သည်ဂြိုဟ်သေးပေါ်၌ သစ်ပင်များစွာ ရှိမနေခဲ့ချေ။ သို့သော် တောင်တန်းများစွာတော့ ရှိ၏။ သည်ဂြိုဟ်၌ သေမျိုးများလည်း လုံးဝ ရှိမနေခဲ့ချေ။ ကျင့်ကြံသူ အနည်းငယ်သာ ရှိလို့နေ၏။
တကယ်တော့ ကျင့်ကြံသူအများစုက သည်ဂြိုဟ်၏ လေထုကို ဖြတ်သန်း ထွင်းဖောက်နိုင်ကြခြင်း မရှိချေ။ သူတို့က သည်လိုထွင်းဖောက်နိုင်ရန် အနည်းဆုံး စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်တွင် ရှိရမည် ဖြစ်၏။ မဟုတ်လျှင် သူတို့က ကြယ်သံလိုက် အိမ်မြှောင်တစ်ခု လိုပေသည်။ သည့်အတွက်ကြောင့် သည်နေရာရှိ ကျင့်ကြံသူများက ဟင်းလင်းပြင်ကို ဖြတ်၍ နေရာအသစ် တစ်ခုကို သွားရန် အလွန်ခက်ခဲလှသည်။
ဝမ်လင်းက ကျိုးယုလေးနှင့် အဖြူကောင်လေးကို ခေါ်၍ ကောင်းကင်တစ်ခွင် ပျံသန်းနေ၏။ သူတို့အောက်ဘက်၌ တောင်တန်းများစွာ ရှိလို့နေသည်။
သည်ဂြိုဟ်သေး၏ မြောက်ဘက်ပိုင်းရှိ တောအုပ်တစ်ခုတွင် ဝမ်လင်က ကျိုးယုလေးအတွက် ကျားကြီးတစ်ကောင် ဖမ်းပေးခဲ့၏။ သည်ကျားက တစ်ကိုယ်လုံး ခရမ်းရောင်ရှိပြီး ပေသုံးဆယ်ခန့် ရှည်လျားသည်။ အလွန်ရန်လိုသော အော်ရာကို ထုတ်လွှတ်လျက်ရှိ၏။
သို့သော် ဝမ်လင်းက သည်ကျားက အသိဉာဏ်မရှိကြောင်း တွေ့လိုက်ရ၏။ ၎င်းက အဖြူကောင်လေးကိုမီရန် အများကြီး လိုသေးပေသည်။
သို့သော် ၎င်းခန္ဓာကိုယ်ထဲ၌ ထူးဆန်းသောအားတစ်ခု ရှိလို့နေသည်။ ၎င်း၏ ဟိန်းသံတစ်ချက်က သဲများကို လွင့်စဉ်စေပြီး၊ ကုတ်ချက်တစ်ချက်က သတ္တုများကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။ ၎င်း၏ စွမ်းအားက အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်၏ ခွန်အားထက် အာနည်းခြင်း မရှိချေ။
ဝမ်လင်းက သည်ကျားကို အလွယ်တကူ အနိုင်ရခဲ့သည်။ သူက ၎င်း၏ စိတ်ဝိညာဉ်ပေါ်တွင် အမှတ်အသား တစ်ခုထား၍ ကျိုးယုလေးကို သူ့ဆရာအဖြစ် ပြုလုပ်ပေးလိုက်သည်။
ကျိုးယုလေး၏ သည်ကျားကြီးအပေါ် နှစ်သက်မှုက အဖြူကောင်လေးအပေါ် နှစ်သက်မှုနှင့် ချက်ချင်းပင်တူတူ ဖြစ်လာခဲ့သည်။
“နောက်ကျရင် ငါက နင့်ကို ခရမ်းရောင်လေး လို့ခေါ်ရမယ်…” ကျိုးယုလေးက ထိုသို့ပြောပြီးနောက် ခရမ်းရောင်လေး၏ ကျောပေါ်၌ တက်ထိုင်၍ ပျော်ရွှင်စွာ လက်ခုပ်တီးလို့ နေသည်။
အဖြူကောင်လေးက သူတို့ဘေး၌ ခေါင်းငိုက်စိုက်၍ ရှိနေသည်။ သူက ခရမ်းရောင် ကောင်လေးကို မထင်မဲ့မြင် ပြုထား၏။ သူက ပိုတော်သော နတ်ဆိုးကျားတစ်ကောင် ဖြစ်၏။ သည်လို ဘုတ်ထိုင်းကျားနှင့် သူက မည်သို့ နှိုင်းယှဉ် နိုင်ပါ့မည်နည်း။
သည်လိုတွေးမိပြီး သူက ပျင်းရိစွာ ဟိန်းဟောက်၍ ခရမ်းရောင်ကျားကို ကြည့်နေသည်။
သို့ရာတွင် သူက သည်ခရမ်းရောင်ကျားက သူ့ထံသို့ ခေါင်းလှည့်လာပြီး လက်တုံ့ပြန်သည့် ဟန်ဖြင့် ဟိန်းဟောက်လာမည်ဟု မထင်ထားမိချေ။ သည်ဟိန်းသံထဲ၌ စွမ်းအားများ ပြည့်နေ၏။
အဖြူကောင်လေးက သူ့ခန္ဓာကိုယ်ပေါ်ရှိ အမွေးအမှင်များ ထောင်မတ်သွားသည်ဟု ခံစားလိုက်ရသည်။သူက နောက်သို့ ပေဒါဇင်ခန့် ဆုတ်သွားရ၏။ သူက ခရမ်းရောင်ကျားကို ကြောက်လန့်စွာ ငေးကြည့်နေမိသည်။ သူက ထပ်မံ၍ မလှုပ်ရှားဝံ့တော့ချေ။
သည်အဖြစ်က ကျိုးယုလေးကို လက်ခုပ်လက်ဝါးတီး၍ ပျော်ရွှင်စေခဲ့သည်။ “သူမက ပြောလိုက်သည်။ အဖြူကောင်လေး … နင်ခရမ်းရောင်လေးကို မနိုင်ပါဘူး…”
ဝမ်လင်းက ကျိုးယုလေး၏ ပျော်ရွှင်နေသည့် မျက်နှာလေးကို ကြည့်ကာ တွေးလို့နေ၏။ အမှန်တိုင်း ပြောရလျှင် ဝမ်လင်းက ကျိုးယုလေးနှင့် ပတ်သက်၍ များစွာ ဂရုစိုက်ခြင်း မရှိလှချေ။ အများဆုံးမှ သူက မိဘမျာသည် သူတို့သားသမီးများကို အချိန်ပေး ကြည့်ရှုပေးခဲ့ ကြသလိုသာ ခံစားရ၏။
နောက်ဆုံးတော့ သူအမှန်တကယ်ဂ ရုစိုက်သည့် တစ်ခုတည်းသော အရာက လီမူဝမ်သာ ဖြစ်၏။
တစ်နေ့ လီမူဝမ်၏ စဦးစိတ်ဝိညာဉ် နိုးထလာသည့်အခါ ကျိုးယုလေး၏ စိတ်ဝိညာဉ်ဝါးမျိုခြင်း ခံရသည့်နေ့ ဖြစ်လာပေလိမ့်မည်။ သူတို့နှစ်ယောက်လုံး ရှင်သန်ရန် အခွင့်ရေး မရှိချေ။
သူက လီမူဝမ်၏ စဦးစိတ်ဝိညာဉ်ကို စောစောစီးစီး ထုတ်လိုက်လျှင် ကျိုးယုလေးကို ကယ်တင်နိုင်မည် ဖြစ်၏။ သို့သော် လီမူဝမ်ကတော့ သေဆုံးခြင်းကနေ လွတ်မြောက်ရန် မဖြစ်နိုင်သလောက် ဖြစ်သွားပေလိမ့်မည်။
တကယ်တော့ လီမူဝမ်၏ စဦးစိတ်ဝိညာဉ်က နက်ရှိုင်းစွာ အိပ်မောကျနေကာ တဖြည်းဖြည်း ပြန်ကောင်းမွန် လာနေခြင်း ဖြစ်၏။ သူက ခုချိန်တွင် လီမူဝမ် စိတ်ဝိညာဉ်ကို ထုတ်ယူလိုက်လျှင် ယင်းစိတ်ဝိညာဉ်က ပျောက်ကွယ် သွားလိမ့်မည် ဖြစ်၏။
ဝမ်လင်းက သူ့နှလုံးသားထဲရှိ ပိုအရေးကြီးသည့် အရာကို ကောင်းကောင်းကြီး နားလည်၏။ သူ့အတွက် တုံ့ဆိုင်းနေစရာ မရှိချေ။
သို့ရာတွင် လီမူဝမ်အတွက် သူ့ကိုယ်ပိုင် အတ္တကြောင့် သည်ကလေး၏ အသက်ကို စတေးရခြင်းက ဝမ်လင်းနှလုံးသားကို အလွန်တရာ ခက်ခဲရုန်းကန်မှု ဖြစ်နေစေသည်သာ။
သူက သူ့ဘဝတွင် မရေမတွက်နိုင်သော လူများကို သတ်ခဲ့သော်လည်း သူက သူ့ကိုယ်သူ မျက်နှာချင်းဆိုင် ရင်ဆိုင်ရဲသည်။ သည်လူများကို သတ်ပြီး ကောင်းကင်ဘုံနှင့်ပင် ရင်ဆိုင်ရဲသေးသည်။ သူက နတ်ဆိုးတစ်ပါး ဖြစ်သော်လည်း လူသားဆန်မှုကို ဆုံးရှုံးနေသည့် နတ်ဆိုးတော့ မဟုတ်ချေ။
နွေဦးရာသီ ကုန်ဆုံး၍ ဆောင်းပေါက်၍ လာခဲ့လေပြီ။ မျက်စိတစ်မှိတ် အတွင်း နှစ်နှစ်တာ ကုန်ဆုံးသွားခဲ့ပြန်၏။
ကျိုးယုလေးက ခုဆို အသက်ဆယ့်ငါးနှစ် ရှိနေပြီ ဖြစ်သည်။ လီမူဝမ်နိုးထလာရန် လေးနှစ်သာလိုတော့၏။
သည်ပြီးခဲ့သော နှစ်နှစ်အတွင်း ကျိုးယုလေးက တဖြည်းဖြည်း အရွယ်ရောက်လာခဲ့၏။ ချစ်စရာကောင်းသော မိန်းကလေး တစ်ယောက်အဖြစ် ပွင့်လန်းလာခဲ့သည်။ သူမအိပ်မက်ထဲ၌ လီမူဝမ်ပေါ်လာသည့် အကြိမ်ရေကလည်း ပိုများလာခဲ့သည်။
ဝမ်လင်းက သည်နှစ်နှစ်လုံးကို ကျင့်ကြံခြင်းနှင့် ကုန်ဆုံးစေခဲ့သည်။ အချိန်ကုန်လာသည်နှင့် အမျှ သူ့နှလုံးသားထဲရှိ ခါးသီးစွာ ခံစားနေရမှုကို ပိုပို အားကောင်းလာခဲ့သည်။
သူက လီမူဝမ်ကိုသာ ရွေးချယ်မည် ဖြစ်၏။ သို့သော် သူက လီမူဝမ် နိုးလာသည့်အခါ သည်ကလေး၏ အသက်ကို သေချာ စတေးနိုင်ပါ့မည်လား။
သည်နှစ်နှစ်အတွင်း ကျိုးယုလေးက ပိုပို တိတ်ဆိတ်လာခဲ့၏။ သူမက ခရမ်းရောင် ကောင်လေး၏ ကျောပေါ်၌ ထိုင်ရင်း ကောင်းကင်ကြီးကိုသာ ငေးမော၍ နေလေ့ရှိသည်။ သူတို့နှစ်ယောက် နောက်တွင်တော့ အဖြူကောင်လေး ရှိနေ၏။
ကျိုးယုလေးက ခပ်တိုးတိုး ပြောလိုက်သည်။ “အဖြူကောင်လေး … ငါ့ခန္ဓာကိုယ်ထဲက အစ်မကြီးက တဖြည်းဖြည်း နိုးထလာနေတယ်လို့ ငါခံစားနေရတယ်။ သူမနောက်ဆုံး နိုးထလာခဲ့ရင် ငါက ပျောက်ကွယ်သွားရမှာ…။ ငါပျောက်ကွယ်သွားရင် နင် လိမ်လိမ်မာမာ နေခဲ့နော်။ ငါက နင့်အိမ်ကို ပြန်ပို့ပေးဖို့ ဦးလေးကို ပြောပေးပါ့မယ်။ အဖြူကောင်လေး ငါထွက်သွားရင် နင်က ငါ့အကြောင်း တွေးနေမိမှာလား…”
အဖြူကောင်လေးက ခေါင်းမော့၍ ကျိုးယုလေးကို ကြည့်သည်။ သူ့မျက်လုံးထဲ၌ ရှုပ်ထွေးသော ခံစားချက်များ ရှိနေ၏။
ကျိုးယုလေးက သူ့ကို မကြာခဏ အနိုင်ကျင့်သော်လည်း သူက ကျိုးယုလေးက သူ့ကို အမှန်ပင် ချစ်ခင်ကြောင်း ခံစားမိလေသည်။ ခရမ်းရောင် ကောင်လေးက သူ့ကို အနိုင်ကျင့်သည်နှင့် ကျိုးယုလေးက သူ့ဘက်တွင် ရပ်တည်ပေးပြီး ခရမ်းရောင် ကောင်လေးကို ဆူလေ့ရှိသည်။
အဖြူကောင်လေး နှလုံးသားထဲ၌ သည်အရာများအားလုံး သိမ်းဆည်းထားသည်။ သူက နတ်ဆိုးကျားတစ်ကောင် ဖြစ်သော်လည်း သူက ကျိုးယုလေးကို ကြည့်လိုက်သည့်အခါ သူ့နှလုံးသားထဲ၌ အနည်းငယ် ခါးသက်မှုကို ခံစားလိုက်ရသည်။ သူက ကျိုးယူလေးကို ခေါင်းညိတ်ပြလိုက်၏။
ကျိုးယုလေးက ဖျော့တော့စွာ ပြုံးလိုက်သည်။ သူက ခရမ်းကောင်လေး၏ ကျောပေါ်ကနေ ခုန်ဆင်း၍ အဖြူကောင်လေးပေါ်သို့ တက်လိုက်၏။ သည့်နောက် သူ့ခေါင်းမွေးများကို ပွတ်သပ်ကာ ပြောလိုက်သည်။ “အဖြူကောင်လေး … ငါပျောက်ကွယ်သွားရင် ဦးလေးကကော ငါ့အကြောင်း တွေးနေဦးမယ်လို့ နင်ထင်လား…”
အဖြူကောင်လေးက ညင်သာစွာ ဟိန်း၍ ကျိုးယုလေးကို ကြည့်သည်။
သူမက အကွာအဝေး တစ်ခုရှိ တောင်ပေါ်တွင် ထိုင်နေသော ပုံရိပ်တစ်ခုကို လှမ်းကြည့်၍ စိတ်ထဲ၌ ကျိတ်၍တွေးနေမိသည်။ “ဦးလေး…ယုအာ…နားလည်ပါတယ်။ ဦးလေး ယုအာကို ကြည့်တဲ့ ဘယ်အချိန်ဖြစ်ဖြစ် ငါ့ကို ကြည့်တာမဟုတ်ဘဲ အစ်မကြီးကိုကြည့်တာ သိပါတယ်။ သူမက ဦးလေးအတွက် တကယ့်ကို အရေးကြီးတဲ့လူ ဖြစ်ပါလိမ့်မယ်။ ယုအာလေးက ဘာလုပ်ရမယ်ဆိုတာ သိပါတယ်…”
ယုအာမျက်လုံးများက မျက်ရည်များ ရစ်ဝဲလာပြီး သူက ခရမ်းရောင် ကောင်လေးကို ထုံရီစွာ ငေး၍ ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။ “ခရမ်းကောင်လေး…ငါပျောက်ကွယ်သွားတဲ့ အချိန်ကျရင် နင်လည်း လွတ်လပ်ပါပြီ…”
ဝမ်လင်းက တောင်ထိပ်တစ်ခုပေါ်၌ ထိုင်လျက်ရှိနေ၏။ သူက ကျင့်ကြံနေသည်ဟု ထင်ရသော်လည်း တကယ်တော့ ကောင်းကင်ကို ငေးမော ကြည့်နေခြင်းသာ။
ဝမ်လင်းက တွေးနေမိ၏။ “ကောင်းကင်ဘုံရဲ့ ဆန္ဒ … ငါ…ဝမ်လင်းက အမြဲတမ်း ကောင်းကင်ဘုံရဲ့ ဆန္ဒကို ငြင်းဆန်ခဲ့တယ်။ ဒါပေမဲ့ ခု ငါက ကောင်းကင်ဘုံရဲ့ ဆန္ဒရဲ့ ကစားတာကို ဒီအချိန်ထိ ခံနေရတုန်းပဲ…”
ကျိုးယုလေးက တောင်အောက်ကနေ လှမ်း၍ ခေါ်လိုက်၏။ “ဦးလေး…ဦးလေး…ဆင်းလာဦး…”
ဝမ်လင်းက ခေါင်းငုံ့၍ ကျိုးယုလေးက ရှုပ်ထွေးစွာကြည့်သည်။ သည့်နောက် သူက တောင်ထိပ်ကနေ ခုန်ဆင်း၍ သူမဘေးနားသို့ ရောက်လာခဲ့၏။
“ဦးလေး ထိုင်ဦး…ယုအာက ဦးလေးကို ခေါင်းဖြီးပေးချင်လို့…” ကျိုးယုက အပြစ်ကင်းစင်စွာ ပြုံးလိုက်သည်။ သူမက ထိုင်ယန်သူမကို လက်ဆောင်ပေးခဲ့သည့် သစ်သားဝက်မှင်ဘီး တစ်ချောင်းကို လက်ထဲ၌ ကိုင်ထားလျက်ရှိသည်။
သူမက ဝမ်လင်းအဖြေကို စောင့်မနေတော့ပဲ သူ့ကို ကျောက်တုံးကြီး တစ်ခုပေါ်သို့ ဆွဲထိုင်ချ စေလိုက်သည်။ ဝမ်လင်းက ထိုင်ချပြီးနောက် သူမက သူ့နောက်ကနေ ဂရုတစိုက် ခေါင်းဖြီးပေးနေ လေတော့သည်။
သူမအသွင်က အလွန် အလေးအနက် ဖြစ်နေ၏။ သူက အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။ “ဦးလေး…ယုအာကို ဦးလေးနဲ့ အစ်မကြီးရဲ့ ဇာတ်လမ်း ပြောပြပေးနိုင်မလား…”
ဝမ်လင်းက တွေးနေမိသည်။ အချိန်အတန်ကြာမှ သူက ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြလိုက်သည်။
ဝမ်လင်းပြောပြသော ဇာတ်ကြောင်းက ကျိုးယုလေးနားထဲသို့ ဝင်ရောက်လာခဲ့သည်။ သူမက ခေါင်းဖြီးပေးနေရင်း နားထောင်လို့နေ၏။ သူမခန္ဓာကိုယ်လေးက တစ်ခုခုကို နားလည်လိုက်သည့် အလား တဆတ်ဆတ် တုန်နေခဲ့သည်။
ကျိုးယုက သစ်သားဝက်မှင်ဘီးကို အောက်ချ၍ ခပ်တိုးတိုး ပြောလိုက်သည်။ “ဦးလေး…ငါ စောစောစီးစီး သေသွားရင် အစ်မကြီးဝမ်အာက နိုးမလာနိုင် တော့ဘူးပေါ့…”
ဝမ်လင်းက ကျိုးယုလေးကို လှည့်၍ ကြည့်သည်။ သူက သူမထံ၌ မရင်းနှီးသော အငွေ့အသက် တစ်ခုကို တွေ့မြင်လိုက်ရသည်။
ကျိုးယုလေးက ခေါင်းမော့၍ ဝမ်လင်းကို ကြည့်သည်။ သူမမျက်လုံးထဲ၌ ဝမ်းနည်းမှုများ ပြည့်လို့နေ၏။ သူက ခပ်တိုးတိုး ပြောလိုက်ပြန်သည်။ “ဦးလေး…နင့်မျက်လုံးထဲမှာ…ယုအာက အစ်မကြီးဝမ်အာ နိုးထလာဖို့အတွက် ခန္ဓာကိုယ် သပ်သပ်တစ်ခုပဲလို့ မြင်နေတာလား။ ငါက ငယ်သေးပေမဲ့… ငါက ဦးလေးကို ငါ့မိသားစု၊ ငါ့ဦးလေးလို့ သတ်မှတ်ထားတာပါ။ နင်ငါ့ကို ကြည့်တဲ့အချိန်တိုင်း အစ်မကြီးဝမ်အာကို ကြည့်တာ မဟုတ်ဘဲ ငါ့ကိုပဲ တကယ်ကြည့်တာ လိုချင်မိတယ်။ တစ်ကြိမ်လောက် ဖြစ်ဖြစ်ပေါ့….”
ဝမ်လင်းက ကျိုးယုလေးကို ကြည့်သည်။ သူက အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။ “ယုအာလေး…နင်ပင်ပန်းနေပြီ…။ သွားအနားယူတော့…” ထိုသို့ပြောပြီးနောက် သူက လှည့်၍ ပျောက်ကွယ် သွားတော့သည်။
ကျိုးယုလက်ထဲရှိ သစ်သား ဝက်မှင်ဘီးလေးက မြေပေါ်သို့ ပြုတ်ကျသွားသည်။ သူမက မြေပေါသို စောင့်စောင့် ထောင်ချ၍ စတင်ငိုကြွေးမိတော့သည်။
မျက်ရည်စီးကြောင်း နှစ်ခုက သူမ၏ မျက်လုံးထောင့်ကနေ လိမ့်ဆင်းကျလို့လာ၏။
ကျိုးယုက ငိုနေရင်းဖြင့် ခပ်တိုးတိုး ပြောလိုက်သည်။ “ဦးလေး….ငါ အရမ်းကြောက်တယ်…”
ဝမ်လင်းက အကွာအဝေး တစ်ခုတွင် ပြန်ပေါ်လာခဲ့၏။ သူ့ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်လို့နေသည်။ သူ့မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုများက ပို၍ အားကောင်းလာခဲ့သည်။
“ဝမ်အာ…နင်သာ ငါ့နေရာမှာဆို နင်ဘယ်လိုများ ရွေးချယ်နိုင်မလဲ…”
အဖြူကောင်လေးက ပျောက်ကွယ်သွားပြီ ဖြစ်သည်။
သူက အသံတစ်ချက် မပေးဘဲ ပျောက်ကွယ်သွားခြင်းပင်။ သို့သော် ဝမ်လင်းက ပြီးခဲ့သော ညနက်သန်းခေါင်တုန်းက အဖြူကောင်လေး တိတ်တဆိတ် ထွက်သွားသည်ကို မြင်တွေ့ခဲ့ပေသည်။
ကျိုးယုလေးက အဖြူကောင်လေး ထွက်ခွာသွားသည့် အတွက် အလွန်စိတ်မကောင်း ဖြစ်ပြီး ဖျားနာတော့သည်။
သူက အဖျားဒဏ်ကြောင့် အိပ်ပျော်နေစဉ်တွင်ပင် အဖြူကောင်လေးကို ယောင်ယောင်၍ မကြာခဏ ခေါ်မိနေသည်။
သူမက အဖြူကောင်လေးကို မကြာခဏ အနိုင်ကျင့်သော်လည်း သည်အဖြူကောင်လေးက သူမ နှလုံးသား တစ်နေရာတွင် အလွန်အရေးကြီးသည့် နေရာတွင် ရှိနှင့်နေပြီးဖြစ်သည်။ သူမတွင် ခုချိန်၌ ခရမ်းကောင်လေး ရှိသော်လည်း အဖြူကောင်လေးက သူမအတွက် ပို၍ အရေးကြီးလေ၏။
အဖြူကောင်လေးက သူမ၏ သူငယ်ချင်းဖြစ်သည်။ တစ်ဦးတည်းသော သူငယ်ချင်းလည်း မည်၏။
သို့ရာတွင် ဝမ်လင်းက အဖြူကောင်လေးကို ပြန်ခေါ်လာရန် သွားမည့်အခါတွင် သူမက တားဆီးခဲ့သည်။ သူမက ဝမ်လင်းကို တောင်းပန်၍ ခပ်တိုးတိုးလေး ပြောလိုက်သည်။ “အဖြူကောင်လေးက ထွက်သွားချင်ရင် သူ့ရွေးချယ်မှုပါပဲ … သူက မှန်ကန်တဲ့ ရွေးချယ်မှုကို ပြုလုပ်ခဲ့တာပါ။ သူက ယုအာလေးထက် ပိုပြီး ကံကောင်းပါသေးတယ်။ သူ့ကို သွားပြီး မရှာပါနဲ့တော့…”
ဝမ်လင်းက တိတ်ဆိတ်စွာ လမ်းလျှောက်နေရင်း သူ့နှလုံးသားထဲ၌ အလွန်နာကျင်စွာ ခံစားနေရသည်။ သူက နောက်လေးနှစ်ကျရင် ယုအာကိုကော၊ ဝမ်အာကိုပါ ကယ်တင်နိုင်ရန် မည်သို့လုပ်ရမည်ကို တွေးနေမိသည်။
“ဦးလေးက ငါ့ကို မလိုချင်တော့ဘူးဆိုတာနဲ့ … အဖြူကောင်လေး နင်လည်း ထွက်သွားတော့တာပဲ….” တစ်လခန့်ကြာပြီးနောက် ကျိုးယုလေး၏ အဖျားဒဏ်က ပြန်သက်သာလခဲ့၏။ သို့သော် သူမက ပို၍ တိတ်ဆိတ်သွားပြီး အချိန်ပြည့် အကွာအဝေး တစ်ခုထံသို့သာ မှိုင်းပျစွာ ငေးမေနေလေ့ရှိသည်။
နှစ်လကြာပြီးသည့် တစ်မနက်၌ ပင်ပန်း စိတ်လှုပ်ရှားနေဟန် ရသည့် ကျားအော်သံ တစ်သံကို ကြားလိုက်ရသည်။ သည့်နောက် အဖြူကောင်လေးက ကျိုးယုလေးမြင်ကွင်း၌ ပေါ်လာခဲ့သည်။ သူက အနည်းငယ် ခုတ်လိုက်ပြီးနောက် ကျိုးယုဘေးနားသို့ ရောက်လာခဲ့၏။
သူ့ပါးစပ်ထဲတွင်လည်း ပေါ်တွင် သစ်သီးတစ်လုံး တွဲစပ်နေသည့် မီးကဲ့သို့ နီရဲရဲ သစ်ကိုင်းတစ်ခုကို ကိုက်ထားလျက် ရှိသည်။
အဖြူကောင်လေး နင်ပြန်လာပြီ။
ကျိုးယုလေးက အဖြူကောင်လေးကို ကြည့်သည်။ သူမက အလွန် ပျော်ရွှင်သွားသလို တစ်ချိန်တည်းမှာလည်း ဒေါသထွက်သွား၏။
“အဖြူကောင်လေး…နင်ငါ့ကို ထားခဲ့ရဲတယ်…အဖြူကောင်လေး…နင်…” ကျိုးယုလေးက အဖြူကောင်လေးကို ပွတ်သပ်နေ၏။ မျက်ရည်များကလည်း သူမရင်ဘတ်ပေါ်ထိ စီးကျလာခဲ့သည်။ သူမမျက်နှာ၌မူ ပျော်ရွှင်စွာ ပြုံးလို့နေ၏။
ခုချိန်၌ အဖြူကောင်လေး လည်ပင်းတစ်ဝိုက် အရေပြားပေါ်ရှိ အမွေးအမှင်များက ရှိမနေခဲ့တော့ချေ။ သူ့ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာရထားသည်မှာ ရှင်းလင်းနေသည်။ သူက ကြမ်းကြုတ်သည့်ဟန် မရှိတော့ပဲ ထိုအစား ပင်ပန်းနွမ်းနယ်နေသည့်ဟန် ပေါက်နေ၏။
သည့်ဝမ်းဗိုက်နားတွင်လည်း ဒဏ်ရာခပ်နက်နက် တစ်ခု ရှိနေသည်။ သည်ဒဏ်ရာက ချိပ်ပိတ်ထားသော်လည်း သူ့အမွေးအမှင် အချို့၌ သွေးစများ ရှိလိုနေသေးသည်။
အဖြူကောင်လေးက သစ်ကိုင်းကို မြေပေါ်သို့ ချ၍ ကျိုးယုလေးကို ကြည့်သည်။ ထို့နောက် သူက ဝမ်လင်း ဘေးနား၌ ရှိမရှိ သေချာအောင် ကြည့်လိုက်သေးသည်။ သူက ကျိုးယုလေး၏ အဝတ်စကို ဆွဲ၍ သစ်သီးကို ထိသည်။
“အဖြူကောင်လေး…ဒါက ဘာလုပ်တာလဲ…” ကျိုးယုလေးက မြေပေါ်ရှိ သစ်သီးကို ကောက်၍ မှင်တက်လို့နေသည်။
အဖြကောင်လေးက ပတ်ဝန်းကျင်ကို ကြည့်၍ အလွန်စိုးရိမ်နေသည်။ သူက အနည်းငယ် ဟိန်းသံပြု၍ ကျိုးယုလေးကို သည်သစ်သီးအား မြန်မြန်စားရန် ပြောလို့နေသည်။
“အဖြူကောင်လေး နင်က ငါ့ကို ဒီဟာကို စားစေချင်တာလား…” ကျိုးယုလေးက အဖြူကောင်လေးနှင့် အချိန်အကြာကြီး အတူနေခဲ့သူဖြစ်သဖြင့် သူမက ချက်ချင်း ဘာဆိုလိုချင်မှန်း သိသည်။
အဖြူကောင်လေးက ခပ်မြန်မြန် ခေါင်းညိတ်ပြသည်။ သူ့မျက်လုံးထဲရှိ စိုးရိမ်ပူပန်မှုက ထပ်မံဖြစ်ပေါ်လာ၏။
ကျိုးယုက သစ်သီးကို ကောက်၍ ခပ်တိုးတိုး ပြောလိုက်သည်။ “အဖြူကောင်လေး… ဒီသစ်သီးက ဘာကြီးလဲ…”
ဝမ်လင်းအသံက အကွာအဝေး တစ်ခုကနေ ပျံ့နှံ့လာ၏။ သူက ပြောလိုက်သည်။ “ဒါက စဦးစိတ်ဝိညာဉ် ပြိုကွဲခြင်း အသီးပဲ…”
အဖြူကောင်လေး ခန္ဓာကိုယ်ပေါ်ရှိ အမွှေးများ အားလုံးက ထောင်မတ်သွားကြ၏။ သူက အလျင်အမြန်ခုန်၍ ဝမ်လင်းထံကနေ ကျိုးယုလေးကို ပိတ်ဆို့ကာထား၍ စတင် ဟိန်းဟောက်လိုက်၏။
***