတ်လာ၏။ ကျိုးယုက မှင်တက်သွားပြီး သူမက ပတ်ဝန်းကျင်ကို ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ “အဖြူကောင်လေး…ဒါက ထူးဆန်းတယ်လို့ မထင်ဘူးလား…။ သုံးရက်ကနေ ငါးရက် ကြာတိုင်း ဒီနွေးထွေးတဲ့ လေပြည်က ရောက်ရောက်လာတယ်။ ဒီလေပြည်က ငါ့အပေါ်ကို တိုက်ခိုက်လာတိုင်း ငါ့တစ်ကိုယ်လုံးက နွေးထွေးသွားသလို ခံစားရပြီး ငါ ဘာမှမစားရင်တောင်မှ ဗိုက်ဆာတာကို မခံစားရတော့ဘူး…”

အဖြူကောင်လေးက သူမသိကြောင်း ခေါင်းခါကာ တုံ့ပြန်လိုက်၏။

ကျိုးယုခရီးစဉ်က ဆက်၍ သွားနေ၏။ သူမက ဝမ်လင်းသည် တောင်ထိပ်တစ်ခုကနေ သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်လိုက်မှန်းတော့ မသိချေ။

သည်ပြီးခဲ့သောတစ်နှစ်အတွင်း သူက ရူးသွပ်လုနီးပါး ဖြစ်နေသော်လည်း ကျိုးယုလုံခြုံရေးနှင့် ပတ်သက်၍တော့ မေ့မသွားချေ။ သူက နတ်ဘုရားအာရုံကို ရက်အနည်းငယ်ကြာတိုင်း ဖြန့်ကြက်၍ ကျိုးယုအခြေအနေကို စစ်ဆေးကြည့်လေ့ရှိပြီး စိတ်ဝိညာဉ်စွမ်းအင် အချို့ကိုလည်း သူမဗိုက်မဆာအောင် ထည့်သွင်းပေးတတ်၏။

ဝမ်လင်းက ခေါင်းမော့ကာ ကောင်းကင်ထက်သို့ ကြည့်သည်။ သူ့မျက်လုံးများက အလွန်တောက်ပလို့နေ၏။ ဝမ်လင်းက သည်လိုအကြည့်မျိုးဖြင့် ကောင်းကင်ထက်ကို အရင်တုန်းက လုံးဝမကြည့်ခဲ့ဖူးချေ။ သူ့အကြည့်ထဲ၌ သေခြင်းရှင်ခြင်းနှင့် နှလုံးသားတစ်ခုကို ထွင်းဖောက်နိုင်မှုတို့ ပါဝင်နေခဲ့၏။

“ဒီတော့ သေခြင်းရှင်ခြင်း နယ်ပယ်က ဒီလိုပေါ့…. ဒီကမ္ဘာထဲမှာ ရှိတဲ့ အရာအများကြီးကို ငါက ထိန်းချုပ်ချင်ရင် ငါလုပ်နိုင်တယ်…” ဝမ်လင်းက လက်မြှောက်၍ ရှေ့သို့ လက်ဆန့်တန်းလိုက်သည်။ သည်အခါ တိမ်များအားလုံးက သူ့လက်ဝါးပေါ်သို့ စုဝေးလာခဲ့သည်။ သိပ်မကြာခင်တွင် တိမ်တိုက်ငယ်တစ်ခုက သူ့လက်ထဲ၌ ပေါ်လာခဲ့၏။

သည်တိမ်တိုက်လုံးထဲ၌ မိုးကြိုးလျှပ်စီးများ ပါရှိနေသည်။

သည်တိမ်တိုက်လုံးထဲရှိ သိပ်သည်းသော စွမ်းအားကို ခံစားရင်း ဝမ်လင်းက အသက်ဝဝ ရှူသွင်းလိုက်သည်။

သည်တိမ်တိုက် အလင်းလုံးက ကောင်းကင်ဘုံကို မဖျက်ဆီးနိုင်သော်လည်း မည်သည့်စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့်ကို မဆို သတ်ပစ်နိုင်စွမ်း ရှိ၏။ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူ လီယွမ်ဖန် အသက်ပြန်ရှင်လာလျှင်ပင် သူက သည်တိမ်တိုက်လုံး၏ ဖျက်ဆီးခြင်းကို ကောင်းစွာ ခံရမည်သာဖြစ်၏။

“သေခြင်းရှင်ခြင်း နယ်ပယ်က အဆင့်တစ်ခု ပြည့်စုံပြီးနောက် ငါ့ကျင့်ကြံမှုကလည်း စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့်ကို ချိုးဖျက်နိုင်ခဲ့ပြီ။ ငါက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းစာလောက်ပဲ လိုတော့တယ်…” ဝမ်လင်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ တိမ်တိုက်လုံးက ပျောက်ကွယ်သွားတော့၏။

“ငါက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ရောက်ဖို့ ပြင်ဆင်ရတော့မယ်…” ဝမ်လင်းမျက်လုံးများက တည်ငြိမ်လို့နေ၏။

စိတ်ဝိညာဉ် အသွင်ပြောင်ခြင်းအဆင့် ကျင့်ကြံသူများက အမှန်ပင် အစွမ်းထက်ပုဂ္ဂိုဟ်များဟု ယူဆနိုင်၏။ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူများကို ကျင့်ကြံမှုဂြိုဟ်များပေါ်ရှိ ကလန်တိုင်းက လိုချင်ကြပေသည်။

ဘီလူးနတ်ဆိုးကလန် ဘိုးဘေးက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အစောပိုင်းအဆင့် တစ်ယောက်မျှသာ ဖြစ်၏။ သို့သော် သည်အဆင့်ဖြင့်ပင် သူက ကလန်တစ်ခုလုံးကို ထိန်းချုပ်နိုင်ပြီး ခေါင်းဆောင် တစ်ယောက် ဖြစ်လာနိုင်ခဲ့သည်။

လီယွမ်ဖန်ကလည်း စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့်ကို အတင်းအကျပ် ရောက်အောင် လုပ်ခဲ့သူမျှသာ ဖြစ်၏။ သို့သော် သူသည်လည်း ရွှမ်ယွဲ့၏ ထောက်တိုင်တစ်ခု ဖြစ်လာနိုင်ခဲ့သည်။

လူတစ်ယောက်က စိတ်ဝိညာဉ်အသွင် ပြောင်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်၏ တန်ဖိုးကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေ၏။

တကယ်တော့ အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူ မွန်းစတားအိုများက အမြဲတမ်း တံခါးပိတ် ကျင့်ကြံနေကြတာ များပေ၏။ သည့်အပြင် သူတို့က အလွန်အရေအတွက် နည်းပါးစွာ ရှိကြသည်။ သည့်အတွက်ကြောင့် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူများက အမှန်ပင် စွမ်းအား၏ အစစ်အမှန် ကျောရိုးတစ်ခုလို ဖြစ်လာခဲ့ခြင်းပင်။

ထျန်ယွမ်ဇီက သူ့အမြင်ကောင်းရှိခဲ့သည့် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အစောပိုင်း အဆင့်လေးက ခုလိုနှစ်နှစ်ရာခန့်အတွင်း စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်သို့ ဝင်ရောက်ရန် ပြင်ဆင်နေလိမ့်မည်လို့ လုံးဝ မျှော်လင့်ထားမိချေ မဟုတ်ချေ။

ထျန်ယွမ်ဇီကသာ သည်လိုမျိုးဖြစ်လာမည်ကို သိခဲ့လျှင် ဝမ်လင်းက နှစ်တစ်ရာအတွင်း ဂုဏ်ယူရသည့် တပည့်လောက် မဟုတ်တော့ပဲ သူက အထူးအခွင့်အရေး ရှိသော အစစ်အမှန် တပည့်တစ်ယောက် ဖြစ်လာခဲ့ပေလိမ့်မည်။

“စစ်ထူ…ငါက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ရောက်လာခဲ့ရင် ငါ့မှာ သင်နိုးထလာနိုင်ဖို့ စွမ်းအား ရှိလာမှာပါ…” ဝမ်လင်းက အသက်ဝဝရှူသွင်း၍ သူ့မျက်ခုံးနှစ်ခုကြား လက်ညွှန်လိုက်သည်။ သည့်နောက် သူ့ခန္ဓာကိုယ်က တစ်ချက်တုန်ခါသွာပြီး ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ထဲသို့ ရောက်ရှိသွားတော့၏။

ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲ၌ စစ်ထူနန်၏ ဧရာမစိတ်ဝိဉာည်ကြီးက မျောလွင့်နေသည်။ ဝမ်လင်းက ၎င်းစိတ်ဝိညာဉ်နား၌ ပေါ်လာခဲ့ပြီး ယင်းစိတ်ဝိညာဉ်ကို တိတ်ဆိတ်စွာ ကြည့်လို့နေ၏။

လက်မောင်းနှစ်ဖက်ကို စုပ်ယူပြီးသည့်အခါ စစ်ထူနန်၏ စိတ်ဝိညာဉ်က ဝိုးတဝါး မဟုတ်တော့ဘဲ ပို၍ သိပ်သည်းကာ အထည်ဒြပ်အသွင် ဖြစ်လာခဲ့၏။ သူ့စိတ်ဝိညာဉ်က အားကောင်းသော ဖိအားတစ်ခုကို ပေးစွမ်းနေ၏။ သည်ဖိအားက ဘိုးဘေး သွန်းထျန်ထက်ပင် ပို၍ အားကောင်းနေသေးသည်။

“စစ်ထူ….” ဝမ်လင်းက တိတ်ဆိတ်စွာဖြင့် စစ်ထူနန်ကို အချိန်အတန်ကြာသည် အထိ ကြည့်လို့နေ၏။ သည့်နောက် သူက ခြေတစ်လှမ်း လှမ်းလိုက်ရာ ပုတီးစေ့၏ အရှေ့ဘက်ခြမ်း၌ ပေါ်လာခဲ့သည်။

ထိုနေရာ၌ နောက်ထပ် စဦးစိတ်ဝိညာဉ်တစ်ခု ရှိလို့နေ၏။

သို့ရာတွင် သည်စဦးစိတ်ဝိညာဉ်၏ မျက်လုံးများက အိပ်ပျော်နေသကဲ့သို့ မှိတ်၍နေ၏။ သူမပတ်လည်၌လည်း စိတ်ဝိညာဉ်အရည်များ ရှိနေပြီး ယင်းအရည်များက သူမစိတ်ဝိညာဉ်ထဲသို့ စွမ်းအင်ထောက်ပံ့ပေးသည့် သဘောဖြင့် ဝင်ရောက်လို့နေသည်။

“ဝမ်အာ…” ဝမ်လင်းမျက်လုံးများက ညင်သာနူးညံလာသည်။

ဝမ်အာပတ်လည်ရှိ စိတ်ဝိညာဉ်အရည်များက ကောင်းကင်ဘုံ ပုတီးစေ့ကနေ ထုတ်ယူထားသည့် နှင်းစက်ရည်များ ဖြစ်သည်။ ဝမ်လင်းက သည်နှင်းစက်ရည်များကို လွန်ခဲ့သော တစ်နှစ်ကတည်းက စုဆောင်းခဲ့၏။ သူ့ရည်ရွယ်ချက်က သည်စိတ်ဝိညာဉ်စွမ်းအင်များ ပါဝင်သည့် နှင်းစက်ရည်များဖြင့် လီမူဝမ်၏ စဦးစိတ်ဝိညာဉ် ပြန်ကောင်းလာရန် အတွက် ကူညီရန် ဖြစ်၏။ အချိန်ကြာလာသည်နှင့် အမျှ ၎င်းက လီမူဝမ်၏ စဦးစိတ်ဝိညာဉ်ကို ပို၍သန်မာလာအောင် ပြုလုပ်ပေးနေမည် ဖြစ်လေသည်။

“ဝမ်အာ… နင်က ငါ့ကို နှစ်သုံးရာကျော် စောင့်နေခဲ့တယ်…။ ငါ… ဝမ်လင်းက နင့်ကို ဘယ်လို ပြန်ပေးဆပ်ရမှန်း မသိတော့ဘူး။ ငါက နင့်စဦးစိတ်ဝိညာဉ်ကို နင်နိုးထလာနိုင်တဲ့အထိ ကာကွယ်ပေးပါ့မယ်။ ငါသေတဲ့အထိ စောင့်ရှောက်ပေးမယ်…” ဝမ်လင်းက လီမူဝမ်၏ စဦးစိတ်ဝိညာဉ်ကို အချိန်အတန်ကြာသည့် အချိန်ထိ ငေးကြည့်နေခဲ့သည်။

“အံ့အားသင့်ဖွယ် အခွင့်တစ်ခုရခဲ့တာနဲ့ ငါက နင်ပြန်နိုးထနိုင်ဖို့ အတွက် ငါလုပ်နိုင်တာ အကုန်လုံး လုပ်မှာပါ… ငါက နင့်ကို တစ်နှစ်… ဆယ်နှစ်… နှစ်တစ်ရာ… နှစ်တစ်ထောင်ကနေ ငါသေတဲ့အထိ စောင့်နေမှာပါ…”

ဝမ်လင်းက လီမူဝမ်ကို ညင်သာနူးညံ့စွာ ကြည့်သည်။ ထိုအခိုက်တွင် လီမူဝမ်နှင့် အတူရှိခဲ့သည့် မှတ်ဉာဏ်များက သူ့စိတ်ထဲ၌ တဖျတ်ဖျတ် ပေါ်လာနေခဲ့သည်။

ဝမ်လင်းက ရှေ့သို့‌ လျှောက်လှမ်း၍ သူမနဖူးလေးကို ညင်သာစွာ နမ်းလိုက်သည်။ သူ့ထံက နွေးထွေးမှုက တဖြည်းဖြည်းဖြင့် ဝမ်အာထံသို့ ကူးပြောင်းသွားလေသည်။

ဝမ်အာ စဦးစိတ်ဝိညာဉ်က တုန်ယင်သွား၏။

သူမက ဝမ်လင်း၏ နှုတ်ခမ်းနှင့် နွေးထွေးမှုကို ခံစားမိနေသည့်ပုံပင်။ သည်နွေးထွေးမှုထဲ၌ ဖျောက်ဖျက်လို့မရသည့် ပျော်ရွှင်မှု၊ အသံတိတ်ခေါ်ဆိုနေမှုနှင့် ထာဝရ ကာကွယ်ပေးမှု စိတ်ဆန္ဒတို့ ပါဝင်လို့နေသည်။

သည့်နောက် ဝမ်လင်းက နောက်သို့ လှည့်၍ ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ထဲကနေ ထွက်လာခဲ့၏။ သူက ပုတီးစေ့ထဲကနေ ထွက်လာခဲ့သော်လည်း သူ့နှလုံးသားထဲ၌ လီမူဝမ်နှင့်ပတ်သက်၍ ကမ္ဘေကမ္ဘာထာဝရ ခံစားချက်က တည်ရှိနေဆဲပင်။

တောင်ထိပ်တစ်ခုပေါ်တွင် ညနက်နက်အောက်၌ အထီးကျန် ပုံရိပ်တစ်ခုက မိုးရေစက်များ အောက်တွင် တည်ရှိလို့နေသည်။

သည်အထီးကျန်ပုံရိပ်က ညနက်နက် ကောင်းကင်ကြီးကို မျက်နှာချင်းဆိုင် ကြည့်လျက်ရှိနေသည်။ သူက သည်အမှောင်ထု ကောင်းကင်ကြီး၌ ထွန်းလင်းနေသော ကြယ်များကိုလည်း မျက်နှာချင်းဆိုင်ကာ ကြည့်လို့နေ၏။ သူက အမှောင်ထုကြားရှိ ထွန်းလင်းနေသော ကြယ်များကြားတွင် သူ့နှလုံးသားထဲ၌ ထာဝရတည်ရှိမည့် အမျိုးသမီး တစ်ယောက်၏ ပုံရိပ်ကို မြင်ကြည့်လို့နေလေ၏။

***

Comment

  1. နှစ်တစ်ရာ ဂူအောင်းကျင့်ကြံနေမယ့် အကြည်လေး says:

    😭

Leave a Reply

Options

not work with dark mode
Reset