Switch Mode

အပိုင်း(၄၅၄)

ကံကြမ္မာ၏ ရက်စက်စွာ စမ်းသပ်မှု

သည်အခိုက်တွင် ဝမ်လင်းက ရူးသွပ်သွားခဲ့လေပြီ။

သူက သူ့ခန္ဓာကိုယ်ကို လှုပ်ရှားခြင်း မပြုနိုင်သော်လည်း သူ့မူလစိတ်ဝိညာဉ် ကတော့ လွတ်လပ်စွာ လှုပ်ရှားမှု ပြုနိုင်နေသေးသည်။ သူ့မူလစိတ်ဝိညာဉ်က ခန္ဓာကိုယ်တွင် မရှိရင်လည်း သူ့နယ်ပယ်ကတော့ ဆက်၍ တည်ရှိနေဦးမှာ ဖြစ်၏။

ကောင်းကင်ထက်၌ ရှေးဟောင်း နတ်ဘုရားတစ်ပါး၏ ပုံရိပ်ကြီးပေါ်လာခဲ့၏။ ယင်းနတ်ဘုရားက သေခြင်းရှင်ခြင်း စာလိပ်ကို ဆွဲကိုင်ထားသည်။ သည်ပုံရိပ်က တစ်ချက်လှုပ်လိုက်ရာ စာလိပ်က လုံးဝ ပွင့်လို့သွား၏။

ချက်ချင်းပင် သေခြင်းရှင်ခြင်း စာလိပ်ထဲကနေ မီးခိုးရောင် မြူခိုးတန်းတစ်ခုက ထွက်ပေါ်လာ၏။ ၎င်းက ဧရာမလက်ကြီးထံသို့ ရွေ့လျားသွားခြင်း မရှိဘဲ ထိုအစား ရှေးဟောင်း နတ်ဘုရားနှင့် ပေါင်းစပ်သွား၏။

ရှေးဟောင်းနတ်ဘုရား ခန္ဓာကိုယ်က တုန်ခါနေ၏။ ၎င်းက ကောင်းကင်ဘုံ တမန်တော်နှင့် တူညီသော အော်ရာကို ထုတ်လွှတ်နေသည်။ ၎င်းက ကောင်းကင်ဘုံ တမန်တော်၏ လက်တစ်ဖက်ကို အေးစက်စွာ ကြည့်၍ ၎င်းလက်ကို ကြမ်းကြုတ်စွာ နောက်သို့ ပြန်ဆွဲယူလိုက်သည်။

မျက်နှာတစ်ခုတည်းသာ ထုတ်ဖော်ပြသထားသည့် ကောင်းကင်ဘုံ တမန်တော်က ရှေးဟောင်း နတ်ဘုရား၏ ဆွဲယူခြင်းကို ခံလိုက်ရသည်။

ထူးဆန်းသော မြင်ကွင်းတစ်ခုက ကောင်းကင်ထက်၌ ပေါ်လာခဲ့သည်။ သည်မြင်ကွင်းကတော့ ဧရာမပုံရိပ်ကြီးနှစ်ခု ဖြစ်ပေါ်လာခြင်းပင်။

ဝမ်လင်းမျက်လုံးများက ခုချိန်၌ အလင်းတန်းအလား တည်ရှိနေသည်။သူက ကောင်းကင်ဘုံ တမန်တော်ကို မြင်လိုက်သည့်အခါ မှင်တက်သွားမိ၏။

ကောင်းကင်ဘုံ တမန်တော်၏ ခန္ဓာကိုယ်က ရှေးဟောင်းနတ်ဘုရား ခန္ဓာကိုယ်နှင့် ခြားနားခြင်း မရှိချေ။ သို့သော် ဝမ်လင်းကို တုန်လှုပ်သွားစေသည့် အရာက ကောင်းကင်ဘုံ တမန်တော်၏ နဖူးထက်တွင် တောက်ပသော ကြယ်ခုနှစ်လုံး ရှိနေခြင်းကြောင့် ဖြစ်၏။

သို့ရာတွင် ကြယ်သုံးလုံးက ချိပ်ပိတ်ခြင်း ခံထားရသည်။ သည်သုံးလုံးက အခြားကြယ်များထက် မှိန်ဖျော့လို့နေ၏။

“ဒါ… ဒါက …” ဝမ်လင်းက သည်အရာကို မြင်လိုက်သည့်အခါ သူ့စိတ်ထဲ၌ မယုံနိုင်ဖွယ် အတွေးတစ်ခု ဖြတ်သန်းသွားသည်။

“ဒါက အစစ်အမှန် ပြန်လည် မွေးဖွားခြင်း စက်ဝိုင်း…”

သူက ကောင်းကင်ဘုံ တမန်တော်ကို ပထမဆုံးမြင်လိုက်သည့် အချိန်တုန်းက ၎င်းနှင်ပတ်သက်၍ မေးခွန်းမထုတ်မိချေ။ သို့သော် ခုတစ်ဖန် ထပ်တွေ့မြင်ရသည့်အခါ သူက ရုတ်တရက် တွေးမိလိုက်သည်။ “ပြန်လည်မွေးဖွားခြင်း စက်ဝိုင်းက ကောင်းကင်ဘုံ ဥပဒေသတစ်ခုပဲ ။ ဒီအရာက အလွန်ပဲ သိမ်မွေ့နူးညံသင့်တယ်… တမန်တော် တစ်ယောက်က ဘာကြောင့် တည်ရှိနေရတာလဲ…”

သည်တမန်တော်က ရှေးဟောင်း နတ်ဘုရားတစ်ပါး ဖြစ်လို့နေခဲ့၏။

သူ ယနေ့တွေ့မြင်နေရသည့် အရာအားလုံးက သူစိတ်ကူးထားသည်ထက် ကျော်လွန်နေ၏။ သူက ကောင်းကင်ဘုံ ဥပဒေသ အမှန်တကယ် မည်သည့်အရာ ဖြစ်သည်ကို မေးခွန်းထုတ်နေမိသည်။

ကောင်းကင်ဘုံ တမန်တော်က ဆွဲချခံရပြီးနောက် သူက ပထမဆုံးအကြိမ် အဖြစ် မျက်လုံးပွင့်လာခဲ့သည်။ သူ့မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုတို့ ရှိနေ၏။

သူက သူ့ရှေ့ရှိ ရှေးဟောင်း နတ်ဘုရား၏ ပုံရိပ်ကို စူးစိုက်ကြည့်နေသည်။ သည့်နောက် သူက သူ့ပါးစပ်ကို ဟ၍ စကားပြောဟန် ပြင်လိုက်သည်။ သို့သော် ပြန်ပိတ်သွားခဲ့၏။ သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး လက်ကြီးတစ်ဖက်ကလည်း ဝမ်လင်း၏ နယ်ပယ်ဖြင့် ဖန်တီးထားသည့် ရှေးဟောင်း နတ်ဘုရားထံသို့ လွှဲယမ်း ဝင်‌ရောက်လာခဲ့သည်။

ဘုန်း…။

သည်အသံကက ကောင်းကင်နှင့် မြေကြီးတွင် ပဲ့တင်ထပ်သွားသည်။ သည်နေရာရှိ ကီလိုမီတာ ငါးထောင်အကွာရှိ အရာအားလုံးက တစ်စစီဖြစ်လို့သွားသည်။

ဝမ်လင်းက သည်ကီလိုမီတာ ငါးထောင်အတွင်းရှိ မြေပြင်သည် ဧရာမတွင်းပေါက်ကြီး တစ်ခုလို ဖြစ်နေသည်ကို ရှင်းလင်းစွာ တွေ့နေရ၏။

မပျက်စီးသည့် နေရာဆို၍ ကျိုးယု ရှိနေသော နေရာတစ်ခုသာ ရှိတော့သည်။ ခု ကျိုးယုက မျှော်စင်တစ်ခု၏ ထိပ်ဖျား၌ ရှိနေသကဲ့သို့ ထင်မှတ်ရသည်။

ကျိုးယု၏ ခန္ဓာကိုယ်က နူးညံသော အဖြူရောင် အလင်းတစ်ခုကို ထုတ်လွှတ်လို့နေသည်။

ကောင်းကင်ဘုံ တမန်တော်ကြောင့် ဝမ်လင်းနယ်ပယ်ကြောင့် ဖြစ်ပေါ်နေသည့် ရှေးဟောင်း နတ်ဘုရားပုံရိပ်က နောက်သို့ ခြေလှမ်းများစွာ လွင့်စဉ်သွားခဲ့သည်။ ဝမ်လင်းခန္ဓာကိုယ်က တုန်ယင်သွားပြီး သူ့ပါးစပ်ထောင့်ကနေ သွေးများ ယိုစီးကျလာ၏။ သူ့မလူစိတ်ဝိညာဉ်က ပျက်စီးလုနီးပါး ဖြစ်သွားသည်။

သူက သည်အရာကို တောင့်မခံနိုင်လျှင် လီမူဝမ်၏ စဦးစိတ်ဝိညာဉ်က သေဆုံးသွားတော့မည်ကို သိနေ၏။

ဝမ်လင်း ဖန်တီးထားသော ရှေးဟောင်းနတ်ဘုရားက အကြမ်းပတမ်းရှေ့သို့ ထိုးတက်သွားပြီး ကောင်းကင်ဘုံ တမန်တော်လကို လက်သီးချက်များဖြင့် ထိုးနှက်လေ၏။

ဘန်း…ဘန်း…ဘန်း….။

လက်သီးတစ်ချက် ထိုးလိုက်တိုင်း သည်ဂြိုဟ်သေးက တုန်ခါသွားပြီး သူ့ပါးစပ်ထောင့်မှလည်း သွေးများ ကျဆင်းလာခဲ့သည်။ သည်အခိုက်တွင် ဝမ်လင်းကို ချုပ်နှောင်ထားသော အားက လျော့နည်းသွားသည်။ ထို့အတွက်ကြောင့် သူက သည်အခွင့်အရေးကို ဖမ်းဆုပ်၍ မာန်သွင်းက သည်ချုပ်နှောင်အားကို ဖျက်ဆီးပစ်လိုက်သည်။

“သေစမ်း…” ဝမ်လင်းက ကျယ်လောင် မာန်သွင်းအော်ဟစ်၍ လေထဲသို့ ခုန်တက်ကာ ကောင်းကင်ဘုံ တမန်တော်ကို လက်သီးဖြင့် ထိုးချပစ်သည်။

ကောင်းကင်ဘုံ တမန်တော်မျက်လုံးထဲ၌ ရှုပ်ထွေးမှုတစ်ခု ဖြစ်ပေါ်သွားပြီး သူက လက်ဝှေ့ယမ်းလိုက်သည်။ ဝမ်လင်းက လွင့်စဉ်ထွက်သွားခဲ့ရသည်။ သို့ရာတွင် ဝမ်လင်း၏ လက်သီးချက်ကလည်း တမန်တော် ပေါ်ထံသို့ ကျရောက်လာပြီး ၎င်းသည်လည်း နောက်သို့ ခြေလှမ်းများစွာ တရွတ်ဆွဲသွားရ၏။

ရှေးဟောင်း နတ်ဘုရားက လျင်မြန်စွာဖြင့် ရှေ့သို့တိုးကာ ကောင်းကင်ဘုံ တမန်တော်ကို နောက်တစ်ကြိမ် တိုက်ခိုက်ပြန်သည်။

ဝမ်လင်းကလည်း လွင့်စဉ်သွားရာမှ လျင်မြန်စွာ ပြန်ရောက်လာ၏။သူက သူ့ပါးစပ်ထောင့်ရှိ သွေးများကို လျှာဖြင့်သပ်လိုက်ပြီး မျက်လုံးထဲ၌ တိုက်ပွဲဆာလောင်စိတ်များ ပြည့်နှက်လာသည်။ သူနှင့် သူ့နယ်ပယ်ကြောင့် ဖြစ်ပေါ်နေသည့် ရှေးဟောင်း နတ်ဘုရားတို့က ကောင်းကင်ဘုံ တမန်တော်နှင့် တိုက်ခိုက်နေခြင်း မည်၏။

တမန်တော်က နောက်သို့ ဆက်တိုက် ဆုတ်နေရသည်။ သူ့နဖူးပေါ်ရှိ ကြယ်လေးလုံးကလည်း လင်းလက်လာသည်။ ခုလက်ရှိ တမန်တော်၏ စွမ်းအားက ကြယ်လေးလုံး ရှေးဟောင်း နတ်ဘုရားတစ်ယောက်၏ စွမ်းအားသာ ရှိလို့နေသည်။ “မင်း … မင်းက ငါ့ကလန်က မဟုတ်ဘူး…” ကောင်းကင်ဘုံ တမန်တော်က ပထမဆုံးအကြိမ်အဖြစ် စကားဆိုလာခြင်း ဖြစ်သည်။ ပုံမှန်ကျင့်ကြံသူများက သူ့စကားကို နားလည်နိုင်မည် မဟုတ်ချေ။ အကြောင်းကတော့ တမန်တော်က ရှေးဟောင်းနတ်ဘုရား ဘာသာစကားကို အသုံးပြုခြင်းကြောင့် ဖြစ်လေ၏။

သူပြောတာက မှန်ပေသည်။ ဝမ်လင်းက သည်အခိုက်တွင် ရှေးဟောင်း နတ်ဘုရားဟု ယူဆ၍ မရနိုင်တော့ချေ။ အကြောင်းကတော့ ရှေးဟောင်း နတ်ဘုရားများက ဘယ်တော့မှ ကျင့်ကြံသူများကဲ့သို့ ခန္ဓာကိုယ်အတွင်းပိုင်းကို ကျင့်ကြံခြင်း မရှိကြချေ။ ရှေးဟောင်း နတ်ဘုရားခေတ်ကတည်းက ခုချိန်ထိ မည်သည့်ရှေးဟောင်း နတ်ဘုရားကမျှ နယ်ပယ်တစ်ခု မပိုင်ဆိုင်နိုင်ကြချေ။

“ငါက မင်းကလန်က ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာက အရေးမကြီးဘူး။ ငါက မင်းကို ငါ့လက်ထဲကနေ လီမူဝမ်ရဲ့ စဦးစိတ်ဝိညာဉ် ယူဆောင်သွားမှာ ခွင့်မပြုနိုင်ဘူး…” ဝမ်လင်းက ရှေးဟောင်း ဘာသာစကားဖြင့် ပြန်လည် အော်ပြောလိုက်သည်။ သည့်နောက် သူက လက်သီးတစ်လုံး ပစ်သွင်းလိုက်ပြန်သည်။

ကောင်းကင်ဘုံ တမန်တော်က နောက်သို့ ကြမ်းတမ်းစွာ ဆုတ်သွားရပြန်၏။

ရှေးဟောင်း နတ်ဘုရားပုံရိပ်ကလည်း သည်တိုက်ခိုက်မှု ပြီးသည်နှင့် ရောက်ရှိလာခဲ့၏။

ကျိုးယုပတ်လည်ရှိ အဖြူရောင် အလင်းကလည်း ပို၍ အားကောင်းလာခဲ့သည်။

ကျိုးယုခန္ဓာကိုယ်ထဲကနေ ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာ၏။

“ဝမ်လင်း…နင်… ငါ့ကိုလိမ်တယ်…”

သည်အသံက ဝမ်လင်း ဆယ့်ကိုးနှစ်လုံးလုံး မကြားခဲ့ရသည့် လီမူဝမ်၏ အသံပင် ဖြစ်လေ၏။

ဝမ်လင်းခန္ဓာကိုယ်က တုန်ခါသွားပြီး သူက ရုတ်တရက် ပြန်လှည့်ကြည့်လိုက်သည်။ သူက သူမြင်လိုက်ရသည့် အရာကြောင့် ပူဆွေးသောက ဖြစ်လို့နေသည်။

“ဝမ်အာ…နင်…”

သူက ကျိုးယုပတ်လည်၌ ဝန်းရံနေသည့် အဖြူရောင်အလင်းက တောက်ပသည်ထက် တောက်ပလာနေသည်ကို မြင်လိုက်ရ၏။ သူမ၏ စိတ်ဝိညာဉ်က ကျိုးယုခန္ဓာကိုယ်ထဲ ကနေ အတင်းထွက်နေပြီး ဘေးတစ်ဖက်သို့ ညင်သာစွာ ကျလာခဲ့သည်။

“ဝမ်လင်း …ဝမ်အာက အစ်ကိုဝမ်ကို တွေ့မြင်ချင်ပြီး အတူလည်း ရှိချင်ပါတယ်။ ဒါပေမဲ့ ဝမ်အာက သေဖို့ပဲ ရွေးရလိမ်မယ်။ သည်ကလေးမရဲ့ စိတ်ဝိညာဉ်ကို ဝမ်အာ ပြန်လည်နိုးထလာနိုင်ဖို့ ဝါးမျိုပစ်ရမယ်ဆိုရင် ဒါက အရမ်းကို အကြင်နာမဲ့ ရက်စက်ရာ ကျလွန်းပါတယ်။ ငါက ဒီကလေးလေး ကြီးပြင်းလာတဲ့ ဆယ့်ကိုးနှစ်လုံးကို မြင်တွေ့နေခဲ့ရတာပါ။ အစ်ကိုဝမ်… ငါမှာ ဒီလိုလုပ်နိုင်တဲ့ နှလုံးသား မရှိဘူး …ဝမ်အာက တကယ်ပဲ ထုံအပါတယ်။ ဝမ်အာ… အစ်ကိုကို ထားခဲ့ရတော့မယ်…”

လီမူဝမ် နိုးထလာသည့် အခိုက်တွင် သူမက ကျိုးယု၏ စိတ်ဝိညာဉ်အား ဝါးမျိုနေမှုကို ရပ်တန့်ခဲ့သည်။ သူမ၏ စဦး စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး ကျိုးယုလေး၏ စိတ်ဝိညာဉ်ကို သူမ ခန္ဓာကိုယ်ကနေ အပြင်သို့ အတင်း တွန်းထုတ်ပေးခဲ့၏။

ကျိုးယုစိတ်ဝိညာဉ် မရှိသည့်အခါ သူမခန္ဓာကိုယ်က သေခြင်းအော်ရာတစ်ခု ဝန်းရံလာတော့သည်။ လီမူဝမ်၏ စဦးစိတ်ဝိညာဉ် နိုးထလာသည့်အချိန်တွင် ကောင်းကင်ဘုံ ဥပဒေသကို မြင်သာအောင် ဖော်ပြလိုက်သကဲ့သို့ ဖြစ်သွားခဲ့၏။

ဝမ်လင်းက ကျိုးယုခန္ဓာကိုယ်နားသို့ လျင်မြန်စွာ ရောက်ရှိလာပြီး သူမ၏ မျက်ခုံးနှစ်ခုကြားကို လက်ညွှန်လိုက်သည်။ သည်အချိန်မှာပဲ လီမူဝမ်၏ စဦးစိတ်ဝိညာဉ်က ကျိုးယုခန္ဓာကိုယ်ကနေ ထွက်လာခဲ့တော့၏။

သူမက မျက်လုံးဖွင့်လာပြီး ဝမ်လင်းကို ကြည့်သည့်။ သူမအကြည့်ထဲ၌ လွန်ခဲ့သော ဆယ့်ကိုးနှစ် မတိုင်ခင်တုန်းကလိုပင် ညင်သာနူးညံမှုများ ပြည့်လို့နေခဲ့သည်။

လီမူဝမ်က ညင်သာစွာ ပြောလိုက်၏။ “ငါ့ကို ကတိပေးပါ။ နင့်ကိုယ်နင် သေချာ ဂရုစိုက်ပါ့မယ်လို့ ကတိပေးပါ…” သူမက လက်မြှောက်၍ ဝမ်လင်း၏ ခန္ဓာကိုယ်၏ ကိုယ်ငွေ့ကို ခံစားမိသည်။ သိူ့သော် သူမက ဝမ်လင်းခန္ဓာကိုယ်ကို ထိခါနီးတွင် သူမလက်က ဘာမှဆုပ်ကိုင်မိခြင်း မရှိ ဖြစ်ရသည်။

သူမမျက်နှာပေါ်၌ ဝမ်းနည်းမှုတစ်ခု ဖြစ်ပေါ်လာ၏။ သူမက ဝမ်လင်းကို ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ “ကျိုးယုလေးက အလေးပဲ ရှိပါသေးတယ်။ သူမကို ခက်ခဲအောင် မလုပ်ပါနဲ့။ ဒါက ငါ့ရွေးချယ်မှုပဲ…”

သည်အချိန်မှာပင် ကောင်းကင်ဘုံ တမန်တော်က ရှေးဟောင်း နတ်ဘုရား ပုံရိပ်ကို ဖြတ်ကျော်၍ ဝမ်လင်းဘေးသို့ ရောက်လာခဲ့သည်။ သူက လှည်းဘီးထံသို့ လက်ဆန့်တန်းလိုက်ပြီး အလုပ်ရှုပ်သွားလေ၏။ သည့်နောက် ပြန်လည်မွေးဖွားခြင်း စက်ဝိုင်းက နောက်တစ်ကြိမ် ပြန်ပေါ် လာခဲ့တော့သည်။

သည်လှည်းဘီးထံကနေ ပြင်းထန်သော စုပ်ယူအားတစ်ခု ထွက်ပေါ်လာပြီး လီမူဝမ်ထံသို့ ရောက်လာခဲ့၏။

ဝမ်လင်းက ရုတ်တရက် ခေါင်းမော့ကြည့်သည်။ သူ့မျက်လုံးများက အလွန်တရာ အေးစက်နေပြီး ပြောလိုက်သည်။ “ငါ့ခွင့်ပြုချက်မရှိဘဲနဲ့ … မင်းက အစစ်အမှန်ကောင်းကင်ဘုံ ဥပဒေသမဟုတ်တာ မေ့နေတာလား။ ဒါမှမဟုတ် မင်းက အစစ်အမှန်ဖြစ်နေတယ် ဆိုရင်တောင် ငါ့ထံကနေ သူမကို ခေါ်သွားဖို့ မစဉ်းစားပါနဲ့…”

သူက မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်လိုက်ရာ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်းပုတီးစေ့ ထွက်ပေါ်လာ၏။ သက လက်ဝှေ့ယမ်းလိုက်ရာ လီမူဝမ်၏ စဦးစိတ်ဝိညာဉ်က ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲသို့ ဝင်ရောက်သွား၏။ သည့်နောက် သည်ပုတီးစေ့က သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက် သွားတော့သည်။

ကောင်းကင်ဘုံ တမန်တော်က ဝမ်လင်းထံသို့ တွေးတောနေသည့် ဟန်ဖြင့် ကြည့်လိုက်သည်။ သူ့မျက်လုံးထဲ၌လည်း စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်လို့နေ၏။ သည့်နောက် တမန်တော်၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ မျက်စိတစ်မှိတ်အတွင်း တိမ်တိုက်များနှင့် လှည်းဘီးပါ ပျောက်ကွယ် သွားတော့သည်။

ဝမ်လင်းက ကျိုးယုခန္ဓာကိုယ်ကို စူးစိုက်ကြည့်လိုက်ပြီး အရူးတစ်ယောက်လို စတင် ရယ်မောနေတော့သည်။ သူ့ရယ်သံထဲ၌ ရူးသွပ်မှုနှင့် ဝမ်းနည်းမှုတို့ ပါဝင်လို့နေ၏။

“ငါ…ဝမ်လင်းက ကောင်းကင်ဘုံကို ဆန့်ကျင်ပြီး ပြန်လည်မွေးဖွားခြင်း စက်ဝိုင်းနဲ့ နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့တယ်။ ဒါပေမဲ့ ငါက အဆုံးသတ်မှာ ကောင်းကင်ဘုံရဲ့ ဆန္ဒအောက်မှာ ရှုံးနိမ့်ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိဖူး…။ ကောင်းကင်ဘုံဆန္ဒ… ကောင်းကင်ဘုံဆန္ဒက တကယ့်ကို အကြင်နာကင်းပြီး ရက်စက်လှတယ်…”

ဝမ်လင်းက ကျိုးယုလေး စိတ်ဝိညာဉ်ကို လက်ညွှန်လိုက်ပြီး ၎င်းကို သူမခန္ဓာကိုယ်ထဲသို့ ပြန်ထည့်လိုက်၏။ သည့်နောက် သူက ရူးသွပ်စွာ ရယ်မော၍ လေထဲသို့ ခုန်တက်လိုက်သည်။ သူ့နောက်တွင်တော့ ဝမ်းနည်းဖွယ် ရယ်မောသံက ပဲ့တင်ထပ်ကာ ကျန်နေခဲ့တော့၏။

ဝမ်လင်း ထွက်ခွာသွားပြီးနောက် အဖြူကောင်လေးက ဂရုတစိုက်ပျံသန်း၍ ရောက်လာခဲ့သည်။ သူက အစတုန်းက ဝမ်လင်း၏ ချိပ်ပိတ်ထားခြင်းကို ခံထားရသော်လည်း သည်တိုက်ပွဲအတွင်း သူ့ချိပ်ပိတ်မှုက ပြိုကွဲသွားခဲ့၏။ သူက ဝမ်လင်း ထွက်ခွာသွားသည်ကို တွေ့မှသာ သည်နေရာသို့ ရောက်လာဝံ့ခြင်း ဖြစ်သည်။ သူ့မျက်လုံးထဲ၌ ဝမ်းနည်းမှုများ ပြည့်နေပြီး သူက ကျိုးယုလေးမျက်နှာကို လျှာဖြင့် သပ်လိုက်သည်။

ကျိုးယုက ခပ်တိုးတိုး ပြောလိုက်၏။ “အဖြူကောင်လေး… ငါ့ကို မနှောင့်ယှက်တော့နဲ့ … ငါအိပ်ချင်နေပြီ…”

အဖြူကောင်လေးက မှင်တက်သွားလေ၏။ သူက ချက်ချင်းပင် ပျော်ရွှင်စွာ ဟိန်းသံပေး၍ ကျိုးယုလေး၏ အင်္ကျီစကို ကိုက်ကာ သူမကို ခေါ်သွားလေတော့သည်။

သည်ဂြိုဟ်သေးပေါ်၌ ရူးသွပ်သည့် လူတစ်ယောက် ထွက်ပေါ်လာသည်။ သူ့ဆံပင်များက ဖွာလန်ကြဲနေပြီး သူက စကားနှစ်ခွန်းကိုသာ ထပ်တလဲလဲ ရေရွတ်နေ၏။ “ကောင်းကင်ဘုံ ဆန္ဒ…”

“ကောင်းကင်ဘုံဆန္ဒ… ငါ… ဝမ်လင်းက ကောင်းကင်ဘုံ ဥပဒေသကို ဆန့်ကျင်အနိုင်ယူခဲ့ပေမဲ့ ကောင်းကင်ဘုံဆန္ဒရဲ့ ကစားတာကို ခံနေရတုန်းပဲ…”

တစ်နှစ်ခန့်ကြာပြီးနောက် သည်ဂြိုဟ်သေး၏ အရှေ့ဘက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းနေသော ညတစ်ည၌ ရူးသွပ်နေသော လူတစ်ယောက်က တောင်ခပ်မြင့်မြင့်၏ ထိပ်ဖျားတွင် မတ်တတ်ရပ်လို့နေသည်။

မိုးများက မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရွာသွန်းကျလျက် ရှိနေသည်။ သူ့ခန္ဓာကိုယ်ပေါ်သို့လည်း မိုးများ ရွာသွန်းကျနေပြီး မိုးရေများက သူ့ရင်ဘတ်ပေါ်ကနေ တစ်ဆင့် မြေပြင်သို့ လိမ့်ဆင်းကျလို့နေ၏။

“ရှင်သန်ခြင်းကဘာလဲ…သေဆုံးခြင်းကဘာလဲ…”

“ငါ…ဝမ်လင်းက ငါ့ဘဝတစ်လျှောက်လုံးကို သတ်ဖြတ်သူ တစ်ယောက်အဖြစ် ကုန်ဆုံးစေခဲ့တယ်။ အဲဒီနောက်မှာ ငါက သေမျိုးတစ်ယောက်အဖြစ် နေထိုင်ခဲ့ချိန်မှာတော့ ကောင်းကင်နဲ့မြေကြီးရဲ့ ဥပဒေသကို နားလည်ခဲ့တယ်။ မိုးစက်တွေကို ကောင်းကင်က မွေးဖွားပေးပြီး မြေပြင်မှာ အဆုံးသတ်ခဲ့ရတယ်…”

“စီနီယာ‌ ကျောက်ရီရဲ့ ရူးသွပ်စွဲလမ်းမှုကြောင့် ကောင်းကင်ဘုံ နယ်မြေက အမျိုးသမီးအလောင်းက နိုးထလာခဲ့ရတယ်။ သူတို့နှစ်ယောက်ကြားက စိတ်ခံစားချက်က… စီနီယာကျောက်ရီ အသက်ရှင်ရင် သူမ သေရတယ်။ သူသေရင် သူမ အသက်ရှင်လိမ့်မယ်…။ ဒါတွေအားလုံးက ငါ့ကို ရှင်သန်ခြင်းက ရှင်သန်ခြင်း မဟုတ်ဘူးနဲ့ သေဆုံးခြင်းက သေဆုံးခြင်းမဟုတ်ဘူး ဆိုတဲ့ ဘဝရဲ့ သေခြင်းရှင်ခြင်းနဲ့ ပတ်သက်ပြီး နားလည်စေခဲ့တယ်…”

ဘေးကပ်ဆိုးတစ်ခုကို ဖြတ်ပြီး ရှင်သန်နိုင်ခဲ့ခြင်းကလည် ငါ့ဘဝကို အများကြီး ပြောင်းလဲပေးခဲ့တယ်။ ကျိုးယုလေးက သေခြင်းရှင်ခြင်းကြားမှာ ရောက်ခဲ့ရတယ်။ ဝမ်အာရဲ့ ရှင်သန်ခြင်းကပဲ သေဆုံးခြင်းတစ်ခုကို ဖြစ်စေပြီး သူမရဲ့ သေဆုံးခြင်းကလည်း ရှင်သန်ခြင်းတစ်ခုကို ဖြစ်စေခဲ့တယ်…။

“ဒီဆယ့်ကိုးနှစ်ပြီးတဲ့ အခါမှာတော့… ဝမ်အာက ငါ့ကို နားလည်စေခဲ့တယ်… ငါက ဒီကမ္ဘာကြီးထဲမှာ ဆုံးရှုံးသွားတဲ့ အရာတွေကို ဆုံးရှုံးတဲ့အတိုင်း ရှိနေစေသင့်တယ်။ တည်ရှိနေတဲ့ အရာကလည်း ဒီအတိုင်း ဆက်ပြီး တည်ရှိနေမှာပဲ…”

“ဒီမိုးတွေက ကောင်းကင်ကနေ မွေးဖွားပေးလိုက်ပေမဲ့ မြေကြီးပေါ် ရောက်လာခဲ့အခါ သူတို့က သေဆုံးသွားတာမှ မဟုတ်ပဲ။ ဒီမိုးတွေက နောက်ထပ် ဘဝသစ်တစ်ခုကို ထပ်ရသွားတာပဲ ဖြစ်တယ်…။ ဒီမိုးရေတွေက အပင်တွေကြီးထွားဖို့ အတွက် အကူအညီ ပေးလိမ့်မယ်…။ အဲဒီနောက် ဒီအပင်တွေကနေ တိမ်တိုက်တွေအဖြစ် ပြောင်းသွားဦးမှာပဲ၊ ဒီပြောင်းလဲမှုက ဘဝရှင်သန်ခြင်းပဲလေ…”

“ငါက ငါ့မိဘတွေရဲ့ စိတ်ဝိညာဉ်နဲ့ နင်ထွက်ခွာသွားမှာကို လွှတ်မပေးခဲ့ဘူး။ အမှန်တော့ ငါက ငါ့မိဘတွေနဲ့ နင့်အပေါ်မှာ တာဝန်မကျေခဲ့တာပဲ။ ငါက ဒါကို အမြဲ မေ့လျော့နေခဲ့တယ်…”

သည့်နောက် ဝမ်လင်းမိဘနှစ်ပါး၏ စိတ်ဝိညာဉ်က သူ့မျက်ခုံး နှစ်ခုကြားကနေ ထွက်ပေါ်လာ၏။ သူတို့က ဝမ်လင်းကို ညင်သာနူးညံစွာ ကြည့်၍ ပျောက်ကွယ်သွားတော့၏။ သူတို့က သေဆုံးခြင်းမဟုတ်ဘဲ နောက်ထပ် မတူညီသည့် ဘဝတစ်ခုသို့ ဝင်ရောက်သွားခြင်းပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset