တကယ်တော့ ဝမ်လင်းက လီမူဝမ်ကို လိမ်ခဲ့ခြင်း ဖြစ်သည်။
သူက လီမူဝမ်ကို ကာကွယ်ပေးနိုင်ပြီး ကျိုးယုလေး၏ စိတ်ဝိညာဉ်ကိုလည်း အထိခိုက်မခံရသည့် နည်းလမ်းကို မစဉ်းစားနိုင်ခဲ့ချေ။
သူက ကျိုးယု၏ စိတ်ဝိညာဉ်ကို စောစီးစွာ ဆွဲထုတ်ထားလိုက်ရင် သေခြင်းအော်ရာက လီမူဝမ်၏ စဦးစိတ်ဝိညာဉ်ကို အလွန်အန္တရာယ် ဖြစ်စေလိမ့်မည် ဖြစ်သည်။ သူမ၏ စဦးစိတ်ဝိညာဉ်က တောင့်ခံနိုင်မည် ဆိုရင်တောင် ၎င်းက ပြင်းထန်စွာ ဒဏ်ရာရပြီး သိပ်မကြာခင်တွင် ပျက်စီးကွဲကြေတော့မည့် အလား ဖြစ်သွားပေလိမ့်မယ်။
နောက်တစ်ချက်က ကျိုးယုလေး စိတ်ဝိညာဉ်ကို ဖယ်ရှားလိုက်သည်နှင့် ကောင်းကင်ဘုံ တမန်တော် ဆင်းသက် လာနိုင်ပေသည်။ ကျိုးယုစိတ်ဝိညာဉ်က လီမူဝမ်စဦး စိတ်ဝိညာဉ်ပေါ်၌ ဖုံးထားခြင်းမရှိလျှင် လီမူဝမ်က ကောင်းကင်ဘုံရှေ့၌ ပြန်၍ ပေါ်လာမည် ဖြစ်သည်။
သည်အခါကျလျှင် လီမူဝမ် စဦးစိတ်ဝိညာဉ်က အပြည့်အဝ ပြန်မကောင်းမွန်သေးသည့် အတွက် ကောင်းကင်ဘုံ ဥပဒေသက သူမအပေါ်၌ ကြီးစွာ သက်ရောက်မှု ရှိနေဆဲ ဖြစ်ပေလိမ့်မည်။
သူ့မူလအစီအစဉ်က ခုလိုမျိုး မဟုတ်ချေ။ လီမူဝမ် စဦးစိတ်ဝိညာဉ်က သည်ကလေး၏ အသွေးအသားနှင့် ပေါင်းစပ် သွားစေလိုခဲ့ခြင်း ဖြစ်သည်။ သည်လိုဖြစ်လာခဲ့လျှင် သူမစိတ်ဝိညာဉ်က ကလေးငယ်ကို ပိုင်ဆိုင်သွားခဲ့မည်ဖြစ်၏။ ထိုအခါ သူမက ကောင်းကင်ဘုံ ဥပဒေသကို ရှောင်ကွင်းနိုင်လိမ့်မည် ဖြစ်၏။
သို့သော် ခုချိန်၌ အရာအားလုံးက ပြောင်းလဲသွားပြီ ဖြစ်၏။ လီမူဝမ်က ကျိုးယုစိတ်ဝိညာဉ်ကို ဝါးမျိုခြင်းအပြင် သည်ပြောင်းလဲသွားမှုကို ဖြေရှင်းနိုင်သည့်အရာ မရှိတော့ချေ။
သည်ရလဒ်ကြောင့် သည်လေးနှစ်အတွင်း ဝမ်လင်းက အသည်းအသန် ရုန်းကန်ခံစားခဲ့ရပြီး သေလောက်အောင် ကြောက်ရွံ့ခဲ့ရ၏။
ဝမ်လင်း နှလုံးသားထဲ၌ မည်သည့်အရာက ပိုအရေးကြီးသည်ကို ရှင်းလင်းစွာ သိ၏။ သူက ကျိုးယုကို စတေးပြီး လီမူဝမ် နိုးထလာနိုင်ရန်ကို ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်၏။
သည်ရွေးချယ်မှုက အလွန်ရက်စက်လှပြီး ဝမ်လင်းသည်လည်း အလွန်နာကျင်စွာ ခံစားခဲ့ရသည်။ သို့ရာတွင် ဝမ်လင်းက နှစ်ငါးရာကျော် ကျင့်ကြံပြီးသည့် မွန်းစတားအိုကြီး တစ်ယောက် ဖြစ်နေသည်မဟုတ်လား။ သည်လေးနှစ်တာ ဆုံးဖြတ် ရုန်းကန်ပြီးနောက် သူ့နှလုံးသားက သံမဏိလို ခိုင်မာနေခဲ့ပြီ ဖြစ်၏။
ဝမ်လင်းက အကွာအဝေးတစ်ခုရှိ ကျောက်တုံးပေါ်တွင် ထိုင်နေသော ကျိုးယုလေးကို ကြည့်သည်။ သည့်နောက် သူက သူ့ကိုယ်သူ တွေးလိုက်သည်။ “ကျိုးယု … ငါက ဒီကြင်နာမှုကို ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူး။ ငါက နင့်မိသားစုရဲ့ အသက်တွေကို နောက်မျိုးဆက် ဆယ်ခုအထိ ကောင်းမွန်အောင် သေချာပေါက် လုပ်ပေးမှာပါ။ သူတို့က ချူနိုင်ငံမှာ အုပ်ချုပ်သူ ဖြစ်လာရမယ်…”
ကျိုးယုက ဝမ်လင်းစကားကို ကြားသည့်အခါ သူမခန္ဓာကိုယ်လေးက တုန်ခါနေပြီး သူ့ထံသို့ ပြေးဝင်လာခဲ့သည်။ သူမမျက်လုံးထောင့်မှ မျက်ရည်စများ တရစပ် ကျဆင်းနေ၏။ သို့သော် သူမမျက်နှာပေါ်၌မူ အပြုံးတစ်ခု တပ်ဆင်ထား၏။
သည်နှစ်နှစ်က တဖြည်းဖြည်းဖြင့် တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးလာခဲ့သည်။ ကေင်းကင်ဘုံ တမန်တော် ရောက်လာမည့်နေ့ကလည်း ပိုပို၍ နီးကပ်လာခဲ့၏။
သည်ဂြိုဟ်သေးပေါ်သို့ ရောက်လာပြီးနောက် ဝမ်လင်းက ဟင်္သာပြဒါးဂြိုဟ်သို့ မပြန်ခဲ့ချေ။ သည့်အတွက်ကြောင့် သူက ဟင်္သာပြဒါးနိုင်ငံတွင် ဖြစ်ပျက်နေသော ကြီးမားသည့် ပြောင်းလဲမှုများကိုလည်း မသိချေ။
ခုလက်ရှိ ဟင်္သာပြဒါးနိုင်ငံက မီးတောက်မီးလျှံများ ဖုံးလွှမ်းနေသော စစ်ပွဲထဲသို့ ရောက်လို့နေ၏။
စွန့်ပစ်ခံ မသေမျိုးကလန်က သစ်ရွက်ကိုးရွက် နတ်ဆရာကိုးယောက်နှင့် အတူ လှုပ်ရှားလာခဲ့သည်။ သူတို့က အာဏာတက်ခြင်း အဆင့်ကျင့်ကြံသူများနှင့် အဆင့်တူကြသည်။ စွန့်ပစ်ခံ မသေမျိုးကလန်နှင့် ဟင်္သာပြဒါးနိုင်ငံ၏ စစ်ပွဲက စတင်လေပြီ။
တစ်ချိန်တည်းမှာပင် ထိတ်လန့် တုန်လှုပ်စေနိုင်သည့် သတင်းစကားများက ဟင်္သာပြဒါးဂြိုဟ်အနှံ့ ပျံ့နှံ့လျက်ရှိသည်။ သည်သတင်းအများစုထဲ၌ စကားတစ်ခွန်း ပါဝင်နေ၏။ “သစ္စာဖောက်ခြင်း”
များစွာသော ကျင့်ကြံခြင်း ဦးသျှောင်နိုင်ငံများနှင့် ကလန်များ၏ ဘိုးဘေးများက ဟင်္သာပြဒါးနိုင်ငံကို သစ္စာဖောက်ခဲ့ကြသည်။
သည်သစ္စာဖောက်မှုများက စစ်ပွဲ၏ ဗဟိုချက်ဖြစ်လာ၏။ သည့်အတွက်ကြောင့်လည်း ဟင်္သာပြဒါးနိုင်ငံ အကြိမ်ပေါင်းများစွာ ဆုတ်ခွာခဲ့ရသည်။
အခုချိန်တွင် ကောလာဟလ တစ်ခုက ဟင်္သာပြဒါးဂြိုဟ်ပေါ်၌ ပျံ့နှံ့လျက်ရှိသည်။
မရေမတွက်နိုင်သော နှစ်များစွာကတည်းက စွန့်ပစ်ခံ မသေမျိုးကလန်က နည်းစနစ်တစ်ခုကို အသုံးပြုခဲ့သည်။ သူတို့၏ ကလန်အဖွဲ့ဝင်များကို စတေးပြီး သူတို့က ကလန်အဖွဲ့ဝင် တစ်ယောက်ကို ကျင့်ကြံသူ တစ်ယောက်အဖြစ် ပြောင်းလဲပေးခဲ့ခြင်း ဆိုသည့် အကြောင်းပင် ဖြစ်ချေ၏။
မရေမတွက်နိုင်သော နှစ်များက စွန့်ပစ်ခံမသေမျိုး ကလန်က မတူညီသော လူကိုးယောက်ကို အသွင်ပြောင်းလဲ ပေးခဲ့သည်ဟု ဆိုကြ၏။ သည်လူကိုးယောက်က စွန့်ပစ်ခံ မသေမျိုးကလန်၏ ခန္ဓာကိုယ်များ မရှိသဖြင့် သူတို့က ချိပ်ပိတ်ခြင်းကို မခံရပဲ အပြင်သို့ထွက်ကာ အမျိုးမျိုးသော ကလန်များသို့ ဝင်ရောက်ခဲ့ကြသည်ဟု ဆိုကြသည်။
သည်အရာက သည်စစ်ပွဲတွင် စွန့်ပစ်ခံ မသေမျိုးကလန်၏ အားအကောင်းဆုံး ဝှက်ဖဲကဒ်တစ်ခု ဖြစ်လာခဲ့သည်။
ဝမ်လင်းရှိနေသော ဂြိုဟ်သေးက ဟင်္သာပြဒါးဂြိုဟ်ထက် အဆများစွာ ငြိမ်သက် တိတ်ဆိတ်နေသည်။ ဝမ်လင်းအတွက် ကံကြမ္မာ ပြောင်းလဲပေးနိုင်သည့်နေ့ ရောက်လာရန် သုံးလကျော်သာ လိုတော့၏။
ကျိုးယုလေးက သည်တစ်နှစ်လုံးစကား တစ်ခွန်းမှ မပြောချေ။ တစ်ချိန်လုံး သူမက အိပ်စက်ခြင်းဖြင့် ကုန်ဆုံးစေခဲ့သည်။
အဖြူကောင်လေးက သူမဘေးတွင် ရှိနေတုန်းပင်။ သူ့မျက်လုံးထဲရှိ ဝမ်းနည်းမှုကလည်း တစ်နေပြီးတစ်နေ့ ပိုအားကောင်းလာခဲ့သည်။
ခရမ်းကောင်လေးကတော့ ဖြစ်ပျက်နေသည်များကို လုံးဝ နားလည်ခြင်း မရှိချေ။ ထို့ကြောင့် သူက မြေပေါ်တွင်လှဲ၍သာ ကျိုးယုနှင့် အဖြူကောင်လေးကို စိတ်ရှုပ်ထွေးစွာ ကြည့်နေ၏။
ဝမ်လင်းက နတ်ဘုရားအာရုံဖြင့် ကျိုးယုလေး ခန္ဓာကိုယ်ပေါ်၌ ချမှတ်ထားပြီး လီမူဝမ်၏ စဦးစိတ်ဝိညာဉ်ကို စောင့်ကြည့်လျက်ရှိသည်။ သူက ကောင်းကင်ဘုံ တမန်တော်နှင့် အချိန်မရွေး ရင်ဆိုင်နိုင်ရန် သူ့ကိုယ်သူ အသင့်ပြင်ဆင်ထားလျက် ရှိ၏။
သူ့မူလခန္ဓာကိုယ်က သည်ဂြိုဟ်သေး၏ အလယ်ဗဟိုချက်တွင် ကျင့်ကြံနေဆဲပင်။ သူက ကောင်းကင်ဘုံ တမန်တော်နှင့် ရင်ဆိုင်ရာတွင် သူ့ကိုယ်သူ ရှုံးနိမ့်ခွင့် ပြုမည် မဟုတ်ချေ။
ကျိုးယုက အိပ်ပျော်နေစဉ်တွင် တစ်ခါတစ်ရံ ထထယောင်တတ်၏။ သူမက ခုထိ “ဦးလေး … ငါအရမ်းကြောက်တယ်…” ဆိုသည့်စကားကို ပြောနေတုန်းပင်။
သူက သည်လိုပြောသည့် အချိန်တိုင်း မျက်ရည်များ ကျဆင်းလာလေ့ရှိသည်။
ဆယ့်ကိုးနှစ်အရွယ် ကျိုးယုလေးက အရွယ်ရောက်လာခဲ့ပြီ မဟုတ်လား။ သူမက စွဲညှို့စွာဖြင့် မလှပသော်လည်း အပြစ်ကင်းစင်ပြီး သန့်စင်စွာ လှပလို့နေသည်။
ကျိုးယုလေးက နောက်ဆုံး လတစ်လလုံး အိပ်စက်ခြင်းဖြင့် ကုန်ဆုံးစေ၏။
သူမက သည်လတွင် တစ်ကြိမ်ပင် နိုးလာခြင်း မရှိချေ။ လီမူဝမ် စဦးစိတ်ဝိညာဉ်က သူမကို စတင် ဝါးမျိုလာနေခဲ့သည်။
အဖြူကောင်လေးနှင့် ခရမ်းကောင်လေးတို့က လီမူဝမ်၏ စိတ်ဝိညာဉ် နိုးထလာမှုကို မနှောင့်ယှက်နိုင်ရန် ဝမ်လင်းက ချိပ်ပိတ်လို့ထား၏။ သူက ခုချိန်တွင် ကျိုးယုလေး၏ ဘေးတွင် ရှိလို့နေသည်။ သည်မိန်းကလေးကို ကြည့်တိုင်း သူ့နှလုံးသားက အလွန်တရာ နာကျင်စွာ ခံစားရသည်။
“ဦးလေး … နင်က ဘယ်သူလဲ…”
“ဦးလေး…ငါ့ကို ကယ်တဲ့အတွက် ကျေးဇူးတင်ပါတယ်…”
“ဦးလေး…ကျိးယုကို ကျားကြီးတစ်ကောင် ဖမ်းပေးမယ်လို့ ကတိပေးခဲ့တယ်နော် …”
“ဦးလေး ကျိုးယု အရမ်းကြောက်တယ်။ ဦးလေး ကျိုးယုခန္ဓာကိုယ်ထဲက လူသေးသေးလေးကို ထုတ်ပေးနိုင်မလား…”
သူ့စိတ်ထဲ၌ ကျိုးယုလေးနှင့် ပတ်သက်သည့် မှတ်ဉာဏ်များက တဖျတ်ဖျတ် ပေါ်လာနေခဲ့သည်။ ခဏအကြာတွင် ဝမ်လင်းက သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။
အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာနေပြီး နောက်ဆုံးလကလည်း အဆုံးသတ်ခါနီး လာခဲ့လေပြီ။
နောက်ဆုံးနေ့သို့ ရောက်လာခဲ့လေ၏။ ဝမ်လင်းက လီမူဝမ်၏ စိတ်ဝိညာဉ်သည် နိုးထလာသည်ကို ခံစားလိုက်ရသည်။ သူမက ခုလက်ရှိတွင် ကျိုးယုစိတ်ဝိညာဉ်ကို ဝါးမျိုလို့နေ၏။
မီးခိုးရောင်တိမ်များက ရုတ်တရက် သည်ဂြိုဟ်သေး၏ ကောင်းကင်ထက်၌ ပေါ်လာခဲ့သည်။ သည်တိမ်များက စတင်စုဝေးလာကြ၏။
သည်တိမ်များကြား၌ မျက်လုံးတစ်စုံ ပေါ်ထွက်လာသည်။ ဝမ်လင်းက သည်မျက်လုံးတစ်စုံကို ရင်းနှီးစွာ သိလေ၏။
လွန်ခဲ့သော ဆယ့်ကိုးနှစ်တုန်းကလို ကောင်းကင်ဘုံ တမန်တော်က တစ်ဖန် ဆင်းသက်လာပြန်၏။
သည်မျက်လုံး တစ်စုံထံမှ အကြည့်က ဝမ်လင်းကို ကျော်၍ ကျိုးယုထံသို့ ကျရောက်လာ၏။ သည်မျက်စလုံးတစ်စုံက တောက်ပသွားခြင်းနှင့် အတူ ဧရာမလက်ကြီး တစ်ဖက်က သူမထံသို့ ဆန့်တန်းလာ၏။
ဝမ်လင်းမျက်လုံးက လက်ခနဲဖြစ်သွား၏။ သူက တုံ့ဆိုင်းခြင်းမရှိဘဲ လေထဲသို့ ခုန်တက်၍ ဧရာမလက်ကြီးကို လက်ညွှန်လိုက်သည်။
သည်အခိုက်တွင် သေခြင်းရှင်ခြင်း စာလိပ်က ကောင်းကင်ထက်၌ ပေါ်လာခဲ့၏။ ဝမ်လင်းက အော်ဟစ်လိုက်၏။
ထိုအခါ သေခြင်းရှင်ခြင်း စာလိပ်ထံကနေ မီးခိုးရောင် အမျှင်တန်းများ ထွက်ပေါ်လာပြီး ဝမ်လင်းရှေ့၌ စုဝေးလာခဲ့သည်။ ဧရာမလက်ကြီးကလည်း ရောက်ရှိလာပြီး မီးခိုးရောင် အခိုးငွေ့များနှင့် ထိပ်တိုက် တွေ့ဆုံကြသည်။
ဘုန်း…။
သည်ဧရိယာတွင် ပြင်ပအက်ကွဲသံများ ပဲ့တင်ထပ်သွား၏။ သေခြင်းရှင်ခြင်း စာလိပ်မှ မီးခိုးရောင်အခိုးငွေ့များ သည်လည်း စုတ်ဖြဲခြင်း ခံလိုက်ရသလို ဧရာမလက်ကြီးကလည်း နောက်သို့ ပြန်ဆုတ်သွား၏။
ဝမ်လင်းမျက်လုံးများက အေးစက်လာခဲ့သည်။ သူက စိတ်ထဲ၌ ပို့လွှတ်မှုတစ်ခု ပြုလုပ်လိုက်ပြီးနောက် မြေပြင်က အက်ကွဲလာ၏။ သည်မြေပြင် အက်ကြောင်းထဲကနေ သူ့မူလခန္ဓာကိုယ်က ထွက်ပေါ်လာခဲ့သည်။ သည့်နောက် မူလခန္ဓာကိုယ်က ထွက်ပေါ်လာချင်းချင်း သည်လက်ကြီးနောက်သို့ လိုက်၍ လက်သီးတစ်လုံး ထိုးချလိုက်သည်။
ဘုန်း…။
နောက်ထပ် မြေပြင်အက်ကွဲသံများက သည်ဧရိယာတွင် ပျံ့နှံ့သွားပြန်သည်။ ကောင်းကင်နှင့် မြေကြီးပင် နှစ်ခြမ်းကွဲသွားသလား ထင်မှတ်ရ၏။ ပြန်ဆုတ်သွားသော ဧရာမလက်ကြီးက မူလခန္ဓာကိုယ်၏ လက်သီးချက်ကြောင့် လုံးဝ ပြိုကွဲသွားတော့သည်။
ဝမ်လင်းမျက်လုံးများက လျှပ်စီးတန်းအလား ရှိနေသည်။ သူက နက်ရှိုင်းစွာ ပြောလိုက်၏။ “ဒီတစ်ကြိမ် မင်းက ငါ့လက်ထဲကနေ လီမူဝမ်ရဲ့ စိတ်ဝိညာဉ်ကို ယူသွားလို့ မရစေရဘူး…”
တိမ်တိုက်များထဲရှိ မျက်လုံးတစ်စုံက ပြောင်းလဲခြင်း မရှိချေ။ သို့သော် သည်တစ်ကြိမ်၌ ကောင်းကင်ထက်ကနေ လက်ကြီးနှစ်ဖက် ရုတ်တရက် ဆင်းသက်လာခဲ့၏။ သည်လက်နှစ်ခုပေါ်၌ အနီရောင် မိုးကြိုးများ တောက်ပနေသည်။
ဝမ်လင်းမျက်လုံးက အလေးအနက် ဖြစ်လာ၏။ ကြည့်ရသည်မှာ သည်တစ်ခေါက်က ကောင်းကင်ဘုံ တမန်တော်သည် ကြိုပြင်ဆင် လာသည့်ပုံပင်။
သည်လက်နှစ်ဖက်က လျင်မြန်စွာ ရောက်ရှိလာသည်။ လက်တစ်ဖက်က ဝမ်လင်းထံသို့ ဆင်းသက်လာပြီး နောက်လက်တစ်ဖက်က သူ့မူလခန္ဓာကိုယ်ထံသို့ ကျဆင်းလာသည်။
မူလခန္ဓာကိုယ်က ဟိန်းသံပြု၍ ချက်ချင်းပင် ပေတစ်ရာကျော် ရှည်သည့် ဧရာမလူကြီး အဖြစ်သို့ ပြောင်းသွားသည်။ သူ့နဖူးထက်၌လည်း ခရမ်းရောင် ကြယ်သုံးလုံးက လျင်မြန်စွာ လှည့်ပတ်နေပြီး သူက လက်သီးတစ်လုံး ပစ်သွင်းလိုက်ပြန်သည်။
ဘုန်း…။
လေထဲ၌ ပြင်းထန်သာ တုန်ခါလှိုင်းများ ပျံ့နှံ့ကုန်ကြသည်။ မူလခန္ဓာကိုယ် လက်ကြီးပေါ်ရှိ အနီရောင် အလင်းတန်းကြောင့် လွင့်စဉ်သွားသည်။ ၎င်းက တောင်တစ်ခုနှင့် သွားရောက် ထိမှန်သွားကာ ထိုတောင်က ဖုန်မှုန့်အဖြစ်သို့ ပြောင်းသွားလေသည်။
သည်ဧရာမလက်ကြီးက နော့နောက်သို့ ဆုတ်သွားရသော်လည်း ပျက်စီးကွဲကြေ သွားခြင်းတော့ မရှိတော့ချေ။
ဝမ်လင်းကတော့ လက်တစ်ဖက် ကျရောက်လာသည့် အချိန်တွင် သူက ချိပ်တံဆိပ်တစ်ခုကို ဖန်တီး၍ ထိုဧရာမ လက်ကြီးထံသို့ ညွှန်လိုက်သည်။ သေခြင်းရှင်ခြင်း စာလိပ်က ရုတ်တရက် သူ့ရှေ့သို့ ရောက်လာပြီး ကာဆီးထားပေးလေသည်။
လက်ကြီးက စာလိပ်ကို ဖမ်းဆုပ်လိုက်သည်။ ၎င်းဧရာမလက်ကြီးက ခဏတာ တုံ့ဆိုင်းသွား၏။
ဝမ်လင်းမျက်လုံးများက နီရဲနေပြီး သူက အော်ဟစ်လိုက်၏။ “တုန်ခါစမ်း…”
သေခြင်းရှင်ခြင်း စာလိပ်က တုန်ခါလာပြီ များစွာသော မီးခိုးရောင် အခိုးငွေ့များ ၎င်းထံကနေ ထွက်ပေါ်လာ၏။ သည်အခါ လက်ကြီးထံကနေ တစီစီအသံများ ထွက်ပေါ်လာသည်။ အဆုံးသတ်၌ ပြန်ဆုတ်ခွာသွားပြန်၏။
မျက်လုံးတစ်စုံက ဝမ်လင်းနောက်ရှိ ကျိုးယုလေးကို အကြင်နာမဲ့စွာ ကြည့်လို့နေသည်။ မျက်လုံးတစ်စုံက တိမ်တိုက်ကွဲ ဆွဲစုပ်၍ ဧရာမမျက်နှာကြီး တစ်ခုအသွင် ပေါ်ထွက်လာသည်။
သည်မျက်နှာက လုံးဝသာမန်ဟု ထင်ရ၏။သို့သော် လူတစ်ယောက်က ၎င်းမျက်နှာကြီးကို မြင်လိုက်သည်နှင့် ၎င်းကို လေးစားသမှု ပြုချင်စိတ် ပေါက်သွားပေလိမ့်မည်။ သည်မျက်နှာက ကောင်းကင်ဘုံ ဥပဒေသ၏ ခွန်အားကို ကိုယ်စားပြုနေသည် မဟုတ်လား။
သည်မျက်နှာကြီးက ဝမ်လင်းကို အေးစက်စွာ ကြည့်၍ ပါးစပ်ဟလာသည်။ မီးခိုးရောင် အလင်းတန်းတစ်ခုက သူ့ပါးစပ်ထဲကနေ ထွက်ပေါ်လာပြီး လှည်းဘီးပုံစံ ဖြစ်ပေါ်သွား၏။ သည်လှည်းဘီး ပေါ်လာသည်နှင့် ကောင်းကင်က အရောင်ပြောင်း၍ မြေပြင်က တုန်ခါသွားရသည်။
ဝမ်လင်းကို ဗဟိုပြု၍ မရေမတွက်နိုင်သော အက်ကြောင်းများ ပျံ့နှံ့လာပြီး မျက်စိတစ်မှိတ်အတွင်း သည်ကုန်းမြေပေါ်၌ ကီလိုမီတာ ငါးထောင်လောက် အက်ကွဲကြောင်းကြီး ဖြစ်ပေါ်သွားသည်။
ကောင်းကင်ထက်၌လည်း မရေမတွက်နိုင်သော လေဟာနယ် အက်ကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။ သည်အက်ကြောင်းများက တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားပြီး ကောင်းကင်က ပြိုဆင်း ကျလာတော့မည့်အလား ထင်မှတ်ရသည်။
ဝမ်လင်းအသွင်က နက်မှောင်သွား၏။ သူက အတွေးတစ်ချက်ဖြင့် မူလခန္ဓာကိုယ်နှင့် ပေါင်းစပ်ကာ အစစ်အမှန်ဝမ်လင်း ပေါ်ထွက်လိုက်စေ၏။
သည်ဧရာမမျက်နှာကြီးက ဝမ်လင်းကို ကြည့်ပင်မကြည့်ချေ။ သည်မျက်နှာကြီး ထံကနေ လက်ကြီးတစ်ဖက် လှုပ်ရှားဟန် ပြု၍ လှည်းဘီးကို ထိလိုက်သည်။ လှည်းဘီးထံကနေ ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာ၏။ သည့်နောက် သည်ဧရိယာ တစ်ခုလုံးက ပြင်းထန်သော အားတစ်ခု၏ ဝန်းရံထားခြင်း ခံလိုက်ရသည်။
ဝမ်လင်းအသွင်က ပြောင်းလဲသွားသည်။ သူက သည်စွမ်းအားနှင့် ရင်းနှီးပေသည်။ သည်စွမ်းအားက ပြန်လည်မွေးဖွားခြင်း စက်ဝိုင်း၏ စွမ်းအား ဖြစ်နေသည်မဟုတ်လား။
သူ့ခန္ဓာကိုယ်က လှုပ်ရှားဟန် ပြင်လိုက်စဉ် ပတ်ဝန်းကျင်ရှိ ပြန်လည်မွေးဖွားခြင်း စွမ်းအားများက ဝမ်လင်းထံသို့ ဆင်းသက်လာလေ၏။
သည်အခိုက်တွင် ပြန်လည်မွေးဖွားခြင်း စက်ဝိုင်းစွမ်းအားက အချုပ်ထောင် တစ်ခုအလား ထင်မှတ်ရပြီး ဝမ်လင်းကို ၎င်းစွမ်းအားထဲ၌ ပိတ်လှောင်ထားလိုက်သည်။
သူက သူ့ခန္ဓာကိုယ်ကို တစ်လက်မပင် လှုပ်ရှားနိုင်ခြင်း မရှိတော့ချေ။ သူက သူ့လက်တစ်ချောင်းကိုပင် မြှောက်နိုင်ခြင်း မရှိတော့ချေ။
သည်လက်ကြီးက လှည်းဘီးကို ထိတွေ့ပြီးနောက် အလင်တန်း တစ်ခုအလား ဆင်းသက်လာ၏။ ၎င်း၏ ရည်ရွယ်ချက်က ကျိုးယုပင် ဖြစ်ချေ၏။
ဝမ်လင်းက သူ့ခန္ဓာကိုယ်မှာ လှုပ်ရှားနိုင်ခြင်း မရှိတော့ချေ။ သို့သော် သူက စိတ်နှလုံးထဲကနေ အော်ဟစ်လိုက်၏။ “မလုပ်နဲ့ …”
သူက သည်အခိုက်တန့် အတွက် ဆယ့်ကိုးနှစ်ကြာ ကြိုးစား ပြင်ဆင်ခဲ့ရသည်။ သို့သော် ခုချိန်၌ သည်ဧရာမလက်ကြီးက လီမူဝမ်၏ စဦးစိတ်ဝိညာဉ်ကို ယူဆောင် သွားတော့မည်ကို ကြည့်နေရုံသာ တတ်နိုင်တော့၏။
***