Switch Mode

အပိုင်း(၅၉)-တိကျသော တရားမျှတမှု

အချိန်ခဏကြာသော် ဆရာအထဲသို့ဝင်လာသည်။ ဆရာသည် ရှီမာယူယူအားမြင်လိုက်ချိန်တွင် အနည်းငယ်အံ့သြသွားသော်လည်း အလျင်အမြန်ပင် အမူအရာအား ပြန်ထိန်းလိုက်ကာ အတန်းစတော့သည်။

ထိုအတန်းသည် ပူလွောင်တောင်တန်း၏ ပထဝီဝင်အနေအထားကို သင်ကြားပေးသော အတန်းဖြစ်သည်။ ထိုနေရာ၏ မြေမျက်နှာသွင်ပြင်အား ပြောပြီးနောက် ထိုတောင်တန်းတွင်နေထိုင်သော ဝိညာဉ်သားရဲများ အကြောင်း ကို စတင်သင်ကြားတော့သည်။ အတန်းတစ်တန်းလုံးသည် မျိုးစုံသော လက္ခဏာရှိသော ဝိညာဉ်သားရဲများအကြောင်း သင်ကြားခြင်းကို ဂရုတစိုက်နားထောင်ကြသည်။

ဒီနေရာနှင့် နေသားကျနေသော်လည်း ထိုအကြောင်းများကို ရှီမာယူယူ အလေးအနက်ထားကာ နားထောင်နေလိုက်သည်။ ထို့အပြင် ပူလွောင်တောင်တန်တွင် ဆရာသင်ကြားသော ဝိညာဉ်သားရဲများနှင့် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည်ဖြစ်၍ ပျင်းရိစရာမကောင်းပေ။

အထူးသဖြင့် ဆရာပြောပြသောအကြောင်းအရာများသည် အမှန်တကယ် အသုံးဝင်လေသည်။ သူမ ပူလွောင်တောင်တန်းသို့မရောက်မီ ထိုအကြောင်းများကိုသိခဲ့ပါက ဝိညာဉ်သားရဲများနှင့် ဆုံတွေ့ချိန်တွင် ထိုမျှလောက် ခက်ခဲခဲ့မည်မဟုတ်ပေ။

ဘေဂုံထန်သည်လည်း ထိုအကြောင်းများကို အလေးအနက် နားထောင်နေသော်လည်း ဖက်တီးကျူနှင့် ဝေကျိရွှီတို့နှစ်ဦးသည် စိတ်များလွင့်နေလေသည်။ သူတို့သည် သင်ခန်းစာများအား နားထောင်ရုံသာနားထောင်နေပြီး အာရုံများ လွင့်နေသည်။

ထိုအခက်အခဲများကိုကျော်ဖြတ်ကာ အတန်းပြီးသည်အထိတော့ သည်းခံနိုင်ကြသည်။ ဆရာထွက်သွားသည်နှင့် သူတို့သည် ရှီမာယူယူ အားကြည့်ကာ ချက်ချင်းထွက်သွားကြလေသည်။ သူတို့ထဲမှတစ်ယောက်သည် ဖန်ကျိရှင်းအားသွားရှာရန်ထွက်သွားခဲ့ပြီး ကျန်တစ်ယောက်သည် ကျောင်းကွင်သို့ ပြေးသွားလိုက်သည်။

သူထွက်မသွားခင်တွင် ဝေကျိရွှီ စာသင်ခန်းများသို့အော်ခဲ့လေသည်။ “မင်းတို့ စိတ်ဝင်စားစရာကြည့်ချင်ရင် ကျောင်းကွင်းကိုလာခဲ့ကြ”

ဝေကျိရွှီ၏ ဇာတ်လမ်းတွင် အားလုံးသည်ဖျားယောင်းခြင်းခံလိုက်ရပြီ အားလုံး၏ သိလိုမှုများပြင်းပြလာပြီး ကျောင်းသားအားလုံးသည် ကျောင်းကွင်းဆီသို့ဦးတည်သွားကြလေသည်။

အားလုံးထွက်သွားသည်ကို ဟီကျူကျိမြင်သော်လည်း သူမနေရာတွင် မလှုပ်မယှက်ထိုင်နေလိုက်သည်။ ထိုတက်ကြွစေသော သတင်းသည် သူမနှင့်ပတ်သတ်မည်ကို စိတ်ထင့်နေပုံရသည်။

“သွားရအောင်” ရှီမာယူယူနှင့် ဘေဂုံထန်တို့သည် အတန်းထဲတွင် စောင့်နေဆဲဖြစ်သည်။ အားလုံးထွက်သွားသော်လည်း ဟီကျူကျိသည် သူမနေရာတွင်ထိုင်ကာ မလှုပ်မယှက်ရှိနေသည်ကို မြင်သည်နှင့် သူမဆီသို့ စကားပြောရန် လျှောက်သွားလိုက်သည်။

“ငါ ငါ….မသွားဘူး” ဟီကျူကျိပြောလိုက်သည်။ “ငါ့မှာ ကိစ္စရှိတယ်၊ ဟုတ်တယ်၊ ငါ့မှာလုပ်စရာကိစ္စရှိလို့ အရင်သွားရမယ်”

ထိုသို့ပြောပြီးနောက် သူမ ထွက်သွားရန်ပြင်လိုက်သည်။

ရှီမာယူယူ ချက်ချင်းပင် သူမ အင်္ကျိကော်လာအား ဆွဲလိုက်ကာ ပြောလိုက်သည် “မင်းက ဒီနေ့ပြပွဲရဲ့ အဓိကဇာတ်ကောင်ပဲ မင်းမသွားရင် ဒီပွဲက မပြည့်စုံဘူးဖြစ်နေမှာပေါ့ ဟုတ်တယ်မလား သွားရအောင်”

“ရှီမာယူယူ ငါ့ကို လွှတ်ပေးပါ” ရှီမာယူူယူပြောသည့်စကားများကို ဟီကျူကျိကြားသည်နှင့် သွားရန် ပို၍ ဝန်လေးသွားသည်။ ရှီမာယူယူ၏ ဆုပ်ကိုင်ခြင်းမှ လွတ်မြောက်ရန် သူမခန္ဓာကိုယ်ကို လှည့်လိုက်သည်။

သို့သော် သူမမည်မျှပင် ရုန်းကန်နေသော်လည်း တင်းကျပ်သော ဆုပ်ကိုင်မှုဖြစ်၍ လှုပ်ရုံမျှသာလှုပ်၍ရသည်။

သူမလက်ထဲတွင် ဟီကျူကျိ ဂနာမငြိမ်ဖြစ်သည်ကို ရှီမာယူယူမြင်သည်နှင့် သူမအား နောက်ပြန်ဆွဲလိုက်သည်။ ထိုအရာကြောင့် သူမဒေါသထွက်သွားပြီး အံကြိတ်ကာ ကျိန်းဝါးလိုက်သည် “ရှီမာယူယူ မင်းဘာလိုချင်တာလဲ၊ ကျောင်းထုတ်ခံရမှာ မကြောက်ဘူးလား”

“အဲဒီအကြောင်းတွေကို စဉ်းစားဖို့အချိန်မဟုတ်သေးဘူး” ရှီမာယူယူ သူမလက်တွင် အားပိုထည့်လိုက်သည်၊ “ငါမင်းနဲ့ ညှိနှိုင်းမယ်လို့များ မင်းထင်နေတာလား၊ ငါ့ကိုထုတ်ပစ်ဖို့ နာလန်မျိုးနွယ်က အကြောင်းပြချက် ဆိုတာမျိုး သူတို့မှာမရှိဘူး၊ မင်းသွားရမယ်လို့ ငါပြောတာ မင်း အာမခံတာကောင်းမယ်၊ ဘေဂုံထန်က ငါ့ကို နှစ်သိမ့်တတ်တဲ့သူမဟုတ်လား”

ဘေးတွင် ရပ်နေသော ဘေဂုံထန်အား ဟီကျူကျိမြင်သည်နှင့် သူမ ခုခံရန်အတွေးများ ရုတ်သိမ်းလိုက်ရတော့သည်။

ထိုလအနည်းငယ်အတွင်းတွင် သူတို့သည်လည်း ပြိုင်ပွဲလေ့ကျင့်မှုများ စတင်ခဲ့သည်။ ဘေဂုံထန်၏ တိုက်ခိုက်မှု စွမ်းရည်သည် အဆင့်နှစ်သာရှိသော်လည်း သူမအား အရင်တိုက်ခိုက်ရန် စိန်ခေါ်ရဲသောသူ မရှိပေ။

“မင်းက ဒုက္ခပေးဖို့ကို ငါ့ကိုရွေးချယ်တော့လည်း ဒီလိုနေ့မျိုး ရောက်လာမယ်ဆိုတာ ကြိုပြင်ဆင်ထားသင့်တယ်” ရှီမာယူယူ ပြောရင်းနှင့် အေးစက်စွာပြုံးလိုက်သည်။

နောက်ဆုံးတွင်တော့ ရှီမာယူယူနှင့် ဘေဂုံထန်တို့သည် ဟီကျူကျိအား ကျောင်းကွင်းသို့ခေါ်လာနိုင်ခဲ့သည်။ ကွင်းတွင်တော့ လူများပြည့်နှင့်နေလေပြီ။ ကျောင်းသားသစ်များအပြင် စီနီယာကျောင်းသားတချို့လည်းရှိနေကြသည်။

ထိုကျောင်းကွင်းသည် ကျောင်း၏ အချက်အချာဖြစ်၍ အတန်းများပြီးချိန်တွင် ကျောင်းသားများ သေချာပေါက် ဖြတ်သွားသော နေရာဖြစ်သည်။ ထိုစိတ်ဝင်စားစရာကောင်းသော သတင်းအားကြား၍ ထိုနေရာတွင် ဆက်နေလိုက်ရန်ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။

ဒီနေ့ပြသမည့် စိတ်လှုပ်ရှားစရာပွဲကိုကြည့်ရန် အားလုံးသည် နှစ်ယောက်၊ သုံးယောက်တစ်ဖွဲ့ရပ်ကာ စောင့်ဆိုင်းနေကြသည်။

နာလန်လန်နှင့် မူရုန်အန်းတို့သည် သူတို့အတန်းဖော် သုံးလေးယောက်တို့နှင့်အတူ အတန်းမှထွက်လာခဲ့သည်။ သူတို့သည် ကျောင်းကွင်းအားဖြတ်သွားချိန်တွင် ရှီမာယူယူ၏ တားဆီးခြင်းကိုခံလိုက်ရသည်။

ရှီမာယူယူအားမြင်သည်နှင့် သူတို့နှစ်ယောက်မျက်နှာများ ချက်ချင်းပင် ပျက်သွားကြသည်။ မူရုန်အန်း၏ မျက်နှာသည် ပို၍ အေးစက်ကာ သူပြောသည်မှာ “ရှီမာယူယူ မင်းငါ့ကိုထပ်လာရှာပြန်ပြီလား”

“ရှီမာယူယူ မင်းဘာလို့အဲလောက်တောင်အရှက်မရှိရတာလဲ မင်းပြန်လာတယ်ဆိုတာ အခုမှသိတာ ပြီးတော့ ချက်ချင်းပဲ သခင်လေးမူရုန်ကို လာရှာတယ်” နောက်မှ လူများသည် ချက်ချင်းပင် စုရုံးလာကြသည်။

“သူက ဘယ်တုန်းက အရှက်ရှိဖူးလို့လဲ၊ ခွေးတစ်ကောင်လိုပြေးသွားတာနဲ့ အဲဒါက သခင်လေးမူရုန်အန်းကို သွားတွေ့တာပဲလေ”

ရှီမာယူလီသည် သူ့အား အတန်းပြီးလျှင် ကျောင်းကွင်းသို့လာရန် ရှီမာယူယူခေါ်ထားသည်ကို သတင်းရထားသည်။ ဒီလူတွေ သူ့ညီလေးကို ကြိမ်းမောင်းနေသည်ကို ထင်မထားခဲ့ပါ။ သူ ထိုစကားပြောနေသော လူများဆီသို့ပြေးသွားကာ ချက်ချင်းပင် ထိုးလိုက်တော့သည်။

“ငါ့ညီကို ကျိန်ဆဲရဲတယ်၊ မင်းသေတော့မယ်”

“အား…” အထိုးခံလိုက်ရသောသူသည် မြေပြင်သို့လဲကျသွားကာ နာကျင်မှုကြောင့် ညည်းညူနေသည်။

“ရှီမာယူလီ မင်းက ရန်ဖြစ်ချင်တာလား” ထိုလူများသည် သူတို့သူငယ်ချင်းအား ချက်ချင်းလာထူလိုက်သည်။

“ရန်ဖြစ်ချင်တယ်ဆို မင်းတို့ကဘာလုပ်ချင်လဲ” ရှီမာယူယူ၏ ရှေ့တွင်ရပ်ကာ သူ့အားစိုက်ကြည့်နေသော လူများကို ရှီမာယူလီ ကြည့်လိုက်သည်။ သူမေးဖျားကိုပင့်တင်လိုက်ကာ သူနှင့် တိုက်ခိုက်ရန်ရှေ့တိုးလာရဲသူကို မခံချင်အောင်ပြောလိုက်သည်။

ရှီမာယူယူ ရှီမာယူလီ၏ လက်မောင်းအားဆွဲကာပြောလိုက်သည် “အစ်ကိုငယ်၊ ဒီလိုအရူးတွေနဲ့ စကားအပိုတွေပြောရတာ ကိုယ့်အဆင့်နိမ့်သွားတာပဲရှိတယ် ဟုတ်တယ်မလား”

“ရှီမာယူယူ မင်းဘာပြောလိုက်တာလဲ” တချို့သူများသည် အော်ဟစ်လိုက်ကြသည်။

“ကြည့် အစ်ကိုလေး ဒီလိုစကားရှင်းရှင်းပြောတာကိုတောင်နားမလည်တာ သူတို့နဲ့ဆက်ဖြစ်နေရင် လုံးဝအဓိပ္ပာယ်မရှိတော့ဘူး” ရှီမာယူယူ ပခုံးတွန့်လိုက်သည်။ ထို့နောက် သူမ မူရုန်အန်းအားကြည့်ကာ ပြောလိုက်သည် “မူရုန်အန်း၊ မင်းက သူတို့ထက်ပိုပြီး ရွံစရာကောင်းတယ်၊ အတ္တကြီးတဲ့ခွေးက ရွံစရာအကောင်းဆုံးပဲ”

ထို လှုပ်လှုပ်ရှားရှားဖြစ်ရပ်သည် လူအများ၏ စိတ်ဝင်စားမှုကို ပို၍ မြင့်တက်လာစေသည်။ ရှီမာယူယူပြောသည့် စကားများကိုကြားသည်နှင့် အားလုံးသည် အံ့သြသွားရသည်။

မူရုန်အန်းကို ဒီလိုပြောဖို့ ရှီမာယူယူ ဘယ်အချိန်ကသင်လိုက်တာပါလိမ့်။

“မင်းဘာပြောတာလဲ” အားလုံးရှေ့တွင် အမှိုက်တစ်စရှီမာယူယူက သူ့အား ခွေးဟုခေါ်လိုက်သည်။ ထိုအရာကြောင့် သူပို၍ ဒေါသထွက်သွားသည်။

“အစကတည်းက မင်းဟုတ်နေတာပဲလေ” ရှီမာယူယူပြောလိုက်သည် “ဒီနေ့မင်းကို လာရှာတာမဟုတ်ဘူး၊ ဒါပေမယ့် မင်းက ပါးစပ်ဟလိုက်တိုင်း ငါ့ကို ဘာလို့လာရှာတာလဲလို့ပဲမေးနေတာ၊ အဲဒါအတ္တကြီးတာမဟုတ်ဘူးလား ဒါမှမဟုတ် ငါ့ရဲ့ စွဲဆောင်မှုရှိတဲ့ပုံစံကြောင့် ဒီသခင်လေးက ဘယ်လိုအကြောင်းပဲရှိရှိ မင်းကိုလာရှာဖို့မျှော်လင့်နေတာလား”

“အဓိပ္ပာယ်မရှိလိုက်တာ” မူရုန်အန်း ချက်ချင်းပင် ငြင်းဆိုလိုက်သည်။

“အဓိပ္ပာယ်ရှိရှိ မရှိရှိ၊ မင်းနဲ့ ငြင်းဖို့အချိန်မရှိဘူး” ဖက်တီးကျူသည် ဖန်ကျိရှင်းနှင့်အတူ သင်ကြားမှုညွှန်ကြားရေးမှူးကိုပါ ခေါ်လာသည်ကို ရှီမာယူယူတွေ့သည်နှင့် အချိန်ကျရောက်ပြီဆိုသည်ကို သိလိုက်သည် “နာလန်လန် ဒီနေ့ ငါမင်းကိုလာရှာတာပဲ”

“ငါ့ကိုရှာတယ်ဟုတ်လား” ရှီမာယူယူပြောသည့်စကားများကို နာလန်လန်ကြားသည်နှင့် သူမနှလုံးသားသည် အလွန်အမင်း ခုန်နေတော့သည်။ ရှီမာယူယူ သက်သေများရှာမတွေ့နိုင်လောက်ဘူးဟု သူမအသေအချာယုံကြည်ထားသည်။ ဟီကျူကျိကိုယ်တိုင် စွပ်စွဲခဲ့ပါက သူမငြင်းဆိုမည်။ ထိုသို့တွေးလိုက်သောအခါ သူမ စိတ်များပြန်ငြိမ်သွားတော့သည်။ သူမမေးလိုက်သည် “ငါ့ကို ဘာလို့ရှာတာလဲ”

“အကုန်လုံး ဘာလို့ဒီမှာစုနေကြလဲသိလား၊ ပြီးတော့ ငါတို့ကိုလာဖို့ ဘယ်သူခေါ်လိုက်တာလဲ” သင်ကြားမှုညွှန်ကြားရေးမှူးသည် ကွင်းတွင် လူအများ အစုလိုက်စုစည်းနေသည်ကို တွေ့သည်နှင့် သူ့မျက်ခုံးများ ပင့်လိုက်သည်။

“ညွှန်ကြားရေးမှူး ဆရာတို့ကို ဖိတ်လိုက်တာ ကျွန်တော်ပါ” ရှီမာယူယူ ခြေလှမ်းနှစ်လှမ်းရှေ့တိုးကာ ပြောလိုက်သည် “ကျောင်းက လူတွေကျွန်တော့်ကို ကူညီပြီး ဆုံးဖြတ်ပေးဖို့ ပြောချင်လို့ပါ”

ရှီမာယူယူအား ကြည့်သည်နှင့် သင်ကြားမှုညွှန်ကြားရေးမှူး၏ မျက်လုံးများသည် အထင်သေးမှုနှင့် မုန်းတီးမှုများ အရောင်လက်နေသည်။ သို့သော် သူမေးလိုက်သည် “ဘာအကြောင်းလဲ”

“ပြီးခဲ့တဲ့တစ်ခေါက် ကျွန်တော်တို့ ဝိညာဉ်သားရဲဥရွေးတုန်းက ကျွန်တော့်ကို တစ်စုံတစ်ယောက်က လေးခုမြောက် ဖြတ်လမ်းတည်ဆောက်မှုထဲကို တွန်းချပြီး ဒုက္ခမေးခဲ့တာ၊ ဒါအကုန်လုံးသိပြီးသားဖြစ်မှာပါ၊ အခုတော့ ကျွန်တော့်ကို ဒုက္ခပေးတာဘယ်သူလဲဆိုတာ သိပြီ၊ အစက် ကျွန်တော် သူမကိုရှာပြီး လက်စားချေမလို့ပဲ ဒါပေမယ့် လက်စားချေဖို့ကို တားဖြစ်ထားတဲ့စည်းကမ်းရှိနေတော့ အကုန်လုံးကိုဖိတ်ပြီး ဆုံးဖြတ်ပေးကြဖို့တောင်းဆိုတာပါ”

“ဘယ်သူလဲ” သင်ကြားမှုညွှန်ကြားရေးမှူး ဘာမှမပြောခင်ပင် ဖန်ကျိရှင်းမေးလိုက်သည်။

သူ အစကတည်းက သံသယဝင်ခဲ့တာဖြစ်သည်။ ဒီလောက်လူတွေများတာ သူမ ဘာလို့လေးခုမြောက်ဖြတ်လမ်း တည်ဆောက်မှုကိုဝင်ခဲ့တာလဲ။ တစ်ယောက်ယောက်က သူမအား ချောက်ချတာဖြစ်နိုင်သည်။ သူမ ပြန်လာရန် မအောင်မြင်လုနီးပါးဖြစ်ခဲ့သည်ကို တွေးလိုက်သောအခါ သူ၏ ကြည်လင်နေသော မျက်လုံးများသည် အေးစက်မှုသို့ပြောင်းလဲသွားတော့သည်။

သူ့အနားမှ လူများကို ရှီမာယူလီ မုန်းတီးစွာစိုက်ကြည့်လိုက်သည်။ ရှီမာယူယူ ဒီနေရာအား ညွှန်း၍ ပြောခြင်းသည် သူ့ညီလေးအား ဒုက္ခပေးသောသူသည် သေချာပေါက်ဒီနေရာတွင် ရှိရမည်။

ရှီမာယူယူအား ဒုက္ခပေးရဲသည့်လူအားတွေးမိသည်နှင့် သူ့မျက်နှာတွင် အလွန်တရာမုန်းတီးမှုများပေါ်လာလေသည်။

“ညီလေး ၅ မင်းကိုဒုက္ခပေးရဲတာဘယ်သူလဲ”

Comment

Leave a Reply

Options

not work with dark mode
Reset